ယခု သူ့ငွေကို စကားပြောရန် အချိန်တန်လာသောအခါ ငွေကို ပြန်တောင်းသည်။ မဆပ်နိုင်လျှင် အပျိုစင် နုနုထွတ်ထွတ် မြစ်မလေးကို သူနှင့်လက်ထပ်ခွင့် ပေးရမည်ဟုဆိုသည်။ လက်ထပ်သည်မှာလည်း သူတို့ ထုံးစံ သူတို့ဘာသာအတိုင်း သက်ဝင်လိုက်နာ လက်ထပ်ရမည် ဖြစ်သည်။ ထိုငွေကို အဘိုးကြီးနှင့် အဘွားကြီး က ပြန်မဆပ်ဘဲ နေမည်ဆိုလျှင် ငွေရှင်သည် ဥပဒေ သဘောဖြင့် အရေးယူနိုင်ခြင်းမရှိချေ။ သို့သော် ငွေရှင်သည် အသိုက်အ၀န်း ကောင်းသည်။ အရေးရှိက အသုံးချရန် လူမိုက်ကို ကျေနပ်အောင် ပေးကျွေးပြီး မွေးထားသည်။ ဆွေအားမျိုးအား တောင့်သည်။ ထို့ကြောင့် တော်ရုံလူက ငွေရှင်ကို အန်မတူ ၀ံ့ချေ။ ငွေ ပြန်မဆပ်ဘဲနေလျှင် မိန်း ကလေးကို သူ့လက်ထဲ မထည့်လျှင် ဆွေမျိုး၊ အားကိုးမဲ့ဖြစ်သော သက်ကြီးရွယ်အို အဘိုးအဘွားနှင့် မြစ်မလေးတို့အား ငွေရှင်ပေးမည့် အန္တရာယ်က မသေးငယ်ပေ။
မခင်ရွှေတို့ စကားပြောနေစဉ် အိမ်ရှေ့ခန်းတွင် အဘိုးကြီး အဘွားကြီးနှင့် စကားပြောနေသော ငွေရှင်၏ ခြေသံပြင်းပြင်း နင်းပြီး အိမ်ပေါ်က ဆင်းသွားသံကို ကြားလိုက်ကြရသည်။
ကလေးမလေးက ငိုရင်းရှိုက်ရင်း ပြောပြသည်ကို မခင်ရွှေ စိတ်မချမ်းသာစွာဖြင့် နားထောင်နေရ သည်။ ကလေးမလေးက ဆက်ပြော၏။
" လက်ထပ်ပြီးရင် ဘိုးဘိုးနဲ့ ဘွားဘွားကို ဒိအိမ်ပေါ်မှာပဲ နေမြဲတိုင်း နေစေမယ်တဲ့၊ စရိတ် ထောက်ပံ့မယ်တဲ့၊ ဒါကြောင့် ဘိုးဘိုးနဲ့ ဘွားဘွားကလည်း အိုမင်းမစွမ်းဖြစ်နေတော့ ဘာမှ မတတ်နိုင်၊ ဒီလူသဘောကိုလည်း မလိုက်လျောနိုင်ဘဲ စိတ်ဆင်းရဲနေရတယ် မမ"
မိန်းကလေးသည် စကားကို ဖြတ်လိုက်ပြီး စဉ်းစားနေဟန်ဖြင့် တွေနေပြီးမှ ဆက်ပြောသည်။
" ကျွန်မမှာ ရည်းစားရှိတယ် မမ "
မခင်ရွှေ မအံ့သြတော့ပေ။
" ညီမလေး ချစ်သူ ကို ဒီအကြောင်း မပြောပြဘူးလား "
မခင်ရွှေ မေးလိုက်သည်။ သို့သော် ညက မြင်ကွင်းကြောင့် မိန်းကလေး၏ ချစ်သူသည် ထိုကိစ္စကို မည်သို့မျှ မစွမ်းဆောင် နိုင်ကြောင်း စဉ်းစားမိပြီးဖြစ်သည်။ မိန်းကလေးက ၀မ်းနည်းစွာ ဦးခေါင်းခါ လိုက်သည်။
" သူကလည်း ချမ်းချမ်းသာသာကြီးထဲက မဟုတ်ဘူးမမရဲ့။ ကျွန်မတို့လို ဆင်းရဲတာပဲ၊ ဆင်းရဲတဲ့ အပြင် သူ့မှာ အဖေမရှိဘူး။ မိခင်ကြီးက လေငန်းဖမ်းထားလို့ အိပ်ရာထဲက မထနိုင်ဘူး။ သူ့ညီလေး နှစ်ယောက်နဲ့ ညီမလေး နှစ်ယောက် လူမမည်လေးတွေကို သူ လုပ်ကျွေးနေရတယ် "
မခင်ရွှေ သက်ပြင်းချလိုက်မိသည်။
မိန်းကလေးနှင့်အတူ မီးဖိုဆောင်အလုပ်ကို လုပ်နေရသော်လည်း မခင်ရွှေ စိတ်မချမ်းသာတော့ချေ။ မိန်းကလေး ၏ အပြစ်ကင်းစင်နုနယ်သော မျက်နှာလေးကိုကြည့်ကာ စိတ်ထဲက တွက်နေမိသည်။ အသက်အရွယ်ငယ်နုသေးသည့် မိန်းကလေးမှ သားသမီးတွေ ပွားများလာမည်။
ထိုသားသမီး တွေသည် မြန်မာတိုင်းရင်းသားစိတ် မရှိတော့သည်သာမဟုတ် ဘိုးစဉ်ဘောင်ဆက်က ယုံကြည် ကိုးကွယ် လာသည့် မွန်မြတ်သော ဘာသာတရားကိုပါ ဖဲကြဉ် စွန့်ပစ်မည့်လူတွေ ဖြစ်ကုန် ကြတော့မည်။
ထိုမှ စဉ်ဆက်ပေါက်ဖွားလာသည့် အမျိုးသည် မြန်မာတိုင်းရင်းသား မဟုတ်တော့သောကြောင့် တိုင်းပြည်အနေဖြင့် သွေးရင်းသားရင်းတွေကို ရင်နင့်စဖွယ် အဖြစ်မျိုးဖြင့် ဆုံးရှုံးခံကြရတော့မည်။
မခင်ရွှေသည် တွေးရင်းစိတ်ထဲမှာ များစွာ မကောင်းတော့ဘဲ ဖြစ်လာသည်။ ထိုအခါ မြစ်မလေး၏ ဘ၀ကို ကယ်တင်လိုသည်။
မည်သည့်နည်းဖြင့် ကယ်တင်နိုင်မည်နည်း။ ငွေကြေးသာလျှင် ကယ်တင်နိုင်မည့်အချက်ဖြစ်နေ သည်။ မခင်ရွှေ သည် သူ့မှာ ရှိသည့်ငွေ ကိုပြန်လည် တွက်ကြည့်လိုက်သည်။
ရေပြာအိုင်မှာနေစဉ်က စုမိထားသည့်ငွေ၊ ယခု ရာထူးတက်လခ တိုးလာသည့်အတွက် စစ်စီစွာ စားသုံးစုဆောင်းလာခဲ့သည့် ငွေ၊ အားလုံးကို ပေါင်းလိုက်လျှင် မခင်ရွှေလက်ထဲမှာ ငွေသုံးထောင် ကျော်ကျော်လေး ရှိနေသည်။
အဘိုးကြီး၊ အဘွားကြီးတို့က ပေးဆပ်ရမည့်ငွေသည် မည်မျှ များပြားနေသည်ကို မသိရသေးချေ။ သူ့လက်ထဲမှာ ရှိနေသည့်ငွေထက်အဆမတန် များနေမည်ဆိုလျှင်လည်း သူ မကူညီနိုင်။ နောက် တစ်ချက် မခင်ရွှေ စဉ်းစားမိသည်မှာ သူ့ ကိုယ်ရေးကိုယ်တာအတွက် ဖြစ်သည်။
သူ တပင်တပန်း စုဆောင်းလာသည့်ငွေ၊ သူ စစ်စီ ခြိုးခြံစွာ စားသုံးစုဆောင်းလာသည့်ငွေ၊ ထိုငွေ ကို သူ့လက်ထဲမှာ ခြေစောင့် လက်စောင့်ပင် မချန်ဘဲ အိတ်သွန်ဖာမှောက် စွန့်လွှတ်လိုက်မည်ဆိုလျှင် သူ့အဖို့ မတွေးထင် မမျှော်လင့်သော ဘေးဒုက္ခမျိုး ရှောင်တခင် ပေါ် ပေါက်လာခဲ့သော် ငွေကြေး လက်မဲ့ ဖြစ်ရသောသူ့အဖို့ မည်သူ့ကို အားကိုးရမည်နည်း။ လူတစ်ဖက် သားကို အကူအညီပေးသည်မှာ လွယ်သည်။ လူတစ်ဖက်သားထံမှ အကူအညီပြန်ရရန် အရေး သည်ခက်ခဲလှသည်။
မခင်ရွှေ ချင့်ချိန်စဉ်းစား တွေးတောနေရင်းပင် ရက်သတ္တတစ်ပတ်မျှသော အချိန်သည် ကုန်လွန် သွားခဲ့သည်။ ထိုအချိန်တွင်းမှာ ကလေးမလေးကို မေးမြန်းခြင်းဖြင့် ကြွေးငွေသည် အရင်းအတိုးပေါင်း သုံးထောင် ဖြစ်ကြောင်း သိခဲ့ရလေသည်။
ထိုကုန်လွန် သွားခဲ့သော ရက်သတ္တ တစ်ပတ်မျှသော အချိန်အတွင်းမှာ စိတ်ထောင်းကိုယ်ကြေဖြစ် ကြရှာသော အဘိုးကြီးနှင့် အဘွားကြီးတို့၏ ကျန်းမာရေးသည် သိသိသာသာ ထိခိုက်လာကြ တော့သည်။
ဆင်းရဲချို့ငဲ့ သောကြောင့် အားဖြစ်စေသည့် အာဟာရကို စိတ်တိုင်းကျ ၀၀လင်လင် မစားမသောက် ခဲ့ရခြင်း၊ အသက် အရွယ်အိုမင်းခြင်း၊ ကျန်းမာရေးချို့တဲ့သည့် အရင်းခံက ရှိခြင်းတို့ကြောင့် အဘိုးကြီးနှင့် အဘွားကြီးတို့သည် ဟောင်းနွမ်းသော အိပ်ရာလေး တစ်ယောက်တစ်ခုစီဖြင့် လဲလျောင်းနေကြလေပြီး။ ဤသည်ကို အားနာရကောင်းမှန်း မသိ၊ ငဲ့ညှာရ ကောင်းမှန်း မသိသော ငွေရှင်သည် တစ်နေ့ တစ်ခေါက် လာကာ သူ့ဆန္ဒအတိုင်း ဖြည့်စွမ်းရန်ကိုသာ အပြင်းအထန် အရေး ဆိုနေတော့သည်။
ငွေရှင်လာတိုင်း မိန်းကလေးကလည်း အမျိုးနှင့် ဘာသာကို အပျက်မခံ။ အသက်သာ အသေခံတော့မည် ဟူသော စကားကိုသာ ခိုင်မာစွာ ပြောနေသည်။
မခင်ရွှေသည် အဘိုးကြီးနှင့် အဘွားကြီးအတွက် ဆန်ပြုတ်ပန်းကန်လေးကိုယူကာ အဘိုးကြီး၊ အဘွားကြီး နားသို့ လာခဲ့သည်။
မဆိုင်သည့်ကိစ္စကို စပ်စုသည်ဟု မထင်ရန် ကြိုတင်တောင်းပန်ပြီး မခင်ရွှေ မြစ်မလေးထံက ကြား သိခဲ့ရသည် များကို ပြန်လည်ပြောပြကာ အဘိုးကြီးနှင့် အဘွားကြီး မည်သို့ စီစဉ်လိုသည်ကို မေး လိုက်သည်။ ထိုအခါ အဘိုးကြီးနှင့် အဘွားကြီးက တစ်မျိုးတည်း တစ်သဘောတည်း ဖြစ်သော စကားကို ပြောကြ သည်။
" ဆရာမကို မိန်းကလေးပြောပြတာ ဟုတ်ပါတယ်။ အားကိုးရာ မဲ့ဖြစ်လွန်းလို့ ဒီလူ့ဆီကငွေကို ယူ လိုက်မိတာပဲ ဆရာမ၊ အခု ပြန်မဆပ်နိုင်ဘူး။ မိန်းကလေးကို သူ့လက်အပ်ပါလို့ ပြောတယ်။ မအပ်ဘူး ဆရာမ၊ အသေခံမယ်။ တို့သေတော့ ဒီအိမ်ကို သူ့ကြွေးရှိတဲ့အတိုင်း ယူလိုကယူ၊ မယူလိုနေ။ ဆရာမတစ်ခု ကူညီပါ လို့ တောင်းပန်ချင်တာက "
အဘိုးကြီးနှင့်အဘွားကြီးသည် အမောပြေအောင် နားနေလိုက်ပြီးမှ အံကြိတ်ကာ ပြတ်သားသော စကားကို ပြောလိုက်သည်။
" တို့ဟာ တို့အမျိုးကို တို့သိပ်သစ္စာ စောင့်တယ်။ တို့အမျိုး ပျက်စီးမယ့်အလုပ်ကို ဘယ်တော့မှ တို့ မလုပ်ဘူး။ မိန်းကလေး ကို ဒင်းလက်အပ်လိုက်ရင် တို့ အမျိုးသားသွေးပျက်ပြီပေါ့။ ငါတို့ အမျိုးကို သေသည်တိုင်အောင် ငါတို့ စောင့်ရှောက်မယ်။
မိန်းကလေးအနေနဲ့ တိုင်းရင်းသား အချင်းချင်း ဘယ်လို လူမျိုးကိုပဲ လက်ဆက်ပါစေ တို့ကြည်ဖြူတယ်။ တိုင်းရင်းသား မစစ် တဲ့ လူမျိုးခြားကိုတော့ အသက်အသေခံ ရှောင်ကြဉ်ပြီး အမျိုးကို သစ္စာစောင့်မယ်။ ဒါကြောင့် တို့သေခဲ့ရင် မိန်းကလေးကို တို့အမျိုးတွေရှိရာကို ရောက်အောင် ပြန်ပို့ပေးပါလို့ အကူအညီ တောင်းပါတယ် ဆရာမ"
အဘိုးကြီး နှင့် အဘွားကြီးစကားကို ကြားရသော မခင်ရွှေသည် ကြက်သီးမွေးညင်းထလိုက်မိ သည်။
ချင်းအမျိုးသား အမျိုးသမီး၊ ကချင်အမျိုးသား အမျိုးသမီးတို့သည် သူတို့လူမျိုးအပေါ်မှာ သစ္စာစောင့်သိမှု၊ သူတို့အမျိုးကိုချစ်မှု၊ သူတို့အမျိုးကို မပျက်စီးစေရန် ထိန်းသိမ်းကာကွယ် စောင့်ရှောက်မှုသည် အထူးပင် ချီးကျူးစရာ ဂုဏ်ယူစရာ ကောင်းလှသည်။ ချင်း၊ ကချင် အမျိုးသား တို့က သူတို့ အမျိုးတူ အမျိုးသမီး တွေ အပေါ်မှာ သစ္စာခိုင်လုံစွာ ထားပြီး ငဲ့ညှာကြင်နာစွာ ကာကွယ် စောင့်ရှောက်သည့်နည်းတူ ချင်း၊ ကချင်၊ အမျိုးသမီး တွေကလည်း အမျိုးပျက်စေမည့် အလုပ်မျိုးကို သတိဘကီးစွာထားပြီး စောင့်ရှောက်ကြသည်။
မြန်မာတိုင်းရင်းသားတွေထဲမှာ ပါဝင်သော ချင်း၊ ကချင်တို့၏ သစ္စာရှိပုံ၊ ကိုယ့်လူမျိုးကို မြတ်နိုး ကာ ကွယ်ကြပုံကို တွေးကာ အဘိုးကြီးနှင့် အဘွားကြီးကို စေ့စေ့ ကြည့်လိုက်သည်။ ကြည့်ရင်းပင် မခင်ရွှေသည် အဘိုးကြီး နှင့် အဘွားကြီး ကို ကြည်ညိုလာသည်။
" တို့မြန်မာနိုင်ငံသားထဲမှာပါတဲ့ ချင်းအမျိုးသား အမျိုးသမီးဖြစ်တဲ့ ဒီအဘိုးကြီးနဲ့ အဘွားကြီးရော၊ မြစ်မလေး ရော၊ ကိုယ့်လူမျိုးကို မြတ်နိုးလွန်းလို့၊ ပျက်စီးမှာစိုးလွန်းလို့ ပစ္စည်းဥစ္စာကိုမကြည့်ဘဲ ကြံ့ကြံ့ တင်းခံ နိုင်သေး တာပဲ။ ငါက ဘာကြောင့် မကူညီနိုင်ရမှာလဲ။ ဒီကိစ္စမျိုးကို ကူညီလိုက်ရင် အဘိုးကြီးနဲ့ အဘွားကြီးကိုရော၊ မိန်းကလေး ကိုရော ကယ်တင်ရာလည်း ရောက်မယ်။ တို့တိုင်းရင်း သူ မိန်းကလေးက ပေါက်ပွားလာမယ့် တို့ သွေးသား အရင်းအချာတွေကို အမျိုးမပျက်အောင် စောင့် ရှောက်ရာလည်းရောက်မယ်။
လူမျိုးနဲ့ ဘာသာကို မပျက်စီးအောင် ကာကွယ်ရတဲ့ ငါ့အဖို့ စိတ်ဆင်း ရဲ ကိုယ်ဆင်းရဲဖြစ်နေတဲ့ ဒုက္ခသည်ကို ကူညီရတဲ့ ငါ့အဖို့ ကုသိုလ်လည်း ရပါတယ်။ ကြီးကျယ်တဲ့ အလှူဒါနကြီးကို ငါမလုပ်နိုင်သော်လည်း ဒီအလှူ လောက်ကိုတော့ ကြည်လင်တဲ့ စိတ်စေတနာ ထားပြီး လှူလိုက်ပါတော့မယ်။ ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ ကို ကာကွယ်ရ တဲ့ အလှူဖြစ်လို့ မွန်မြတ် သော အလှူပါပဲ "
မခင်ရွှေသည် လေးလေးနက်နက် တွေးကာ စိတ်ကို ခိုင်မာစွာ ဆုံးဖြတ်လိုက်သည်။
" ကဲ ... ဘိုးဘိုးနဲ့ ဘွားဘွား၊ ဒီလူကို ပေးစရာရှိတဲ့ ကြွေးကို ကျွန်မ ဆပ်ပေးလိုက်ပါမယ်။ ဘိုးဘိုးနဲ့ ဘွားဘွား ရော ညီမလေးရော စိတ်ချမ်းသာကြပါတော့နော် "
အဘိုးကြီးနှင့် အဘွားကြီးသည် လည်းကောင်း၊ အဘွားကြီးခြေကို ဆုပ်ပေးနေသော မြစ်မလေး သည် လည်းကောင်း သူတို့ နားကိုပင် မယုံနိုင်အောင် ဖြစ်နေကြတော့သည်။ အဘိုးကြီးနှင့် အဘွားကြီးသည် အသက် ပြင်းပြင်း ရှူလိုက်သည်။
" ဆရာမ ဘာပြောလိုက်ပါလဲ "
အဘိုးကြီးက တုန်ယင်သော အသံဖြင့် မေးသည်။ အဘွားကြီးက ခေါင်းအုံးပေါ်မှာ ခွေယိုင်နေသော ဦးခေါင်း သည်ပင် ကြွသယောင်ယောင် ဖြစ်သွားသည်။
" ဘိုးဘိုး နဲ့ ဘွားဘွား ပေးဆပ်စရာရှိတဲ့ ငွေသုံးထောင်ကို ကျွန်မ ပေးဆပ်ပါ့မယ်လို့ပြောတာပါ"
မခင်ရွှေ က ကြည်လင်သော အသံဖြင့် ပြောလိုက်သည်။
" တကယ်နော် ဆရာမ။ တကယ် ပြောတာလား "
" အဟုတ် ပြောနေတာလား ဆရာမရယ် "
" မမ အဟုတ် ဆပ်ပေးမှာလား "
အဘိုး၊ အဘွားနှင့် မြစ်မလေးတို့သည် တစ်ယောက်တစ်ခွန်းမေးလိုက်ကြသည်။
" တကယ်ပြောတာပါ။ ဘိုးဘိုးတို့ စိတ်ထားကို ကြည်ညိုလို့ပါ။ ဒီငွေကို ကျွန်မကို ပြန်ဆပ်ရမယ် ဆိုတဲ့ အစွဲကြီး ထားပြီး စိတ်အနှောင့်အယှက်မဖြစ်ကြပါနဲ့။ ကျွန်မ အလှူလုပ်တဲ့ သဘောပါ"
သုံးယောက်လုံး စိတ်အေးရစေရန် မခင်ရွှေက ပြည့်ပြည့်စုံစုံ ပြောလိုက်သည်။ မြစ်အဘိုးအဘွား သုံးယောက် တို့ ၀မ်းမြောက်လိုက်ပုံမှာ ပြောစရာမလိုတော့ချေ။ မိန်းကလေးက ပိုပြီး ၀မ်းသာသည်။ သူချစ်သော ရည်းစားသည် ကို လွတ်လွတ်ကျွတ်ကျွတ် လက်ထပ်နိုင်ပေပြီ။ ငွေရှင်၏ ကြွေးကို မပေးဆပ်ဘဲ ချစ်သူ နှင့် လက်ထပ် လိုက်လျှင် ငွေရှင်က ယုတ်မာကောက်ကျစ်သောနည်းကိုသုံးကာ ဒုက္ခပေးမည်ကို တွေးမိ သောကြောင့် ချစ်သူကို လက်မထပ်ဝံ့ ဖြစ်နေသော မိန်းကလေးသည် သူ့ အသက်ကို သတ်သေရန်ပင် စိတ်ကူးမိပြီး ဖြစ်သည်။
အကြွေးသုံးထောင် ကို ဆပ်လိုက်ပြီး ပိုသောငွေလေးဖြင့် မခင်ရွှေကပင် အကုန်အကျခံကာ မိန်းကလေးကို သူချစ်သော ရည်းစားနှင့် မြန်မြန် လက်ထပ်ပေးလိုက်သည်။ အဘိုးကြီးနှင့် အဘွားကြီး ကို အကြောင်းစုံ ပြောပြကာ ငွေရှင်၏ရန်မှ လုံခြုံမှုဖြစ်သွားစေရန် စီမံလိုက်ခြင်းဖြစ်သည်။
မခင်ရွှေတို့ ကုသိုလ်ကောင်းလိုက်ပုံမှာ ထိုကိစ္စကို အစအဆုံး ကူညီပေးလိုက်သည့်အတွက် ငွေရှင် သည်ငါ့အစာ ကို ဤယုန်ဟန့်သည်ဟူသော စကားအတိုင်း အဘိုးကြီးအဘွားကြီးနှင့် မြစ်မလေးကို ရော၊ မြစ်မလေး နှင့် လက်ထပ်လိုက်သော လူငယ်ကိုရော အရေးမထားဘဲ မခင်ရွှေကို သဲသဲမဲမဲ အမုန်းပွား လေသည်။
တစ်ရပ်တစ်ရွာက ရောက်လာတဲ့ တစ်ကောင်ကြွက် ဆရာမက လူဝါးဝလိုက်သည်ဟူသော ယူဆချက် ကြောင့် မခင်ရွှေကို မျက်နေခဲ့သည်။ ထိုသို့ မျက်နေသည်ကိုလည်း မခင်ရွှေက သိသည်။ ငွေရှင်သည် မခင်ရွှေကို လက်စားချေလိုသည်မှာ လက်ယားနေသော်လည်း မခင်ရွှေ၏ သင်ကြား ပြသမှုနှင့် မခင်ရွှေ၏ စိတ်နေ သဘောထားကို ကြည်ညိုနေကြသော တပည့်တွေနှင့် တပည့်တွေ၏ မိဘဆွေမျိုးတွေကို ရွံ့တန် သလောက် ရွံ့ရသောကြောင့် အကြမ်းဖက် လက်စားချေခြင်းကို သိသိ သာသာ မလုပ်ဝံ့ဘဲ ဥပဒေလွတ် လူလိမ်မာ ပညာရှီ ညှဉ်းဆဲနည်းမျိုးကို ရှာနေသည်။
ထို့ကြောင့်ပင် မခင်ရွှေသည် အထူး သတိထားနေရသည်။
မြစ်မလေး နေရာတကျ ဖြစ်သွားပြီး မကြာမီမှာပင် အဘိုးကြီးနှင့်အဘွားကြီးတို့သည် တစ်ယောက် နှင့်တစ်ယောက် ကွာခြားလှသည် မဟုတ်ဘဲ အမှည့်ကြွေ ကြေသွားကြသည်။ ထို့ကြောင့် အိမ်မှာ စည်စည် ကားကား လုံလုံခြုံခြုံ ရှိစေရန် မြစ်မလေး၏ ခင်ပွန်းသည်ဘက်မှ မိသားစုကို ပြောင်းရွှေ့နေထိုင်စေရန် မခင်ရွှေ စီစဉ်သည့်အတိုင်း မြစ်မလေးက လိုက်နာသည်။
အဘိုးကြီး အဘွားကြီး ကွယ်လွန်ပြီး ရက်အနည်းငယ်မှာပင် ရေပြာအိုင်နှင့် ရေစက်ဆုံဖို့ ကြုံကြိုက် လာ ပြန်တော့ သည်။
ရေပြာအိုင်ရွာသည် အလယ်တန်းကျောင်းအထိ တိုးချဲ့ဖွင့်လှစ်တော့မည်ဖြစ်ရာ ရေပြာအိုင်ရွာတွင် ပညာရေး နှင့် ပတ်သက်၍လည်းကောင်း၊ ရပ်ရွာအရေးနှင့် ပတ်သက်၍ လည်းကောင်း မွန်မြတ်သော စေတနာ ကို ထားသွားသည့် ဆရာမ မခင်ရွှေကို ရေပြာအိုင်ရွာမှာ ဖွင့်လှစ်မည့် အလယ်တန်းကျောင်းမှာ ကျောင်းအုပ် ဆရာမအဖြစ် ခန့်ထားသည့် အမိန့်စာ ရောက်လာသည်။
မခင်ရွှေ သည် မတွေးထင် မရည်ရွယ်ဘဲ ဖြစ်ရသောကိစ္စအတွက် သူ့ကံကြမ္မာကို အံ့သြမိသည်။
"ငါနဲ့ ရေပြာအိုင်နဲ့ ရေစက်ကို မကုန်နိုင်ပါလား။ ရေပြာအိုင်က ငါထွက်လာတာ အခုဆိုရင် သုံးနှစ် ပြည့်တော့မယ်။ ဒီလောက် ကြာနေမှတော့ ကိုစိန်းမောင်နဲ့ ကြင်ကြင်တို့ လက်ထပ်ပြီးကြရော့မယ်။ ရေပြာအိုင် ကို ငါပြန်ရောက်တဲ့ ကိစ္စနဲ့ပတ်သက်လို့တော့ ဘာပြဿနာမှ ပေါ်မယ်မဟုတ်ပါဘူး။ ငါ ပြန်ချင်လို့ ပြန်ရတာမှမဟုတ်တာ၊ အစိုးရတာဝန်နဲ့ ထားရာနေ စေရာသွားရတာပဲ ငါ့အဖို့ ကံကောင်း သွားတယ်။ ဟို ငွေရှင်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရတာ၊ အခုတော့ စိတ်အေး ချမ်းသာ သွားရတာပေါ့လေ။ ဒါလည်း ငါထားခဲ့တဲ့စေတနာ ငါ့ကို အကျိုးပေးလိုက်တာပဲ ထင်တယ်"
မခင်ရွှေသည် သူပြောင်းရွှေရမည့် ကိစ္စကို တွေးနေရာမှ ဆိုးဝါးသော ဒုက္ခကိုခံစားကာ သေဆုံးသွား ရှာသော မေစမ်းမြိုင်လေးကို သတိရလွမ်းဆွတ်မိသည်။
" ညီမလေးရေ မမ ရေပြာအိုင်ကို ပြန်သွားရမယ်။ ညီမလေး ဆန္ဒရှိတဲ့အတိုင်း ညီမလေးရဲ့ အရင်း ချာဆုံး ဖြစ်ခဲ့တဲ့ ဆွေမျိုး၊ ညီမလေးရဲ့ အစ်ကို ကိုစိန်းမောင်ကို ပြောခွင့်ကြုံလာတဲ့အခါ ညီမလေး အကြောင်း ပြောလိုက်မယ် ညီမလေးရယ်" ဟု စိတ်မကောင်းစွာ တမ်းတပြောဆိုမိသည်။
မေစမ်းမြိုင် ကို သတိရသလိုပင် သူ့အပေါ်မှာ သမီးအရင်း မြေးရင်းသဖွယ် သံယောဇဉ်ဖြစ်ရှာသော ဘွားရွှေအိမ် တို့ သားအမိကိုပါ သတိရကာ ပြန်လည်တွေ့ဆုံရမည့်အတွက် ၀မ်းသာသောစိတ်ပေါ် လာသည်။
" ဘွားဘွားတို့ သားအမိ ကျန်းကျန်းမာမာမှ ရှိပါရဲ့လား။ သူတို့ သားအမိချစ်တဲ့ ဘိုးသာပေါ်ရဲ့ ဘ၀ ဇာတ်ကြောင်း ကိုရော၊ ရေပြာအိုင်ရဲ့ ရှေးဖြစ်ဟောင်းတွေကိုရော ငါသိလာခဲ့တာကို ဘယ်လောက်များ ၀မ်းသာ လိုက်ကြမလဲ"
ဟုမခင်ရွှေက တွေးမိပြန်သည်။ သို့သော် ရေပြာအိုင်နှင့် မခင်ရွှေကင်းကွာလာခဲ့သည့် သုံးနှစ်မျှသော အချိန်ကာလ အတွင်းဝယ် ရေပြာအိုင်ရွာမှာ မည်သို့ ဖြစ်နေသည်ကို မခင်ရွှေ မသိရှာချေ။
ရော်ရည် မျှော်မှန်း လွမ်းတခဲ့ရသော ရေပြာအိုင်ကို ဒုတိယအကြိမ် ပြန်ရောက်ရှိရတော့မည့်အတွက် မခင်ရွှေ ၀မ်းသာမိသည်ကတော့ အမှန်ပင်ဖြစ်ပါသည်။
--------------------------
ဆက်ရန်

.
No comments:
Post a Comment