အဖေ မသေဆုံးခင်ကတော့ မပူမပင် ကောင်းကောင်းဝတ် ကောင်းကောင်းစားနေရတာက တစ်ကြောင်း၊ မြို့ပေါ် မှာ မျက်နှာကြီးဖြစ်၊ အပေါင်းအသင်းဆံ့နေတဲ့ အဖေ့ကို ရွံ့တာတစ်ကြောင်းကြောင့် အဖေ ကျန်းမာ နေစဉ်က သေသေ၀ပ်-၀ပ် နေခဲ့ကြတယ်။ အဖေစိတ်နောက်နေစဉ်ကလည်း တစ်နေ့ ပြန်ကောင်း လာရင်ဆို တဲ့ စိတ်မျိုးနဲ့ သိပ်လူဝါးမ၀သေးဘူး ဆိုပါတော့ မမ။
အဖေလည်း သေ၊ ကျွန်မလည်း အ သွား။ အမေကလည်းရှိသမျှပြောင်ပြီး စိတ်ထောင်းကိုယ်ကြေ အဖြစ်မျိုး ဖြစ်နေတော့ သူတို့ လူဝါးဝလာပြီလေ။ အရင်လိုလည်း အမေက ဖောဖောသီသီ မပေးနိုင် မကျွေးနိုင် တော့ဘူး မဟုတ်လား။
ပတ္တမြားတွေ ပျောက်ကုန်တယ်ဆိုတာ သူတို့ မယုံကြဘူး။ အဖေမြှုပ်ထားခဲ့တာ ဖြစ်ချင်လည်းဖြစ်မယ်။ သို့မဟုတ် သူတို့ကို ဝေစုမပေးချင်တော့လို့ အမေက သိုဝှက်ထားပြီးမရှိ ဆင်းရဲဟန်ဆောင်တာ ဖြစ်ချင် လည်း ဖြစ်မယ်လို့။ အဖေမြှုပ်ခဲ့ရိုးမှန်ရင်လည်း မယားတစ်ယောက် လုံးဖြစ်တဲ့ အမေ့ကိုတော့ ဘယ်နည်း နဲ့ မဆို ပြောခဲ့ပြခဲ့မှာပဲလို့ သေချာပေါက်တွက်ပြီး လေသံတွေ သိပ်တင်းမာလာကြရော မမ။
ခြံအလုပ် ကိုလည်း မလုပ်ကြတော့ဘူး။ ကျွန်မကိုလည်း ဂရုစိုက်ပြုစုခြင်း မရှိကြတော့ဘူး။ နေချင်သလိုနေ၊ စားချင် သလို စားကြပြီး သုံးချင်စားချင်ရင် အမေ့ဆီမှာသာ ခန့်ခန့်ညားညား တောင်းကြတယ်။ အမေက အားကိုး စရာ မရှိတော့တာ တစ်ကြောင်း၊ အထက်က ကျွန်မ ရေးပြခဲ့သလို အကြောင်းကြောင်းတွေကို ငဲ့ရလို့ တစ်ကြောင်း ရှိစုမဲ့စု ထုတ်ပေးရတာ။ နောက်ဆုံး အမေ့ထဘီ၊ အင်္ကျီကောင်းကောင်းတောင် မကျန် တော့ပါဘူးမမ။
" ခင်ဗျားလင်က ရူးပြီး အိမ်ထဲတစ်နေရာမှာ ပတ္တမြားတွေကို ပစ်စလက်ခတ် ထားချင်ထားခဲ့မလား မသိဘူး၊ ရှာကြည့်မယ် "
ဆိုတဲ့ စကားပြောပြီး အမေပိုင်ပစ္စည်းအသုံးအဆောင်တွေကို လှန်လှောမွှေနှောက်လိုက်ကြတာ လည်း ဗြောင်းဆန် သွားတာပဲ။
အဲဒီအချိန် က အမေဟာ စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး အိပ်ရာထဲမှာ လဲနေပါပြီ။ ကျွန်မက တတ် အားသမျှ ပြုစု လုပ်ကိုင် ပေးနေရပါတယ်။ ဦးဖေဆိုင်နဲ့ ဒေါ်ငွေတို့ လင်မယားကတော့ လှည့်တောင် မကြည့်ကြ တော့ဘူး။
ခြံကြီးထဲမှာရှိတဲ့ သစ်ပင်ကြီးတွေအရင်းမှာ တွင်းတွေ ပွနေအောင် တူးပြီး ပတ္တမြားတွေကိုသာ သဲကြီးမဲကြီး ရှာနေ ကြတယ်။
သူတို့လင်မယား ရှိသမျှ သစ်ပင်ကြီးတွေအရင်းမှာ တွင်းတွေ မွနေအောင် တူးပြီး ပတ္တမြားတွေကို ရှာလိုက်ကြတာ ပတ္တမြားတွေကိုတော့ မတွေ့ဘူး။ သူတို့ တူးနေတိုင်း သစ်ပင်ပေါ်က အမြဲလိုလို သစ်ကိုင်း ကျိုးကျ တတ်တယ်။ လင်မယားနှစ်ယောက် ထိပ်ပေါက်ခေါင်းကွဲဖြစ်၊ ကံကောင်းလို့ မသေတာ။ ဒါနဲ့ ကျွန်မတို့ အဖေ ကပဲ သရဲကြီးဖြစ်ပြီး လုပ်နေတာ၊ ဘာညာနဲ့မဟုတ်တာတွေ ထင် ကြပြောကြပြီး မတူးတော့ဘဲ ဖြစ်သွားတာ။ တော်တော် ထူးဆန်းတယ်။ အံ့သြစရာပဲနော် မမ။
ထိုအခါ မခင်ရွှေသည် သူ စတင်ရောက်ရှိသည့်နေ့က ကျောင်းအုပ်ဆရာကြီး ပြောခဲ့သည့် စကားကို ပြန်လည် အမှတ်၇လိုက်သည်။
" မူလ ပင်ရင်းဥစ္စာရှင်တွေက ဦးတောက်ထွန်းတို့ကို ရောင်းခြပီး ခြံထဲကလည်း ထွက်သွားကြရော ဘာဖြစ် သွားတယ် အသိပါဘူးဆရာမရယ်။ တစ်ပင်မှ မသီးတော့ဘဲ ဖြစ်သွားတယ်"
မခင်ရွှေ သည် ဆရာကြီးပြောခဲ့သည့် စကားနှင့် မေစမ်းမြိုင်ရေးပြသည့်စာကို ဆက်စပ်တွေးလိုက်မိ သည်။
မေစမ်းမြိုင်သည် မဟုတ်မမှန် လုပ်ကြံသည့် အကြောင်းတွေကို မရေးဘဲ အမှန်တွေကိုသာ ရေးပြ နေကြောင်း ခိုင်လုံသည်ထက် ခိုင်လုံနေသည်။ သစ်ပင်ကြီးတွေသည် သူတို့အသိးကို မလုပ် အပ်သည့် အလုပ်တွေ လုပ်ထားသည့်လူတွေ မစားထိုက်သောကြောင့် မသီးတော့ဘဲ ဖြစ်သွားခြင်းလား။
မခင်ရွှေ သည် တွေး၍ ဥာဏ်မမီနိုင်တော့ချေ။ ရေပြာအိုင်ရွာနှင့် ပတ်သက်လာသည့် အကြောင်း တွေ ဆိုလျှင် မခင်ရွှေသည် စိတ်အာရုံ ၀င်စားသလောက် အတွေးဥာဏ် မမီနိုင်အောင် ဖြစ်နေခဲ့ သည်ကို သူကိုယ်တိုင် သိသည်။ ထို့ကြောင့် ဆက်မတွေးတော့ဘဲ စာကိုသာ ဆက်ဖတ်လိုက်သည်။
ဦးဖေဆိုင် နှင့် ဒေါ်ငွေတို့နှစ်ယောက် ခြံထဲက သစ်ပင်တွေ စေ့အောင် အပန်းတကြီး တူးဆွရှာလို့ ပတ္တမြားတွေကို မတွေ့တော့ အိပ်ရာပေါ်မှာ အရိုးပေါ်အရေတင် ပက်လက်အနေအထားနဲ့ အသက် ယဲ့ယဲ့သာရှိတော့တဲ့ အမေ့ကို ပတ္တမြားတွေဝှက်ထားခဲ့တဲ့နေရာ ပြောရမယ်လို့ အတင်းအကျပ် မေးကြ ပြန်ပါရော။ အမေကလည်း မသိတာ အမှန်ဖြစ်ကြောင်း၊ မသိလို့သာ အခုလို မကျန်းမမာ ဖြစ်နေတာကို ဆေးမကုနိုင်ဘဲ ဖြစ်နေရကြောင်း တောင်းပန်ပြောပါတယ်။
အင်မတန်ကောင်းလာခဲ့တဲ့ ဦးဖေဆိုင်တို့ အခုလို ရက်စက်တင်းမာလာတာကို မြင်ရတော့ ကျွန်မ စိတ်ထဲမှာ မကောင်းလိုက်တာ မမရယ်။ မကောင်းလို့ကော ကျွန်မ ဘာတတ်နိုင်မှာလဲ။ အမေက လည်း သေတော့မယ့် အခြေ အနေ ရောက်နေပြီ။ ကျမဘ၀ကလည်း လူစဉ်မမီတဲ့ ဒုက္ခိတဖြစ်နေပြီ၊ လက်ထဲမှာလည်း ပိုက်ဆံက တစ်ပြား မှမရှိ၊ အားကိုးစရာလည်း တစ်ယောက်မှ မရှိ၊ အဖေနဲ့အမေ ဖြစ်ပုံကတော့ တကယ် ကြောက်စရာကောင်းပါတယ် မမရယ်။
အဖေ ရူးနေစဉ်က ကျွေးမွေးတာကို ကြောက်တယ် မစားဝံ့ဘူးလို့ အော်တယ်။ အမေကတော့ မရူးဘဲနဲ့ ကျွေးသမျှ အစာကို စားပြီးတာနဲ့ တစ်ပြိုင်နက် ပြန်အန်တာပဲ။ မစားထိုက်လို့ ပြန်အန်ထွက်တယ်ဆိုတဲ့ စကား အတိုင်း ဖြစ်သွားသလား မသိပါဘူး။ အဲဒီလို မချိမဆံ့ ဝေဒနာ ခံရဆဲမှာ ဦးဖေဆိုင်နဲ့ ဒေါ်ငွေတို့လင်မယား က အမေ့ကို ကြိမ်းမောင်းကြလို့ အမေမျက်ရည်ကျရင် ကျွန်မပါ ရောငိုမိတယ် မမ။ အမေ့ကို သိပ်သနား တာပဲ။ ဒီလိုနေရာက တစ်နေ့တော့ သီးဖေဆိုင်တို့ လင်မယား ညမို့ထဲအထွက်မှာ အမေက ကျွန်မကို ဒီအကြောင်း တွေ အားလုံးကို စုံအောင် ပြောပြခဲ့တယ်။
အဲဒီတော့မှ အဖေနဲ့အမေတို့ရဲ့ နောက်ကြောင်း ဖြစ်လာခဲ့တဲ့ဘ၀၊ စေတီအိုကြီးရဲ့ ဌာပနာတိုက်က ပတ္တမြားတွေနဲ့ ငွေကြုတ်အကြောင်း၊ ဦးဖေဆိုင်တို့နဲ့ သွေးသားလုံးဝ မတော်စပ်ဘဲ မလွှဲသာလို့ အတူ နေရကြောင်း အဖေ စိတ်နောက်ရူးသွပ်နေစဉ်က ပြောသွားခဲ့တဲ့ စကားတွေအကြောင်းကို အားခဲပြောပြပြီး ဦးဖေဆိုင် တို့ ပြန်မရောက်ခင်ဘဲ ဆုံးခဲ့ပါတယ် မမ။ တစ်ဦးတည်း အားကိုးစရာဖြစ်တဲ့ အမေအရင်း တစ်ယောက်လုံး သေဆုံးတော့ အားကိုးရာမဲ့ဘ၀နဲ့ ရက်စက်စိမ်း ကားတဲ့ သူစိမ်းလင်မယားလက်ထဲမှာ ကျန်ရစ် တဲ့ ဒုက္ခိတမ စိတ်ထဲမှာ ဘယ်လို ခံစားရတယ်။ ဘယ်လောက်ပူဆွေးကြေကွဲရတယ်ဆိုတာ စဉ်းစား သာ ကြည့်ပါတော့ မမရယ်။
ဒိအကြောင်းတွေကိုလည်း အမေ သေတော့မယ့်ဆဲဆဲ အချိန်ောက်မှ ဖွင့်ပြောပြခဲ့လို့ ကျွန်မ အားလုံး သိလိုက် ရတာပါ။ မသုံးစားအပ်တဲ့ပစ္စည်းကို မိဘတွေ သုံးစားခဲ့လို့ မိဘနှစ်ပါးလုံးလည်း ကြေကွဲ စရာအဖြစ်မျိုးနဲ့ သေခဲ့ကြရပြီ၊ အဖေသေတာကမှ အပြုအစု ခံရသေးတယ်၊ အမေသေတာက ပိုပြီး ကြေကွဲ စရာ၊ ယူကျုံးမရစရာ ကောင်းပါတယ် မမ။ စားချင်တာကိုလည်း မစားနိုင်၊ ဆေးဆရာကိုလည်း ထိုက်ထိုက် တန်တန် မပင့်နိုင်၊ မကုနိုင်။
ဒါထက် ဆိုးတာက အသက်မထွက်မချင်း စိတ်ဆင်းရဲအောင် သီးဖေဆိုင်တို့ ပြောဆိုကြိမ်းမောင်း သမျှ အရိုးပေါ် အရေတင် ပက်လက်ဘ၀နဲ့ မျက်ရည်ကျ ခံသွားရရှာတာပါပဲ။ တွေးမိတိုင်း ကျွန်မ ရင်ထဲမှာ ဆို့ ပါတယ် မမရယ်။ ဒါလည်း ပတ္တမြားတွေကြောင့် အကုသိုလ်ဖိစီးပြီး စိတ်ဆင်းရဲခံသွား ရတာ ထင်ပါရဲ့။
အမေ့အလောင်းကို ခေါင်းတောင် မသွင်းရပါဘူး။ သူတို့လင်မယား ပြန်ရောက်တာနဲ့ ချက်ချင်း ဖျာနဲ့ လိပ် ပြီး ဦးဖေဆိုင် တို့ လင်မယားက သုသာန်က သုဘရာဇာကို ခေါ်ပြီး အပ်လိုက်ကြတယ်။ ဘုရားလှူထားတဲ့ ပစ္စည်း ကို မတော်လောဘထွက်လို့လည်း ဒီလိုအဖြစ်မျိုးနဲ့ ဘ၀ဆုံးကြတာဖြစ်မှာပဲလို့ ကျွန်မတွေးပြီး ကြောက်မိ ပါတယ် မမ။
အမေ သေဆုံးပြီးမှ ဦးဖေဆိုင်နဲ့ ဒေါ်ငွေတို့က ကျွန်မကို ...
" တို့ တခြားသွားနေခိုက် နင့်အမေသေတာဆိုတော့ တို့အလစ်မှာ နင့်အမေက ပတ္တမြားတွေ ၀ှက်ထားခဲ့တဲ့နေရာကို ပြောပြခဲ့တယ် ဟုတ်လား။ ဘယ်မှာ ထားလဲ။ နင့်ပါးစပ်က မပြောနိုင်ရင် စာနဲ့ ရေးပြ လို့" ပြောတာက တစ်မျိုး။
" နင့်မှာ ဘယ်သူ့ အားကိုးရှိနေလို့ လူဝါးဝနေတာလဲ အအ မ၊ ကောင်းကောင်းမေးနေရင် ပြောတာ မဟုတ် ဘူး " ဆိုတဲ့ လေသံက တစ်မျိုး။
" သမီးရယ်၊ သမီးကို တို့ ဘယ်လောက်ချစ်လဲ။ သမီးငယ်ငယ်ကတည်းက ထိန်းကျောင်းလာခဲ့ကြ တဲ့ ဆွေမျိုး အရင်း တွေပဲ။ ဒီပတ္တမြားတွေကိုပေးရင် တို့ မစားမသုံးပါဘူး။ သမီးကို ဒီလို ဒုက္ခိတကြီး အဖြစ်နဲ့နေတာ မကြည့်ရက် တာကြောင့် ဆေးကုပေးမယ်လို့ မေးနေတာပါ။ သမီး ဒီဘ၀က မလွတ်ချင်ဘူးလား။ ဆေးကု စရာ ပစ္စည်းရှိရဲ့သားနဲ့တော့ ဒုက္ခခ့မနေပါနဲ့ သမီးရယ်။ ပတ္တမြားတွေ ထားတဲ့ နေရာကိုသာ ပြောပါကွယ် "
ချော့တာ က တစ်မျိုး။
ဒါပေမယ့် ဒီပတ္တမြားဆိုတာကို ကျွန်မ တစ်ခါမှ ကြားလည်း မကြားခဲ့ဘူး။ မြင်လည်း မမြင်ခဲ့ဘူး။ အမေ သေခါနီး နောက်ကြောင်းပြန်သွားလို့သာ ကြားလိုက်ရတာပဲ မမရယ်။
ကျွန်မ က မသိကြောင်းပြောလေ သူတို့က ကျွန်မကို နှိပ်စက်လေ၊ တစ်ခါတစ်ရံ ထမင်းမကျွေးဘဲ အငတ် ထားမေးတယ်၊ ကျွန်မကလည်း အစာငတ်လို့ သေရင်လည်း ၀ဋ်ကျွတ်တာပဲလို့ အောက်မေ့ လိုက်ပါတယ် မမ။ ဒါပေမယ့် ၀ဋ်ကြွေးမကုန်သေးလို့လား မသိဘူး။ ဆယ်ရက်လောက် အငတ်ထားတာတောင် ကျွန်မ မသေဘူး။
မမ ရောက်လာတဲ့နေ့က ဒေါ်ငွေက ပြောခဲ့တာ မမ သတိရလား။ ကျွန်မ ဖြစ်နေတာ လင်လိုချင်လို့၊ စိတ်ဆန္ဒ မပြည့်ဝ လို့ ဖြစ်နေတဲ့ ရောဂါဆိုတာရယ်။ မမ မရောက်ခင်အိမ်မှာ ထမင်းလခပေးစားနေတဲ့ လူနှစ်ယောက် ကို ကျွန်မက စတင်ပြီး မြှူဆွယ်တယ် ဆိုတာလေ။
အဲဒါကို ကျွန်မ ရှင်းပြပါမယ် မမရယ်။ ကျွန်မကို သမီးချင်းမစာ ပြောရက်ကြတာလေ။
ဘုရားဌာပနာတိုက်ထဲကရတဲ့ ပတ္တမြားတွေကို အကြောင်းပြုပြီး၊ ရထားတဲ့ အိမ်ကြီးပေါ်မှာလည်း ကျွန်မ မနေချင်ဘူး၊ သူတို့ လင်မယားလက်ထဲမှာလည်း အနှိပ်စက် မခံချင်တော့ဘူး။ အ နေတဲ့ ဒုက္ခိတဘ၀ကလည်း လွတ်ချင်တယ်။
ရန်ကုန်မှာ ဆွံ့အ၊ နားမကြားစတဲ့ ဒုက္ခိတတွေကို လက်ခံကုသပေးတဲ့ ဆေးရုံရှိတယ်၊ အဲဒီ ဆေးရုံမှာ ကုသ လို့ မရတဲ့လူကို ဒုက္ခိတတွေနေတဲ့ကျောင်းကိုပို့ပြီး အသက်မွေးဝမ်းကျောင်းပညာ သင်ပေးတယ်ဆိုတာကို ကျွန်မ သတင်းစာတွေထဲမှာလည်း ဖက်ဖူးတယ်၊ ကြားလည်း ကြားဖူး တယ်။
အဲဒီ ရန်ကုန်ကိုရောက်အောင် ကျွန်မ ထွက်ပြေးချင်တယ်မမ။ ဒါပေမယ့် ကျွန်မလို အသက်ရွယ်နဲ့ ဒုက္ခိတတစ်ယောက်ဟာ လက်ထဲမှာလည်း ပိုက်ဆံတစ်ပြားမှ မရှိဘဲ စိတ်နောက်ကိုယ်ပါ မဆင် မခြင် စွတ်ထွက်သွားရင် လမ်းစရိတ်၊ စားစရိတ်အတွက် အခက်အခဲတွေ့မှာလည်း တစ်ကြောင်း၊ နောက်ညပီး နှမချင်း သားသမီးချင်း မစာနာတတ်တဲ့ လူယုတ်မာတွေ လက်ထဲရောက်သွားမှာ စိုးရိမ်တာလည်း တစ်ကြောင်း မို့ ထွက်ပြေးချင်ပေမယ့် ထွက်မပြေးနိုင်ဘဲ ဖြစ်နေခဲ့ရပါတယ်။
အိမ်မှာ ထမင်းလခပေးစားတဲ့ လူနှစ်ယောက် ရောက်လာစဉ်က စိတ်ကောင်း ရှိလိမ့်မယ်ထင်ပြီး ကျွန်မ ဒုကခကို ဖွင့်ပြောဖို့ စိတ်ကူးရလိုက်မိပါတယ်။
ကျွန်မ အ နေတယ်ဆိုပေမယ့် အင်မတန် အားယူကြိုးစားပြောရင် ပြောချင်တဲ့စကားဟာ ထစ်ထစ် ငေါ့ငေါ့နဲ့ အကြာကြီးနေမှ တစ်လုံး၊ အကြာကြီးနေမှ တစ်လုံး။ အဲဒီလိုတော့ အသံထွက်ပါတယ်။ ဒါ ကိုလည်း စာအစမှာ မမကို ရေးပြခဲ့ပါပြီ။
အဲဒီ လူနှစ်ယောက်ကို အားကိုးချင်တဲ့စိတ်နဲ့ သူတို့ အလစ်မှာ အင်မတန် အားယူကြိုးစားပြီး အားကိုး ပါရစေ လို့ ထစ်ထစ်ငေါ့ငေါ့ပြောခဲ့မိတယ်။
ဒီတော့ ဟိုလူနှစ်ယောက်က ကျွန်မ ဆံ့အ နေတဲ့ ဒုက္ခိတမှန်း သိသွားရင် ကျွန်မအသက်အရွယ်နဲ့ ကြည့်ပျော် ရှုပျော်ရုပ်ရည် ကို အချောင်စော်ကားချင်တဲ့စိတ်မျိုး ထားလာကြတယ်။
ဒုက္ခိတမလေး ဘယ်လိုကြောင့် အားကိုးချင်တာလဲလို့ မမေးတော့ဘဲ၊ ကျွန်မကို ကိုင်လားတွယ်လား ပြုမူကြရော။ ဒီတော့ ကျွန်မက မီးဖိုချောင်က ဓားကိုယူပြီး သူတို့ကို ပြရတာပေါ့။ အကျင့်ယုတ် နှစ်ကောင်က သူတို့ အကျင့်ယုတ်တာကို မဖော်ကြဘဲ ကျွန်မ မကောင်းကြောင်းသာပြောတော့ ဒေါ်ငွေက ကျွန်မကို လင်တရူး ဖြစ်အောင် ပြောတာပေါ့ မမရယ်။
ကျွန်မ ရူးချင်ယောင်ဆောင်ခဲ့ရတဲ့ အကြောင်းတွေကိုလည်း ပြောရဦးမယ်။
အမေသေဆုံးပြီးမှ နေ့ရှိသရွေ့ ပတ္တမြားတွေအကြောင်းကိုပဲမေး၊ မေးလို့မရရင် နှိပ်စက်၊ ကြာတော့ ကျွန်မ စိတ်ကူးရလိုက်တယ်။
မစားသုံးထိုက်တဲ့ ပစ္စည်းတွေကို စားသုံးလို့ အဖေလည်း ရူးပြီး သေခဲ့ရတယ်။ ငါလည်း အဲဒီအကုသိုလ်ကြောင့် အဖေ့လို ရူးသွားပြီလို့ သူတို့ ယုံကြည်လိုက်ရင် ငါ့အဖို့ အမေးအမြန်းခံရတာလည်း သက်သာမယ်။ အနှိပ်အစက်ခံရတာလည်း သက်သာမယ်လို့ တွေးမိ လိုက်တယ်။
ဒါကြောင့် ရူးချင်ယောင်ဆောင်နေခဲ့တာ မမ၊ တကယ်ရူးတဲ့သူရဲ့ မျက်လုံးဟာ စိတ်မှန်နေသူ လူကောင်း သူကောင်း မျက်လုံးမျိုးနဲ့ သိပ်ခြားနားတယ်၊ သိသာတယ်၊ မျက်လုံးကို ကြည့်လိုက်ရင် ရူးတယ်၊ မရူးဘူး ဆိုတာ ခွဲခြားနိုင်တယ်။
ဒါကြောင့် ကျွန်မ မျက်လုံးကို လူအမြင်မခံချင်လိုပ အမြဲမျက်နှာကို ငုံ့နေခဲ့တာပါ။ ဦးဖေဆိုင် နဲ့ ဒေါ်ငွေ တို့တောင် မရိပ်မိဘဲ အားလုံးက ရူးတယ်လို့ ယုံကြည်ခဲ့ကြရက်နဲ့ မမ တစ်ယောက်ကသာ အကင်းပါးလွန်းပြီး ကျွန်မ မရူးဘူးလို့ အတပ်သိလိုက်တယ်နော်။
စာကိုဖတ်၍ ဤနေရာသို့ ရောက်သောအခါ မခင်ရွှေကပြုံးလိုက်မိသည်။
" အေး မမဒီမြို့ကို ရောက်လာတဲ့နေ့၊ စာသင်ကျောင်းပေါ်ကနေပြီး မေစမ်းမြိုင်ကို မြင်လိုက်ပါတယ်။ မျက်နှာကို မဖုံးဘဲ ဦးခေါင်းလေးမော့ပြီး ပူဆွေးကြေကွဲဟန်လေးနဲ့ ဟိုဟိုဒီဒီ မျှော်ကြည့်နေတာကို မြင်လိုက် ရကတည်းက ဒီကလေးမဟာ ဘယ်နည်းနဲ့မှ မရူးဘူး။ အကြောင်း တစ်ခုခုရှိလို့သာ ရူးဟန်ဆောင် နေတာဖြစ်မယ်လို့ မမက စုံထောက်တွေးတွေးခဲ့မိတာကိုး ညီမလေးရဲ့"
ဟု တစ်ယောက်တည်း ကျေနပ်စွာပြောပြီး စာကို ဆက်ဖတ်လိုက်သည်။
အဲဟို လူယုတ်မာနှစ်ယောက်က ကျွန်မကို အချောင်နှိုက်လို့မရတော့၊ ဘယ်သူမှ လာမနေချင် အောင် အိမ်နာမည်ပျက်အောင် ပြောပြီး ပြောင်းသွားကြတယ်။ ဒိတော့ ဦးဖေဆိုင်နဲ့ ဒေါ်ငွေ ကျွန်မကို တံမြက်စည်း နဲ့ ရိုက်ကြတာလေ။
" ရူးသာရူးတယ် လင်လိုချင်ဦးဟဲ့ လင်လိုချင်ဦးဟဲ့ " လို့ ပြောလည်းပြော ရိုက်လည်းရိုက် မမရယ်။ ကျွန်မလည်း မျက်နှာကို အတွင်ငုံ့ပြီး မျက်ရည်ကျခ့လိုက်ရပါတယ် မမရယ်။
မခင်ရွှေသည် ရင်ထဲမှာ နာကျင်စွာဖြင့် တောက်ခေါက်လိုက်မိသည်။
" မမ ကယ်မယ် ညီမလေး။ မမ ကယ်မယ် "
မခင်ရွှေ လှိုက်လှိုက်လှဲလှဲ ပြောပြီး စာကို ဆက်ဖတ်လိုက်သည်။ စာက အဆုံးသတ်ခါနီးနေပေပြီ။
ကျွန်မတို့ မိသားစု ဖြစ်ခဲ့ရတဲ့ အကြောင်းကတော့ ဒါပါပဲ မမရယ်၊ တရားကျစရာ၊ သံဝေဂရစရာ၊ သိပ်ကြောက်စရာ ကောင်းလောက်အောင် ဖြစ်သွားကြတဲ့ အဖေနဲ့အမေကို သတိမထားကြဘဲ ဒီပတ္တမြား တွေကို အခုထက်တိုင် မက်မောနေသေးတဲ့ ဦးဖေဆိုင်နဲ့ ဒေါ်ငွေတို့ကတော့ တော်တော် ဆင်ခြင် ဥာဏ်နည်း တဲ့ လူတွေပဲ မမ။
ကျွန်မစာကို ဖတ်ပြီးရင် မမစိတ်ထဲမှာ ဘယ်လို ယူဆပါသလဲ။ ကျွန်မ ရေးပြတာတွေကို ယုံလား၊ မယုံဘူးလား ဆိုတာ ကျွန်မသိပါရစေ။ ယုံတာမယုံတာကတော့ မမ သဘောပါ။ ကျွန်မ အထူး ရှိ ခိုးတောင်းပန်ပါရစေ။ ကျွန်မကို ရန်ကုန်က ဆေးကုပေးတဲ့ဆေးရုံကိုဖြစ်စေ၊ ဒုက္ခိတကျောင်းကိုပဲ ဖြစ်စေ ရောက်အောင် မမ ကူညီပို့ပေးပါ မမရယ်။
မမ ကျေးဇူးကို တစ်သက် မမေ့ပါဘူး။ ကျွန်မ အသံပြန်ထွက်လာပြီ ဆိုရင်လေ မမရှိတဲ့နေရာကို ရောက်အောင် လာပြီး မမအိမ်မှာ မမကို ခြေဆုပ်လက်နယ်၊ တစ်သက်လုံး အမေလို သဘောထားပြီး ပြုစု လုပ်ကိုင် ပေးပါ့မယ်။
စာက ဤနေရာတွင် ဆုံးသွားလေပြီ။ မခင်ရွှေ ခေါင်းအုံးအောက်မှ လက်ပတ်နာရီလေးကို ဆွဲထုတ် ကြည့်လိုက် သောအခါ ဆယ့်နှစ်နာရီ ထိုးနေပေပြီ။
မခင်ရွှေသည် စာအုပ်ကို သူ့ခေါင်းအုံးပေါ်မှာ အသာအယာ ချထားလိုက်ပြီး အခန်းထဲက ထွက် လာခဲ့သည်။ မေစမ်းမြိုင် အိပ်သည့် အခန်းသို့ အသာအယာ လျှောက်သွားပြီး အသံကို နားထောင် ကြည့်လိုက်၏။ မေးစမ်းမြိုင် သည် ညင်သာစွာ လှမ်းလာသော မခင်ရွှေ၏ ခြေသံကို ကြားဟန် တူ သည်။ မေစမ်းမြိုင် အိပ်သည့် အခန်းတံခါးသည် ဖြည်းညင်းစွာ ပွင့်လာပြီး မေစမ်းမြိုင် အခန်းထဲမှာ ထွန်းထားသည့် မှေးမှိန် သော မှန်အိမ်မီးရောင်ထဲမှာ မေစမ်းမြိုင်၏ သဏ္ဍာန်သည် အခန်းတံခါးဝမှာ ပေါ်လာသည်။
" ညီမလေးက မအိပ်သေးဘဲကိုး "
မခင်ရွှေက တိုးတိတ်ညင်သာသော အသံဖြင့် ပြောကာ မေစမ်းမြိုင်၏ လက်မောင်းကို ကြင်နာစွာ ဆုပ်ကိုင် လိုက်သည်။
ထို့နောက် ...
" အိပ်ပါ ညီမလေးရယ် အိပ်ပျက်လို့ နေမကောင်းဖြစ်နေပါဦးမယ်နော်။ မနက်မိုးလင်းမှ စကား ပြောကြ တာပေါ့။ ညီမလေး ရေးထားတာတွေကို မမ ဖတ်ကြည့်ပြီးပါပြီ။ အားလုံး ဟုတ်မှန်ပါတယ်၊ မမယုံပါတယ်"
ဟုပြောကာ မေစမ်းမြိုင်ကို သူ့အိပ်ရာပေါ် ပြန်သိပ်လိုက်သည်။
မေစမ်းမြိုင်သည် သူရေးသည့် အကြောင်းအရာတွေကို ယုံမှ ယုံပါမည်လား၊ သူ့ကို ကယ်တင်လို စိတ်မှ ရှိပါမည်လားဟူသော စိတ်မချမှုကြောင့် အိပ်မပျော်နိုင်အောင် ဖြစ်နေရှာသည်ကို မခင်ရွှေက ရိပ်မိ လိုက်သည်။
ထို့ကြောင့်မေစမ်းမြိုင် ဖြောင့်ဖြောင့်တန်းတန်း အိပ်နိုင်အောင် ပြောပြလိုက်ခြင်းဖြစ်သည်။ မေစမ်း မြိုင်သည် မျက်ရည်ရစ်ဝိုင်းသော မျက်လုံးဖြင့် မခင်ရွှေကို ချစ်ခင်အားကိုးစွာ ကြည့်ကာ မခင်ရွှေ သိပ်ပေးထားသည့် အနေ အထားအတိုင်း အိပ်ရာပေါ်မှာ လဲလျောင်းလိုက်သည်။
မေစမ်းမြိုင်အိပ်သည့် အခန်းတံခါးသည် ချက်ချပိတ်ရန် မင်းတုပ်မရှိချေ။ ထို့ကြောင့် မေစမ်းမြိုင် မီးဖိုချောင် ထဲက ဓားတစ်ချောင်းကို ကိုင်ထားသည်ဆိုခြင်းမှာ မခင်ရွှေအဖို့ အဆန်းဟု မထင်တော့ ချေ။
မခင်ရွှေ သည် မေစမ်းမြိုင်ကို ပြန်သိပ်ထားပြီးသည့်နောက် အိပ်ချင်စိတ် မရှိသောကြောင့် သူ့အခန်းကို ပြန်လာခဲ့သော်လည်း အိပ်ရာပေါ်သို့ မပြန်တော့ချေ။
မှန်မီးအိမ် ကို ငြှိမ်းလိုက်ပြီး ပြတင်းပေါက်ဖွင့်ကာ ပြတင်းပေါက်တွင် မတ်တတ်ရပ်ကာ ခြံကြီးထဲသို့ မျှော်ကြည့် နေလိုက်သည်။
လမိုက်ရက်ဖြစ်သောကြောင့် ကောင်းကင်တွင် ကြယ်ရောင်များသာ ရှိနေသည်။ မည်းမှောင်နေသော ညသန်းခေါင် အချိန်ဝယ် ကျယ်ဝန်းသော ခြံကြီးသည် ညို့ညို့မှိုင်းမှိုင်းအုပ် ဆိုင်းနေသော သစ်ပင်ကြီးများ ကြောင့် ကြည့်ရသည်မှာ စိတ်ချောက်ချားဖွယ်ပင် ကောင်းသေးတော့ သည်။
သန်းခေါင်းလေ ၏ ဝှေ့ယမ်းတိုက်ခတ်ခြင်းကြောင့် သစ်ပင်ကြီးများ၏ အကိုင်းချင်း ကြိတ်သံ၊ သစ်ရွက်ချင်း ခတ်သံများ သည် ဝေဒနာခံစားနေရသော လူတစ်ယောက်၏ မချိမဆံ့ ညည်းညူသံ လိုလို၊ ကြောက်ရွံ့စွာ အော်ဟစ် နေသံလိုလို။
မခင်ရွှေသည် စိတ်ချောက်ချားဖွယ်ကောင်းသော ခြံကြီးကို ပြတင်းပေါက်မှ ကြည့်နေရင်း ဦးတောက်ထွန်း ပတ္တမြား တွေ မြှုပ်ခြ့သည်ဆိုခြင်းမှာ ရူးလို့ပြောခြင်းလား၊ အမှန်ပင် မြှုပ်ပစ်ခဲ့ခြင်း လားဟု တွေးနေမိသည်။
မေစမ်းမြိုင် ရေးထားသည့် စာထဲမှာ သူ အလါန်သံယောဇဉ်ဘကီးသော ရေပြာအိုင်၏ ရှေးဖြစ်ရာဇ၀င် ပါရှိသည် ကို သတိရသည်။ သာသနာ့ဒါယကာ သီရိဓမ္မာသောကမင်းကြီးတည် ထားတော်မူခဲ့သည့် စေတီတော်ပေါင်း ရှစ်သောင်းလေးထောင် အပါအ၀င် စေတီတော်ဟောင်းနေရာ ဌာပနာတိုက်ကို မျက်စိထဲ မှာ မြင်ယောင်လာသည်။
ထိုသို့ မြင်ယောင်လာသောအခါ ဌာပနာတိုက်နေရာက ရလာခဲ့သည့် ပတ္တမြားတွေကိုရော ငွေကြုတ် ကိုရော စိတ်မှန်းနှင့် တွေးကြည့်ကာ အလှူ့ဒါယကာ သခင်ရွှေနှင့် မင်းရွှေနှစ်တို့ မောင်နှမသည် ထိုပစ္စည်းတွေကို မည်သည့်သစ္စာမျိုးဆိုပြီး လှူထားခဲ့ကြပါသနည်း။ ဦးတောက်ထွန်း နှင့် ဒေါ်ညွန့်ရီတို့သည် အလှူ့ဒါယကာ ၏ သစ္စာစူး၍ ဤအဖြစ်မျိုးဖြစ်သွားသည် ထင်သည်။ မိဘတွေ မလုပ်အပ်သည့် အလုပ်ကို လုပ်သည့် အတွက်ကြောင့် ဘာမျှမသိရှာသည် လူမမယ်မိန်းကလေး မေစမ်းမြိုင်သည် အဆစ် ပါရချေသလား။
စသည်ဖြင့် မခင်ရွှေ တွေးနေရင်းပင် ဤအိမ်ကြီးပေါ်မှာ ဆက်လက်နေထိုင်ရမည်ကို စိတ်ထဲက မသန့်တော့ ဘဲ ဖြစ်လာသည်။
ဤကိစ္စနှင့် သူ မည်သို့မျှ မပတ်သက်ကြောင်း မခင်ရွှေ ကောင်းကောင်းသိပါသော်လည်း ဤပစ္စည်းတွေကို အကြောင်းပြုပြီး ဤအိမ်နှင့် ဤခြံ ဖြစ်လာသည်ကို သိနေရသောအခါ မခင်ရွှေ စိတ်ထဲမှာ ဤပစ္စည်းတွေ ရလာသည့် စေတီတော်ဌာပနာတိုက်ပေါ်မှာ သူနေမိသလို စိတ်ထဲတွင် ပေါ့ပါးရွှင်လန်းခြင်းမရှိ ဖြစ် နေမိသည်။
ရေပြာအိုင်ရွာ ဖြစ်စဉ်နှင့် ဘုရားစေတီတော် အကြောင်းကို ဦးတောက်ထွန်း ရူးသွပ်နေစဉ်မှာ စီကာ စဉ်ကာ ပြောပြနေနိုင်သည်မှာ ဘာကြောင့်ဟူ၍ မခင်ရွှေ တွေးမရချေ။
ရေပြာအိုင်နှင့် ပတ်သက်လာလျှင် မခင်ရွှေသည် မည်သို့မျှ ဥာဏ်မမီနိုင်သည်ကို သူကိုယ်တိုင် သိနေပြီး ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဦးတောက်ထွန်း ပြောပြသွားခဲ့သည်များမှာ အရူးပီပီ ကပေါက်ကချာ ပရမ်းပတာ ပြောသွားခြင်း မျိုးမဟုတ်သောကြောင့် မှန်သောအဖြစ်များဟု မခင်ရွှေက ခိုင်မာစွာ ယုံကြည်လိုက် သည်။
မေစမ်းမြိုင်၏ စာကို လုံးစေ့ပတ်စေ့ဖတ်ပြီး မေစမ်းမြိုင်၏ဘ၀ ဖြစ်စဉ်ကိုရော၊ ဤအိမ်နှင့်ဤခြံ ဖြစ်လာပုံ ကိုရော၊ ဦးဖေဆိုင်နှင့် ဒေါ်ငွေတို့ဘ၀နှင့် စိတ်သဘောထားကိုရော သိလိုက်ရပြီဖြစ်သော မခင်ရွှေ သည် ဤအိမ်မှ ပြောင်းရွှေရန် စိတ်ဆုံးဖြတ်လိုက်သည်။
ထိုသို့ စိတ်ကို ဆုံးဖြတ်လိုက်သောအခါ မေစမ်းမြိုင်အတွက်ကိုပါ ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ သူ့ကို အားကိုးယုံကြည်စွာဖြင့် မိဘတွေအတွက် လျှို့ဝှက်ထိန်း သိမ်းထားရမည့် အဖြစ်တွေကိုပါ မခြွင်းမချန် ဖွင့်အန်ပြရှာသော မေစမ်းမြိုင်ကို မခင်ရွှေမည်သည့် နည်းနှင့်မျှ ပစ်ပစ်ခါခါ မစွန့်ပစ်ရက်ချေ။
ယခင်က သူတို့ မှန်းခြေမကိုက်၍ မေစမ်းမြိုင်ကို မကောင်းပြောပြီး ဆင်းသွားကြသည့် လူနှစ်ယောက် ကြောင့် ဒုက္ခိတမလေးမှာ သေလုအောင် အရိုက်အနှက်ခံလိုက်ရသေးလျှင် ယခု သူ ပစ်ပစ်ခါခါ စွန့်ပစ် သွားမည်ဆိုလျှင် မေစမ်းမြိုင်အတွက် သက်သာမည်မဟုတ်ကြောင်းကိုလည်း တွေးမိသည်။
မခင်ရွှေသည် မှောင်မည်းနေသော ခြံကြီးကို ငေးစိုက်ကြည့်နေရင်း သူ ဘာလုပ်ရမည်ကို တွေးနေ သည်။
----------------------
ဆက်ရန်
.

4 comments:
အင်း..
ဘုရားပစ္စည်း ဆိုတော့ လဲ ဖြစ်နိုင်တာပဲနော်။
ဒါပေမဲ့  ခုခေတ်မှာဒီလိုမျိုးဂေါကပ တွေမရှိဘူးလို့ 
မပြောနိုင်ဘူးနော်၊
ဇာတ်ကတော့ ကောင်းနေပြီ၊
ရေလည်ခေါင်ရောက်နေသလို..
ရှေ့လည်းတိုးလို့ မရ ၊ နောက်လဲဆုတ်လို့ မရ..။
အမရေ ကောင်းခန်းရောက်နေပြီနော်၊ဦးဖေဆိုင်နဲ့ဒေါ်ငွေတို့လည်းလောဘကြောင့် မဆင်ချင်နိုင်ကြတော့ဘူး။
ဆက်ရန်ကို စောင့်ဖတ်နေတယ် အမရေ။
အမရေ...
အရမ်းကြိုက်စ်..
ကျေးဇူး
မြတ်နိုး
မမရွှေစင် လာဖတ်သွားပါတယ်။ အခုလို စာကောင်းပေကောင်းလေးတွေ အများကြီး ရိုက်တင်ပေးတာ ကျေးဇူးအများကြီး တင်ပါတယ်။
Post a Comment