စင်စစ် ဇင့်အဖြစ်က ရွှေကျောင်းပြောင်ပြောင် ၀မ်းဟောင်ဟောင်ဟူသော အဖြစ်မျိုး။ ကိုယ့်ဝမ်းနာ ကိုယ်သာ သိသည်မို့ အများနည်းတူ မပျော်နိုင်ခဲ့။
မောင်ကတော့ အားပေးရှာပါသည်။ ကူညီ ထောက်ပံ့မှု့ ပေးပါသည်။ သို့ပေမဲ့ ဇင့် မှာက မာနကလည်း မချနိုင်သေး။
ဘာမျှမဖြစ်ခင်တွင် ဘာအကူအညီမှ မလိုချင်။
အလုပ်ထွက်လုပ်ဖို့ကိုတော့ မောင်ရော မေမေမေကပါ တားသည်။ မေမေသည် အိမ်ခန်းများကို ကန့်လိုက် သည်။ အိမ်ခန်း လေးခန်းအနက် သုံးခန်းကို အငှားချလိုက်သည်။ စပေါ်ငွေဖြင့် အိမ်ဆိုင်ကလေး တည် လိုက်သည်။ လောလောဆယ် စားဝတ်နေရေး အတွက် ထိုက်သင့်သလောက် ပြေလည်သည် ဆိုရမည်။ သို့သော် ဇင် ၏ တက္ကသိုလ် စရိတ်များအတွက်မူ အာမ မခံနိုင်သေး ။
ဇင်သည် မောင်နှင့် လက်ထပ်ရန် ဆုံးဖြတ်သည်။ ခိုးကိုးရာမဲ့သော မြန်မာမိန်းကလေးတို့၏ ရှေးရိုး လမ်းဟောင်း အတိုင်းပင် ဖြစ်သည်။ အိမ်ထောင်ပြုသည်ဆိုခြင်းမှာ အချို့ သော သူတို့ အဖို့ အမှီ ရှာခြင်း ပင်။ ထွက်ပေါက် ရှာခြင်းပင်။
သည်နှစ် ကျောင်းပိတ်ရက်မှာ မောင်က ဆွေပြ မျိုးပြ ဆိုသလို ဇင့်ကို သူတို့မြို့သို့ လိုက်စေချင်သည်။ ဇင်ကလည်း မိမိ ယောက္ခမ လောင်းများ၏ အထာကို သိရှိလိုသည်နှင့် လိုက်ဖို့ ကတိပေးလိုက်သည်။
သည်မှာ တွင်ပင် ဇင်သည် မိမိနှင့် မောင်တို့ အဖြစ်မှာ အစတွင် ဝတ္ထုဆန်သော်လည်း တဖြည်းဖြည်း နှင်ပစိတ်ကူးယဉ် ဝတ္ထု များနှင့် အဟပ်ကွာလှပေသည်တကား။
ဘူတာရုံ မှာ လာကြိုလိမ့်မည် ထင်သော်လည်း ရထားဆိုက်သော အခါ ပလက်ဖောင်းပေါ်မှာ ဇင်တို့ချည်း သာ ရှိသည်။
မည်သူကမျှ လာမကြို တာဖြစ်မှာပါ
မောင်က အမျက်ဖြေ စကားဆိုသည်။
ဘူတာ မှသည် အိမ်အထိ မြင်းလှည်းဖြင့်လာခဲ့သည်။ မောင်တို့မြို့မှာ အလတ်တန်းစား မြို့တစ်မြို့ ဖြစ်သည်။ ရေင်းဝယ်ဖောက်ကားမှု့ဖြင့် စည်ပင်သည်။ သို့သော် မြို့၏ ပုံစံမှာကားရိုးလွန်း နေသည်။ လမ်း တို့ ကျဉ်းမြောင်းကာ ချိုင့် ခွက်ထူပြောသည်။ တိုက်တာ အိမ်ခြေတို့ ပုံစံမှာ စစ်မဖြစ်မီက အတိုင်းဖြစ်သည်.။ အများ အားဖြင့် ရှုတ်ထွေးသော ဈေးဆိုင် ကန္တွားများသာ ဖြစ်ကြသည်။
လမ်း တွင် ဇင် မေးခဲ့သည်။
မောင့်ဖေဖေ မေမေ တွေက ဇင့် ကို သဘောကျပါ့ မလားဟင် .. ဒီအတွက် ပူမနေပါနဲ့ကွယ် သူတို့ သဘောကျ မှာပါ.. မောင်သည် မြို့သို့ ရောက်ကာမှ ထူးထူးခြားခြားနှုတ်ဆိတ် နေသည်။
ဇင် သည် ယခုတိုင် မျှော်လင့်ချက်ထားဆဲ ဖြစ်သည်။ အိမ် ပေါက်ဝသို့ ခြေချလိုက်သည်နှင့် တပြိုက်နက် ယောက်ခမ လောင်း တို့၏ ဟယ် သားနဲ့ သမီးပါလား လာကြ လာကြ အမလေး အမေ့သမီးကလေးက လှလိုက်တာ ဟယ် စသည့် အသံများ ဖော်ရွေ ရင်းနှီး သော ထွေးပွေ့ ယုယမှု့များ…။အိမ်ရှေ့ မှာ မြင်းရထား ဆိုက်မိသည်။
ဇင်သည် စိတ်ပျက်မှု့ ကို ဖုံးကွယ်မထားတတ်အောင် ဖြစ်ရသည်။
အိမ်မှာ ဂိုဒေါင်ပျက်ကြီးတစ်လုံး လိုဖြစ်၏။ ရှည်မျေမျော အဆောက်အအုံ တခု အမှန်မှာလည်း ပွဲရုံ တစ်ရုံ ပင်..ရှေ့တွင် အညာ အကြေ ကုန်များ သိုလှောင်ရာ ဂိုဒေါင် .. နောက်ဘက်မှာ လူနေအိမ်
ဇင်ထင်မှတ်ခဲ့မိသည်က မောင်တို့ အိမ်သည် အနည်းဆုံူး အုတ်ပတ်ကားတက်ထားသည့် နှစ်ထပ် အိမ် တစ်အိမ် တော့ ဖြစ်မည် ဟူ၍ ပင်။
အထင်နှင့် အမြင် ကားကွာခြား ချင်တိုင်း ကွာခြားနေတော့သည်။
ကုန်များ မှာ ခြေချစရာ မရှိအောင် ပွနေသည်။ရှုတ်နေသည်။
လူဝင် လူထွက် ကလည်း များပါဘိ။ အလုပ်သမား ဖြစ်ဟန် တူသော လူတစ်ချို့သည် ကိုယ်အပေါ်ပိုင်း တွင် ဗလာကျင်းထားသည်။ မန်ကျည်းသီးမှည့်ရောင် ပေါက်နေသည် အသားများမှာ ချွေးရွှဲကာ ပြောင်လက် နေသည်။ အိတ်ကြီး အိတ်ငယ်များ တောင်းကြီး တောင်းငယ်များကို ထမ်းပိုးနေကြသည်။
တစ်နေရာတွင် ကတ္တားရှိသည်။ ကတ္တားဘေးမှာတော့ မိန်းကလေး တစ်ယောက်။ သို့သော် သူမသည် ဆံပင် ကို တပတ်လျှိုထုံူးထားသည်မှ အပ မိန်းမ မဆံလှပါ။ မျက်နှာ မှာ သနပ်ခါး မရှိ ကိုယ်မှာ ရှပ်အင်္ကျံ တစ်ထည် ဝတ်ထားသည်။ ခါးမှာ ယောက်ကျားလုံချည်ကို ထမီမကျ ပုဆိုးမကျ ဝတ်ထားသည်။
မောင့် မမ လေ
မောင် က မိတ်ဆက်ပေးသော အခါ ဇင်က ပြုံးပြလိုက်ရသည်။ မောင့် မမသည် စကားတစ်ခွန်းမျှ မဆို ဇင့်ကို ကြည့်လာသော အကြည့်က စူးရှ ရဲတင်းလွန်းလှသည်။
အစ်မကော
အိမ်ထဲမှာ
မောင်နှမ နှစ်ယောက်၏ ပဠိသန္ဓာရ စကားမှာ သည်မျှသာ ဖြစ်သည်။
မောင့် မမသည် ကတ္တားပေါ်မှ တောင်း၏ အလေးချိန်ထက် ဇင့်ကိုပို၍ စိတ်ဝင်စားနိုင်ဟန်မတူပါ။
မောင်က ဇင့်အား မည်းမှောင်ရှည်လျားသည့် အိမ်အတွင်း ပိုင်းသို့ ခေါ်လာခဲ့သည်။
မီးဖိုခန်းသို့ ဖြစ်သည်။
ခပ်လှမ်းးလှမ်း ကတည်းကပင် မီးဖိုအနီးမှာ အလုပ်ရှုတ်နေသော မိန်းမကြီးသည် မောင့် မိခင်ဖြစ်မည်ဟု ဇင့် ထင်ခဲ့သည်။
မှန်ပါသည်။
မောင့်မိခင်သည် တရှိန်ရှိန် တငြီးငြီး တောက်နေသော မီးဖိုနှစ်လုံးနှင့် အလုပ်ရှုတ်နေသည် မီးဖို တစ်လုံး ပေါ် တွင် ထမင်းအိုးနှပ်ထားသည် တစ်လုံးမှာတော့ ဝက်သားဟင်း မောင့် မိခင်သည် ဝက်သားအိုး တွင်ရော ဖို့ အားလူးများ ကို ထုတ်ယူနေသည်။
ထမင်းအိုးမှာအနည်းဆုံူး ဆန်လေးငါးပြည်တော့ ဆံ့မည်။ ဝက်သားအိုး မှာလည်း အလှူ အသေးစားမှာ ချက်သည့် အိုးမျိုး။ အနည်းဆုံး သုံးလေး ပိသာ ရှိမည်။
မောင့်မေမေသည် ဝဝဖိုင့်ဖိုင့် ကြီးဖြစ်သည်။ ဖြူဖြူဖွေးဖွေး ကြီးဖြစ်သည်။ အထူးသဖြင့် ရင်ဘတ်များမှာ ကြီးမားလှသည်။ ဝကစ်လှသည်။ လုံချည်ကို တိုတို ဝတ်ထားသည်။ အသားသည် နေပူပူ မီးပူပူတွင် အဆီ ပြန် နေသည်။
အစ်မ မောင့် အသံကြောင့် နောက်သို့ လှည့်ကြည့်လာသည်။
အစ်မ ဟူသည်မှာ အမေ ကိုပင် ခေါ်ကြောင်း နောက်တော့ ဇင် သိရသည်။ သြ ဟု ဆိုကာ မေင့် မိခင်က ဇင့် ကို သမင် လည်ပြန်ကြည့်သည်။
ကျနော် ပြောပြနေတဲ့ မသက်ဇင် လေ
သြော်.. အင်း အင်း ဆိုကာ မောင့်မိခင်သည် အာလူးများ ကို အတုံးကြီးကြီး လှီးထားသော ဝက်သား ထဲသို့ ရောလိုက်သည်။
မောင့် မိခင်သည် ဇင်တို့ ရောက်လာမည်ကို ကြိုတင်သိနေပုံ ရသော်လည်း သားသားနားနား မကြို နိုင်သည့် အတွက် ဝမ်းနည်း ပုံ ကားမပြပါ။
ထိုနေ့က ဇင်သည် ပထမဆုံူး အကြိမ် အဖြစ် အခွံ မနွာသော အာလူးဟင်း ကို စားသုံးခဲ့ ရသည်။
ဆက်ရန်
.
1 comment:
အခွံမနွာတဲ့ အာလူးဟင်း ဘာဖြစ်လဲ။
စားဖူးတာပေါ့...
Post a Comment