ဖြစ်ရပ်မှန်
တောင်တန်းများပေါ်၌
တင်မောင်မြင့် ဘာသာပြန်သည်
Land of thousand hills
Rosamond Halsey Carr
with
Ann Howard Halsey
အမေရိကန်သူ ရိုစမွန်ဟာလ်ဆေကားသည်
ကမ္ဘာပေါ်တွင်
ကြောက်စရာအကောင်းဆုံးတိုက်ကြီးတစ်တိုက်၏
ကြောက်စရာအကောင်းဆုံးဒေသများသို့
ငယ်ငယ် ရွယ်ရွယ်နှင့် ထွက်ခွာခဲ့၏။
မယုံကြည်နိုင်စရာ စွန့်စားခန်းများ၊
ရင်နင့်ကြေကွဲဖွယ် ဖြစ်ရပ်များ
ရောပြွမ်းနေသော ဘ၀ဖြစ်သော်လည်း
သည်ဒေသသည် သူမ၏ " အိမ် "
ဖြစ်ခဲ့လေသည်။
ကမ္ဘာပေါ်တွင်
ကြောက်စရာအကောင်းဆုံးတိုက်ကြီးတစ်တိုက်၏
ကြောက်စရာအကောင်းဆုံးဒေသများသို့
ငယ်ငယ် ရွယ်ရွယ်နှင့် ထွက်ခွာခဲ့၏။
မယုံကြည်နိုင်စရာ စွန့်စားခန်းများ၊
ရင်နင့်ကြေကွဲဖွယ် ဖြစ်ရပ်များ
ရောပြွမ်းနေသော ဘ၀ဖြစ်သော်လည်း
သည်ဒေသသည် သူမ၏ " အိမ် "
ဖြစ်ခဲ့လေသည်။
ကမ္ဘာကြီးပျက်စီးပြီ
၁၉၉၄ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့ညနေ။
ရ၀မ်ဒါနိုင်ငံသမ္မတ၊ ဂျူဗေးနာလ်ဟာဗျာရီမာနာ စီးနင်းလိုက်ပါလာသော လေယာဉ် မြို့တော်ဂါလီသို့ အဆင်း တွင် မြေပြင်မှ ဝေဟင်ပစ်ဒုံးပျံဖြင့် ပစ်ချလိုက်သည်။ လေယာဉ်ပေါ်တွင် ပါလာသူအားလုံး အသက် ဆုံးရှုံး ကြရသည်။
အနောက်ဘက်ကီလိုမီတာ ၁၅၀ ဝေးသော ကျွန်မ၏ ယာတောသို့ နောက်တစ်နေ့မနက်ခင်းတွင် သည် သတင်း ရောက်လာသည်။ ကျွန်မ ခေါင်းနပန်းကြီးသွား၏။ ကျွန်မ၏ ထမင်းချက်ကို ပြောပြတော့ " ဒါဆိုရင် တော့ ကမ္ဘာကြီးပျက်စီးတော့မယ် မဒမ်" ဟု သူက အထိတ်တလန့်ပြန်ပြောသည်။
ထိုနေ့တွင် ကျွန်မ၏ အလုပ်သမားတွေ တစ်ယောက်မှ အလုပ်မဆင်းကြ။ ဒေသတစ်ခုလုံးကို ထူးဆန်းသည့် တိတ်ဆိတ်ခြင်း က ကြောက်မက်ဖွယ် လွှမ်းခြုံထားလေသည်။
တွတ်စီလူမျိုးစု များသည် ရ၀မ်ဒါနိုင်ငံ၏ အုပ်ချုပ်သူအဖြစ် ရ၀မ်ဒါလူမှုအဆောက်အအုံ နှင့် တိုင်းပြည်၏ လူများစု ဖြစ်သော ဟူတူလူမျိုးစုများကို သမိုင်းနှင့်ချီ၍ လွှမ်းမိုးအုပ်စိုးခဲ့ကြသည်။
၁၉၅၉ ခုနှစ်တွင် ပြည်တွင်းစစ်ကြီးဖြစ်လာပြီး တွတ်စီဘုရင် နန်းချခံရသည်။ တွတ်စီတွေ နီးရာနိုင်ငံများသို့ ထွက်ပြေး ကြသည်။ ကျန်ရစ်သည့် တွတ်စီတွေနှင့် ဟူတူလူမျိုးများ ယေဘုယျအားဖြင့် သင့်သင့်မြတ်မြတ် နှင့် အေးချမ်းစွာ ဆက်လက်နေထိုင်ခဲ့ကြ၏။ သို့သော် လူတိုင်းတော့ မဟုတ်ပေ။ ယင်း အမျိုးအနွယ်စု များထဲတွင် အုပ်စုများ ကွဲနေကြရာ အချို့အုပ်စုတို့သည် လူမျိုးတစ်မျိုးနှင့်တစ်မျိုး တိုက်ခိုက် သတ်ဖြတ် ကြသည်။ ဤသို့ဖြင့် ရ၀မ်ဒါသည် သွေးချောင်းစီးခဲ့ရလေသည်။
သမ္မတဟာဗျာရီမာနာ သည် အာဖရိကထိပ်သီးညီလာခံမှ ပြန်အလာတွင် လုပ်ကြံခံရခြင်းဖြစ်၏။ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် နောက်ဆုံးမျှော်လင့်ချက်သည် သမ္မတ၏ လေယာဉ်နှင့်အတူ တစ်စစီပျက်စီးသွားခဲ့ လေပြီ။
သမ္မတ အတွက် အထိတ်တလန့်နှင့် ယူကျုံးမရ ဖြစ်နေကြသော ဟူတူအစွန်းရောက်လူငယ်တို့၏ ၀မ်းနည်း ကြေကွဲမှု သည် ပြင်းထန်စွာ တန်ပြန်လက်စားချေခြင်း လမ်းကြောင်းပေါ်သို့ ရောက်သွားလေတော့သည်။ အုံကြွသွေးဆူ ကာ တွတ်စီတို့အား တွေ့ရာသင်္ချိုင်း ဓားမဆိုင်းလိုက်လံ သတ်ဖြတ်လေတော့၏။
နိုင်ငံခြားသားများ ရ၀မ်ဒါမှ ထွက်ပြေးကုန်ကြပြီ။ သို့သော် ကျွန်မ ပြေးနိုင်ပါ။ ကျွန်မသည် အမေရိကန်လူမျိုး စစ်စစ်ဖြစ်သော်လည်း ရ၀မ်ဒါတွင် ခြံနှင့်မွေးမြူရေးလုပ်နေသည်မှာ နှစ်ပေါင်း ၅၀ နီးပါးရှိခဲ့ပြီ။ ရ၀မ်ဒါသည် ကျွန်မ ၏ အိမ်ဖြစ်နေပြီ။ ကျွန်မ၏ အလုပ်သမားများသည် ကျွန်မ၏ မိတ်ဆွေတွေဖြစ်နေပြီ။ သူတို့ကို ကျွန်မ မထားခဲ့နိုင်ပါ။
ဧပြီလ ၈ ရက် သောကြာနေ့တွင် ဟူတူလူငယ် တစ်သိုက် တင်းပုတ်ကိုယ်စီနှင့် ကျွန်မခြံထဲဝင်လာကြသည်။ တွတ်စီ တွေကို ရှာမည်တဲ့။ ကျွန်မ သူတို့ကို မောင်းထုတ်လိုက်သည်။ ခဏနေပြီး သူတို့ ထွက်သွားကြ၏။
အမှန်မှာ ကျွန်မ၏ ခြံထဲတွင် တွတ်စီတစ်ဒါဇင်ကျော်ကျော် ပုန်းနေကြ၏။ သူတို့ကို ကျွန်မ ၀ှက်ထားရသည်။
နောက်တစ်နေ့ မနက် မိုးလင်းလို့ ကျွန်မ နိုးလာတော့ ဒေါသအမျက် ချောင်းချောင်းထွက်နေသည့် လူငယ် ၂၀ ကျော်တို့သည် တင်းပုတ်ကြီးတွေ တယမ်းယမ်း၊ ဓားကောက်ကြီးတွေ တ၀င့်ဝင့်နှင့် အော်ဟစ်ကာ တွတ်စီ တွေကို ထုတ်ပေးရန် တောင်းဆိုနေကြ၏။ တောင်းဆိုနေသူတွေ အထဲက အချို့ကို ကလေးဘ၀ ကတည်း က ကျွန်မ သိခဲ့၏။
သူတို့သည် ကျွန်မအိမ်ထဲကို အတင်းဝင်ပြီး ရှာကြ၏။ သူတို့ ရှာဖွေနေသူများသည် တစ်ချိန်က သူတို့၏ အိမ်နီးနားချင်း တွေ၊ သူငယ်ချင်းတွေဖြစ်၏။ ကစားဖော်တွေဖြစ်၏။ ကျွန်မ ဘာမျှမတတ်နိုင်တော့ပါ။ ဒေါသ ဖြင့် ရပ်တည် နေရုံသာ ရှိပါတော့သည်။
ညပိုင်းတွင် သူတို့ တစ်ခေါက်ပြန်ရောက်လာကြ၏။ တင်းပုတ်ကြီးတွေ၊ ဓားကောက်ကြီးတွေ လေထဲတွင် ဝေ့ကာ ဝေ့ကာဖြင့်။
" တစ်ယောက် မှ ရှာမတွေ့ဘူး၊ အိမ်ထဲမှာပဲ ရှိရမယ် " ဟု သူတို့ အော်ပြောတော့ ကျွန်မက ပြန်အော်သည်။
" နင်တို့ တစ်ယောက်ယောက်ကို သတ်ရမှ ဖြစ်မယ်ဆိုရင် ငါ့ကို သတ်သွားကြ"
သည်တော့ သူတို့ ကျွန်မ ကို အထိတ်တလန့်ဝိုင်းကြည့်ကြသည်။
" ဟာ အဲဒီလိုမဟုတ်ပါဘူး မဒမ် " ဆိုပြီး ပြန်လှည့်သွားကြ၏။
တွတ်စီအချို့ တစ်နည်းနည်းဖြင့် သူတို့လက်ထဲမှ လွတ်သွားခဲ့သည်ဖြစ်ရမည်။ သို့သော် ထိုနေ့ညက အနည်းဆုံး တွတ်စီ ၈ ယောက် အသတ်ခံလိုက်ရသည်။ အသတ်ခံရသူများထဲတွင် ကျွန်မ၏ သိုးကျောင်း သားရော၊ သူ့မိန်းမနှင့်ကလေးပါ ပါသွား၏။ တင်းပုတ်နှင့် ထုသတ်သွားကြခြင်းဖြစ်သည်။
အပြစ် မရှိသူတွေ ကို ရက်ရက်စက်စက် လိုက်လံသတ်ဖြတ်နေခြင်းကိုကြည့်ညပီး ၀မ်းနည်းရုံမှတစ်ပါး ဘာမျှ မတတ် နိုင်ခဲ့ပါ။ အခြေအနေမှာ နှလုံးသွေးပျက်ချင်စရာကောင်းလောက်အောင် ဆိုးရွားလာနေပါပြီ။
တနင်္ဂနွေနေ့ မနက် ၆ နာရီတွင် ကုလသမဂ္ဂ တပ်ဖွဲ့ဝင်တွေ ရောက်လာပြီး တံခါးကို တဒုန်းဒုန်းထုသည်။ အမြန်ဆုံး ထွက်ခဲ့ ဖို့ အော်ဟစ်ပြောဆိုနေကြသည်။
" အထုပ်အပိုးပြင်ဖို့ ၅ မိနစ်ပဲအချိန်ရမယ် "
ဟု အမိန့်ပေးသည်။ သည်တစ်ခါတော့ ကျွန်မ တွေဝေမနေတော့ပါ။ ည၀တ်အင်္ကျီကြီးနှင့်ပင် အိပ်ချင် မူးတူး ဖြင့် ကျွန်မ ပြင်ဆင်ရပါတော့သည်။ အရေးကြီးသည့် စာရွက်စာတမ်းများနှင့် ဓာတ်ပုံအချို့၊ လက်ဝတ် ရတနာ သေတ္တာကလေး နှင့် အ၀တ်အစားအချို့ကို ခရီးဆောင်သေတ္တာထဲ ပစ်ထည့် လိုက်ပါ သည်။
ကျွန်မနှင့် လုပ်ဖော်ကိုင်ဖက်အဖြစ် နှစ်ပေါင်း ၄ဝ တိုင် တွဲလာခဲ့သည့် အလွန်ခင်မင်သော မိတ်ဆွေ ဆင်ဘာဂါ ကိုပင် ကျွန်မ နှုတ်ဆက်ချိန်မရခဲ့ပါ။ ကျွန်မထွက်ခွာဖို့ အမေရိကန်သံရုံးမှ အားလုံး စီစဥ်ပေးသည်။ အခြားနိုင်ငံခြားသားများစွာနှင့်အတူ ကျွန်မတို့ ကား ၁၃ စီး တန်းစီမောင်းလာခဲ့ကြသည်။ လမ်းနံဘေး တစ်ဖက်တစ်ချက်တွင် ဓားတွေ၊ လှံတွေ၊ တင်းပုတ်တွေနှင့် လူအုပ်ကြီးက ကျွန်မတို့ကို စောင့်ကြည့် နေ၏။
သည်လူတွေသည် နှစ်ပေါင်းများစွာ ကျွန်မနှင့် သိကျွမ်းခဲ့ကြသူတွေဖြစ်၏။ သူတို့အထဲမှ အချို့သည် ကလေးဘ၀ တွင် ကျွန်မ ချီပိုးလာခဲ့ဖူးသူများဖြစ်၏။ ယနေ့မူ သူတို့ မျက်လုံးများသည် ဘီလူးစီးသလို မီးဝင်း ၀င်းတောက် ကာ ဒေါသတကြီး အော်ဟစ်သောင်းကျန်းနေကြသည်။
သိပ်မကြာမီ မှာပင် ဆင်ဘာဂါ တစ်ယောက် အသတ်ခံလိုက်ရပြီဟု ကြားရသည်။ ကျွန်မ အရမ်း စိတ်မကောင်း ဖြစ်သွား၏။ ခံစားမှုမရှိတော့သလို ထုံထိုင်းကာ လေယာဉ်ပေါ်သို့ တက်ခဲ့သည်။ ဤသို့ဖြင့် ကျွန်မ ချစ်သော ရ၀မ်ဒါ ကို ထားခဲ့ပြီး အမေရိကန်သို့ ပြန်လာခဲ့၏။
နောက်ရက်သတ္တပတ်များစွာအတွင်း သေဆုံးသည့် လူဦးရေမှာ ကြောက်ခမန်းလိလိဖြစ်လာသည်။ မကြားဝံ့ မနာသာ၊ မယုံကြည်နိုင်စရာ ပမာဏဖြစ်လာသည်။
၃ လအတွင်း လူပေါင်း ၈၀၀၀၀၀ အသက်ဆုံးရှုံးခဲ့ရသည်။ အများအားဖြင့် တောင်ပေါ်သား တွတ်စီလူမျိုး များဖြစ်ကြ၏။ ကလေးတစ်သိန်းကျော် ပျောက်ဆုံးနေ၏။ မိဘမဲ့ဖြစ်ကုန်ကြ၏။ သည်လူ သတ်ပွဲကို ကြည့်ရ သည့် တီဗွီသတင်း ပုံရိပ် များသည် ကျွန်မကို တစ်သတ်လုံး ခြောက်လှန့် နေပါလိမ့်မည်။
ကျွန်မ အလုပ်သမားတွေ၊ ကျွန်မလူတွေ အများကြီး သေကုန်ကြပြီ။ သည်အတွက် ကျွန်မ မဖြေနိုင်ပါ။ သူတို့ကို ထားခဲ့သည့်အတွက် ကိုယ့်ကိုယ်ကို အပြစ်ရှိသည်ဟုလည်း ထင်နေ၏။ သည်နောင်တသည် ကျွန်မ ကို တစ်သက်လုံး နှိပ်စက်သွားတော့မည်ဖြစ်ပါသည်။
ကျွန်မသိခဲ့သည့်တစ်ချိန်က ရ၀မ်ဒါသည် ယနေ့မရှိတော့ပြီ။ လုံးဝပျောက်ကွယ်သွားပြီ။ သို့သော် ကျွန်မ၏ ဒုတိယ တိုင်းပြည်ဖြစ်သော ထိုနိုင်ငံနှင့် ထိုလူတွေကို ကျွန်မ မျက်ကွယ်မပြုနိုင်ပါ။
တစ်နေ့နေ့ တော့ ကျွန်မ " အိမ် "ကို ကျွန်မ ပြန်သွားရပါလိမ့်မည်။
----------------------
စွန့်လွှတ်စွန့်စား
ရ၀မ်ဒါခရီးကို ပထမဆုံးစတင်ခဲ့သည့် ဇာတ်လမ်းမှာ နယူးယောက်တွင် ပျိုးခဲ့ခြင်းဖြစ်ပါသည်။ ထိုစဉ်က ဖက်ရှင် မဂ္ဂဇင်း တစ်စောင်တွင် ကျွန်မ ပန်းချီရေးနေသည်။
၁၉၄၁ ခုနှစ်တွင် ဗြိတိသျှ စွန့်စားရေးသမားနှင့် နာမည်ကျော် မုဆိုးကြီး ကက်နက်ကား၏ မှတ်တမ်းရုပ်ရှင် တွေကြည့်ဖို့ ကျွန်မကို ဖိတ်သည်။ ကားသည် ဝေးလံသီခေါင်လှသည့် ဒေသများတွင် သူ့ဘ၀ကို မြှုပ်နှံထား သူဖြစ်သည်။ လူက အရပ်မြင့်မြင့်၊ ပိန်ပိန်ပါးပါးနှင့် အသားအရေက အမြဲတမ်းနေလောင်ထားသည့်အရောင်။ မျက်လုံးပြာ များက အရောင်တဖျပ်ဖျပ်တောက်လျက်။ ဆံပင်တွေက နက်မှောင်နေ၏။
ကက်နက်ကား သည် ကော်ဖီစိုက်ရင်း သတ္တုရှာရင်း အကောင်ကြီးများကို ပစ်သည့် အမဲလိုက်မုဆိုးကျော် ကြီးဖြစ်သည်။ ကျွန်မ ပတ်ဝန်းကျင်မှ ရှေ့နေများ၊ စတော့ပွဲစားများသည် သူနှင့် တခြားစီဖြစ်နေ၏။ မြင်လျှင် မြင်ချင်း ပင် ကျွန်မ သူ့ကို ကြွေချင်ချင်ဖြစ်ရသည်မှာ ဆန်းသည်ဟု မဆိုနိုင်ပါ။
နောက်မကြာမီ အတွင်း ဧည့်ခံပွဲတစ်ခုတွင် သူနှင့်ဆုံပြန်သည်။ သူ့စွမ်းဆောင်မှုများကို ကျွန်မ စိတ်ဝင်တစား မေးမြန်း ဆွေးနွေးနေမိ၏။ နာရီပေါင်းများစွာကြားသွားသည်။ ကျွန်မ၏ ခပ်ဝါးဝါး အနာဂတ်အကြောင်းလည်း ပြောပြ နေမိသည်။
နောက်ပိုင်းတွင် သူနှင့်ကျွန်မ မကြာခဏ တွေ့သည်။ သူက ကျွန်မထက် အသက်ကြီးသော်လည်း ကျွန်မ တွေ့ဖူးသမျှ ယောက်ျားသားများထဲတွင် ကက်နက်သည် ရင်ခုန်ချင်စရာအကောင်းဆုံးဟု ထင်လာ၏။
တစ်နေ့ တွင် သူ ကျွန်မကို ထူးထူးဆန်းဆန်း လက်ဆောင်တစ်ခုပေးသည်။ ခြင်္သေ့လက်သည်းကို ရွှေရည် စိမ် ထားသည့် ဆံထိုးကလေး။ နောက်မာကာမတင်အတွင်း ကျွန်မတို့ စေ့စပ်ကြောင်းလမ်းဖြစ်ကြ၏။ ၁၉၄၂ ခုနှစ်၊ မေလထဲတွင် လက်ထပ်လိုက်ကြသည်။ ပထမပိုင်းတွင် ကျွန်မတို့ အိမ်ထောင်ကလေးမှာ စီးပွားရေး အရ သိပ်ပြေပြေလည်လည်မရှိလှပေ။ အခြားပြဿနာများလည်းရှိသေး၏။ ကျွန်မ လင်တော်မောင်သည် လူပျို ဘ၀ဖြင့် နှစ်ရှည်လများနေလာခဲ့သူဖြစ်၍ လွတ်လွတ်လပလ်ပ်နေရသည့်ဘ၀နှင့် အထာကျ နေသူ ဖြစ်၏။ အိမ်ထောင်သည်ဘ၀သည် သူ့အတွက် အနှောင်အဖွဲ့တစ်မျိုးဖြစ်နေမည်ထင်ပါ၏။
၁၉၄၈ ခုနှစ်ရောက်တော့ ကျွန်မတို့၏ " တဲအိုကလေး" ယိုင်နဲ့စပြုလာသည်။ သူရော ကျွန်မပါ မပျော်ကြ တော့ပါ။
သို့သော် အနာဂတ်ကို နှစ်ယောက်စလုံး အရှုံးမပေးလိုကြသဖြင့် အဖြေရှာကြသည်။ အဖြေတွေ့ပါပြီ။ အာဖရိက သို့ ပြောင်းဖို့ ဆုံးဖြတ်လိုက်ကြခြင်းဖြစ်၏။
သူအပျော်ဆုံး နေရာကို ကျွန်မလိုက်တော့မည်။ ကျွန်မတို့ နှစ်ယောက်ကြားတွင် ညှိုးမှိန်နေသည့် အချစ်တွေ ထိုနေရာ တွင် ပြန်လည်ရှင်သန်လာနိုငသည်ဟု နှစ်ယောက်စလုံး ယုံကြည်ထားလိုက်ကြ၏။
သနားစရာ အကောင်းဆုံးမှာ ကျွန်မ၏ မိသားစုဖြစ်ပါ၏။ သူတို့အားလုံး မယုံကြည်နိုင်စွာဖြင့် ပါးစပ် အဟောင်းသား ဖြစ်နေကြသည်။ သို့သော် သူတို့ဘာမျှ မတတ်နိုင်ကြပါ။ ကျွန်မသည် ဆုံးဖြတ်ချက် အတိုင်း လုပ်ဖို့ အခိုင်အမာ သံန္နိဋ္ဌာန်ချပြီးဖြစ်နေပြီ။
၁၉၄၉ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့တွင် အက်စ်အက်စ် အာဖရိကန် ဂလင် သင်္ဘောကြီးဖြင့် နယူးယောက် ကမ်းခြေ မှ ခွာခဲ့ကြသည်။ ဘယ်လ်ဂျီယံကွန်ဂို မာတာဒီဆိပ်ကမ်းသို့ သွားမည့်သင်္ဘောကြီးဖြစ်သည်။
အတ္တလန်တိတ် သမုဒ္ဒရာ ကို ဖြတ်ရသည့် ခရီးမှာ ပျော်စရာကောင်းလှပါသည်။ မမေ့တဲ့နိုင်ခရီးမျိုး ဖြစ်ပါ၏။ အနာဂတ် သည် ကျွန်မတို့အတွက် မျှော်လင့်ချက်များစွာ၊ ယုံကြည်မှုများစွာဖြင့် ကျွန်မတို့ရှေ့တွင် စောင့် နေမည် မှာ သေချာပါသည်။
သြဂုတ်လထဲတွင် မာတာဒီဆိပ်ကမ်းကို ရောက်သည်။ ရေနွေးငွေ့ဖြင့်မောင်းသည့် မီးရထားဖြင့် ကျွန်မတို့ ရှေ့တွင် စောင့်နေမည်မှာ သေချာပါသည်ခရီးဆက်ခဲ့ကြသည်။ ကီလိုမီတာ ၄၀၀ ကွာသည့် လိယိုပိုဗီးလ်ကို သွားရ မည်တဲ့။
မီးရထားကြီးသည် ဂျုံးဂျုံးဂျက်ဂျက်ဖြင့် အာဖရိက ကုန်းတွင်းပိုင်းသို့ တိုးဝင်နေ၏။ စိမ်းမြမြရှုခင်းတွေကို ကျွန်မ ရင်သပ်ရှုမောစွာ ငေးလိုက်လာ၏။ လှလိုက်သည့် တောင်တန်းတွေ။ ရှုလေရာတိုင်းတွင် ပန်းခင်းတွေ၊ နာနတ်ခင်း တွေ အတန်းလိုက်၊ အတန်းလိုက်။
လိယိုပိုဗီးလ် ကို ရောက်ပြီး ကီလိုမီတာ ၁၆၀၀ ရှည်သည့် ရေလမ်းခရီးကို မီးသင်္ဘောကြီးဖြင့် ဆန်တက်ရဦး မည်။ အီကွေတာ မုတ်သုန်သစ်တောကို ဖြတ်ပြီး ကွန်ဂိုအထက်ပိုင်းသို့ ဆန်ရမည် ဖြစ်သည်။
သင်္ဘောပေါ် တွင် ကျွန်မတို့ရသည့် နေရာမှာ စတုရန်း ၂ မီတာကျယ်သည့် အခန်းကလေးဖြစ်၏။ တံခါးတွင် ရိုက်ထားသည့် သံချေးတက်နေသော သံချောင်းကို ကျွန်မတို့ အ၀တ်ဗီရိုအဖြစ် အသုံးပြုရ၏။ စိုစွတ် အိုက်စပ်ပုံ ကတော့ ပြောပြမစွမ်းနိုင်အောင်ပင်။ လေထဲတွင် ခြင်းတွေ၊ ယင်ကောင်တွေ တ၀ီဝီနှင့်။
လမ်းဘေးဝဲယာမှ သစ်တောကြီးက နက်မှောင်နေ၏။ နွယ်ပင်ကြီးတွေပေါ်တွင် မျောက်တွေ ဆူညီနေ၏။ သင်္ဘောဆိုက်သည့် နေရာများတွင် ကမ်းပေါ်တက်ကြည့်ကြ၏။ ကျွန်မအတွက် ရင်ခုန်စရာတွေချည်းဖြစ်နေ ၏။
သင်္ဘောကြီးတရွေ့ရွေ့ဆန်နေစဉ် ကျွန်မသည် လက်ရန်းကို ကိုင်ပြီး နေစာလှုံနေသော မိကျောင်းကြီး များကို ငေးကြည့်လိုက်လာရင်း ဘာကြောင့် သည်လိုနေရာမျိုးကို လိုက်လာမိပါလိမ့်ဟု တွေး နေမိ၏။
၁၄ ရက်ကြာတော့ စတင်လီဗီးလ်ကို ရောက်သည်။ ရေမိုးချိုး စားသောက်ပြီး အပြာရင့်ရောင် ဖို့ဒ်ကား ဟောင်းကြီးဖြင့် ခရီးဆက်ကြပြန်၏။
၃ ပတ်ကြာအောင် မုတ်သုန်သစ်တောကြီးကို ဖြတ်မောင်းရ၏။ ရေတိုက်စားထားသောလမ်းများဖြစ်သည်။ ပြီးတော့ ကျယ်ပြန့်လှသော လွင်ပြင်ကို ဖြတ်ရပြန်၏။
လမ်းတွင် ဆင်အုပ်ကြီးများကို ကျွန်မ ငေးကြည့်လိုက်လာသည်။ ပြီးတော့ နွားရိုင်းအုပ်တွေ၊ မြင်းကျားတွေ၊ သမင် တွေ။ စုစုပေါင်း ကုန်းတွင်းသို့ ကီလိုမီတာ ၃၂၀၀ ၀င်လာခြ့ပီးမှ လိုရာခရီးကို ရောက်တော့သည်။ ကီဗူး ဒေသ။ ကီဗူးမှာ ရ၀မ်ဒါနျင့် ကွန်ဂိုသမ္မတနိုင်ငံ၏ ကြားထဲတွင်ရှိသော ဒေသတစ်ခုဖြစ်၏။ ကီဗူးရေကန် ကြီးမှာ ကီလိုမီတာ ၉၀ ရှည်လျားပြီး မီတာ ၃၀၀၀ မြင့်သည့် မီးတောင်ကြီးများဝန်းရံထားသည်။
ကီဗူးရေသည် အခြားအခြားသော အာဖရိက ရေများနှင့်မတူဘဲာကည်လင်စိမ်းလြ့နေ၏။ ပိုးမွှားကင်းစင်ပြီး မိကျောင်း တွေ၊ ရေမြင်း တွေ မရှိသဖြင့် ရေကူးဖို့။ အနားယူဖို့ အကောင်းဆုံးနေရာဖြစ်သည်။
သည်နေရာသည် ဘယ်လ်၈ျီယ့ကိုလိုနီထဲတွင် ဥရောပယဉ်ကျေးမှု အထွန်းကားဆုံးနှင့် အချက်အချာကျဆုံး နေရာ ဖြစ်သည်။
ရ၀မ်ဒါနိုင်ငံ သည် အာဖရိကတိုက် အလယ်ပိုင်းတွင်ရှိ၍ ဧရိယာ ၂၆၃၃၈ စတုရန်းကီလိုမီတာကျယ်ဝန်း သည်။ သမပိုင်းရာသီဥတုရှိသည်။ စိုက်ပျိုးရေးသည် တိုင်းပြည်၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည်။ လူဦးရေ ၇ သန်းခွဲခန့်ရှိသည့်အနက် ဟူတူလူမျိုးစုက ၈၄ ရာနှုန်း၊ တွတ်စီ လူမျိုးစုက ၁၅ ရာနှုန်းနှင့်အခြား ၁ ရာနှုန်း ဖြစ်သည်။ ဟူတူနှင့်တွတ်စီ လူမျိုးစုတို့သည် လွန်ခဲ့သော အနှစ် ၄၀ ကျော်မှစ၍ အချင်းချင်း သတ်ဖြတ် နေခဲ့ကြရာ လူ ၈ သိန်းခန့်သေဆုံးခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် တိုက်ခိုက်မှုများရပ်ကာ ၁၉၉၉ ခုနှစ် တွင် ပထမဆုးရွေးကောက်ပွဲ ကျင်းပခဲ့သည်။
ဥရောပပုံစံအိမ်ကြီးများသည် နွယ်သာကီတွေ၊ ခေါင်ရန်းပန်းတွေခြံရံလျက်။ ရေကန်ကြီး၏ အနောက်ဘက် ခြမ်းတွင် စီတန်းနေ၏။ အရှေ့ဘက်ခြမ်းတွင်တော့ ကော်ဖီခြံတွေ ဟိုတစ်စု၊ သည်တစ်စု။
တောင်တွေ က မြင့်မားမတ်စောက်လှ၏။ ရ၀မ်ဒါသည် တောင်တွေ ထောင်ချီရှိသည့်နိုင်ငံဖြစ်သည်။ တောင် ခြေတွင် သီးနှံစိုက်ခင်းတွေက တမျှော်တခေါ်။ တောင်ကြားတွေက ကျွဲ၊ နွားတိရစ္ဆာန်များ စားလို့မကုန်နိုင် သည့် စားကျက်မြေတွေ။
တောင်တိုင်း တောင်တိုင်းတွင် တူးဖော်ထုတ်ယူလို့မကုန်နိုင်သည့် သယံဇာတသတ္တုမျိုးစုံရှိ၏။
ကီဗူးကို အာဖရိက အလယ်ပိုင်း၏ ရတနာမြေဟု အားလုံးက အသိအမှတ်ပြုထားသည်။ ပြီးတော့ ကီဗူးသည် ကျွန်မ မြင်းဖူးသမျှဒေသများထဲတွင် အလှဆုံးနေရာဖြစ်သည်။ ကီဗူးတွင် ခြေချမိသည်နှင့် ကျွန်မ၏ စိုးရိမ် ကြောက်ရွံ့ စိတ်တွေ ပိန်းကြာဖက်တွင် ရေမတင်သလို ကင်းစင် လွင့်ပျောက်သွားကြပါလေ သည်။
--------------------------------
ဆက်ရန်
.
3 comments:
ရ၀မ်ဒါအကြောင်းသိချင်နေတာကြာပြီ။ ဗီဒီယိုကြည့်တော့လည်း အချင်းချင်းဘာလို့သတ်နေကြလဲဆိုတာ နားမလည်ဘူး။ အခုတော့ တဖြည်းဖြည်းဇာတ်ရည်လည်လာပြီဗျို့..စောင့်ဖတ်နေမှာတော့ အသေအချာပဲ။
သိပ်စိတ်ဝင်စားစရာကောင်းတြဲ့ဖစ်ရပ်မှန်တပုဒ်ဖတ်ရအုံးတော့မယ်..အရမ်းကို
ကျေးဇူးတင်ပါတယ်မရွှေစင်..ရဝမ်ဒါမှာလူမျိုးတုန်းသတ်ဖြတ်မှြုဖစ်တော့ကျမတို့အီဂျစ်မှာလေ...
ရေအိုင်ထဲမှာပြည့်နေတဲ့အလောင်းတွေတီဗွီထဲမှာကြည်ြ့ပီးထမင်းစားမဝင်တဲ့ထြိဖစ်ခဲ့ရတယ်
နိုင်းမြစ်ရေတွေမသန့်တော့ဘူးဆိုလို့ရေပြင်ကြိုဖတ်တိုက်လာတဲ့လေကို တောင်ဝအောင်မရှူ
ရဲတဲ့ထိခံစားခဲ့ရတဲ့ကာလတွေပြန်ပြီးသတိရမိတယ်..။
ဒါလေးကိုကြိုက်လို့ ၁ကနေစဖတ်ပြီ အစ်မရေ
Post a Comment