Sunday, December 19, 2010

ပဆစ်အိမ် အပိုင်း (၁၁)

မောင်က အနိုင်နှင့် ပိုင်းလိုက်သည်။ သစ်စိမ်းချိုး ချိုးလိုက်သည်။
သို့ပေမယ့် ဇင် စိတ်ဓာတ် မကျခဲ့ပါ။
ယခုလို ကိုယ့်ရာထူးနှင့် ကိုယ့်တစ်ဝမ်းတစ်ခါး အသက်မွေး ၀မ်းကျောင်းနိုင်သည့် ကာလမျိုးမှာ သာ မဟုတ်။ ဈေးတောင်းခေါင်းရွက် မှ စားရမည့် ကာလမျိုးဖြစ်သည့်တိုင် ကိုယ့်အပေါ် မကြင်နာတော့ဘူး ဆိုသူကို လုံချည်စ လိုက်ဆွဲပြီး မျက်ရည်ခံထိုးကာ တောင်းပန်နေမည့် ဇင် မဟုတ်။ ဝေးစွာ့ခြောက်ပါး ဆိုသလိုပါပဲ။

အိမ်ထောင်တစ်ခုကို တည်ဆောက်ရာမှာ အချစ်သက်သက်ချည်းဖြင့် မရနိုင်သည်ကို ဇင် သိတတ်ခဲ့ပြီ။ သံယောဇဉ် ဆိုသည်သာ အခိုင်မာဆုံး နှောင်ကြိုး ဖြစ်သည်။ သံယောဇဉ်ကို ဖြတ်ပယ်နိုင်ပြီဆိုလျှင် အရာရာ စွန့်လွှတ်နိုင်မြဲ။

ဇင်၏ စိတ်ဓာတ်သည် မီးသင့် ဖယောင်းလို ပျောင်းနွဲ့သွားမည့်အစား အခါခါ မီးတင်ခဲ့သည့် သံချောင်းလို ပို၍ မာလာသည်။
ဇင်တို့ ကွာရှင်းပြတ်စဲကြောင်း သတင်းစာတွင် ပါလာသောအခါ ပထမဆုံး အံ့သြရသူမှာ မေမေ ဖြစ်သည်။ မေမေ သည် မောင့်ကို သားလိုချစ်ကာ မောင့်၏ စာရိတ္တ ကို ရှေးမဆွကပင် စိတ်ချ ထားခဲ့သူ ဖြစ်သည်။ ယခု လို ဗြုံးဗြုံးဒိုင်းဒိုင်း ဖြစ်သွားတော့ အံ့သြရုံမှတစ်ပါး အခြား မတတ်နိုင်။

သို့သော် ဖြေသိမ့်စကား ကိုတော့ ဆိုခဲ့ရှာပါသည်။
“ဆန်ဆုံစား ကံကုန်သွား ဆိုသလိုပဲ ဖြစ်မယ်ထင်ပါရဲ့ကွယ်“
ဇင်သည် မေမေ့ကို ပို၍ တွယ်တာလာသည်။ သမီးနှင့်သားအပေါ် ပို၍ ကရုဏာ သက်ရောက် သည်။ မိမိ ကိုယ် ကို ပို၍ အားကိုးလာသည်။ ယုံကြည်မှု ပိုလာသည်။
ဘ၀ ကို တစ်ကြော့ပြန်၍ စရပေဦးတော့မည်။

တိုးဝင်ရမည့် လောကကို လှမ်းမျှော်ကြည့်လိုက်လေတော့လည်း အပြောင်းအလဲတွေ များလှပါ တကား။
တူတယ်ခေတ်၊ ဘရိုကိတ်ခေတ် မှသည် ပါတိတ်ခေတ်၊ တက်ထရွန်ခေတ်၊ ဖော့ခရစ်ခေတ် သို့ ရောက်ရှိ နေပြီ၊ လှိုင်းကြီး၊ လှိုင်းလေး၊ ခေတ်သို့ ရောက်နေပြီ။ လူတို့ ဂျိမ်စ်ဘွန်း ရုပ်ရှင်ကားတွေကို ကြည့်ကြသည်။

ဂျိမ်းစ်ဟာဒလီချေ့နှင့် အာသာဟေလီ ဘာသာပြန် ၀တ္ထုတွေ ဖတ်ကြသည်။
တက္ကသိုလ်ထွန်းနောင် ၏ “မာမီရယ် ရှာပေးကွယ် ရည်းစားလိုချင်တယ်“ သီချင်းကို လမ်းပေါ် က ခြောက်နှစ်သား အရွယ် ကလေးကအစ အော်ဟစ်နေသည်။ မင်းမင်းလတ်၏ အပေါ်ထပ်နဲ့ အောက်ထပ် ဇာတ်လမ်း ကို“ ကို ကျောတချမ်းချမ်း နားထောင်နေရသည်။

ရုံးတွင် ယောက်ျားတွေ ဗီယက်နမ်၊ ကမ္ဘာ့ဘောလုံးပွဲ ပုလဲနက်ပီလီနှင့် ကပ်စီးယပ် ကလေး ကြောင်း ငြင်းခုန် နေချိန်တွင် မိန်းမသားများက လှိုင်းကြီး၊ လှိုင်းလေးအကြောင်း စကားဖောင်ဖွဲ့ ကြသည်။
မိန်းကလေး တွေက ဆံပင်တိုတိုထားကာ ယောက်ျားကလေးတွက ဆံပင်ရှည်ထားကြသည်။
ယောက်ျားကလေး တွေက ခေါင်းလောင်းဘောင်းဘီဝတ်ကာ မိန်းကလေးတွေက ဘလောက်စ်နှင့် “ဘရာ“ ကို ၀တ်နေကြပြီ။

ယဉ်ကျေးမှု မျက်နှာစာ၊ ဖက်ရှင်မျက်နှာစာတွေ မှာ အသစ်သစ် တွေ ဖြစ်ပေါ်လာခဲ့သည်။
သည်ကာလ တွင် ဇင်သည် တစ်ခုလပ်ဘ၀ဖြင့် အထက်မရောက် အောက်မရောက် ဖြစ်နေရ သည်။
လူငယ်တွေ ထဲ ဆင်းဖို့လည်း မဖြစ်၊ လူကြီးတန်းလည်း မ၀င်သေး။

အစသော် လုပ်သားကောလိပ်ဆက်တက်ကာ ဘွဲ့တစ်ခုခု ယူဖို့ စဉ်းစားသည်။ သို့သော် ယင်အကြံကို ပယ်ဖျက်ကာ လောလောဆယ် အလုပ်ဖြစ်မည့် စာရင်းကိုင် သင်တန်းကို တက်ရောက်ခဲ့သည်။
စရိတ် ကျဉ်းသွားစေရန်နှင့် ငွေပိုငွေလျှံ ထွက်လာစေရန် မြို့လယ် တိုက်ခန်းကို ရောင်းလိုက် သည်။ သားနှင့် အိမ်ဖော် ကို မေမေ့ထံ ပို့လိုက်သည်။ ဇင်ကိုယ်တိုင်ကတော့ ဘော်ဒါဆောင် တစ်ဆောင်တွင် နေလိုက် သည်။
စင်စစ် ဇင်သည် ယခုမှ အလွတ်လပ်ဆုံး ဘ၀ကို ရရှိခြင်း ဖြစ်တော့သည်။

တာဝန်မရှိ၊ နှောင်ကြိုးမရှိ။
ဇင်မှ တစ်ပါး ဇင့်ကို ထိန်းသိမ်းကြိုးကိုင်မည့်သူ မရှိ။
တစ်ခါတစ်ခါတော့လည်း သည်လိုနေရသည်မှာ ပျော်စရာ အကောင်းသားပါကလား။
ကြားဖူးသော စကားကို သည်လိုမှန်း သိ အစကတ်းက ကိုယ့်အပူကိုယ် မရှာပါဘူး ဆိုသလိုပင်။
ဇင် သည် အလုပ်မှာ အာရုံစိုက်ကာ သင်တန်းမှာ ဘ၀ကို မြှုပ်နှံကာ အတိတ်၏ ဒဏ်ရာ ဒဏ်ချက်တွေကို ကုစား ဖို့ ကြိုးစားသည်။

သို့တိုင်အောင် မောင်နှင့် ပတ်သက်သော အသည်းဒဏ်ရာက မကျက်သေး။ အကင်းမသေသေ။
မောင့်ကို နာကျည်းသည်တော့အမှန်။ သို့သော် … လွမ်းတရသောစိတ်ကို အဆုံးတိုင် ဖျောက်ဖျက် နိုင်သည်လည်း မဟုတ်။ သားနှင့်သမီးနှင့် ဆုံရပြီဆိုလျှင် ၀ဲလာသော မျက်ရည်ကို မထိန်းချုပ်နိုင်သေး။ သည်အကြား က မောင့်ဖေဖေ ဆုံးပြီဆိုခြင်းကို သတင်းစာ၌  တွေ့ရ၍ မျက်ရည်ကျမိခဲ့သေးသည်။

သည်အကြားက ယောက်ျားတွေနှင့် ရှောင်လွှဲ၍ မရနိုင်ဘဲ ကြုံဆုံရသေးသည်။
အလုပ်ထဲမှာ၊ သင်တန်းမှာ၊ အပြင်မှာ တွေ့ရသည်သာပင်။

ရုံးမှာဆိုလျှင်လည်း “ကယ်တင်ရှင်တွေ“ ဒုနှင့်ဒေး၊ သင်တန်းမှာ “သနားတတ်သူ“ တွေ တစ်ပုံ တစ်ပင်ချည်း။ အပြင်ပ ကတော့ မသိနားမလည်ကြလို့ ဖြစ်မှာပေါ့။  အပျိုအထင်နှင့် ချဉ်းကပ်လာ ကြသည်။
အချို့ မှာတော့ တကယ်စိတ်ကောင်း စေတနာကျောင်း ရှိချင် ရှိပါလိမ့်မည်။ များသောအားဖြင့် တော့ ရလေ မလား အထင်နှင့် အချောင်နှိုက်ချင်သူချည်းသာပင် ဈေးပေါင်ကျိုး မှာ သာသာ ထိုးထိုး  ကလေး ရလိမ့်မည်အထင် နှင့် ဈေးဆစ်လာကြသူတွေလည်း ရှိသေးသည်။

ဇင့် အဖို့ကတော့ ခဲမှန်ဖူးတဲ့ စာသူငယ်ဆိုသလိုပါပဲ။ ဘယ်ယောက်ျားကိုမှ ယုံကြည်စိတ်ချ၍ မရ။ ပုရိသ ဟူသည် အတူတူနှင့် အနူနူချည်း။ သိုးဖြူတွေထဲမှာ သိုးမည်းတစ်ကောင်ပါလာ လျှင် ထင်းထင်း မြင်သာသည်။ သိုးနက်တွေထဲမှာ သိုမဲ ကို ရှာဖို့ ဆိုသည်ကတော့ အခက်သား ကလား၊ ဇင့်အနေနှင့် လောလောဆယ်  မြင်နေရသည်မှာ အမည်းမဟုတ်တောင် အညိုတော့ ဖြစ်နေတတ်သည်ချည်းပင်။ အညို မဟုတ် သည့် တိုင်လည်း မီးခိုးရောင်ကလေးတော့ သမ်းနေ တတ်သည်။

သည်သို့ ပြောရသည်မှာ ဇင်သည် မရှောင်မကွင်းသာ တွေ့သည့် ယောက်ျားများအနက်မှ ယောက်ျားသုံးလေးယောက်နှင့် “တကယ်“ ချစ်မိတော့မယောင် ဖြစ်ခဲ့သေး၍ ဖြစ်သည်။
သူတို့အကြောင်း အနည်းအပါးတော့ ပြောရဦးမည်။ တစ်ယောက်သူက မြင့်ထွန်းဦ။ ဆရာဝန်။
ဆရာဝန် တွေ ခေတ်ကောင်းဆဲမှာ ဆရာဝန်မဆံချင်သော ဆရာဝန်တစ်ယောက်။ ဒါကြောင့် လည်း ဇင် နှင့် တွေ့တာ ဖြစ်မှာပါ။

သူက ရွှေလင်းယုန်၏ “သူ“ ကို ဖတ်ပြီး ၀ါသနာမပါဘဲ ဆရာဝန်လိုင်း လိုက်ခဲ့သည်ဟု ဆို သည်။ သည် တော့လည်း “သူ“ထဲက “ကိုမြင့်မောင်“ လို အနစ်နာခံ စိတ်ထားကို ကြိုးစား မွေးမြူနေသည်။
မဖွံ့ဖြိုး သေးသော တောင်တန်းတွေဆီ သွားချင်သည်။ သွေးသားချင်း ပြည်ထောင်စု ညီနောင် တွေကို ကူညီ ချင်သည်။
တောရွာ ကျေးလက်တွေကို ဆင်းချင်သည်။ ဆင်းရဲသား တောင်သူလယ်သမား၊ အလုပ် သမားတွေကို ဆေးကုချင်သည်တဲ့။

"သူ"ထဲ က "ဆရာဝန်မြင့်မောင် အချိန်မရွေး တွေ့နိုင်သည်" ဆိုသော ဆိုင်းဘုတ်မျိုး အိမ်ပေါက်ဝမှာ ချိတ် ချင်သည်။ "ဒေါက်တာဗက်သွန်း" လို "လူနာသည် ဆရာဝန်ထံ မလာရ။ ဆရာဝန်က လူနာရှိရာ သွားရမည်" ဆိုသော ဆောင်ပုဒ် ကို သဘောအကျကြီး ကျနေသည်။
ဒေါက်တာမြင့်ထွန်းဦး နှင့် သိကျွမ်းရသည်မှာ သင်တန်းဖော်တစ်ယောက်မှ တစ်ဆင့် ဖြစ်သည်။
သင်တန်း ဆင်းချိန် မှာ အစ်မကို ကားဖြင့် လာကြိုရင်း ဇင်ပါ သူတို့ကားနှင့် တစ်ကြိမ်နှစ်ကြိမ် လိုက်ပါ ဖူးသည်။

အစ်မက ပြောထား၍ ဇင့်ဘ၀ ထုပ္ပတ်ကို သိနေသည်တဲ့။
သည်တော့လည်း အနစ်နာခံ စိတ်ထားရှိသည့် ဆရာဝန်သည် ဇင့်ကို ကရုဏာသက်မိပုရလေ သည်။ ဇင့်ဘ၀ ကို စာနာမိပုံရလေသည်။
သူ့အစ်မ သင်တန်းမတက်သော တစ်နေ့တွင် လာကြိုကာ စကားပြောဖို့ ခွင့်တောင်းသည်။ ဇင် ကလည်း မောင်အငယ် လို ခင်တွယ်မိသည်မို့ သူ့ဖိတ်ခေါ်မှုကို လက်ခံလိုက်သည်။
စင်စစ် စကားပြောကြသည်ဆိုသော်လည်း သူကချည်း ပြောခြင်း ဖြစ်သည်။ ဇင် အင်းလိုက်ရုံ သာ။ အစ ကတော့ သူ အမေရိကန် ရုပ်ရှင်ကားတွေ ကြိုက်ကြောင်း ပြောသည်။ စာဖတ် ၀ါသနာပါကြောင်း ပြောသည်။

နောက် ဇင့်ဘ၀ ကို စာနာကြောင်း၊ ဇင့်ကို ကရုဏာ သက်ကြောင်း ပြောသည်။
သည်လိုနှင့် စခဲ့ကြသည်။
တစ်နေ့မှာတော့ ဇင်တို့မြို့သို့ သူသွားရန် ရှိသည်ဆိုသည်နှင့် ဇင် ခရီးကြုံ လိုက်ခဲ့သည်။ စင်စစ် သူ တမင်တကာ ခရီးကြုံအောင် ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း ဇင် သိပါသည်။
သူသည် မေမေနှင့် တွေ့သည်။ ကလေးတွေနှင့် တွေ့သည်။

မေမေ့ပန်းနာ အတွက် စားရမည့် ဆေးကို ညွှန်သည်။ ကလေးတွေကို ကြင်ကြင်နာနာ ဆက်ဆံ ပြတော့ ကလေး တွေက "ဦးဦးဒေါက်တာ" ကို သဘောကျသွားလေသည်။
အစသော် သူက "မမဇင်" ဟုခေါ်သည်။ နောက်တော့ "မမ"၊ နောက်တော့ "မ" ပေါ့လေ။
စာဖတ်လေ့ မရှိသော ဇင်သည် သူနှင့် တွေ့ကာမှပင် ၀တ္ထုတွေအကြောင်း သိရသည်။ စာရေး ဆရာတွေအကြောင်း သိရသည်။ "သူ" ၀တ္ထုကြီး အကြောင်းကို ဇင် ကြားဖူးရုံသာ ကြားဖူခဲ့ပြီး သူပြောပြမှပင် ခရေစေ့ တွင်းကျ သိရတော့သည်။

သူ၏ ရည်ရွယ်ချက်၊ အားမာန်နှင့် စေတနာတွေကို လေးစားတာနှင့်ပင် သူ့ကို ချစ်မိသည် ဟု ဇင် အထင် ရောက်မိခြင်း ဖြစ်မည်။
ဒေါက်တာ မြင့်ထွန်းဦးနှင့် ဇင်သည် တစ်နှစ်ခွဲလောက် တွဲလိုက်သည်။
သို့ပေမယ့် အမေရိကန် ရုပ်ရှင်ကားတွေ ကြည့်ကာ ငါးသုံးလုံး စီးကရက်ကြိုက်ပြီး ကားပေါ်မှ မဆင်းသော ဆရာဝန် သည် ဘယ်ပုံဘယ်နည်း "ဒေါက်တာမြင့်မောင်" ဖြစ်လာမည်၊ ဘယ်ပုံ ဘယ်နည်း "ဒေါက်တာ ဗက်သွန်း" ဖြစ်လာမည်ကို ဇင် မတွေးတတ်။

ဘယ်ပုံဘယ်နည်း သွေးချင်းသားချင်းတွေရှိရာ ဝေးလံသီခေါင်သော  တောတောင်တွေထဲသို့ အရောက် သွားမည်၊ ကျေးလက်တောရွာနှင့် စက်ရုံတွေရှိရာမှာ လူမှုဆေးပညာ တော်လှန်ရေး တွေလုပ်မည်ကို ဇင်  မစဉ်းစားတတ်။

အဆုံးပြောရလျှင် သူ့ထက် သုံးလေးနှစ်ကြီးသော တစ်ခုလပ် ဖြစ်သော ကလေးနှစ်ယောက် အမေ ဖြစ်သော ဇင့်ကို ဘယ်ပုံဘယ်နည်း ကယ်တင်မည်ဆိုသည့် အကြောင်းကိုလည်း ဇင် ခေါင်းရှုပ်ခံကာ မစဉ်းစားခဲ့။
သူနှင့် စကားပြောရသည်မှာ သာယာသည်။
သူနှင့် တွေ့ရသည် မှာ ပျော်စရာ ကောင်းသည်။

သူ့ကို ချစ်သည် ဟုလည်း ထင်မိသည်။
သူသည် ဇင်နှင့် တွဲနေဆဲမှာပင် ပညာသင်ဆုရကာ နိုင်ငံခြားသို့ ထွက်သွားရသည်။

ဆက်ရန်
.

1 comment:

ကိုဇော် said...

အယ်...ကောင်းရော..တန်းလန်းကြီး..