(၁၃)
မောင်စိန်းမောင် ခြံကြီးထဲသို့ မောင်စိန်းမောင်၏ သိဟောင်းကျွမ်းဟောင်း ဧည့်သည်နှစ်ယောက် ရောက်လာ သည်။ သူကြီးမင်းထံ ဧည့်စာရင်းတိုင်ထားသည်မှာ ရန်ကုန်မြို့မှ အလည်အပတ် ရောက်လာ ကြသော ကိုမျိုးနှစ်နှင့် တပည့်ဖြစ်သူ မောင်တင့်ဖြစ်သည်။
မခင်ရွှေ ထွက်ခွာသွားသည့် သုံးနှစ်မျှသော အချိန်ကာလမှာ စမ်းမြိုင်ခြံကြီးသည် များစွာ ဖွံ့ဖြိုးတိုး တက်သည့် အခြေအနေသို့ ရောက်နေသည်ကို မခင်ရွှေကိုယ်တိုင် စမ်းမြိုင်ခြံကြီးသို့ လာရောက် ကြည့်စေချင်သည့် စေတနာသည် မောင်စိန်းမောင်မှာ ပြင်းပြစွာ ရှိနေပါသော်လည်း ဆိုခဲ့ပြီးသည့် အကြောင်း ကြောင်းတွေကြောင့် မခင်ရွှေကလည်း စမ်းမြိုင်ခြံကြီးကို မသွား။ မောင်စိန်းမောင်ကလည်း မခင်ရွှေ ကို မဖိတ်ကြားဝံ့ဘဲ ဖြစ်နေသည်။
ယခု မောင်စိန်းမောင် ခြံကြီးသို့ သိဟောင်းကျွမ်းဟောင်း မိတ်ဆွေ အလည်အပတ်ရောက်နေသည် ဆိုခြင်းကို မောင်စိန်းမောင်က လာရောက် ပြောကြားသောကြောင့်သာ မခင်ရွှေ ကြားလိုက်သည်။
သို့သော် မောင်စိန်းမောင်ထံသို့ ရောက်လာသော ဧည့်သည်သည် သူနှင့် မည်သို့မျှ မသက်ဆိုင်သည် တစ်ကြောင်း၊ မောင်စိန်းမောင် ဟည့်သည်ကို စပ်စပ်စုစု မေးမြန်း စစ်ဆေးနေရန်မှာ သူ့အနေဖြင့် သင့်လျော် သည့် ကိစ္စ မဟုတ်သည်တစ်ကြောင်း၊ အကယ်၍ မောင်စိန်းမောင် ဧည့်သည်ကို သူက ပိုင်စိုးပိုင်နင်း မေးမြန်း စစ်ဆေးနေသည်ကို ကြင်ကြင်သိသွားလျှင် မပြောသင့်သည့် စကားတွေ ပြောမည်ကို မလိုလား သည် တစ်ကြောင်းတို့ ကြောင့် မခင်ရွှေက မည်သို့မျှ ပြန်လည် မေးမြန်းခြင်းမပြုဘဲ နှုတ်ဆိတ်စွာသာ နားထောင် နေလိုက် သည်။
ထို့ကြောင့် မောင်စိန်းမောင်ထံ ရောက်နေသည့် ဧည့်သည်သည် ရုပ်ရည်ခံ့ညားချောမောသည့် လူတစ်ယောက် ဖြစ်ောကာင်း၊ ငွေကြေးချမ်းသာဟန်တူကြောင်း၊ ၀တ်စားဆင်ယင်ထားသည်မှာ အဖိုးထိုက် အဖိုးတန် အ၀တ်များသာ ဖြစ်ကြောင်း။ သူ့တပည့် ဖြစ်သူကလည်း သူ့ဆရာကို အလွန် ရိုသေ လေးစားမှု ရှိကြောင်း စသည်တို့ကို မောင်စိန်းမောင်ခြံကြီးသို့ ဈေးဝယ်ရောက်သည့် တပည့်တွေနှင့် ကျောင်းက ဆရာ၊ ဆရာမ တွေ အချင်းချင်း ပြောဆိုနေကြသံကိုသာ မခင်ရွှေ အမှတ်မထင် ကြားခဲ့သည်။
မောင်စိန်းမောင်၏ ဧည့်သည်ဆိုသူကို မခင်ရွှေ တစ်ကြိမ်မျှ မမြင်ခဲ့ဘူးချေ။
တစ်ကြိမ်သော အခါကမူ ...
" ကိုမျိုးနှစ်က ကျွန်တော်တို့ ရွာအကြောင်းနဲ့ စာသင်ကျောင်းအကြောင်းကို တော်တော် စိတ်ဝင်စားဟန် တူတယ်။ ကျောင်းဆရာ ဘယ်နှစ်ယောက် ရှိလဲ၊ ကျောင်းအုပ်က ဘယ်သူလဲလို့ မေးတာနဲ့ ဆရာမ အကြောင်း ကို ကျွန်တော် စုံလင်အောင် ပြောလိုက်ရတယ်၊ ဒီရွာ ကလေးတွေ ပညာရေးရော၊ ရွာဖွံ့ဖြိုးရေး ရော ဆရာမ ကျေးဇူးတွေကြောင့် ဒီအခြေအနေ ဖြစ်လာကြောင်း၊ ဒါကြောင့် ဆရာမ အတွက်ဆိုရင် တစ်ရွာလုံး က ကူညီဖို့ အသင့်ဖြစ်ကြောင်းတွေကိုပါ ပြောပြလိုက် ရတယ်"
မောင်စိန်းမောင်က သူ့အသက်တမျှ ချစ်မြတ်နိုးသော မခင်ရွှေအကြောင်းကို သူ့မိတ်ဆွေ ဧည့်သည် အား အထူး ဂုဏ်ယူဝင့်ကြွားစွာ ပြောပြလိုက်ကြောင်းတွေကို အားရပါးရ ပြန်လည် ဖောက်သည်ချပြ သည်။
မောင်စိန်းမောင် ရောက်လာသည့်အခါတိုင်း မခင်ရွှေသည် မည်သည့်အခါမျှ မောင်စိန်းမောင်နှင့် နှစ်ယောက်ချင်း စကားမပြောပေ။ ဘွားရွှေအိမ်တို့ သားအမိရှေ့မှာသာ ဧည့်ခံစကားပြောသည်။
ထိုသို့ စကားပြောရာမှာလည်း မောင်စိန်းမောင်၏ ကိုယ်ရေးကိုယ်တာ ကိစ္စများ၊ မောင်စိန်းမောင်၏ စီးပွားရေး ကိစ္စများ၊ မောင်စိန်းမောင်၏ ခြံကြီးကိစ္စများ၊ မောင်စိန်းမောင်နှင့် ပတ်သက်သော အပေါင်း အသင်း မိတ်ဆွေများ အကြောင်းကို စပ်စုမေးမြန်းခြင်းမပြုခဲ့ချေ။
ရေပြာအိုင်တစ်ရွာလုံးနှင့် ပတ်သက်သည့် ဆောင်ရွှက်စရာကိစ္စများအကြောင်းကိုသာ ပြောခဲ့မေးခဲ့ သည်။
ခြောက်သွေ့နေသော ကန္တာရကြီးဖြစ်နေသည့် စမ်းမြိုင်ခြံကြီးကို နာမည်နှင့်လိုက်အောင် ပြန်လည် စိုပြည်အောင် သူ အပင်ပန်းခ့ ပြုစုပျိုးထောင်ပေးခဲ့သည့်အတွက် တစ်ကြောင်း။ မေစမ်းမြိုင်လေးထံမှ သိခဲ့ရသော ရေပြာအိုင်ရွာ နာမည်ဖြစ်ပေါ်လာသည့် အရင်းမူလ ခြံကြီးဖြစ် သည် တစ်ကြောင်း၊ လူမျိုးခြား လက်ထဲ ရောက်တော့မည့် ဆဲဆဲ ဘေးရန်ကို ကာကွယ်ပေးခဲ့သည့် အတွက် ဥစ္စာရှင် အစစ်အမျန် ပြန်လည် ပိုင်ဆိုင် သွားရသည်တစ်ကြောင်းတို့ကြောင့် စမ်းမြိုင်ခြံကြီးကို စိတ်ထဲမှာ သံယောဇဉ် ဖြစ်နေခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။
ထို့ကြောင့် သူခွဲခွာလာခဲ့သည့် သုံးနှစ်မျှသော အချိန်ကာလမှာ စမ်းမြိုင်ခြံကြီးသည် မည်မျှ စိမ်းလန်း စိုပြည် ဝေဆာစည်ကားနေသည်ကို အလွန်ကြည့်ချင်၊ မြင်ချင်သည့်စိတ် ရှိသည်မှာ အမှန်ပင်ဖြစ်သည်။
သို့သော် ကြင်ကြင်နှင့် ဆွေမျိုးတစ်သိုက် အပြောကို မခံယူလိုသည့်အတွက် ယခု ဒုတိယအကြိမ် ပြန်ရောက်လာသောအခါ လုံးဝမသွားဘဲ စိတ်တင်းတင်းထားပြီး လမ်းဖြတ်လျှောက်နေခဲ့သော်လည်း မခင်ရွှေပြန်ရောက်လာမှ ကြင်ကြင်က စမ်းမြိုင်ကြီးကို တစ်ပတ်တစ်ခါလောက် သွားနေသည်။
ထိုသို့ သွားနေသည့် အကြောင်းကလည်း မောင်စိန်းမောင်ထံကို မခင်ရွှေ လာနေသလားဟူသော စမ်းစမ်းချက်ကြောင့်ဖြစ်သည်။
မောင်စိန်းမောင် ခြံကို ကြင်ကြင်သွားနေသည့် အချက်နှင့်ပတ်သက်ပြီး ရေပြာအိုင် ရွာသူရွာသားတွေသည် ကဲ့ရဲ့သင်္ဂြိုလ်စကားတင်းဆိုခြင်းကား မရှိကြချေ။
မောင်စိန်းမောင်နှင့် ကြင်ကြင်ကို နှစ်ဖက်သော ဆွေမျိုးတွေက လက်ဆက်စေလိုသည့်ဆန္ဒ ရှိနေ ကြသည် ကို သိပြီးဖြစ်ကြသည်။
သူတို့၏ သုံးပွင့်ဆိုင်ဇာတ်လမ်းကို သိကြပြီး ဖြစ်သည့်အတွက် ကြင်ကြင်နှင့် မောင်စိန်းမောင် ချောချော မောမော လက်ဆက်ဖြစ်လျှင်လည်း ဆရာမ မခင်ရွှေအတွက် အနေအထိုင် ချောင်သွား မည်ဖြစ်သည်ကို တွေးမိကြ သည်။
ထို့ကြောင့် မောင်စိန်းမောင်၏ စမ်းမြိုင်ခြံကြီးသို့ ကြင်ကြင်သွားနေသည်ကို မည်သူမျှ အထူးအဆန်း လုပ်ပြီး စောင့်ကြည့်နေကြခြင်းမပြုကြတော့ချေ။
ကြင်ကြင်သည် မောင်စိန်းမောင် ခြံကြီးသို့ သွားရာမှ မောင်စိန်းမောင်ထံ ရောက်နေသည့် ဧည်သည် ကိုမျိုးနှစ်ကို စတင် သိကျွမ်းမိသည်ဆိုလျှင်ပင် ကိုမျိုးနှစ်သည် ခင်မင်စရာကောင်းအောင်ပင် ယဉ်ကျေး သိမ်မွေ့စွာ ပြောဆို ဆက်ဆံသည်။ ကြင်ကြင်ပြောဆို သည့်လေသံကိုဖမ်းကာ ကြင်ကြင် သဘော နှစ်ခြိုက်အောင် လိုက်လျောပြောဆိုသည်။ ကြင်ကြင်ကို ပြောဆိုသည့်လေသံ အမူအရာတွေသည် ကြင်နာ ခြင်း၊ လေးစားခြင်း၊ အရေးတယူရှိခြင်းတို့ကို ကြင်ကြင်ကလည်း သတိပြုမိသည်။
စမ်းမြိုင်ခြံဘကီးသို့ ကြင်ကြင်ရောက်လာသည့်အခါများမှာ မောင်စိန်းမောင် ရှိသည့်အခါ ရှိသည်။ မရှိသည့် အခါ မရှိချေ။ မောင်စိန်းမောင်ရှိသည့်အခါမှာလည်း မောင်စိန်းမောင်သည် ကြင်ကြင်ကို ကောင်းမွန်စွာ ပြောဆို နေရာထား ဆက်ဆံသော်လည်း နှမသားချင်းလို တည်တည်ငြိမ်ငြိမ် သိက္ခာ ရှိရှိသာ ပြောဆို ဆက်ဆံ သည်။ ထိုသည်ကို ကြင်ကြင်က မကျေနပ်ချေ။
လက်ထပ်ရမည့် ဇနီးလောင်းကို ဇနီးလောင်းနှင့်တူအောင် ယုယစေလိုသည်။ မောင်စိန်းမောင်က ဇနီးလောင်းလို မဆက်ဆံဘဲ နှမသားချင်းလို ဆက်ဆံသည်ကို ကြင်ကြင်က မကျေနပ်သည့် အမူအရာ အ၇ိပ်အယောင် တွေ ထင်ထင်ရှားရှား ပြနေသည်ကို အကင်းပါးလှသော ကိုမျိုးနှစ်က သေသေချာချာ သိနေသည်။
မောင်စိန်းမောင် မရှိသည့် အခါများမှာလည်း ကြင်ကြင်သည် မျက်နှာမှာ ဟန်မဆောင်နိုင်အောင်ပင် ပျက်နေ တတ်သည်။ မောင်စိန်းမောင်သည် အကြောင်းကြောင်းသော ကိစ္စတွေကြောင့် တခြား တစ်နေရာ သို့ သွားသည့်အခါ သွားနေသည်။ မခင်ရွှေထံသို့ ရောက်သည့် အခါ ရောက်နေသည်။ သို့သော် ကြင်ကြင်ကား သူလာသည့်အခါ မောင်စိန်းမောင်ကို မတွေ့လျှင် မခင်ရွှေထံကလွဲပြီး မည်သည့်နေရာကိုမျှ သွားမည်မဟုတ်။ မခင်ရွှေထံကိုသာ သွားပြီး စကားသစ္စာ တိုင်တည်နေသည်ဟုသာ ခိုင်မာစွာ ယူဆနေသည်။ ထို့ကြောင့် သူလာ၍ မတွေ့သည့်အခါမှာ ဟန်မဆောင်နိုင်အောင်ပင် မျက်နှာပျက်နေတော့သည်။
ဤ အမူအရာကိုလည်း အကင်းပါးသော ကိုမျိုးနှစ်က သေသေချာချာ အကဲခတ်မိသည်။ ထို့ကြောင့် ကြင်ကြင် နှင့် အကျွမ်းတ၀င် ရှိလာပြီး ရင်းရင်းနှီးနှီး ပြောဆိုနိုင်လာသည့်အခါ လိမ်မာစွာ စကားညှစ် လိုက်သည်။
" မကြင်ကြင် စိတ်မဆိုးဘူးဆိုရင် ကျွန်တော် တစ်ခုလောက် မေးချင်တယ်၊ ဘာကြောင့်မေးလဲ ဆိုတော့ ကိုစိန်းမောင်နဲ့ ပတ်သက်ပြီး မကြင်ကြင်ကို ခင်မင်ရတယ် မဟုတ်လား။ ဒါကြောင့် ကိုစိန်းမောင်နဲ့ မကြင်ကြင် ကို အမြတ်တနိုး လက်ဆောင်ပေးချင်ပါတယ်။ တစ်ယောက်စီ ခွဲပေးရမှာလား၊ နှစ်ယောက်ပေါင်း အတွက် တစ်ချိန်တည်း ပေးရမှာလားလ
တစ်နေ့သောအခါမှာ ကြင်ကြင် ရောက်လာသည်။ ထိုအချိန်မှာ မောင်စိန်းမောင်သည် ခပ်လှမ်းလှမ်းရှိ ရွာတစ်ရွာသို့ ကိစ္စတစ်ခုဖြင့် သွားနေသည့်အခိုက်ဖြစ်သည်။ မောင်စိန်းမောင်သည် ထိုရွာသို့ သွားရာမှာ ကြမ်းတမ်းသော လှည်းလမ်းသာဖြစ်သည့်အတွက် မော်တော်ကားမယူဘဲ ခြေကျင်ထွက်သွားခြင်းဖြစ်သည်။ ထိုရွာသို့ သွားမည့်အကြောင်းကိုလည်း ကိုမျိုးနှစ်ကို အသိပေးခဲ့ သည်။
ကြင်ကြင် ရောက်လာသောအခါ မောင်စိန်းမောင် မည်သည့်နေရာသို့သွားသည်ကို ကိုမျိုးနှစ်က မသိ သလိုလို။ သိသလိုလို၊ မရေရာသော စကားကိုပြောကာ မျက်နှာ မကြည်မလင်ဖြစ်နေသော ကြင်ကြင်ကို အထက်ပါ အတိုင်း ပြောလိုက်ခြင်းဖြစ်သည်။
နှစ်လိုဖွယ် ဟန်မူရာဖြင့် စကားပြော ချိုသာကာ အကြိုက်ကို လိုက်လျော ပြောဆိုတတ်သော ကိုမျိုးနှစ်ကို ခင်မင်နေပြီဖြစ်သည့် ကြင်ကြင်က ...
" ကိုမျိုးနှစ် ဘာကို ဆိုလိုတာလဲ "
ဟု စိတ်မဆိုးဘဲ ကြည်ကြည်သာသာပင် ပြန်မေးသည်။
" သြော် မကြင်ကြင်ကို ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ။ ကိုစိန်းမောင်နဲ့ မကြင်ကြင်တို့ မကြာခင် လက်ထပ် ကြတော့မယ့် လူတွေလို့ ကျွန်တော် ထင်ပါတယ်။ ဒါကြောင့် ကျွန်တော် ခင်တဲ့ မိတ်ဆွေဖြစ်လို့ အမှတ်တရ လက်ဆောင်ပေးချင်လို့ မေးတာပါ မကြင်ကြင်"
တပည့်ကျော် မောင်တင့်က ရွာထဲကို အကြိုအကြာမကျန် လှည့်ပတ် ကြည့်ရှုခြင်း၊ ကြုံကြိုက် ကြား သိလာခဲ့ရသည့် ရွာသတင်းကို ဆရာဖြစ်သူ ကိုမျိုးနှစ်ကို ပြန်လည် ပို့ပေးခြင်းကြောင့် ကြင်ကြင်၊ မောင်စိန်းမောင်နှင့် မခင်ရွှေတို့ သုံးပွင့်ဆိုင် သတင်းကို တစ်စွန်းတစ်စ ကြားထားသော ကိုမျိုးနှစ်က အစ်လိုက်ခြင်းဖြစ်သည်။
" မကြင်ကြင်ကို ကြည့်ရတော့ ကိုစိန်းမောင်ကို စိတ်တိုင်းကျပုံမရဘူး။ အကူအညီလိုရင်ပြောပါ မကြင်ကြင်။ ကျွန်တော်က မကြင်ကြင်ကို စတင် သိကျွမ်းခဲ့တဲ့ အချိန်ကစညပီး လေးလေးနက်နက် ခင်မင်မှုရှိပါတယ်။ ကိုစိန်းမောင်ကို ဆိုရင်လည်း သူ ဒီရေပြာအိုင်ရွာကို ပြန်မရောက်ခင် မြို့ပေါ်မှာ နေစဉ်ကပဲ ကျွန်တော်နဲ့ ညီရင်းအစ်ကိုလို ခင်မင်းရင်းနှီးလာခဲ့ကြတဲ့ လူတွေပါ။ ဒါကြောင့်လည်း သူ့ကို လွမ်းတာနဲ့ လိုက်လာတာ။ အခုထက်တိုင် မပြန်နိုင်ဘဲ ဖြစ်နေတာကိုသာ ကြည့်ပါတော့ မကြင်ကြင်။ ကျွန်တော် ကူညီနိုင်တဲ့ ကိစ္စဆိုရင် သစ္စာရှိရှိနဲ့ ကူညီပါ့မယ်။ ပြောသာပြောပါ"
ကိုမျိုးနှစ်၏ တစ်ဖက်သားစိတ်ကို အရည်ပျော်သွားနိုင်အောင် ချိုသာသိမ်မွေ့စွာ ပြောလိုက်သော စကားကို လိုက်ရသောအခါ မောင်စိန်းမောင်နှင့် မခင်ရွှေကို သက်သက်မဲ့ အထင်မှားပြီး စိတ်မကောင်းဖြစ်နေသော ကြင်ကြင်သည် ငိုချင်ရက် လက်တို့သလို ဖြစ်သွားသည်။
ကြင်ကြင်ကို စေ့စေ့ကြည့်နေသော ကိုမျိုးနှစ်က ကြင်ကြင်၏ မျက်လုံးကို သိလိုက်သည်။
" မကြင်ကြင် အခုလိုစိတ်ထိခိုက်တာ မြင်ရတော့ ကျွန်တော် စိတ်မကောင်းလိုက်တာ မကြင်ကြင်။ ကျွန်တော် ဘယ်လို ကူညီရမလဲ။ ပြောသာ ပြောပါ "
" အခု ကိုစိန်းမောင် ဘယ်သွားမယ် ဆိုတာ ကိုမျိုးနှစ် သေသေချာချာ မသိလိုက်ဘူးလား "
ကြင်ကြင်က အသက်ပြင်းပြင်းရှူကာ မေးလိုက်သည်။ အသက်ပြင်းပြင်း ရှူလိုက်သောအခါ ကြင်ကြင်၏ မို့မောက်လှပသော ရင်သည် လှိုင်းထသကဲ့သို့ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်မှာ မြင်ရသူအဖို့ စွဲမက်စရာ ကောင်းလှသည်။ ကိုမျိုးနှစ်က ကြင်ကြင်၏ ရင်ကို မျက်တောင်မခတ် စူးစိုက်ကြည့်ရှုနေရာမှာ မျက်နှာလွှဲ လိုက်ပြီး တည်ကြည်သော မျက်နှာဖြင့် ပြောလိုက်သည်။
" ဟို ကျောင်းဆရာမဆီကို ကိုစိန်းမောင် သွားတတ်တာပဲ မကြင်ကြင်၊ အခုလည်း အဲဒီကို ရောက်ချင် ရောက်နေမှာပေါ့။ ကျွန်တော်လည်း မေးရမှာ အားနာလို့ မမေးတော့ပါဘူး "
ကိုမျိုးနှစ် စကားက ဆင်ဝှေ့ရန် ရှောင်စကားမျိုးဖြစ်သည်။ ဆုတ်သာတက်သာ အလိမ္မာဖက်ပြော သည့် စကားမျိုး ဖြစ်သည်။ သို့သော် ထိုစကားကပင် ကြင်ကြင်၏ ဒေါသကို ဆွပေးသလို ဖြစ်သွား သည်။
" သြော် ... ဒီကျောင်းဆရာမဆီကိုကိုစိန်းမောင် သွားတတ်နေတာ ကိုမျိုးနှစ် သိနေပြီကိုး "
ကြင်ကြင်က အကျိတ်အခဲ ကြီးသောစကားကို ပြောလိုက်သည်။
" သိတာပေါ့ မကြင်ကြင်၊ ကိုစိန်းမောင်နဲ့ ကျောင်းဆရာမက ဟို အရင်က ကျောင်းဆရာမ ဒီရွာမှာ နေကတည်းက ရင်းနှီးနေကြတာလို့ ကျွန်တော် သိရတယ်လေ။ ကျောင်းဆရာမက အားကိုးလောက်တဲ့ အရည်အချင်း ပြည့်စုံတယ်ဆိုပဲ "
" ဘယ်သူက ပြောလဲ "
" ကိုစိန်းမောင် ကိုယ်တိုင် ပြောတပဲ၊ ကိုစိန်းမောင်က ကျောင်းဆရာမ အကြောင်းကို ပြောရရင် ထမင်းဟင်း တောင် မေ့မလား မသိဘူး။ ကျောင်းဆရာမကို သူတော်တော် အလေးအမြတ်ထားတယ်"
ကြင်ကြင် အံကြိတ်လိုက်သည်။ ခံပြင်းသည့် မျက်ရည်တွေက မျက်လုံးထဲမှာ ဝေလျှံလာသည်။
" ကြင်ကြင်ကို သက်သက် သူအရှက်ခွဲနေတာ၊ ရွာထဲက လူတွေ သိရုံတောင် မဟုတ်တော့ဘူး။ တစ်ရပ်တစ်ရွာ က အလည်ရောက်လာတဲ့ ကိုမျိုးနှစ်ကိုတောင် သိအောင် ဇာတ်လှန်ပြောပြ အရှက်ခွဲ နေပါလား။ တောက် "
ကြင်ကြင်က တောက်ခေါက်လိုက်သည်။ တောက်ခေါက်လိုက်သည့် အသံနှင့်အတူ မျက်လုံးထဲမှ ဝေလျှံနေသည့် မျက်ရည်က ပေါက်ခနဲကျလာသည်။
ကိုမျိုးနှစ် တော်တော်ပင် စိတ်မကောင်းသည့်ဟန်ဖြင့် ကြင်ကြင်ကို ကြင်နာစွာကြည့်ပြီး ...
" ကျွန်တော် စိတ်မကောင်းပါဘူး မကြင်ကြင်ရယ် တကယ်ပါ။ မကြင်ကြင် မျက်ရည်ကျတာကို မြင်ရတော့ ကျွန်တော့် ရင်ထဲမှာ ဘယ်လို ဖြစ်မှန်းကို မသိတော့ဘူး။ ဘယ်လို ကူညီရမှာလဲဟင်၊ ပြောပါ မကြင်ကြင်ရယ်"
ကိုမျိုးနှစ် ပြောလိုက်သည့် စကားလုံးသည် ရင်တွင်း အသည်းနှလုံးက လှိုက်လှိုက်လှဲလှဲ ပေါ်ထွက် လာသည့်အသံ ဖြစ်ရာ၊ ကြားရသူ ကြင်ကြင်မှာ အားကိုး ကြည်ညိုသောစိတ် ဖြစ်လာသည်။
" ထမင်း တစ်ဝမ်း အရေးကြောင့် တစ်ရပ်တစ်ရွာ လေလွင့်ပြီး ရောက်လာတဲ့ ကျောင်းဆရာမ မခင်ရွှေလို မိန်းမမျိုးကို ကြင်ကြင် အရှုံးပေးရမယ်၊ ကြင်ကြင် ချစ်တဲ့ ခင်ပွန်းလောင်းတစ်ယောက်လုံး လက်လွတ်အဆုံးခံပေးရမယ်ဆိုတာ ရာဇ၀င်ရိုင်းတော့မှာပေါ့ ကိုမျိုးနှစ်"
ကြင်ကြင်ကား တစ်ဖက်သတ် တစ်ဘီးလိမ့် မေတ္တာမျိုးဖြင့် ချစ်နေသူပီပီ၊ အကျိတ်အခဲ ကြီးလှသည်။ အစိုင်အခဲ အဆောက်အဦ ကြီးမားလှသော ခံပြင်းစိတ်၊ ၀န်တိုစိတ်တို့က ကြင်ကြင်၏ အသိဥာဏ်ကို အမှောင်ဖုံး လိုက်လေပြီ၊ ထိုစဉ်မှာ မီးလောင်ရာ လေပင့်ဆိုသကဲ့သို့ လေပင့်သလို ကိုမျိုးနှစ်၏ စကားတွေက ကြင်ကြင်၏ နားထဲမှာ ၀င်လာပြန်သည်။
" မကြင်ကြင်လို ဆိုစရာ အပြစ်မရှိအောင် တောနဲ့မတန် အလှကျက်သရေ ပြည့်စုံနေတဲ့ အမျိုးသမီး တစ်ဦး ကို ကိုစိန်းမောင် ဆက်ဆံပုံဟာ ယုယသင့်သလောက် မယုယဘူးလို့ ကျွန်တော် မြင်ခဲ့ပါတယ် မကြင်ကြင်၊ ဘာအတွက်ကြောင့်လဲ ... "
ကိုမျိုးနှစ်က ပြောလိုက်သည်တွင် ကြင်ကြင်သည် သူ့စိတ်ကို ချုပ်တည်းရန် မစွမ်းတော့ချေ။ ထို့ကြောင့် မခင်ရွှေ၏ ရပ်ရွာပေါ်မှာ ထားသည့် စေတနာတွေ၊ ကျေးဇူးတွေကို မပြောတော့ဘဲ၊ မခင်ရွှေ၏ သိမ်းသွင်း ဆွဲဆောင်မှုကြောင့် ကိုစိန်းမောင်သည် မခင်ရွှေကို တမ်းတမ်းစွဲဖြစ်ကာ နှစ်ဖက်သော မိဘဆွေမျိုး တွေ သဘောတူသော ကြင်ကြင်ကို ပြောင်ပြောင်ကြီး ရှောင်ဖယ်ကာ မခင်ရွှေကိုသာ စိတ်ဝင်စားနေကြောင်း၊ ယခု ရေပြာအိုင်ရွာကို မခင်ရွှေ ပြန်ရောက်လာအောင် ကိုစိန်းမောင်ပင် ကြိုးစားခဲ့သည် ထင်ကြောင်း၊ ကြင်ကြင် အနေဖြင့် မခင်ရွှေကြောင့် ကိုစိန်းမောင်ကို ဆုံးရှုံးရတော့မည့် အဖြစ်အတွက် ရှက်စရာ ကောင်းကြောင်း၊ ထို့ကြောင့် မခင်ရွှေကို လက်စားချေချင်ကြောင်း စသည်တို့ကို ဆင်ခြင်တိုင်းဆခြင်း မရှိတော့ ဘဲ စိတ်လိုက်မာန်ပါ ဒေါသ ဖြစ်စွာဖြင့် ပြောလိုက်လေတော့သည်။
" မကြင်ကြင် ဘယ်လို စီစဉ်ချင်လဲ အားမနာနဲ့ပြောပါ။ ကျွန်တော်နိုင်ရင် ကူညီပါ့မယ်"
ကြင်ကြင် ပြောစကားတွေကို နားစိုက်ထောင်နေသော ကိုမျိုးနှစ်က မေးလိုက်သည်။
" မခင်ရွှေကို ဒီရွာက လွင့်ထွက်သွားအောင် လုပ်ချင်တယ် ကိုမျိုးနှစ်၊ လွင့်ထွက်သွားတာမှ ရိုးရိုး လွင့်နည်းမျိုးမဟုတ်ဘဲ၊ တစ်ရွာလုံးက မေတ္တမဲ့တဲ့ အဖြစ်မျိုး၊ ကိုစိန်းမောင်က သူ့မျက်နှာကို မကြည် ချင်အောင် ရွံမုန်းသွားတဲ့ အဖြစ်မျိုးနဲ့ကို လွင့်သွားစေချင်တယ်၊ ကိုမျိုးနှစ် ဆောင်ရွက်ပေးနိုင်မလား"
ကြင်ကြင် သည် မျက်ရည်မကျတော့ဘဲ ခက်ထန်သည့် မျက်နှာ၊ တင်းမာသည့် လေသံဖြင့် အံကြိတ်ကာ လက်သီးဆုပ် ကာ အညိုးကြီးစွာပြောသည်။
ကိုမျိုးနှစ် က စဉ်းစားသလို တွေနေသည်။ ထို့နောက် -
" လုပ်ဖို့က လွယ်တော့ မလွယ်ဘူး မကြင်ကြင်၊ ဘာကြောင့်လဲဆိုတော့ ဒီကျောင်းဆရာမကို ကလေးတွေ ပညာရေး၊ ရပ်ရေးရွာရေးနဲ့ ပတ်သက်ပြီး လူတွေက ကြည်ညိုနေကြတယ်၊ ဒါကြောင့် သာမန် နည်းမျိုးစုံ သုံး လို့တော့ မရဘူး။ တော်တော် နက်နဲတဲ့နည်းမျိုးကို သုံးမှဖြစ်မယ်၊ မကြင်ကြင်ကို ကျွန်တော် ကြိုတင် ပန်ကြားပါရစေ"
ဟု ပြောသောအခါ ကြင်ကြင်က .....
" ပြောသာ ပြောပါ ကိုမျိုးနှစ် "
ဟု မည်သည့်နည်းကိုဖြစ်စေ၊ သူ အားပေးတော့မည်ဟု စိတ်ဖြင့် ပြန်မေးလိုက်သည်။
" မကြင်ကြင် ဖြစ်စေချင်တဲ့အတိုင်းဖြစ်အောင် ကျွန်တော် ကြိုးစားကူညီပါ့မယ်၊ သို့သော် ဒီကိစ္စမှာ ကျွန်တော်ပါဝင်တယ်ဆိုတာကိုတော့ မကြင်ကြင် နှုတ်လုံနိုင်ပါ့မလား "
" အို ကြင်ကြင့်ကို စေတနာရှိလို့ ကြင်ကြင် စိတ်ချမ်းသာအောင် ကူညီတာပဲ၊ ကြင်ကြင် ကျေးဇူး မကန်းတတ်ပါဘူး။ စိတ်ချပါ၊ ဘယ်တော့မှ မပေါက်ကြားစေရဘူးလို့ ကတိပေးပါတယ် "
ကြင်ကြင်က စိတ်အားထက်သန်စွာ လေးလေးနက်နက် ကတိပေးလိုက်သည်။
" တကယ်နော်၊ မကြင်ကြင် "
" တကယ်ပါ ကိုမျိုးနှစ် "
ကိုမျိုးနှစ်သည် ကြင်ကြင့်မျက်နှာကို အတန်ကြာ စိုက်ကြည့်နေပြီးမှ ပြောလိုက်သည်။
" ဒီ ရေပြာအိုင်ရွာမှာ တစ်ရွာလုံးက ဘိုးစဉ်ဘောင်ဆက် အမြတ်တနိုး ထိန်းသိမ်းထားတဲ့ အဖိုးတန် ပစ္စည်း၊ ရှေးဟောင်းပစ္စည်းမျိုးပေါ့၊ ပျောက်ဆုံးသွားရင် တစ်ရွာလုံး စိတ်ထိခိုက်စေနိုင်တဲ့ ပစ္စည်းမျိုးကို ပြောတာ၊ အဲဒါမျိုး မရှိဘူးလား မကြင်ကြင် "
ကိုမျိုးနှစ် စကားကြောင့် ကြင်ကြင်သည် စဉ်းစားသလို အတန်ကြာ ငြိမ်နေသည်။
ထို့နောက် ကြင်ကြင်၏ လှပ ချောမောသော မျက်နှာလေးသည် တစ်စုံတစ်ခုကို သတိရလိုက်သဖြင့် အတိုင်းမသိ ၀မ်းမြောက်သွားသည့်ဟန်ဖြင့် ပြန်မေးလိုက်သည်။
" သြော် ... ကိုမျိုးနှစ် ပြောတဲ့ အဓိပ္ပာယ်က ဒီလို ပစ္စည်းမျိုးကို မခင်ရွှေက ခိုးယူထားလိုက်တယ်ပေါ့။ ဒီအကြောင်းကို တစ်ရွာလု့း သိလိုက်တဲ့အခါ ... "
ကြင်ကြင်က စကားအစမသတ်ဘဲ ကိုမျိုးနှစ် မျက်နှာကို ချီးကျူးသလိုလို ကြည့်လိုက်သည်။
" မကြင်ကြင်က အရိပ်ပြ အကောင်ထင်ပါလား။ ဒီလို အကင်းပါးကွက်ကျော်မြင်တဲ့ ဖျတ်ဖျတ် လတ်လတ် မိန်းမမျိုးကို ကိုစိန်းမောင် သတိမပြုမိတာ တော်တော်အံ့သြစရာ ကောင်းတယ်နော် "
ကိုမျိုးနှစ် က ကြင်ကြင့်ကို ပစ်ကွင်းထိစေမည့် စကားမျိုး ပြောလိုက်ပြန်သည်။ ကြင်ကြင်သည် အံကြိတ် လိုက်မိပြန်သည်။ ထို့ကြောင့် လက်သီးဆုပ်ပြီး ပြောလိုက်၏။
" ကိုမျိုးနှစ် အကြံသိပ်ကောင်းတယ်။ ဒါမှ သူဟာ ယုတ်ညံ့တဲ့ သူခိုးမ ဖြစ်ကြောင်း၊ ဖွတ်ထွက်လာတဲ့ တောင်ပို့ တစ်ခုသာ ဖြစ်ကြောင်း။ ရေပြာအိုင်တစ်ရွာလုံးနဲ့ ကိုစိန်းမောင်က သိမယ်။ နောက်ပြီး တစ်ရွာလုံးက အသက်နဲ့ လဲပြီး ကာကွယ်လာတဲ့ ဒီပစ္စည်းကိုမျ ခိုးတာဆိုရင် ဘယ်နည်းနဲ့မှ သူ့ကို ဒီရွာမှာ ထားမှာ မဟုတ်တော့ဘူး၊ သက်ဆိုင်ရာကို တိုင်ကြားပြီး မောင်းထုတ်ဖို့ စီစဉ်တော့မှာ၊ သူ့အဖို့လည်း ဆည်မရအောင် အရှက်ကွဲရော။ သူ့ကို အထင်ကြီးနေ တဲ့ ကိုစိန်းမောင်လည်း သူ့မျက်နှာကို တံတွေးနဲ့ ထွေးချင်လာအောင် ရွံသွားရော၊ ကောင်းလိုက်တဲ့ အကြံ ကိုမျိုးနှစ်ရယ် "
ကြင်ကြင် သည် ၀မ်းသာလွန်းသဖြင့် ကိုမျိုးနှစ်ကို ကြည်လင်သော မျက်နှာ၊ ရယ်ပြုံးသော မျက်လုံး ဖြင့် စေ့စေ့ကြည့်နေမိသည်။
ကိုမျိုးနှစ်ကလည်း ကြင်ကြင်ကို မျက်တောင်မခတ် စိုက်ကြည့်နေသည်။
" တော်တော်ချောသည့်မိန်းမ " ဟု ကိုမျိုးနှစ် စိတ်မှာ မှတ်ချက်ချမိသလို၊ ကြင်ကြင်၏ စိတ်ထဲမှာလည်း " ဒီလူ့ ရုပ်ရည်ဟာ ကိုစိန်းမောင်ထက် အများကြီးသာတယ်၊ ခံ့လည်းခံ့၊ ချောလည်းချော၊ သူ့ကို ရထားတဲ့မိန်းမတော့ ကံကောင်းတာပဲ " ဟု တွေးလိုက်မိသည်။
" ဘာပစ္စည်းမျိုး တွေ ရှိနေလဲ ဆိုတာကို ပြောပါဦး မကြင်ကြင် "
တစ်ယောက် ကို တစ်ယောက် ကြည့်နေကြရာမှ ကိုမျိုးနှစ်က မေးလိုက်သည်။
ဆက်ရန်
.
2 comments:
ကြင်ကြင်နဲ့ကိုမျိုးနှစ်ရဲ့အကြံကကြေက်စရာကောင်းလိုက်တာနော်။
ဆက်ရန်ကိုမျှော်နေပါတယ်အမရေ။
ဆရာမ မခင်ရွှေ ဘာတွေ ဆက်ဖြစ်ဦးမယ်မသိဘူးနော်
သနားပါတယ်... မျှော်နေပါတယ်နော်မမ.. ဒီနေ့မှ အကြွေးတွေ အပြီးဖတ်သွားရတယ်...
Post a Comment