Thursday, November 11, 2010

သဒိုး အပိုင်း (၉)

သဒိုး
စာရေးသူ - ခင်ခင်ထူး

နောက်တစ်နေ့မိုးလင်းတာနဲ့ ပန်းညိုမ အစွမ်း ပြတော့တာပါ။ တစ်အိမ်လုံး တစ်ဝိုင်းလုံး လှဲကျင်း တယ်။ သစ်တိုသစ်စ တုံးတိုတုံးစတွေ သပ်သပ်ယပ်ယပ်ဖြစ်အောင် စီတယ်။ ဗြုတ်စ ဗြင်းတောင်း တွေ တစ်နေရာ ပုံပြီး တင်းနေရာတင်း၊ တောင်းနေရာတောင်း နေရာတကျထားတယ်။ တစ်သက် လုံးက ဂျွန်တက်နေတဲ့ အုံးတွေ ခွက်တွေ တိုက်တယ်။ အ၀တ်ဟောင်းတွေ စုပြီး ဖွပ်လျှော်ထားတာများ ၀င်းထရံလေးဖက် ပတ်လည်ပြည့် ကရော။ သည်ကြားထဲက ယောက္ခမ မီးဖိုချောင် ရှင်းရင်း ၀င်ချက်လိုက် ပြုတ်လိုက် သေး တာပါ။ နွားတင်းကုပ်များ သန့်ရှင်းထားလိုက် တာ လူဝင်အိပ်လို့ရတယ်။ ပန်းညို အလုပ်လုပ်နေတော့ မြေး ဒိုးကောင်း ကို ဘွားအေကြီး မယ်မှုံက လက်ကမချဘူး။ သဂျိုး ပဂျိုး (သွားကျိုး ပါးကျိုး)နဲ့ အိုအို အေးအေး ကလေး ချော့နေသေးတာပါ။

"ဒိုးကလေး မိန်းမများ အိမ်ကဓားတွေ ဘယ်အချိန် သွေးထားသလဲ မသိဘူး.............. တော်ရုံ ယောက်ျား သွေး တာထက် ရှသေးဗျာ....... ၀ိုင်းထောင့်ကို တွန်းတုံးမ, ရွှေ့သာများ လူပိုမခေါ်ဘူး....... အာဂမိန်းမဟ"
ဘိုးပျားအုံ ကတောင် ချီးကျူးရတဲ့အထိ ပန်းညိုကလည်း ရောက်ရောက်ချင်း တစ်ပတ်ဆယ်ရက် ခါးကျိုး အောင် တွန်းလုပ်ပစ်လိုက်တော့ ခြံဝင်းရောအိမ်ပါ သန့်ရှင်းသွားလိုက်တာ လက်လက်ထ လို့။ အမဲသား သည်မ, စကားမပြောဘူးလို့ တင်းထားကြပေမယ့် တင်းမဖြစ်တော့ပါဘူး။မလွှဲ မကင်းသာတော့ ပြောကြ ရပြီ။ ပန်းညို .......... ကလေးနို့လာတိုက်ဦးဟဲ့တို့၊ အမေ့လက်ဖက် ကလေးနှပ်ပေးစမ်းတို့၊ အဖေ့ ရေနွေး တစ်အိုး ခပ်ပေးစမ်းတို့က စလိုက်တာ နောက်ပိုင်း သမီးလို့ တောင်ခေါ်ကြပါပြီ။

ယာချိန် ကိုင်းချိန်များတော့ ရွာကတောင် အံ့သြရတဲ့အထိ အလုပ်ကို ကန်းသင်း ကျိုးလုပ်ရှာတော့ ဒိုးကလေး မိဘများ က သနားတောင်လာကြတယ်။ နွားနဲ့ ဖက်ရုန်းရင်း တောင်ဖြစ်မယ့်ဟာမလို့တောင် ရွာကို ပြောသေးတာပါ။ ဒိုးကလေးကတော့ သားနဲ့မယားထား ခဲ့ပြီး အလုပ်ရှိရှိသလို ဓားထုပ်ထမ်းထွက်နေကျပါ။ သဒိုး အလုပ် ဆိုတာ ကြုံရာလူခိုင်း မဖြစ်တော့ ကုက္ကိုကုန်းအထိ လိုက်လာကြပြီ အလုပ်အပ်ကြတာတွေ ရှိတာကိုး။ ရွာဆယ်ရွာ တစ်နေ့မဟုတ် တစ်နေ့ အမဲပေါ် ၀က်ပေါ် ရှိတာဆိုတော့ ဒိုးကလေး လက်မလည် ဘူး။ အလှူများရှိရင် ပိုတောင် အလုပ်များသေးတာ။ မအေ့ခမျာသည် အလုပ်က လွတ်အောင် ရွာခေါ်ကာမှ လုပ်နေကျ အလုပ်ကို မဖြတ်တော့ စိတ်ဆင်းရဲရှာတယ်။ မလုပ်ဖိုက အတန်တန်တားပေမယ့် ဒိုးကလေးက မရပါဘူး။

"အခင်းထဲ ပန်းညို လုပ်ပါလိမ့်ဗျာ....... အမေတို့ တောင်သးအလုပ်က တစ်နှစ်နေနေ တစ်နှစ် ဆန်းဆန်း ကြာလွန်း လှဗျာ............ ကျုပ်အလုပ်က လက်လှည့်သုံးရသာ အမေရ.......... ငရဲကြီး ရင် ခင်ဗျားတို့ခွဲတမ်း မပါ ပါဘူး..... ကျုပ်လုပ်သာကျုပ်ခံမှာပါ....."

"ငါ့သားရယ်.......... ကျက်သရေမရှိတဲ့ အလုပ်မိုက မလုပ်စေချင်လို့ ပြောသာပါတို့မှာ မျိုးရိုး လည်း မရှိခဲ့ ပေါင်ကွယ်.......... မင်းနှယ်......... ကျွဲပေါ် နွားပေါ်မှာ စားရသာမဟုတ်ပါဘူး.. သားမယား ငရဲစာ မကျွေးချင် ပါနဲ့......."
"ငရဲစာ သော ငအုံးစာသေ ရှောင်နေလိုက် ဖြစ်သာမှုတ်ဘူး...... ကျုပ်အလုပ်မလုပ်တော့လည်း မလုပ်လို့...... လုပ်တော့လည်း တစ်ပြစ်ပါလားဗျာ အမေတိုကသာ ပုတီးစိတ်ကြပါ........ နိဗ္ဗန်မဂ် ဖိုလ် ကူးကြ ပါဗျာ ကျုပ်များတော့ မပူပါနဲ့"

တစ်လက နှစ်လ၊ နှစ်လကခြောက်လ၊ ခြောက်လက တစ်နှစ် ဖြစ်လာတော့ ပန်းညိုကိုတောင် အသနား ပိုကြရပါပြီ။ အိမ်အလုပ် အခင်းအလုပ်များတော့ ဗျန်းဗျန်းကွဲကိုး။ ငှားထားတဲ့ သူရင်းငှား ကတောင် လက်ဖျားခါ ရတော့တာ ကြည့်လေ။ ယောက္ခမတွေ နေထိုင်မကောင်းရင် ခြေဆုပ် လက်နယ် ပြုစုတယ်။ အညစ်အကြေး ကစ သုတ်သင်ပေးတာ။ ၀တ်ထားတ့ အ၀တ်အစား နေ့ကူး မခံဘူး။ ပန်းညိုက ဒန်ဇလုံကြီး ထဲ အ၀တ်ပေ တွေထည့် ခေါင်းပေါ်ရွက်တဲ့ပြီး ရေတွင်းကုန်း သွားလျှော်တယ်။ ဘိုးပျားအုံတို့ မယ်ကြီးမှုံ တို့လည်း အခုမှ ထမင်းပွဲလက်ဆေးနှိုက်ရတဲ့ဘ၀ ရောက်တော့တာပါ။ ဒိုးကောင်း ကလေးကလည်း မတ်တတ် ပြေးပြီဆိုတော့ ဘိုးအဘွားအေလက် ထဲက မကျဘူး၊ ချစ်လိုက်ကြတာတုန်လို့။

ပန်းညို ကိုယ်တိုင်ကလည်း ကုက္ကိုကုန်းမှာနေရတာ ပျော်ပါတယ်။ ရွာရပ်ကလည်း ခင်မင်လာကြ တော့ ပို လို့တောင် စိတ်ချမ်းသာ သေးတယ်။ စိတ်ဆင်းရဲတာတစ်ခုပဲ။ ဒိုးကလေး ဓားထုတ်ထမ်း ထွက်ရင် မျက်နှာပူ တာပါ။ ညည်းတို့သားအဖ ဖျက်လို့ ငါတို့သားပျက်ရတယ်လို့ မပြောကြပေသိ တတယ်တမ်း မျက်နှာပူ ရတာက ပန်းညိုကိုး။ လင် ကို အတန်တန် တားရှာပါရဲ့။ မရပါဘူး။ ဘယ်လိုများ အထုံရေစ် ပါသလဲတော့ မပြော တတ်ဘူး။ အကုသိုလ်အလုပ်ကို မက်ရေစက် ရေရှိလိုက် ပုံများ။ သူသဒိုးလုပ်ရာကပါလာတဲ့ ငွေရယ် လို့လည်း ပန်းညို မသုံးရပါဘူး။ အခုတော့ ယောက္ခမများနဲ့အတူနေ အတူစားဆိုတော့ ပန်းညိုတို့လည်း စားအိုး ပျောက်ပါပြီ။ အဆိုးဆုံးက ဥပုသ်သီတင်းရက်တွေမှာတောင် ဒိုးကလေးကို ခေါ်မရတာပါ။ ဘုန်းကြီး ကျောင်း များ ဘယ်တုန်း ဘယ်ခါကမှ မလိုက်ဘူး။ တစ်ခါတော့ ရွာကျောင်း ဆရာတော်အိမ် ကြွာလာတယ်။

"ဒကာငဒိုး...... ဘုန်းကြီး အလှူခံစရာရှိတယ်.......... ဒကာဒိုး လှူနိုင်ပါသယ်......... ကျုပ်က မလှူနိုင်သာ အလှူ မခံပါဘူး"
"မိန့်ပါ ဘုရား..... တပည့်တော် လှူနိုင်သာ လှူပါ့မယ်ဘုရား"
"ဒကာဒိုး ဓားတွေ အလှူခံချင်သာပဲ...... ဘယ့်နှယ်တုန်း......"

ဒိုးကလေးက မထင်တာ ကြားလိုက်ရတော့ ခေါင်းနကပန်းကြီးသွားလေရဲ့။ ဒါဘယ်သူ့လက်ချက် လဲ။ အဖေလား၊ အမေလား၊ ပန်းညိုလား။ ဘယ်သူပဲ ဖြစ်ဖြစ် ဆရာတော်အလှူခံနေပြီကော။ သူ့ဘက်က ပြတ်သားတဲ့အဖြေ ပေးရတော့မှာဆိုတော့ ရုတ်တရက် နှုကမထွက်ဘူး။ နဖူးမှာ ချွေးတွေ စို့နေတဲ့ကြားကပဲ ပြန်လျှောက်လိုက်တ.်။
"တပည့်တော် မစွန့်နိုင် မလှူနိုင်သေးပါဘုရား"

"မိုက်လက်စ မတုံးနိုင်သေးပါလားဒကာရဲ့..... ဒကာ့အလုပ်က လူတွေလည်း စိတ်မချမ်းသာဘူး၊ သတ္တ၀ါ တွေလည်း စိတ်မချမ်းသာဘူး.... ပစ္စုပ္ပန်လည်း မကောင်းဘူး..... သံသရာလည်းမကောင်း ဘူး...... စဉ်းစား ပါဦးလေ"

ဆရာတော် ပြန်ကြွသွားတော့ ဒိုးကလေး ငိုင်ပြီးကျန်ရစ်ခဲ့တယ်။ ပန်းညိုကတော့ ဆရာတော်ကို ၀တ်ဖြည့်ပြီး အိမ်ရှေ့ ဆင်းလာခဲ့တယ်။ နွားတွေ အစာကျွေးချိန်ကျပြီလေ။ စဉ်ထားတဲ့ ပဲမှော်တောင်း မ,ပြီး နွားစာကျင်း ထဲ ဖြန့်ထည့်တယ်။ အပေါ်က ဖွဲနု လိုက်ဖြူးတယ်။ ရေကလေးစပ် စပ်နဲက လောနယ်တယ်။ ချည်တိုင်က နွားတွေ ဖြုတ်ပြီး နွားစားကျင်းဘက် ဆွဲလာတယ်။ ဒိုးကလေးက ပန်းညိုလုပ်ကိုင်းနေတာတွေ အကုန်လုံး မြင်နေ ရတယ်။ တစ်ခါကအမဲသားသည်မ ပန်းညို။ နွားတွေကို ချစ်လိုက်တာ ယုံစရာတောင် မရှိဘူး။ နွား တွေ အစာစားနေသခိုက် နွားချေးစို တွေပျဉ်နှစ်ချပ်နဲက သိမ်းလို့။ တောင်သူ့သားဖြစ်တဲ့ သူကတော့ သဒိုး ဘ၀နဲ့ နေကုန် ရတော့မယ် နဲ့တူပါရဲ့။

"အစ်ကို...... ထမင်းစားတော့မလည်း...... ကျုပ်တော့ တစ်လုပ်တစ်ဆုပ် စားလိုက်ဦးမယ်.... တော့်သား အိပ်တုန်း....."
ပန်းညိုက စဥ့်အိုးကွဲမှာ လက်ဆေးရင်း လှမ်းမေးတော့ ဒိုးကလေးအတွေးရပ်တော့တယ်။ ဟုတ်သား။ သူလည်း အနောက်ရွာဘက် သွားရဦးမှာနဲ့။
"ခူးပေါ့ဟာ..... စားကြသာပေါ့"

လင်မယားနှစ်ယောက် ထမင်းစားကြတော့လည်း စကားမပြောဖြစ် ကြဘူး။ အတွေးကိုယ်စီနဲ့ ကိုး။
ငါးနှစ် ဆိုတဲ့ အချိန်ထဲမှာ အရာရာပြောင်းလဲသွားတယ်လို့ မပြောနိုင်ပေသိ တချို့သော အကြောင်း တွေကတော့ ပြောင်းလဲသွားခဲ့တယ်။ သည်ငါးနှစ်အတွင်းမှာ ပန်းညိုက သမီးကလေး တစ်ယောက် ထပ် မွေးတယ်။ မအေ့နာမည်ရော ဘွားအေ နာမည်ပါယူပြီး 'ပန်းမှုံ'လို့ အမည်ပေးလိုက်ကြတယ်။ ပန်းမှုံ နှစ်နှစ်သမီး အရွယ်ရောက်တော့ ဘိုးအေကြီး ဘိုးပျားအုံ ဆုံးတယ်။ ပန်းမှုံသုံးနှစ်ခွဲလောက် မှာ အမေကြီးမှုံ ဆုံးပြန်တယ်။ ဒိုးကောင်း က ကြီးပြီ။

ဘိုးအေ နဲ့ ဘွားအေဆုံးကြတော့ နောက်ဖေးတဲကနေ အိမ်ရှေ့အိမ်ကို ပြောင်းကြရပြီ။ နောက်ဖေး တဲ ကိုလည်း မဖျက်ပါဘူး။ သူရင်းငှားကြီး ဦးပေတို့ လင်မယားထားလိုက်ကြတယ်။ ဦးပေ့မိန်းမ ဒေါ်ဂျမ်းက အားကိုး ရတာပါသလို မိန်းမဖော်ရအောင် ထားတာလည်း ပါပါတယ်။ ဒိုးကလေးက အိမ်မကပ်တာ များ ပြီကိုး။ တစ်ရွာလိုက်သွားရင် လေး,ငါးရက် ပေါ်မလာတတ်ဘူး။ အလုပ်က ဘယ်လောက် လုပ်ရတယ် မပြော တတ်ပါဘူး၊ ရက်တွေက ညောင်းလွန်းဆိုတာကို သွားလိုက်ရင် စုန်းစုန်မြုပ်ကရော။ ဘယ်လောက် အထဲက ဆိုရင် မအေသေတော့လည်း တစ်ရွာကို လူလွှတ်ခေါ် ခိုင်းရတယ်။ ဖအေ သေတော့လည်း အလောင်း မမီဘူး။ ရက်လည် မှ ရောက်လာခဲ့တယ်။ သမီးပန်းမှုံ မွေးတုန်းကတော့ကော။ ရွာဆယ်ရွာ ဘယ်ရွာရောက် နေမှန်း မသိလို့ ကမ္မသကာ သဘောထား ခဲ့ရတယ်။ မီးထွက်မှ ရောက်လာတယ်တော့ ချိုသည် ခါးသည် မပြော တော့ပါဘူး။ မိဘ တောင် ပြောလို့မရခဲ့ဘူး ဆိုမှတော့ သူဆိုသာ ဝေးရောပေါ့။

ဒိုးကလေး ရုပ်ကြီးကလည်း ကြမ်းလာလိုက်တာ မပြောပါနဲ့တော့။ တင်းတိပ်တွေက မျက်နှာတစ်ခု လုံးမှာ ဗျစ်ထူကြီး ထလို့။ အနာများတံ သရက်သီးပုပ်လို ညိုတာညို။ မည်းတာမည်း။ နှင်းခူတွေက ခြေထောက်မှာ သံကွင်းစွပ် စွပ်မိပြိ။ ဘယ်တော့မှ အင်္ကျီမကပ်တဲ့လူဆိုတော့ ရင်ပတ်နဲက ကျော် ပေါ်က အနာဖေးကြီး တွေဆိုတာများ ဂျပ်တည်နေတော့တာပါ။ အင်မတန် သန့်လှတဲ့ ဆံအုံ ကောင်းကောင်း သျှောင်ကြီးဗွေ ကလည်း ကျွတ်ချင်တိုင်း ကျွတ်ကုန်တဲ့ ဆံပင်တွေကြောင့် တစ်ပတ်လျှိုဖို့ တောင်ခက်ရပြီ။ မနက်ရေ ညနေ ဆက် နေတော့ ပန်းညိုကလည်း မကပ်ချင်တော့ ဘူး။ ပြောလည်း မပြောချင်တော့ဘူး။ လာချင်လာ၊ သွားချင်သွား။ မျှော်လည်း မမျှော်တော့ဘူး။

"အစ်ကိုရယ်..... သွားသာတော့ သွားရပါသယ်...... ကျုပ်ကလည်း မမျှော်တော့ပါဘူး....... ဒါပေသိ ဘယ်ရပ် ဘယ်ရွာ မှာတော့ ရှိမဟေ့ ဆိုတာလောက်တော့ မှာခဲ့ပါတော် ကျုပ်က ရေးရှိ လို့ ဘယ်လိုက်ရမှန်း မသိဘူး..... အလုပ်လုပ်လို့ ပိုက်ဆပ်ပါသယ်မရှိဘူး…. အစ်ကို ဘာတွေ လုပ်နေသာတုံး"
"နင့် ထမင်းငတ်နေလို့လား……. ငါ့မိဘက အိုးနဲ့ အိမ်နဲ့ လှည်းနဲ့နွားနဲ့ ထားခဲ့သော မှုတ်ဖူးလား …… ငါ့လုပ်စာ မျှော်သေးလား…….. ငါ့လုပ်စာက အရက်သောက်လို့ ကုန်ပြီ…….. နင်တို့ပဲ အကုသိုလ် ရေစာ မိုးစာ မစားချင်ဘူးဆို……. အမဲသားသည် ဘုရင်ကတော် ဖြစ်လို့ ဘ၀မေ့တဲ့ မိန်းမ"

မူးမူးနဲ့ နင့်နင့်သီးသီအပြောအဆို ခံရပြီးတဲ့နောက်ပိုင်း ပန်းညိုဘာမှကို မမေးတော့ပါဘူး။ ပန်းညို ကိုယ်တိုင် က ပိုင်သမျှ မြေကွက်ကို ယောက်ျားတစ်ယောက်လို ထွန်ဟယ် ယက်ဟယ် မရှိနိုင်ပေသိ နှမ်းချိန် နှမ်း၊ ပဲချိန်ပဲ၊ နေကြာချိန်၊ နေကြာ၊ ၀ါချိန်ဝါ သူတကာ ဘာလုပ်သလဲကြည့်ပြီး အခင်းနဲက အိမ်ကူးနေရရှာတပါ။ သူရင်းငှား လင်မယားကောင်းလို့ ရာသီချိန် သီးနှံရပေသိ သူလည်း ပင်ပန်း ရတာပါပဲ။ ကလေး နှစ်ယောက် က တစ်ဖက်၊ နွားသုံးလေးကောင်က တစ်ဖက်၊ တစ်ခါတစ်ခါများ အမဲသားတောင်း ခေါင်းပြန်ရွက်ပြီး ဘ၀နောက်ပြန်ဆုတ်လိုက်ချင်မိတယ်။
"ကျုပ်က ဘ၀များမမေ့တဲ့တော်…….. ခုလက်ရှိ ဘ၀ကောင်းလှပေါ့ဟာ…… တော့်လုပ်စာဆို သာက ကိုယ့်လင်သား တစ်ယောက်က ကောင်းရောင်းကောင်းဝယ် လုပ်ကျွေးတဲ့ လုပ်စာမျိုး ဘယ်မိန်းမ မဆို မက်သာ ကိုးတော့်…….. တော့်အတွက် ပူလို့ပြောသာကို ငဒိုးကြိးရေ့….. ကျုပ်က ကလေးနှစ်ယောက်နဲ့ ရုန်းနိုင်ပ"

သည်လိုများပြောရင် ဒိုးကလေးက ဓားထုတ်ထဖြည်ပြီး သွေးတော့တာပါ။ ဓားတွေက အမျိုးမျိုး၊ ခုတ်ဓားတ်၊ ထိုးဓား၊ နွှင်ဓား၊ ဖျင်ဓား၊ ခြစ်ဓား၊ ဓားမြှောင် တွေဆိုတာ ဖိတ်ဖိတ်လက်လို့။ ပြီးရင် ဂုံနီအိတ်စနဲ့ပတ်ပြီး ဖင်တစ်ချက် ခေါင်းတစ်ချက် အလယ်တစ်ချက် ကြိုးနဲ့စည်းပြီး လာခေါ်မယ့်လူ မျှော်တော့တာ။ လှည်းမျှော် တော့တာ။ ဒိုးကလေး ထွက်သွားရင် တစ်မျိုးတော့ ကောင်းတာပဲလေ လို့သလောထားလို့သာကိုး။ ကိုယ်ကပါ တင်းရင် ရန်ဖြစ်ရတော့မယ် ဆိုတာလည်း သိတာပါ ပါတယ်။ သည်အရွယ် ရောက်မှတော့ ပန်းညို ရန်မဖြစ်ချင်တော့ဘူး။ မအေဖြစ်တဲ့ အမေမှုံကတော်င မှာခဲ့သေးတာကော။ မှန်လိုက်တဲ့ စကား။

"ပန်းညို…….. ငါ့သမီး….. ငါ့ဒဏ် ညည်းခံပေဦးတော့ ဒိုးကလေက မွေးနက္ခတ် မကောင်းဘူး၊ လူမှန်း သိကတည်း က မျှော်ခဲ့ရတာ….. အိုးကြိး အိုမအရွယ်အထိ မျှော်ရသာနဲက ဘ၀ပြီးခဲ့ရသယ် ညည်းလည်း ဆက်သာ မျှော်ရော့"

အမေမှုံပြောသလို တကယ်လည်း မျှော်ခဲ့ရတာပါပဲ။ နောင် ဘယ်လောက်တောင် မျှော်ရဦးမှာပါလိမ့်။ ဒိုးကလေး အသက်မငယ်တော့်ဘူး။ လူကလည်း တစ်နေ့တခြား အကြည့်ရ ဆိုးလာလိုက်တာ။ စပါးခင်း ထဲက ဒာခြောက်ရုပ်ကမှ ကျက်သရေရှိသေးတယ်။ တစ်ခါက ချောလှည့် ဆိုတဲ့ ဒိုးကလေး အခုတော့ အလှ တွေ အချာတွေ ဘယ်ရောက်ကုန်ပါလိမ့်။ သူသတ်ခဲ့ တဲ့ ကျွဲစိမ်ရေ နွားစိမ်ရေတွေများ သင့်ရော့သလား။

ဆက်ရန်
.

3 comments:

Anonymous said...

သဒိုး အသစ်တက်နေလို့ အားရဝမ်းသာဖတ်သွားပါတယ်...။

Anonymous said...

I'm glad u continue Thadoe.Thank u n ur aids(staffs).HAPPY TAZAUNGDI in advance:)Gyidaw

Anonymous said...

thank you ma ma

သဒိုး အသစ်တက်နေလို့ အားရဝမ်းသာဖတ်သွားပါတယ်...:)