ဦးဖက်ထုပ် က ဖြတ်၍ မေးသဖြင့် ...
'အေးဗျာ ... ဟိုကြက်သား သူ မစားရကတည်းက ဒီကြက်ကို ပန်းစုံ ကျွန်တော် ခိုးပေးတာပဲလို့ အမေစကား အတိုင်း ယုံနေတာ၊ ဒီကိစ္စ မပြေလည်သမျှ သူကျွန်တော့်ကို တစ်သက်လုံး မုန်းတော့ မှာဗျ၊ ကဲ ... ဦးဂန်ဂျားကြီး ... ခင်ဗျား စုံထောက်တာ ကောစရန် ပိုက်ဆံတစ်မတ် ပေးထားရပြီးတော့
'အေး ... တဲနွံစလေး ရပြီကွာ'
'ခင်ဗျားဟာက ခုအထိ သဲလွန်စ ရှိသေးသလား'
ဦးကြီးဖြိုး 'ဟောဒီကိစ္စကို ဒါလောက် အရင်မလိုနဲ့ .... တက်ကလေးရေ၊ ငါအခု စိတ်ကူးတစ်ခု ရပြန်ပြီ၊ မင်း ဒီရွာက ခဏခွာနေလိုက်၊ မိန်းမဆိုတာ မြင်ပါများတော့ ရိုးတယ်၊ ခပ်ဝေးဝေး ခွာနေ လိုက်တော့ လွမ်းတဲ့စိတ် ပေါ်လာမယ်'
'အင်း ... ဦးကြီးဟာ လုပ်ပြန်ပြီ၊ အရင်ကတော့ ဘာမှ မပူမပင် ပျော်ရွှင်နေတဲ့ဟန်နဲ့ အိမ်ရှေ့ လမ်းသလား နေ၊ သီချင်းဆိုနေ၊ ပလွေမှုတ်နေတဲ့၊ ခုတော့ ဝေးဝေးပြေးရဦးမယ်၊ ကဲ ... ဘယ်သွား နေရဦးမှာတုံး'
'မြို့တက်နေပေါ့ကွ၊ နို့ပြီး သူတို့အထင်ကြီးအောင် တစ်ခါ တစ်ရံ ဘိုင်စကယ်လေး ဘာလေးငှားပြီး ရွာပြန်ခဲ့ ပေါ့ကွ'
'ကျွန်တော် ဘိုင်စကယ်မှ မစီးတတ်တာဘဲ'
'ဟိုရောက်တော့ သင်ပေါ့ကွ'
'ဟာ ... ခွေး ကြီး မှ လက်ပေး သင်သလိုကြီး'
'ပညာသင်တာ ရှက်စရာလားကွာ' ဦးဖက်ထုပ်က ၀င်ပြောကာ 'နို့ပြီး ဓာတ်စက်မောင်းလဲ သင်ခဲ့ကွာ'
'ဘာလဲ ... ဓာတ်စက်သီချင်း ဖွင့်တာလား'
'အေးကွာ ... ရွာထဲ အလှူအတန်းရှိရင် ဟိုသူကြီးသား ခေါ်ခေါ်ခိုင်းရတာက မာနကြီးလှတယ်၊ သူ့ချော့ရ မော့ရတာ က အမော'
'တူလဲ တူ့ ပင်ညာနဲ့ တူ ချိုတော့ မာန ထားပေမပေါ့လေ'
'ဦးဂန်ဂျား ကပါ ၀င်ပြောသည်၌ ကျွန်တော် အားတင်းကာ ...
'သင်ခဲ့မယ်ဗျာ၊ ကျွန်တော် သွားနေမယ့်အိမ်က ဓာတ်စက် တော့ ရှိမှာပဲ'
ဦးဖက်ထုပ် 'ဘယ်သူ့အိမ်မို့လဲ'
'ဦးမြတ်ချမ်း အိမ်လေ'
'ဟာ ... သူဌေးအိမ်ပဲကွာ၊ မရှိဘဲ နေပါ့မလား'
'အဆင်သင့် ပဲ ဟိုဥပုသ်နေ့က ကျောင်းမှာ တွေ့ကြတုန်းက ဦးမြတ်ချမ်းက သူ့အိမ်လာပြုလည်ဖို့ မှာသွားတာ နဲ့ နို့ပြီး ဟိ ... ဟိ ... ဟိုရီရီဆိုတဲ့ ကောင်မလေးကလဲ သူတို့နံဘေးအိမ်ကတဲ့'
ဦးကြီးဖြိုး 'အင်း ... မင်းလုပ်လာပြီ၊ ဒီကတစ်မှု မပြီးသေးဘူး၊ နောက်တစ်မှု၊ မင့်အသက် မင်းအရွယ် နဲ့ကွာ'
'ဟာ ... ဦးကြီးရ၊ ဘာပြောတာမှတ်လို့လဲ၊ ဒီကောင်မလေးက စက်ဘီးစိးတတ်တယ်၊ သူ့မှာလဲ စက်ဘီး ရှိ သတဲ့ဗျ၊
ကျောင်းမှာတုန်း က သူ့ကို ကျွန်တော်က ပန်းတွေ ခူးပေး လူချင်း ရင်းနှီးပြီး စကားစပ်မိလို့ ပြောသွား တာ၊ ကလေး လူကြီးပေမယ့် ကျွန်တော်တော့ သူ့ဆီကပဲ သင်မှာပဲ'
ဦးဖက်ထုပ် 'အေးလကွယ် ... ပညာရင် နို့ဆိုတာ ကြီးတဲ့ လူဆီကရယ်၊ ငယ်တဲ့ လူဆီကရယ် ဘယ်ခွဲခြား နေရမလဲ ရရာမှာ သောက်စို့ရမှာ'
ဦးကြီးဖြိုး 'မင်း ... ဟိုရောက်တော့ မင့်ခေါင်းတုံးကြီးကို ဗိုလ်ဆံထောက်ညှပ်ကွာ၊ မြို့ဟန်မြို့ဂိုက် ဖမ်းပြီး ရွာ ကို မကြာခဏ ပြန်ခဲ့၊ မိန်းမဆိုတာက ကိုယ့်လင်တစ်သွေးတစ်မွေး ဖြစ်နေတာ မြင်ရင် ပြန်ခုံမင်လာမှာကွ'
ကျွန်တော့် ခေါင်းကို ပွတ်ကြည့်မိကာ ...
အဆင်သင့်ပဲဗျို့ ... ဟောဒီဆံပင်တွေ ရှည်နေတာနဲ့ ရောက်ရောက်ချင်း ညှပ်လိုက်မှာပဲ'
'တောက်တက်ပုက ဒီလိုဆိုရင် ရုပ်ခေမှာ မဟုတ်ဘူးကွ၊ တော်ကြာ မြို့သူနဲ့ကြိုက်လို့ တောမပြန်ဘဲ နေ မှာတောင် စိုးရိမ်ရသေးတယ်၊ ဟဲ ... ဟဲ'
ဦးဖက်ထုပ်က မြှောက်လိုက်၍ ကျွန်တော် အတော်ကလေး အကြည်ဆိုက်သွားပါသည်။ သည်အဘိုးကြီး သက်တော်ရာကျော်ရှည်ပါစေဗျာ။
'ဒါ နဲ့ ဦးကြီး ... ကျွန်တော် မရှိတုန်း ကျွန်တော့် နွားကလေးတစ်ကောင် ဘယ်သူကြည့်ထားမလဲ'
ကျွန်တော်တို့မှာ ပထမရှိစဉ်က နွားတစ်ရှဉ်း ဖြစ်ပါသည်။ သို့သော် လင်မယားကွာသည်၌ ထုံးစံ အတိုင်း ရှိ ပစ္စည်း တစ်ယောက်တစ်ဝက်ခွဲ မို့ သူက တစ်ကောင်ရသည်။ အိမ်ကို ကျွန်တော့် ပေးပါ သည်။
'ဘယ်တော့ ပြန်ပေါင်းရမှာမို့လဲ ဦးကြီးရာ'
ကျွန်တော် ညည်းညည်းညူညူနှင့် မျက်နှာကြီးရှုံ့၍ ပြောလိုက်ရာ ...
'မကြာ ရပါဘူးကွ၊ ငါ့စကားအတိုင်းသာနေ ဒီလမကုန်ခင် မင့်မယား မင့်အိမ်ပေါ် ပြန်ရောက်စေရ မယ် စိတ်ချ' 'ကောင်းပြီ'
ကျွန်တော်တို့ စကားတပြောပြောနှင့် သောက်လိုက်ကြရာ အရက်ကုန်ခါနီး၌ အရီးချစ်စုသည် ချည်ထုပ်ကြီး ရွက်၍ ပြန်လာလေသည်။ အရီးချစ်စုသည် မနက်စောစောကပင် ရက်ကန်း ရှယ်ရန် ရက်ကန်းခုံဖြစ်သော အိမ်သို့ ချည်ချပြီး ဟပ်ပြီးသားတွေ ယူ၍ သွားပြီး ယခု ပြန်လာခြင်း ဖြစ်သည်။

ဘကြီးဖြိုးက ဟဲ့ ချစ်စု.. နင်မောမောပန်းပန်းနဲ့ ပြန်လာတုန်း ၀မ်းသာစကား ပြောရဦးမယ်၊ နင့်အမေရယ် ငါအဖေရယ် စိန်ရွှေရတနာ တွေ ဆင်သုံးစီး နဲ့ အပြည့်တင်လို့ ၀င်းပေါက်က ၀င်လာပြီး ငါ့သမီးနဲ့ ငါ့သား ဆင်းရဲလှတယ်၊ ရော့ ... သုံးဖို့ စားဖို့ လှူဖို့ ယူကြစမ်းဟဲ့ ဆိုပြီး ဆင်တွေ ပါထားခဲ့ပြီး သူတို့က မိုးပေါ်တက် သွားကြတယ်၊ သူတို့ ကိုယ်က ပြိုးပြိုးပြောင်ပြောင်နဲ့ ငါအဲဒီမှာ လန့်နိုးတာပဲ၊ ကောင်းလိုက်တဲံ အိပ်မက်၊ ငါ ဒီအိပ်မက်မျိုး တစ်ခါမှ မမက်ဖူးသေးဘူး၊ ဒါနဲ့ ခုမနက် ဟောဒီ ဦးဖက်ထုပ်ကြီးကလဲ ထီစာအုပ်နဲ့ အသင့်ရောက်လာတာနဲ့ နင့်ခေါင်းအုံးအောက်က ငွေ၂ိ ယူပြီး ထီတစ်စောင်ထိုးလိုက်တယ်'
အရီးချစ်စုမှာ ချက်ချင်းပင် အမောအပန်း ပြေသွားကာ ...
'ဟင် ... ဟုတ်လား၊ ဘယ်မလဲထီလက်မှတ် ကျုပ်သိမ်းထားမယ်'
'ရော့ ... ရော့'
ဦးဖက်ထုပ်အိတ်ထဲ၌ ပါလာသော ဒေါ်ဂျမ်းဘုံ လက်မှတ်ဟောင်းကို ပေးလိုက်သည်။ အရီးချစ်စု က အမြတ်တနိုး ကိုင်တွယ် ကြည့်ရှုပြီး ...
'အတိတ်က ဘယ်လိုရေးလိုက်လဲဟင်'
'ဟာ ... အိပ်မက်အတိုင်း 'ဆင်သုံးစီးနဲ့ ပစ္စည်းအပြည့်' လို့ ရေးလိုက်တာပေါ့ဟ'
အမှန်ကား ... ဒေါ်ဂျမ်းဘုံကို ဦးဖက်ထုပ် ရေးပေးစဉ်က 'ဖွတ်ကြီး လင်ပေးစားရန်' ဖြစ်၏။ အရီးချစ်စု ကား စာ နကန်းတစ်လုံး တတ်သူ မဟုတ်ချေ။ ကျွန်တော်တို့မှာ မရယ် မိရန် မနည်းဣနြေ္ဒဆည်ရပေသည်။ ဦးကြီး က နောက်ကြောင်းလုံအောင်လည်း ပြု၏။
'ထီလက်မှတ်ဆိုတာက လူများတွေပြရတာမျိုး မဟုတ်ဘူးနော်၊ ကိုယ့်ဟာကိုယ် ကျိတ်ကျိတ် သိမ်းထား ရတယ်၊ ကိုယ့်အိပ်မက်ကိုလဲ လူများ လျှောက်မပြောရဘူး'
အရီးချစ်စု မရေအလည်ကလည်း ...
'ကျုပ် နားလည်ပါတယ်တော်'
'အေး ... မပျောက်အောက် သိမ်းထား၊ ထီဖွင့်တဲ့ရက်ကျ မှ င့ါပေး'
'ကဲ ... ရှင်ချစ်စု ငွေ၂ိတော့ ကိစ္စရပ်သွားပေါ့'
ရှင်ချစ်စု ငွေ၂ိတင်ပဲလားတဲ့၊ ဘယ်ဟုတ်ဦးမလဲဗျာ၊ အရက်များ မူးပြီဆိုမှဖြင့် ဤပုလင်း တုံးလုံးလဲ သည်၌ ကျွန်တော် မနေနိုင်တော့ဘဲ အိပ်ထဲက ရှိပိုက်ဆံကလေး ထုတ်ပြီး ...
'ကဲ ... ဦးဂန်ဂျားကြီး နောက်တစ်ချီ သုတ်ချေဦးဗျာ'
ဦးကြီးဖြိုး 'အဲ ... ငါ့တူက နည်းနည်းလေးမူးမှဖြင့် လာတတ်သကွ'
ကျွန်တော်တင်ပဲလား မဟုတ်လား၊ ဦးဖက်ထုပ်လည်း သူ့အိတ်ထဲက လက်ကျန်တစ်ကျပ်လေး ထုတ်ပြန်ကာ ...
'ဟယ် ... စူမိမှဖြင့် မထူးတော့ပါဘူးကွာ၊ ဒီနေ့ အမူး သောက်တော့မယ်၊ သင်မလေး ကို နောက် တစ်အုပ်ကျ မှ မြတ်တာ အကုန်ယူလို့ ပြောလိုက်မယ်'
ဦးဖက်ထုပ်သမီးမှာ ရွာ၌ တော်တော်လေး ချောင်ချောင်လည်လည်ရှိသူ ဖြစ်သည်။ ထို့ကြောင့် အိမ်တွင် ဘာမှမလုပ်ချင်၊ လမ်းလျှောက် လေပန်းနေချင်သော ဖအေအိုကြီးအား အလဟဿ မဖြစ်အောင် ထီ စာအုပ် များ ၀ယ်ပေးထား၏။ အမြတ်ကို တစ်ယောက်တစ်ဝက် ယူသည်။ အဘိုးကြီးက ရသမျှ သောက်သည်။ ထမင်းကို သမီးအိမ်မှာ စား၏။ သင်မလေးမှာ သူ့သမီးကို သူငယ်မလေးဟု ခေါ်ခြင်း ဖြစ်၏။
ဤတွင် ဦးကြီးဖြိုးက သူ့တွင် အခုနက ကျန်သော ငါးမူးလေးကိုလည်း ထုတ်၍ ...
'ကဲ ... ဒါဖြင့် အရက်တင် မဟုတ်ဘူး။ ဟင်းကလေးပါ ဖြစ်အောင် လုပ်ကြမယ်၊ အိမ်ရှေ့အိမ်က မိနက်လေး က ကြက်ရောင်းချင်တယ်လို့ ပြောသံကြားတယ်၊ ဒီအချိန် ပြောင်းစိုက်တော့ ခြင်းထဲ လှောင်ထားတာ အဆင်သင့်ဖြစ်မှာပဲ'
ဦးဖက်ထုပ် 'ဟာ ... ဖြိုးကြီးရ မင့်ကြက်က ဘယ်လောက်နဲ့ ရမှာမို့လဲ၊ ငွေလေး စုစုပေါင်း ရှစ်ကျပ်ခွဲ တည်းနဲ့ အရက် နည်း နေဦးမယ်'
ဤတွင် စုံထောက်ကြီး ဦးဂန်ဂျားက သူ့နဘေး၌ ချထားသော သူ့ဓားမကြီးကို မြှောက်ပြ၍ ...
'မနည်းပါဘူး ... မနည်းရဘူး'
ဦးဖက်ထုပ် 'ဟယ် ... အရက်မနည်းရအောင် မင့်ဓားမကြီးနဲ့ ဘာလုပ်မှာလဲဟ'
'အမယ်နေး ... ညမယ် အိမ်မှာ ဒီဓားမက တစ်လုံးထား သောက်နေကျ'
ယင်း၌ ဦးကြီးဖြိုးက ...
'တယ် ... ပွဲတော်မြိုင်ပဟေ့၊ အားလုံး ထမင်းပါ ဒီမှာ စားရအောင်၊ ချစ်စု ချက်ဟေ့၊ တို့ထီပေါက် မယ့် လူတွေပဲကွာ ခုနှယ်ကစ အလှူပြုကြတာပေါ့' ဟု ဆိုပြီး နောက်အိမ်ရှေ့အိမ်သို့ လှမ်း၍ ...
'ဟေး ... မိနက်ကလေး မိနက်ကလေး'
'တော'
'နင် ကြက်ရောင်းမယ်ဆို'
'အေး'
'ဘယ်ဈေးလဲ'
'ပေါက်ဈေးပေါ့'
'နှစ်ကျပ်ခွဲလား'
'အမယ် ... သုံးကျပ်မတ်တင်းပါတော်'
'အေး ... အေး၊ နင့်ကြိုက်ဈေးပဲပေးမယ်၊ ဘယ်လောက်သားလောက်ရှိမလဲ'
'ချိန်ကြည့်ပေါ့၊ ၅၀သား ၆၀သားလောက် နေမှာပဲ'
'အဆင်သင့်ပဲဟေ့ ဖမ်းပြီးသား'
'ပြောင်းခင်း ယက်လွန်လွန်းလို့ ခြင်းထဲ လှောင်ထားတယ်'
ဤတွင် ဦးကြီးဖြိုးက ကျွန်တော့် ဘက်လှည့်ကာ ...
'ကဲ ... တက်ကလေး ဒီဘက်ကတော့ မင့်ကိစ္စလုပ်ငန်းပဲကွ'
ကျွန်တော့်မှာ ကြက်ကိုင် ကြက်ဖျက်၊ အချက် အမြန်တယ် နာမည်ရသူ ဖြစ်သည်။ ရွာ့မြောက်ဖျား သွားရသော ခြေမြန်တော် ဦးဂန်ဂျား ပြန်မရောက်မီတွင် မီးဖိုပေါ် တင်လေသည်။
ကျွန်တော် မီးကုန်းမှုတ်နေစဉ် အိမ်ရှေ့မှ ဦးကြီးဖြိုးက ...
ဟေ့ ... တက်ကလေး၊ ဟော့ဒီမှာ ဖွားသက် က စပါးခြင်ပေးပါတဲ့'
" ဟာ ... အလျင်လိုလိုက်တာဗျာ "
" ဒီနေ့ နေမီအောင်ပါ မောင်တက်ပုရယ် "
" သွား ... လိုက်ခြင်ပေးလိုက်ပါကွာ၊ ဟင်းအိုး ငါကြည့်လိုက်ပါမယ်"
ဒါဖြင့်လာ၊ ဟော့ဒီလက်စရေခန်း ဟော့ဒီ ငရုတ်ဆီထဲကရေထည့်၊ အဲဒီရေဆူလို့ ခဏကြာရင်ချ၊ ကြက် နုနုလေး သိပ်မနူးစေနဲ့ အရေချိုတော်ပြီ "
" စိတ်ချလက်ချ သွားစမ်းပါကွ၊ ငါလဲ ကာလသားလုပ်လာတာ ကာလသားချက် နားလည်ပါတယ် "
" အသက်ကြီး တော့ မေ့များမေ့လားလို့ဗျာ "
" ဒီ့ပြင်ဟာ မေ့ချင်မေ့မယ်၊ ဒါမျိုးတော့ မမေ့ဘူးဟေ့ "
ကျွန်တော် ခေါင်းတွင် ပေါင်းထားသော တဘက်နှင့် လက်ပါသုတ်ရင်း အပြင်ရောက်လာသောအခါ၌ ...
" မသက်ကလေး ခင်ဗျာ့ခြင်းတောင်းပါရဲ့လား "
" တင်းမပါခဲ့ဘူး၊ နင့်အိမ်မှာမရှိဘူးလား၊ ဒါဖြင့် ငါ ဒေါ်သာလိတို့အိမ်ဘက် လှည့်ဝင်ပြီး ယူခဲ့မယ်၊ နင်သွားနှင့်"
ကျွန်တော် အိမ်ပြန်ရောက်သောအခါ ပုတ်ပေါ်က နှီးကြောဖျာကြီးကို မြေမှာဖြန့်ခင်းပြီး လူက ပုတ်ထဲဆင်း၍ အိမ်ကတင်းကြီးထဲ စပါးထည့်ထားနှင့်၏။ မဖွားသက်ရောက်လာသောအခါ ...
" မသက်ကလေး ဒီမှာလာဗျို့" ဟုခေါ်ပြီး ကျွန်တော်ပုတ်ထဲက မ ပေး၍ သူကရွက်ယူပြီး ခင်ထားသော ဖျာကြမ်းပေါ်မှာချ၏။ ကျွန်တော် ပုတ်ထဲကထွက်လာပြီး သူယူခဲ့သော ခြင်းတောင်းထဲဆတ်ခနဲ ပက်လောင်း ကလေးလောင်းထည့်လိုက်ကာ ဖြုတ်ခနဲ ဇလုပ်တိုက်လိုက်သည်။
" ဟယ် ... တက်ပု၊ နင့်ဇလုတ်က ခုတ်လိုက်တာဟယ်၊ ဒီလိုဆိုရင် တို့ခေါင်းရွက်သည်ကလေးတွေ သေရော ပေါ့ဟယ် "
ကျွန်တော်သည် ရွာ၌ စပါးတင်းခြင်း မောင်ဖိုးဝင်ဟု နာမည်ကြီးသော ဦးဘိုးဝင်ကြီးနည်းကို ခိုးလိုက်ခြင်း ဖြစ်သည်။ တင်းခြင်ခေတ်တွင် ဦးဘိုးဝင်အား စပါးဝယ်ယူတိုင်း ကြောက်ကြသည်။ ခြင်တောင်း ထဲ ထည့်ပုံကို က ဆတ်ခနဲ လောင်းလိုက်ရာ လေဟပ်၍ ဖွပ်ခနဲ မြည်သွားသည်။ ဇလုတ်တိုက်ပြီးသောအခါ၌ တင်းအပြည့် ကို ဒူးနှင့် တိုက်ချလိုက်သော် လက်သုံးလုံးလောက် ဟောက်ပက် ဖြစ်သွား၏။ မကျေနပ်၍ ပြန်ခြင်ခိုင်းကြည့်၊ သည်တောင်းနှင့် သည်စပါး အပြည့်ပဲနေသည်။
ကျွန်တော်ကား သူ့လို လက်သုံးလုံးလောက် ဟောက်အောင်တော့ မစွမ်းပါ။ မသကာ လက်နှစ်ခုပ်စာ လောက် လျော့တော့မပေါ့။ သို့သော် မဖွားသက်ကလေးလို သူဆင်းရဲမအဖို့ ဤစပါးလက်နှစ် ခုပ်စာက အရေးကြီး လှပါသည်။ ထို့ကြောင့် ကျွန်တော် သုံးလေးလက်ခုပ် ကျုံး၍ ထည့်ပေးလိုက်၏။
" ကျေးဇူးပါပဲ မောင်တက်ပုရယ်၊ တို့ ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း လုပ်စားရတာ ဒီနှစ်များတော့ ၀ါကြီး ထပ်လို့ ခါတိုင်းနှစ်ထက် တစ်လတောင် ပိုလုပ်ရဦးမှာပဲလို့ အောက်မေ့လိုက်မိပါတယ်ဟယ်"
အင်း ... ကုသိုလ်ကံပေါ့ဗျာ "
" ငါ သွားလေသူမောင်လေး သတိရတယ်ဟယ် "
သူ မျက်ရည်စို့လာသည်။
" သင်္ခါရပေါ့ဗျာ "
" သောင်းကျန်းသူတွေနဲ့ အစိုးရနှစ်ဖက် သင့်သင့်မြတ်မြတ်ဆိုရင် သူ စောစောစီးစီး သေမယ် မဟုတ် ဘူးဟယ်"
" ဒါတော့ ဒါပေါ့ဗျာ၊ သြော် ... ဒါနဲ့ မသက်ကလေး ကျွန်တော် နောက်ထပ် စပါးငါးတင်းလောက် ရောင်းချင် သေးတယ် "
" ဒီဈေး သုံးပဲတင်းနဲ့ပဲလား "
" မသက်ကလေး ယူမယ်ဆိုရင် ပေးမယ်လေ "
" ဟယ် ... ငါ့ချည်းတော့ ငါးတင်းကြီး မတတ်နိုင်ဘူးဟယ်၊ နှစ်တင်းလောက်ပဲ "
" အေး ... ဒီနှစ်တင်းပဲ သုံးပဲတင်းနဲ့ ပေးမယ်လေ၊ ဒီ့ပြင်လူတွေဆိုတော့ ခုပေါက်ဈေး ပဲတင်းပဲ၊ ကျွန်တော် တစ်ခါတည်း ရောင်းချင်တယ်၊ မသက်ကလေးက ၀ယ်မယ့်သူခေါ်ခဲ့ "
" အေး ... ငါ အေးခင်တို့၊ ဘုတိုတို့၊ လုံမတို့ခေါ်ခဲ့မယ်၊ သူတို့ တစ်ယောက်တစ်တင်းစီတော့ ယူကြမှာပဲ၊ နင် ဘယ်တော့ရောင်းချင်လဲ "
" ခုညနေပဲ၊ ကျွန်တော် နက်ဖြန် မြို့သွားနေမလို့"
" ဟယ် ... ဒါဖြင့် တစ်တင်းဖိုးကို ငါ့ နောက်မှယူဟယ်၊ နင် ဘယ်သူ့အိမ်နေမလဲ၊ ဦးမြတ်ချမ်းအိမ်မှာပဲ မဟုတ်လား၊ ငါ ဆန်ရောင်းသွားရင်းနဲ့ သူတို့အိမ် မကြာခဏ ရောက်တယ်၊ ငါ ၀င်ပေးမယ်ဟယ် "
" အင်း ... ကောင်းပြီလေ "
ထို့နောက် မဖွားသက်က စပါးတောင်းရွက်၍ ကျွန်တော် သူနှင့်အတူ ဦးကြီးဖြိုးအိမ်လာရင်း ပါခဲ့သည်။
ဆက်ရန်
.
1 comment:
ဒီစာအုပ်မဖတ်ရသေးလို့ စောင့်ဖတ်နေတယ်ဗျ။ တင်ပေးတာ ကျေးဇူးအထူးး)
Post a Comment