အခန်း (၁၄)
နောက်တစ်နေ့ နံနက်၌ ကျွန်တော်သည် ဦးမြတ်ချမ်း ဒေါ်အေးဆင့်တို့ ခိုင်းစေချက်အရ ဤနွားကို ကျွန်တော်တို့ ရွာက သူတို့ တူမ မမြအေးတို့ အိမ်သို့ပို့ရန် အရီတို့ အိမ်အောက်မှ ဆွဲထုတ်ခဲ့ရလေ သည်။
ပါးပြင်တွင် သနပ်ခါးရေကျဲ အစင်းစင်းကလေးတွေနှင့် တသင်းသင်းမွှေးနေသော အရီသည် အိမ့်ပြင် ရောက်အောင် လိုက်လာကာ သူ၏ တစ်ညတာ ဧည့်သည်ကလေးကို ကြည့်ရှုလျက် ...
"သြော် ... သူ့ခမျာလေး ချမ်းသာတဲ့လူ လက်ထဲရောက်ပေမယ့် သက်သာမခိုရသေးဘူး၊ အလုပ် ခိုင်းမယ့်လူ ဆီ သွားရဦးမယ်နော်"
"နွားဆိုတာ ခွေးလို ကြောင်လိုမှ မဟုတ်ဘဲ၊ သူ့ဘ၀ကိုက လူတွေလက်ထဲ ခိုင်းဖို့စေဖို့ ဖြစ်တာကိုးကွ"
"သနားစရာ သတ္တ၀ါမျိုးနော်၊ ဒါကြောင့် မိုးညှင်းကိုယ်တော်ကြီးကလဲ လူတွေရဲ့ အသက်သခင် ကျေးဇူးရှင် ဆိုပြီး အမဲသား မစားဖို့ သိပ်ဟောခဲ့တာပဲ၊ အခု အစိုးရလဲ နွားမသတ်ဖို့ ဥပဒေ ထုတ်ထား တာပဲ"
"ဒါပေမယ့် ခိုင်းစေ မဖြစ်တော့ပဲ နွားအို နွားမင်းတွေ အကျိုးအကန်းတွေကျတော့ ဘယ့်နှယ်လုပ် မလဲ၊ မသတ်ဘဲ ထားလို့ကို မဖြစ်ဘူး၊ ဘာကြောင့်လဲဆိုရင် တောသူတောင်သား ဆင်းရဲသားတွေ မှာ ဒီနွားမျိုး လက်ထဲ အဖတ်တင် လာလို့ရှိရင် ထိန်းကျောင်း ကျွေးမွေးပြီး အငြိမ်းစားပင်စင် ပေးမထားနိုင်ဘူး၊ နို့ပြီး နောက်တစ်ကောင် ၀ယ်ဖို့ ငွေလဲ လိုတယ် မဟုတ်လား၊ ဒီတော့ သူ့အသား ဖိုးက ရသမျှ ဖြည့်ငွေ ရအောင် လို့"
"အေးလေ ... ဒီလိုဆိုတော့လဲ ဟုတ်တာပဲ၊ ဒါကို အစိုးရက တစ်နည်းတစ်ဖုံ စီမံပေးဖို့ ကောင်းတယ်နော်"
"အစိုးရ က မစီမံတော့ ကိုယ်တို့ တောသားတွေ က ပုဆိန်နဲ့ စီမံပြီး သူကြီးကို မှင်သက်မိတယ်လို့ တိုင်လိုက် ရတာပဲ"
"မှင်သက်မိတယ်ဆိုတာ ဘာလဲဟင်"
"ဖျားနာမနာ ဘဲ ရုတ်တရက် ဗုန်းဗုန်းလဲ သေသွားတဲ့ နွားရောဂါ တစ်မျိုးပေါ့ကွယ်"
"သြော် ... လူဆိုရင် လေသင်ဓုန်းဖြတ်တယ်ဆိုမှာပေါ့နော်"
"ဆိုနိုင်ပါရဲ့၊ နို့ပြီး တစ်နည်း ရှိသေးတယ်၊ "မှင်စာ" ဆိုတာ အရီသိတယ် မှုတ်လား"
"ကြားဖူးပါတယ်"
"အေး ... အဲဒီကောင်မျိုးဟာ ၀က်တို့ နွားတို့ကို ဖမ်းနိုင်တယ်လို့ ဆိုတယ်၊ မှင်စာ ဖမ်းစားလို့ သေတာမို့ "မှင်သက်" မိတယ်လို့လဲ ဆိုကြတယ်၊ မှင်စာဆိုတာက တိရစ္ဆာန်သရဲ ခေါ်ရမယ်ပေါ့ ကွယ်၊ လူတွေကိုတော့ ဘာမှ ကြီးကြီးကျယ်ကျယ် ခြောက်လှန့်ခြင်း ဖမ်းစားခြင်း မပြုနိုင်ဘူး"
"ဒီကောင်မျိုးက တကယ်ရှိလားဟင်၊ ကိုကြီး တွေ့ဖူးလား"
"တွေ့ဖူးတယ်၊ တစ်ခါက ညအချိန်မှာ ကိုကြီး လက်ထဲကောက်လှိုင်းစောင့် သွားတော့ ဖြူဖြူ ဖွေးဖွေးကလေး အကောင် က ကြောင် ခပ်ရွယ်ရွယ်လောက်ပဲ ရှိမယ်၊ ဟာ ... လူလမ်းလျှောက်သွား တာကို ခြေကြားထဲ ရှေ့က ဖြတ်ဝင်လိုက်၊ နောက်ကလှည့်ဝင်လိုက်၊ နံဘေးကပတ်လိုက်နဲ့ ရှုပ်နေ တာပဲ"
"နေပါဦး ... ကိုကြီး မကြောက်ဘူးလား"
"မှင်စာဆိုတာ လူကို အန္တရာယ် မလုပ်တတ်မှန်း သိနေတော့ မကြောက်ဘူးပေါ့ကွ၊ ကိုယ့်ခြေကြား ထဲက ဖွေးခနဲ မြင်လိုက်တော့ ရုတ်တရက် လန့်သွားသေးတယ်ကွယ့်၊ နောက်မှင်စာမှန်းလဲ သိရော ခြေထောက် နဲ့ ချည်း လှည့်လှည့်ကန်လိုက်တာ တယ်မကြောက်ပါဘူး ငနဲကလေး ပျောက်ပြေးရော ဟေ့"
"ဟင် ... မကန်မိဘူးလား"
"ဘယ်ကန်မိမလဲကွ၊ သူက အကောင်အထည်မှ မဟုတ်တာ၊ သဏ္ဍာန်ပဲဟာကို လေပဲကန်မိတာ ပေါ့"
"အံ့သြစရာကြီးနော်၊ သြော် ... ညကလေ တစ်ရေးနိုးမှာ အ၇ီ အိမ်အောက် ဆင်းကြည့်တော့ ကိုကြီး ပြောသလို ပဲ နွားဟာ ကြက်အိပ်ကြက်နိုးဆို တာ ဟုတ်တယ် ဆရာ သူနိုးနေတယ်၊ အရီ လက်နှိပ်ဓာတ်မီး နဲ့ ထိုးကြည့် လိုက်တော့ သူ့မျက်လုံးဟာလေ စိမ်းစိမ်းကြီး အရောင် တောက်နေ လိုက်တာ ဘာကြောင့်ရယ် မသိဘူး"
"ညမြင်တဲ့ တိရစ္ဆာန်တွေရဲ့ မျက်လုံးဟာ ဒီလိုပဲ"
"ဟင် ... နွားက ညမြင်သလား"
"ကျွဲလဲ မြင်တယ်၊ အများအားဖြင့် ခြေလေးချောင်း၊ တိရစ္ဆာန်တွေ အားလုံးလိုလို ညမြင်တယ် ထင်တာ ပဲကွယ်"
"ဟင် ... အရီ သူတို့လို မြင်ချင်လိုက်တာ"
"မြင်ချင်ရင် နောက်ဘ၀မှာ အဲလို တိရစ္ဆာန် ဖြစ်ရပါစေလို့ ဆုတောင်းပေါ့ကွ"
"ဟာ ... အစ်ကိုကြီးကလဲကွာ၊ မှန်း ... အရီ နွားကလေး ကိုယ်ကို ကိုင်ကြည်စမ်းမယ်"
"ကိုင်ကြည့်လေ ... နွားလုပ်စာစား၊ နွားသားလဲ စားနေပေမယ့် နွားကိုယ်ကို ကိုင်ကြည့်ဖူးတဲ့ မြို့သားက ရှားသားပဲ၊ ဘယ်လိုလဲဆိုတာ သိရအောင် ကဲ ... ကိုင် ဟောဒီ ဘို့နားကိုကိုင်၊ ရဲရဲသာ ကိုင်ပါ၊ ခင်ဗျာ့ ဘယ့်နှယ် မှ မလုပ်ပါဘူး"
ကျွန်တော် ထင်သည့်အတိုင်းပင် တစ်ချက်ထိပြီး လက်ကလေးကို ဆတ်ခနဲ ပြန်ရုပ်လိုက်ကာ ...
"အမယ်လေး ... အမယ်လေး၊ တွန့်တုန်သွားလိုက်တာ"
"ဆတ် တဲ့ နွားကိုယ်က ဒီလိုပဲ"
"သူတို့အရေပြားကော အဲလို လှုပ်ရှားလို့ ရချင်ပြန်သလား"
"ဟာကွာ ... ကိုကြီးကလဲ၊ ကဲ ... ကိုကြီးသွားတော့၊ လမ်းမှာ နေပူတော့မယ်၊ ဦးထုပ်လဲ မပါဘူး"
"ရွာ က လာတုန်းက မြို့မှာရယ်ဆိုပြီး ခမောက်မယူခဲ့မိဘူးကွာ၊ ဒီတဘက်ကလေး ခေါင်းပေါင်းသွား ရတာ ပေါ့၊ ကဲ ... သွားပြီ အရီ"
"ဟုတ်ကဲ့ ... ကိုကြီး၊ နို့ပြီး ဘယ်တော့ ပြန်လာမလဲ"
"ဒါတော့ မသိသေးဘူး အရီ"
"ပြန်ပေါင်းထုပ်ရင် ပြန်မလာတော့ဘူး ဟုတ်လား"
"ဟီး ... ဟီး ... အရီ့ဆီတော့ လာလည်ဦးမှာပဲ"
ယခုအချိန် ၌ ကျွန်တော့်စိတ်သည် သူကလေးအပေါ်တွင် ယခင်ဘုန်းကြီးကျောင်းမှာ တွေ့စဉ်တုန်း ကလို မဟုတ်တော့ပြီ။ လေးစားကြည်ညိုမိကာ သန့်စင်သော ချစ်မေတ္တာစိတ် သက်ဝင်မိနေ၍ နေ့စဉ် တွေ့မြင် နေရာ မှ ယခု ခွဲခွာရမှာပင် စိတ်ထဲက ဟာတာတာ။
ကျွန်တော် သည် နွားကလေးကို "လှမ်းထိုး" မောင်းကာ မြို့ကို ကျောခိုင်းခဲ့လေသည်။
ရွာက ခွာခဲ့ကာ ရက်သတ္တတစ်ပတ်မျှ ကြာပါပြီ။ ရွာဆီကို မျက်နှာမူမိတော့ မယားနှင့် သားကလေး တွေကို ပို၍ လွမ်းလာသည်။ ယောက္ခမကြီးကို ပို၍ ပို၍ တောက် ... ဟင်း ...
ထို့ကြောင့် ကျွန်တော့်စိတ်ထဲမှာ (မဖြစ်ကာမှနေရော့) အကြံကြီးတစ်ခု ပေါ်လာသည်။
မြို့တွင် ဖ.ဆ.ပ.လ၊ ဗ.တ.လ.တ၊ စ.ပ.က.သ၊ မ.ယ.အ.တ (အဲဒါက မယားအတွက်ပေါ့ဗျာ) စသော အစည်းအရုံး ဆိုင်းဘုတ်တွေ အရီလေး ကျေးဇူးနဲ့ လေ့လာသိရှိခဲ့ရတော့ ကျွန်တော့် ဦးနှောက်ထဲမှာ ယ၊ တ၊ အ၊ သ ဆိုသည့် အက္ခရာလေးလုံး ပေါ်လာပါသည်။
အိုး ... ကျွန်တော် ရွာက ခွာခဲ့တာက မိုးဦးကျစ ယခုမိုးက လေးခပ်ဖြိုင်ဖြိုင်ရွာပြီးပြီဆိုတော့ သစ်ပင် ဥယျာဉ်တွေဟာလေ ကျွန်တော်လာစဉ်တုန်းကလို မဟုတ်တော့ဘူး၊ စိမ်းညို ပိန်းမှောင်လို့ နွေဝဿန္တပန်းချီသစ် ကို ပြောင်းလဲနေတာ မြင်ရတော့ ကျွန်တော့်စိတ်ထဲမှာ တစ်မျိုး ကြီးပါပဲလေ။
ကျွန်တော် ဒီရွာမှာမွေး ဒီရွာမှာပဲ ကြီးပြင်းခဲ့ပါတယ်။ နှစ်စဉ်ပဲ ဥတုသုံးခုဟာ လှည့်ပတ်နေလို့ ရာသီ ပန်းချီ ကား သုံးချပ်ဟာလဲ ဒီလိုပဲ ပြောင်းလဲနေတယ်ဆိုတာ ဘာမှ အထူးပြောစရာ မလိုပါဘူး၊ သို့သော်လဲ ခါတိုင်းနှစ် တွေတုန်းကဆိုရင် ကျွန်တော်ဟာ ရွာမှာပဲ အိုးမကွာအိမ်မကွာဆိုတော့ နေ့စဉ် မြင်နေကျမို့ ဘာမှ ထူးထွေ တယ်လို့ မထင်ခဲ့ပါဘူး၊ ယခုတော့ဗျာ သဘာဝ ပသာဒက သိသိ သာသာကြီး ခြားနားနေလိုက်တော့ ... ဟင်း ... ကျွန်တော့် စိတ်ထဲမှာလေ ...
အိုး ... ဘယ်လိုခံစားရသလဲဆိုတာကို ကျွန်တော် မဖော်ပြနိုင်တော့ဘူး။ ကျွန်တော် ခံစားရတာကို အပ်ကျ မပ်ကျ သိချင်ရင်ဖြင့် မိတ်ဆွေက ကျွန်တော့်လိုပဲ မိန်းမနဲ့ရန်ဖြစ်၊ ကိုယ့်စိတ်ထဲက တကယ် မပြတ်နိုင်ဘဲနဲ့ သူကြီးအိမ် မှာ သွားကွာခဲ့။ နို့ပြီး မိုးဦးကျကလေးမှာ ရွာက ထွက်သွား၊ မိုးလှိုင်လှိုင် ရွာပြီးတဲ့အခါမှ ပြန်ခဲ့၊ ကျွန်တော် လိုပဲ ကိုယ့်ရင်သွေးကလေးတွေနဲ့ ယောက္ခမဆိုးကြီးတစ်ယောက် ပြည့်ပြည့်၀၀လဲ ရှိရ ဦးမယ်နော်၊ ဒါမှ ... ဒါမှ ယခုအချိန်မှာ ကျွန်တော့်စိတ်ထဲ ဘယ်လို ဘယ်လို ခံစားနေရသလဲဆိုတာ တိတိ ကျကျ သိမှာဗျ။
ရွာထဲဝင်လိုက်ပြီဆိုရင်ပဲ ကျွန်တော့်ကို ချစ်ခင်တဲ့ တစ်မြေတည်းနေ တစ်ရည်တည်းသောက်တွေ ကလဲ ...
"ဟ ... တက်ပုကလေး ပြန်လာပလားဟ"
"ဟုတ်ကဲ့ ... ကိုတောက်ကြီးရေ့"
ကျွန်တ်ာက ပန်းပဲဆရာကြီး ကိုတောက်တဲ့ကို ကိုတောက်ကြီးဟု ရင်းနှီးစွာ ခေါ်ပါသည်။
"ဘာလဲ ... မင်းဒီနွားက အိမ်ကနွားလေးနဲ့တွဲလုပ်ဖို့ ၀ယ်ခဲ့တာလား"
"မဟုတ်ပါဘူးဗျ၊ ၀ယ်နိုင်ပါဘူး၊ ကိုမြတ်ချမ်းက မမြအေးတို့ကို အငှားချဖို့ အပို့လွှတ်လိုက်တာဗျ"
"ဒါဖြင့် မင်းခု မိုးတွင်းလုပ်ဖို့ နွားတစ်ကောင် ရှာရဦးမှာပဲ၊ တခြား ရှာမနေပါနဲ့ကွာ၊ မင်းမိန်းမ မင်းပြန်ခေါ်ပါ"
"ကျွန်တော့် သဘောကတော့ ကိုတောက်ကြီး သိတဲ့အတိုင်းပဲ တောက် ... ယောက္ခမကြီးကြောင့် ခက်နေတယ်"
"အေးကွာ ဗောဓိကုက္ကိုညောင်ထိုထို ယောက္ခမမှ ကောင်းတယ်ကို မရှိပါဘူး"
ကိုတောက်တဲ့ လည်း ကျွန်တော်ကဲ့သို့ပင် ယောက္ခမနှင့် တိုက်ပွဲဆင်နေရသူ ဖြစ်ပါသည်။
"အေးဗျာ ... ဒီမှာ ကိုတောက်တဲ့ကြီး၊ ဒီယောက္ခမတွေအတွက် ခင်ဗှားနဲ့ ကျွန်တော်နဲ့ တော်တော် ကြာတော့ တွေ့ရ အောင်ဗျို့၊ ကျွန်တော် မြို့ အကြံသစ် ဥာဏ်သစ် ရခဲ့တယ်"
"အေး ... ဒါဖြင့် လုပ်လကွာ"
"ခု ဒီနွားလေး သွားပို့လိုက်ဦးမယ်၊ တောက် ... ဟ"
နွားကလေးကို ကြိုးဖြင့် ပုတ်လိုက်သည်။
ယခု အချိန် မှာ ဆွမ်းခံလာချိန် ဖြစ်သည်။
"ဆွမ်းတော်ဗျို့"
"ဟဲ့ကောင်လေး တွေ၊ ဟင်းကောင်းပါရင် ငါ့ပေးခဲ့စမ်းကွာ"
"ခင်ဗျားကြီး ဒါကြောင့် မိန်းမနဲ့ကွဲနေတာ၊ ဆွမ်းတော်ဗျို့၊ ဟင်းပါ လောင်းကြပါဗျို့၊ ဟင်းနည်း တော့ ဘုန်းကြီး နဲ့ ကိုရင် တွေချည်း စားပစ် လို့ ကျုပ်တို့ မစားရဘူးဗျို့"
"ဟ ... တက်ကလေး ပြန်လာပလားဟ"
ရွာရိုးလျှောက်နေတဲ့ ဘကြီးဖက်ထုပ်လေ ...
"ဟုတ်ကဲ့ ... ဘကြီးဖက်ထုပ်"
"မင်း ငါပြောတာတွေ တက်ခဲ့ရဲ့လား"
"ဓာတ်စက်တော့ ကောင်းကောင်း မောင်းတတ်နေပြီ၊ ဘိုင်စကယ်တော့ သိပ်အသား မကျသေးဘူး"
"ဟား ... ဓာတ်စက်မောင်းတတ်ပဲ ဟန်ကျပဟေ့၊ ဒီနွားက မင်းနွားလား"
ဤ နွားအကြောင်း ပြောပြီးနောက် ကျွန်တော် ခရီးဆက်သည်။ လှမ်းမေးတဲ့ လူတိုင်းကိုပင် ဤနွား အကြောင်းကို ရှင်းရပါသည်။ တွေ့သမျှ လူတိုင်းကပင် ဤနွားအကြောင်းကို မေးကြပါသည်။ မမြအေး တို့ အိမ်ရောက်မှ အေးငြိမ်းပါတော့၏။
ထိုနောက်၌ ကျွန်တော် ဦးကြီးဖြိုးဆီသွားကာ ကျွန်တော့်မယား ပြန်လည်ရရေးကို မေးမြန်းပါသည်။
"ဟာဗျာ ... ဦးကြီးရ၊ ခုထက်ထိ အခြေအနေ မထူးသေးဘူး ဆိုရင်တော့ ကြာပဲကြာလှဘီဗျ"
သူ ကတော့ ဆေးပေါ့လိပ် ကို ဖွာကာ အေးဆေးစွာပင် ...
"နီးပါပြီကွာ"
"ဘာလဲ ... မနေ့ကထက် တစ်ရက်နီးတာလား"
"ဒါလောက်လဲ မဖြစ်စမ်းပါနဲ့ကွာ၊ ငါပြောတဲ့အတိုင်း မြို့သာ ပြန်နေစမ်းပါ။ အချိန်တန်တော့ ငါမင်းကို ခေါ်လိုက်မယ်"
"ဟာ ... ဦးကြီး အခေါ် ကျွန်တော် မစောင့်နိုင်ဘူးဗျာ၊ ကျွန်တော့်မှာ အကြံတစ်ခု ရှိတယ်"
"ဘယ်လို အကြံလဲ"
"ယ၊ တ၊ သ၊ အ ဖွဲ့ဖို့"
"ဘာလဲ ... အဓိပ္ပညယ်က"
"ယောက္ခမ တော်လှန်ရေး သမက်များ အစည်းအရုံး"
ဦးကြီးသည် သူ့သွား သံချေးတက်ကြီးတွေပေါ်အောင် ရယ်ကာ ...
"ငါ့တူ မြို့ရောက်တာနဲ့ တော်တော် တိုးတ်ကလာတာပဲ၊ ကဲ ... ဘယ်သူတွေနဲ့ ဖွဲ့မှာတုံး"
"ကျွန်တော့်လို ယောက္ခမနဲ့ မသင့်တဲ့ လူတွေနဲ့ပေါ့၊ ဦးကြီးဖြိုးကို ဥက္ကဋ္ဌခန့်ဖို့ ရည်ရွယ်ထားတာပဲ"
"အမယ်လေး နေပါစေကွာ၊ မင်းတို့ဟာမင်းတို့ပဲ လုပ်ကြပါ"
"အောင်မာ ဦးကြီး က အသင်းတစ်ခုမှာ ဥက္ကဋ္ဌဖြစ်ရင် ဘယ်လောက် စားပေါက်ရှိတယ်ဆိုတာ မသိသေးလို့"
"ရှိပါစေကွာ ကျေးဇူးကြီးလှပါပြီ၊ နေပါဦး မင်းတို့က ဒီအသင်းဖွဲ့ပြီး ဘာလုပ်ကြမှာတုံး"
"ယောက္ခမတွေဆီမှာ ကိုယ်လိုလားချက် တောင်းမှာပေါ့ဗျ၊ အသင်းအဖွဲ့တွေ လုပ်ငန်းစဉ် လုပ်ပုံ ကိုင်ပုံ တွေကို ကျွန်တော့်ဆရာမလေးဆီက သိခဲ့ပြီ"
"ဘယ်သူလဲ မင်းဆရာမလေးက"
"ကျွန်တော် အရင်ပြောပါကောလား၊ ဦးမြတ်ချမ်းတို့နဲ့ ဥပုသ်စောင့်လိုက်လာတဲ့ အရီဆိုတဲ့ ကောင်မလေး"
"အမယ် ... ဒီကောင်မလေးက မင်းဆရာ ဖြစ်နေလား"
လူကလေး ငယ်ပေမယ့် ဘယ်လို မိန်းကလေးဆိုတာ ဦးကြီးနောက်တော့ သိလိမ့်မယ်၊ တကယ့် မိန်းကလေးနော်"
"ရွှံ့လုပ်ထားတယ်လဲ မပြောပါဘူးကွာ၊ ဒီယောက္ခမတော်လှန်ရေး အသင်းဖွဲ့ဖို့လဲ သူက အကြံဥာဏ် ပေးလိုက်တာလား"
"မဟုတ်ပါဘူး၊ ဒါက ကျွန်တော့်ကိုယ်ပိုင် စိတ်ကူးပါ၊ ဦးကြီးက ကျွန်တော့်ကို ဒါလောက် အထင်မသေးပါနဲ့"
"မသေးပါဘူးကွာ၊ ငါ့တူ စွမ်းရည် ကြည့်ရဦးမပေါ့"
"ကြည့်ကြည့်၊ မျက်စိဒေါက်ထောက်ကြည့်၊ ဒေါက်ပြုတ်ကျလို့လဲ မျက်ခမ်းကွဲနေဦးမယ်"
ပန်းပဲဆရာ ကိုတောက်တဲ့မှာ ကျွန်တော်ကဲ့သို့ပင် ယောက္ခမနှင့် အပြန်အလှန် အင်မတန် သောက်မြင် ကတ် နေသူ ဖြစ်ပါသည်။ အကြောင်းခြင်းရာကား ကျွန်တော်နှင့် မတူချေ။ ကျွန်တော့် ထက် အဆင့်အတန်း မြင့်သည်ဟု ဆိုရပေမည်။ အဘယ်ကြောင့်ဟူမူ သူသည် သူ၏ပထမ မယားကြီး သားသမီး သုံးလေးယောက် မွေးပြီးနောက် မီးယပ်ရောဂါနှင့် ပိန်ညှော် ကြုံလှီသွား သည်၌ ၎င်းမိန်းမအပေါ်တွင် အပြစ်ပေါင်းများစွာ တွေ့ရှိကာ လောကတစ်ဝိုက်မှာ ပျော်ပိုက်ခြင်း ကင်းလေ၍ ခယ်မရင်းချာ လှကညာ ၀တုတ်ပြဲကလေးကို မြောက်နန်း အရာထားရန် ကြံစည်သည်။
ခဲအို၏လောကအဆီ ပညာရည်ဖြင့် ခယ်မအငိုက် မိုက်ခနဲပါလျက် ယောက္ခမက ကြားဝင်ဖျက် သည်။ "နင်ဒီပြင် လူဆိုရင် သူတောင်းစား ယူယူ၊ ခွေဝဲစားယူယူ အစ်မလင် ကြောင်တောင်နှိုက်တာ တော့ မကောင်းဘူးဟဲ" ဆိုသည်။ အနှီအကြောင်းတရားသည်ပင်လျှင် သူတို့မသင့်မြတ်ခြင်း။
ယ၊ တ၊ သ၊ အ ကို ဖွဲ့ရန် သူနှင့် တိုင်ပင်သောအခါ၌ ကိုတောက်တဲ့ အကြီးအကျယ် သဘောကျ လေကာ ကျွန်တော် တို့ နှစ်ယောက်သား မိမိတို့ကဲ့သို့ ယောက္ခမနှင့် မတည့်သူများကို လိုက်လံ ဆွယ်တရား ဟော လေရာ တတိယမြောက် နေ့ညအချိန်၌ ဗိုလ်ခို၏ ထန်းတောတွင် ပထမဦးဆုံး အကြိမ် ယ၊ တ၊ သ၊ အ သမက် ထု ညီလာခံသဘင်ကို ဆင်ယင် ကျင်းပရပေသည်။
အစည်းအဝေးပွဲ၌ ဧည့်ခံသည်မှာ ထန်းရည်နှင့် အရက် ဖြစ်၏။ သောက်ရှိန် တော်တော်ရကြသော အခါ၌ ခွက်လှည့် မပျက်စေဘဲ အစည်းအဝေးပွဲကို စတင် ဖွင့်လှစ်ပါသည်။ မြက်ခင်းပေါ်တွင် ဆောင့်ဆောင့်တချို့ တင်ပျဉ်ခွေ တစ်ဖုံ ထိုင်ချင်သလို ထိုင်နေကြသော လူစုထဲတွင် ကျွန်တော် သည် မတ်တတ်ရပ်လိုက်ကာ ...
"ကဲ ... ကဲ ... ရဲဘော်တို့၊ အဲ ... အဲ ... ပြောထားရဦးမယ်၊ ကိုယ်တို့ အသင်းသားချင်းဟာ တစ်ယောက်ကို တစ်ယောက် ရဲဘော်လို့ ခေါ်ကြရမယ်၊ အဟမ်း ... ရဲဘော်တို့ ငါတို့အသင်းကြီးမှာ အဲ ... အဲ ... နေဦး၊ နောက်တစ်ခု ပြောထားရဦးမယ်၊ စကားပြောတဲ့အခါမှာ ကိုယ့်ကိုယ်ကို "ငါတို့" ဒီ့ပြင်လူတွေကို "နင်တို့" လို့ ပြောရမ်၊ ဒါဟာ ရိုင်းစိုင်းတယ်လို့ မဆိုရဘူး၊ တင်းမာပြတ်သားခြင်း ဖြစ်တယ်၊ ကဲ ... ရဲဘော်တို့ ငါ့တို့ အသင်းကြီး မှာ ပထမဥက္ကဋ္ဌခန့်ဖို့ လိုတယ်၊ မိမိတို့ နှစ်သက်ရာ လူကို အဆိုသွင်းကြ၊ သဘောမကျရင် ကန့်ကွက်၊ အပြိုင်အဆိုင် ဖြစ်နေရင် မဲခွဲ၊ ကဲ" ဆိုပြီး ကျွန်တော်က ပြန်ထိုင်သည်၌။
"ဟာ ... တက်ပု ဒီလူလေး နှစ်ယောက်တစ်ပိုင်းဟာ ရွေးမနေပါနဲ့တော့ကွာ၊ မင်းစထွင်တဲ့ အလုပ် မင်းပဲလုပ်ပါ"
"အားလုံး သဘောတူကြပါလား"
"တူတယ်ကွာ ... တူတယ်"
"ဒါဖြင့် ရဲဘော်တက်ပု တို့ဥက္ကဋ္ဌလို့အော်ကြပါ"
ဆက်ရန်
.
No comments:
Post a Comment