ဤသို့ဖြင့် ၁၉၈၇ ခုနှစ် နွေဦးကာလသို့ ရောက်လာခဲ့သည်။ နေခြည်တန်းများသည် အတ္တလန်တိတ် လမ်းမကြီး ပေါ် မှ ဓာတ်ကြိုးများကို ကျော်လွှားပြီး ဂါးဖိးလ် အထက်တန်းကျောင်း ဥပစာကို ဖျန်းပက် လျက် ရှိသည်။
အကြိုတက္ကသိုလ်သင်တန်း စာမေးပွဲများ မစမီ တစ်ပတ် အလိုဖြစ်သည်။ သည်နှစ် ဂါးဖီးလ်မှ ကဲကုလ ကျောင်းသား ချည်း လေးခန်းပြည့်သည်။
ဇူလိုင်လ ၇ရက်နေ့တွင် ဘင်၊ ဂျင်မီနက်ဇ်သည် မလာစဖူး ကျောင်းစာပို့ခန်းသို့ စောစောစီးစီး ရောက်လာ သည်။ နောက်ထပ် ရောက်လာသူက ဂျေမီအက်စကာလန်တီ။ အောင်စာရင်းတွင် ပါလာ နိုင်သည်မဟုတ်လား။
ဧရာမ စာအိတ်ထူကြီးကို သူတို့ မျှော်နေကြခြင်းဖြစ်၏။ ကဲကုလ အမှတ်တွေကို အ၀ါရောင် ခြယ်ပြ တတ်သည်။ မျှော်လင့်နေသည့် စာအိတ်ကြီးပါလာသည်။ ဆရာဂျေမီအက်စကာလန် က ရုံးခန်းသို့ သွားပြီး မိတ္တူ တွေ ပွားကြ၏။ အောင်စာရင်း ကို နှစ်ယောက်သား အရင်ကြည့်ပြီး စဉ်းစားကြမည်ဖြစ်သည်။ သည် အောင်စာရင်းသည် သူတို့၏ မှတ်ကျောက်၊ သူတို့ ဇွဲလုံ့လနှင့် အရည်အချင်း ပြဒါးတိုင်ပင် ဖြစ်လေသည်။ နှစ်ယောက်စလုံး ရင်တွေ တဒိုင်းဒိုင်းခုန်နေ၏။
ရှစ်မျက်နှာ ပါသည့် အောင်စာရင်းကိုကြည့်ပြီး မိမိတို့နှစ်ယောက်မှာ ဂါးဖီးလ်မှ ဆရာများ၏ အရည်အသွေး ကို မသိနိုင်သေးဘဲဖြစ်နေ၏ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ယှဉ်ဖို့ အခြားအခြားသော ကျောင်းများ ၏ အောင်ချက်ကို စောင့်ကြည့်ရဦးမည်။ ရက်သတ္တပတ်ပေါင်းများစွာ ကြာဦးမည်။
ဂါးဖီးလ် ၏ အောင်ချက်မှာ ၇၄ရာခိုင်နှုန်းဖြစ်ပြီး အဆင့်မြင့်မြင့်နှင့် အောင်ကြသည်။။ တစ်နိုင်ငံလုံးရှိ အမေရိကန် မက်ဆီကို ပညာတတ် ကပြားကလေးများ၏ ၂၄ရာခိုင်နှုန်းကို ဂါးဖီးလ်မွေးဖွားပေးနိုင်ခဲ့လေပြီ။ သူတို့ အားလုံး ကဲကုလ တွင် ထိပ်ဆုံးမှာ နေရာယူထားကြသည်။
နောင် ၁၂နှစ်အကြာတွင် ဂါးဖီးလ် အထက်တန်းကျောင်းသည် ကဲကုလ ကျောင်းသား ထုတ်လုပ်ရာတွင် တစ်နိုင်ငံလုံး မှာ စတုတ္ထ အကောင်းဆုံးကျောင်း ဖြစ်လာခဲ့သည်။
မည်မျှ အောင်မြင်နေသည်ဖြစ်စေ၊ အဆိုးမြင်သူများက တစ်မျိုးထင်ကြပြန်၏။ အက်စကာလန်တီ မရှိ လျှင်လည်း အချိန်တန်ရင် နွားပိန်ကန်မှာပဲဟု ဆိုသူက ဆို၏။ အလကား ကောက်ရိုးမီးပါဟု ပြောသူက ပြော၏။ အရေးကြီးတာက ရေရှည်ကိစ္စ။ ခုလို လက်ပူတိုက် လွှတ်လိုက်တော့ ကောလိပ်ရောက်ရင် ဒီကလေး တွေ ဒုက္ခတွေ့မှာပါပဲဟု နမိတ်ဖတ်သူက ဖတ်၏။
၁၉၈၆ ခုနှစ်တွင် ကာလီဖိုးနီးယားတောင်ပိုင်း တက္ကသိုလ် လူမျိုးစုအင်ဂျင်နီယာဌာနမှ ညွှန်ကြားရေးမှူး အာမန်ရေနိုး ၏ အစီရင်ခံစာ ထွက်လာသည်။
"လွန်ခဲ့သည့် နှစ်နှစ်မှစ၍ ဂါးဖီးလ် အထက်တန်းကျောင်းသည် လူမျိုးစု ကျောင်းသားများကို ကျွန်ုပ်တို့ တက္ကသိုလ် သို့ သိသိသာသာ တိုး၍ ပို့ပေးနိုင်ခဲ့သည်။ လော့စ်အိန်ဂျဲလိစ် အရှေ့ပိုင်း အထက်တန်း ကျောင်း များအားလုံး က ပို့ပေးသည့် အရေအတွက်တွင် ဂါးဖီးလ် တစ်ကျောင်းတည်းက ပို့ပေးသော ကျောင်းသားဦးရေ က ပိုသေးသည်။ ပို၍ အလေးအနက် ဖော်ပြလိုသည်မှာ ဂါးဖီးလ်ထွက် ကျောင်းသား များ သည် ဤတက္ကသိုလ်တွင် အခြားကျောင်းထွက်များထက် အဆင့်မြင့်ကြခြင်းပင်"
၁၉၈၈ ခုနှစ်တွင် ဂျေမီအက်စကာလန်တီသည် အင်ဂျင်နီယာ ဖြစ်လာသော ကျောင်းသူကျောင်းသား ခုနှစ်ယောက် ကို ဂုဏ်ပြုပွဲကလေး တစ်ခု လုပ်သည်။ အခြားဘွဲ့ရသူများလည်း အများအပြား တက်ရောက် ကြသည်။ ၁၉၈၂ ခုနှစ် တပည့်များကို ကြည့်ပြီး ဆရာ ဂျေမီအက်စကာလန်တီသည် ပီတိမျက်ရည် လည် လျက်ရှိ၏။ သည်ကလေးများသည် မိမိမျှော်လင့်သည့်အတိုင်း အနာဂတ်ပိုင်ရှင်များ ဖြစ်လာခဲ့ကြလေပြီ။ သူတို့ကလေးတွေ ၏ စွမ်းဆောင်မှုများသည် ကမ္ပည်းတင်ရလောက်အောင် အမှတ်ထင်ထင် ရှိခဲ့လေပြီ။
အေလိုတာပီယန် ခေါ် ကျောင်းသူကလေးသည် အကြိုတက္ကသိုလ်သင်တန်း ကဲကုလ အောင်ပြီးနောက် ငါးနှစ်အကြာတွင် ၀ိဇ္ဇာဘွဲ့ကိုပါ ဆွတ်ခူးပြီး ဧရာမ ရေနံလုပ်ငန်းကြီး တစ်ခုတွင် စာရင်းစစ်ဖြစ်နေပြီ။
မာဂရက်ဇ်မာရီပါက ဘွဲ့ရပြီး စီပီအေ ထပ်အောင်သည်။ ဥပဒေဘွဲ့ ဆက်ယူဦးမည်တဲ့။
အယ်လ်ဆာဗိုလာဒိုက် လူမှုရေးစိတ်ပညာနဲ့ သမိုင်းဘွဲ့ယူပြီး ကျောင်းဆရာမ လုပ်နေသည်။
ရောလ်ဟာရို က အာကာသသိပ္ပံ အင်ဂျင်နီယာနှင့် ကွန်ပျူတာ သိပ္ပဘွဲ့ယူပြီး နာမည်ကျော် အင်ဂျင်နီယာ တစ်ယောက် အဖြစ် အမေရိကန်ရောက် လက်တင်နွယ်ဖွားများ လောကတွင် ထင်ရှားနေပြီ။
လူးဝစ်ဆားဗင်တီက အဏုဇီကဗေဒဘွဲ့ရပြီး ရောဂါရှာဖွေရေး ဓါတ်ခွဲခန်းကြီးတစ်ခုတွင် အလုပ်ဝင်နေပြီ။
ရွိုင်းမကွက်ဇ် ကတော့ ဆရာ့လမ်းစဉ်လိုက်ပြီး ဂါးဖီးလ်တွင် အလုပ်ပြန်ဝင်သည်။ ၁၀၈၆ ခုနှစ်တွင် ကွန်ပျူတာသိပ္ပံ နည်းပြ ဆရာအဖြစ် အလုပ်ရခြင်းဖြစ်သည်။ လုပ်သက် ကိုးလအတွင်း သူ့တပည့် အကြို တက္ကသိုလ် ကွန်ပျူတာ စာမေးပွဲ ဖြေဆိုကြရာ ထိပ်ဆုံး ကချည်း အောင်ကြသည်။
သူတို့အားလုံးလိုလို ဓားမနောက်ပိတ်ခွေ လူတန်းစားတွင် လူဖြစ်လာကြပြီး အောက်တန်းနောက်တန်း ကျလှ သည့် ပတ်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့ကြသူကလေးများ ဖြစ်သည်။ ယခုတော့ သူတို့အား သည်လို ဘ၀ အထွေထွေ ကို ဖြတ်သန်းခဲ့ရသည်ဆိုလျှင် အချို့ က ယုံချင်မှ ယုံကြမည်။
သူတို့အားလုံး လျှောက်ဖို့ လမ်းအူကြောင်း ရှာပေးခဲ့သူမှာ ဆရာ ဂျေမီအက်စကာလန်တီ သာ ဖြစ်ပါသည်။

ပြီးပါပြီ
တင်မောင်မြင့်
.
7 comments:
စေတနာထားသူနဲ့ ကြိုးစားသူတို့ ရဲ့ အောင်ပွဲက ပီတိအပြည့်၊ အတုယူချင်စရာ တအားကောင်းပါတယ်။
အခုလိုဝတ္တုကောင်းတွေကို စေတနာပြန်ရိုက်ပြီး ဖော်ပြပေးတဲ့အတွက် အစ်မရွှေစင်၊ စစနဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်လို့..
စေတနာနဲ့ ပြိုင်ရိုက်ပြီး ဖော်ပြပေးတဲ့အတွက် အစ်မရွှေစင်၊ စစနဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်လို့..
ဖတ်ပြီး ၀မ်းသာပီတိဖြစ်ရတယ်..
နောက်ဆုံးတော့ ကျိုးစားမှုရဲ့ အသီးအပွင့်ကို စားသုံးရတာ ချိုမြိန်လိုက်တာနော်..
ဒီလိုဆရာတွေ ကမ္ဘာပေါ်မှာ အများကြီး ရှိလာပါစေ......
လူတစ်ယောက်ရဲ့ ကြိုးစားမှုက ရလာတဲ့ အားပဲ။
ကျနော်တို့နိုင်ငံမှာလည်း ဖြစ်ပါစေ..
ပြောင်းလဲသွားဖို့ဆိုတာ ခေါင်းဆောင်ကောင်းမှ ဖြစ်မယ် ဆိုပြီး ကျွန်တော်နားလည်သလို မှတ်ယူသွားပါတယ်။
မရေ...ရောက်တယ်။ ဘဝကို အောက်ခြေကနေ
မနားမနေ ကျိုးစားကြတဲ့ လူတွေ၊ ပုံရိပ်တွေ မြင်ရ၊
ကြားရတိုင်း အားရကျေနပ်လွန်းလို့ ...ပိုပိုပြီး ကျိုးစား
ချင်စိတ်တွေ ပေါက်ပေါက်လာတယ်။
ဆရာကောင်းများနှင့် တပည့် လိမ္မာများ၏ အောင်ပွဲ
လေး ဖတ်ရင်း တပည့်ဖြစ်တဲ့အချိန်တိုင်း တပည့်လိမ္မာ၊ ဆရာ ဖြစ်ရတဲ့ ချိန်ဆို ဆရာကောင်း ဖြစ်ချင်ပါ၏။ :)
...ခင်မင်လေးစားလျှက်..ခင်မာလာအောင်..:)
စာတွေကြိုးစားရိုက်တင်ပေးတဲ့ အမရွှေစင်နဲ့တကွအားလုံးကို ကျေးဇူးတင်ပါတယ် ဆရာဂျေမီလိုဆရာလို လူမျိုးက လေးစားစရာပါ
Post a Comment