Sunday, December 19, 2010

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၈)

ပက်ဘလို သည် နေရောင်ထိုးခံနေရသော သူ့မျက်လုံးများ လုံသွားအောင် ဦးထုပ် ကို ခပ်စောင်းစောင်း ဖြစ်အောင် ဆွဲချပြီး ပြင်၍ဆောင်းလိုက်သည်။ " ချာလီမီလာက ငါ့ကိုပြောတယ်၊ ဒင်နီဆိုတဲ့ကောင် အထမ်းသမ ကောင်မလေး ရိုစာမာတင့် နဲ့ တွဲနေသတဲ့ "

ပီလွန် ၏ ခန္ဓာကိုယ်သည် ထိတ်လန့်အံ့သြခြင်းဖြင့် တောင့်ခနဲဖြစ်သွားသည်။ " အဲဒီကောင်မလေးက ဒင်နီ ကို အရယူချင်ယူမှာ၊ ဒီအထမ်းသမ တွေဟာ ယောက်ျားတွေနဲ့ တွဲလိုက်ရရင် လက်ထပ်ဖို့လောက်က စ စိတ်ကူးတာ၊ သူတို့ငွေလည်း မက်တယ်ကွ၊ သူတို့နှစ်ယောက် လက်ထပ်ဖြစ်သွားရင်တော့ ဒင်နီက တို့ကို အိမ်လခ တောင်းတော့မှာပဲ၊ ဟိုကောင်မ ရိုစာ က အ၀တ်အစားသစ်လိုချင်လိမ့်မယ်၊ ဒီနေရာမှာတော့ မိန်းမ အားလုံး သူ့လိုချည်းပါပဲ၊ ငါ သူတို့အကြောင်း ကောင်းကောင်းသိတယ်"

ပီလွန် ၏ စကားကြောင့် ပက်ဘလိုမှာလည်း စိတ်အနှောင့်အယှက်ဖြစ်သွားပုံရ၏။ " တကယ်လို့ ငါတို့ နှစ်ယောက် ဒင်နီ ဆီ အကျိုးအကြောင်းပြောပြရင်ကော ဟု သူက အကြံပေးသည်။
" အင်း ဒင်နီ့ ဆီမှာ ကြက်ဥရှိချင်ရှိမယ်" ဟု ပီလွန်က ရေရွတ်သည်။ " မစ္စက်မော်ရေး ရဲ့ ကြက်မတွေဟာ အလွန် ဥတဲ့ ကြက်မတွေကွ"
သူတို့သည် ရှူးဖိနပ်များ ကို ကောက်၍စီးတာ ဒင်နီ၏ အိမ်ဘက်သို့ လျှောက်လာခဲ့ကြသည်။

ပီလွန် သည် လမ်းမပေါ်မှ ဘီယာပုလင်းအဖုံးတစ်ခုကို ကုန်း၍ ကောက်လိုက်ပြီး တစ်ခွန်းမျှဆဲကာ လွှင့်ပစ် လိုက်သည်။ " တချို့ယုတ်မာစုတ်ပဲ့တဲ့ ကောင်တွေက လမ်းပေါ်သွားနေတဲ့လူကို အထင်မှားအမြင်မှား ဖြစ်အောင် တမင်သက်သက် ဒီပုလင်းအဖုံး ကို ချထားခဲ့တာဖြစ်မယ်ကွ" ဟုပြောသည်။
" ငါလည်း မနေ့ညက အဲသလိုပဲ ကောက်ကြည့်မိခဲ့သေးတယ်" ဟု ပက်ဘလိုကပြောသည်။ သူသည် ခြံဝင်း တစ်ခုထဲမှ မှည့်စပြုနေသော အစိမ်းရောင် ဂျုံပင်များကို လှမ်းကြည့်ပြီး တစ်စုံတစ်ခုကို စဉ်းစား စိတ်ကူး လျက် ရှိ၏။

သူတို့သည် အိမ်ရှေ့ဆင်ဝင်ရှိ နှင်းဆီချုံ တစ်ချုံနောက်တွင် ထိုင်၍ ခြေချောင်းများကို တလှုပ်လှုပ် လုပ်ကာ ယင် ခြောက်နေသော ဒင်နီကို အသင့်ပင်တွေ့သည်။
" ဟေး သူငယ်ချင်း တို့ ပါလား"ဟု ဒင်နီက နှုတ်ဆက်သည်။
သူတို့သည် ဒင်နီ၏ ဘေးတွင်ထိုင်ပြီး ဦးထုပ် နှင့် ဖိနပ်များကို ချွတ်လိုက်ကြသည်။ ဒင်နီက ဆေးရွက်ကြီးမှုန့်ဗန်း နှင့် စက္ကူများ ထုတ်ကာ ပီလွန်၏ လက်သို့ လှမ်းပေးသည်။ ပီလွန်သည် ဒင်နီ့ကို အလန့် တကြား လှမ်း၍ကြည့်၏။ သို့သော်လည်း သူ့ထင်မြင်ချက်များ ကိုတော့ ထုတ်ဖော်၍ မပြောပေ။

" ကော်နဲလီယာရုဇ် က ဟို မက္ကဆီကန် လူမည်း ကို ဓားနဲ့ထိုးသတဲ့ကွ" ဟု သူက လှမ်းပြောသည်။
" အေး၊ ငါလည်းကြားတယ်" ဟု ဒင်နီက ပြန်ပြောသည်။
ပက်ဘလိုကလည်း စိတ်နာသောလေသံဖြင့် ၀င်ပြောသည်။ " ဒီမိန်းမတွေဟာ အကျင့်မကောင်းတာချည်း ပါပဲကွာ"
" သူတို့နဲ့ တွဲရတာ အလွန်အန္တရာယ် ရှိတယ်" ဟု ပီလွန် က ထောက်ခံသည်။ " ငါတစ်ခု ကြားတယ်၊ အထမ်းသမ ကောင်မလေး တစ်ယောက် ဒီရပ်ကွက်ထဲရောက်နေတယ်တဲ့၊ ဆင်းရဲဒုက္ခကို လိုက်ရှာနေတဲ့ ယောကျား တစ်ယောက် အနေ နဲ့ သူ့ကို အမြဲသတိရနေအောင် လိုချင်တာပေးဖို့ ရောက်နေတာပဲကွ"

ထိုအခါ ပက်ဘလို က အော့နှလုံးနာသည့်ဟန်ဖြင့် အသံတစ်ချက်ပြုပြီး သူ့လက်များကို သူ့ရှေ့ တည့်တည့် တွင် ဆန့်၍ ဖြန့်လိုက်သည်။ " အဲဒီတော့ ယောက်ျားတစ်ယောက်အနေနဲ့ ဘာများလုပ်မလဲ" ဟုမေးသည်။ "ယုံကြည် စိတ်ချရတဲ့ လူ ကော သူ့အနားမှာ ရှိပါဦးမတဲ့လား "
နှစ်ယောက်သား ဒင်နီ ၏ မျက်နှာကို စူးစူးစိုက်စိုက်ကြည့်၍ အကဲခတ်ကြ၏။ ဒန်နီ ၏ မျက်နှာပေါ်တွင် ထိတ်လန့် တုန်လှုပ် သွားသည့် လက္ခဏာမမြင်ရ။

" ကောင်မလေး နာမည်က ရိုစာ တဲ့" ဟု ပီလွန်က ပြောသည်။ " သူ့နောက်က နာမည်ကိုတော့ ငါ မပြောတော့ ပါဘူး၊ အခုလောက် ပြောရင် သိရောပေါ့ "
" သြော် ... မင်းပြောနေတာ ရိုစာမာတင်ကိုလား "ဟု ဒင်နီက သိပ်ပြီး စိတ်မ၀င်စားသည့် အသံဖြင့် ပြောသည်။ " မင်းတို့အနေနဲ့ အထမ်းသမ တစ်ယောက်ကို အထင်ကြီးနေလို့ကတော့ ဘယ်ဖြစ်မလဲကွာ "
ပက်ဘလို နှင့် ပီလွန် သည် စိတ်လက်ပေါ့ပါးသွားဟန်ဖြင့် သက်ပြင်း ပြိုင်တူချကြသည်။

" မစ္စက်မော်ရေးရဲ့ ကြက်မ တွေကော ဘယ်လိုအခြေအနေရှိလဲ" ဟု ပီလွန်က အမှတ်တမဲ့မေးသည်။ ဒင်နီ က စိတ်မကောင်းဟန်ဖြင့် ခေါင်းယမ်းသည်။ " ကြက်မတွေအားလုံး သေကုန်ပြီ၊ မစ္စက်မော်ရေး က ပဲတွေကို အိုးထဲ မှာ ထည့်ထားတယ်၊ အိုးတွေက ကွဲကုန်ရော၊ မြေကြီးပေါ်ကျနေတဲ့ ပဲ တွေကို ပြန်ကောက်ပြီး ကြက်မတွေကို ကျွေးတယ်၊ အဲဒီတော့ ကြက်မ တွေ အားလုံးသေကုန်ပြီ။ တစ်ကောင် မှ မကျန်ဘူး" " အဲဒီ ကြက်သေ တွေကော အခုဘယ်မှာလဲ " ဟု ပက်ဘလိုက မေးသည်။

" ဘယ်သူကရယ်လို့တော့ မသိဘူး၊ တစ်ယောက်ယောက်သာ ကြက်သေတွေကို မစားနဲ့ စားရင် ဖျား လိမ့်မယ်လို့ မစ္စက်မော်ရေး ကို ပြောတယ်၊ ဒါပေမယ့် ငါတို့က ကြက်အူ တွေကို ထုတ်ပြီး သန့်သွားအောင် လုပ် လိုက်တယ်၊ ပြီး တော့ ကြက်သားသည် တွေဆီ သွားရောင်းပစ်လိုက်တယ် "
" လူသေတယ် လို့ကော ကြားသလား " ဟု ပက်ဘလို က ထပ်မေးသည်။
" မကြားပါဘူး၊ ငါထင်ကတော့ အဲဒီကြက်တွေဟာ အကောင်းတွေပဲဖြစ်မှာပါ "
" အဲဒီ ကြက်မတွေ ရောင်းလို့ရတဲ့ ငွေနဲ့ မင်းဝိုင် နည်းနည်းပါးပါး ၀ယ်ထားသေးသလား" ဟု ပီလွန်က မေးသည်။

ဒင်နီ က လှောင်ချင်ပြောင်ချင်သည့် မျက်နှာပေးဖြင့် ပီလွန်ကိုကြည့်၍ ပြုံးသည်။ "မစ္စက်မော်ရေး က ၀ယ်တယ်၊ မနေ့ညက ငါသူ့အိမ် သွားလည်တယ်၊ မီးရောင်နဲ့ကျတော့ မစ္စမော်ရေးဟာ မိန်းမချောကြီး တစ်ယောက် ပဲကွ၊ ပြီး တော့ သိပ်လည်း မအိုသေးပါဘူးကွ"
ဤစကားကြောင့် ပက်ဘလိုနှင့် ပီလွန်တို့သည် နောက်တစ်ကြိမ် လန့်လာကြပြန်သည်။
" ငါ့ အစ်မ၀မ်းကွဲ ၀ီလီ ပြောတာကတော့ မစ္စက်မော်ရေးက အသက်ငါးဆယ် ရှိပြီတဲ့" ဟု ပီလွန်က ပြောသည်။

ဒင်နီက သူ့လက်များကို ဖြန့်လျက် " အသက်ဘယ်လောက် ရှိနေပြီဆိုတဲ့အချက်က အရေးမကြီးပါဘူးကွာ" ဟု တွေးတွေး ဆဆ ပြောသည်။ " သူ့မှာ အိမ်ပိုင်ရှိတယ်၊ ဘဏ်မှာ ဒေါ်လာငွေ နှစ်ရာအပ်ထားတယ်" ပြောနေရင်း ဒင်နိ၏ မျက်နှာသည် အနည်းငယ်ညိုးသွားသည်။ " ငါ မစ္စက်မော်ရေးကို လက်ဆောင်တစ်ခု ပေးချင် တယ်ကွာ "
ပီလွန် နှင့် ပက်ဘလိုတို့သည် သူတို့ခြေထောက်များကို စိုက်ကြည့်နေကြသည်။ ဒင်နီထံမှ နောက်ထပ်စကား ပြောမလာ စေရန် အမူအရာဖြင့် ဟန့်တားကြသည်။ သို့သော် သူတို့၏ အားထုတ်မှုမှာ အကျိုးသက်ရောက်မှု မရှိပေ။

" တကယ်လို့သာ ငါ့မှာ ပိုက်ဆံနည်းနည်းပါးပါး ရှိနေရင် ချိုချဉ်ဘူးကြီး တစ်ဘူးလောက် ၀ယ်ပေးချင်တယ် " သူ သည် သူ့အိမ်ငှားနှစ်ယောက် ကို အဓိပ္ပာယ်ရှိသော မျက်နှာထားဖြင့် ကြည့်နေသည်။ သို့သော်လည်း သူတို့ ထံ မှ စကားပြန်မရ၊ " တစ်ဒေါ်လာ နှစ်ဒေါ်လာလောက် ရရင် ဖြစ်ပါတယ်ကွာ" ဟု ထပ်၍ ပြောသည်။
" ချင်ကီး ဗီလာငါး တွေ နေလှန်းနေတယ်" ဟု ပီလွန်က ပြောသည်။ " မင်း သူ့ဆီသွားပြီး နေ့တစ်ဝက် လောက် ငါးခွဲပေးပါလား"

" အိမ်ပိုင်နှစ်လုံး ရှိတဲ့ လူတစ်ယောက်အနေနဲ့ ငါးသွားခွဲရမယ်ဆိုတာကတော့ ကြည့်လို့ကြားလို့ ကောင်းမယ် မထင် ပါဘူးကွာ၊ တကယ်လို့များ မင်းတို့က အိမ်လခ နည်းနည်းပါးပါး ပေးထားမယ်ဆိုရင် "
ပီလွန် က ထိုင်နေရာမှ ဒေါသတကြီး ထရပ်လိုက်သည်။ " အမြဲတမ်းအိမ်လခပဲတောင်းနေတာပဲ" ဟု အော်ကြီး ဟစ်ကျယ် ဖြင့်ပြောသည်။ " မင်းက တို့ကို လမ်းပေါ်ပြန်ရောက်သွားအောင် ဇွတ်လုပ် နေတာ ပေါ့လေ ဟုတ်လား၊ မင်းက အိပ်ရာပေါ်မှာ ဇိမ်နဲ့အိပ်၊ တို့ကတော့ မြောင်းကြိုမြောင်းကြားမှာအိပ်၊ အဲသလို အဖြစ်မျိုး ရောက်စေချင် တယ်ပေါ့၊ လာကွာ ပက်ဘလို၊ ဟောဒီက ငါတို့ အိမ်ရှင်သခင်ကြီး ဂျူးကြီး အတွက် ငွေသွားရှာ ကြရအောင် " နှစ်ယောက်သား ဒင်နီ ၏ အိမ်ထဲမှ ခပ်တည်တည် ထွက်သွားကြလေသည်။

" ငွေ ကို ငါတို့ဘယ်က ရမလဲ" ဟု ပက်ဘလိုက မေးသည်။
" ငါလဲ မသိဘူး" ဟု ပီလွန်က အဖြေပေးသည်။ " ဒီအကောင် နောက်ထပ် တောင်းချင်မှ တောင်းတော့ မှာပါကွာ" သို့သော်လည်း ကိုယ်ချင်းစာတရား ကင်းမဲ့စွာဖြင့် တောင်းခံ လိုက်သည့်အတွက် နှစ် ယောက် စလုံး စိတ်အေး နားအေး မနေနိုင်ဘဲ ဖြစ်လျက်ရှိကြ၏။ " ဒီအကောင် ကို နောက်တစ်ခါတွေ့ရင် ဂျူးအို ကြီး လို့ ခေါ်ကြမယ်ကွာ " ဟု ပီလွန် က ဆိုသည်။ " ဒီအကောင် ငါတို့ နဲ့ အပေါင်းအသင်းဖြစ်လာတာ နှစ်ပေါင်း မနည်း တော့ပါဘူး၊ သူ ငတ်နေရင် ငါတို့က ကျွေးခဲ့ရတယ်၊ သူ့မှာ ၀တ်စရာ မရှိရင်လည်း ငါတို့ကပဲ အ၀တ် အစား ပေးခဲ့ရတယ်"

" ငါ တို့ ပေးခဲ့ကျွေးခဲ့တာ ဘယ်တုန်းကလဲ " ဟု ပက်ဘလိုက မေးသည်။
" ငါတို့ လက်ထဲ ရှနေတဲ့ အခါမျိုးမှာ ပေးတာပေါ့ကွ၊ မင်းကလည်း။ ငါဆိုလိုတာက သူ့မှာလည်း လိုနေတယ်၊ တို့ မှာလည်း ရှိနေမယ်ဆိုရင် ပေးမယ်ဆိုတဲ့ သဘောပြောတာ၊ ဒီမှာ ပက်ဘလို၊ ငါတို့က အဲသလို သူငယ်ချင်း မျိုး တွေပါကွာ၊ အခုတော့ ဒီကောင်က ဟိုမွတ်တားအိုမကြီးကို ချိုချဉ် တစ်ဘူး လက်ဆောင် ပေးချင်တာနဲ့ပဲ သူငယ် ချင်းချင်း မျက်နှာပျက်အောင် လုပ်တယ်။ တို့အချင်းချင်းရဲ့ ခင်မင်မှုကို မြေကြီးပေါ် ချပြီး ခြေထောက် နဲ့ နင်းချေပစ်တာပဲကွ"

" ချိုချဉ်ဆိုတာကလည်း လူတွေနဲ့ တည့်တဲ့အစာ မဟုတ်ပါဘူးကွာ" ဟု ပက်ဘလိုက ပြောသည်။
စိတ်ထိခိုက် လှုပ်ရှားရလွန်းသဖြင့် ပီလွန်သည် ပင်ပန်းနွမ်းနယ်လျက်ရှိ၏။ သူသည် လမ်းဘေးရှိ မြောင်းနှုတ်ခမ်း တွင်ထိုင်ပြီး လက်ပေါ် မေးထောက်တာ ကြေကွဲဝမ်းနည်းသော စိတ်ဖြင့် တွေဝေ ငေးမော လျက် ရှိသည်။

ပက်ဘလိုကလည်း သူ့ဘေးမှာ ၀င်ထိုင်သည်။ သို့သော်လည်း သူကတော့ အမောဖြေရန် ၀င်ထိုင်ခြင်း ဖြစ်သည်။ သူနှင့် ဒင်နီ၏ ခင်မင်မှုမှာ ပီလွန်လောက် နှစ်မကြာသေး။ ပီလွန်လောက် ရင်းနှီးခြင်းလည်း မရှိသေး။ ထို့ကြောင့် ပီလွန် လောက် စိတ်ထိခိုက်ခြင်း မဖြစ်။

မြောင်း၏ အောက်ခြေသည် မြက်ခြောက်များ၊ ချုံနွယ်များဖြင့် ပိတ်ဖုံးလျက်ရှိသည်။ ၀မ်းနည်းခြင်းနှင့် မခံချိ မခံသာဖြစ်ခြင်း တို့ကြောင့် စိတ်္ဂှုပ်လျက်ရှိသော ပီလွန်သည် ခေါင်းကို ငိုက်စိုက်ချကာ မြက်ပင်၊ ချုံပင်များဆီသို့ ငေးကြည့်နေသည်။ ထိုအခိုက်မှာပင် ချုံတစ်ချုံ အောက်မှ လက်တစ်ဖက် ထိုးထွက် လာသည်ကို သူ မြင်လိုက်ရ၏။ ထို့နောက် လက်၏ဘေး ၌ ၀ိုင်ဂါလန်ဝက် ပုလင်းတစ်လုံးရှိနေသည်ကို တွေ့ရသည်။ သူသည် ပက်ဘလို ၏ လက်မောင်းကို လှမ်းဆွဲပြီး လက်ညိုးထိုးပြသည်။

ပက်ဘလိုက မျက်လုံးပြူး၍ ကြည့်သည်။ " သူ သေနေတာများ ဖြစ်မလားပီလွန် "
ပီလွန် အသက်တစ်ချက် အားရပါးရ ရှူလိုက်သည်။ သူ့ခေါင်းထဲသို့ ကြည်လင်သောအမြင် ပြန်ဝင်လာသည်။ " တကယ် လို့ သူ သေနေတာဆိုရင်တော့ ၀ိုင်ဟာ သူ့အတွက် အသုံးမ၀င်တော့ဘူးကွ၊ ၀ိုင်ကို သူနဲ့အတူတူ မြေမြှုပ်ပြစ်လို့ ကတော့ ဘယ်သင့်တော်ပါ့မလဲ"

သူတို့ မြင်နေရသောလက်သည် အသက်ဝင် လှုပ်ရှားလာပြီး ချုံထဲသို့ ပြန်ဝင်သွားသည်။ ထို့နောက် ညစ်ပတ် ပေရေပြီး အနီရောင် မုတ်ဆိတ်မွှေး တိုနံ့နံ့များ ကျိုးတိုးကျဲတဲ ပေါက်နေသည့် ဂျီဆပ်မေရီယာကော်ကိုရန် ၏ မျက်နှာ သည် ချုံထဲမှ ထွက်လာသည်။ " ဟေး ပီလွန်၊ ဟေး ပက်ဘလို" ဟု အာလေးလျှာလေးသံဖြင့် နှုတ်ဆက် သည်။
ပီလွန် က မြောင်းထဲရှိ ချုံဖုတ်များပေါ်သို့ ခုန်ချလိုက်သည်။ " သူငယ်ချင်း ဂျီးဆပ်မေရီးယာ မင်း ဘယ်လို ဖြစ်တာလဲ၊ နေမကောင်းဘူးလားဟင်"

ဂျီးဆပ်စ်မေရီယာက ပြုံးသည်။ " အမူးလွန်သွားတာကွ" ဟု ရေရွတ်ပြီး ဒူးထောက်၍ ထိုင်လိုက်သည်။ " ကဲ သူငယ်ချင်း တို့ လာကြ။ သောက်လှည့်ကြဦး၊ အရက်အများကြီး ကျန်သေးတယ် "
ပီလွန် က ၀ိုင်ပုလင်းကို လှမ်းယူပြီး လေးကြိမ်တိတိ မော့လိုက်သည်။ ပုလင်းထဲတွင် ၀ိုင်တစ်ပိုင်း ကျော်ကျော် ခန့်တော့ ကျန်သေးသည်။ ထို့နောက် ပက်ဘလို က ပီလွန် လက်ထဲမှ ပုလင်း ကို လှမ်းယူကာ ငှက်မွှေးတစ်ခု နှင့် ကစားနေသည့် ကြောင်တစ်ကောင်သဖွယ် ပုလင်းကို မြှောက်ချည် ချချည်လုပ်၍ ကစား နေသည်။ သူသည် ပါးစပ်ကို အင်္ကျီလက်မောင်းဖြင့် သုတ်လိုက်ပြီး ပုလင်းကို နှာခေါင်းတွင်တေ့ကာ အနံ့ခံ လိုက် သေးသည်။ ပါးစောင်နှစ်ဖက်မှ လည်ချောင်းတစ်လျှောက် ဆင်းသွားနေသည့် ၀ိုင်အရက် စီးကျ သွားသံ ကို အတိုင်းသား ကြားနေရလေသည်။

ပီလွန်၏ လက်သည် ပက်ဘလို အသက်ပြန်၍ မရှူနိုင်သေးမီ ပုလင်းဆီသို့ ရောက်လာသည်။ ပြီးတော့ သူ့ သူငယ်ချင်း ဂျီးဆပ်မေရီယာ ဘက် သို့ လှည့်၍ မျက်နှာချင်းဆိုင်လိုက်သည်။ " ရတနာသိုက်ကို သစ်တော ထဲက တွေ့လာတာမဟုတ်လား " ဟုမေးသည်။ " အလွန်ကြီးကျယ်ထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီး တစ်ယောက်က သူ သေတော့ မင်းအတွက် ထားခဲ့တာဖြစ်မယ်၊ ဟုတ်တယ် မဟုတ်လား သူငယ်ချင်း "
ဂျီးဆပ်မေရီယာ သည် အချင်းချင်း ကိုယ်ချင်းစာတတ်သူ တစ်ဦးဖြစ်၏။ တစ်ဖက်သားအပေါ် သနားကြင်နာ တတ်သော စိတ်လည်းရှိသည်။

သူသည် ချောင်းတစ်ချက် ဟန့်လိုက်ပြီး တံတွေးတစ်ချက် ထွေး လိုက်သည်။ " ငါ့လည်ချောင်းခြောက်နေပြီ" သူသည် ၀ိုင် ကို ခပ်ဖြည်းဖြည်း ခပ်မှန်မှန်ပင် အချိန်ယူ၍ မော့သည်။ ၀ိုင်တွေ အများကြီး ရှိနေသဖြင့် ဇိမ်ခံ၍ သောက်နေသူ တစ်ဦး နှင့် တူသည်။ " လွန်ခဲ့တဲ့ နှစ်ညလောက်က ငါ ပင်လယ်ကမ်းစပ်ကိုသွားပြီး သဲသောင်ပြင် ပေါ် မှာ အိပ်တယ် " ဟု ပြောသည်။ " တစ်ညမှာ လှိုင်းပုတ်လို့ လှေတစ်စီး ကမ်းကို ရောက်လာတယ်။ အောင်မယ် လှေက အတော့် ကို ကောင်းတဲ့ လှေကွ၊ ခတ်တက်တွေလဲ အသင့် ပါ လာတယ်။ လှေက အနည်းဆုံး ဒေါ်လာနှစ်ဆယ် ကတော့ ကောင်းကောင်းတန်တယ် သိလား၊ ဒါပေမယ့် အရောင်းအ၀ယ် က သိပ်ပြီး မြန်မြန်ဆန်ဆန် မဖြစ်ဘူး၊ ဒါနဲ့ပဲ ငါ့မှာ ခုနစ်ဒေါ်လာပဲ ရလိုက်တယ်"

" မင်းမှာ အဲဒီငွေ ကျန်သေးသလား" ဟု ပီလွန်က အားတက်သရော မေးသည်။
" ဆက်ပြီး ဘယ်လိုဖြစ်တယ်ဆိုတာ ငါမင်းကို ပြောပြမယ် " ဟု ဂျီးဆပ်စ်မေရီယာ က ဂုဏ်ယူသော လေသံ ဖြင့် ပြောသည်။ " အဲဒီ ပိုက်ဆံနဲ့ ၀ိုင်နှစ်ဂါလန်ဝယ်ပြီး ဒီသစ်တောဘက်ကို ယူလာခဲ့တယ်။ အဲဒီနောက်တော့ အေရာ အဲလားဂရော့စ်နဲ့ လမ်းလျှောက်ထွက်ကြတယ်၊ မွန်ထရေးမြို့ထဲရောက်တော့ သူ့အတွက် အတွင်းခံ ဘောင်းဘီ တစ်စုံ ၀ယ်ပေးတယ်၊ အတွင်းခံတွေက ပန်းရောင် ကွ၊ ပိုးဘောင်းဘီဆိုတော့ သိပ်နုတယ် မဟုတ်လား၊ သူက အရမ်းကို သဘောကျသွားတာ အဲနောက်ပြီးတော့ ငါက သူ့ကို ၀ီစကီတစ်ပက် ၀ယ်တိုက်တယ်၊ နောက်ခဏ ကြာတော့ စစ်သားတစ်အုပ်နဲ့ ငါတို့ဆုံမိကြရော၊ သူကစစ်သားတွေနဲ့ ပါ သွားရော "

" ဟာကွာ လူကောင်းတစ်ယောက် ရဲ့ ငွေကိုခိုးတဲ့ သူခိုးမပါလား "ဟု ပီလွန်က တအံ့တသြ ရေရွတ်သည်။
" အဲသလိုတော့လည်း မဟုတ်ဘူးကွာ" ဟု ဂျီးဆပ်စ်မေရီယာက ဖြေသည်။ " ဘာပဲဖြစ်ဖြစ် သူသွားလိုရာ သွားရမယ့် အချိန် ရောက်နေပြီ၊ အဲသူလည်း သွားရော၊ ငါလည်း ဒီကိုရောက်လာပြီး အိပ်ပျော်သွားတာပဲ " " ဒါဆိုရင် မင်းမှာ ငွေလက်ကျန် မရှိတော့ဘူးပေါ့ ဟုတ်လား "

" ငါလည်း မသိသေးဘူးကွ" ဟု ဂျီးဆပ်စ်မေရီယာက ပြောသည်။ " နေဦး ငါကြည့်လိုက်ဦးမယ် " သူသည် အိတ်ကပ်ထဲ သို့ လက်နှိုက်ပြီး တွန့်ကြေလိမ်ခေါက်နေသော တစ်ဒေါ်လာတန် သုံးရွက်နှင့် ဆယ့်ဆင့်ပြား တစ်စေ့ ကို ထုတ်လိုက်သည်။ " ကနေ့ည ငါ အလောဘဲလားဂရော့စ် အတွက် ပစ္စည်းလေးတစ်ခု ၀ယ်ပေး ရဦးမယ်ကွ" ဟုပြောသည်။

" ပစ္စည်းလေး တစ်ခုဆိုတာက ဘရာစီယာ အသေးစား တစ်ထည်ဝယ်ပေးဖို့ ပြောတာလား "
" အေး ဟုတ်တယ် " ဟု ဂျီးဆပ်စ်မေရီယာကပြောသည်။ " ဒါပေမယ့် ဘရာစီယာက မင်းထင်သလောက် တော့ မသေးဘူးကွ။ သူ့ဟာက အကြီးကြီး" သူသည် ချောင်းတဟွပ်ဟွပ် ဆိုးသည်။
 ချက်ချင်း ပင် ပီလွန်သည် ဂျီးဆပ်စ်မေရီယာကအတွက် စိုးရိမ်ပူပန်လာသည်။ " ညက လေမိ လို့ဖြစ်တာပဲ"ဟု ရေရတ်သည်။ " အပြင်လေဟာထဲ မှာ အိပ်တာ မကောင်းဘူးကွ၊ ကဲ လာကွာ ပက်ဘလို။ သူ့ ကို တို့အိမ်ခေါ်သွားပြီး အအေးမိနေတာ ပျောက်အောင် ကုပေးကြမယ်၊ အဆုတ်တွေမှာ အအေးမိတဲ့ ရောဂါပဲ၊ အခုမှ စကာ ရှိသေးတယ်၊ ကုလို့ရပါတယ် "

" မင်းတို့ ဘာတွေ လျှောက်ပြောနေကြတာလဲ" ဟု ဂျီးဆပ်စ်မေရီယာမေးသည်။ " ငါ ဘာမှမဖြစ်ပါဘူးကွ"
" မင်းကတော့ အဲသလိုပဲ ထင်မှာပေါ့ " ဟု ပီလွန်က ပြောသည်။ " ရူးဒေါ့ဖိုးကဲကင်း တစ်ယောက်လည်း အခု မင်း ထင်သလို ထင်ခဲ့တာပဲ၊ လွန်ခဲ့တဲ့ လတည်းက မင်းကိုယ်တိုင် အသုဘကို လိုက်ပို့ခဲ့ရတယ် မဟုတ်လား၊ အန်ဂျီ လီနာဗတ်စ်ကွတ်ဇ်ဆိုတဲ့ မိန်းမလည်း အဲသလိုထင်ခဲ့တာပဲ၊ သူလည်း ပြီးခဲ့တဲ့ အပတ်တည်းက သေသွားပြီ၊ မင်းသိတယ်မဟုတ်လား "
ဂျီးဆပ်စ်မေရီယာ သည် ထိတ်လန့်ကြောက်ရွံ့လာသည်။ " အဲဒါ ဘာဖြစ်လို့လို့ မင်းထင်သလဲ "

" အဲဒါ တစ်ညလုံး အပြင်ဘက် လေတဟူးဟူးကြားမှာ ထွက်အိပ်လို့ပေါ့ကွ" ဟု ပီလွန်က ပညာရှိကြီး တစ်ယောက် လေသံဖြင့် ပြောသည်။ " ဒီလောက်အေးတဲ့လေကို မင်းအဆုတ်တွေက ဘယ်လိုလုပ်ပြီး ခံနိုင်မှာလဲ " ပက်ဘလို သည် ၀ိုင်ပုလင်း ကို မြက်ပင်များဖြင့် လုံအောင်ပတ်လိုက်သည်။ တစ်စုံတစ်ယောက် ကသာ မြင်လျှင် မြက်ပင်များအောက်၌ ဘာပစ္စည်းပါလာသည် မသိသဖြင့် အထူးအဆန်းဖြစ်နေလိမ့်မည်ဟု သူတွေးသည်။

ဂျီးဆပ်စ်မေရီယာနှင့် ဘေးချင်းယှဉ်၍ လျှောက်လာနေသော ပီလွန်သည် ဂျီးဆပ်စ်ယာ၏ ကိုယ်ကို မကြာခဏ စမ်းစစ်ကြည့်သည်။ ဤနည်းဖြင့် ဂျီးဆပ်စ် မေရီယာက သူ့ကိုယ်သူ နေမကောင်းဟု ထင်လာအောင် လုပ်သည်။ သူတို့သည် ဂျီးဆပ်စ်မေရီယာကို အိမ်သို့ခေါ်လာပြီး ခုတင်တစ်လုံးပေါ်၌ တင်ထားသည်။ ရာသီဥတု က ပူနွေး နေသော်လည်း သူတို့သည် ဂျီးဆပ်မေရီယာကို အိပ်ရာခင်းများ ခြုံပေး ထားသည်။

ဆက်ရန်
.

No comments: