Friday, November 12, 2010

မြစိမ်းပြာ ကမာရွတ် အပိုင်း (၃၃)

ငါးပိရည်အဘွားကြီးက ပြောတဲ့အတိုင်းတော့လုပ်တယ်။ နောက်တစ်နေ့မှာ ခေါင်းကြီး အပါအ၀င် သူ့ပစ္စည်း အစုံအလင် ကို ဒေါ့ဂျစ်တစ်စီးနဲ့ တင်ပြီးသူ့သားဆီ တကယ်ပြန် သွားခဲ့ပါတယ်။
ဧပြီလ သင်္ကြန်အကြိုနေ့မှာတော့ တိုက်မှာလူစုံတက်စုံရှိနေကြတယ်။ ထုံးစံအတိုင်း သင်္ကြန်ရက်မှာတောင် မနား နိုင်တာက ဖိုးဘတင်ရဲ့ချွေးမ၊ အာကာတို့အမေ၊ အာကာနဲ့သားအမိနှစ်ယောက် ဒီရက်ပိုင်း တတွဲတွဲနဲ့ ဘာဗေဒင်၊ ဘာယတြာတွေနဲ့ ဂျပန်သွားဖို့လုပ်နေကြပြန်တယ်မသိဘူး။ သားလုပ်တဲ့ကောင်ကလဲ အပြင် ခဏဆိုပြီး ထွက်သွားတာ ပေါ်မလာဘူး၊ သင်္ကြန်အကြိုနေ့ကြီး ဘယ်မှာမှတော့ ဘောလုံးပွဲ မရှိလောက် ပါဘူး။ ကလေးတွေအကုန်လုံး ရေပက်နေကြမှာ ဒီရန်ကုန်က သင်္ကြန်အကြိုနံနက်ခင်းကစပြီး ပက်ကြ တာကိုး။

ဖိုးဘတင်က မင်းကတော်ဘုရားအစ်မကြီးရဲ့ ရွက်လှပင်တွေရှင်းလင်းသွားတဲ့ သူနေရာဝရန် တောလေး က နေပြီး မြစိမ်းပြာလမ်းသွယ်ထဲကိုငေးကြည့်ရင်း အညာတောသင်္ကြန်ကိုလွမ်း တယ်။
ခုချိန်ဆို ဖိုးဘတင်တို့ အဘိုးကြီး အဘွားကြီးအိမ်မှာ မုန့်မပြတ်ဘူး။ ရေလာကန်တော့ထားတဲ့ မုန့်တွေလေ။ ရေအိုးတွေ လဲ အိမ်အောက်မှာစီလို့။ ခုလိုသင်္ကြန်အကြိုနေ့ဆို လာကြပြီ။ တူတွေတူမတွေ၊ မြေးမြစ်တွေ၊ ညီ၊ ညီမတွေ၊ မုန့်ပန်းကန်လေးတွေနဲ့၊ အိုးဝကိုဖက်စိမ်းအုပ်ပြီး စည်းထားတဲ့ရေအိုးလေးတွေ၊ ရေထည့် ရွက်ကြ လို့။ နှစ်ဦးလဦးကန်တော့ကြတယ်။ ဖိုးဘတင် တို့မယ် ခဏခဏဆုပေးရတာ အာတောင်ခြောက်တယ်။ ကန်တော့ ပြီးရင် သူတို့ယူလာတဲ့ မုန့်ပန်းကန်တွေလှဲပြီး အမယ်ကြီးက သင်္ကြန်ရက်အတွက် စပါယ်ရှယ် ထိုးထား တဲ့ စိန်ဖေပြီး တို့၊ရွှေချီဆနွမ်းမကင်းတို့ကို ပြန်ထည့်ပေးတတ်တယ်။ အမယ်ကြီးမှာ သင်္ကြန် ရောက်တိုင်း သင်္ကြန်တိုင်းပြန်လာနိုင်တဲ့သားကို သတိရပြီးငိုရှာတယ်။  သားရေကန်တော့တာကို အလွန် ခံချင်တဲ့ အမယ်ကြီး။ သွားရှာပြီ......... ဖိုးဘတင်ရှေ့ကသွားရှာပြီ။

ဖိုးဘတင်မှာတော့ သားနဲ့အတူတကွ နေရရှာပါရဲ့ မနေ့ကထိတော့ ရေကန်တော့မယ်ဆိုတဲ့ စကား မကြားသေးပါ ဘူးဗျာ။ အင်း....ဖိုးဘတင်ကြည့်နေတယ်။ ဒီရန်ကုန်မှာ ရေကန်တော့ကြတာ မတွေ့ပါဘူး။
ဖိုးဘတင်မျက်စိထဲမှာ လမ်းသွယ်ထဲလျှောက်လာတဲ့ ပြုံးဖြဲဖြဲ လူတစ်ယောက်ကို လှမ်းမြင် တယ်။ ဈေးဝယ်အိတ် တစ်လုံး ဆွဲထားတဲ့မောင်ဝင်းအောင်ပါလား။ ဈေးဝယ်အိတ်အပြည့်အ သိပ်နဲ့။ဝယ်လာနိုင်ပုံထောက်ရင် ဒီသူငယ်ပိုက်ဆံပြေလည်သွားရှာပြီထင်ပါရဲ့။

ခဏနေတော့ လေချွန်သံ တရွှီးရွှီးနဲ့ ကိုဝင်းအောင် အခန်းတံခါးရှေ့ရောက်လာတယ်။ တံခါးကိုခေါက်ရင်း ပါးစပ် ကလဲ အာသွက်ခယံ ဖြစ်နေတယ်။
"အချစ်ကလေး မယ်အေးနဲ့ ရတနာလေးတို့ရေ မွေးသဖခင်ကို တံခါးဖွင့်ပေးပါဦး ချမ်းလှပြီဟ" "ဘာလို့ အော်နေတာ လဲ ဖိုးအောင်" မယ်အေးက တံခါးဖွင့်လိုက်ရင်း ခပ်ဆတ်ဆတ်မာန်မဲ တာကို သူ့ထုံးစံအတိုင်း ကိုဝင်းအောင် က တဟဲဟဲနဲ့ တုံ့ပြန်တယ်။ "ဖေကြီးပြန်လာပြီဟေ့၊ ဖေကြီးရေသွားပက်တော့မယ်၊ မေကြီးက ဖေကြီး ပြန်လာမှ အောက်ဆင်းတဲ့" "သွားစို့ဖေကြီး အောက်ဆင်းစို့" ကလေးတွေက ဖအေကိုဝိုင်းဆွဲကြရင်း ဆူညံ နေအောင် အော်ကြတယ်။ အေးပါဟ။ အေးပါဟ၊ နေကြပါဦး၊ ဟေးမယ်အေးဒီမှာ အိတ်ယူစမ်းပါဦးဟ" မယ်အေး က ဈေးဝယ်အိတ်ကို လှမ်းယူရင်းမျက်စောင်းထိုးတယ်။ ဟင်းယူကိုယူချင်ဘူး အခါကြီးရက်ကြီးမှာ ပါးစပ်က အနံ့ကလေးနဲ့ အာသွက်ခယံကိုဖြစ်လို့"

အိုးမိန်းမရာ အခါကြီးရက်ကြီး မသောက်ရဘူးလို့တို့ ဘုရားကမဟောပါဘူးကွာ၊ ဟဲဟဲ....ချမ်းလို့သွေးပူအောင် နွေးတာကိုတော့ ဘုရားကခွင့်လွတ်ပါတယ်၊ ချမ်းလို့ကွာ မယ်အေးရ ချမ်းလို့ မယ်းယောက်ျားကို ကောင်မလေးတွေဝိုင်းပြီးရေလောင်းကြတာကွာ။
လောင်းမယ်၊လောင်းမယ် ဒီပုံကြီးကို ဟင်းကလေးတွေကတောင် နို့ဆီခွက်နဲ့ ခုတ်မပက် ချင်ဘူး" အထင်မသေး ပါနဲ့ မိန်းမရာ မင်းယောက်ျားစန်းမကုန်သေးပါဘူး"ဟဲဟဲ ဘာတွေဝယ် လာတာလဲ မောင်ဝင်းအောင် ရဲ့ ဟော....ကြည့်ဒါတွေဝယ်လာပြန်ပြီ" 

မယ်အေးက သူ့အမေပေးလိုက်တဲ့ အထုပ်ကို ယူဖြေရင်းအော်တယ်။ အေးပေးစမ်း၊ ငါမေ့နေတာ၊ သမီးတို့ သားတို့ ဒီမှာဟေ့"
ကိုဝင်းအောင် လက်ထဲက ရောင်စုံ ပန်းပွင့်လေးတွေနဲ့ ပလတ်စတစ်ရေပက်ဖလားနှစ်လုံးနဲ့ ရေပွက်လေး တစ်ခု ကို မြင်တာ နဲ့ ကလေးတွေဝိုင်းအော်လုကြတယ်။
    "ဟေ့.... ဟေ့... သင်္ကြန်ခါတော် ရေကစားကြမယ် ပျော်ရွှင်စရာ"
    လိုက်တယ်၊ဖအေနဲ့ သားသမီးတွေကတော့၊အိမ်မှာရှိတဲ့ ဖလားလေးတွေနဲ့ပက်လဲ ပြီးတာပဲ၊ ပိုက်ဆံ အလကား ကုန်အောင်ဝယ်လာတယ်။’
    "တစ်နှစ် တစ်ခါ ၀ယ်ရတာပေါ့အေ၊၀ယ်ပါစေ၊ ကလေးဆိုတာ လိုချင်တာပေါ့"

    "ပြောလိုက်စမ်းပါ ယောက္မကြီးရာ၊ ဒါတွေကြောင့် ယောက္မကြီးကိသမက်လေးက အိမ်ဦးခန်းတင် ကိုးကွယ်ထားတာ၊ ဟဲဟဲ"
    "သွား ဟဲ မနေနဲ့ အမေက အမေ့ သမက်ဘက်က၊ဟင်း ပိုက်ဆံကဖြင့် သူ့သမက်က ပေါလွန်းလို့"
    "ဟ... ပေါတာပေါ့ဟ ဖိုးအောင်တို့က လက်ညှိုးမှာ ဆော်လမွန်လက်စွပ်နဲ့ ဘယ်တော့မှ ငွေမပြတ်ဘူး၊ ဟဲဟဲ မင်းဘယ်လောက်လိုချင်လဲ မိန်းမ ပြောစမ်း၊ တစ်ထောင်လား၊ တစ်သောင်းလား၊ တစ်သိန်းလား"

    "သွားစမ်းပါ၊ကဲ...ဘယ်သူငယ်ချင်းဆီက ဘယ်လောက်ချေးလို့ ရတာလဲ၊ဘယ် လောက်ကုန်ခဲ့လဲ၊ ဒီမှာ ၀ယ်ခြမ်း လာတာတွေ လဲ အများကြီးပဲ"
"အိုကွာ၊ ဒါတွေထားစမ်းပါ မယ်အေးရ၊ ဒုန့်ဝါရီ၊ ဖိုးအောင် သူငယ်ချင်းတွေက သဘောကောင်း ပါတယ်၊ ဟဲဟဲ သူတို့ကို ဖိုးအောင် ပြောပြီးသားပဲ၊ ငါရှိတဲ့အချိန် ပြန်ပေးမယ်လို့၊ မကြာပါဘူး၊ မရှိ လှ တစ်သက် ပေါ့လို့"

"အို….. နှစ်ဦးလဦး၊ နိမိတ်မရှိ နမာမရှိ မပြောစမ်းပါနဲ့ ကွယ်"
ယောက္ခမကြီးက မျက်နှာမကောင်းရှာဘူး။ မယ်အေးကတော့ ကိုဝင်းအောင်ကို မျက်စောင်းပဲ ဖိထိုး နေ တော့တယ်။
"အဲလိုချည်းပဲ၊ သူကတော့ ဘယ်တော့မှ ပြောမရဘူး၊ ကဲဒါတွေက ဘာတွေလဲ၊ ဘာလုပ်မှာလဲ"
"အဲဒါတွေ က တို့ညနေကျ ကြေးအိုးလုပ်စားမယ်လေ၊ ယောက္ခမကြီး၊ ဒီနေ့ဥပုဒ် မစောင့်နဲ့ဦး နော်၊ ဟိုကောင် တွေရော၊ ဖိုးကျော်တို့ရော"
"ယောက္ခ အိမ်သွားကြတယ်၊ နက်ဖြန်မှ ပြန်လာမှာ"

"ဆွေပြမျိုးပြ၊ ဗိုက်ပြလား၊ ဟဲဟဲ၊ ဟေ့ဟေ့၊ အဲဒီအထုပ်ပေး၊ ပေး…… ဒါ မနည်းတန်းစီလာခဲ့ရ တာ"
"ဘာတွေလဲ"
"ကောက်ညှင်းမုန့်နှစ် ကြိတ်လာတာကွ၊ မုန့်လုံးရေပေါ်လုပ်ဖို့၊ ဟာ… မုန့်ကြိတ်တဲ့ဆီမှာ လူတွေ ကို တန်းစီ လို့၊ မယ်အေး… တို့အိမ်မှာ ဆန်မှုန့်နည်းနည်း ရှိသေးတယ်နော်"
"ရှိပါတယ်၊ မုန့်လုံးရေပေါ်က ဘယ်အချိန်လုပ်စားမှာလဲ၊ ပြောပါဦး"
"အခု ပေါ့ကွ၊ ငါ့သမီးတွေနဲ့ ရေပက်ရင်း အောက်မှာ စတုဒိသာ ကျွေးမှာ ဟဲဟဲ……."

"စတုဒိသာ ဟုတ်လား၊ ဒီအထုပ်လေးနဲ့ ဘယ်လို လုပ်ကျွေးလို့ရမှလဲ ဖိုးအောင်ရယ်၊ ရူးနေလား"
"မရူးပါဘူးဟ မယ်အေးရ၊ ငါ့စတုဒိသာက ဒီတိုက်တင်ပါ၊ ကလေးတွေပျော်အောင် အောက်ဆင်း လုပ်မှာ၊ လာသမျှ မုန့်လုံးရေပေါ် စတုဒိသာတော့ မောင်ဝင်းအောင် ဘယ်တတ်နိုမတုံး ခင်ဗျ"
ကိုဝင်းအောင်က မုန့်နှစ်အိတ်ကို နောက်ဖေးမီးဖိုထဲ ယူသွားရင်း မုန့်လုံးရေပေါ်လုပ်ဖို့ ပြင်ဆင်တယ်။ ညနေကြေးအိုးလုပ်ဖို့ အသားတွေကို ဆားနနွင်းနယ်တယ်။
"မယ်အေး က ကူညီညာ သိမ်းဆည်းရင်း ညည်းတော့ ကိုဝင်းအောင်က ခေါင်းခါတယ်။"

"ဘယ်ဟုတ်မလဲ မယ်အေးရ၊ သင်္ကြန်ရက်ကလေး မိသားစု ပျော်ပျော်ပါးပါး၊ ပိုက်ဆံမရှိတာ ထိုင် စိတ်ညစ် နေလို့လဲ ဘာထူးလာမှာလဲ၊ ယောက္မကြီးရှေ့ သိပ်မညည်းပါနဲ့ကွာ၊ မင်းယောက်ျား သိက္ခာ ကျတယ်ဟ"
"ဘယ်မှာ လဲ ဖိုးအောင်သိက္ခာက ပြစမ်းပါဦး"
"ဟ ပြစရာမလိုဘူးကွ၊ မျက်နှာမြင်တာနဲ့ မသိဘူးလား"
"သိပါတယ်၊ ပြုံးဖြဲဖြဲ မျက်နှာကြီးက သိက္ခာရှိလိုက်ပုံတော့…..ဟင်း"

"သြော် ခက်တယ်၊ ခက်တယ် ဒီမိန်းမနဲ့တော့၊ ယောက်ျား တန်ဖိုးကိုမသိဘူး၊ လင်သေသွားမှ ရွှေအိုးကြီးတစ်လုံး ဆုံးရချည်ရဲ့ ဖြစ်မယ်၊ ကဲ…..ကဲ အိုးတွေ ဘာတွေ၊ အောက်ကူချပါဦး၊ မယ်အေးရ၊ သားတို့ သမီးတို့ ရေပက်သွားကြစိုက်ဟေ့"
မယ်အေးက ချစ်လင် ကိုလူပျော်ကိုကြည့်ပြီး သက်ပြင်းချတယ်။ မတ်လကုန်ခါနီး ကတည်းက ယူရတဲ့ကြွေး၊ ငါးထောင်လောက်တော့ ရှိနေပြီထင်တယ်။ အရေးပေါ်ထားတဲ့ ခြောက်ထောင်လဲ ပြောင်ပြီ။ မယ်အေးကသာ ပူရတာ၊ ကိုရွှေဖိုးအောင်တို့ကတော့ ကြွေးထူးမပူထဲကပဲ။

"မယ်အေး မင်းကိုခုမှ ငါသေချာကြည့်မိတယ်၊ မင်းတော်တော် လှနေတာပဲကွ၊ နောက်ကနေများ ကြည့် ရတာ မင်းခန္ဓာကိုယ်လေးက မျဉ်းဖြောင့်ကလေးများ ဆွဲထားသလား မှတ်ရတယ်၊ မင်းဘာလို့ ဒီလောက် ၀နေ ရတာလဲဟင်လို့"
"ဖိုးအောင်နော်"
ကြည့်လေ၊ တစ်ခါတည်း လှေကားက ဆင်းရင်းလဲ ပါးစပ်က အငြိမ်မနေဘူး။

"ကဲ ဒီမှာအားလုံးချ၊ နေဦး သမီးတို့၊ ဖေကြီး ရေခပ်ပေးမယ်၊ ဆန်နီရေ၊ အန်တီမေရီ ဟဲလို ဂွတ်မောနင်း တံခါး ဖွင့်ပါဦး"
ခြံဝင်းတံခါးနဲ့ တိုက်ကြားက မြေကွက်လပ်လေးပေါ်မှာ မယ်အေးက သယ်လာတဲ့ပစ္စည်းတွေကို  ချရတယ်။ သူ ကတော့ ဆန်နီတို့ကို ဒုက္ခပေးဖို့ သွားအော်နေပြီ။ ဆန်နီကတော့ အပြေးအလွှား တံခါးဖွင့်ပေးရင်း အားပါးပါ သံ ဆူနေအောင် ကိုဝင်းအောင်ကို နှုတ်ဆက်ရှာတယ်။

"မောနင်း မောနင်း လာလေဆရာ"
"ဟဲဟဲ ကျွန်တော် ဒီအောက်မှာ မုန့်လုံးရေပေါ်အပျော်လုပ်မလို့၊ မီးဖိုဦးမယ်နော် အန်တီ"
"ဟုတ်လား၊ ရတယ်လေ လုပ်ပါ၊ မီးသာ ဂရုစိုက်ပေါ့၊ ရာသီက ပူတယ် မဟုတ်လား"
"ဟုတ်ကဲ့ ဟုတ်ကဲ့၊ အဲ…….. အန်တီ၊ ကျွန်တော့်ကို ရေပုံးနဲ့ ရေလေးလဲ ပေးပါဦး၊ သားတို့ သမီးတို့ ရေကစား မဏ္ဍပ်အတွက်လေ၊ ဟေ့…..ဆန်နီရေ ရေ၊ ပြီးတော့ ဒီမျာ မုန့် မုန့်၊ မုန့်လုံး ရေပေါ်လုပ်မယ်၊ အေး ပြီးတော့ တို့ကမယ်၊ ဘယ့်နှယ်လဲ"

ဆန်နီက ကိုဝင်းအောင် လက်ဟန်ခြေဟန်နဲ့ ပြောသမျှကို သဘောအကျကြီး ကျပြီး လက်ခုပ်တောင် တီးတယ်။ အိမ်ထဲကို ကပျာကယာ ပြန်ပြေးဝင်ပြီး ပလတ်စတစ်ပုံနဲ့ ရေတွေခပ် လာတယ်။ ပြီးတော့ မြေကွက်လပ်မှာ မီးဖိုဘို့ အုတ်ခဲရှာပေးတော့လဲ ဆန်နီ၊ ထင်းသွားဝယ်တော့ လဲဆန်နီပဲ၊ မုန့်လုံးရေပေါ် လုံးချင် လွန်းလို့ လက်တပြင်ပြင်နဲ့။
"နေဦးဟ ဆန်နီရ၊ ရေနွေး ဆူပေစေဦး၊ သွား………သွား ဟိုမှာ ကောင်မလေးတွေ ရေလိုက်ပက် သွား၊ ဟေ့ကောင် လက်တော့ မဆွဲနဲ့နော်"
"လှည်းတန်းထပ် မှာတော့ ရေပက် မဏ္ဍပ်တွေ ရှိတယ်ထင်တယ်နော်၊ ညကျရင်တော့ လိပ်ခုံးနားက ရေသဘင် မဏ္ဍပ်က အကတွေ ဘာတွေ၊ ကလေးတွေ လိုက်ပြရအောင်"
ထန်းလျက် ထုပေးနေတဲ့ မယ်အေးတစ်ယောက်တောင် ဆန်နီနဲ့ ကိုဝင်းအောင်ဆီက ဓာတ်ကူးပြီး စိတ်လက် ကြည်လင်လာဟန် တူတယ်။

"နော်……… ဖိုးအောင်၊ အမေ့လဲခေါ်ခဲ့မယ်၊ လမ်းလျှောက်ရင်းပေါ့"
"အေး…..သွားမှာပေါ့ဟ မိန်းမရ၊ မယ်အေး……..အချစ်ကလေး၊ သွားအပေါ်ပြန်တက်ပြီး ဖိုးအောင် ဖန်ခါက် လေး သွားယူခဲ့နော်၊ လိမ္မာတယ်၊ လွယ်အိတ်ထဲမှာ ပုလင်းပြားလေ ရှိတယ်"
"ဟာ……… ဖိုးအောင်ကလဲ ဒီအောက်ကြီးမျာ၊ လူမြင် သူမြင် ဘယ်ကောင်းပါ့မလဲ"

"အို….. ဘယ့်နှယ် မကောင်းရမှာလဲ၊ သင်္ကြန်ရက်ဟ၊ မယ်အေးရ၊ ရေစိုးခံ နေပူခံလေးလုပ်ရတယ်၊ ဘယ်သူ မှ မပြောဘူး သွားယူခဲ့နော်"
နောက်ဆုံးတော့ မယ်အေးကပဲ အလိုလိုက်ရတာပဲ။ အပေါ်ရောက်လို့ အမေ့ကိုပြောပြတော့ အမေက သူ့သမက် ကို လုပ်ပါစေ၊ မူးတာမှမဟုတ်ဘဲ တဲ့။ တော်တော်လိုက်တဲ့ သမက်နဲ့ ယောက္ခမ။
"သင်္ကြန် နှစ်ဦး ထူးပို့ ထူးပို့ …….. ထူးသံမြူးသံသာ၊ ကဲ…. လုံးထား ကိုဆန်နီရေ၊ ထန်းလျက် တွေလဲ ပေါက် မကုန်စေနဲ့ကွယ့်"

မုန့်လုံးရေပေါ်အိုးဘေးမှာ သီချင်းဆိုလိုက်၊ ဖန်ခွက်လေး မော့လိုက်နဲ့ ဆန်နီနဲ့ မယ်အေးကို စီမံခန့်ခွဲ နေတဲ့ အိုးသူကြီး ကိုဝင်းအောင် ကို ဖိုးဘတင် ၀ရန်တာကနေ မြင်နေရသလို၊ အပေါ်လွှာ ၀ရန်တာက ဦးနဲ့ လတ် တို့လဲ လှမ်းမြင်နေရတယ်။

"ဒီလူ မဆိုးဘူးပဲ၊ လက်ထဲမလဲ ဖန်ခွက်ကလေးနဲ့၊ မိန်းမ ကလဲအနားမှာ၊ ဟော……ဆန်နီ ဆန်နီ၊ ကောင်မလေး တွေ ရေလိုက်ပက်ပြန်ပြီ"
အံ့သြစရာ၊ ဦးတစ်ယောက်ကတော့ ဟိုမျက်နှာပြောင် ဆရာကို သဘောကျနေပြန်ပြီ။ ခုနကတော့ ဧည့်ခန်း မှာထိုင် ချည်ထချည်နဲ့ လှောင်အိုက်နေတဲ့ တိုက်ခန်းကို အပြစ်ဖို့ပြီး ခရီးထွက်ခဲ့တုန်းက ဟိုတယ်ကို တမ်းတ နေတာ။ ၀ရန်တာ ပန်းဥယျဉ်ကို ခေါ်ထုတ်လာတော့မှု လတ် နားပူ သက်သာသွားတာ။ ဒါတောင် သူ့ပန်းပင်တွေ ခြောက်တာကို တကျွတ်ကျွတ်လုပ်နေသေးတယ်။ နွေရာသီပဲ၊ ဒီလောက်တော့ ရှိမှာပေါ့ ဦးရဲ့၊ ဒါတောင် လတ်တို့ခရီး၊ ထွက်တုန်း ဟိုဘက်ခန်းက အပျိုကြီးတွေ ရေလှမ်ဲးပီး ပတ်ထားပေးလို့။ ဒါသာ ဖြစ်တယ်။ သူ့မယ် အပျိုကြီး တူဝရီ မြင်ရင် မျက်နှာကြီးက ရှစ်ခေါင်ချိုးနဲ့။

အားလုံး အားလုံး တိုက်မှာနေ လူများ၊ မုန့်ခုံးရေပေါ် စတုဒိသာ လာရောက် စားသုံးကြပါခင်ဗျား
"မဆိုးဘူး ဒီလူ၊ မုန့်လုံးရေပေါ် ကုသိုလ်လုပ်နေတာ သူ့တတ်နိုင်သမျှလေးနဲ့၊ ဒီလို လူမျိုးကို အားပေး ရမယ်"
ဟော၊ ဘာလုပ်ပြန်ဦးမယ်မသိလူး။ ဟိုလူ အော်လိုက်တာနဲ့ ဦးတစ်ယောက် ထပ်ပြီး၊ သဘောကျ သွား ပြန်ပြီ။
"ဒေါ်ချတ်လစ်၊ ကျုပ်တို့ ခရီးထွက်တုန်းက လက်ကျန်လေး ဖန်ခွက်နှစ်ခွက်နဲ့ သွားထည့်စမ်းပါ"

"ဘာလက်ကျန် လဲ ဦးရဲ့"
"ကျုပ်တပည့် သင်္ဘောသား၊ ကန်တော့တဲ့ ၀ီစကီလက်ကျန် ကိုပြောတာပေါ့၊ ရေခဲလဲ ထည့်ခဲ့၊ ဆိုဒါလဲ ထည့်။"
အလို……….ဘုရားရေ။ ဦးတစ်ယောက် တယ်သဒ္ဓါတွေပေါက် နေလိုက်ပါလား။ ဒီကဖြင့် သူကြိုက်တက်လို့ သိမ်းထား တဲ့ ဥစ္စာ။
"ဦး…… ရမ်လက်ကျန်လဲ ရှိသေးတယ်လေ"
"သိပါတယ်၊ အဲဒါမလုပ်နဲ့၊ ကျုပ်ဒီလူကို ဂုဏ်ပြုချင်လို့ဗျ၊ အမြည်းဘာရှိလဲ၊ အမြည်းလဲ လုပ်စမ်းပါ"

"သူ့ကိုလတ် သွားခေါ်ရမှာလား"
"ဘယ်ခေါ် ရမှာလဲ၊ ကျုပ်အောက်ကို သွားမှာ"
"ဟင်၊ ဦးပါ အောက်မှာ သောက်မလို့လား"
"ဒါပေါ့၊ ဘာဖြစ်လဲ"
ဦး ဟာလေ ဘယ်လိုလဲ။ တကယ်ပဲ၊ လတ်တော့ မပြောချင်တော့ဘူး။
"လတ် နေခဲ့မယ်၊ လတ် ခေါင်းလျှော်ရဦးမှာ"

"နေဗျာ၊ နေဗျာ ပေး၊ ဖန်ခွက်နှစ်ခွက်၊ အမြည်းမယူတော့ဘူး။ တော်ပြီ မုန်လုံးရေပေါ်နဲ့ မြည်းရမယ် ဟားဟား"
ဆင်းသွားတဲ့ ဦးကို လတ် တအံ့တသြကြည့်ရင်း ကျန်ရစ်ခဲ့တယ်။
မျက်နှာထား တည်တည်၊ နှုတ်ခမ်းအစုံကို တင်းတင်းစေ့ထားတဲ့၊ ဦးသက်ဦး တစ်ယောက် ဖန်ခွက် နှစ်ခွက်ကို ကိုင်ပြီး အနားရောက်လာတော့ မယ်အေးက ရုတ်ရက် လန့်သွားတယ်။ အဲဒီလူကြီး ကို မယ်အေး ကြောက် တယ်။

"ဟာ…ဆရာ၊ ဘယ်လိုလဲ၊ ခရီးထွက်တာ ပျော်ခဲ့ရဲ့လား၊ ဟဲဟဲ၊ ဘယ်နှစ်ကြိမ်မြောက် ဟန်းနိးမွန်း လဲ"
ကိုဖိုးအောင်ကတော့ လုပ်ပြီ။ အားမနာ ပါးမနာ ပြောချင်ရာ ပြောပြီ။
"အင်း၊ ခရီးထွက်တာ ပျော်ပါတယ်၊ ကဲ-ရော့၊ ကျုပ်အပေါ်ကနေကြည့်ပြိး ခင်ဗျားလုပ်ပုံကို သဘော ကျလာတာနဲက ခင်ဗျားကို ဂုဏပြုတာ၊ ဘလက်လေဘယ် ၀ီစကီ"
"အို……ဆရာရယ်၊ အားနာစရာ ကောင်းလိုက်တာ ဟဲဟဲ၊ နည်းတယ် နည်းတယ်၊ အဲနည်းတယ် များတယ် သဘော မထားဘဲ ကျွန်တော် သောက်ပါ့မယ်လို့"
"ချဗျာ"

ကိုဖိုးအောင်ဘယ်လို နောက်ပြောင်ပြောင် ဟိုဆရာကြီး မျက်နှာက မပြောင်းဘူး၊ ခပ်တည်တည်ပဲ။
"ဟား- ဒီအနံ့ လေးနဲ့ဝေးနေရတာ ကြာလှပါပြီ ဆရာရယ်၊ လွန်ခဲ့တဲ့ ငါးနှစ်လောက်က သူဋ္ဌေး သူငယ်ချင်း တစ်ယောက် တိုက်ဖူးပါတယ်၊ သြော်- အရသာ၊ ဆန်နီ မင်း ဒီအရသာတွေကို မသိသေးဘူး ကလေး"
"အို…… ယောက်ျားပဲ၊ သောက်ပေါ့၊ ရော့- ဆန်နီ သောက်"

ဦးသက်ဦး ပေးတဲ့ဖန်ခွက်ကို ဆန်နီတစ်ယောက် မျက်ကလဲ ဆန်ပျာနဲ့ ခေါင်းခါတယ်။
"အံမာ…. ဒီကောင်ငြင်းတယ်၊ အေး….. မင်းမသောက်တတ်ရင်တော့ လူညံ့၊ လူယုတ် စာရင်းထဲ ပါသွား လိမ့်မယ်"
"အေး…… ဟုတ်တယ်၊ မှန်တယ်၊ မယ်အေး၊ ဆရာပြောတာ နားထောင်ထားနော်၊ အဲ…မယ်အေး၊ ဒီမှာ ကျက်ပြီးသား မုန့်လုံးရေပေါ်တွေ၊ ပန်းကန်နဲ့ထည့်ပြီး သွားပေးလေကွာ၊ ပူပူနွေးနွေး စားရအောင်၊ အန်နီမေရီ ကို အလျင်သွားပေးသွား"
"အန်တီမေရီ အပေါ်တက်သွားတယ်လေ"

"ဟုတ်လား၊ ဒီလိုဆို ဟိုအပျိုကြီး နှစ်ကြီးအခန်းနဲ့ ငါ့ယောက္ခမထီး လောင်းကြီး အခန်းသွားပေး၊ ပြီးတော့ မင်း ဆင်းလာရင် ဟိုဝက်သည်းလေးနဲ့ မုန့်ညင်းရွက်လေးကြော်ခဲ့၊ ဘလက် လေဘယ်နဲ့ မုန့်လုံးရေပေါ် ကြည့် မကောင်းဘူးကွ"
"ရပါတယ်ဗျာ"
မုန့်လုံးရေပေါ် ပန်းကန်နဲ့ ကုပ်ကုပ်လေး အပေါ်ပြန်တက်သွားတဲ့ မယ်အေး၊ နောက်ကနေ အာသွက် ခယံ ကိုဖိုးအောင် အသံကပါလာသေးတယ်။
"အပျိုကြီး နှစ်ကြီးကို ပြောလိုက်ဟေ့၊ ကြောင်တွေ အတွက်တော့ မပါဘူးလို့"
ကြောင်သံကြားတာနဲ့ ဆရာဦးသက်ဦး မျက်နှာက ရှုံ့မဲ့သွားတယ်။

ဆက်ရန်
.

2 comments:

ဧပရယ်လ်ပူး@ပူးတေ said...

ကြက်သူခိုး ဝတ္ထုဖတ်ပီး စိတ်ရှုပ်တာ ကိုဝင်းအောင်ပြောတဲ့ စကားတွေနဲ့ တွေ့မှပဲ အားရပါးရ ရီလိုက်ရတော့တယ်
(ဟိုအပျိုကြီး နှစ်ကြီးအခန်းနဲ့ ငါ့ယောက္ခမထီး လောင်းကြီး အခန်းသွားပေး၊ )
("အပျိုကြီး နှစ်ကြီးကို ပြောလိုက်ဟေ့၊ ကြောင်တွေ အတွက်တော့ မပါဘူးလို့")
ဒီ နှစ်ကြောင်းဖတ်ပြီး အတော်နောက်တဲ့ လူနောက်ပဲလို့ :)

မမ စာတွေအမြန်ရိုက်တင်ပေးတာ ကျေးဇူးနော်...

မမရေ ဆရာမ မစန္ဒာရဲ့ မစပ်သော ငရုတ် ရှိရင်လဲ အချိန်ရရင် တင်ပေးစေချင်တယ်...

ခင်မင်စွာဖြင့်
ပူးတေ

:P said...

ကျေးဇူး အစ်မ..
ကိုဝင်းအောင်ဒိုင်ယာလော့တွေ ဖတ်လိုက်ရမှ စိတ်ရှုပ်နေတာတွေ နည်းနည်းသက်သာသွားတယ်