Friday, November 26, 2010

သော်တာဆွေ ၏ ဘွန္တောကြက်သူခိုး အပိုင်း (၁၆)

အခန်း (၁၃)

အခုလို နေ၀င်မိုးချုပ် အမှောင်ထုက အုပ်ပြီဆိုမှဖြင့် ကျွန်တော်တို့ တောရွာမှာ ရှေးယခင်ကလို ပလွေသံ ရော တယောသံများ မကြားရတော့ဘူး၊ အိပ်ငိုက်မျဉ်းသည်အထိ ရက်ရတဲ့ ရက်ကန်း လက်ခတ်သံများသာ တဖြန်းဖြန်း ကြားရတော့တယ်၊ ရွာထဲ သီချင်းလျှောက်ဆိုတဲ့ ကာလသားတွေ လဲ မအားကြဘူး။ သူတို့အိမ်က ရက်ကန်းစင်နား မှာ ရက်ဖောက် ယောက်ပေးနေကြရတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ဆီမှာ မိုးတွင်း လယ်လုပ်ရုံနဲ့ မစားလောက်ကြလို့ နွေဘက် မှာ မြို့က တရုတ်ဆီမယ် ချည်ပုံပေးယူလို့ အိမ်တိုင်း လိုလို ရက်ကန်း ရက်ကြရတယ်။

၄၀ိတန်တဲ့ ချည်တစ်ထုပ်ကို မိသားနှစ်ယောက် ချည်စာတင်ဟယ်၊ သားအမိနှစ်ယောက်ရှိတဲ့အိမ်မှာ တရုတ်ဆီ က ချည်ချဟ.်၊ ချည်ဟတ်ဟယ်နဲ့။ တညင်းလုံးရောက်ပြီး ရက်ကန်းရှယ်လို့ စင်တင်ပြီး ရက်လိုက် တာ ၁၅ရက်၊ အရက် ၂၀လောက် ကြာတော့ အထည် ၂၀ ရတယ်။ တရုတ်ကိုယ်စားလှယ်က လာယူပြီး လက်ခငွေ တစ်ဆယ်ပေးခဲ့တယ်။ သူတို့က တစ်ထည် ဘယ်လောက် ရောင်းမယ်တော့ မသိပါဘူး။ ကျွန်တော် တို့ ဆိုင်ကလေးတွေမှာ ပြန်ဝယ် ၀ယ်ရတော့ သုံးကျပ် တစ်မတ် အသား အဆင်ကောင်းရင် သုံးကျပ်ခွဲ။

အခုခေတ်အစိုးရ စီမံကိန်းအရ လယ်သီးစားခကို မင်းတိုင်း နှစ်ဆသာ ပေးရမယ်ဆိုလို့ ဆင်းရဲသား တွေမှာ ကိုယ့်လယ်ပိုင်လိုပဲ လုပ်စားကြ ရပါတယ်။ သို့သော်လဲ မူလအခြေမခိုင်တော့ နွားငှားရ၊ စပါးပေး ငွေယူပြီး နွားဝယ်ရ၊ မိုးတွင်းစားဖို့ ငွေတိုးချေးရနဲ့ အချိန်တန် စပါးပေါ်လို့ ကြွေးတွေဆပ် လိုက်တော့ တလင်းထဲ နည်းနည်းပဲ ကျန်တော့တယ်။ ဒီကျန်တာလေး အစိုးရက ၃ပိဿာ ၅ကျပ် ဈေး ကန့်သတ်ထားတဲ့အတိုင်း ရောင်းရပြန်တော့လဲ ရောင်းခွင့်လက်မှတ်ရအောင် ယူရတာနဲ့ ကိုယ့်ငွေလေး မြန်မြန်ရအောင် တာလီစာရေး သင့်အောင် တင့်အောင် လုပ်ရတာနဲ့ ကိုယ့်စပါး မမှောင်ခင် ခြင်ပြီးအောင် ကူလီခေါင်းကို ကတိ ထားခဲ့ရတာ နဲ့ အမြီးနုတ် ခေါင်းနုတ် ၃ပိဿာ တစ်ဆယ်လျော့လောက်ပဲ အဖတ်တင်ပါတယ်။

ဒီရတဲ့ငွေလေးနဲ့ အိမ်သုံးပစ္စည်း ၀ယ်လိုက်ပြန်တော့ ဟင်းကြီးလိုက်တဲ့ဈေးက ခေါင်ခိုက်လို့ပါလား။ ဟိုတုန်းက ဆီတစ်ပိဿာခြောက်မူး ကို အခု လေးကျပ်၊ လေးကျပ်တစ်မတ်။ ဒီပြင် ငရုတ်သီး ကြက်သွန် ငါးပိ၊ ငါးခြောက် တွေကလဲ ဒီလိုပဲ လေးငါးဆ၊ အ၀တ်ကလေးဝယ်ခလို့ မေးလိုက်ပြန် တော့ ဟိုတုန်းက အခု ကျွန်တော်ဝတ်ထားတဲ့ ရှပ်အင်္ကျီမျိုး ငါးမတ်ပေးရတာက အခု တစ်ဆယ်မတ်တင်းတဲ့။ ကဲ ... မတတ်နိုင်ဘူး။ အလှူအတန်းသွားဖို့ ခရီးက တင်းသွားဖို့ လင်မယား နှစ်ယောက် တစ်စုံစီတော့ ၀ယ်မှပဲ။ အိမ်မှာနေတော့ ကျောပြင်၊ ရင်လျားလေခွီးတောက် ... ပြောပဲ ပြောချင်ဘူး။ တယ်လေ ဖြစ်ရင် ပုဆိုးတောင် ချွတ်နေ လိုက်ချင် သေးတယ်။

ဒီတော့ ဘယ်မှာအချိန်ပိုထားလို့ ကျွန်တော်တို့တွေ ပျော်ပါးနိုင်မလဲ၊ "မြန်မာလူမျိုးတွေဟာ အင်မတန် ပျော်ပါး တတ်တဲ့ သတ္တ၀ါမျိုးတွေ" လို့ နိုင်ငံခြားသားတွေက သြဘာပေးသွားတယ်ဆို ... ကဲ ဒီမအေပေး မျိုးတွေ ခုပြန်ခေါ်ပြီး ကျွန်တော်တို့ တောရွာပိုင်းလျှောက်ပြလိုက်စမ်းဗျာ၊ ခွေးဟောင် ရင် ကျွန်တော် နောက် က လိုက်မောင်းပေးနေပါ့မယ်။
ဘယ် ... လူတွေ ပျော်ပါးနိုင်မလဲ။ အလုပ်နဲ့လက်နဲ့ မပြတ် ဖတ်ဖတ်မောလို့၊ အခုန ကျွန်တော်ပြော ခဲ့မှပဲ ဟိုတုန်းကလို ညအချိန် ပလွေသံရော၊ တယောသံများ၊ သီချင်းဆိုတဲ့ ကာလသားတောင် မရှိတော့ဘူး၊ ရွာခြောက် လို့ ဆိတ်သုဉ်းလို့။

ဟော ... မြို့ကတော့ တော်ပေးသေးဗျာ၊ ပွဲလမ်းသဘင် ပြတ်တယ် မရှိကြဘူး။ ညအချိန်မှာလဲ မီး တထိန်ထိန် နဲ့ ကော်ဖီဆိုင်တွေ၊ ခေါက်ဆွဲဆိုင်တွေ စည်နေတုန်းပါပဲ။
အခုည ဦးမြတ်ချမ်းတို့ သားများမြေးများ၊ ဘိုင်စကုတ် ကြည့်သွားကြတယ်။
ဇာတ်ကားကတော့ တော်တော်ကောင်းဆိုပဲ၊ ဒါနဲ့ ဦးမြတ်ချမ်းက "ဟဲ့ ... တက်ပု၊ မင့်ပိုက်ဆံရှိ လိုက်ကြည့် ပါလား" တဲ့ ပြောသေးတယ်၊ ဒါပေမယ့် ကျွန်တော့်ဆရာမ ကလေးက "ဘိုင်စကုတ် မကြည့်ပါနဲ့၊ အလကား အချိန်ကုန် ငွေကုန်ပါ၊ အိမ်မှာ စာဖတ်နေ၊ အရီ ညတော့ စာအုပ် လာပေး မယ်" ဆိုလို့ သူ့ကို စောင့်နေတာ၊ ခုတောင် မလာသေးဘူး၊ ဟော ... ပြောတုန်းဆိုတုန်းပဲလာပြီ၊ ဟင် ... ဒီကောင်မလေးဟာ ဘာဝတ်ဝတ် လှတာပဲ။

ကြည့်စမ်း၊ ခုည သူဝတ်လာလိုက်တာ "ဘလောက်စစ်" ဆိုလားပဲ၊ အသားနဲ့ ချပ်ချပ်ရပ်ရပ် တစ်တစ်ရစ်ရစ်။
သည်အချိန် အိမ်မှာ ဟိုပုစုံခရုတွေ ရုပ်ရှင်ကြည့်သွားကြတော့ ဦးမြတ်ချမ်းတို့ လင်မယားရယ်၊ ဧည့်သည် တစ်ယောက် ရယ်၊ ကျွန်တော်ရယ် ဒါပဲ ရှိတယ်။ သည်ဧည့်သည်က မိုင်၂၀လောက် ကွာတဲ့ တောရွာက လူကြီး။ မနှစ်က ဦးမြတ်ချမ်းတို့ဆီက စပါးပေးယူတာ။ ခု ပြန်ပေးစရာမရှိလု့ သည်နေ့ နွားပွဲနေ့။ နွားတစ်ကောင် ဖဲ့ရောင်းရအောင်လာတာ။ နွားက ဈေးမကိုက်။ နွားကို နောက်ဖေးမှာချည်လို့ သူတို့ ခုည သည်မှာပဲ အိပ်ကြမယ်

ဦးမြတ်ချမ်း "ဒီတော့ ခင်ဗျား ဘယ်လိုလုပ်မယ် စိတ်ကူးရလဲ ... ပြောလေ"
ဧည့်သည် "သန်ဘက်ခါ သောကြာပတ် ... ချကြည့်ဦးမယ်လေ"
ဦးမြတ်ချမ်း "ခင်ဗျားဟာ ဘာထူးမလဲဗျ၊ အခု ဒီနေ့ ဗုဒ္ဓဟူးပွဲမှာ ခင်ဗျားက နှစ်ရာ့အစိတ်ဆိုတယ်၊ ၀ယ်သူက ၁၉၀ိ ပေးတယ်၊ ဒီသောကြာပတ်မှာ ထူးပေးတဲ့လူက ရှိဦးမှာလား၊ ဒီနွားပွဲမှာ ဒီဝယ်သူနဲ့ ဒီပွဲစားနဲ့ချည်းဟာပဲ"

ဧည့်သည် (ခေါင်းငိုက်စိုက်နှင့်) "နှစ့်ရာ့အစိတ် မရလဲ နှစ်ရာရာပြည့်ပြည့်ရရင် ရောင်းပါမယ်"
ဦးမြတ်ချမ်း "ခင်ဗျား နှစ်ရာရကော ကျုပ်ကြွေးကျေဦးမှာလားဗျ၊ ခင်ဗျား မနှစ်က စပါး ၇၅ဟင်ဖိုး ဆိုတော့ ၁၁၂ိပဲပေါ့"
"ဟင် ... အတိုးက တစ်ဝက်ကြီးတောင်ပါလား"

"အဲဒါ ဟိုလူကြီးရတော့ ၁၁၂ိရယ်၊ ငါးမူးကခေါင်းဝယ် ကပ်ပြီး ငွေ ၂၂၅ (နှစ်ရာနှစ်ဆယ့် ငါးကျပ်တိတိ) အတိုး မရှိ ချေးပါတယ်လို့ အွန်ဒီမန် စာချုပ်လက်မှတ် ထိုးခဲ့ရတယ်။ နားထောင် နားထောင် ဟိုဆရာကြီး ဘာပြောဦး မလဲ ... ခေါင်းမော်ပြီး ပါးစပ်ပြင်ပြီ"
ဧည့်သည် "ဒီတော့ ကိုမြတ်ချမ်း ဘယ်လိုသဘောရသလဲဆိုတာ အမိန့်ရှိပါဦး"
ဦးမြတ်ချမ်း "ကျုပ် တိုတိုပဲ ပြောမယ်။ ခင်ဗျားနွား ခင်ဗျား နွားပွဲ ရောင်းမနေနဲ့တော့။ ခုန ခင်ဗျား လိုချင်တဲ့ ဈေး နှစ်ရာနဲ့ပဲ ကျုပ်အိမ်ထားခဲ့၊ ကျန်တဲ့ အစိတ်တော့ ခင်ဗျား  သတ်သတ်ရှာပေး၊ စာချုပ်တော့ မဖျက် သေးဘူး၊ အဲဒီ ကျန်တာရမှ ဖျက်မယ်"

ဧည့်သည်သည် မရှုမလှနှင့် ...
"ကဲလေ ... ကိုမြတ်ချမ်း စီရင်တဲ့အတိုင်းပါပဲ"
ဦးမြတ်ချမ်း "ကျုပ်စီရင်တဲ့ အတိုင်းရယ်လဲ မပြောနဲ့ဦး၊ ကျုပ်လုပ်တာ တရားလား မတရားလား စဉ်းစားကြည့်၊ ခင်ဗျားနွား လူများက ၁၉၀ိပေးတာကို ကျုပ်က တစ်ဆယ် အနာခံပြီး ၂၀၀ိ ပေးရ တယ်၊ ဒီ့ပြင်လူ ပေးမတဲ့လား၊ ကျုပ်မို့ ခင်ဗျားကို သက်ညှာတာ"

ဧည့်သည် ဟုတ်ပါတယ်လေ ... ကိုမြတ်ချမ်း ကျေးဇူးပါပဲ၊ ဒီနွားကလေးဟာ နောက်ထားနိုင်ရင် အကျိုး ရှိမှာပါ၊ ခုမှပဲ ညီရုံ ရှိသေးတယ်၊ ကျုပ် လက်ထဲမှာတော့ ခိုင်းလွန်းလွန်းလို့ ပိန်နေတာ၊ မခိုင်း ဘဲ ဆယ့်လေးငါးရက် နားလိုက်လို့ ခုမိုးဦးကျ မြတ်နုပေါက်ကလေးမှာ အသားတက်လာရင် နှစ်ရာ့ အစိတ် မဟုတ်ဘူး ၂၅၀ိ ရနိုင်ပါတယ်။

ဦးမြတ်ချမ်း "ခင်ဗျားတို့ကလဲ ... နွား မညှာမတာ ခိုင်းကြတာကို တိရစ္ဆာန် ကရုဏာတရားမှ မရှိကြ တော့ဘဲ"
ဧည့်သည် "ဘယ် ကရုဏာတရား မရှိလို့ ဟုတ်မလဲ၊ ကိုမြတ်ချမ်းရယ်၊ မရှိဆင်းရဲတော့ ခိုင်းရတာ ပေါ့၊ ဒီနွေမှာ မြစ်နားနဲ့ ဒီမြို့နဲ့ ဆေးရိုးတိုက်နိုင်လွန်းလို့ စားနေရတာပဲ၊ ကိုယ့်နွား ပင်ပန်းမှန်းသိပါ ရဲ့၊ ကိုယ့်မျက်စိ အောက် ကြီးလာတဲ့ ခြံပေါက်ကလေး သနားပါပြီလားဗျာ၊ ကိုမြတ်ချမ်း လက်ထဲမှာ ဆယ့်လေး ငါးရက် လောက်သာ အနားပေး ကျွေးမွေးထားလိုက်စမ်းပါ။ အင်မတန် အစားကောင်းတဲ့ ကောင်ကလေး မကြာဘူး ... တစ်သွေး တစ်မွေး ဖြစ်လာပါလိမ့်မယ်"

ဦးမြတ်ချမ်း ခင်ဗျားနွား မထားနိုင်ပေါင်ဗျာ၊ နွားက ဖောက်ပြီးလဲ မဟုတ်ဘူး၊ ခင်ဗျားတို့မယ် လယ်သမား လုပ်နေတာ အိုသေတော့မယ်၊ နွားဝှေးသင်းပြီးမှ ခိုင်းရမှန်း မသိဘူးလား"
ဧည့်သည် "ဘယ်မသိဘဲ နေမလဲ ကိုမြတ်ချမ်းရယ်၊ ဝှေးထုလိုက်တော့ အနည်းဆုံး တစ်လလောက် မခိုင်း ရဘူး၊ အဲဒီလောက်မှ မနားနိုင်လို့ ပေတေခိုင်းနေရတာ"
သူတို့ ခေတ္တ စကားပြတ်သွားကြသည်။ ကျွန်တော့် အနီးက မရွှေရီက ...

"ကိုကြီး ... နွားကို ဘာလို့ ဝှေးသင်းရလဲဟင်"
"နွားက ဝှေးမသင်းရင် ခိုင်းလို့ မကောင်းဘူး၊ လူကို တယ် မကြောက်ချင်ဘူး၊ အစာကို ကောင်းကောင်းလဲ မစားဘူး၊ နွားအုပ်ထဲ ဗိုလ်ကျပြီးတော့ ဝှေ့ဖော်ရှာနေတယ်၊ နွားမနားက မခွာ ဘူး၊ ဆော့ချင်တယ်၊ ထိန်းရ ကျောင်းရ ခက်တယ်၊ နို့ပြီး အသိုးဆိုတော့  လည်ပင်းသားကြီးပြီး နောက်အား မပြည့်ဘူး၊ နောက်ချဲ ကလေး ဖြစ်နေတတ်တယ်၊ အဲ ... ဝှေးသင်းလိုက် မှ ရှေ့နောက် ပြည့်ပြီး ခိုင်းအားကောင်းလာတယ်"

"နို့ပြီး ... ဟို ဦးကြီးပြောတာ ပဲ့ညီ" ရုံ ရှိသေးတယ်ဆိုတာက ဘာပြောတာလဲ"
ငါ့ညီမ မှတ်ထား သေသေချာချာ ပြောပြမယ်၊ နွားမှာ ရှေ့သွားရှစ်ချောင်းရှိသည့်အနက် ဟော အလယ် တည့်တည့် က ရှေ့နှစ်ချောင်းကို "ခေါင်" လို့ခေါ်တယ်၊ နောက်ဆုံးက ဟိုဘက်တစ်ချောင်း၊ ဒီဘက်တစ်ချောင်း ကို "ပဲ့" လို့ ခေါ်တယ်၊ အဲဒီပဲ့နဲ့ ခေါင်အကြားက ဟိုဘက် နှစ်ချောင်း၊ ဒီဘက် နှစ်ချောင်း နှစ်ဖက်ပေါင်း ကို "လေးချောင်း" လို့ ခေါ်တယ်၊ နွားမှာ ပထမဦးဆုံး ရှေ့နှစ်ချောင်းချိုး တော့  နှစ်ခါလည်သား "ခေါင်ချိုး" ကလေးလို့ ခေါ်တယ်။

"နဖားကြိုးဖောက်ရပြီ၊ နောက်လေးချောင်း ဆိုတာ ချိုးတော့ရင် "လေးချောင်းချိုး" လို့ခေါ်တယ်၊ လေးခါလည်သား ဝှေးသင်းပြီး ကျင့်လုပ်ကလေး လုပ်ရပြီ၊ အဲ ... နောက်ဆုံး "ပဲ့ညီ" တယ်ဆိုတာ က ပဲ့သွားကလေးတွေ ကျိုးပြီးလို့ ပြန်ပေါက်တာ သွားအားလုံးနဲ့ ညီသွားတဲ့အခါကို ပြောတာ၊ ဒီတော့ သူခြောက်နှစ်သား ရှိသွားပြီ၊ နှစ်နှစ်ခိုင်းပြီးလို့ ထမ်းပိုးခွင်မှာ ကောင်းကောင်း အသားကျ သွားပြီ၊ တက်နွား အဖိုးတန်ဆုံး အရွယ်လို့ ခေါ်တယ်၊ နားလည်ပလား"

"လည်ပါပြီ ကိုကြီးရယ် ... မြန်မာပြည်ရဲ့ ကျေးဇူးရှင်တွေ အကြောင်း မြန်မာပြည်က ဆန်စားတဲ့ လူတိုင်း သိသင့် တာပဲ"
ဟင် ... နွားများ တယ်သနားစရာကောင်းတာပဲ၊ နွားနဲ့အတူ သနားဖို့ လူတွေလဲ ရှိပါသေးတယ်"
ဤအခိုက်၌ ဧည့်သည်ကြီးက စကားဆက်သည်။
"ကိုမြတ်ချမ်းတို့ ဒီနွား ဘယ်လိုလုပ်မယ် စိတ်ကူးလဲ၊ ပွဲချပဲ ရောင်းပစ်မလား၊ ဒါမှ မဟုတ် ..."
ဦးမြတ်ချမ်း "ခင်ဗျား နွားပွဲချရောင်းလို့ ၁၉၀ိပေးတာ ကျုပ်ရှုံးနေမှာပေါ့ဗျ၊ ဒီနှစ်လက်ထဲထားပြီး အငှားချ လိုက်မယ်"

ဧည့်သည် "ဒီလိုဆိုရင် ကျုပ်ပဲ ပြန်ချစမ်းပါဗျာ၊ ကျုပ်အိမ်မှာ နွားတစ်ဖက်တည်း ကျန်တော့တာ၊ တခြား ငှားနွား ရှာရမယ့်အတူတူ ကိုယ့်နွားကလေးပဲ ကိုယ်ပြန်ကိုင်ပါရစေ"
ဦးမြတ်ချမ်း ခေတ္တ စဉ်းစားနေသည်။ ဤတွင် အနားဆေးပေါလိပ်ကြီး ဖွာနေသော ဒေါ်အေးဆင့်က ကြား ၀င်သည်။

မောင်ကြီးဖိုးသင်း နဲ့ မဖြစ်ပါဘူး ... ရွာက သိပ်ဝေးတာ၊ ကိုယ့်နွား ကိုယ့်အနား နီးနီးနားနား လှည်းဝင်ရိုး ပင်ရွာက မြအေးတို့ နွားတစ်ကောင် ရှာပေးပါ ပြေားထားတာ အဆင်သင့်တဲ့ဘဲ သူတို့ ပဲ ပေးရမယ်"
ဧည့်သည် "ဟယ် ... အေးဆင့် ရယ်၊ ငါ့ခြံပေါက်ကလေး ငါပြန်ကိုင်ချင်လို့ ပြောတာပါဟယ်၊ တကယ်လို့ ရှေ့နှစ်ခါ ချောင်လည်ရင် ငါ့နွား ငါတန်ဈေးနဲ့ ပြန်ယူပါ့မယ်"
ဒေါ်အေးဆင့် "မဖြစ်ဘူး ... အခု မောင်ကြီး ဖိုးသင်းဆီ ငွေအစိတ်တောင် ကျန်သေးတယ်၊ ဒီငွေ ကိုလဲ အခု အတော အတွင်း ပေးနိုင်မလား၊ ဒါမှမဟုတ် ရှေ့နှစ်ခါပေး စပါးပေးပဲ ထပ်လုပ်မလား"
ဧည့်သည် "ခုတော့ မပေးနိုင်ဘူးဟယ်၊ ငါဒီနှစ် ခြေကုန် လက်ပန်းကျတယ်၊ နောက်ထပ် အစိတ် ဖြည့်ပြီး တော့ ငါးဆယ် စပါးပေးပဲ လုပ်လိုက်ပါ"

ဦးမြတ်ချမ်း "ဟာ ... နောက်ထပ် မဖြစ်ဘူးဗျာ၊ ခင်ဗျားက အင်မတန် လက်ခက်တာ၊ အခု နွားဆွဲ လာတာ တောင် ကျုပ်က လူလွှတ်ခိုင်းလို့ မဟုတ်လား"
ဧည့်သည် "ကျုပ်ကို လက်ခက်တယ် မဆိုပါနဲ့ ကိုမြတ်ချမ်းရယ်၊ ဒီနှစ်ဖြစ်ရတာက ချောင်းကမ်းပါး နားက လယ် တွေ ရေနစ်လို့၊ ကိုယ်တစ်ယောက်တည်းလဲ မဟုတ်ပါဘူး၊ အများနဲ့ဖြစ်ရလဲ ၀မ်းစာ စပါးလောက်မှ မရ ဖြစ်လို့ပါဗျာ၊ နို့မို့ရင် ခင်ဗျားကြွေးကို စပါးပေါ်ပေါ်ချင်း လာပေးဖို့ပါ၊ ကျုပ် ဗုဒ္ဓ ဘာသာပါ၊ သူများကြွေးမြေကို တစ်ရွေးကလေး အတင်မခံချင်ပါဘူး၊ မြေကို အင်မတန်ကြောက် ပါ တယ်၊ အဲဒီနှစ်ပျက်စီးလိုက်တာ စပါး ၇၀၀ ထွက်လောက်"

ဒေါ်အေးဆင့် မောင်ကြီး ဖိုးသင်းဟာက ဒီနှစ်ကော ဒီလယ်တွေဟာပဲ ထပ်မပျက်စီးဘူးလို့ ဆိုနိုင်မှာ လား၊ ဒီတော့ စိတ်မချရတာကြီးကို နောက်ထပ်ငွေတော့ မပေးဝံ့ပေါင်တော်"
ကဲ ... ပတ်ပိတ်ကရောဟ ...။
ဤတွင် မရွှေရီက ...
"ကိုကြီး၊ ကြီးကြီးက မောင်ကြီးဖိုသင်းလို့ ခေါ်တယ်၊ သူတို့ ဆွေမျိုးထင်တယ်နော်"
"မောင်နှမ နှစ်ဝမ်းကွဲ ပဲ အရီရဲ့"
"ဟင် ... ဒီလောက် ရင်းတာတောင်မှ ရက်စက်လိုက်တာနော်"
"ရှီး ... တိုးတိုး ကျား ... ကြားသွားမယ်၊ ငွေမှာ ဆွေမျိုး မရှိဘူး"

ယင်းအခိုက် မိုးတဖြောက်ဖြောက် ရွာလာလေရာ နွားရှင်ဟောင်းက ...
"ဟင် ... နွားလေးတော့ နောက်ဖေးချည်ထားတာ ဒုက္ခပါပဲ၊ မိုးရေထဲ ဖြစ်တော့မယ်"
နွားရှင်သစ်ဖြစ်လဲ  မတတ်နိုင်ဘူး၊ ကျုပ်အိမ်မှာ နွားတင်းကုပ်ရှိတာ မဟုတ်ဘူး၊ မော်တော်ကား ဂိုဒေါင်ပဲ ရှိတယ်၊ ဒီတဲသွင်းပြန်လဲ နွားကလဲအိပ် မှာ ထ မှာနဲ့ ကန်မှာကြောက်မှာနဲ့ မော်တော်ကား ကို ထိခိုက်ဦးမယ်"

ဤတွင် နွားနှင့် ဘယ်သို့မှ မပတ်သက်သူက ...
"ဒီမှာ ဦးကြီး၊ အရီတို့ အိမ်အောက်မှာ ဆွဲယူသွားပြီးတော့ ချည်ထားလိုက်မယ်လေ"
မရွှေရီက ဆိုလိုက်၏။

ဦးမြတ်ချမ်း "ဟယ် ... နင်တို့အိမ်အောက်မှာ ချေးတွေသေးတွေ ဖြစ်နေဦးမှာပေါ့"
"ဖြစ် ... ဖြစ်၊ မနက်ကျ အရီ သိမ်းပစ်မှာပေါ့၊ လာ အစ်ကိုကြီး အရီတို့အိမ် ဆွဲပို့" ဆိုသဖြင့် ကျွန်တော်မှာ မိုးတဖြောက်ဖြောက်ပင် အိမ်နောက်ဖေးသို့ ဆင်းခဲ့ရပါသည်။
နွားဆွဲ၍ အိမ်ရှေ့ပေါက်ရောက်သည်၌ အရီပါ ဆင်းလိုက်လာသဖြင့် ...

"ဟဲ့ ... အရီ ... အရီ မိုးရွာနေတယ်လေ"
"ရွာ ... ရွာ ကိုကြီးရယ်၊ ဒီမိုးလောက် အရေးမကြီးပါဘူး"
"သွား ... သွား၊ ဒါဖြင့် သုတ်သုတ်ပြေးနှင့်၊ ဟဲ့ ... နွားကလဲ သွက်သွက်သွားစမ်း" ကျွန်တော် ကြိုးခေါက်နှင့် ဖျတ်ခနဲ တစ်ချက်ချလိုက်၏။
မရွှေရီ ပြန်လှည့်ပြီး ...
"မရိုက်ပါနဲ့ ကိုကြီးရဲ့

"နွားက တော်တော်ပန်းနေတယ်ဟေ့၊ ရိုက်တာတောင် မဖြုံဘူး"
အရီ တို့အိမ်မှာ တစ်ထပ်အိမ်မြင့်ဖြစ်၍ အိမ်အောက်၌ ဟိုသင်းဒီသင်းကို အနည်းငယ်ရှင်းလိုက် သည်၌ နွားတစ်ကောင် ကောင်းစွာ နေသာသွားလေသည်။
သူ့အမေက အိမ်ပေါ်မှ "ဟဲ့ ... ဘယ်ကနွားဆွဲသွင်းလာလဲ" ဟု မေးသည်ကို အကျိုးအကြောင်း ပြောပြီးနောက် ကျွန်တော်တို့ မောင်နှမ နှစ်ယောက်လိုသော အရာဝတ္ထုတွေ ချီရွှေ့နေကြရင်း မရွှေရီက ...
"အင်း ... ကြီးကြီးတို့လင်မယားလဲ သနားစရာပဲ"

"အမယ် ... သူတို့ ချမ်းချမ်းသာသာကြီး ဘာသနားစရာလဲကွယ့်"
"သနားစရာက ဒီလို ကိုကြီးရဲ့၊ သူတို့မှာ အရင်းရှင်စနစ်ဆိုတဲ့ ယန္တရားကြီးအတွင်းမှာ သဘော တရား အမှန်ကို မသိဘဲနဲ့ ငွေတိုးချရတယ်၊ ပစ္စည်းစုဆောင်းရတယ်၊ ဆထက်ထမ်းပိုးတိုးအောင် လုပ်ရတယ် ဆိုတာလောက်သာ နားလည်ပြီတော့၊ ဒီလို့ဆီက ပစ္စည်း ဒီလို ယူလိုက်တာဟာ တရား သလား၊ မတရား သလား မစဉ်းစားဘူး၊ အရင်းရှင်စနစ် ယန္တရားက မောင်းနှင်တဲ့ စက်ရုပ်တွေ အတိုင်းပဲ၊ လောဘ တွေပွား ရမ္မက်တွေများ၊ ကိုယ့်ဆွေမျိုးသားချင်းရယ်လို့မှ အကြင်နာမရှိ၊ မေတ္တာ၊ ကရုဏာဆိုတဲ့ ဗြဟ္မစိုရ် တရား တွေ ကင်းပြီး သူတို့ ကိုးကွယ် ဆည်းကပ်ပါတယ်ဆိုတဲ့ ဘုရားသြ၀ါဒ နဲ့ ကင်းလွတ်နေပါရောလား ကိုကြီးရယ်။

"အခုနေ လူကြီးဆီကများ ကြည့်စမ်း၊ သူတို့ငွေရင်း ၁၁၂ိ-၈ဲ အမြတ်ထုတ်ပေးရတာ ၂၀၀ိတန် နွားရ လို့ ၈၇ိ-၈ဲ အမြတ်ရနေပါပြီ၊ အဲဒီဟာအီ ဟိုအများကြီးက ငွေအစိတ်လောက် ထပ်ပေးပြီး စပါးပေး ပေးပါဦးဆိုတာ မပေး နိုင်ဘူး တဲ့၊ သူ့နွားကလေး သူပြန်ငှားပါဆိုတာလဲ  အရပ်ဝေးလို့ မငှားနိုင်ဘူး တဲ့၊ ကဲ ... ကိုကြီး အဲဒါ ဘယ့်နှယ် သဘောရလဲ"
"အရီ ပြောတာလဲ သူတို့အပြစ် ဟုတ်နေတာပဲ၊ သို့သော်လဲ တစ်ဖက်လူ ကျေနပ်လို့ အတိုးနဲ့ချေး တာ အပြစ် ရှိတယ် လို့ ဘယ်တရားတော်ကမှလဲ မဆိုတာကိုး"

"ကိုကြီး ... ဟိုအတိုးပေးရတဲ့ လူကြီးကများ ကျေနပ်တယ် ထင်သလား၊ ခမျာကြီး ၀မ်းရေးက ကျပ်တော့ အငတ်မခံနိုင်လို့ မျက်စိမှိတ် ချေးရှာတာ၊ စင်စစ် ကြွေးရှိရင် နောက်ဘ၀မှာ မြေခံရတယ် ဆိုတဲ့ စကားသာမှန်ရင် ကဲ ... ခုနက အမှုမှာ စာချုပ်ပေထဲမှာသာ ဟိုလူကြီးအပေါ် ငွေရှိတာ ဖြစ်နေပြီး တကယ် ငွေအပေး အယူ စစ်ကြည့်လိုက်တော့ ဘယ်သူ့ အပေါ်မှာ ဘယ်သူ စူးသလဲဟင်၊ ယမမင်း ခုံရုံးရောက်တော့ ဦးမြတ်ချမ်း တို့က ဒီစာချုပ် ကိုင်သွားမှာတဲ့လား၊ ကဲ ... အစစ်အမှန် တွက်ကြည့်တော့ ဘယ်သူက မြေခံ ရမှာလဲ" ကျွန်တော် ရယ်မိကာ ...

"ဟီး ... ဟီး ... အရီတွက်တဲ့ စီရင်ချက်အတိုင်းသာ ဆိုရင်ဖြင့် ဦးမြတ်ချမ်းတို့မှာ မြေခံစရာတွေ အနမတဂ္ဂပါကလား၊ သူတို့ဟာ ဒီလိုအတိုးရင်းချတာနဲ့ ချမ်းသာနေတာပဲ"
"အဲဒါကြောင့် သူတို့ကို အရီ သနားပါတယ်လို့ဆိုတာ၊ သူတို့ ဘယ်လောက် ချမ်းသာ ချမ်းသာ၊ စားတော့လဲ ထမင်းနှစ်နပ်ပါပဲ ကိုကြီးရဲ့၊ ငွေတိုးချခြင်း၊ အလုပ်သမားပေါ်က လုပ်အားကို ခေါင်းပုံ ဖြတ်ခြင်းဆိုတဲ့ အရင်းရှင်စနစ်ဟာ ဗုဒ္ဓဘာသာ တရားတော်ကို ဖျက်နေတာ ကိုကြီးရဲ့၊ ကိုကြီး အိမ်ရောက်တော့ အရီ ထားခဲ့ တဲ့ မဂ္ဂဇင်းထဲက "ဘာသာနဲ့ အရင်းရှင်စနစ်" ဆိုတဲ့ ၀တ္ထုကို ဖတ်ကြည်"
ကျွန်တော်တို့မှာ စကားတပြောပြောနှင့် ပစ္စည်းတွေဖယ် သိမ်းပြီးနောက် ...

"ကိုကြီးနေရာတော့ ပြီးသွားပြီ၊ နွားကလေး ည ခြင်မကိုက်အောင် မီးဖိုပေးရ မကောင်းဘူးလား"
"ကောင်းတာပေါ့ ... ဒါပေမယ့် ဘာနဲ့ဖိုမလဲ"
"အမေ့ မရောင်းရတဲ့ ဆေးရိုးအောက်တွေ ရှိတယ်၊ နွားမီးဖိုလို့ ကောင်းပါ့မလား"
"ဟာ ... ဖတ်စစ်ကလပ်ပေါ့"
"ကဲ ... ဒါဖြင့်လာ ဟောဒီအိမ်ကြီးထဲမှာ"

ကျွန်တော်တို့ မောင်နှမ နှစ်ယောက် ဆောင်ရွက်လိုက်ကြရာ မကြာမီ၌ နွားကလေးသည် မီးဖို နံဘေးတွင်  တုံးလုံး လှဲကာ စားမြုံကလေး တခတ်ခတ်နှင့် ဇိမ်တိုးနေလေပြီ။
"ဟင် ... ကိုကြီး နွားလေးပါးစပ်က လှုပ်တုတ် လှုပ်တုတ်နဲ့ ဘာတွေ ၀ါးနေတာလဲ"
"ကွမ်းစားနေတာလေ"
"ဟာ ... ကိုကြီးကလဲ မဟုတ်တာ"

"စားမြုံပြန်တာ ခေါ်တယ် အရီရဲ့၊ ကျွဲတို့ နွားတို့မှာ ဒီ့ပြင် တိရစ္ဆာန်တွေလို အပေါ်သွား မရှိတဲ့ အပြင် အစာပါးစပ်ထဲရောက်ရင် ၀ါးပြီး ချနိုင်သေးတာ မဟုတ်ဘူး၊ အစာက ကြမ်းတော့ ဗိုက်ကား  အောင်သာ အထဲဆွဲမျိုချရတယ်၊ အဲဒီလို အလုပ်အားတဲ့ အချိန်ကျမှ အစာအိမ်ထဲက ပြန်ထုတ်ပြီး အေးအေးဆေးဆေး အညက် ၀ါး ရရှာတယ်"
"ဟင် ... သနားစရာနော်၊ လောကမှာ သူတို့လဲ အပင်ပန်းဆုံး၊ သူတို့စားရတဲ့ အစာကလဲ အညံ့ဆုံး"

"နွားတွေမှာ ညအချိန် စားမြုံ့ခတ်ရတာနဲ့ သိပ်အိပ်ရတယ် မရှိဘူး၊ "ကြက်အိပ်ကြက်နိုး" ဆိုတဲ့ စကားလိုပဲ၊ နွားဟာ အင်မတန် အအိပ်အနေ နည်းတယ်၊ ကိုကြီးတို့ အိမ်မှာ နွားတွေ ရှိတယ်၊ ညတင်းကုပ်ထဲ ဘယ်အချိန် ဆင်းသွားလိုက် သွားလိုက် သူတို့ နိုးနေတာ တွေ့ရတယ်၊ ဘယ်လို အိပ်နေနေ လူနံရတာနဲ့ သူတို့ နိုးတယ်၊ မနက်စောစော သေးတင်တဲ့အခါမှာဆိုလဲ အဆင်သင့် ထကြတာပဲ"
"ဟင် ... အစ်ကိုကြီး "သေးတင်" တယ်ဆိုတာ ဘာဘဲဟင်"

"သူတို့အိပ်တဲ့နေရာမှာ စိုမကုန်အောင် ခုံပေါ်ကို တက်ပေါက်ခိုင်းတာလေ၊ ခုံပေါ်မှာဆိုတော့ နဘေး လျှောက်မစီးတော့ဘူး၊ ခုံမှာ အပေါက် ရှိတယ်၊ ခုံအောက်မှာ အပြင်ဘက် စီးထွက်ဖို့ မြောင်း ရှိတယ်။ ကဲ ... အရီ ကိုကြီး ပြန်မယ်၊ အရီတို့ အိမ်အောက်တော့ ခုံရယ် ဘာရယ် မရှိလို့ ချေးတွေ သေးတွေ ညစ်ပတ် တော့မှာပဲ၊ မနက်ကျမှ ကိုကြီး လာသိမ်းပေးမယ်"
"အမယ် အရီ့ဟာ အရီ သိမ်းမှာပေါ့"

"နွားတစ်ကောင် တစ်ညအိပ် ချေးသေးသိမ်းရတာ လွယ်တာ မဟုတ်ဘူး အရီရဲ့"
"သိပါတယ်၊ အရီက သူ့ကို "နွားတစ်ကောင်" လို့ သဘော မထားပါဘူး၊ မြန်မာပြည်ရဲ့ အသက်သခင် ကျေးဇူးရှင်ကြီး တစ်ပါး ကို ကုသိုလ်ကံထူးလို့ တစ်ညတာ ပြုစုလိုက်ရတာ" လို့ သဘောထားမှာပါ ကိုကြီးရဲ့"

ဆက်ရန်
.

1 comment:

အုပ်ကြီး said...

ကြက်အိပ် ကြက်နိုး ကြက်သူခိုး
အပိုင်း ၁၆ ရောက်ဘီကွ ... :D