Thursday, December 2, 2010

သော်တာဆွေ ၏ ဘွန္တောကြက်သူခိုး အပိုင်း (၂၁)

မဖွားသက်ကလေးက …
"အမယ် … အမယ် ကိုရင်ဖြိုးက ဒီလိုတော့ မျက်နှာမလိုက်ပါနဲ့၊ အတူတူ လာတဲ့လူချင်း ညီတူမျှတူ ပေးပါ"
"အလကား နင့် ကစားတာပါဟယ်၊ ရော့ … ငါးကျပ်ပါပဲ"
မဖွားသက်ကလေး ၀မ်းသာသည်ကို ကျွန်တော်မှာ ကြည်၍ ပီတိ ဖြစ်နေမိသည်။

ငွေပေးပြီးသောအခါ ဦးကြီးဖြိုး …
"ကဲ … ကြက်တို့ အရက်တို့ကို မင်းတို့လူငယ်တွေက စီမံကြကွာ၊ သတို့သားတက်ပုတို့အိမ်မှာပဲ ခုညစာ ပျော်ပွဲစားကြတာပေါ့၊ ဟော … အင်ဖူးရေ သူတို့တို့ ကြက်ခိုးမိတာ တက်ပုကိုလဲ တောင်းပန်လိုက်ပါကွာ၊ မင့် အတွက်ကြောင့် သူတို့သားတစ်ကွဲ မယားတစ်ကွဲ ဖြစ်သွားကြရရှာ တယ်"
အင်ဖူးက …
ကျွန်တော် အများကြီး စိတ်မကောင်းပါဘူး၊ ကိုလေးတက်ပုရာ ကျွန်တော့်ကို အပြစ်လွှတ်ပါ၊ ရှိခိုးဆို ကျွန်တော် ခိုးပါမယ်" ဒါ ငွေရှိန် ကြေးရှိန်ကိုးဗျ။

"အို … မလိုပါဘူး၊ အင်ဖူးရာ ဒါထက် မင်းနဲ့ငါဟာ ကြက်ခိုးဝိဇ္ဇာအချင်းချင်း ငါ့ကိုများ ဘယ်လိုလှည့် လိုက်တာလဲဆိုတာတောိ့သချင်တယ်ကွာ"
"စိတ်မဆိုးနဲ့နော် ကျွန်တော် ပြောပြမယ်"
"အို … မင့်ကို ငါအပြစ်လွှတ်ထားပြီးဆိုမှပဲ"

"ဒီလို ကိုလေးတက်ပုရဲ့၊ ခွေးဟောင်သံကြားတော့ ကိုလေးတက်ပု ဆင်းလိုက်မယ်ဆိုတာသိလို့ ကျွန်တော် က လူနဲ့ တစ်ပါတည်း ယူမဖြစ်မှန်းသိတော့ ကြက်ကို မအော်နိုင်အောင် နှုတ်သီး မျှော့ကြိုးကလေးနဲ့စည်း၊ မထနိုင်အောင် အတောင်ပံလိမ်းပြီး သရက်ပင်ကြီး ဒီဘက်နားက ချိုင့်ပက် ကလေးထဲမှာ ၀ှက်ပစ်ခဲ့တယ်၊ နောက် ကိုလေးတက်ပု ကျွန်တော်တို့ဆီ လိုက်လာပြီး ပြန်သွား တော့မှ ကျွန်တော်က ပန်းစုံ ဆီဝင်ပြီး ၀ှက်ထား တဲ့ နေရာကို ပြောခဲ့တာ၊ ကိုလေးတက်ပု ပန်းစုံနဲ့ တွေ့တော့ ကြက်က သူ့ခေါင်းပေါ်က ခံတောင်း ထဲမှာရှိတယ်"

ကျွန်တော်မှာ ကြက်သူခိုးပညာသည်အချင်းချင်း ကိုယ့်ထက်သာသွားသည်ကို အတော်ကလေး ခံပြင်း ပါသည်။
ဤတွင် ကျွန်တော့် မိန်းမက …

"ဟင် … ဒါဖြင့် သူ ပန်းစုံကို ဖက်နမ်းတယ် ဆိုတာတော့ အဟုတ်ပဲပေါ့၊ ဟင် ဟုတ်လား" ကိုတက်ပု ဟုတ်ရင် ဟုတ်တယ် ပြောစမ်း"
ကျွန်တော့်မှာ မိမိဖွင့်ဟထားသော ဦးကြီးဖြိုး၊ ဦးဂန်ဂျားနှင့် အခြား လူပေါင်းစုံရှေ့တွင် ရှက်အမ်းအမ်းကြီး ဖြစ်နေရာ၊ အလဲ့ သူ့အမေ ကျွန်တော့် ယောက္ခမကြီးက …
"အမယ်လေးအေ မေးမနေပါနဲ့တော့ ညည်းနှယ် …၊ ယောက်ျားပဲ ဒါမျိုးအချောင်ရရင် သူ့မောင် ကိုယ့်မောင် ကင်းမလားအေ့၊ ပေး ညည်းကလေး၊ ညည်းတို့ အိမ်ပြန်မှာဖြင့် ပြင်ကြဆင်ကြ" ဆိုပြီး သူ့သားကလေး ဘက်လှည့်၍ "ဟဲ့ … ငကြွယ်၊ သူတို့နွားလေးဆွဲပြီး အိမ်သွားပို့လိုက်"

ဤတွင် ဦးကြီးဖြိုးကလည်း …
"ဟုတ်သဟေ့ … သွား ချစ်စု အိမ်ပြန်ပြီး နင့်သား  စံနဂုတ် လဲ ဟိုနွားတစ်ကောင် ပို့ဖို့ ပြောလိုက်စမ်း၊ နွား နှစ်ကောင်လဲ တစ်မြက်စင်ထဲပြန်ပြီး မျက်နှာချင်းဆိုင်ကြပေါ့ကွာ၊ မင်းတို့ လင်မယားလဲ အဟား … ဟားဟား … ဟားဟား …"
 
အခန်း(၆)

ထိုနေ့ညနေ၌ ကျွန်တော်တို့အိမ်မှာ ဟိုးယခင် ကျွန်တော်တို့ မင်္ဂလာဆောင်စဉ်တုန်းက ကဲ့သို့ပင် စည်ပင် လှပါသည်။ သတင်းကောင်း လာရောက်မေးမြန်းကြသူတွေကို (ကျွန်တော့်တွင် ငွေမရှိသေး လင့်ကစား) ကျွန်တော့် ယောက္ခမ အလိမ္မာမကြီးက ကမကထပြု၍ လက်ဖက်၊ ဂျင်းသုပ်၊ လက်ဖက်ရည်ကြမ်းဖြင့် ဧည့်ခံပါသည်။

ကျွန်တော်ကလည်း အကောင်းဆုံး အ၀တ်ကို ၀တ်လို့၊ ကျွန်တော့်မယားကလည်း အလှဆုံး ပြင်ဆင်လို့ပေါ့၊ ဘယ်လောက် စံပယ်တင့်တယ်နေမယ်ဆိုတာကို မိတ်ဆွေ စဉ်းစားကြည့်တော့။
ကလေးထိန်းပေးမယ့် ကလေးချီပေးမယ့် လူကလည်း မရှား။
ညဦးပိုင်းတွင် ဦးကြီးဖြိုး ဦးစီးသော ကာလသားတစ်စုက အရက်များ၊ ကြက်များနှင့် သောက်စား ပျော်ပါး ကြသည်။ သူငယ်အိပ်ဆိတ် ဟစ်တလုံးတို့ ပြစ်မမုန်းတို့ အိပ်ပျော်ချိန် ကျလတ်သော် ကျွန်တော်မည်သော အသစ်တဖန် သတို့သားကြီးကို အခန်းအပ်၍ သူတို့ပြန်ကြလေသည်။

လူပျိုအပျို မင်္ဂလာညတုန်းကလိုမဟုတ် ရှောက်တိရှောက်ကြက်ကလေးတွေ မဖြစ်။ ယခု ကျွန်တော်တို့မှာ ဘ၀င်မတုန်၊ ရင်မခုန်ဘဲ စက်လည်း ပျော်ပါနိုင်၊ စကားတွေ တော်တော် ပြောနေကြသေးသည်။
"ကျွန်မတို့ ထီပေါက်ရတာ အဆန်းကြီးနော်"
"ဟုတ်တယ်၊ ကိုယ်တို့လင်မယားကွဲသွားလို့ အဲဒီနေ့ အဲဒီအချိန်မှာ အဲဒီနံပါတ်ထိုးမိတာ"
"ဒါဖြင့် လင်မယား ရန်ဖြစ်အောင် ကြက်ခိုးသွားတဲ့ အင်ဖူးပဲ ကျေးဇူးတင်ရဦးတော့မလို"

"ပန်းစုံကောကွ … ပန်းစုံ"
"တော်ပါ သူ့ပန်းစုံကြီး၊ နောက် ဒါမျိုး ကြားရရင်နော် … ဟင်း"
"ကုန်တာမျိုးမှတ်လို့ကွာ"
"ဟင်းနော် … ဟင်းနော် … ဟင်းနော်"
"ဟ … မနော်ရ … နာတယ်ကွ"

"နာအောင်လုပ်တာပဲ သူ အကောင်းစကားမပြောဘူး၊ ဒီမှာ ကိုတက်ပု ရန်ကုန် ငွေထုတ်သွားရင် ကျွန်မရော အမေရော လိုက်မယ်နော်"
"လိုက်ပေါ့ကွာ"
"ရွှေတိဂုံဘုရားကြီး ဖူးချင်နေတာ ကြာလှပြီ၊ ဟင်း … ခုမှပဲ"
"အမယ် … ခု ကမ္ဘာအေးဆိုတဲ့ ဘုရားက ရွှေတိဂံဘုရားကြီးထက် ခေတ်စားနေတဲ့ဆရာ"
"ဟုတ်လား … ဒါဖြင့် အဲဒီဘုရားလဲ သွားဖူပေါ့"

"ရောက်မှဖြင့် ဘုရားကုန် လျှောက်ဖူးကြတာပေါ့ကွာ" ဆူးလေဘုရားရော၊ ဗိုလ်တထောင် ဘုရားရော၊ ၉ထပ်ကြီးရော၊ ၁၀ထပ်ကြီးရော၊ ၁၅ထပ်ကြီးရော"
"ဟင် … ရန်ကုန်မှာ ဖူးစရာဘုရားတွေ အများကြီးပဲနော်"
"နောက်ဆိုရင် ဒီထက်ပိုများဦးမတဲ့၊ ဘာကြောင့်လဲဆိုရင် အခု ရန်ကုန်မှာ ၀န်ကြီးချုပ်ဆိုတဲ့လူက သိပ်ပြီး ဘုရားတည် ဘုရားပြင် ၀ါသနာပါတာပဲတဲ့၊ ကမ္ဘာအေး ဘုရားဆိုတာ သူတည်တာ၊ ပဲခူး ရွှေမောဓော ဘုရားကြီး ကို သူပြင်တာတဲ့"

"ဟင် … ဒီလိုဆို သူက ပိုက်ဆံ သိပ်ချမ်းသာလို့ ဖြစ်မှာပေါ့နော်"
"ကုဋေ ကုဋာချမ်းသာလို့ပေါ့ကွာ၊ နို့ပြီး သူသင်္ဂါယနာလဲ တင်ဦးမလိုတဲ့"
"သင်္ဂါယနာတင်တယ်ဆိုတာ ဘာလဲဟင်"
"မသိဘူးကွ၊ သာသနာရေးမှာ ကြီးကြီး ကျယ်ကျယ် ကောင်းမှုကြီးတစ်ခု ဖြစ်မှာပေါ့ကွာ၊ ငွေတော့ ကုဋေတွေ အများကြီး ကုန်တာပဲတဲ့၊ ဦးမြတ်ချမ်းက ပြောတယ်"
"ဟင် … တယ်ရက်ရောတဲ့ လူပါလား"

"ရက်ရောဆို မပြောနဲ့၊ သူ့ ဆွေစဉ်မျိုးဆက်က ပေး၍ မကုန် လှူ၍မခန်း၊ မြေပေါ်ကုဋေ မရေနိုင်၊ မြေအောက် ကုဋေမရေနိုင် ချမ်းသာလာတဲ့ လူနဲ့တူတယ်"
"ဘုရားအလောင်းများလား"
"ဘုရာုးအလောင်းမှ ပွင့်ခါနီးလောက် ဖြစ်ရမယ်၊ အခု သူ့ကို လူပြန်တော် ပညာရှိ အသင်းကဖြင့် သာသနာပြုမင်း လို့ ပြောနေကြတာပဲတဲ့"
"ကျွန်မ တို့လဲ သူ့လို ဘုရားမတည်နိုင် သင်္ဂါယနာမတင်နိုင်ပေမယ့် ပဉ္စင်းဒကာ ပဉ္စင်းအစ်မလောက် ဖြစ်ရင် ကောင်းမယ် နော်"

"တို့ ဒီလောက် ငွေရှိနေမှ ဖြစ်ချင် ဖြစ်နိုင်တာပေါ့ကွာ၊ ဘုရားဒကာဖြစ်ချင်တောင် သဲပုံစေတီလေး ခပ်ငယ်ငယ် တစ်ဆူလောက် ကြိတ်လိုက် ဖြစ်တာကွာ"
"ဒီလို ရခဲ့တဲ့ ဒုလ္လဘ လူ့ဘ၀ကြီး ဘုရားဒကာ ဘုရားအစ်မရယ်လို့ ဖြစ်ရမယ်ဆိုရင်၊ အိုး … အဟင့် … ကိုတက်ပု သိပ်ကဲတာပဲကွယ်"
နံနက်ချိန်ကျူး ကြက်ဦးတွန်၍ အိပ်ရာမှ နိုးသည်တွင် ကျွန်တော့်စိတ်သည် အရီကလေးဆီသို့ ရောက်သွား လေသည်။ ယခု ကျွန်တော့်မှာ ငွေနှစ်သောင်း ရှိနေချေပြီ။ ငါးထောင်သော ငွေကို သူကလေးအတွက် ရက်ရက်ရောရော ပေးကမ်းကာ သူကလေး၏ဘ၀ကို ဟိုလူမသမာလက်ထဲမှ ဆွဲထုတ်မည်။ သူကလေး မည်မျှ ၀မ်းသာချိမ့်မည်နည်း။ နံဘေး လူတွေကတော့ အံ့သြကြချေမည်။ သို့သော် ကျွန်တော်တို့၏ သန့်စင်သော မေတ္တာနှင့် သစ္စာကို သူတို့ သိကြစေသတည်း။

ထို့ကြောင့် နံနက် မိုးသောက်လျှင်ပင် ထီပေါက်စဉ်ကို အိတ်ထဲထည့်ကာ မိန်းမအား "ဒီဘိုင်စကယ် ကို ပြန်ပေးမယ် ပြောခဲ့လို့ကွာ" ဟုဆိုပြီး သူ့ကလေးထံ သတင်းကောင်းပါးရန် အမြန်လစ်ခဲ့လေ၏။
ကျွန်တော် ဦးမြတ်ချမ်း တို့ အိမ်သို့ပင် မသွားဘဲ သူကလေးဆီ တိုက်ရိုက်ဝင်ကာ အိမ်အောက်မှ …
ကလင်လင် … ကလင်လင်
"ဟေ့ … အရီ … အရီ"
အပြေးကလေး ဆင်းလာကာ …

"ဟင် … ဘယ့်နှယ် အစ်ကိုကြီး … စောစောစီးစီး"
"အရီ စောစောစီးစီး ၀မ်းသာရအောင်လို့ကွ"
"ဘာ … အရီ ၀မ်းသာဖို့"
"ဟုတ်တယ် … လာ … လာ … အိမ်ပေါ်ကို၊ အရီ့ အမေဈေးသွားပလား"
"သွားပြီ"

ကျွန်တော်တို့ အိမ်ပေါ်ရောက်၍ ထိုင်မိကြသည်၌ …
"အရီတို့ မင်္ဂလာဆောင် ရက်ကန့်သတ်ပလား"
"၀ါဆိုလဆန်းတဲ့"
"ဖျက်ပစ်လိုက်"
"ဘာ … ကိုကြီး"
"အရီ ဒီလူကို မလိုချင်ဘူး မဟုတ်လား"

"ကြည့်တောင် မကြည့်ပါချင်ပါဘူးရှင်"
"ဒါဖြင့် ကျောခိုင်းလိုက်တော့"
"အစ်ကိုကြီး ဘာပြောတာလဲ"
"အရီ ငွေငါးထောင်အတွက် မဟုတ်လား"
သူ ခေါင်းညိတ်သည်။
"ဒီ ငါးထောင် အရီကို ပေးမယ့်လူရှိပြီ"

"ဘယ်သူလဲ"
"အခု အရီနဲ့ စကားပြောနေတဲ့လူပဲ"
"ဟင် … အစ်ကိုကြီး"
"ယုံဖို့တော့ တော်တော်ခက်မှာပဲ၊ သို့သော် ဒီမှာကြငည့်"
ထီပေါက်စဉ်ကို ထုတ်ပြီးဖြန့်၍ ကျွန်တော့်နာမည်နှင့် နံပါတ်ကို ပြလိုက်သည်။
"ဟင် … အစ်ကိုကြီး ထီပေါက်တယ်"

"နှစ်သောင်း ခင်ဗျ"
"အား"
သူ့မျက်လံးကလေးသည် ပြူး၍ ၀ိုင်း၍ သွားလေသည်။
"ဒါ့ကြောင့် ငါ့ညီမအတွက် ငွေငါးထောင် ပေးနိုင်တာပေါ့"
"ဟာ … အစ်ကိုကြီးရယ်"
"ဘာမှ အားမပါနဲ့ ငါ့ညီမ၊ အလကားတဲ့ ရတဲ့ငွေ၊ နို့ပြီး မနေ့ကလဲ အစ်ကိုကြီးမှာ ဒီလောက်ငွေသာ ရှိမယ်ဆိုရင် ပြောသွားတယ် မဟုတ်လား၊ ကြည့်စမ်း … အခု အစ်ကိုကြီး စေတနာ အရီ့ကုသိုလ်ပဲ၊ အရီ ၀မ်းမသာဘူးလား၊ ၀မ်းသာလိုက်စမ်းပါ ညီမလေးရယ်"
"၀မ်းသာပြီးလား ကိုကြီးရယ်၊ ဒါပေမယ့်  ဖြစ်နိုင်ပါ့မလား ကိုကြီး"

"ဘာလို့ မဖြစ်နိုင်ရမှာတုံး"
"အစ်ကိုကြီး မိန်းမက …"
"အိုး ဟိုး … အမှန်က ဒီငွေနဲ့ သူနဲ့တောင် ဘာမှ မဆိုင်ဘူး၊ တစ်ယောက်နဲ့တစ်ယောက် ကွာထားတုန်းမှာ ကိုကြီးဟာ ကိုကြီး ထိုးလို့ပေါက်တာပဲ၊ ဒီအတွက် ဘာမှမပူနဲ့ ငါ့ညီမ၊ ကိုကြီး သဘောတစ်ခုပဲ"
"နို့ပြီး ကိုကြီး ငွေ အရီ ဘယ့်နှယ်လုပ် ပြန်ဆပ်ပါ့မလဲ"
"အမယ်လေး … အမယ်လေး အရီ၊ မရွှေရီ ဘယ်လိုစကား ပြောလိုက်တာလဲ၊ ကိုကြီးက အရီကို ငွေချေး ရအောင်ရများလာပြောနေတယ် မှတ်သလား၊ အရိ ဒီလိုပြောတာပဲ လွန်လှပြီကွယ်"
"ဟင်း … ကိုကြီး"

သူ့မျက်နှာကို လက်ဝါးကလေးနှစ်ဖက်ဖြင့် အုပ်လိုက်သည်။
"ဘာဖြစ်တာလဲ အရီ"
"ကိုကြီး စေတနာ သိရတော့ အရီ့စိတ်ထဲ ထိခိုက်လိုက်တာ ကိုကြီးရယ်"
"အို … ဘာထိခိုက်စရာလဲ ညီမလေးရယ်၊ တို့မောင်နှမတစ်ယောက် တစ်ယောက် စောင်မနိုင်လို့ စောင်မ ရတာပဲ"
"ကိုကြီးကို သိပ် အားနာတာပဲ၊ ဒီငွေမပေးဖို့ တောင်းပန်ချင်တယ် ကိုကြီး"

"ဟိုး … ဒီမှာ ညီမလေး၊ အရင်းတုန်းက အရီ့မှာ မွေးချင်း မရှို့ အစ်ကိုကြီးလို အစ်ကိုကြီး တစ်ယောက် ရချင်တယ် ပြောတယ် မဟုတ်လား၊ တကယ်တမ်းသာ ကိုကြီိးု အစ်ကိုအရင်းလို သဘောထားရိုးမှန်ရင် နောက်ထပ် ဒီစကားမျိုး မပြောနဲ့တော့၊ အစ်ကိုကြီးက အရီ့ကို ညီမလေး အရင်းလို ချစ်လေတော့ ငါ့နှမကို ဒီကောင်မျိုး လက်ထဲ အရောက်မခံနိုင်ဘူးကွာ၊ အရီက ဒီလူ့ ယူချင်ပါတယ် တားမရဘူးဆိုရင်တောင် ကိုယ့်နှမ ကိုယ် ရိုက်ရလိမ့်မယ်၊ ကဲ … ငါ့ညီမ နားလည်ပြီ မဟုတ်လား၊ အို … ဘာလို့ မျက်ရည်တွေ ၀ိုင်းလာ သလဲကွာ"
"၀မ်းသာလွန်းလို့ ကိုကြီး … ၀မ်းသာလွန်းလို့"

"ကဲ … ၀မ်းသာရင် ကိုကြီးစားဖို့ တစ်ခုခုပေး၊ ကိုကြီး အစောကြီး အိမ်က ထွက်လာခဲ့တာ ဘာမှ မစား ခဲ့ရသေးဘူး၊ ဆာတယ် … ထမင်းကြမ်း ရှိသလား၊ အဖန်ရည်အိုးတည်ကွာ"
"ဘယ့်နှယ် … ထမင်းကြမ်းနဲ့ အဖန်ရည်လဲ ကိုကြီးရဲ့၊ အရီ ကော်ဖီဖျော်လိုက်မယ်၊ ပေါင်မုန့် နဲ့ ထောပတ်သုတ် နဲ့ သောက်"
"အေး … လုပ်လဟယ်၊ ကိုယ်လဲ နှစ်သောင်းခင်းလောက် ချမ်းသာမယ့်လူပဲ၊ ဒါမျိုးတွေ စားကြည့်ရ တာပေါ့"

သူကလေး မီးဖိုတောင်သို့ သွားနေစဉ် ကျွန်တော့်မှာ ပက်လက်ကုလားထိုင်ပေါ်ထိုင်ကာ လောကကြီးကို ကြည်နူး သာယာလျက် ရှိလေသည်။ မနေ့ကပင် သူကလေးကို ကျွန်တော် ကယ်ဆယ်ချင်စိတ် ပေါ်သည်။ ယခု ပြည့်ဝရသည်။ လိုတ ရသည့်အတိုင်း ဖြစ်နေပြီ။ အဘယ်သူ မကြည်နူးဘဲ ရှိပါအံ့နည်း။ နို့ပြီး ကျွန်တော့် မှာ လူ့ဘ၀တွင် ချမ်းချမ်းသာသာကြီး နေနိုင်ပြီ။ လယ်ခွင် ကိုယ်တိုင် မဆင်းရတော့ပြီ။ သူရင်းငှာနှင့် ထားနိုင်သည်။ ဦးမြတ်ချမ်းတို့လို မြို့လာနေချင်လျှင် နေနိုင်ပြီး။

သားကလေးတွေ့ မြို့က အင်္ဂလိပ်ကျောင်း ထားနိုင်မည်။ ကောင်းကောင်းကြီး လှူနိုင် တန်းနိုင်ပြီး။ ဟီး … ဟီး … ဘုန်းကြီး ကြီး မည်သို့ မိန့်တော်မူဦးမည်နည်း။ သည်လောက်ရှိတဲ့ ငတက်ပု ကျောင်းမလာ ကောင်းလား။ မျှော်လှရော့မယ်ထင့်။ နေဦး ကိုယ်တော်ကြီး .. လှူမယ် … လှူမယ် … ဗိုက်ပြဲနေအောင် လှူမယ်၊ ဟင်း … ဟို ဥပုသ်နေ့က ဦးမြတ်ချမ်းတို့ရှေ့မှာ ပြောလိုက် တာတော့ မကျေသေဘူးပေါ့ကွာ။

မကြာမီ ၌ အရီက ပေါင်မုန့်၊ ကော်ဖီ လင်ပန်းနှင့်လာသည်။
"ကဲ … ကိုကြီး သုံးဆောင်"
ကျွန်တော် ခန့်ခန့်ကြီး သုံးဆောင်လိုက်လေသည်။ ပေါင်မုန့်နှစ်ယှက်နှင့် ကော်ဖီတစ်ခွက်ကို ကုန်သွား လေပြီ။
"ဟင်း … ငါ့လခွီးတဲ့ စားလို့တော့ ကောင်းပါရဲ့ ထမင်းကြမ်း တစ်ပန်းကန်နဲ့ လက်ဖက်ရည်ကြမ်း တစ်အိုး လောက် သောက်နေတဲ့ဗိုက် ဘာမှ မဖြစ်သေးဘူးကွယ်"

ဆက်ရန်
.

1 comment:

မျိုးမင်းစိုး said...

ဟစ်တလုံးလေသံလေးကို မကြားရတာကြာပေါ့