Tuesday, November 23, 2010

တစ်ကမ္ဘာလုံးတော့ မလင်းပါ သို့သော်.... အပိုင်း (၄)

ဆခွဲကိန်းရှာနည်း ကို ဧရာမ ပိုစတာကြီးရေးပြီး အတန်းထဲတွင် ချိတ်ထားလိုက်သည်။ ရှာတတ်သည့် ကျောင်းသား များ က အဓိပ္ပာယ်မရှိ မလိုအပ်ဟု ထင်ကြသည်။ မတတ်သည့် ကျောင်းသားများ ကလည်း ကလေးကလား နိုင်သည် ထင်ကြ၏။ သို့သော် စာသင်ရာတွင် အထောက်အကူ ရသည်တော့အမှန်။

ဤသို့ မတောက်တခေါက်ဖြင့် စခဲ့ပြီး တဖြည်းဖြည်း အထောက်အကူပြု စာသင်ခန်းပစ္စည်းတွေစုသည်။ အက္ခရာသင်္ချာ သင်ဖို့ လမ်း လျှောက်ဖိနပ် တစ်ရန်လည်းပါ၏။ တစ်ထစ်ချင်း တစ်လှမ်းချင်း ရွေ့လျားခြင်း သဘော ကို ပြဖိဖြစ်သည်။ ပြီးတော့ တိုင်တစ်တိုင်ကို တက်လိုက်ဆင်းလိုက် လုပ်နိုင်သည့် ပလတ်စတစ် မျောက်ရုပ် တစ်ခု နှင့်  အပြန်အလှန် ပြောင်းလဲခြင်းသရုပ်ကို ပြဖို့ဖြစ်သည်။
ထမင်းချက် တစ်ယောက် ချက်ပြုတ်နေသည့် ပုံကိုတော့ လူရွှင်တော်ပုံစံမျိုးဆွဲထားသည်။ သည်ကားကို လက်ညှိုး ထိုးပြီး ...... သင်ခန်းစာ တွေကို မှန်မှန်မလုပ်တဲ့ ကောင်ကတော့ သူ့လိုမျိုး ဘဝနဲ့ တစ်သက်လုံး နေရမှာပဲ.... ဟု သူက တပည့်များကို စည်းရုံးသည်။

သို့သော် ခုတ်ရာတခြား ရှရာတခြား ဖြစ်တော့၏။ နှစ်ပတ်အတွင်း သူ့အတန်းထဲတွင် ကျောင်းသားဦးရေ တစ်ဝက် လျော့ကျသွားသည်။ ကျောင်းအုပ်ချုပ်ရေးအဖွဲကမှ ဆရာမ တစ်ယောက်နှင့် တွေ့ပြီး မေးသည်။
........ဘာဖြစ်လို့ ကျွန်တော့် အတန်းမှာ ကျောင်းသားတွေ မပျော်ကြတာလဲ ဆရာမ....
ဆရာမ က စိတ်မကောင်းသည့် ပုံစံဖြင့် ဖြေသည်။
.....သိပ်မလွယ်ဘူး ဆရာ၊ သူတို့ မလိုက်နိုင်ကြဘူး....

စိတ်ထဲတွင် လုံးဝ ဘဝင်မကျ။ ကုလားထိုင်ပေါ်သို့ အရုပ်ကြိုးပြတ် ထိုင်ချလိုက်သည်။ ဂျေမီ အက်စကာလန်တီက သူ့ကိုယ်သူ ပင်လယ်ဖျံကိုတောင် ကြိုးဆွဲတက်အောင် သင်ပေးနိုင်သူဟု ယုံကြည် ထားသူ။ သို့သော် ဖျံတွေ အတန်းမှန်မှန် တက်ဖို့တော့ လိုပါလိမ့် မည်။
နောက်ဆုံး တွင် အတန်းထဲမှာ ကျောင်းသားငါးယောက်ပဲ ကျန်တော့သည်။ မိန်းကလေး သုံးယောက်၊ ယောကျာ်းလေး နှစ်ယောက်။ တော် ပါသေးသည်။ နွေဦးပေါက်ကာလ တစ်လျှောက်လုံး ထပ်လျော့မသွားဘဲ သည်အတိုင်း တန့်နေ၏။

သည်တော့ ဆရာက တပည့်များကို ပို၍ ပျော့ပျော့ ပျောင်းပျောင်း ဆက်ဆံရတော့သည်။ ကဲကုလကို မကြောက် နဲ့ တဖွဖွ ပြောရသည်။ သိပ်ခက်သည့်အခန်းများ သင်ပြီးလဆင် သူက တပည့်ငါးယောက်ကို သူ့ ဗောက်စ်ဝက်ဂွန်းကားကြီး နှင့် မုန့်ဆိုင်ခေါ်သွားပြီး အဝကျွေး သည်။
လပတ်စာမေးပွဲများ ဖြေဆိုချိန်တွင် ချောကလက်တွေ မုန့်တွေ ဝယ်သွားပြီး ဝေသည်။
မေးခွန်းကို ကြောက်နေသည့် ကျောင်းသား၏ နားနားကပ် ပြောလိုက်သည်။

.....ဘဝကို ဟောဒီမုန့်တွေလို ချိုမြိန်နေအောင် လုပ်ရတယ်ကွ၊ စာမေးပွဲကို ဘယ်တော့မှ မကြောက်နဲ့ သိလား...ဟု အတန်းထဲ ဆင်းပြီး သူတို့ကို ပခုံးပုတ် အားပေးသည်။
ဤသို့ဖြင့် ၁၉၇၉ ခုနှစ်၊ မေလတွင် ဂျေမီ၏ တပည့်ငါးယောက်တို့သည် အကြိုတက္ကသိုလ် သင်္ချာစာမေးပွဲကို ဝင်ရောက် ဖြေဆိုဖြစ်ကြ လေသည်။ စာမေးပွဲခန်းထဲမှ ထွက်လာတော့ သူတို့ မျက်နှာတွေ ဖြူဖပ်ဖြူရော် ဖြစ်နေကြ၏။ အားလုံး အထိတ်တလန့် ဖြစ်လာပုံ။

ဇူလိုင်လ တွင် အောင်စာရင်းထွက်သည်။ အဆင့်ငါးခု ခွဲထွက်သည်။ အေ ငါး ဖြင့် အောင်သူက ထိပ်ဆုံးက ဖြစ်သည်။ အေ တစ် မှ အောင်သူက အောက်ဆုံးက ဖြစ်သည်။ အေသုံး ရလျှင် တက္ကသိုလ်တွင် ကဲကုလ အမှတ် ကို ဆက်ယူခွင့်ရသည်။ ဂျေမီ့အတန်းမှ အောင် ချက်ကို ကြည့်လိုက်တော့ သိပ်မဆိုးလှ။ သို့သော် သူ အားမရသေး။
၁၉၈၀ ခုနှစ် အောင်ချက်ထက်စာလျှင် တိုးတက်လာပြီး ၈၁ ခုနှစ် အောင်ချက်နှင့် ယှဉ်လျှင် အပုံကြီး တက်လာကြောင်း တွေ့ရသည်။ ယခုနှစ်တွင် အကြိုတက္ကသိုလ် သင်္ချာတန်းတွင် ကျောင်းသား ၁၅ ယောက် ဝင်ဖြေ သည်။ အဆင့်အသီးသီးဖြင့် ၁၄ ယောက် အောင်ကြ၏။ သည်အောင်ချက်ကိုာကည့်ခြင်းအားဖြင့် လော့စ်အိန်ဂျဲလိစ် ဆင်းရဲသားရပ်ကွက်မှ ကျောင်းသားများအနေဖြင့် ကောလိပ် ရောက်လျှင် အလွန် ခက်သည် ဆိုသော ကဲကုလသင်္ချာ ဘာသာရပ်အတွက် ပူစရာမရှိတော့။

ကျောင်းသူတစ်ဦးအား ကယ်ရခြင်း

စာသင်၍ ကောင်းနေစဉ်ကာလတွင် မမျှော်လင့်သည့် အဖြစ်ဆိုးတစ်ခုနှင့် ကြုံရသေးသည်။ စာမေးပွဲဖြေဖို့ တစ်လ အလိုတွင်မှ သူ့ကျောင်းသားများ စာမေးပွဲကြေး ပေးသွင်းရမည်ဟု သိရသည်။ ဆင်းရဲသူ ဆင်းရဲသား များဖြစ်သည့် သူတို့ကလေးတွေအတွက် လျှော့ပေါ့ သတ်မှတ် ထားသည့်ဝင်ကြေး ၂၁ဒေါ်လာ ကိုပင် သူတို့မသွင်းနိုင်ကြ။ ထို့ကြောင့် မုန့်ရောင်းခြင်း၊ ကားရေဆေးခြင်း များဖြင့် ၀င်ငွေရအောင် ဖန်တီး ပေးရ၏။ ကျောင်းတက်မှန်ဖို့ စည်းရုံးရ ခက်သလို သူတို့ကို အလုပ်မှန်မှန်ဆင်းဖို့ ပြောရသည်မှာလည်း မလွယ်လှ။

လက်တီစီယာရော့ဒရစ်ဆိုသော ကျောင်းသူကလေးနှင့် ပတ်သက်၍ ဂျေမီအတော်ကလေး ဦးနှောက် ခြောက်လိုက် ရသည်။ ဆရာဂျင်မီနက်ဇ် အတန်းမှ တြီဂိုကျောင်းသူ ကလေးဖြစ်၏။ နောက်နှစ်တွင် မိမိအတန်း သို့ ရောက်လာမည့် မိန်းကလေး။ ကောင်မလေးက သွက်သည်။ စာတော်သည်။ သို့သော် တဖြည်းဖြည်း သူ့အမှတ်တွေ ကျလာ၏။ သူက ညီအစ်ကို မောင်နှမ ခုနစ်ယောက်တွင် ဒုတိယအကြီးဆုံး။

မက်ဆီတို လူမျိုးများ ဖြစ်ပြီးအမေရိကန်ကို ရောက်တော့ အဖေနှင့်အမေက ထမင်းချက်လုပ်ငန်း ဖြင့် စသည်။ နောက်တော့ ကိုယ်ပိုင်စားသောက်ဆိုင်ကလေး ဖွင့်နိုင်ခဲ့ကြ၏။ ဒုတိယတန်းရောက် သည့်အထိ ကလေးမ အင်္ဂလိပ်စကား မတတ်သေး။ သို့သော်ဥာဏ်ကောင်းသူကလေးဖြစ်၍ တဖြည်းဖြည်း ပြောနိုင် လာသည်။

အမှတ်တွေလျော့လာရခြင်း အကြောင်းရင်းမှာ ဆိုင်အလုပ်တွေ ၀ိုင်းကူလုပ်ရခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ အိမ်ကလေးက ခပ်ကျဉ်းကျဉ်းမို့ စာကျက်စရာ နေရာမရှိ။ ညီအစ်ကို မောင်နှမများနှင့် ရောနှော အိပ်ရသဖြင့် အဖေနှင့်အမေအိပ်ခန်းထဲတွင် အချိန်လု၍ စာကျက်ရသည်။ ဆိုင်အလုပ်ပြီးသည်နှင့် ဘတ်စကားဂိတ် သို့ တန်းပြေးရသည်။ ကျောင်းနှင့် အိမ်က မိနစ်ကိုးဆယ်ခရီး။ ကျောင်းရောက်လျှင် မလှုပ် ချင်တော့။ အိမ်ပြန်ရောက်လျှင်လည်း ခြေပစ်လက်ပစ်။ သည်အကြောင်းသိထားသည့် ကျောင်းသူတစ်ဦးက ဆရာဂျင်မီနက်ဇ်ကို ပြန်ပြော ပြသည်။ ဆရာက မိန်းကလေးကို ခေါ်တွေ့ပြီးမေးတော့ မိဘတွေက မကြာခင် သူကို ကျောင်းထုတ် တော့မည် ဖြစ်ကြောင်း အမှန်အတိုင်းဖွင့်ပြောသည်။

"ဆရာ မင်းအိမ်ကို လိုက်ပြီးပြောကြည့်ရမလား"ဟု ဆရာဂျင်မီနက်ဇ် မေးသည်။
ကလေးမ ပြုံးပြုံးကလေး ခေါင်းညိတ်သည်။ ဆရာဂျင်မီနက်ဇ်က ပြဿနာမိဘများနှင့် ဆက်ဆံရာ တွင် ကျွမ်းသည့် ဆရာအက်စကာလန်တီကိုခေါ်ပြီး သူတို့စားသောက်ဆိုင်ကလေးသို့ ကားမောင်း ထွက် လာခဲ့ကြသည်။ ခပ်ပုပုသေးသေး အမျိုးသမီးတစ်ယောက် သူတို့စားပွဲသို့ ရောက်လာပြီး "ဘာသုံးဆောင်ကြမလဲ" ဟု မေးသည်။

ဂျေမီအက်စကာလန်တီ က "မစ္စက်ရော့ဒရစ် ပါလား၊ ကျွန်တော်တို့ ဂါဖီးလ်အထက်တန်းကျောင်းက ဆရာ တွေပါ၊ ဟောဒါက ဆရာဂျင်မီနက်ဇ်ပါ၊ လက်တီစီယာရဲ့ တြီဂိုဆရာပါခင်ဗျ။ ကျွန်တော့နာမည်က အက်စကာလန်တီ ပါ၊ ကျွန်တော်တို့ စကားနည်းနည်း ပြေချင်လို့ပါ ခင်ဗျာ"
"ဘာကိစ္စပါလဲ ဆရာ"
သက်သုတ်ပ၀ါနှင့် လက်နှစ်ဖက်သုတ်ရင်း အမျိုးသမီးက ပြန်မေးသည်။

"ဒီလိုပါခင်ဗျာ၊ လက်တီစီယာကလေးဟာ အင်ဂျင်နီယာဖြစ်ရမယ့် မိန်းကလေးပါ။ ဒါမှမဟုတ် ရူပဗေဒ ပညာရှင်၊ ဒါမှမဟုတ် အနည်းဆုံး ကျောင်းဆရာမဖြစ်ရမယ့်ကျောင်းသူပါ။ သူကလေးရဲ့ အနာဂတ်ကို မိဘ တွေ အနေနဲ့ ကြည့်သင့်တယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။ လာမယ့်နှစ် အကြိုတက္ကသို့ဝင်တန်းမှာ ကဲကုလ သင်ဖို့ သူ့တိုလျာထားပါတယ်။ အဲဒီအတန်းက တော်တော် ကြိုးစားရမယ့် အတန်းပါ။ သူ့ကို အိမ်အလုပ် တွေ ဆက်ခိုင်းလို့ မဖြစ်တော့ဘူးခင်ဗျ"

အမျိုးသမီးက ငြိမ်ပြီး နားထောင်နေသည်။ သဘောပေါက်ပုံရပါသည်။ သို့သော် ဘာမှကတိမပေး ဘဲ သူ့ယောက်ျား နှင့် တိုင်ပင်ပါရစေဦးဟု ပြောပြီး "အဲဒီတော့ လက်တီစီယာဘာလုပ်ရမှာလဲ" ဟုပြန်မေးသည်။

"ဘာမှ ထူးထူးခြားခြား လုပ်စရာမလိုပါဘူး။ ကျောင်းကပေးလိုက်တဲ့ အိမ်စာတွေ ပြီးအောင်လုပ် ဖို့ပါပဲ။ အဲဒီအတွက် သူ့ကို အချိန်ပေးရပါလိမ့်မယ်"ဟု ဆရာဂျေမီအက်စကာလန်တီက ရှင်းပြသည်။
နောက်တစ်နေ့တွင် အလွန်းပြုံးခဲသော လက်တီစီယာ ကလေး အတန်းထဲသို့ ပြုံးပြုံးကလေး ၀င်လာပြီး ဆရာဂျင်မီနက်ဇ် ကို ကျေးဇူးစကားဆိုသည်။
"ကျေးဇူး တင်ပါတယ်ဆရာ၊ အဖေက တစ်ပတ်ကိုနှစ်ရက်ပဲ ဆိုင်အလုပ်ကူလုပ်ဖို့ ပြောပါတယ်။ စာကျက်ဖို့ စားပွဲ တစ်လုံးလည်း ၀ယ်ပေးမယ်တဲ့"
ပြီးတော့ ခပ်တိုးတိုး ဆက်ပြောသည်။

"ကျွန်မ ကြိုးစားပါ့မယ်ဆရာ"
ဤသို့ဖြင့် ဆရာအက်စကာလန်တီ၏ ကဲကုလအတွက် ကျောင်းသူတစ်ယောက် တိုးလာလေ သည်။

ရှေ့သို့

ဟင်နရီဂရက်ဒီလက်စ်သည် အလွန်အလုပ်လုပ်သည့် ကျောင်းဆရာတစ်ဦးဖြစ်သည်။ ၁၉၇၀ ခုနှစ် များ ဆီက စပြီးဂါးဖီးလ် အထက်တန်းကျောင်း၏ အုပ်ချုပ်ရေးမှူး ဖြစ်လာသည်။ ကျောင်းကို တိတိကျကျနှင့် စနစ်တကျ အုပ်ချုပ်သည်။ ၁၉၇၀ခုနှစ်တွင် အခြားကျောင်းတစ်ကျောင်းသို့ ဒုကျောင်းအုပ် အဖြစ်ဖြင့် ပြောင်းရွှေ့သွားခဲ့သည်။ ၁၉၈၁ခုနှစ်တွင် ဂါးဖီးလ်သို့ ကျောင်းအုပ်အဖြစ် ဖြင့်ပြန်ရောက်လာခဲ့သည်။

ဆရာဟင်နရီသည် သည်အရပ်တွင် မွေးပြီးသည်ဆင်းရဲသား ရပ်ကွက်တွင်ပင် ကြီးပြင်းခဲ့သူ ဖြစ်သည်။ သူငယ်ငယ်တုန်း က ခုခေတ် ကလေးတွေလိုပင် ခပ်ပေပေ ခပ်ပေါ့ပေါ့ ဖြစ်သည်။ အဆင့်ဘယ်လောက် ကျကျ ဂရုမစိုက်။ စာမေးပွဲ မအောင်မှာလည်းမပူ။ ဆရာဖြစ်လာပြီး အုပ်ချုပ်ရေး တာဝန်ယူရတော့မှ ပေါ့ပေါ့နေ ပေါ့ပေါ့စား ကျောင်းသားများကို တင်းတင်းကြပ်ကြပ် တွန်းသည့်စာအုပ်ကြီးသမား ဖြစ်လာခဲ့ခြင်း ဖြစ်လေသည်။

ကျောင်းအုပ်ဆရာကြီး ဘ၀နှင့်ဂါးဖီးလ်သို့ ပြန်ရောက်လာချိန်တွင်မှ ကဲကုလအတန်းကို ကျောင်းသား များနှင့် တစ်သားတည်း ရောထွေးကာ ပျော်ပျော်ပါးပါး သင်းကြားနေသည့် ဆရာဂျေမီအက်စကာလန်တီ ဆိုသူ နှင့် ဆုံရခြင်းဖြစ်လေ၏။ ဆရာဂျေမီက သူ့အကြိုတက္ကသိုလ် သင်တန်းနှင့် ပတ်သက်ပြီး ကျောင်းအုပ်ကြီး ကို အားပါးတရ အစီရင်ခံသည်။
"နောက်နှစ်ဆို ၁၈ယောက်တောင် ရမှာခင်ဗျာ၊ ၁၈ယောက်ကြီးများတောင်။ ဆရာကြီး သူတို့ကို တွေ့ပြီး အားပေး စကားလေး ဘာလေး ပြောပါဦး။ အးလုံးအောင်မှာ သေချာပါတယ်"
ဂျေမီအက်စကာလန်တီ သည် စိတ်ပျက်စရာကောင်းလှသည့် သည်ကျောင်းမှ ထွက်ဖို့ စိတ်ကူးကို ဘေးချိန် ထားလိုက်ပြီ။ ပေါ်ကြော့ လူပျင်းကလေးများကိုတော့ စိတ်ပျက်နေမြဲ။ သို့သော်သည် ကျောင်းကို နွံထဲ မှ ဆွဲတင်ဖို့ နည်းလမ်းတွေရှိရမည် ဟု တော့ ယုံကြည်နေဆဲ။

ဆရာဘင်၊ ဂျင်မီနက်ဇ်လည်း အိပဲ့အိပဲ့နှင့် လုပ်သက်ငါးနှစ်ရှိခဲ့ပြီ။ သို့သော် ၀င်လာခါစကဲ့သို့ပင် မျှော်လင့်ချက်များ ဖြင့် တက်ကြွနေဆဲ။ သို့သော် တက်ကြွလောက်သည့် အောင်မြင်မှုက ကျိုးတိုး ကျဲတဲ မျှသာ။

မိမိနှင့် ဆရာက်အက်စကာလန်တီ ပေါင်းလုပ်စရာတွေ ရှိနေသည်ဟု စိတ်ထဲခံစားရ၏။ စာသင်ခန်း ကျဉ်းကျဉ်း ကလေး ကိုယ်စီနှင့် ဆရာနှစ်ယောက်တို့သည် အမေရိကန်တွင် အုပ်စုနှစ်စု သိသိ သာသာ ကွဲနေကြောင်း သဘောပေါက်လာကြ၏။ ချမ်းသာသူနှင့် ဆင်းရဲသူ၊ ပညာတတ်လူတန်း စားနှင့် အောက်တန်းလွှာ လူနည်းစု။ မည်သို့မှ ရောထွေးပေါင်းစပ်လို့ မရနိုသည့် အရာနှစ်ခု။
မိမိတို့ လိုအပ်သည်မှာ ရောက်လာသည့် ဆရာကြီးထံမှ အထောက်အကူ ရနိုင်သမျှ ယူဖို့ ဖြစ်၏။ ကံကောင်း လျှင် ပန်းတိုင်ကို စောစောဝင်နိုင်မည်ဟု သူတို့နှစ်ယောက် မျှော်လင့်ထားကြသည်။

၁၉၈၁ခုနှစ်တွင် ကဲကုလကျောင်းသားများတွင် အလွှာပေါင်းစုံ၊ ပုံသဏ္ဍာန်ပေါင်းစုံ ပါဝင်လေသည်။ တပည့်တစ်ဦးချင်း ၏ နောက်ခံကားချပ်ကို လိုက်ပြီး ဆရာအက်စကာလန်တီက အုပ်ချုပ်သည်။
ဂျိုစီရစ်ကာဒေ ဆိုသည့် ကျောင်းသူကလေး၏ အိမ်မှာ အိပ်ခန်းနှစ်ခန်းသာရှိသည်။ မိသားစုက ခြောက်ယောက်။ ကျောင်းတွင် အားတက်သရော တွက်ချက် ကျက်မှတ်ပြီး အမ်ပြန်ရောက်လို့ ကျောင်းစာ ခဏ လုပ်လိုက်လျှင် မီးဖိုချောင် ကြမ်းပြင်တွင် ခဏအတွင်း အိပ်ပျော်သွားတတ်သည်။ သက်သောင့် သက်သာ အိပ်ရခြင်းမျိုး မဟုတ်သဖြင့် မနက်နှစ်နာရီ၊ သုံးနာရီတွင် ပြန်နိုးသည်။ သည်တော့မှ တိတ်ဆိတ် နေ သည့် အိမ်ထဲတွင် မနက်စာ စားအချိန်အထိ စာကျက်ရ၏။

အမေလုပ်သူက သမီးကလေး ပင်ပန်းလွန်းသည်ကို ကြည့်ပြီး "ဟဲ့........ နားနားနေနေလုပ်လေ၊ နင်ဗုန်းဗုန်းလဲ လိမ့်မယ်၊ အပြင်ထွက်ပြီး ရုပ်ရှင်လေး ဘာလေးကြည့်ပါဦးလား" ဆိုလျှင် "သမီး ကိုယ်သမီး သိပါတယ် မေမေး၊ ကဲကုလ တွက်ရတာ ရုပ်ရှင်ကြည့်ရတာထက် ပျော်စရာကောင်း တယ်"ဟု ပြန်ပြော တတ်သည်။
လူဝစ်ဆားဗင်တီဆိုသည့် ကျောင်းသားကတော့ အားအားရှိလျှင် ကားမောင်းပြိုင်သည်။ စာမေးပွဲ ဖြေခါနီးမှ ကျောင်းမှန်မှန်မတက်သဖြင့် ကဲကုလခက်လာပြီး ခြေမကိုင်မီ လက်မကိုင်မိ ဖြစ်တတ်သည်။
အယ်လ်ဆာဗိုလာဒို က တစ်မျိုး။ သင်္ချာကြောင့် အဆင့်တဖြည်းဖြည်း ကျလာကြောင်း သူ့ကိုယ်သူ သတိ ထားမိသည်။ သည်တော့ ဖိကြိုးစားသည်။ ဘင်ခရာတီးဝိုင်းခေါင်းဆောင် ရောလ်ဟာရို ကတော့ စားမေးပွဲ နီးလာသည်နှင့် သူ့ထရမ်းပက်ကို ချောင်ထိုးထားလိုက်သည်။

သူတို့ကလေးတွေ ကျောင်းစာကို စိတ်ဝင်စားဖော်ရလာသည့်အတွက် ဆရာအက်စကာလန်တီ ၀မ်းသာ ပီတိ ဖြစ်လျက် ရှိသည်။ တစ်ပြိုင်တည်းတွင် အရှိမြှင့်ပြီး မောင်းသည်။
စာမေးပွဲ မတိုင်မီ တစ်ရာအလို မေလ၁၉ရက်နေ့တွင် သူကတပည့်တွေကို စိတ်အေးအေးထားပြီး ညစာ ကောင်းကောင်းစား ဖို့၊ အိပ်ရာစောစောဝင်ဖို့ မှာသည်။
နောက်တစ်နေ့ တွင် သူတို့အားလုံး ရင်တွေအပြိုင်ခုန်နေကြ၏။ စုဝေးပြီး စိတ်လှုပ်ရှားမှုကို တိုက်ပွဲ ၀င်ကြ၏။ ပွဲကြီးပွဲကောင်းတစ်ခု ဖြစ်ကြောင်း သူတို့အားလုံး သဘောပေါက်ထားကြ၏။ စာမေးပွဲ အခန်းထဲ ၀င်မည် ပြုတော့ သူတို့တစ်တွေ တည်တည်ငြိမ်ငြိမ် အသင့်အနေအထား ဖြစ်နေပြီ။

ပင်မ အဆောက်အအုံ အောက်ဆုံးထပ်ရှိ အခန်းနံပါတ် (၄၁၁)ထဲသို့ သူတို့ဝင်ခဲ့ကြသည်။ စာမေးပွဲ ကြီးကြပ်ရေးမှူး အဖြစ် တာဝန်ယူမည့် ဆရာမကြီး အင်ဒရီဒါက ခုနံပါတ်တွေ စစ်ဆေးပြီး နေရာချ ပေးသည်။

စိတ်ကြိုက်မေးခွန်းတွေ ဖြေဖို့ သူတို့ရွေးပုံကို ကြည့်ပြီး ဆရာမကြီး အရမ်းသဘောကျသွား၏။ နေ့လယ် မုန်းစားချိန် တွင် သူတို့ကလေးတွေ ပျော်ပျော်ရွှင်ရွှင် ဖြစ်နေသည်ကို ကြည့်ပြီး အခြေအနေ ကောင်းပြီဟု ဆရာမကြီး က စိတ်ချ ထားလိုက်တော့သည်။ သိပ္ပံနှင့်သင်္ချာဋ္ဌာန အဆောက်အုံ အပေါ်ဆုံးထပ်မှ အခန်းနံပါတ် (၂၃၃)ထဲတွင် အခန်းအောင်းပြီး ဆရာအက်စကာ လန်တီတစ်ယောက် သုံးနာရီလုံးလုံး ရင်တွေတုန်ခဲ့ရသည်။ မသင်မိဘဲ လွတ်သွားသည့် အပုဒ်တွေ များ ရှိနေဦးမလား။ မိမိကိုယ်တိုင် သက်သက်စိတ်ကူးယဉ်နေခြင်းလား။ မိမိထင်ထားသလို သူတို့ တစ်တွေ ဖြေနိုင်ကြပါ့မလား။ မွန်းလွဲ ၁၂:၃၀တွင် သူတို့တစ်တွေ ဆူညံပြီး ပြေးထွက်သံကြား ရသည်။

ကျောင်းသားတစ်ယောက် ခေါင်းပေါ်တွင် လက်နှစ်ဖက်ထောင်ပြသည်။ အောင်ပြီဟူသည့် အဓိပ္ပာယ်။ "အားလုံး ဖြေနိုင်တယ် ဆရာ"ဟုလည်း ၀မ်းသာအားရ အော်ပြောသည်။ လူးဝစ်ဆားဗင်တီကလည်း "လွယ်လွယ် ကလေးတွေ ပဲ ဆရာ"ဟု ထပ်ပြောသည်။

သူတို့အားလုံး အခန်းထဲ စုပြုံတိုးဝှေ့ပြီး ၀င်လာကြသည်။ တစ်ယောက်ကို တစ်ယောက် ဖက်လိုက် ပွေ့လိုက်ဖြင့်။ ဆရာ့ကို ပျော်ပွဲစားထွက်ဖို့ ၀ိုင်းပူဆာသည်။
ဤသို့ဖြင့် ဆရာ့ဗောက်စ်ဝက်ဂွန်း ကားပေါ်သို့စုပြုံတက်ကြသည်။ အချို့က အခြားကားများနှင့် လိုက် ကြသည်။ လေးပြ ဝေးသည့် အတ္တလန်တိတ်လမ်း စားသောက်ဆိုင်သို့ အပျော်တပါး ထွက်ခဲ့ ကြ၏။ ဆရာအက်စကာလန်တီ တစ်ယောက်သူတို့ကြားထဲတွင် အတွေးနက်နေ၏။

အင်း...... ဂါဖီးလ်အထက်တန်းကျောင်း တကယ်ပြောင်းလဲခဲ့ပြီပဲ။ သည်နှစ် အကြိုတက္ကသိုလ်တန်း တွင် ၁၈ယောက် နောက်နှစ် ၂၅ယောက်။
"အပုဒ်တိုင်း ဖြေနိုင်တယ်ဆရာ"
"ကျွန်တော် တို့အားလုံး မှန်တယ်ဆရာ"
ကလေးများ ၏ ၀မ်းသာနေကြသံများက အားရစရာအတိ ဖြစ်လေသည်။

၁၉၈၂ခုနှစ်၊ ဇွန်လဆန်းတွင် အကြိုတက္ကသိုလ် ကဲကုလ စာမေးပွဲ ကို တစ်နိုင်ငံလုံး ကျောင်းသူ ကျောင်းသား ၃၁,၉၁၈ဦး ၀င်ရောက်ဖြေဆိုကြသည်။ ၎င်းတို့အထဲတွင် ဂါးဖီးလ်မှ ၁၈ယောက် ပါဝင်လေသည်။ အဖြေလွှာ အားလုံး ကို ပရင်စတန်တက္ကသိုလ်သို့ ပို့ကြရသည်။
စိတ်ကြိုက် မေးခွန်းလွှာ များမှ အမှတ်များကို စက်ဖြင့် စစ်ဆေးမည်ဖြစ်ပြီး ဓမ္မဓိဋ္ဌာန်မေးခွန်းများကို အဖွဲ့က စစ်ဆေးမည် ဖြစ်သည်။ ဆရာ၊ ဆရာမများ တစ်ပတ်လောက် မအိပ်မနေလုပ်ကြ ရမည်ဖြစ်သည်။
မေးခွန်းနံပါတ်ခြောက် တွင် ဖြေပုံထပ်တူနေသည့် အဖြေလွှာနှစ်ခုတွေ့ရသဖြင့် ဆရာတစ်ယောက် အတော် ကလေး ဦးနှော်ခြောက်သွားပြီး ကဲကုလစာမေးပွဲ ကြီးကြပ်ရေးမှူး ပက်ထရစ်ရှာဟင်နရီ ထံသို့ တင်ပြ လိုက်သည်။

ဆရာမကြီး ပက်ထရစ်ရှာမှာ ယူထားပြည်နယ် အော့ဒန်တက္ကသိုလ်မှာ သင်္ချာပါမောက္ခတစ်ဦး ဖြစ်၏။ အလားတူ တိုင်ဆိုင်မှု အများအပြားကို အခြားစစ်ဆေးရေးမှူးများ တင်ပြထားသည်လည်း ရှိ၏။ စုစုပေါင်း ဒါဇင်ဝက် ခန့် ရှိနေပြီး မတော်တဆ တိုက်ဆိုင်မှုမျိုးလား၊ စာစစ်ဌာနတစ်ခုတည်းက အဖြေလွှာတွေလား၊ ခိုးချခြင်း လား ဆရာမကြီးအနေဖြင့် စီစစ်ပြီး အဆုံးအဖြတ် ပေးရတော့မည်။
အဖြေလွှာနှင့် ပူးတွဲပါရှိလာသည့် ချိတ်ပိတ်စာအိတ်ထဲမှ ကျောင်းသူကျောင်းသားများ၏ အမည်နှင့် ကျောင်းအမည် ကို ဖောက်ဖတ်လိုက်သည်။ စိတ်ဓာတ် အကျကြီး ကျသွားသည်။ သည်နံပါတ် ခြောက်မေးခွန်း နှင့် ပတ်သက်ပြီး အလားတူအဖြေလွှာတွေ ထပ်ရောက်လာသည်။

ကျွမ်းကျင် သည့် သင်္ချာပါရဂူတွေ ခေါ်ပြီး စစ်ဆေးခိုင်းရတော့၏။ အဖြေလွှာခြောက်ခု က ထပ်တူဖြစ် နေပြီး နောက်ထပ် ရောက်ရှိလာသည့် ၁၂ခုမှာလည်း ထိုနည်းလည်းကောင်း ဖြစ်နေသည်ကို တွေ့ကြရ၏။
ဆရာမကြီး ပက်ထရစ်ရှာက စာမေးပွဲဥပဒေ ချိုးဖောက်သည်ဟု နိဂုံးဆွဲပြီး အရေးယူတော့သည်။

ဆက်ရန်
.

4 comments:

Anonymous said...

ဖြစ်နိုင်ချေက အဲဒီလိုအဖြေတူတဲ့ ကျောင်းသားတွေက ဆရာ ဂျေမီအက်စကာလန်တီရဲ့ စိတ်တူကိုယ်တူ ဘကျောင်းသားတွေ ဖြစ်ရမယ်း))

လသာည

ချော(အစိမ်းရောင်လွင်ပြင်) said...

စိတ်ဝင်စားစရာပိုကောင်းလာပြီ
ဆရာဆိုတာ စာသင်ပေးရုံသက်သက်မဟုတ်ဘဲ
ကျောင်းသားတွေရဲ့ ကိုယ်ရေးကိုယ်တာကိုပါ သိနားလည်ထားတာမျိုးက တကယ့်ဆရာကောင်းပီသသူပါ။

ကိုဇော် said...

အပိုင်း ၁ တင်ကတည်းက ဖတ်နေတာ မပြီးပဲ အလုပ်ထဲပဲ ပြေးနေရတယ်။ အခုလည်း မပြီးသေးဘူး။
အခု နေရာကနေ ဖတ်တယ်ဗျာ။ နောက်မှ တစ်ရက် အစကနေ ပြန်ဖတ်မယ်။

အချိန်လေးများ ပေးသနားပါ :(

ကိုဇော် said...

ကဲ..နောက်တစ်ကြိမ်ကွာ.
( ၄ )