"ကဲ…နင်ဒီလောက်မယုံရင် ငါသွားပြမယ်"
ပြောပြောဆိုဆိုနှင့် ကျွန်တော်သိုက်တွင်းရှိရာ တောင်ထပ်ဆီသို့ ပြေးတက်ခဲ့သည်။
"သန့်ဇင်…သန့်ဇင်…ပြန်လာခဲ့ပါဟ"
ကျွန်တော်လှည့်မကြည့်ဘဲ ဆက် တက်မြဲ တက်သည်။ နောက်တစ်ကြိမ် အော်ခေါ် သော မယဉ်နွယ် ၏ အသံများ ၌ ငိုသံပါနေသည်။
"သန့်ဇင်ပြန်လာတော့ဟ…၊ ငါဒီမှာ တစ်ယောက်တည်း မနေရဲဘူး"
ကျွန်တော် က အောင်မြင်စွာဖြင့် လှည့်ကြည့်သည်။
"နင်တစ်ယောက်တည်း မနေရဲရင် နင်ငါ့နောက်လိုက်ခဲ့"
"ဟင့်အင်း…နင်ဆင်းခဲ့ပါ…"
"မဆင်းလေးရယ်တဲ့မဆင်း"
ကျွတော်က မယဉ်နွယ်ကို ကျောခိုင်း၍ တောင်ထွတ်ဆီ ဆက်တက်သည်။ ဤတစ်ကြိမ်တွင် မယဉ်နွယ်က အရှုံး ပေးသည်။
"သန့်ဇင်…စောင့်ဦး၊ ငါလိုက်ခဲ့မယ်"
ဤသို့ဆိုပြန်သော် ကျွန်တော် စောင့်ရသည်။ မယဉ်နွယ်သည်။ ကျွန်တော်ရှိရာသို့ အပြေးကလေး တက် လာ ခဲ့သည်။
"သန့်ဇင်…နင်တကယ် အဲဒီရောက်သွားမလို့လား…"
"အေးပေါ့ဟ…မကြောက်ပါနဲ့၊ နင်ဟိုကျရင် ငါပြောတာယုံမှာ ပြီးတော့… ငါတောင်ပို့ကြီး တစ်ခု တွေ့ ထားတယ်၊ ခြသံ ရှိတယ်နဲ့တူတယ်"
"ခြသံ ဆိုတာ ဘာလဲ…"
"နင်ဒါတွေကို နားမလည်ပါဘူး၊ အေးအေးဆေးဆေးသာ လိုက်ခဲ့စမ်း"
ကျွန်တော်က ရှေ့ဆက်တက်သဖြင့် မယဉ်နွယ်က ကျွန်တော့် ပုဆိုးစဆွဲရင်း တွန့်ဆုတ်တွန့်ဆုတ်ဖြင့် လိုက်လာ သည်။
တောင်ကို ကွေ့ပတ်တက်သော လမ်းဖြစ်၏ ကျဉ်းသည်။ ကျောက်တောင်ကျောက်ခဲထူ၍ အတက်ရ ခက်သည်။
ရှေ့သို့မဲတက်နေခိုက် ဘေးချုံတောများဆီမှ တရှဲရှဲအသံကြားရ၏။
"အမေ့" ဟု ခေါ် ၍ မယဉ်နွယ် က ကျွန်တော့်ကို လှမ်းဖက်သည်။
ချုံဆီသို့ ကျွန်တော်လှမ်းကြည့်လိုက်သောအခါ နက်ပြောင်သော အကြီးခွံတို့နှင့် လျှာတစ်လစ်-တစ်လစ် ထုတ်ပြ နေသော သတ္တ၀ါတစ်ကောင် ကို မြင်ရသည်။
"အလကားပါဟာ ချီးခြောက်စားတဲ့ ကင်းလိပ်ချောပါ…၊ နင်တံတွေးသာ အလျင် မျို ထားလိုက်၊ အဲဒါတော့ မှတ်ထား….၊ ကင်းလိပ်ချောတွေ့ရင် ကိုယ်က တံတွေးဦးအော် မျိုရတယ်"
ပြောပြောဆိုဆို ကျွန်တော်က တံတွေးကို ဂွီကနဲနေအောင် မျိုချလိုက်သည်။ ထိုအခါမှ ကျွန်တော်သည် လမ်းဘေး မှ ကျောက်ခဲ တစ်လုံး ကောက်ကာ ကင်းလိပ်ချောကို လှမ်းပစ်လိုက်သည်။ ကျွန်တော်က အားရ ကျေနပ်စွာ ပြုံးရင်း မယဉ်နွယ်အား ဆက်လက်ပညာပေးရသည်။
"ချီးခြောက်စားတဲ့ ကင်းလိပ်ချောကို ဘယ်တော့မှ မကြောက် နဲ့၊ ကိုယ်ကသာ တံတွေး ဦးအောင် မျိုထား…ပြီးတာပဲ၊ ကင်းလိပ်ချောမပြောနဲ့… သင်းခွေချပ်တောင် မကြောက်နဲ့၊ သူက နာမည် ခေါ်ရင် ကိုယ်က မထူးနဲ့"
ကျွန်တော်က ရှေ့သို့ချီတက်ရင်း ပြောနေသည်ကို ကျွန်တော့် ပုဆိုးစ ကိုင်လိုက်ရင်း မောမော ပန်းပန်း ကြား မှ မယဉ်နွယ် က မေးသည်။
"ဒီတောထဲမှာ သင်းခွေချပ်ရှိလား…"
"အေး…ရှိတယ်"
မယဉ်နွယ် သည် ကျွန်တော့်ပုဆိုးစ ကို လွှတ်ကာ ကျွန်တော့်လက်မောင်း ကို ကိုင်၍ ဆက်လိုက် တော့သည်။
"နင်ကလဲ… အားရင်ကြောက်နေတာပဲ၊ သင်းခွေချပ်က ကြောက်စရာမကောင်းပါဘူးဟ၊ တို့ပုတ်သင်ညို အပျို လိုချင် ခေါင်းညိတ်အော်တဲ့ ပုတ်သင်ညိုက ကြောက်ဖို့အကောင်းဆုံး"
"နင်တကယ်ပြောတာလား"
"နင့်ကိုငါက ဘာလို့လိမ်ရမှာလဲ မယဉ်နွယ်..၊ ပုတ်သင်ညိုလည်ပင်းတွေ ဆူးတောင်တွေမြင်လား၊ အဲဒီ ဆူးတောင် တွေ က အဆိပ်ချည်းပဲ"
"နင် တကယ်ပြောတာလား"
"ရော…ခက်ပါပြီ၊ နင့်ကိုငါက ဘာလို့လိမ်ရမှာလဲ၊ အနီ နဲ့ အပြာစပ် တဲ့ ပုတ်သင်ညိုက သာ ကြောက်စရာ ကောင်းသေးတယ်"
ကျွန်တော့် ပုတ်သင်ညိုတရားကြောင့် ဥစ္စာစောင့်များကိုလည်း မေ့သွားဟန်တူသည်။ ကျွန်တော် ခေါ်ရာ နောက် တကောက်ကောက် ပါလာ၏။ ဤသို့ဖြင့် သိုက်တွင်းရှိသည်ဆိုသော ဂူရှေ့သို့ ကျွန်တော်တို့ ရောက် ခဲ့သည်။
"အဲဒီဂူလား… နင်ခုနပြောတာ"
"အေး…ဒါပေမယ့်…ဟိုမှာကြည့်စမ်း"
မယဉ်နွယ် သည် "အမေ့"ဟု ထိတ်လန့်အော်လိုက်ပြီး ကျွန်တော်ပြရာမြင်သော် "နင်ကလည်း အလန့် တကြား..ဘာများအောက်မေ့လို့ ခြတောင်ပို့ကြီး… အဲဒါဘာဖြစ်လဲ"
"နင်သေသေချာချာကြည့်ပါလား၊ အဲလောက်ကြီးတဲ့ ခြတောင်ပို့မြင်ဖူးလား၊ သေသေချာချာကြည့်စမ်း ထိပ် က အတွန့်အတွန့် နဲ့၊ အဲဒါတက်တွေ၊ ဟောဟိုဘက်နိမ့်သွားတာက အမြီး၊ အဲဒီအထဲမှာ နဂါး နေတယ် တဲ့…"
မယဉ်နွယ် မျက်လုံးပြူးသွားပြန်တယ်။
"နင်တကယ်ပြောတာလား…"
"အဲဒါတော့ ငါလည်းမသိဘူး၊ ဒါပေမယ့်… ငါ အဲဒီ တောင်ပို့ကြီးကို ဖြိုမလို့"
"နင် က ဘာလို့ဖြိုမှာလဲ"
"ခြသံ လိုချင်တယ်လို့ နင့်ကို ငါပြောဖူးသားပဲ"
"နဂါးကြီးထွက်လိုက်တော့ ဘယ့်နဲ့လုပ်မလဲ…"
"နဂါး ဆိုတာ ကို ပေါက်ကျိုင်းက နိုင်တယ်ဟ"
"နင်က နင့်ကိုယ်နင် ပေါက်ကျိုင်းထင်လို့လား"
"ပေါက်ကျိုင်းက ငါ့ထက်ပိုတော်လို့လား၊ ပေါက်ကျိုင်း ဆိုတာ စာမတတ်ဘူး၊ ငါက ပရိတ်ကြီးရော နမကာယ ရော ကုန်လို့ သဂြိုလ်စ,တက်နေပြီ…."
မယဉ်နွယ်သည် ဘာမှပြန်မပြော ကျွန်တော်ပြောသမျှ ခံရမည့်ဘ၀တွင် ရှိနေ၏။
"ကဲပါ လာလာ…သိုက်တွင်းသွားကြည့်ရအောင်"
ဤ တစ်ကြိမ် တွင် မူ မယဉ်နွယ်သည် နေရာမှမရွေ့ဘဲ ရပ်နေ၏။
"ဟင့်အင်း…အဲဒီဂူထဲတော့ ငါမလိုက်ရဲဘူး…"
"ဒါငြဖ့် နင်နေရစ်ပေါ့…ငါဝင်သွားမယ်"
ပြောပြောဆိုဆို ကျွန်တော်က ဂူတွင်းသို့ဝင်သည်။ ဤတစ်ကြိမ်တွင်မူ မယဉ်နွယ်သည် ကျွန်တော့် နောက်မလိုက်။
သူရဲကောင်းကြီးဝင်သကဲ့သို့ ၀င်သာဝင်ခဲ့ရသော်လည်း ကျွန်တော်ကိုယ်၌ပင် သိပ်မရဲလှ။
ဤသိုက်တွင်းကို 'ဦးပွားသိုက်တွင်း'ဟုခေါ်သည်။
ဦးပွား ဆိုသည်မှာ ရှင်ဘုရင် တစ်ယောက်ဟု ကျွန်တော် ကျွန်တော်ကြားဖူးသည်။ ဦးပွားသည် သိုက်တဘောင် အရ ဤ တောင်ထိပ် ၌် သိုက်လာတူးသည်ဆို၏။
တောင်တွင်း၌ စကြာမင်းဖြစ်မည့်သူ ၀တ်ဆင်ရမည့် မင်းမြှောက်တန်ဆာ (၅)ပါးရှိသည်ဆို၏။ မင်းမြောက် တန်ဆာ (၅) ပါး သည် ပထ၀ီ မြေလွှာ (၆)ထပ်သို့ရောက်သည်။ နောက်ဆုံးအလွှာ၌ ကျောက်ဖျာ ကြီး ခံနေ ၍ ဦးပွား ဆက်မတူးနိုင်။
စိတ်ပျက်အားငယ်စွာဖြင့် ဦးပွားသည် လက်လျှော့လျက် တောင်ထိပ်၌ စေတီတစ်ဆူတည်ရင်း ပြန်ရန် ပြင်သည်။ စေတီပြီးခါနီး ၌ စေတီ၏ ငှက်မြတ်နားထက် ငှက်ဆိုးတစ်ကောင် လာနားသည်ဆို၏။
ရှင်ဘုရင်ဦးပွား သည် ငှက်ဖျားမိ၍ ဤတောင်ပေါ်တွင် သေသွားသည်ဆို၏။
ဤတောင်၏ အရှေ့နံရံ၌ သပိတ်လုံးအရွယ်ရှိသော လိုဏ်ပေါက်တစ်ခုရှိသည်။ တစ်ကြိမ်က မုဆိုးတစ်ဦး အမဲလိုက်ရင်း ဤလိုဏ်အတွင်းသို့ ၀င်သွားသောအခါ ရွှေရက်ကန်း ကို ရက်နေသော 'မြစိန်းရှင်'မင်း သမီး ကို တွေ့ဖူး ခဲ့ ရသည်ဆို၏။
ဤအကြောင်းတို့ကြောင့် ဂူတွင်းရောက်သော် ကျွန်တော့်သတ္တိ တို့ ပျောက်ကုန်သည်။ ကျွန်တော်သည် နောက် သို့ ပြန်ဆုတ်ထွက်လာစဉ်… "သန့်ဇင်…သန့်ဇင်…"ဟု မယဉ်နွယ်၏ ခေါ်သံကို ကြားရသည်။ ကျွန်တော် ဂူပြင်သို့ ရောက်လာသည်။ တုန်ရီချောက်ချားနေသော မယဉ်နွယ်ကို ကျွန်တော် အားပေး ရသည်။
"ငါရှေ့ဆက်သွားမလို့… နင်တစ်ယောက်တည်း ကြောက်နေမှာစိုးတာနဲ့ ပြန်ထွက်လာတယ်"
"လာပါသန့်ဇင်ရယ်၊ တို့ပြန်ကြရအောင်"
ကျွန်တော်ဂူတွင်းသို့ ပြန်ကြည့်သည်။ အရူးကြီးကိုပုနှင့်အတူ ဤဂူတွင်းသို့ ကျွန်တော် ရောက်ဖူးသည်မှာ အမှန်ဖြစ်သည်။ လူကြီးပါစဉ်က မကြောက်သော်လည်း ယခုမူ အတန်ငယ်လန့်နေသည်။
"အေးပါဟယ် နင်ကြောက်ရင် ငါပြန်ပါ့မယ်"
ဤအခိုက်တွင်ပင် ဂူအတွင်းဆီမှ တဝေါဝေါ တ၀ုန်းဝုန်းအသံကြီးပေါ်လာ၏။ ရုတ်ခြည်း ပြန် တိတ် သွားသည်။ ကြောက်အားလန့်အားနှင့် မယဉ်နွယ် သည် ကျွန်တော့်ကို တွန်းခဲ့တာ တောင်ခြေ ဆင်ခြေလျှော အတိုင်း ဆင်းပြေးသည်။
"မယဉ်နွယ်….မယဉ်နွယ်…"
တကြော်ကြော်အော်ရင်း ကျွန်တော် နောက်မှပြေးလိုက်သည်။ ထိုစဉ် မယဉ်နွယ်က ကျောက်ဆောင် တစ်ခု နှင့် တိုက်မိ၍ ဒလိမ့်ခေါက်ကွေးကျသွားသည်။
ကျွန်တော်အနီးသို့ ရောက်သောအခါ မယဉ်နွယ်သည် မြေပြင်၌ ပက်လက်ကလေးလဲကာ ရှိသည်။ မယဉ်နွယ် ၏ ခြေမမှ သွေးတို့စီးကျနေသည်။
"ဟာ…နင့်ခြေထောက် မှာ သွေးတွေ နဲ့ နင်က အရမ်းပြေးတာကိုး"
ကျွန်တော်သည် မယဉ်နွယ်၏ ခြေမလေးကိုကိုင်လျက် "ဥုံဖွ…ဖွ…"ဟုမန်းရင်း မြေမှုန့်နှင့်သိပ်ပေးသည်။
မျက်တောင်ကော့ များ ရံအပ်နေသော မယဉ်နွယ်၏ မျက်လုံးများ၌ ထိတ်လန့်စိုးရွံ့မှုများတို့ သနားဖွယ် ဖြစ်ပေါ် နေသည်။
"မယဉ်နွယ်ရယ်…. အဲဒီအသံကြီးကို မကြောက်ပါနဲ့၊ ဂူထဲမှာ စမ်းချောင်းတစ်ခုရှိတယ်၊ အဲဒီ စမ်းချောင်း ထဲ က သိုက်တွင်းထဲကို ကျတယ်၊ ကန်ရေ ပြည့် လို့ရှိရင် သိုက်တွင်းထဲရေကျတော့ အဲဒီ အသံ ပေါ်လာ တယ်"
မယဉ်နွယ် စိတ်သက်သာပုံရသည်။ အကြောက်မူ ပြေဟန်မပေသေး၊ ကျွန်တော်က မယဉ်နွယ်၏ ခြေမမှ ဒဏ်ရာ ကို ဖုန်ဆက်သိပ်ပေးသည်။ ထိုအခါ အထူးအဆန်းကို ကျွန်ောတ် တွေ့ရသည်တကား။
မယဉ်နွယ် ၏ ခြေထောက်ကလေးများသည် အလွန်လှသည်။ ဤခြေထာက်ကလေးများသည် ကျွန်တော့် ၏ မျက်နှာထက် ပို၍ ဖြူစင်ဖွေးနုသည်။ ကျွန်တော့်မျက်လုံးများက မယဉ်နွယ်၏ မျက်နှာနှင့် လည်ပင်း များဆီသို့ ရောက်သွားသည်။
မျက်နှာ နှင့် လည်ပင်းများ၌ စိမ်းစိမ်းမြသော အကြောလေးများတို့ ယှက်သန်းနေသည်။ အမ ပြောဖူးသော လှပသော မိန်းမတစ်ယောက် အကြောင်း ကျွန်တော်ကြားဖူးသည်။
ထိုမိန်းမသည် မည်မျှ အသားအရေလှသနည်းဆိုသော် ရေသောက် သောအခါ ကြည်လင်သော လည်ချောင်း ကို ခွဲ၍ အတိုင်းသား မြင်ရသည်ဆို၏။
မယဉ်နွယ်သည် ရေသောက်သည်ကို ကျွန်တော်မမြင်ဘူး၊ သို့ရာတွင် မယဉ်နွယ် ရေသောက်လျှင် အစ်မ ပြောသကဲ့ သို့ လည်ချောင်း တစ်လျှောက် ရေဆင်းသွားသည်ကို အတိုင်းသား မြင်ရမည်ဟု ကျွန်တော် ယုံကြည် ၏။
ကျွ့န်တော်က သတိလစ်၍ ငေးငိုင်နေခိုက် မယဉ်နွယ်က မေးသည်။
"သန့်ဇင်….နင်ငါ့ကို ဘာလို့ကြည့်နေတာလဲ"
"မယဉ်နွယ် သည် ပြုံးသည်။ ပြုံးသော် နီရဲသော ပါးကလေးထက် ပါးခွက်ကလေးများ ပေါ်လာသည်။
"ငါ တကယ်လှလား"
"နင့်ကို ငါဘာလို့ လိမ်ရမှာလဲ"
မယဉ်နွယ် သည် ကျေနပ်စွာပြုံး၍ ကျွန်တော့်အားကြည့်သည် ထိုစဉ်ဝယ် မမျှော်လင့်သော အသံကြီး တစ်ခု ပေါ်လာသည်။
ဆက်ရန်
.

3 comments:
အစ်မရေ...
အလယ်အပိုဒ်လောက်မှာ စာတွေထပ်နေ
သလိုဘဲနော်။
မျှဝေတာကျေးဇူးပါနော်။ ထပ်မျော်နေပါတယ်။
ကျနော် ပြင်ထားပေးပါမယ် စာတွေ ထပ်နေတယ်
ရွှေစင်ဦး
အင်း...
ခြသံ နဲ့  သင်းခွေချပ်ကို စိတ်ဝင်စားသွားတယ်။
ဒီမှာတော့  သင်းခွေချပ်ကို စားကြတယ်ဗျ။
သိပ်ဈေးကြီးပါတယ်။
Post a Comment