Wednesday, November 24, 2010

တစ်ကမ္ဘာလုံးတော့ မလင်းပါ သို့သော်.... အပိုင်း (၅)

လောကကို စိန်ခေါ်ခြင်း

အယ်လ်ဆာ ဗိုလာဒိုးဆိုသူက ကျောင်းသူကလေးက အဆောင်တွင်နေပြီး တက္ကသိုလ်မသွားခင် ငါးပတ် ကျူရှင် ယူနေသည်။ ကဲကုလတွင် 'ကဲကုလတွင်'က အဆင့်ရကြောင်း အစ်မလုပ်သူထံမှ ၀မ်းသာစရာ သတင်းစကား ရ ထားပြီးဖြစ်သည်။
နောက်တစ်ပတ် အကြာတွင် အစ်မလုပ်သူက ဖုန်းထပ်ဆက်သည်။ အယ်လ်ဆာရသည့်အမှတ်တွေ တရားမ၀င်ကြောင်း သက်ဆိုင်ရာ ပညာရေးရုံးက အကြောင်းကြားစာ ရသည်ဆို၏။ ကလေးမ ကလေးခမျာ ဘာလုပ် ရမှန်း မသိဘဲ ဆရာအက်စကာလန်တီထံ ပြေးချလာသည်။

"ဆရာ..... ဘာအဓိပ္ပာယ်လဲ ဆရာ၊ သူတို့ဘာလုပ်ကြတာလဲဟင်"
တပည့်မကလေး နားလည်းအောင် ရှင်းပြဖို့ မလွယ်ဖြစ်နေ၏။
"စိတ်အေးအေး ထား အယ်လ်ဆာ၊ ဘာမှမပူနဲ့၊ ဆရာတို့ ဖြေရှင်းမှာပါ"
ကားပေါ်တက်ပြီး တအားမောင်းထွက်ခဲ့သည်။ ဂါးဖီးလ်တွင် ဆရာ ဆရာမများ သမဂ္ဂမှ ရော့ဖ်ဟေလန်က သူ့ကို အသင့်စောင့်နေသည်။ မျက်နှာသုန်မှုန်လျက်။
"ဒုက္ခတော့ အကြီးအကျယ် တွေ့နေပြီ၊ ဂျေမီ၊ မိုးမီးလောင်မယ့် ပြဿနာမျိုးပဲ"

ပညာရေးဌာနက လာသည့်စာကို ဆရာရောဖ်က ထုတ်ပြသည်။ ဂါဖီးလ်မှ ၀င်ဖြေသည့် ကျောင်းသား ၁၈ယောက် အနက် ၁၄ယောက် ထံသို့ အလားတူစာတွေ ရောက်ရှိကြောင်း လည်းပြောပြ၏။
"အကြိုတက္ကသိုလ် စာမေးပွဲကြီးကြပ်ရေးအဖွဲ့မှ အဖြေလွှာမျး ပြန်လည်စိစစ်ရေးအဖွဲ့ကို ဖွဲ့ပြီး စစ်ဆေးရာ တွင် သင့်အားမေးခွန်းထုတ်စရာများ ရှိလာသည်ကို တွေ့ရသည်။ သင်၏အမှတ်များကို ပြန်လည် စီစစ်ရာ တွင် သင့်အဖြေများသည် စာစစ်ဌာနတစ်ခုတည်းမှ အခြားကျောင်းသားများ၏ အဖြေများနှင့် '၏ သည်' မရွေးတူညီ နေခြင်းကိုတွေ့သဖြင့် တစ်ဦးနှင့်တစ်ဦး ကူးယူဖြေဆိုခြင်းဟု ယူဆရန်မှတစ်ပါး အခြား မရှိ ကြောင်း........."

- စာမေးပွဲဝင်ကြေး ပြန်ထုတ်ယူပြီး သည်စာမေးပွဲကို ပျက်ပြယ်စေမည်လား၊
- စားမေးပွဲ ထပ်ဖြေမည်လာ၊
- ဥပဒေအရ အရေးယူခံမည်လား၊
- မိမိတို့ဝင်ရမည့် တက္ကသိုလ်/ ကောလိပ်ကို အသနားခံစာ တင်မည်လား၊
သို့မဟုတ်လျှင်
- သည်အမှတ်များ တရားဝင်ဖြစ်ကြောင်း အထောက်အား ရှာဖွေတင်ပြမည်လား။

စာစစ်အဖွဲ့တွင် သည်ကိစ္စကို စုံစမ်းစစ်ဆေးရန် ငွေအင်အား။ လူအင်အား မရှိပေ။ သူတို့စာထုတ်ရ သည့် ရည်ရွယ်ချက် မှာ ကျောင်းသားများကို အထိတ်တလန့် မဖြစ်စေဘဲ၊ ထွက်ပေါက်များပေးထား ပြီး ပြဿနာ ကို ရှင်းခိုင်ဖို့ ဖြစ်သည်။ သို့သော် ဂါးဖီးလ် ကျောင်းသားများကိစ္စတွင် ပညာရေးဌာန စာစစ်အဖွဲ့ ကံမကောင်း ပါချေ။
ကျောင်းသူကျောင်းသား ၁၄ယောက်စလုံးက စွပ်စွဲချက်ကို လုံးဝ လက်မခံဘဲ ပယ်ချပြီး သူတို့တွင် အပြစ်မရှိကြောင်း ကန့်ကွက်တုံးပြန်ကြသည်။ စာမေးပွဲအခန်းစောင့် တာဝန်ကျ ဆရာမ အင်ဒရီဒါ ကလည်းတစ်ယောက်နှင့်တစ်ယောက် အဖြေတိုက်ခြင်း၊ ခိုးချခြင်းမှာ လုံးဝမဖြစ်နိုင်ကြောင်း အခိုင်အမာ ပြောသည်။

စာမေးပွဲ ပြန်ဖြေမည်ဆိုလျှင် အပြစ်ရှိကြောင်း ၀န်ခံခြင်းနှင့် အတူတူပင်။ ပြီးတော့လွန်ခဲ့သည့် နှစ်လခန့်က ပုံသေကိန်း တွေ ပြန်ကျက်ဖို့လည်း မလွယ်တော့။ အချို့ဆိုလျှင် စာအုပ်တွေပင် မရှိတော့။ အထပ်ထပ် လေ့ကျင်၊ အကြိမ်ကြိမ် ပြန်တွက်ခဲ့ရခြင်းနှင့် ကျောင်းသူကျောင်းသားများ၏ အဖြေတွေ ထပ်တူဖြစ်သွားသည် ဟု အက်စကာလန်တီက ယူဆသည်။
သက်ဆိုင်ရာ ကို ချက်ချင်း ဖုန်းကောက်ဆက်သည်။

"ကျွန်တော် ဂါးဖီးလ်က ကဲကုလသင်တဲ့ ဆရာအက်စကာလန်တီပါခင်ဗျ။ ကျွန်တော်တပည့် တွေဆီ ဆရာမကြီး တို့ ဆီက ပို့တဲ့စာနဲ့ ပတ်သက်ပြီး ကျွန်တော်ရှင်းပြနိုင်ပါတယ်"
"ကျွန်မ ၀မ်းနည်းပါတယ်ဆရာ၊ ဒီကိစ္စက စာစစ်အဖွဲ့နဲ့ ကျောင်းသားများရဲ့ လျှိုက်ဝှက်ကိစ္စဖြစ်လို့ ကြားလူ တစ်ယောက် ယောက် ၀င်ဆွေးနွေးတာ ကျွန်မတို့ လက်မခံနိုင်ပါဘူး"
"ဟုတ်ပါတယ်၊ ဒါပေမဲ့ ကျွန်တော် ဆရာမတို့ နားလည်အောင် ရှင်းပြနိုင်မယ် ထင်လို့ပါ။ ကျွန်တော် သင်ပုံ က တစ်မျိုး........"
"၀မ်းနည်းပါတယ် ဆရာ၊ ကျွန်မ ခွင့်မပြုနိုင်ပါဘူး"

စာစစ်အဖွဲ့ဝင်အားလုံးက ကျောင်းသားများထံမှ ဆုံးဖြတ်ချက်မြန်မြန်ရဖို့ တိုက်တွန်းရုံသာ တတ်နိုင်ကြ၏။ ကျောင်းဖွင့်ချိန် က နီးလာပြီ။
ဤသို့ဖြင့် အခြေအနေက ပြေလည်မှုရဖို့ လမ်းမမြင်လဲ ပိုဆိုးလာသည်။ လော့စ်အိန်ဂျဲလိစ် အရှေ့ ပိုင်းမက်ဆီ ကို အမေရိကန် ကပြားများက သည်ကျောင်းကိုမှ ရွေးပြီး ပြဿနာလုပ်သည်ဟု စာစစ်အဖွဲ့ကို စွပ်စွဲ ဝေဖန်သည်။ ကျောင်းသားများက စာစစ်အဖွဲ့ကို တရားစွဲဖို့ တိုင်ပင်နေကြပြီ။

လှုံဆော်ရေး အဖွဲ့ဝင် တစ်ယောက်က ဆရာအက်စကာလန်တီအား နယ်လှည့်ဟောပြောဖို့ စည်းရုံး သည်။ စာစစ်အဖွဲ့ ကို ရှုတ်ချသည့် စာတန်းတွေရေးပြီး တက္ကသိုလ်ပေါင်းစုံကို ဖြန့်ဖို့ တိုက်တွန်း သည်။
သူ့ပတ်ဝန်းကျင် တစ်ခုလုံး ဆူပူဖို့ တက်ကြွနေချိန်တွင် ဆရာအက်စကာလန်တီက သွေးအေး အေးဖြင့် စဉ်းစား ဖို့ အားလုံးကို ဖျောင်းဖျသည်။ စာစစ်အဖွဲ့က ခိုးချသည်ဟု စွပ်စွဲခြင်းမှာ အထောက်အထား တစ်မျိုးမျိုး ရှိလို့ဟု ဂျေမီအက်စကာလန်တီက ယူဆသည်။

အားလုံးကျေနပ်မှု ရအောင်လုပ်ဖို့က တစ်တန်းလုံး စာမေးပွဲ ပြန်ဖြေပြခြင်း တစ်နည်းသာ ရှိသည်ဟုလည်း သူကောက်ချက် ချ၏။ ကျောင်းသားအားလုံး စုပေးရန် ဘိုလန်ဒိုက တာဝန်ပေး လိုက်သည်။
"မင်းတို့ အားလုံး တစ်ခုခု ဆုံးဖြတ်ဖို့ လိုလာပြီ၊ ဆရာ့အမြင်ကတော့ ပြန်ဖြေလိုက်ရင် အကောင်း ဆုံးလို့ ထင်တယ်" ဟု သူတို့အားလုံးရှေ့တွင် အကြံပြုလိုက်သည်။
ဘိုလန်ဒို ဆိုသည့် ကောင်မလေး
"ဟာ ဆရာမလုပ်ပါနဲ့ဦး၊ ကျွန်မတို့အချင်းချင်း တိုင်ပင်ပါရစေလား ဆရာ"

ဂျေမီက အခန်းထဲမှ ထွက်ပေးသည်။ ဘိုလန်ဒိုက တံခါးလိုက်ပိတ်ပြီး လူနည်းစုကလေးဘက် လှည့်လိုက် သည်။ အသက်ကို ၀အောင် ရှူသွင်းလိုက်၏။
"ငါတော့ ပြန်ဖြေချင်တယ်၊ ဆရာငါတို့ကို ကြိုးကြိုးစားစား သင်ပေးထားတာကို ငါတို့သက်သေ ပြရမယ်၊ ငါတို့ ခိုးချတာ မဟုတ်တဲ့ အကြောင်းလည်း ပြောချင်တယ်။ ပြီးတော့ ငါတို့ အချိန်မရွေး ဖြေနိုင်တယ် ဆိုတာလည်း ပြချင်တယ်"

အားလုံး သဘောတူကြသည်။ ကျောင်းသားတစ်ယောက်က ထပြီး-
"ငါတော့ သောက်စာမေးပွဲ ထပ်မဖြေချင်ဘူး၊ ဒါပေမဲ့ ဆရာ့အတွက် တို့ပြန်ဖြေရမယ်၊ သူ့ကို ဒီနည်းနဲ့ တို့ကျေးဇူးဆပ်ရမယ်"
ကျောင်းအတွက် အလွန်ဂုဏ်တက်မည့် ခြေလှမ်းကို သူတို့လှမ်းကြတော့မည်။ တိုက်ပွဲတစ်ပွဲ စတင် ခြင်းလည်း ဖြစ်၏။ ထိုနေ့က သောကြာနေ့ဖြစ်၏။ သူတို့ ပြင်ဆင်ချိန် တစ်ပတ်ကျော်ကျော် ကလေး သာ ကျန်တော့သည်။ နောက်အင်္ဂါနေ့တွင် ဖြေကြရမည်။

"အင်္ဂါနေ့၊ အင်္ဂါနေ့.........အင်္ဂါနေ့"
သံပြိုင် ကြွေးကြော်လိုက်ငြ၏။ ၁၉၈၂ခုနှစ် ကဲကုလအဖွဲ့ သို့မဟုတ် လောကကို စိန်ခေါ်သူများ။
တုံ့ပြန်ခြင်း

စနေနေ့တွင် ဆရာအက်စကာလန်တီသည် နံနက်ခုနစ်နာရီ ကတည်းက ကျောင်းသို့ ရောက်နေ ပြီး အသင့်ပြင် ထားသည်။ တံခါးမကြီး ဖွင့်ထား၏။ အခန်းနံပါတ် (၂၃၃)ကိုလည်း ဖွင့်ထား၏။ ဘောဘင်ပုန်း စင်ပေါ် တွင် မြေဖြူတောင့်တွေက အသစ်စက်စက်။ ပြန်နွှေးဖို့ မေးခွန်းဟောင်းတွေ ကတစ်ထပ်ကြီး။
ဂျိုစီရစ်ကာဒေး ဆိုသူ ကျောင်းသူကလေးက "ဒုက္ခပါပဲ၊ အချိန်ရှိပါတော့မလား မသိဘူး"ဟု သူကိုယ် သူပြောသလို ပြောနေသည်။ လူးဝစ်ဆားဗင်တီကတော့ နှစ်စက သင်ခဲ့သည့် သင်ခန်းစာများကို ပြန်သတိ ရနိုင်ပါဦးမလားဟု တွေးပူနေ၏။ အယ်လ်ဆာဗိုလာဒို တစ်ယောက်သာ ထူးထူးခြားခြား တက်ကြွနေသည်။ ကိုယ့် ဂုဏ်သိက္ခာ၊ ဆရာ့ ဂုဏ်သိက္ခာကို ကယ်တင်ဖို့ နောက်ဆုံး အခွင့်အရေး မဟုတ်လား။

မေးနိုင်သည့် အဓိက အခြေခံအချက်အလက်တွေ၊ မေးခွန်းလှည့်ပုံတွေကို ဆရာက နာရီးပေါင်း များစွာ လက်ပူတိုက်ပြီး ပြန်နွှေးပေးသည်။ စားသောက်ဆိုင်သို့ သွားမစားတော့ဘဲ စားစရာတွေကို ဆိုင်မှ သွားယူစေပြီး ကျောင်းခန်း ထဲမှာပင်ဝိုင်းဖွဲ့ စားသောက်ရင်း စကားပြောကြ၊ တွက်ကြချက် ကြသည်။

သူတို့တစ်တွေ စိတ်လည်လာကြပြီ။ စိတ်ပါလာကြပြီ။ ညနေပိုင်းတွင် ဆက်တွန်းပြီးမှ အားလုံးကို နှုတ်ဆက် ကာ အိမ်ပြန်လွှတ်လိုက်သည်။ ဖြေရမည့် အင်္ဂါနေ့ မနက်ရှစ်နာရီ။ လက်တီစီယာ ရော့ဒရစ်  စာမေးပွဲ ကြောက် စိတ်ဖြင့် တုန်တုန်ယင်ယင် ဖြစ်နေသည်။ အခန်းနံပါတ် (၂၃၃) အောက်ဘက်မှ သိပ္ပံခန်းတွင် ဖြေကြ ရမည်။ အခန်းလေအေးစက်ကို အမြင့်ဆုံး တင်ထားပေး၏။ လက်တီစီယာ မမြင်ဘူးသည့် တူညီဝတ်စုံ နှင့် မိန်းမကြီးနှစ်ယောက် ကျောင်းခန်းထဲတွင် စောင့်နေသည်။ သူတို့အမူအရာတွေက လေအေးစက်နှင့် အပြိုင်အေးစက်စက်။

စာစစ်ဖွဲ့ဝင် ၀န်ထမ်းများဖြစ်သည်။ ဆရာကြီး ဟင်နရီဂရက်ဒီလက်စ်က သူ့ဆရာ၊ ဆရာမများကို ကြီးကြပ်ခွင့်မပေးတော့။ ကြီးကြပ်သူများက သူတို့ကို နေရာချပေးရာတွင် တစ်ယောက်နှင့်တစ် ယောက် တတ်နိုင် သမျှ ဝေးဝေးထိုင်စေသည်။
စာမေးပွဲ စည်းကမ်းချက်များကို သူတို့ဖတ်ပြသည့် လေသံက ပညတ်တော်ဆယ်ပါးကို ဖတ်နေ သည့် လေသံမျိုး။ ပြီးမှ ဖြေခိုင်းသည်။
ရင်တွေ တဒိုင်းဒိုင်းခုန်လျက် အဖြေလွှာများကို ကိုယ်စီ ဖွင့်လိုက်ကြသည်။ တစ်ခဏအတွင်း အပ်ကျသံကိုမျှ မကြားရ လောက်အောင် အခန်းထဲတွင် ငြိမ်ကျသွား၏။ သူတို့အားလုံး လိုလို ကြက်သေ,သေ သွားကြ၏။ ပထမ စာမေးပွဲ ထက် အပုံကြီး ပိုခက်သည့် မေးခွန်းတွေ။

"ဘုရား ဘုရား ဒီပုံစံ မေးခွန်းမျိုး တစ်ခါမှ မမြင်ဘူး ပါလား"
အယ်လ်ဆာဗိုလာဒို စိတ်ထဲမှ ကျိတ်ပြီး ညည်းထွားလိုက်သည်။ ဆားဗင်တီက ရှိသမျှအားရုံကို စုစည်းပြီး အတင်းဖျစ်ညှစ်ထုတ်သည်။ သဘောတရားကို သိသည်။ အဖြေထွက်အောင် တွက်ဖို့ ကြိုးစားရမည်။ ဓမ္မဓိဋ္ဌာန် မေးခွန်းကလေးတွေ ကလည်း တစ်ခုမှဖြောင့်ဖြောင့် တန်းတန်းမရှိ။ အားလုံး၊ အကွေ့အပတ်၊ အလှည့် အစောင်း တွေချည်း။ ထောင်ထားသည့် ဘလိတ်ဓားသွားကလေး များပေါ်တွင် လမ်းလျှောက် နေရသလို ခံစားရ၏။ စားပွဲပေါ်သို့ ပေါက်ထွက်မတတ် ခဲတံကို တအား ဖိရေးသည်။

ဂျေမီအက်စကာလန်တီက စာမေးပွဲနေတွင် အိမ်ထဲမှ အိမ်ပြင်မထွက်ဘဲနေသည်။ မလိုလားအပ် သည့် အထင်အမြင်လွဲမှားမှုမျိုးကို ရှောင်ရှားခြင်းဖြစ်၏။ အိမ်ထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ နာရီ တကြည့်ကြည့်နှင့်။ ဖာဗီယိုလာက စိတ်လျှော့ထားပြီး နားနားနေနေ နေဖို့ သူ့ကိုဖျောင်းဖျသည်။
နောက်ဆုံး ၁၂:၃၀ တွင် ဖုန်းမြည်လာသည်။ အယ်လ်ဆာဒိုလာဒို ဆက်ခြင်းဖြစ်၏။

"အရမ်းခက်တာပဲ ဆရာ"
"ဒါပေမဲ့ အခြေအနေကို ကျွန်မတို့ သိချင်နေကြတယ် ဆရာ"
"အိုး ဆရာလည်း သိချင်တာပေါ့ကွ၊ ဒါပေမဲ့ စောင့်ရဦးမှာပေါ့"
ဒုတိယအကြိမ် အဖြေလွှာတွေကို စာစစ်အဖွဲ့သို့ ပို့ပြီး နောက်နှစ်ပတ်အကြာ စက်တင်ဘာလ ၁၃ရက် နေ့တွင် ဆရာကြီး ဟင်နရီနှင့် ဆရာအက်စကာလန်တီ သွားတွေ့သည်။
"ပရင့်စတန် ကို ဆရာဖုန်းဆက် မေးပေးပါလား"
ဆရာကြီး က ခေါင်းညိတ်ပြီး တယ်လီဖုန်း ကောက်ကိုင်သည်။

"ပြီးပါ့မလား မသိဘူး။ ကျုပ်ဆီလည်း တစ်မြို့လုံးက ၀ိုင်းပြီး ဖိအားပေးနေကြတယ် ဆရာ"
ဆရာကြီးက အက်စကာလန်တီကို စိုက်ကြည့်ပြီး ဆက်ပြောသည်။
"ကျုပ်လည်း နောက်ထပ် မစောင့်နိုင်တော့ဘူး"
ဆရာကြီးက ဖုန်းနားထောင်နေရင် လှုပ်လှုပ်ရှားရှား ဖြစ်သွားဟန်ဖြင့် ဂျေမီထံ လက်ကမ်းပြီး တောင်းသည်။ ဂျေမီ က စာရွက်တစ်ရွက် ထိုးပေးလိုက်။ ဆရာကြီးဟင်နရီ မျက်လုံး အပြူးသားနှင့်။
"ဟုတ်ပြီ.........အိုကေ၊  အေလေက သုံးယောက်၊ အေငါးကငါးယောက်"
ကုလားထိုင်ပေါ်တွင် ခုန်ဆွခုန်ဆွ ဖြစ်လာသည်။

"အေသုံး က လေးယောက်....ဟေး ဟေး......... ဟန်ကျလိုက်တာကွာ"
စာရွက် ကို ဂျေမီ့ဆီသို့ ပစ်ပေးလိုက်သည်။ သူတို့အားလုံး အောင်ကြတယ်။ အဆင့်မြင့်မြင့် အောင်ကြ သဖြင့် တက္ကသိုလ်တွင် သက်သာခွင့်တွေ အများကြီး ရကြမည်။
လော့စ်အိန်ဂျဲလိစ် အရှေ့ပိုင်းမှ ကလေးတစ်သိုက်နှင့် နာမည်ကျော် ပရင့်တစန်တက္ကသိုလ်၏ တိုက်ပွဲ သတင်း မှာ လူတိုင်း၏ နှုတ်ဖျားတွင် အကြာကြီး ရေပန်းစားလျက်ရှိသည်။ သတင်းစာတိုက် များအတွက် လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် စိတ်ဝင်စားသည့် အဆီတစ်ထပ်၊ အသား တစ်ထပ် သတင်းတစ်ပုဒ် ဖြစ်သွား၏။
-----------------------------
၁၉၈၂ ခုနှစ်၊ ဒီဇင်ဘာ နံနက်ခင်းတစ်ခုတွင် ဂျေမ်၏ညီမ အိုလင်ပီယာ စောစောထသည်။ အိုးတွေ ခွက်တွေ ဆွဲဖြုတ်ပြီး နံနက်စာ  ချက်ဖို့ပြင်သည်။ ချက်ရင်းပြုတ်ရင်း နားထောင်ဖို့ ရေဒီယို ဖွင့်ထားလိုက်၏။

ကမ္ဘာ့သတင်း ကြေညာအပြီးတွင် အထူးသတင်းကဏ္ဍ ရှိသည်။ ဘာများထူးနေပါလိမ့်၊ သိချင်သဖြင့် ရေဒီယိုအနားသို့ တိုးသွားပြီး နားထောင်သည်။ "အမေရိကန် စာစစ်အဖွဲ့က ကျောင်းသားများကို ခိုးချသည်ဟု ယူဆသဖြင့် ဆရာလုပ်သူ ဂျေမီအက်စကာလန်တီက ပြန်ဖြေဖို့............. ပြန်ဖြေသည့် ကျောင်းသား အားလုံး အောင်မြင်သည်။ ဆရာကောင်း ဆရာမြတ်အဖြစ် ဆရာအက်စကာလန်တီအား......."
အိုလင်ပီယာ၏ ပါးပြင်ပေါ်သို့ မျက်ရည်တွေ စီးကျလာသည်။ သေချာပါတယ်။ သူပဲဖြစ်ရမယ်။ အမေရိကန် သို့ ရောက်ပြီးစုပ်စုမြုပ်စ ပေါ်မလာသည့် ဘိုလစ်ဗီးယားလူမျိုးတွေ မရေမတွက်နိုင် အောင်များပါသည်။ သည်အထဲ တွင် ဂျေမီ မပါနိုင်ပါ။ အမေ့ကို ချက်ချင်း အကြောင်းကြားရမည်။
အောင်မြင်မှုရလဒ်

၁၉၈၂ ခုနှစ် စာမေးပွဲသတင်းများ ဟိုးလေးတကျော် ဖြစ်သွားင်္ပြိး မကြာခင် ဂျေမီဆီသို့ လူငယ်သုံးယောက် ပေါက်ချလာသည်။ ခေါင်းဆောင်လုပ်သူက အရပ်ငါးပေခွဲနှင့် ကိုယ်အလေးချိန် ပေါင်၁၇၀ လောက်ရှိမည်။ တီရှပ်နှင့် ဂျင်းဘောင်ဘီ ၀တ်ထားသည်။ သည်မျက်နှာကို မြင်ဖူးသလို လိုရှိသည် ထင်လိုက်၏။ ကျောင်းသားဟောင်းတစ်ယောက် ထင်ပါရဲ့။
"ဆရာ နေကောင်းတယ်နော်၊ ဆရာ့အတန်းထဲက ကျောင်းသားဟောင်း တစ်ယောက်ပါ၊ ဆရာမှတ် မိရဲ့ လား"

"သြော်....အေး.....တူပါတယ်လို့ ကြည့်နေတာ၊ ဘယ်လိုလဲ အခြေအနေကောင်းရဲ့လား"
"ကျွန်တော်တို့ ကားဝပ်ရှော့ တစ်ခုမှာ ၀င်လုပ်နေကြပါတယ်။ ဆရာဒီကားစုတ်ကြီး စီးနေတုန်းပဲ နော်"
"အေး....... ဟုတ်တယ်။ ဘာဖြစ်လို့တုံးကွ"
ဂျေမီကမရေမရာ ပြန်မေးလိုက်သည်။
"ကျွန်တော်တို့ ဆရာ့ကို ဂုဏ်ပြုချင်လို့ လာခဲ့တာပါ။ ဆရာ့ကားကို ယူသွားမလို့"
ဂျေမီ တွေသွားသည်။
"လုပ်ပါဆရာ၊ ကျွန်တောတို့ ဆေးပြန်သုတ်ပေးချင်လို့ပါ"

"ဟာ.......မဟုတ်တာ၊ မလိုပါဘူးကွာ"
"သော့ပေးပါ ဆရာရယ်၊ ကျွန်တော်တို့ အကောင်းဆုံး ဖြစ်အောင် လုပ်ပေးပါရစေ"
"ဟာ မလုပ်ပါနဲ့ကွာ"
ဂျေမီက တတ်နိုင်သမျှ လေချိုသွေးပြီး ပြောသည်။ သူတို့ကြည့်ရသည်မှာ ဇွတ်လုပ်မည့်ပုံ။ အားလုံး ဗလကောင်း ကောင်းတွေ။
"ဒီမယ် ဆရာ၊ ဆေးဖိုး ဒေါ်လာ၅၀ပဲ ဆရာစိုက်ပါ၊ ကျန်တာ ကျွန်တော်တို့အားလုံး လုပ်ပေးပါ့မယ်"
ဂျေမီက သက်ပြင်းချပြီး သော့လှမ်းပေးလိုက်သည်။ ရှေးဟောင်းပစ္စည်း စားရင်းဝင်တော့မည့် ဗောက်စ်ဝက်ဂွန်း ကားကို သူတို့ ၀ပ်ရှော့်သို့မောင်းယူသွားကြမည် ဆို၏။ တစ်ပတ်အတွင်း အပြီး လုပ်ပေး ပါမည် ဟုလည်း အာမခံကြသည်။

"ဆရာ စိတ်မချလို့လား" ခေါင်းဆောင်လုပ်သူက ပြန်မေးသည်။
"ငါ့ကားကလေးကို အပြီးအပိုင် နှုတ်ဆက်လိုက်မှ ထင်ပါတယ်ကွာ"
"ဟာ........ဆရာကလဲ၊ ဆရာကျွန်တော့်ကို မှတ်မိတယ်ဆို"
စင်စစ် လုံးဝမမှတ်မိပါ။ ဒီသူငယ်တွေ လူဆိုးလား၊ လူကောင်းလား ဟုလည်း ခွဲခြားမသိပါ။ စိတ်ပျက်ပျက်နှင့် "အိမ် ကိုတော့ ပို့ပေးပါကွာ"ဟု ပြောပြီး ကားပေါ်တက်လိုက်သည်။ ဖာဗီယိုလာက လင်တော်မောင်ကို ကြည့်ပြီး ခေါင်းယမ်း လိုက်သည်။ မောင်းထွက်သွားသော လူငယ်သုံးယောက်၏ ပုံကို သေသေချာချာ မြင်လိုက်၏။

ဂျေမီတိုက အဖေလုပ်သူကို စိတ်ပြေလက်ပျောက် သူ့အလုပ်ထဲသို့ တစ်ပတ်လုံး ခေါ်သွားသည်။ သောကြာနေ့တွင် လူငယ်သုံးယောက် ဗောက်စ်ဝက်ဂွန်းကားကို ပြန်လာပို့ကြသည်။ ဂျေမီခုမှ ဘုရားတ၊ ဟင်း ချနိုင်တော့၏။ ဆေးသုတ်ထားပုံမှာ မူလအရောင်အတိုင်းဖြစ်ပြီး ဖိတ်ဖိတ်တောက် နေ၏။ အလို နံဘေးတွင် စာတန်းတွေ ရေးလို့ပါလား။
"သဘောကျတယ် မဟုတ်လားဆရာ"
ဂျေမီ ဘာပြောရမှန် မသိအောင် ကြောင်သွားသည်။

ဂျေမီ ဘာပြောရမှန်း မသိအောင် ကြောင်သွာသည်။ ဆရာတစ်ယောက်အနေဖြင့် တစ်ခုခု မှတ်ချက် ပေးဖို့ စကားလုံး ရွေးလိုက်သည်။
"အဲ.....ဟို..........အပြာနဲက အနီရောင် ဟုတ်လား.....အဲဒါ ဘာအတွက်လဲကွ"
"ဟာ.......ဆရာကလဲ အဲဒါကျွန်တော်တို့ ကျောင်းယူနီဖောင်း အရောင်လေ"

ဆရာအက်စကာလန်တီ၏ ရုတ်တရက် အောင်မြင်ကျော်ကြားမူသည် လူငယ်များကို ဆက်လက် စည်းရုံး ရာတွင် ဆွဲဆောင်မှုတစ်ခု ဖြစ်လာသည်။ သို့သော်သူက ဘယ်တော့မှ ပေါ့ပေါ့မတွေး၊ အာရုံကို အမြဲနိုးနိုး ကြားကြား ထားသည်။ အတန်းထဲတွင် သူတို့ ပျော်အောင်ထားသည်။

ဤသို့ဖြင့် အခန်းနံပါတ်(၂၃၃)သည် ရိပ်သာကလေး တစ်ခုဖြစ်လာသည်။ အခန်းနံရံတွင် ကမ္ဘာကျော် သင်္ချာပါရဂူကြီးများ၏ ဓာတ်ပုံများ ချိတ်ထားသည်။ ပြီးတော့ အာကာသ ဒုံးပျံယဉ် ပိုစတာများနှင့် ကဲကုလ တီထွင်ခဲ့သည့် ရှေးဆရာကြီးများ၏ ပုံတူကားချပ်ကြီးများလည်း ချိတ်ဆွဲ ထားသည်။ တိုင်ကပ်နာရီကြီး၏ နံဘေးတွင်တော့ အတန်းထဲ ၀င်ဝင်ချင်းချင်း လူတိုင်း၏ အာရုံကို ဖမ်းစားမည့် ပုံသေကိန်း စာတန်း-
ဆုံးဖြတ်ချက် + စည်းကမ်း၊ သေ၀ပ်မှု + ကြိုးစားအားထုတ်မှု = အောင်မြင်မှုလမ်းကြောင်း
ဘော်သင်ပုန်းပေါ်မှ နောက်စာတန်း တစ်ခုကတော့ ဆရာအက်စကာလန်တီ၏ လက်သုံးစကား။ စပိန်ဘာသာဖြင့် ရေးထားခြင်းဖြစ်၏။ အဓိတ်ပ္ပာယ်က-
"အားထုတ်ပါ"
အောင်မြင်မှုအတွက် အားထုတ်ရမည်။ အောင်မြင်မှု အသီးအပွင့်ကို ခံစားဖို့ အားထုတ်ရမည်။ ရှင်သန်ဖို့ အတွက် အားထုတ်ရမည်။

ယခုအချိန်တွင် အတန်းသားအားလုံးသည်။ ဆရာနှင့် တစ်သားတည်းဖြစ်နေပြီး ကြွေးကြော်သံ အားလုံးကို တစ်သံတည်း ထွက်အောင် ဆိုနေကြပြီ ဖြစ်သည်။
ဆုံးဖြတ်ချက် + ကြိုးစားမှု + အာရုံစိုက်မှု = အားထုတ်မှု
ဖြစ်ကြောင်းလည်း သူတိုကသဘောပေါက်နေကြပြီ ဖြစ်လေသည်။

၁၉၈၂ ခုနှစ်စာမေးပွဲကိစ္စ ဟိုးလေးတကျော် ဖြစ်သွားပြီး နောက်ပိုင်းတွင် ဆရာအက်စကာလန်တီ သည် ကျိတ်ပြီး ကျေနပ်နေ၏။ ကျောင်းပတ်ဝန်းကျင်တစ်ခုလုံးတွင် ဆရာ့ဂုဏ်သတင်းသည် ရေပန်းစားလျက်ရှိသည်။

သည်ကြားထဲတွင် သူ့ကလေးတွေ 'ခိုးချလို့ အောင်တာ၊ သည်လိုမိသားစု အသိုင်းအ၀န်းထဲက ဘယ်လို လုပ်ပြီး ကဲကုလကို ဂုဏ်ထူးထွက်အောင် ဖြေနိုင်မှာလဲ'ဟူသည့် လေသံအချို့ ထွက်နေ ကြောင်းလည်း ကြားရ၏။

သည်နှစ်အတန်းထဲမှ လူသစ်ကလေးများနှင့် ထပ်ပြီး သက်သေပြမည်ဟု ဂျေမီ ဆုံးဖြတ်လိုက် သည်။
သည်နှစ် အတန်းထဲတွင် ကျောင်းသူကျောင်းသား ၃၃ယောက်ထိ တိုးတက်လာသည်။ ၁၉၈၂ ခုနှစ် ၏ သံသယကြွေး ကို ပေးဆပ်ဖို့ အားလုံး အသင့်ဖြစ်နေကြပြီ။ ကျောင်းစ ဖွင့်ဖွင့်ချင်း ခပ်ကြမ်းကြမ်း မောင်းသည်။

"စာမေးပွဲအောင် ဖို့၊ ဆရာဘာမှမတတ်နိုင်ဘူး။ ဆရာ့မှာ ပဉ္စလက် အတတ်ပညာမျိုးလည်း မရှိဘူး။ မင်းတိုက အသေအလဲ ကြိုးစားမှ တော်ရုံရှိမှာ"ဟူသည့် စကားမျိုးကို ခဏခဏပြောပေးသည်။ သည် စကားလုံး များ ထိရောက်ကြောင်း တွေ့ရတော့ ကျိတ်ပြီး ကျေနပ်နေမိ၏။
အောင်မြင်သည့် တရားဟောဆရာ၊ အရောင်းဒါရိုက်တာ၊ အုတ်အဖွဲ့ ချယ်ယာမင်းများ၏ လက်သုံး ၀ါဒအတိုင်း ဂျေမီ အက်စကာလန်တီသည် လုပ်ထုံးလုပ်နည်းကို ပုံသေကိုင်မထားပေ။ သည်ကွေ့ တွင်သည်တက် နှင့် လှော်ပြီး၊ ဟိုကွေ့တွင် တက်ပြေင်းချင်ပြောင်းသည်။ သို့သော် အဓိကမှာ သူတို့၏ ကြိုးစားမှု သာလျှင် ဖြစ်လေသည်။

ဆက်ရန်
.

5 comments:

လသာည said...

ဖတ်ကောင်းလိုက်တာ အစ်မရာ..
ဟုတ်တယ် ကြိုးစားရမယ် ...။

ချော(အစိမ်းရောင်လွင်ပြင်) said...

အရမ်းကောင်းတာဘဲ
ဆရာရော တပည့်တွေရဲ့ ကြိုးစားမှုရော တကယ်ကို အတုယူလေးစားစရာဘဲ
ဖတ်ပြီး ငယ်ငယ်က ဆရာတွေကို သတိရမိတယ်..
ဒီစာအုပ်လေး ၀ယ်ဖို့ကြိုးစားဦးမယ် အစ်မရယ် တော်တော်ကို ကြိုက်တယ်..

Anonymous said...

အရမ်းကောင်းတယ်..
အဲလိုဆန်ဆန်ရုပ်ရှင်ကိုလဲကြည့်ဖူးတယ်..

ကျေးဇူးအမ

မြတ်နိုး

ခနွဲ said...

ဖတ်လို့အရမ်းကောင်းတယ်။ ဆက်လက်စောင့်မျှော်လျက်....

ကိုဇော် said...

ဖတ်ပြီးစ်...
( ၅ )