(ဖြစ်ရပ်မှန်)
တစ်ကမ္ဘာလုံးတော့ မလင်းပါ သို့သော်.............
တစ်ကမ္ဘာလုံးတော့ မလင်းပါ သို့သော်.............
တင်မောင်မြင့် ဘာသာပြန်
ဂါးဖီးလ် အတက်တန်းကျောင်းရှိ နံရံတွေ၊ စားပွဲတွေ၊ ကုလားထိုင်တွေ ၌ ပုံမျိုးစုံ၊ စာမျိုးစုံကို အရောင်မျိုးစုံဖြင့် တွေ့ရသည်။ ကျောင်းသူကျောင်းသားများက ကျောင်းစာအုပ်များ အစား ရေဒီယို ကလေးတွေကိုင်ပြီး 'ရော့အင်ရိုးလ်' သီချင်း တွေ သံကုန်ဖွင့်ထားကြသည်။ သူတို့စကားပြောပုံက ခပ်ကြမ်းကြမ်း၊ ခပ်ရိုင်းရိုင်း။ ၀တ်စား ဆင်ယင် ပုံ က သရုပ်ပျက် လမ်းသရဲတွေလို။ ထိုကျောင်းသို့ အသစ်ရောက်လာသော ဆရာ အက်စကာလန်တီ က သူ့တပည့်တွေ ဂုဏ်ထူးထွက်အောင် ကြိုးပမ်း ခြင်းသည် တိမ်တိုက်တွေကို လိုက်ပြီး ဆုပ်ဖမ်းခြင်း နှင့် တူနေမည်လား?
လော့စ်အိန်ဂျဲလိစ် အရှေ့ပိုင်း ဂါးဖီးလ်အထက်တန်းကျောင်းသို့ ဂျေမီအက်စကာလန်တီ ပထမဆုံး ရောက်သည့် နေ့။ အစိမ်းနုရောင် ဗောက်စ်ဝက်ဂွန်းကားကလေးကို လွတ်သည့်နေရာတွင် ရပ်ဖို့ ချိုးကွေ့ လိုက်သည်
ကျောင်းနံရံ တွင် ဖြစ်ကတတ်ဆန်း ရေးခြစ် ထားသည့် အရုပ်တွေနှင့် လူဆိုးကလေးများ၏ ကြွေးကြော်သံ ပေါင်းစုံ ကို သတိထားမိလိုက်၏။ ခြံစည်းရိုးတစ်လျှောက်တွင် အမှိုက်တွေ တောင်လိုပုံနေသည်။ ကျောင်းဆောင် များသို့အ၀င် ကတ္တရာ လမ်းပေါ်တွင်လည်း ဒုနှင့်ဒေး၊ သူ့ကားဆီသို့ ကျောင်းသား တစ်သိုက် စုလာကြသည်။ အားလုံး လမ်းသရဲပုံစံကျ အ၀တ်အစား များဖြင့်။
တစ်ယောက် က လှမ်းအော်သည်။
"ဟေ့လူ ဟိုမှာ သွားရပ်ပါလား၊ ဟိုမှာလေ"
သူ လက်ညှိုးညွှန်ရာသို့ လှမ်းကြည့်လိုက်သည်။ ကားနှစ်စီးကြားတွင် တစ်စီးဝင်သာရုံ နေရာ ကျဉ်းကျဉ်း ကလေး။ အက်စကာလန်တီက သူပြောသည့်နေရာတွင် ကားသွင်းလိုက်၏။ တံခါးကို ခဲရာခဲဆစ်ဖွင့်ပြီ လူကို ဘေးစောင်း အနေအထားဖြင့် ကတ်ကတ်သတ်သတ် ဆင်းလိုက်သည်။
"ကျွန်တော် ဘာအကူအညီ ပေးရမလဲ ခင်ဗျာ"
ကျောင်းဆောင်တစ်ခုအတွင်းမှ လူရွယ်တစ်ယောက် ထွက်လာပြီးမေးသည်။ ကြည့်ရသည်မှာ ကျောင်းသား နှင့် မတူ။ အထက်တန်းကျောင်းသားအရွယ် မကတော့။ သို့သော် ဆရာတစ်ယောက် နှင့်လည်း မတူ။ ၀တ်စားထားပုံ က ကျောင်းဆရာတစ်ယောက်ထက် ပို၍သတ်ရပ်နေ၏။
"သြော်..........အင်း.... မလိုပါဘူးခင်ဗျာ၊ ရုံးခန်းဘယ်ဘက်မှာလဲဟင်"
"ဟော......ဟို တံခါးကနေ အပေါ်ထက် တက်သွားရင် ရုံးခန်းပါပဲ ခင်ဗျာ"
"ကျေးဇူးပါပဲ၊ ဒီကျောင်းက ဆရာပဲလားဟင်"
လူရွယ် က မသက်မသာ ပြုံးလိုက်ရင်း
"ဆိုပါတော့ခင်ဗျာ"
အနားမှ အမှိုက်ပုံထဲသို့ ပုလင်းတစ်လုံး ကျလာသည်။ သူ ဖျတ်ခနဲ လှည့်လိုက်၏။ ဤတွင် သူ့ကုတ်အကျီ ထဲမှ ပစ္စတို သေနတ်ကို အက်စကာလန်တီ လှမ်းမြင်လိုက်သည်။ အရပ်ဝတ်နှင့် လုံခြုံရေးတစ်ယောက် ဖြစ် လိမ့်မည်။ အင်း ဒါငါသင်ရမယ့် ကျောင်းပါလား ဟုတွေလိုက်မိ၏။
ရုံးခန်းထဲတွင် အူကြောင်ကြောင်ဖြင့် တစ်နာရီလောက် ထိုင်စောင့်နေရပြီးမှ ၀င်ရမည့် အခန်းကို ဆရာကြီး က ပြောသည်။ စာသင်ဖို့ သိပ်နောက်ကျသွားပြီ။ ဒုတိယအချိန်တွင် ဖြတ်ဝင်ရမည့် အတန်းကို သူ သွားရှာ ရသည်။ အချိန်ဇယား အသေးစိတ်ကို နောက်မှပေးမည် ဆို၏။ ကျောင်းသားများ၏ တိုးဝှေ့တိုက်ခိုက်မှုကို သူခံရင်း အလဟသ ကုန်သြွးသည့် အချိန်တွေကို နှမြောနေမိသည်။
၄၃နှစ် ရှိပြီဖြစ်သော ဆရာ အက်စကာလန်တီသည် ဘာကြောင့် သည်ကျောင်းကိုမှ ရွေးပြီး အလုပ် လျှောက်ခဲ့မိပါလိမ့်ဟု သူ့ကိုယ်သူ အမြဲပြန်မေးလေ့ရှိ၏။ လော့စ်အိန်ဂျဲလိစ် ခရိုင် ပညာရေးမှူးရုံးက သူ့အားကြိုက်ရာကျောင်း ကို ရွေးချယ်ခွင့် ပေးခဲ့သည်။
အစိမ်း၊ အနီ၊ အ၀ါရောင် တို့ဖြင့် ခွဲပြထားည့် ကျောင်းများ၏ မြေပုံကိုကြည့်ပြီး အာရှတိုက်သား ကျောင်းသားများ နှင့် လူမည်း ကျောင်းသားများအတွက် သီးသန့်ကျောင်းများ ကို ကျော်လွှားကာ မက်ဆီကို ကျောင်းသား များအား သင်ရမည့် ဂါးဖီးလ် အထက်တန်းကျောင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်၏။
သည် ကပြားကလေးတွေ ကို သူစာသင်ပေးချင်သည်။ သူတို့ဘာသာစကားကိုလည်း ကျွမ်းကျင်ပြီး သား မဟုတ်လား။ ပြီးတော့ မိမိကိုယ်တိုင်လည်း သူတို့လို နိုင်ငံခြားသား တစ်ယောက်မဟုတ်လား။
အခန်းနံပါတ် (၈၀၁) ထဲ ကို လှမ်းဝင်ခဲ့သည်။ အခန်းက စာသင်ခန်းနှင့် မတူဘဲ ဆရာများဆီက တပည့် တစ်သိုက် က အာဏာသိမ်းထားသည့် အခန်းတစ်ခန်းနှင့် တူနေ၏။ စားပွဲနှင့် ထိုင်ခုံတွေက တန်းစီမနေဘဲ စက်ဝိုင်းခြမ်း သဏ္ဍာန် ဆရာ့စားပွဲကို ၀ိုင်းထားကြ၏။ တစ်ခန်းလုံး လက်ပံပင် ဆက်ရက်ကျသလို ပွက်လောရိုက် နေ၏။ ၁၆နှစ်ဝန်းကျင် သည်အရွယ်တွေ၊ သည်လို စကားလုံးများဖြင့် ယဉ်ပါး ပြောဆို နေကြသည့် အတွက် အက်စကာလန်တီ လုံးဝခွင့်မလွှတ်နိုင်ပါ။ ပြီးတော့ ဆရာများ၏ ခွင့်ပြုချက်မရှိဘဲ ခုံတန်းတွေ ကို သူတို့သဘောနှင့် သူတိုစိတ်တိုင်းကျ လုပ်ထားခြင်းကိုလည်း ခွင့်မပြုနိုင်ပါ။
ဆရာအက်စကာလန်တီက ဘောသင်ပုန်းတွင် သူ့နာမည်ရေးချပြီး အတန်းနှင့် မိတ်ဆက်လိုက် သည်။ နောက်ပိုင်း မှ မနှစ်မြို့သံများ၊ စိတ်ပျက်သံများ စီခနဲ ထွက်လာ၏။
ပထမဆုံးအတန်း၏ မေးခွန်းကို ကျောင်းသာတစ်ယောက် ထံမှဆရာကြားလိုက်သည်။
"ဗျို့ဆရာ ဘာသင်မှာလဲဗျ"
ရှေ့ဆုံးတန်းမှ ကျောင်းသူတစ်ယောက်က ၀င်ဖြေသည်။
"ဖိုမဆက်ဆံရေး သင်မှာပေါ့"
တစ်တန်းလုံး ခပ်အုပ်အုပ် ၀ိုင်းရယ်ကြသည်။ မိန်းကလေးက ပြုံးနေ၏။
အက်စကာလန်တီက ကျောင်းခေါ်ကြိမ်စာအုပ်ကို ကောက်ယူပြီး နာမည်တွေ စစ်ကြည့်သည်။ အင်း...... ငါတကယ် ကျောင်းဆရာ ပြန်ဖြစ်ပြီပေါ့။
ကျောင်းစည်းကမ်း၊ အတန်းစည်းကမ်းများကို အကျဉ်းချုံးပြောပြီး ဘော သင်ပုန်း တွင် သင်္ချာတစ်ပုဒ် ရေးချ လိုက်သည်။ နောက်ဘက်မှ အတန်းက ဆူသထက် ဆူလာသည်။ စာသင်၍ မရနိုင်လောက် အောင်ဖြစ် လာ၏။ နောက်ဆုံးတန်းမှ ချာတိတ်တစ်ယောက်က လှမ်းအော်မေးသည်။
"ဗျို့ ဘာသင်မှာလဲ၊ ဘာအကြောင်း ပြောမှာလဲ၊ ပြောလေဗျာ"
အက်စကာလန်တီ က ပြုံးပြီး
"သင်္ချာအကြောင်း ပြောမယ်လေ"
"ဟာ ပျင်းစရာကြီး၊ ဟိုကောင်မလေး ပြော တဲ့ အချစ်အကြောင်း ပြောပါ"
ခြောက်လပတ် စာမေးပွဲပြီးလျှင် သူထွက်တော့မည် ဖြစ်ကြောင်း စာသင်ရက် နှစ်ပတ်အကြာတွင် အက်စကာလန်တီ က ဆရာကြီးကို ဖွင့်ပြောလိုက်၏။ သည်အတောအတွင် တတ်နိုင်သလောက် ကြိုးစား သင်သွားမည် ဟု တော့ စိတ်ကူးထားသည်။
သုညမှ စရခြင်း
စာသင်ခန်းနှင့် ဝေးခဲ့သည်မှာတော့ ကြာပြီ။ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်ကမူ သူသည် ဘိုလစ်ဗီးယား နိုင်ငံ လာပဇ်မြို့ကြီး ၏ ထိပ်တန်းကျောင်း တစ်ကျောင်းတွင် နာမည်ကြီးသင်္ချာ ဆရာ တစ်ယောက် ဖြစ်ခဲ့သည်။ သူ့အတန်းသားများသည် နှစ်စဉ် ပညာရည်ချွန်ဆုများကို ခူးဆွတ်ခဲ့ကြသည်။ သူ့ဆီမှာ ကျူရှင် ယူမည့် ကျောင်းသားတွေ တန်းစီစောင့်ခဲ့ကြရသည်။ ထို့ကြောင့် အက်စကာလန်တီ သည် ဇနီးဖာဗီယိုလာ နှင့် သား ဂျေမီ တိုတို့ကို ဘိုလစ်ဗီးယား၏ အမြင့်ဆုံး အဆင့်အတန်းတွင် ထားနိုင်ခဲ့လေသည်။ သို့သော် အဆင်ပြေ ချောမွေ့သော သည်ဘ၀တွင် ထာဝရ နေနိုင်ပါမည်လော။ ဘိုလစ်ဗီးယား အစိုးရ၏ အခြေအနေ မှာ တည်တည် ငြိမ်ငြိမ် မဟုတ်ပေ။ စီးပွားရေးကလည်း လာပဇ်အနောက်တောင်ကြော တစ်လျှောက်မှ သိန်းငှက် တွေ ထိုးဆင်းလာ သလို အရှိန်ဟုန်ဖြင့် ကျဆင်းနေသည်။
တက္ကသိုလ်ဘွဲ့ရ ခေတ်ပညာတတ်များ နိုင်ငံခြားသို့ ထွက်၍အလုပ်လုပ်နေကြပြီ။ ဖာဗီယိုလာ၏ အစ်ကိုတွေ မောင်တွေ လည်း သူတို့အဖေရှိရာ ကာလီဖိုးနီးယား တောင်ပိုင်းသို့ လိုက်သွားပြီး ကောလိပ် ဆက် တက်နေကြပြီ။ မိမိတို့လည်း လိုက်သွားသင့်သည်ဟု ဖာဗီယိုလာက လင်တော် မောင် ဂျေမီ ကို နားချသည်။ ပထမ တော့ ဂျေမီအက်စကာလန်တီ ခတ်မဆိတ် နားထောင်၍သာ နေသည်။ ဘာမှဝေဖန်ချက်မပေး။
သို့သော် နောက်တစ်နှစ် အကြာတွင် မိသားစု စားဝတ်နေရေးအတွက် ဂျေမီအက်စကာလန်တီ တစ်ယောက် အလုပ်သုံးလေး ခု ရှာလုပ်ရသည့် အခြေအနေ ဖြစ်လာသည်။ ဤသို့ဖြင့် မိန်းမစကား ဖြည်းဖြည်း နားဝင်လာသည်။
"ဟုတ်တယ် ငါဒီမှာ ဆက်နေရင် တိုးတက်စရာလမ်း မမြင်တော့ဘူး။ ငါအမေရိကန်ကို လစ်တော့မယ်။ သုည က စရ စရ"ဟု ညစာဝိုင်းတွင် မိသားစုကို ဂျေမီအက်စကာလန်တီက ထုတ်ဖော် ကြေညာလိုက်သည်။
ရှိစုမဲ့စု ချရောင်းဖို့ လင်မယားနှစ်ယောက် သဘောတူပြီး ပရိဘောဂတွေရော၊ ကားပါ ရောင်းလိုက် ကြသည်။ အိမ်ဆောင် နေဖို့ စိတ်ကူးယဉ်ပြီး ၀ယ်ထားသည့် မြေကွက်ကိုလည်း လျှောပစ်လိုက်၏။ ဂျေမီက အရင် သွားဖို့ စီစဉ်သည်။ ကာလီဖိုးနီယားပြည်နယ်၊ ပါဆာဒီနာတွင် ရောက်နေသည့် ယောက်ဖလုပ်သူ ဆမ် နှင့် သွားနေနှင့်ပြီး ဘ၀ကို စမည်။
ဘိုလစ်ဗီးယား မှ မထွက်ခင်တစ်ရက် တွင် မိခင်ကြီးထံ ဂျေမီစာရေးသည်။
"ချစ်သောအမေခင်ဗျား
ဘုရားသခင် ဂုဏ်ကျေးဇူးတော်ဖြင့် တစ်နေ့ တစ်ချိန်မှာ ငြိမ်ချမ်းစွာ နေနိုင်ဖို့ ကျွန်တော် အိမ်ပြန် ရောက် လာမှာပါ။ မျိုးဆက်သွေးရဲ့ နာမည်ကိုမြှင့်တင်ဖို့ဟာ ကျွန်တော်ဘ၀ ရည်မှန်းချက်ပါ။ အောင်မြင် ရမယ်လို့လည်း ကျွန်တော် အခိုင်အမာ ယုံကြည်ထားပါတယ်။ မိခင်ကို အမြဲကိုးကွယ် တဲ့သားအတွက် လုံးဝ စိုးရိမ်ကြောင့်ကြမှု မရှိစေချင်ပါ။ မနေ့က ရခဲ့သည့် သင်ခန်းစာများသည် မနက်ဖြန်အတွက် အဖိုးတန် လမ်းညွှန် နီတိများ ဖြစ်လာမှာပါ မေမေ"
ပါဆာဒီနာ သို့ ရောက်လျှင်ရောက်ချင်း ဂျေမီ အလုပ်ရှာသည်။ အလုပ်သမားတွေ အများကြီး လို သော်လည်း အသက်၊ ပညာအရည်အချင်းနှင့် အတွေ့အကြုံ ရှိသူတွေအတွက် အခွင့်အလမ်း ပွင့်ပြီး အသက်၃၃နှစ် အရွယ်၊ ဘိုလစ်ဗီးယားလူမျိုး ကျောင်းဆရာလူထွက် တစ်ယောက်အတွက် ထင်သလောက် မလွယ် လှကြောင်း ဂျေမီတွေ့ရတော့သည်။
အင်္ဂလိပ်စကား ကို အနည်းငယ် ၀ဲသော်လည်း ရေရေလည်လည် ပြောနိုင်သဖြင့် စားသောက်ဆိုင် တစ်ဆိုင် တွင် သန့်ရှင်းရေး အလုပ်ရသည်။ ဆိုင်ရှင် က သူ့ကိုကြမ်းတိုက်သည့် အ၀တ် တံမြက်စည်း တစ်ချောင်း ပေးပြီး ညစ်ပတ်နေသည့် ကြမ်းခင်း ဖယောင်းပုဆိုးကို လက်ညှိုး ထိုးပြသည်။
ကြမ်းပြင် ကို ပြောင်လက်နေအောင် ဆေးကြောပြီး တိုက်ရသည်။ ညခုနှစ်နာရီတွင် ကုလားထိုင် တွေကို စားပွဲပေါ် စီတင်ပြီး တစ်ခါထပ်တိုက်ရသည်။ မနက်မိုးလင်းတော့ ကျောတွေ ရင်တွေအောင့် ပြီး မလှုပ်နိုင် လောက်အောင် ပင်ပန်းနေ၏။ မီးဖိုဆောင်ထဲက ကုလားထိုင်တစ်လုံးပေါ်တွင် အရုပ်ကြိုးပြတ်ထိုင်ချပြီး နံနက်စာ ကို အဘိုးကြီးတစ်ယောက်လို နှေးကွေးလေးကန်စွာ စားသည်။
အလွန်တော်သည့် ကျောင်းဆရာတစ်ယောက် က သည်မျှအောက်တန်းကျသည့် အလုပ်ကို ၀င်လုပ်သည့် အတွက် ယောက်ဖ လုပ်သူ ဆမ်နားမလည်နိုင်အောင် ဖြစ်နေသည်။
၁၉၆၄ ခုနှစ်မေလထဲတွင် ဖာဗီယိုလာနှင် သားကလေးဂျေမီတိုတို့ ရောက်လာကြသည်။ ဖာဗီယိုလာ က လည်း လင်တော်မောင် လုပ်နေသည့်အလုပ်ကို လုံးဝမကြည့်ရက်။ ဂျေမီ က အခြေအနေ အရခဏ ၀င်လုပ်ခြင်း ဖြစ်ကြောင်း ဖြင့် မိန်းမ ကို နှစ်သိမ့်သည်။
သန့်ရှင်းရေး သမားလုပ်ရင်း ညပိုင်း တက္ကသိုလ်တစ်ခုတွင် ကျောင်းပြန်တက်သည်။ သူတစ်ချိန်လုံး မက်မော ခဲ့သည့် အင်ဂျင်နီယာဘွဲ့တစ်ခု ကို ယူဖြစ်အောင် ယူဦးမည်။
"ကိုယ် အင်္ဂလိပ်စာပါ ပြန်သင်နေတယ်။ တစ်ပြိုင်တည်း အင်ဂျင်နီယာသင်တန်း တက်မယ်။ ဘိုလစ်ဗီးယား ကို စာရေးမယ်။"
ကိုယ်ရခဲ့တဲ့ လက်မှတ်တွေ၊ ဆုတံဆိပ်တွေ ပို့ပေးဖို့လေ။ ဒါဆိုကျောင်းဆရာ အလုပ်တော့ ရလောက် ပါတယ် မိန်းမရယ်။
သို့သော် ၁၉၆၄ခုနှစ်၊ သြဂုတ်လထဲတွင် ကာလီဖိုးနီးယား ပညာရေးဌာနက ပြန်စာ တိုတိုကလေး ဖြင့် သူ့လျှောက်လွှာကို ပယ်ချလိုက်သည်။ ဘိုးလစ်ဗီးယားကို အသိအမှတ်မပြုနိုင်ပါ။ အမေရိကန် နိုင်ငံတွင် ကျောင်းဆရာ လုပ်လိုလျှင် ဆရာဖြစ်သင် ကောလိပ်တစ်ခုခု တွင် ဘွဲပြန်ယူရမည်တဲ့။
အလုပ်တစ်ဖက် နှင့် ညကျောင်းတက်ပြီး သည်ဘွဲ့ကို ယူမည်ဆိုလျှင် ဆယ်နှစ်ကြာမည်။ အတန်းထဲ တွင် အသက် ကြီးသွားမည်။ စိတ်ဓာတ်မကျစဖူး ထိုးကျသွားသည်။
ဖာဗီယိုလာ က ကျောင်းဆရာလုပ်ဖို့ကိစ္စ မေ့ထားလိုက်ရန်နှင့် လျှပ်စစ်လုပ်ငန်းတစ်ခုခုတွင် အလုပ်ရှာဖို့ တိုက်တွန်း သည်။ အာကာသသိပ္ပံလို နေရာမျိုးတွင်လည်း အလုပ်တစ်ခုခုရနိုင်စရာ ရှိကြောင်းဖြင့်လည်း အားပေး သည်။ အမေရိကန် ကို ထွက်လာခဲ့ခြင်းမှာ လမ်းသစ်ကို ရှာဖွေလိုခြင်း လည်း ပါသည် မဟုတ်လား။
ဆက်ရန်
.
4 comments:
ဒီဝတ္ထုလေးကြိုက်တယ်
တင်တိုင်းလာဖတ်ဖြစ်တော့မှာ သေချာတယ်..
စောင့်ဖတ်မယ် အစ်မရေ...
ဒါလေး စိတ်ဝင်စားစရာကောင်းတယ်..။ ကြိုက်တယ်။
ကျေးဇူးတင်ပါတယ်းD
ဘ၀ ဘ၀. ကျောင်းဆရာက တောပြောင်းပြီး ကြမ်းတိုက်ရာက ပြန်စရတယ်။ ဆက်ဖတ်ဦးမှာ...
အစက ပြန်ဖတ်ပြီ....
( ၁ )
Post a Comment