ဤအခိုက် အိမ်ရှေ့အဘက်မှ ဒေါ်အေးဆင့်က ...
"ဟဲ့ ... အရီ၊ ဓမ္မကထိကမလေး ... နင့်အိမ်က ခေါ်နေတယ်"
"ဟုတ်ကဲ့ ကြီးကြီး" ဆိုပြီး ထိုင်ရာမှထ၍ "ကဲ ... ဦးလေးတက်ပု၊ နောက်မှ အေးအေးဆေးဆေး ပြောကြ သေးတာပေါ့နော်"
အင်း ... အာဂ ကောင်မလေးပဲ။ ကျုပ် အစဦးဖြင့် ဒီဟာမလေးက လှတာသက်သက်ပဲ အောက်မေ့ ခဲ့တယ်၊ အခုတော့ ရွှေထုပ်တဲ့မြပ၀ါ လှကညာ။
သူ အိမ်ပေါ်က အဆင်းတွင်လည်း တီးတိုးကလေး သီချင်းညည်း၍ သွားသေး၏။
"ကလောင် မထိန်းနိုင်ဘူး
ရှောင်တိမ်းကာ ဒါတွေကွင်းချင်လဲ
အရင်းရှင် ဒီစနစ်ဟာဖြင့်
အမြစ် ပါ မပြိုပျက်ရတော့
ခက်ပါလိမ့် ဤကမ္ဘာ
မသာဘူး လူ့ဘုံခန်း" တဲ့။

အခန်း (၁၁)
ကျွန်တော် ယခု ဦးမြတ်ချမ်းတို့အိမ် နေရသည်မှာ ထင်းပေါက်ခြင်း၊ ရေခပ်ခြင်း၊ သူတို့ မြေးကလေး ထိန်းပေးရခြင်း၊ ညအိပ်ရာ ၀င်ခါနီးတွင် တစ်ခါတစ်ရံ သူတို့လင်မယားကို နင်းပေးရ ခြင်း၊ သူတို့ မော်တော်ကားကြီးများ ပြန်လာ၍ ဘီးလေလျော့နေလျှင် လေထိုးပေးရခြင်း၊ ရွှံများပေ လာလျှင် ဒရိုင်ဘာ နှင့် အတူ ကူ၍ ရေဆေးပေးခြင်း စသော ဗာဟီရ အလုပ်ကလေးများဖြင့်သာ မတောင့်မတ မကြောင့်မကြ အချိန်တန် လျှင် ထမင်းပွဲ လက်ဆေးနှိုက်၍ ထမင်းပွဲအပြီးမှ အားလုံး ပန်းကန်တွေ စုဆေးရပါသည်။
သြော် ... တစ်ဝမ်းတစ်ခါးအတွက် မြို့မှာဆိုတော့ သက်သာလိုက်တာ။ တောမှာဆိုတော့ ဒီလို တစ်နေ့ ထမင်းနှစ်နပ် ကလေး စားရဖို့ကို (ဟင်းမြက်မြက်တောင် မပါဘူး) နွားနဲ့ ဖက်ရုန်းရတာ ခင်ဗျ။
"မောင်တက်ပု ဒီအတိုင်းဆို တို့အိမ် တစ်သက်လုံး နေချင်နေပါကွာ" ဟုပင် ပြောပါသေးသည်။ ကျေးဇူး တင်ပါရဲ့၊ သို့သော် ဘယ်ဖြစ်မလဲ၊ ကျွန်တော့်မှာ သားနဲ့ မယားနဲ့ သံယောဇဉ်မီးက မွှေးမိပြီ ကိုး။
သူတို့အိမ် မှာ မပူမပင်စားရပါရဲ့၊ ကွမ်းဆေးဆိုလဲ အလျှာည်ပယ်၊ ဆေးလိပ်မှ ဦးမြတ်ချမ်း ရဲ့ ၀ယ်ဆေးလိပ် တစ်မီးသေ အတို တွေကို သောက်ရပါသည်။
တစ်ခါတစ်ရံ ၌ "ဟဲ့ ... ဒါယူ" ဆိုပြီး အရှည် အသစ်စက်စက်ကြီးတွေကို ပေးပါသည်။ ပိုးပေါက် အနည်းငယ် တော့ ပါသပေါ့လေ၊ သို့သော် ကျွန်တော့်အဖို့ ထုံးနဲ့ ဖာသောက်လိုက်တော့ ဇိမ်ပေါ့၊ ဤလို အရှည်မျိုးကို မော်တော် ကားဘီး လေထိုးရသော နေ့မျိုးတွင် ထင်းတုံးကြီးတွေ ပေါက်ရသော နေ့မျိုးတွင် ပေးတတ် ပါသည်။
ညနေဆီ နေခြည်လျှပ်ရင်ဖြင့်
မရွှေရ ကေသီနတ်ကယ်က၊
ရေကြည်ခပ်ရန်တဲ့ လာခဲ့ပြီ။
အလှထူးပါဘိ၊
မြဖူးမှာ ရွှေစာရံသို့၊
နေ၀ါလျှံ ကြည်ကြည်လဲ့တွင်ဖြင့်၊
ကိုယ်မူဟန် သီသီနွဲ့ငယ်နဲ့၊
ချစ်ဖွယ့်ဂေါရီ။
အဆင်းသာ မကြည့်လေနဲ့၊
အချင်းမှာလဲ ပြည့်ပါဘိ၊
ယမင်းကညာတမိ လှဒေ၀ီရယ်၊
ပြည်တန်တဲ့ ပတ္တမြား။
အရွယ်ကလေး
ငယ်သေးပေမယ့်၊
အတွေးဥာဏ်ကျယ်လို့၊
မှန်တကယ် အမြင်ပေါက်သူပေါ့၊
ဇမ္ဗူတလူမောက်အောင်၊
ထွန်းတောက်စေသား။
"ကဲ ... မရွှေရီ၊ ရေအိုးပြည့်ပြီခင်ဗျာ့၊ တင်ပျဉ်ခွေကြီး ထိုင်ပြီး ဘာတွေများ တွေးနေပါလိမ့်"
သူသည် ကျွန်တော် သူ့ရေအိုးကို ရေငင် ထည့်ပေးနေစဉ်၌ ရေတွင်းအနီးက မြက်ခင်းစိမ်းကလေး ပေါ်တွင် တင်ပျဉ်ခွေ ပုံ့ပုံ့ကြီးထိုင်လျက် ပေါင်နှစ်လုံးပေါ် တံတောင်နှစ်ဖက်ထောက်၍ လက်ဖ၀ါး နှစ်ခုထဲ မေးစေ့ ထည့်ကာ စူးစူးစိုက်စိုက် တွေး၍ နေတတ်ပါသည်။
"အင်း ... သူ့မှာ ဧကန္တ တွေးဖို့၊ ငေးဖို့၊ ဆွေးဖို့ လူရှိနေပြီ ထင်တယ်"
သူထိုင်ရာမှ ထအလာ၌ ကျွန်တော်စကားဆက်လိုက်သည်တွင် ...
"အမယ်လေး ... ဦးလေးတက်ပုရယ်၊ အရီမှာ ထွေလီကာလီ ၀ီစိကိစ္စစိတ်တွေ မရှိပါဘူး"
"နို့ ဘာတွေများ နေရှိသရွေ့ တွေးငေးနေရတာလဲ"
"စဉ်းစားစရာတွေ့ တွေးစရာတွေ အများကြီးပေါ့ ဦးလေးတက်ပုရယ်၊ ဟောဒီ လောကကြီးမှာ တွေးလေ တွေးလေ မဆုံးလေဘဲ"
"ဒါဖြင့် တွေးမဆုံးပေါင်၊ ခွေးသုံးကောင် ငရွေးမြှုံးနဲ့လှောင်၊ မိအေး ပြုံးသယောင်ယောင်ပေါ့ ဟုတ်လား"
ကျွန်တော် က အရွှန်းကလေး ဖောက်လိုက်ရာ သူသည် ပါးမို့ကလေးအက်အက်နှင့် အသံကလေး များ ထွက်အောင် ရယ်ကာ ...
"ကြည့်စမ်း ဦးလေးတက်ပု၊ နဘေထပ် ကောင်းလိုက်တာ၊ ကဗျာစပ်တတ်ရင် သိပ်တော်မှာနော်"
"သိပ်တော့ မတော်ပါဘူးကွယ်၊ စပ်တော့ စပ်တတ်ပါတယ်"
"ဟင် ... ဦးလေးတက်ပု ကဗျာစပ်တတ်တယ်"
"တောသား ကဗျာစပ်တတ်တယ်ဆိုတော့ အံ့သြသလား"
"အံ့သြစရာပေါ့၊ မြို့ကျောင်းနေတဲ့ လူတွေတောင် ကိုးတန်း ဆယ်တန်းရောက်မှ သင်ပေးတာ၊ ဒါတောင် သင်တိုင်းတတ်ကြတာ မဟုတ်ဘူး၊ ဥာဏ်ကောင်းတဲ့ လူမှ ကဗျာစပ်တတ်တာ၊ ဦးလေးတက်ပု ဘယ်က တတ်လာတာလဲဟင်"
"တို့ ခပ်ရွယ်ရွယ်က ရွာကကျောင်းမှာ ဦးပဉ္ဖင်းကြီးတစ်ပါးလေ၊ ကဗျာအင်မတန် ၀ါသနာပါတယ်၊ သူကိုယ်တိုင် လဲ ကဗျာစပ်တတ်တယ်၊ ဒါနဲ့ ကိုယ်က အခုနလို တွေးမဆုံးပေါင် ခွေးသုံးကောင် ဆိုတဲ့ ဟာမျိုး တွေ ပါးစပ်က ဗျစ်တီးဗျစ်တောက် ဆိုလေ့ရှိတာကြာတော့ ဟာ့ ... တက်ပု နင် ကဗျာ သင်ရင် ရမယ်ဆိုပြီး သင်ပေးတာ အရီ ရဲ့ ဦးကျော်လှ သံချိုတွေ၊ ဦးပုည မေတ္တာစာတွေ၊ ကျည်းကန် ရှင်ကြီး စာတွေ၊ ဦးကြင်ဥ ကဗျာ တွေ၊ နတ်ရှင်နောင် ရတုတွေ ဖတ်လိုက်ရတာအမောပဲ၊ ကဗျာအဖတ်များ မှ ကဗျာစပ်ပွားသတဲ့"
သူကလေးသည် နှုတ်ခမ်းကလေးပွင့်အောင်ပင် ငေး၍ နားထောင်နေပြီ ...
"အမယ်လေး ... ဦးလေးတက်ပုရယ်၊ အရင် အရီက စာကောင်းကောင်း ဖတ်တတ်တဲ့မှုတ်လားလို့ မေးမိတာ ခွင့်လွှတ်ပါနော်၊ ကြည့်စမ်း၊ တကယ့်လူနဲ့တွေ့မှပဲ"
"ဘာလဲ၊ အရင်ကတော့ မျောက်မှတ်လို့လား"
"မဖောက်စမ်းပါနဲ့ဦး၊ အတည်ပြောစမ်းပါရစေဦး၊ အရီ ကိုယ်အရီ လူကခတ်တော်လှပြီ အောက်မေ့နေတာ ဒီတစ်ပွဲတော့ လွဲလိုက်တာလေ၊ ဦးလေးတက်ပုက ဗလွတ်ရွှတ်တနဲ့ ရယ်စရာ တွေ ပြောတော့ အေးလေ ဟာသသမား ဆိုတော့ လူကဲခတ်ရခက်တာပေါ့"
"အမယ်လေးအရီရယ် ဘာတွေများ ဒီလောက် လူကဲခတ် လွဲနေရတာလဲ၊ ဦးလေးတက်ပုမှာ ကဗျာ ကလေး မတောက်တစ်ခေါက် စပ်တတ်တာကလွဲပြီး ဘာများတော်လို့လဲ၊ ကိုယ်ကမှ အရီကို တက်တက်စင်အောင် လွဲတာ"
"ဘယ်လိုများ လွဲလို့တုံး"
"ဟာ ... အစဦးဖြင့် ဒီကောင်မလေးဟာ လှတာသက်သက် ညစာအတွက်လောက်ပဲလို့၊ အိုး ... ဆောတီး ဆောတီး၊ အကျင့်ကပါနေတော့ နတေသွားထပ်လိုက်မိတာ ရိုင်းသွးတယ်၊ ခွင့်လွှတ်ပါ နော်"
"ကိစ္စ မရှိပါဘူး၊ အရီ နားလည်ပါတယ်၊ ဦးလေးတက်ပု စကားဟာ တိုတိုကလေးနဲ့ အဓိပ္ပာယ် အကျယ်ကြီးကို ပြီးသွားတယ်၊ ကဲ ... ခုတော့ ဘယ်လိုများ အထင်နဲ့ လွဲသလဲ"
"ည က အရီက ကဗျာတစ်ပုဒ်တောင် စပ်ထားတယ်"
"ကဲ ... ဒီလိုဆို အလွတ်ရနေမှာပေါ့၊ ဘယ်လိုများလဲ ဆိုပြစမ်းပါ"
ကျွန်တော် လက်တား၍ ...
"အမယ်လေး ... အမိ၊ ဆိုတော့ ဆိုမပြပါရစေနဲ၊ ကျုပ် အသံကြားရင် ခင်ဗျားကလေး လန့်ပြေး မယ်၊ ရော့ ... ဟော့ဒီမှာ အရီ ကို ပြဖို့ အသင့်ပဲ ပါခဲတယ်" ဆိုပြီး ကျွန်တော် ခါးပိုက်ထောင်ထဲ ထည့်ထားသော စာရွက်ခေါက် ကလေးကို ပေးလိုက်ပါသည်။
ကဗျာမှာ ကျွန်တော် အခုနက ရေငင်ရင်း ညည်းနေသော လေးချိုးကလေး ဖြစ်ပါသည်။ (မိတ်ဆွေ ပြန်ဖတ် ကြည့်ပါဦး)
"အမယ် ... စာဆိုတော် ရတနာတက်ပု ဆိုပါလား"
"ဒါကို ကိုယ့်ကလောင် နာမည်လေ၊ အဲဒီ ဦးပဉ္ဇင်းကြီးက မှည့်ပေးတာပဲ၊ ကဲ ... ဖတ်ပါ ဖတ်ပါ"
သူကလေးသည် ကိုယ်ကလေးကို ယို့ကာ ယမ်းကာ ရယ်ကာ ပြုံးကာနှင့် ဖတ်ပြီး ...
"ဟင်း ... ကြည့်စမ်း ဦးလေးတက်ပု၊ အရီကို သိပ်မြှောက်ထားတာပါပဲလား၊ ဒီကဗျာနဲ့ အရီနဲ့ မတန်ပါဘူး"
"တန်လို့ပဲ စပ်ပြီးနေပြီ၊ ကဗျာဆိုတာ အသည်းနှလုံးကြားထဲက ထွက်လာတာ၊ ဒီကဗျာထဲမှာ ဦးလေးတက်ပု စေတနာတွေ အများကြီး ပါတယ်၊ အရီ တစ်နေ့မှာ ဇမ္ဗူတလူမောက်ရမယ်ကွယ်၊ ကြလား ငါ့ညီမ၊ ဟင် ... ဟုတ်ပါဘူး၊ အရီက ဦးလေးခေါ်တော့ ..."
သူက ကျွန်တော့ စကားဖြတ်၍ ...
"ပိုရင်းနှီးသွားအောင် ညီမလို့ ခေါ်ချင်လဲ ခေါ်လေ၊ အရီကလဲ ကိုကြီးလို့ ခေါ်မယ်၊ ဒါပေမယ့် ဟိုသီချင်းထဲက ကိုကြီး ညီမလေးမျိုးတော့ မဟုတ်ဘူးနော်"
"အေးပါကွယ်၊ ကိုယ်ကလဲ ဒါမျိုး ၀ါသနာမပါပါဘူး၊ ကဲ ... စမ်းခေါ်ကြည့်စမ်းမယ် ပြန်ထူးနော် ညီမလေးရေ"
"ရှင်"
"ဟယ် ... ကိုကြီးရေလို့ ပြန်ထူးမှပေါ့"
"ဒါဖြင့် ပြန်ခေါ်"
"ညီလေးရေ"
"ဘာလဲတော့"
"ဟယ် ... လုပ်ပြန်ပြီ"
"ဒါဖြင့် ပြန်ခေါ်ဦး"
"ညီမလေးရေ"
"ဘာတုံး၊ အလကား ခဏ ခဏ ခေါ်နေတာပဲ၊ ဒီမှာ အလုပ်မအားဘူးတော့၊ အိမ်ကို ရေရွက်ပို့ရ ဦးမယ်"
မျက်နှာထိ မျက်နှာထားနှင့် နှုတ်ခမ်းတလန် ပန်းတလန် တောသူမသံ ပါပါကြီး ပြောပြီး ရေတွင်း နှုတ်ခမ်းပေါ်တွင် ထားသော သူ့ရေအိုးကို ကောက်ရွက်၍ ထဘီစတစ်ဖက်ကို သလုံးသား တစ်ဝက် ပေါ်အောင် မ ကာ ကော့ကော့ကြော့ကြော့ကြီး သွားလေ၏။
ရေအိုးကိုလဲ မရွက်တတ် ရွက်တတ်မို့ ခေါင်းကမငြိမ်တော့ ရေတွေက အိုးနှုတ်ခမ်းပေါ်က စီးကျ သူ့ပါးပေါ်က လျှော့ဆင်းပြီး သူ့ကိုယ်ပေါ်ရောက်တော့ အင်္ကျီကလဲ မထူးမပါး အသာအရေကလဲ ပြည့်ပြည့်တင်းတင်းမို့ ၀ါဝါ ၀င်းဝင်း ကွင်းကွင်းကွက်ကွက်နဲ့ ချစ်စရာ့ ကျွန်တော့်ညီမလေး၊ ကျားကိုက်ခံချင်စိတ်တော့ ပေါ်လာသား၊ ဒါပေမယ့် မလျော်တာဟယ်။
သို့သော်လည်း ယောက်ဖတော့ မလိုချင်ဘူး။ သံယောဇဉ်တွယ်ကာ ငြိသလောက်လေ ... အစ်ကိုကြီးမှာ ညီမလေးရေ။
အရီသည် မြို့သူပင်ဖြစ်သော်လည်း ရေအပြည့်နှင့် ရေအိုးဒန်ကြီးကို အလွယ်တကူ ခေါင်းပေါ် ပင့်နိုင်လောက်အောင် သန်စွမ်းသူ ဖြစ်သည်။ သူ့လက်မောင်းကြီးတွေမှာ တုတ်တုတ် ကတ်ကတ်ကြီးတွေ။ လက်ချောင်းကလေးတွေကား မိန်းမပီပီ သေးသွယ်လှသည်။ လက်ဆစ်မပေါ် ဖယောင်းတိုင်ကဲ့သို့ ပြေပြစ်သည်။
ညအချိန် လသာသာ ဦးမြတ်ချမ်းတို့ အိမ်နောက်ဖေး တလင်းကျယ်ကြီးထဲ၌ ကျွန်တော့်ကို သူစိတ်ပါလက်ပါ ကိုယ်ဖိရင်ဖိဖြင့် ဘိုင်စကယ်စီး သင်ပေးနေ ၍ ကျွန်တော် သိသည်။ သူ့လက်ဖ၀ါးလေးတွေ လက်ခုံ ကလေး တွေမှာ ထွေးထွေးအိအိ ရှိလှသည်။ လက်မောင်းသားတို့ကား တင်းရင်းလှ၏။
သူသည် ဘယ်လို အ၀တ်ပဲဝတ်ဝတ် ကြည့်ကောင်းသည်။ သူ့မိတ်ဆွေ ကောင်မတစ်ယောက်ဆီက လက်ဆောင်ရထားသော ကရင်မအင်္ကျီ အနက်ချိုင်းပြတ် ပန်းနီအနားသတ်ကလေးကို ၀တ်ထား သည်၌ အင်မတန်ကြည့်၍ ကောင်းသည်။ စပို့ရှပ်နှင့် ဘောင်းဘီရှပ် ၀တ်လိုက်သောအခါ၌ ပို၍ပင် လှလေသည်။ ညအချိန် သူကျွန်တော့်ကို စက်ဘီးစီးသက်ပေးစဉ်၌ ဤသို့ ၀တ်တတ်သည်။ သူ့မှာ ဘောင်းဘီများ ရှိသည်။ သူ ရဲမေလုပ်တုန်းက အ၀တ်တွေဟု ပြောပါသည်။
သူ့ကို အများက ငါးမူးပဲတင်းဟူ၍ လည်းကောင်း၊ ဆတ်ဆတ်ကြဲမကလေး ဟူ၍လည်းကောင်း၊ ဓမ္မကထိကမကလေးဟူ၍ လည်းကောင်း၊ မရွှေနီဟူ၍ လည်းကောင်း အမျိုးမျိုး ခေါ်ကြသည်။ သူ့မှာ နာမည်တစ်မျိုး ရှိသည်။ မခင်နီတဲ့။
သူ့မျက်နှာမှာ နဖူးမှ မေးရိုး ပါးအို့အထိ လေးထောင့်ကျသော်လည်း မေးဖျားသွယ်၍ တစ်မျိုးလှ သည်။ နံဘေးကကြည့်လျှင် မျက်နှာသွယ်၍ ရှေ့တည့်တည့်က ကြည့်လျှင် မျက်နှာဝိုင်းခေါ်နိုင် သည်။ မျက်လုံးကလေးများမှာ ရွဲ၍ ကြည်လင်တောက်ပသည်။ မျက်ခုံးမွှေးကောင်းသည်။ ဆေး မဆွဲရဘဲနှင့် မည်း၍ နေသည်။ နှာတံပေါ်လွင်၍ မျက်နှာ အချိုးအစား ပြေပြစ်သည်။ အထူးသဖြင့် နှာသီးကလေး ရွဲနောတာက အလှကို ဆောင်းသွားသည်။
နှုတ်ခမ်းပုံသဏ္ဍာန်မှာ ပုံကျအောင် အကွက်ချန်ပြီး မျက်ခုံးမွေး ဆေးနက်နှင့် ဖုံးမနေဘဲ (ကျွန်တော်မှာ တောသားပေမယ့် ဦးမြတ်ချမ်း ချွေးမ မနှုတ်ခမ်းထူကြီး ပြုပြင်တာကို မြင်ရ၍ မိန်းမတွေ နှုတ်ခမ်းဆိုးနည်း သိနေသည်) သူ့နဂို အတိုင်း ဆေးနီဆိုးလိုက်သည်နှင့်ပင် ပန်းချီ ဆရာများဆွဲသော မိန်းမချောတို့ နှုတ်ခမ်းအတိုင်း ဖြစ်သွားသည်။

ဖော်ပြပါ အရာတို့ကား အခြားမိန်းမလှများထက် မထူးခြား ဆိုငြားအံ့။ ထားပါတော့။ သို့သော် သွားတိုက် တရားပင် ဟောနေသော သွားကိုပင် အင်မတန် ဂရုစိုက်သူမကလေးမို့ ရယ်လိုက်တိုင်း ပါးအို့အက်အက်နှင့် နှုတ်ခမ်းထောင့်တွန့် ကလေးတွေ အကြားက သူ့သွား ပုလဲသွယ်ကလေးကို ကား လူတိုင်း အသိအမှတ် မပြုဘဲ မနေနိုင်ကြပါကုန်။
ဆက်ရန်
.
ဆက်ရန်
.
No comments:
Post a Comment