ဘုရားက ပစ္စည်းတွေကို ယူဆောင်စားသူတွေဟာ ဒီဘ၀မှာ အင်မတန် ကံကောင်းလွန်းလို့ ဘာမှ မဖြစ်သေး ပေမယ့် ဘ၀ဆက်တိုင်း ခံစားရမယ့် အကုသိုလ်က ကြောက်စရာကောင်းတယ် ဆိုတာကို အဖေနဲ့ အမေ မသိလို့ မဟုတ်ဘူး။ သိပါတယ် မမရယ်။
ဆင်းရဲလွန်းတော့ နောင်အခါမှ ဖြစ်ချင်ရာဖြစ် အသက်ရှင်နေခိုက်ကလေးမှာ စည်းစိမ်ရှိရှိနေ နိုင်ရင် အမြတ် လို့ သဘောထားပြီး သုံးတာလို့ အမေကပြောတယ်။ ဒါပေမယ့် ဘုရားကို လှူထားတဲ့ ပစ္စည်းကို စားသုံးနေလို့ ပစ္စည်းဥစ္စာ ချမ်းသာပြီး လူတော သူတောထဲမှာ ၀င်ဆံ့နေပေမယ့် ရှေ့မှာသာ ဟန်ဆောင်ပြုံးနဲ့ နေရာထား ဆက်ဆံ ကြတာပါ။ နောက်ကွယ်ကျတော့ မစားထိုက် တဲ့ ပစ္စည်းကို စားနေတဲ့လူတွေ၊ အပင်းအဆိပ် မျိုနေတဲ့ လူတွေ၊ ဘုရားပစ္စည်းကို ခိုးစား နေတဲ့ လူယုတ်မာတွေ ဆိုတာကိုတော့ ပြောနေကြတာပဲ။
အဲဒါနဲ့ ဦးဖေဆိုင်နဲ့ဒေါ်ငွေတို့ ဒီခြံကြီးထဲမှာပဲ အစဉ်အမြဲ နေထိုင်တဲ့ လူတွေဖြစ်သွားကြပြီ။ သူတို့ ပြောခဲ့တဲ့ စကား အတိုင်း အိမ်တွင်း လုပ်ကိုင်ဆောင်ရွက်စရာတွေရော၊ ခြံအလုပ်ရော၊ ကျွန်မကို ကြည့်ရှု ထိန်းသိမ်း တာရော လုပ်ကိုင်ပေးပါတယ်။ ဒါကြောင့် အဖေနဲ့ အမေကလည်း ဦးဖေဆိုင်နဲ့ ဒေါ်ငွေကို သစ္စာရှိတဲ့ မိတ်ဆွေကောင်း တွေပဲလို့ ယုံကြည်ကိုးစားကြတယ်။
ဆင်းရဲလွန်းတော့ နောင်အခါမှ ဖြစ်ချင်ရာဖြစ် အသက်ရှင်နေခိုက်ကလေးမှာ စည်းစိမ်ရှိရှိနေ နိုင်ရင် အမြတ် လို့ သဘောထားပြီး သုံးတာလို့ အမေကပြောတယ်။ ဒါပေမယ့် ဘုရားကို လှူထားတဲ့ ပစ္စည်းကို စားသုံးနေလို့ ပစ္စည်းဥစ္စာ ချမ်းသာပြီး လူတော သူတောထဲမှာ ၀င်ဆံ့နေပေမယ့် ရှေ့မှာသာ ဟန်ဆောင်ပြုံးနဲ့ နေရာထား ဆက်ဆံ ကြတာပါ။ နောက်ကွယ်ကျတော့ မစားထိုက် တဲ့ ပစ္စည်းကို စားနေတဲ့လူတွေ၊ အပင်းအဆိပ် မျိုနေတဲ့ လူတွေ၊ ဘုရားပစ္စည်းကို ခိုးစား နေတဲ့ လူယုတ်မာတွေ ဆိုတာကိုတော့ ပြောနေကြတာပဲ။
အဲဒါနဲ့ ဦးဖေဆိုင်နဲ့ဒေါ်ငွေတို့ ဒီခြံကြီးထဲမှာပဲ အစဉ်အမြဲ နေထိုင်တဲ့ လူတွေဖြစ်သွားကြပြီ။ သူတို့ ပြောခဲ့တဲ့ စကား အတိုင်း အိမ်တွင်း လုပ်ကိုင်ဆောင်ရွက်စရာတွေရော၊ ခြံအလုပ်ရော၊ ကျွန်မကို ကြည့်ရှု ထိန်းသိမ်း တာရော လုပ်ကိုင်ပေးပါတယ်။ ဒါကြောင့် အဖေနဲ့ အမေကလည်း ဦးဖေဆိုင်နဲ့ ဒေါ်ငွေကို သစ္စာရှိတဲ့ မိတ်ဆွေကောင်း တွေပဲလို့ ယုံကြည်ကိုးစားကြတယ်။
ဒီအိမ်ကြီးပေါ်မှာပဲ ဆွေမျိုးရင်းချာလို အတူနေထိုင်ကြတယ်။ ဦးဖေဆိုင်နဲ့ ဒေါ်ငွေကို တန်းတူထား စားသောက် နေထိုင်တယ်။ ၀တ်ဆင်မှုမှာလည်း မညှုးငယ်စေရဘူးပေါ့။
ပတ္တမြားတွေကို ရောင်းပြီး ခြံအလုပ်ကို ဟန်ပြသာလုပ်နေခဲ့ရာက ဦးဖေဆိုင်နဲ့ဒေါ်ငွေ ရောက်လာပြီး တကယ် ပဲ ခြံအလုပ်ကို ရာသီပေါ်စားပင်လေးတွေ မပြတ်စိုက်တော့ ၀င်ငွေ တိုးတာ တယ်လေ။ သူတို့ နှစ်ယောက် ပိုလာတဲ့အတွက် စရိတ်အိတ်ထဲက အတော်အသင့်ပဲ စိုက်ရတယ်တဲ့။
ဒါတွေ ကို ကျွန်မ ဘာမှ မသိခဲ့ပါဘူး။ မမ၊ ကလေးအရွယ်က ကျွန်မကို ထိန်းကျောင်းလာခဲ့တော့ ဦးဖေဆိုင်နဲ့ ဒေါ်ငွေကို ကျွန်မခင်တယ်။ ဆွေမျိုးသားချင်း အရင်းလို့ပဲ ထင်လာခဲ့တယ်။ အဖေနဲ့ အမေကလည်း ဘယ်လို တော်စပ်တယ် ဆိုတာကို မပြောကြဘူး။ ဒီလိုမပြောဘဲ နေခဲ့ကြတာက ဦးဖေဆိုင်နဲ့ ဒေါ်ငွေက တောင်းပန် ထားတယ်တဲ့။
ဘာကြောင့် တောင်းပန်းထားလဲ ဆိုတော့ ဦးဖေဆိုင်နဲ့ ဒေါ်ငွေတို့ သားသမီးတစ်ယောက်မှ မရှိဘူး။ ကျွန်မ ကို ထိန်းကျောင်းနေရတော့ သမီးအရင်းတစ်ယောက်လို ချစ်ပါတယ်တဲ့။ ကလေးကလည်း အတူနေ အမြဲနေ ဆိုတော့ ဦးဖေဆိုင်နဲ့ ဒေါ်ငွေကို ခင်တွယ်နေပြီ။ ဒီတော့ ဘာမှ မတော်ကြောင်း အိမ်ဖော်သာ ခေါ်ထားကြောင်း ပြောလိုက်ရင် ကလေးဟာ သိတတ်တဲ့ အရွယ်ရောက်လာတော့ သူတို့ကို မခင်တွယ် တော့ဘဲ သူစိမ်းပြင်ပြင်လို သဘောထား ဆက်ဆံလိုက်မှဖြင့် သူတို့ ရင်ကွဲရပါလိမ့်မယ်လို့ ပြောတကြို အဖေ နဲ့ အမေက သနားပြီး ဦးဖေဆိုင်နဲ့ ဒေါ်ငွေကို ဆွေမျိုးသားချင်း အရင်းအချာလို့ ပြောထားတော့ ကျွန်မ ကလည်း အဟုတ်ပဲ ဆွေမျိုးအရင်းချာမှတ်ပြီး အားလည်းကိုးချစ်လည်းချစ်ပေါ့မမရယ်။ အမေနဲ့ အဖေ ကလည်း ပတ္တမြားတွေကို ရောင်းထားရတဲ့ငွေတွေက တော်တော်လေး ရှိနေတယ်။ အားလုံး ပတ္တမြားကိုးလုံး ရထားတယ်။ အကြီးသုံးလုံးက ဗာဒံစေ့လောက်ရှိပြီး ကြီးစဉ်ငယ်လိုက် အသေးသုံးလုံးက မန်ကျည်းစေ့ လောက် ရှိတယ် လို့ပြောတယ်။
အမေပြောတကြိုသာ ကြားရတာ မမ။ ဒီပတ္တမြားတွေ ဆိုတာကို အခုစာရေးတဲ့ အချိန်အထိ ကျွန်မ လုံးဝ မမြင်ခဲ့ဘူး မမရယ်။
ရောင်းလိုက်တာက အငယ်ဆုံး ပတ္တမြားသုံးလုံးတဲ့။ ဒီတော့ အမေတို့လက်ထဲမှာ ပတ္တမြား ခြောက်လုံး ကျန်သေးတာပေါ့။ အငယ်ဆုံး အလုံးတွေကို ရောင်းလိုက်တာတောင် အမေတို့ ဘာမှ ပင်ပင်ပန်းပန်း မလုပ် ရတော့ဘဲ၊ မြေပိုင်၊ အိမ်ပိုင်နဲ့ နေနိုင်တယ်။ ကောင်းကောင်းဝတ် ကောင်းကောင်းစားနိုင်တယ်။ လူအပို ခေါ်ကျွေး ထားနိုင်တယ် ဆိုတော့၊ ရောင်းလိုက်တဲ့ အငယ်ဆုံး ပတ္တမြားသုံးလုံးဟာ ဘယ်လောက် အဖိုးတန် နေတယ်ဆိုတာ စဉ်းစားကြည့်ပါမမ။
ကျန်နေသေးတဲ့ အကြီးခြောက်လုံးရဲ့ တန်ဖိုးကို တွက်ကြည့်ရင်ဘယ်နည်းလိမ့်မှာလဲမမရယ်။ ဒါလောက် အဖိုးတန် တဲ့ ကျောက်မျက်ရတနာတွေကို ဘုရားဆင်းတုတော် ပလ္လင်မှာ စီထားတဲ့ ပစ္စည်းမျိုးလို့ထင်ပြီး လိုချင်စိတ် မရှိတဲ့ ဦးဖေဆိုင်တို့ ဇနီးမောင်နှံ။ အင်မတန် မွန်မြတ်ပြီး ဘုန်းရှင် ကံရှင်များနဲ့သာ ထိုက်တန် တဲ့ ပြဒါးပြာ ကို ထည့်ထားတဲ့ ငွေကြုတ်လေးကို ဘာရယ်လို့ စူးစမ်းခြင်း မရှိ ပြီးစလွယ်ပေးလိုက်တဲ့ အဖေနဲ့ အမေ။ နောက်ပြီး ဒီပြဒါးပြာတွေကို ချောင်းရေထဲမှာ သွန်ချ လိုက်တဲ့ ဦးဖေဆိုင်တို့ ...။
သူတို့အားလုံး ပြုမူပုံတွေဟာ ရယ်စရာလည်းကောင်း၊ သနားစရာလည်းကောင်း။ စိတ်တိုစရာလည်း ကောင်း၊ မချင့်မရဲဖြစ်စရာလည်း ကောင်းတာပဲနော် မမ။
ပြောရရင်တော့ သူတို့နဲ့ မထိုက်လို့ပေါ့လေ။
ဒီလိုနဲ့ ကျွန်မတို့မိသားစုနဲ့ ဦးဖေဆိုင်တို့ဇနီးမောင်နှံ စိတ်ချမ်းသာ ကိုယ်ချမ်းသာ နေလာခဲ့ကြရာက ကျွန်မ ကို ကျောင်းထားတဲ့အရွယ် ရောက်လာတော့ ကျောင်းအပ်လိုက်ကြတယ်။ ဦးဖေဆိုင် တစ် လှည့်၊ ဒေါ်ငွေ တစ်လှည့် ကျောင်းပို့ကျောင်းကြို ကျွန်မရဲ့ အနွံအတာကို အတော်အသင့် ခံကြပါတယ်။ ဘယ်လောက် ကျေးဇူး တင်စရာကောင်းလဲ။ ကျွန်မက ကလေးဆိုတော့ ဘာအကြောင်းမှ မသိသူပီပီ၊ လက်သာတဲ့ ဦးဖေဆိုင် နဲ့ ဒေါ်ငွေကို ခင်နေခဲ့ပါတယ်။ သူတို့ကို ကျေးဇူးတင်စရာ ချစ်စရာကောင်းတယ်ဆိုလို့ မမ ရောက်လာ စနေ့က ကျွန်မ အကြောင်းကို ဒေါ်ငွေ ပြောနေတာ ကျွန်မ ဟိုဘက်ခန်းက နားထောင်နေလို့ ကောင်းကောင်း ကြားခဲ့ရပါတယ်။ ဒေါ်ငွေ ပြောခဲ့တဲ့ စကားတစ်ခွန်းကို မမ သတိရခဲ့သေးလား။
ကျွန်မ ကတော့ မမေ့ဘူး မမ၊ အခု သတိရနေသေးလို့ စာထဲမှာ ထည့်ရေးလိုက်ပါတယ်။
နွားပြာကြီး အကြောင်း မသိသေးလို့၊ အကြောင်းသိရင် သားရေတောင် ဖင်တိုင်ချင်မှာ မဟုတ်ဘူးဆိုတဲ့ စကားပုံ လေ မမရဲ့။
မေစမ်းမြိုင် ရေးသည့်အတိုင်းပင် သူ ရောက်လာသည့်နေ့က ဒေါ်ငွေက မေစမ်းမြိုင်အကြောင်း ပြောရာတွင် မေစမ်းမြိုင် ကောင်းကြောင်း တစ်ခွန်းမျှ မပါခဲ့ချေ။ နွားပြာကြီးအကြောင်း မသိသေးလို့၊ အကြောင်းသာ သိရင် သားရေတောင် ဖင်ထိုင်ချင်မှာမဟုတ်ဟု ပြောဖူးသည်။
ထိုစဉ်က မခင်ရွှေစိတ်ထဲမှာ မည်သို့မျှ လေးလေးနက်နက် မတွေးမိခဲ့ချေ။
ယခု မေစမ်းမြိုင်က ဦးဖေဆိုင်၊ ဒေါ်ငွေတို့ အကြောင်းနှင့်ပတ်သက်ပြီး ထိုစကားပုံကိုပင် သုံးပြန် ချေပြီ။
မခင်ရွှေ သည် စကားပုံအကြောင်း တွေးရင်း၊ ပတ္တမြားကိုးလုံးနှင့် ငွေကြုတ်လေး အကြောင်းကိုပါ သတိရ လိုက်ပြန်သည်။ ထိုသို့ သတိရလိုက်သောအခါ စမ်းမြိုင်ခြံကြီးကို ခြောက်သွေ့နေသော ကန္တာရ ခြံပျက်ကြီး အဖြစ်မှ စမ်းရေ ပြန်လည်စိမ့်ထွက်လာအောင် စိမ်းလန်းစိုပြည်လာအောင် သူ ပြုစုပျိုးထောင်ခဲ့ပုံကိုပါ ပြန်လည် သတိရလိုက်သည်။
ထိုအခါက ခြံကြီး၏ အစွန်ဆုံး စမ်းချောင်း ကမ်းပါးပေါ်မှာ တေ့တေ့လေးရှိနေသော ချိုင့်ကြီးတစ်ခုကို သတိထားခဲ့မိသည်။ ချိုင့်ကြီးကား ကျယ်ဝန်းလှသည်မဟုတ်ချေ။ သာမန်ရေတွင်း တစ်တွင်း၏ အကျယ် အ၀န်း လောက်သာ ရှိနေသည်။ နက်ရှိုင်းခြင်းမရှိဘဲ သစ်ရွက်ခြောက်တွေ၊ အမှိုက်တွေ ကျခြင်းကြောင့် တစ်ကြောင်း၊ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်၍ တစ်ကြောင်း မြေကြီးက မို့နေလေပြီ၊ ရိုးရိုးမြေနိမ့်နေသည့် ချိုင့်ဝှမ်း သဖွယ် သာ တွေ့ရတော့သည်။
ခြံကြီး၏ မြေနေရာအားလုံးတွင် ချိုင့်ဝှမ်းနှင့်တူသည့် အရာ ဟူ၍ ဤတစ်နေရာတည်းသာ တွေ့ရ သောကြောင့်၊ မခင်ရွှေသည် အထွေအထူး မထင်ခဲ့မိချေ။ ရိုးရိုးမြေနိမ့်နေသည့် ချိုင့်တစ်ခုဟုသာ ထင်မြင် လာခဲ့သည်။ နေရာကလည်း ခြောက်သွေ့ တိမ်ကောနေပြီဖြစ်သည့် စမ်းချောင်းကမ်းပါးနေရာဖြစ်နေသည်။ ထို့ကြောင့် မောင်စိန်းမောင်က ခြံမြေကြီးကို စည်းရိုးခတ် သောအခါ ထိုနေရာကို မယူတော့ဘဲ ကွေ့ချန် ထားခဲ့ သောကြောင့် ထိုချိုင့်ကြီးသည် ခြံအပြင်ဘက် ကိုရောက်နေခဲ့လေပြီ။
"မေစမ်းမြိုင် စာထဲမှာပါတဲ့ စေတီတော်ဟောင်း ဌာပနာတိုက်နေရာဆိုတာ ဒီချိုင့်ကြီးပဲဖြစ်မယ်။ တစ်ခြံလုံး မှာ ချိုင့်ဆိုလို့ ဒီတစ်နေရာပဲရှိတာ၊ ကောင်းပါတယ်လေ ကိုစိန်းမောင် ခြံခတ်လိုက်တော့ ဘာမှန်း မသိပေမယ့် အလိုလို ယူချင်စိတ်မရှိတော့ဘဲ ချန်ထားခဲ့တာကိုက ရတနာသုံးပါးနဲ့ စပ်ဆိုင် တဲ့နေရာကို အလိုလို လွတ်ကင်းစင်ကြယ်ပြီးသားဖြစ်သွားတာပေါ့ "
မခင်ရွှေ က တွေးရင်း မောင်စိန်းမောင်အတွက် စိတ်သက်သာရာရသွားသည်။
ထို့နောက် စာကို ဆက်ဖတ်လိုက်ပြန်သည်။
ကျွန်မ သေသေချာချာ မှတ်မိခဲ့ပါတယ်မမ၊ ကျွန်မ ကျောင်းနေလို့ကျောင်းစာ ငါးတန်းရောက်တဲ့နှစ် မှာ အဖေ စိတ်ဖောက်ပြန်လာတယ်။ ရူးစပြုလာတယ်ဆိုပါတော့ မမ။ နှုတ်က တိုးတိုး တိုးတိုးနဲ့ ဘာ မှန်းမသိဘူး အမြဲ ပြောနေတယ်။ အမေကလည်း ဒီ စိတ်နောက်ရူးသွပ်တာ ပျောက်အောင် စွမ်းတယ်၊ ကောင်းတယ်ဆိုတဲ့ ဆရာ ပင့်တာပဲ။
ဆရာတွေ က ဆေးတိုက်ရင် ဆေးကို အဖေက မသောက်ဘူး။
" ရှိသေးတယ် ရှိသေးတယ် အများကြီးရှိသေးတယ် "
ဆိုတဲ့ စကားကိုပဲ ထပ်တလဲလဲ ပြောတယ်။
" ဘာတွေ ရှိသေးတာလဲ "
လို့မေးရင် ...
" ရတနာ တွေပေါ့ "
လို့ အားပါးတရ ဖြေတတ်တယ်။
ဆေးကု တဲ့ ဆရာတွေကတော့ အမေတို့ ရှေးရိုးလိုက်တဲ့အတိုင်း ဗိန္ဓောဆရာတွေ၊ ပယောဂ ဆရာ တွေပေါ့ မမရယ်။ ဒါကြောင့် အဖေရူးတာ သွေးရိုးသားရိုးမဟုတ်နိုင်ဘူး။ ပယောဂ ဖက်တယ်တို့၊ ရိုးရာကိုင်တယ်လို့ သူတို့ စိတ်ထဲမှာ ထင်ရာမြင်ရာကို တစ်ယောက်တစ်မျိုး ပြောကြတယ်။
အမေကတော့၊ ပယောဂဖက်လို့ ရူးတယ်ဆိုတာကို ယုံတယ်။ ဘာကြောင့်လဲ ဆိုတော့၊ ရှေးဟောင်း စေတီအို က ပတ္တမြား တွေယူလာတဲ့ အချက်က ရှိနေတာကိုး မမရဲ့။ အမေက ဒီ ... ပတ္တမြားတွေ ကြောင့် ရူးတာပဲလို့ စိတ်ထဲမှာ အကြီးအကျယ်ကို ကြောက်လန့်နေပေမယ့် ပတ္တမြားတွေကိုတော့ လက်လွှတ်စွန့်ပစ်ဖို့ သို့မဟုတ် ဘုရားစေတီဟောင်း ဌာပနာတိုက် ကျွံကျသွားရာနေရာကို ပြန်သွားပြီး တွင်းထဲကို ပြန်ပစ်ပစ္စည်းဥစ္စာတွေကို စွန့်ပစ် လှူဒါန်း ဖို့ ဆိုတာကို လုံးဝ စိတ်မကူးမိခဲ့ ဘူးတဲ့။ ဘယ်လောက်များ အမေတို့ မက်မောလိုက်ပါသလဲ မမရယ်။
မစားသုံးထိုက်တဲ့ ပစ္စည်းကို စွန့်လအတ်ဖို့ စိတ်မကူးဘဲ ဆရာတွေသာ တစ်ယောက်ပြီးတစ်ယောက် ပြောင်းကုနေတယ်။ ကုလေသမျှ ဆရာတွေကလည်း အားလုံး လက်လျှော့ပြန် သွားကြတာ ချည်း ဖြစ်နေတယ်။
အဖေရူးပုံက ကြမ်းလို့တော့ မဟုတ်ပါဘူး။ ယဉ်ယဉ်ကလေး ရူးနေတာပါ။ ဒါပေမယ့် လေသံအေး အေး ပြောနေတဲ့ စကားတွေက ကြောက်စရာကောင်းတယ်လို့ ပြောပါတယ်။
အဖေ ဘာတွေပြောခဲ့သလဲဆိုတာကို အမေ ပြန်ပြောပြခဲ့တာ ကျွန်မ မှတ်မိနေပါသေးတယ် မမ။
အဖေ ပြောပြတာ ပုံပြင်လေးတစ်ပုံ နားထောင်ရသလိုပဲတဲ့ မမရယ်။
အဘိုးမြိုင်နဲ့ အဘွားစမ်းအေးတို့ ဒီခြံကြီးနေရာကို နေမယ်စိတ်ကူးစဉ်က မြွေဆိုးတွေ မနိုင်နိုင်အောင် ပေါများ နေခဲ့တယ်။ ဒါကို မြွေနိုင်တဲ့ ဆရာကြီး ဦးသာပေါ်က မြွေတွေကို နှိမ်နင်းပေး ခဲ့တော့ မြွေတွေ နေရာပြောင်း သွားခဲ့တယ် ဆိုတာကို ရေပြာအိုင်တစ်ရွာလုံး သိခဲ့ကြပါတယ် မမ။
မခင်ရွှေသည် စာဖတ်ခြင်းကို ရပ်ဆိုင်းထားလိုက်ပြန်သည်။
သူရေပြာအိုင်ရွာ မှာ နေစဉ်က မြွေနိုင်သူ ဆရာကြီး အဘသာပေါ်ကြောင်းကို ဘွားရွှေအိမ်တို့သား အမိက ပြောပြ ခဲ့ကြဖူးသည်။
ယခု မေစမ်းမြိုင်သည် ထိုအတ္ထုပ္ပတ္တိကို ပြန်လည်ပြီး အမှန်အတိုင်း ရေးပြနေပြန်သည်။ မေစမ်းမြိုင်၏ တည်ငြိမ်သော စိတ်ကို မခင်ရွှေက ယုံသည်ထက် ယုံလာသည်။
ထို့ကြောင့် သက်ပြင်းချကာ စာကို ဆက်ဖတ်လိုက်ပြန်သည်။
ကမ္ဘာကျော် သာသနာပြု မင်းမြတ်ဖြစ်တဲ့ သီရိဓမ္မာသောက မင်းတရားကြီးဟာ မြတ်စွာဘုရား ဓာတ်တော်တွေကို ဌာပနာပြီး စေတီတော် ရှစ်သောင်းလေးထောင်ကို အရပ်ရပ် အနှံ့အပြားမှာ တည်ပြီး သာသနာတော်ကို ပြန့်ပွားအောင်ပြုစုခဲ့တာ ဗုဒ္ဓဘာသာဝင်တိုင်း သိခဲ့ကြပါတယ်။ အခု စမ်းမြိုင်ခြံကြီးထဲမှာ အဖေတို့ ဌာပနာတိုက် တွေ့လာခဲ့တဲ့ စေတီတော်ဟာလည်း သီရိဓမ္မာသောက မင်းကြီး တည်တော်မူခဲ့တဲ့ ရှစ်သောင်းလေးထောင် စေတီတော်အပါအ၀င် ဖြစ်တယ်တဲ့။
နှစ်ပေါင်းများစွာ ကြာညောင်းလာတဲ့အခါ စေတီတော် ပြိုပျက်နေတာကို ဘယ်သူက ပြင်လာခဲ့သလဲ ဆိုတော့ ဒီရွာမှာ ဇာတိချက်မြှုပ်နေလာခဲ့ကြတဲ့ ဘိုးဦးတော်တို့ သားအဖေ သုံး ယောက်က ပြင်ခဲ့ကြ တယ်တဲ့။ ဒီသားအဖေသုံးယောက် ပြင်ခဲ့ကြတာက လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးရာ ကျော်အချိန်က ဖြစ်တယ်တဲ့။
အဖေ စိတ်နောက်နေခိုက် ပြောပြတဲ့ ရေပြာအိုင်ရာဇ၀င်လေးကလည်း စိတ်ဝင်စားစရာပဲ မမရယ်။ ဘာကြောင့်ရေပြာအိုင်လို့ ခေါ်သလဲ ဆိုတာပဲ။
ဤနေရာ မှာ မခင်ရွှေ စိတ်အားထက်သန်သွားပြန်သည်။ သူနှစ်ရှည်လများ နေထိုင်ခဲ့သော ရေပြာ အိုင်ရွာလေး မှာ တွေ့ကြုံခဲ့ရသော ထူးဆန်းအံ့သြဖွယ်ရာ၊ စိတ်ဝင်စားဖွယ်ရာ၊ ကြေကွဲပူဆွေးစရာ၊ တရားသံဝေဂ ရဖွယ်ရာ၊ ဇာတိမာန်တက်ကြွဖွယ်ရာ စသည်ဖြင့် များလှစွာသော အကြောင်းတွေကို ဘွားရွှေဆိုင် တို့အိမ်က ပြောပြ၍ အမှတ်တရ စာရေးခဲ့ပါသော်လည်း ရွာနာမည်ကို ဘာကြောင့် ရေပြာအိုင် ရွာ ခေါ်သည်ကိုမူ မခင်ရွှေကလည်း မမေးမိ၊ မည်သူကမျှလည်း စကားစပ်ပြောခြင်းမရှိခဲ့ ချေ။
ယခုမှ ဘာကြောင့် ရေပြာအိုင်ရွာခေါ်သည်ကို စိတ်နောက်ရူးသွပ်နေသူက ပြောပြသည်ဟု မေစမ်းမြိုင် စာထဲ မှာ ရေးထားသည်ကို ဖတ်ရသောအခါ သတိမမူခဲ့သည့် အကြောင်းအရာကို ယခုမှ သိရတော့မည်ဖြစ်သောကြောင့် များစွာ စိတ်ဝင်စားသွားခြင်းဖြစ်သည်။
မခင်ရွှေ က စာကို ဆက်ဖတ်လိုက်သည်။
အဖေက ဒီရွာရာဇ၀င်ကို ဘယ်လို ပြောလဲဆိုတော့ -
ဒီ ရေပြာအိုင်ရွာ ရှိနေခဲ့တာ ကြာပြီဘဲ၊ ဒီရွာသက်တမ်းဟာ အနည်းဆုံး နှစ်ပေါင်း ငါးရာကျော် ခြောက်ရာနီးပါးရှိနေပြီတဲ့။
ကျွန်မက ရှစ်တန်းအထိ စာသင်ခဲ့ဖူးတယ်လို့ ပြောခဲ့ပါတယ်မမ။ မြန်မာရာဇ၀င်ကို စိတ်ဝင်စားလို့ ရာဇ၀င်စာအုပ်တွေကို ဖတ်ခဲ့ဖူးပါတယ်။ အဖေပြောတဲ့ ရွာသက်တမ်းကို တွက်ကြည့်ရင် ပထမအင်း ၀ခေတ် အချိန်လောက်ကတည်းက ရှိခဲ့တယ်လို့ မှန်းဆမိပါတယ်မမ။ ကျွန်မ အယူအဆ လွဲမလား မမလည်း တွက်ကြည့်ပါဦး။
မခင်ရွှေက စာဖတ်သည်ကို အခိုက်အတန့် ဖြတ်ထားလိုက်ပြီး၊ မေစမ်းမြိုင်ပြောသည့် ရွာသက်တမ်းကို တွက်ကြည့်လိုက်သည်။ အင်းဝပထမခေတ်လောက်ကပင်ဖြစ်ကြောင်း ခန့်မှန်းမိ သည်။
" အို ... ဒီရွာသက်တမ်း မနည်းတော့ပါလား။ အဓိကရ ရွာတစ်ရွာပဲ။ ဒါကြောင့် ပြောလို့မယုံနိုင် အောင် ထူးဆန်း တဲ့ အဖြစ်တွေ ဖြစ်ခဲ့တာပေါ့ "
မခင်ရွှေ က တွေးပြီး စာကို ဆက်ဖတ်လိုက်သည်။
ဟို ... ရှေးယခင်အချိန် ဒီဘုရားစေတီတော်ကြီးကို သားအဖသုံးယောက် ပြုပြင်တည်ဆောက်စဉ် ကပဲ ထူးဆန်းတဲ့ ရေအိုင်တစ်အိုင် ရှိခဲ့တယ်တဲ့။ ဒီရေအိုင်က ဘယ်နားမှာ ရှိနေလဲဆိုတော့၊ စေတီ တော်ကြီး အနီးနား မှာပဲ ရှိနေခဲ့တယ်တဲ့။ ရေအိုင်က ကျယ်ကျယ်ဝန်းဝန်း ကြီးကြီးမားမား မဟုတ်သော်လည်း ပြာလဲ့လဲ့ရေကြည်ကြည်က မိုး၊ နွေမခန်း စိမ့်ထွက်နေပြီး၊ အိုင်နှုတ်ခမ်းက လျှံ ကျလာတဲ့ ရေတွေက စမ်းချောင်းအဖြစ် စီးဆင်းသွားတော့ ဒီစမ်းချောင်းတစ်လျှောက်မှာ ရှိနေတဲ့ မြေတွေဟာ မြေဆီသြဇာ သိပ်ကောင်းပြီး။ အသီးအနှံ ဖွံ့ဖြိုးလွန်းလို့ ဒီရွာဟာ အင်မတန် စည်ကား သာယာခဲ့တယ်လို့ ပြောပါတယ်။
မခင်ရွှေ အံ့သြရပြန်လေပြီ။
" သြော် ... လက်စသတ်တော့ စမ်းမြိုင်ခြံကြီးထဲက စမ်းအိုင်လေးဟာ ဒီရွာရဲ့ မူလနာမည်ကို ဖြစ် စေတဲ့ အဖိုးတန် ရေအိုင်လေးပါလား။ ဒီအိုင်နဲ့ဒီစမ်းချောင်းကို တိမ်ကောခြောက်သွေ့အောင် လုပ် ခဲ့ကြတာ တော်တော်အဆင်ခြင် ကင်းမဲ့တဲ့လူတွေပဲ။ နှစ်ပေါင်းငါးရာကျော်က တည်ရှိပြီး ရှေးလူကြီး တွေ မြောက်မြားစွာကို သာယာဝပြောအောင် ကျေးဇူးပြုလာခဲ့တဲ့ စမ်းရေအိုင်ကို ခန်းခြောက်နေတဲ့ အဖြစ်က ပြန်လည် စိုပြည်ပြီး စမ်းရေ ပြန်ထွက်အောင် ငါ လုပ်ပေးနိုင်ခဲ့ပါလား "
မခင်ရွှေသည် တွေးရင်းပင် သူပြုမူခဲ့သည့် မွန်မြတ်သော အလုပ်ကိုစိတ်မှာ ကျေနပ်ခြင်း၊ ပီတိဖြစ် ခြင်း၊ နှစ်သိမ့် ၀မ်းမြောက်ခြင်း၊ ဂုစ်ယူခြင်း စသည့် ခံစားချက်တို့ကြောင့် မျက်ရည်များပင် လည်လာ သည်။ ကြက်သီးမွေးညင်းပင် ထလိုက်မိသည်။
" ကောင်းလိုက်တာနော်၊ ငါ လူဖြစ်ရကျိုး နပ်လိုက်လေခြင်း "
မခင်ရွှေက နှုတ်မှ ကြည်နူးစွာ ရေရွတ်လိုက်ပြီး စာကို ဆက်ဖတ်လိုက်သည်။
ဒီရေအိုင်လေးထဲက ရေဟာ ဘယ်အခါ ကြည့်ကြည့်၊ မိုးကောင်းကင်လို အမြဲ ပြာလဲ့နေတယ်။ ည အမှောင်ထဲမှာ ကြည့်လည်း အပြာရောင်ကို မြင်နေနိုင်တာပဲတဲ့။ ဒီလို အချိန်မရွေး အပြာရောင် သန်းနေတာ ရေအောက်မှာ ဘာတွေရှိနေလို့လဲလို့ စူးစမ်းချင်တဲ့ ပုဂ္ဂိုလ်အချို့က ရေအနက်ကို တိုင်းကြည့်ချင်တယ်။ တော်ရုံရေအနက်ဆိုရင် ရေငုပ်ကြည့်မယ်ပေါ့။
ဒါပေမယ့် ညအချိန်မှာအောင် ပြာလဲ့လဲ့အရောင် မြင်နေရတဲ့ ရေအိုင်ကို အဓိကရေအိုင်ပဲလို့ ရိုသေ တဲ့စိတ်နဲ့ ဆင်းငုပ်ဝံ့သူမရှိတော့ မစူးစမ်းတော့ဘူးတဲ့ မမရယ်။ ချိုအေး ကြည်လင်ပြီး ပြာလဲ့လဲ့ ရေ အရောင်ရှိနေတဲ့ ရေအိုင်လေးကို အစွဲပြုပြီး ဒီရွာကို ရေပြာအိုင်လိုပ အမှတ်သညာ ပြုခဲ့ကြတာတဲ့။
ဟိုစဉ်အခါကတော့ ဒီစေတီတော် ပတ်ဝန်းကျင်မြေကိုရော ဒီ စမ်းအိုင် ပတ်ဝန်းကျင်မြေကိုရော၊ ဘယ်သူကမှ အပိုင်မယူခဲ့ကြဘူးတဲ့၊ ဒီရွာ စည်ကားသာယာဝပြောစဉ်မှာ ဒီရွာ ဇာတိချက်မြှုပ်ဖြစ်တဲ့ ဘိုးဦးတော်မှာ သားဖြစ်သူ သခင်ရွှေနဲ့ သမီးဖြစ်သူ မင်းရွှေနှစ်ဆိုတဲ့ သားနဲ့သမီးရှိတယ်။
သူတို့ မိခင်ကတော့ သူတို့ငယ်စဉ်ကပဲ ကွယ်လွန်ဆုံးပါးသွားတော့။ ထင်ရှားခြင်း မရှိတော့ဘူးတဲ့။ ဒီစေတီတော်ကြီးကို သားအဖသုံးယောက် ပြင်ကြတဲ့အခါ မပြီးခင်မှာဘဲ ဖခင်ကြီး သေဆုံးသွား တယ်။ မောင်နှမနှစ်ယောက်လည်း ပူဆွေးကြေကွဲစိတ်နဲ့ပဲ စေတီတော်ကို ဆက်လက် ပြင်ခဲ့ကြ တယ်။
သားဖြစ်သူ သခင်ရွှေက အဂ္ဂိရတ်ထိုး သိပ်ဝါသနာပါတယ်တဲ့။ မိခင်ရော၊ ဖခင်ရောမရှိတော့၊ သမီး မင်းရွှေနှစ်က သံဝေဂရပြီး၊ ရှိသမျှ ပစ္စည်းတွေအားလုံးကို ရောင်းချညပီး ဘုရားပြုပြင်ရာမှာ သုံးလိုက်တယ်။ သခင်ရွှေက နှမလေး စီမံတာကို ဘာမှမကန့်ကွက်ဘဲ စေတီတော် ပြုပြင်ရေးမှာ လည်း ၀ိုင်းကူ။ အဂ္ဂိရတ်ကိုလည်း ကြိုးစားထိုးနေတာပဲတဲ့။
ဒါနဲ့ စေတီတော်ပြုပြင်ဖို့ ပစ္စည်းတွေ ထုခွဲရာမှာ မင်းရွှေနှစ်က တခြားပစ္စည်းတွေကိုသာ ထုခွဲပြီး အဖိုးထိုက်တန်လွန်းတဲ့ ပတ္တမြားကိုးလုံးကိုတော့ မြတ်စွာဘုရားရဲ့ ဂုဏ်တော်ကိုးပါးကို ရည်စူးပူဇော်ဖို့ ချန်ထားခဲ့တယ်။
စေတီတော် ပြီးခါနီးမှာ ဌာပနာတိုက် ပိတ်တော့မယ့် ဆဲဆဲ မင်းရွှေနှစ်ဟာ ရှောင်တခင်ရောဂါနဲ့ အနိစ္စရောက်သွားပါရော။ ကျန်ရစ်တဲ့ သခင်ရွှေက နှမလေးကို သင်္ဂြိုလ်ပြီး နှမလေးလှူခဲ့တဲ့အတိုင်း ပတ္တမြားကိုးလုံးနဲ့ သူ ကြိုးစားအောင်မြင်ခဲ့တဲ့ ပစ္စည်းကို ငွေကြုတ်ထဲမှာထည့် ဘုရားမှာ ဌာပနာပြီး စေတီတော်ကို ပြီးအောင် တည်တယ်။
စေတီတော် လည်းပြီးေ၇ာ သခင်ရွှေလည်း ဘယ်လိုမှ သတင်းအစအန မမြင်ရမကြားရအောင် ပျောက်ကွယ်သွားတယ်တဲ့။ စေတီတော်ကြီး ပြုပြင်တဲ့ မိသားစုသုံးယောက်စလုံး ပြည်ဖုံးကားချလိုက်သလို ခြေရာလည်းပျောက်။ ရေလည်းနောက်သွားပြီပေါ့ မမရယ်။
အဂ္ဂိရတ်ကို ကြိုးစားထိုးတဲ့ သခင်ရွှေရဲ့ အောင်မြင်ခဲ့တဲ့ပစ္စည်းဆိုတာ မမ စဉ်းစားမိပါလိမ့်မယ်။
ဒါက အဖေ စိတ်နောက်ရူးသွပ်နေခိုက် နှုတ်က တီးတိုး တီးတိုး ပြောနေတာတွေကို အမေက တိတ် တိတ်ကလေး ချောင်းနားထောင်ထားလို့ ကြားလိုက်ရတဲ့ စကားတွေပဲ မမ။
အဲဒီလို အဖေ စိတ်နောက်ရူးသွပ်ပြီး ဆရာတွေတိုက်တဲ့ ဆေးကို မသောက်ဘဲ ...
" ရှိသေးတယ်၊ အများကြီး ရှိသေးတယ် "
ဆိုတဲ့ စကားကိုပဲ ပြောနေတော့ ဆရာတွေက ဒီလူဟာ ဥစ္စာစောင့်ရင်လည်း ဖြစ်ရမယ်။ သို့တည်း မဟုတ် သူသိုဝှက်ထားတဲ့ ပစ္စည်းတွေ ပျောက်ကွယ်သွားလို့ ဥစ္စာရူးနေသူပဲဖြစ်ရမယ်လို့ ထင်မြင် ချက်တွေ ပေးကြတယ်။
ဆေးကုလို့တော့ မရတော့ဘူး ဆိုပါတော့ မမရယ်။ နောက်ပြီး အဖေ့မှာ ထူးခြားချက် တစ်ခုရှိတယ်။ စိတ်နောက်ပြီ ဆိုကတည်းက ဘာကျွေးလို့မှ မစားတော့ဘူး။ စားသောက်စရာကို ချော့ကျွေးမလို့ သူ့အနား ကို ယူသွားရင် ...
" မစားဝံ့ဘူး၊ ကြောက်တယ် ... ကြောက်တယ်၊ စားခဲ့မိတာတွေလည်း မှားတယ် "
လိုပချည်းအော်တာပဲတဲ့။ အရိုးပေါ် အရေတင် ရုပ်မျိုးဖြစ်နေပြီလေ။ နောက်ပြီး ပြောသေးတယ်။
" အများကြီးရှိတယ်။ ဟောဟို သစ်ပင်တွေ အောက်မှာ မြှုပ်ထားခဲ့တယ် "
ဆိုတာကိုပဲ အမြဲပြောတယ်။
ဦးဖေဆိုင်နဲ့ ဒေါ်ငွေတို့က ချော့မေးကြတယ်။ ဘယ်သစ်ပင်အောက်မှာလဲဆိုတာ။ ဒါပေမယ့် အဖေ လည်းပြတာက ရှိသမျှ သစ်ပင်ကြီးတွေကို အကုန်လက်ညှိုးထိုးပြနေတော့ ဘယ်သစ်ပင်ဖြစ်တယ်လို့ မသိကြ တော့ဘူး။
ဦးဖေဆိုင်နဲ့ ဒေါ်ငွေတို့က အမေ့ကို မေးကြပြီလေ။
" ပတ္တမြားတွေ ဘယ်မှာမြှုပ်ထားလဲ၊ ကိုတောက်ထွန်းမြှုပ်ပစ်ခဲ့တာ ခင်ဗျားသိမှာပေါ့ "
အဲဒီတော့မှ အမေလည်း ပတ္တမြားတွေကို သတိရပြီး သိမ်းထားတဲ့နေရာကို ကြည့်လိုက်တော့ တစ်လုံးမှမရှိတော့ဘူး။ တကယ်ပဲ ယူပြီး မြှုပ်လိုက်သလား၊ မစားအပ်တဲ့ ပစ္စည်းဖြစ်လိုပ ပျောက် ကွယ်ကုန်တာ လားဆိုတာတော့ မသိဘူး မမ။ အမေလည်း မစသ်းစားတတ်အောင် ဖြစ်သွားတယ်။ ဒီလိုနဲ့ အဖေလည်း လုံးပါးပါးပြီး ကျွန်မ ရှစ်တန်းရောက်တဲ့ နှစ်မှာ ဆုံးရော။ အဖေဆုံးပြီး ကျွန်မ မကျန်းမမာ ဖြစ်လိုက်တာပဲ မမရယ်။ ကျွန်မ ရေးပြခဲ့တဲ့အတိုင်း ကျွန်မ စကားဆွံကသလို ဖြစ်သွားတယ်။ စကားပြောရတာ တော်တော်နဲ့ ပါးစပ်က အသံမထွက်ဘူး။ အင်မတန်အားယူ ဘကိုးစားလိုက်မှ ထစ်ထစ်ငေါ့ငေါ့ အသံထွက်လာတယ်။ ရှင်းရှင်းပြောရရင် အ သွားတာပေါ့။
အဖေ့အတွက် ငွေကုန်သံပြာဖြစ်၊ ကျွန်မအတွက် ငွေကုန်၊ ပတ္တမြားတွေလည်း အစအနမပေါ်အောင် ပျောက်ကုန်တော့ အမေလည်း ရှိသမျှလေး ထုတ်ရောင်းစားနေရတယ်။ ဦးဖေဆိုင်နဲ့ ဒေါ်ငွေတို့ကလည်း မြွေပူရာကင်းမှောင့် ဆိုတာလို ပတ္တမြားတွေကို တစ်မေးတည်း မေးနေကြတာပဲ။
မရောင်းဘဲ ကျန်ရစ်တဲ့ ပတ္တမြားကြီး ခြောက်လုံးတန်ဖိုးက အနည်းဆုံး သုံးလေးသိန်းလောက်တန် နေတာ ကိုး၊ သူတို့ လင်မယား နှစ်ယောက်စလုံးက ခန့်မှန်းနေမိကြတော့ ဝေစုသိပ်လိုချင်နေကြ တယ်။
ဆက်ရန်
.
3 comments:
အမရေ လောဘကြီးတဲ့လူတွေပဲနော်၊ဆက်ရန်ကိုဖတ်ချင်နေပြီ။
မမရွှေစင်... ဆက်ရန် မျှော်နေတယ်နော်။ ကျေးဇူးတင်ပါတယ်။
မမရေ ဖတ်လို့ကောင်းတယ်.. စိတ်လဲဝင်စားတယ်.. ဆက်ရန်ကို မျှော်နေပါတယ်နော်....
Post a Comment