Friday, November 26, 2010

ရည်ရော်မှန်း အိုင်စမ်းရေပြာ အပိုင်း (၉)

(၈)

မခင်ရွှေ ယခု ပြောင်းရွှေ့နေသော အိမ်သည် လူများများရှိကြသည်မဟုတ်။ အသက်ခုနစ်ဆယ် ကျော် အရွယ် ရှိ အဘိုးကြီး၊ သူနှင့်ရွယ်တူ ဇနီးဖြစ်သူ အဘွားကြီးနှင့် ဝေယျာဝစ္စ ဆောင်ရွက်ပေးသည့် မြေးအရင်း မိန်းကလေးတစ်ယောက်သာရှိသည်။ ပစ္စည်းဥစ္စာ ချို့ငဲ့ခြင်း ဖြစ် သော်လည်း ယခင်က မည်သူ့ကိုမျှ ထမင်းလခပေးကျွေးခြင်း၊ တည်းခိုခွင့်ပြုခြင်း မလုပ်ခဲ့ချေ။ မခင်ရွှေ၏ အခက်အခဲကို ကျောင်းအုပ် ဆရာကြီး က ပြောပြ မေတ္တာရပ်ခံသောကြောင့် လက်ခံခြင်း ဖြစ်သည်။

ကျောင်းအုပ်ဆရာကြီး က ထမင်းလခပေးကျွေးသည့် အခြားအခြား အိမ်ရှိသော်လည်း အခြား ထမင်းလခ ပေးစားသူတွေပါ ရှိနေသောကြောင့် ရှင်းရှင်းလင်းလင်းဖြစ်သော ဤအိမ်ကို ပြောပေး ထားခြင်းဖြစ်သည်။
လူသူ အထွက်အ၀င် နည်းပါး၍ ရှင်းလင်း အေးဆေးတိတ်ဆိတ်သော ဤအိမ်နေရာမျိုးမှာ နေရာချ ပေးသော ကျောင်းအုပ်ဆရာကြီးကိုလည်း မခင်ရွှေ ကျေးဇူးတင်ပါသည်။ သို့သော် အိမ်ရှင် အဘိုးကြီး အဘွားကြီး တို့ နေထိုင်ပုံမှာ ရေပြာအိုင်က ဘွားရွှေအိမ်တို့ သားအမိလို မဟုတ်ဘဲ မခင်ရွှေကို ဆက်ဆံပုံမှာ စိမ်းကားသလို ရှိသည်ဟု မခင်ရွှေက ယူဆသည်။

အဘိုးကြီး အဘွားကြီး မြေးမိန်းကလေးအရွယ်မှာ အသက်နှစ်ဆယ် ပတ်ဝန်းကျင်မှာ ရှိနေပြီး ဖော် ဖော်ရွေရွေ ပင် ဖြစ်ကြသည်။ မခင်ရွှေနှင့် ခင်ခင်မင်မင်ဖြစ်သည်။ ထို့ကြောင့် အဘိုးကြီး အဘွားကြီး တို့နှစ်ယောက် က စိမ်းသယောင် ဖြစ်သော်လည်း မခင်ရွှေ စိတ်ဆင်းရဲမှု ဖြစ်လောက်အောင် မောက် မာခြင်းတော့ မဟုတ်ပေ။ သူတို့ ပင်ကိုအနေကပင် ဤသို့ နေတတ်ငလား၊ သို့တည်းမဟုတ် သူတို့ ဘ၀ဇာတ်ကြောင်း တွင် လူသူလေးပါးနှင့် စကားရှည်ကြာ မပြောချင်သည့် အကြောင်း ရှိနေ၍လား။

မခင်ရွှေက မျှတစွာ တွေးမိသည်။
မိန်းကလေးကား အဘိုးကြီးနှင့်အဘွားကြီး၏ သမီးက မွေးခဲ့သူ ဟုသိရသည်။ မခင်ရွှေနှင့် မိန်း ကလေးသည် ကျွမ်းဝင် ချစ်ခင်မှု ရှိကြသည်။ မခင်ရွှေကလည်း မနေတတ်သည့်အလျောက် အိမ်မှု ကိစ္စတွေမှာရော၊ အဘိုးကြီး အဘွားကြီး ဝေယျာဝစ္စတွေမှာရော၊ စေတနာ ကောင်းကောင်းဖြင့် ၀ိုင်း ကူ လုပ်ကိုင် ဆောင်ရွက် ပေးနေသောကြောင့် မိန်းကလေးက ပိုပြီး မခင်ရွှေကို ချစ်ခင်ရှာသည်။
အဘိုးကြီးနှင့်အဘွားကြီးသည် မခင်ရွှေ၏ စေတနာကို မြင်ရသောအခါ ဆက်ဆံမှုအမူအရာ စိမ်း သယောင်ယောင်ရှိသည်ကို မပြင်သော်လည်း မခင်ရွှေကို ကြင်နာချစ်ခင်သည့်စိတ်ထားရှိသည်ကို မခင်ရွှေ က သေချာစွာ အကဲခတ်မိသည်။

သို့နှင့်ပင် အိမ်ရှင်မြေးမိန်းကလေးနှင့် မခင်ရွှေတို့ အိမ်ကိစ္စ၊ အဘိုးကြီး အဘွားကြီး ဝေယျာဝစ္စ တွေကို တစ်ယောက် နှင့် တစ်ယောက် မခိုမကပ် လုပ်ကိုင်နေကြခြင်းဖြင့် မိန်းကလေးသည် မခင်ရွှေကို ပိုပြီး ယုံစား ချစ်ခင်လာသည်။ သို့နှင့်ပင် မခင်ရွှေ ကျောင်းအားသည့် တစ်ရက်တွင် အဘိုးကြီး၊ အဘွားကြီးတို့ ဘုန်းကြီးကျောင်း သို့ ထွက်သွားကြသည့်အခိုက် မိန်းကလေးနှင့် မခင်ရွှေ တို့ အလုပ်မရှိကြဘဲ အေးအေး လူလူ စကားပြောနေကြရင်းက မီးလောင်သွားသော အိမ်အကြောင်း ကိုရောက်သွားကြသည်။ ထိုအခါ မိန်းကလေး က သဲလွန်စကို ဖော်ပေးလိုက်ပြန်သည်။

" ဘိုးဘိုးနဲ့ဘွားဘွားက မမကို ခပ်စိမ်းစိမ်း ဆက်ဆံနေတာကို မမ သိလား "
မခင်ရွှေ သိချင်နေသောအချက်ဖြစ်၍ မခင်ရွှေက စိတ်ဝင်စားလာသည်။
" အေး ... ပြောစမ်းပါဦး ညီမလေးရဲ့ "
ဟု အမှတ်မထင် သဘောမျိုးဖြင့် မေးလိုက်သည်။
" ကျွန်မဆီ က သိရတယ်လို့ မပြောနဲ့နော် မမ "
" မပြောပါဘူးကွယ် မမ ၀မ်းထဲမှာပဲ ထားပါ့မယ်။ ညီမလေးကို မမ ချစ်ပါတယ်။ စိတ်ချပြီး ပြောပါ "

မခင်ရွှေက ခိုင်လုံသောအသံဖြင့် ကတိပေးလိုက်၏။
" မမက ဟိုမီးလောင်သွားတဲ့ အိမ်ကြီးက ပြောင်းလာတာဆိုတော့ သူတို့မေ့ပျောက်ထားတဲ့ အကြောင်းကို သတိရစေ တဲ့ အတွက်ကြောင့် စိတ်မကောင်းလို့ ခပ်စိမ်းစိမ်း နေလိုက်ကြတာပါ။ မမကို မုန်းလို့တော့ မဟုတ်ပါဘူး "
" ဘာဆိုင်လဲ ညီမလေးရယ်၊ မမက မီးလောင်သွားတဲ့ အိမ်ရှင်တွေမှ မဟုတ်တာ၊ နောက်ပြီး အိမ်ကြီး မီးလောင်သွားတာ အဘိုးအဘွားတွေနဲ့ ဘယ်လို ပတ်သက်နေလို့လဲ "
မခင်ရွှေ နားမလည်သောကြောင့် ပြန်မေးလိုက်သည်။

" မမနဲ့ အိမ်ကြီးနဲ့တော့ မဆိုင်ပါဘူး။ ဒါပေမယ့် ဒီအိမ်ရှင်ကြီးရဲ့ ပိုင်ရှင်၊ ဟို ... ရူးပြီး သေသွားတဲ့ ဦးတောက်ထွန်းတို့ ဇနီးမောင်နှံက ရေပြာအိုင်နဲ့ ပတ်သက်နေတဲ့ လူတွေ ဟုတ်လား။ ရေပြာအိုင်ဆို တဲ့နာမည်ကို ကြားလိုက်ရရင် ဘိုးဘိုးနဲ့ ဘွားဘွားက သူတို့အစ်ကိုအတွက် စိတ်မကောင်းဖြစ်ရတာ က အစ ပြန်ပေါ် လာတတ်လို့ "
မခင်ရွှေသည် ပါးစပ်ကို မသိမသာ ဟလိုက်မိသည်။

" ရေပြာအိုင်နဲ့ ငါနဲ့ ရေစက်ကို မကုန်နိုင်ပါလား၊ ကြုံမှ ကြုံရပလေ၊ မတွေးထင်မမျှော်လင့်ဘဲ မေစမ်းမြိုင်နဲ့တွေ့ကြုံပြီး ရေပြာအိုင်ရွာကြောင်း သိလိုက်ရပြန်တယ်။ အခု ဒီအဘိုးကြီးနဲ့ အဘွားကြီးကလည်း ရေပြာအိုင်ရွာနဲ့ ပတ်သက်နေပြန်ပြီတဲ့ "

" အင်း ... ငါ့အဖို့ မှတ်တမ်းရေးစရာ အတ္ထုပ္ပတ္တိတစ်ခု ရပြန်ဦးတော့မယ်ထင်တယ်။ ဒီတစ်ခါ ကြား ရမယ့် အကြောင်း ထဲမှာ ကိုစိန်းမောင်နဲ့ ပတ်သက်တာ မပါပါစေနဲ့တော့ "
မခင်ရွှေ သည် စိတ်ထဲက တအံ့တသြတွေးကာ ဆုတောင်းလိုက်မိသည်။ ထို့နောက်
" ပြောပါဦး ညီမလေးရယ်၊ ရေပြာအိုင်နဲ့ ဟို သေဆုံးသွားတဲ့ ဦးတောက်ထွန်းတို့နဲ့ ဒီအိမ်က အဘိုး အဘွား တွေ နဲ့ ဘယ်လို သက်ဆိုင်နေသလဲ "
ဟု မေးပြီးသားမေးခွန်းကို ထပ်မေးလိုက်မိသည်။

" ဘိုးဘိုးနဲ့ ဘွားဘွားက ဦးတောက်ထွန်းတို့နဲ့တော့ မပတ်သက်ပါဘူး၊ ရေပြာအိုင်နဲ့သာ ပတ်သက် တာပါ။ သူတို့ အစ်ကိုကြီး က ရေပြာအိုင်ရွာမှာ နေရင်း သတင်းမကြားရအောင် ပျောက်သွားလို့၊ ဒါကြောင့် ရေပြာအိုင် ရွာနာမည်ကို ကြားလိုက်ရရင် သူတို့ အစ်ကိုကြီးကို သတိရ စိတ်မကောင်း ကြဘူး။ မီးလောင် သွားတဲ့ အိမ်ကြီးက ဦးတောက်ထွန်းတို့ ဇနီးမောင်နှံက သူတို့ ဘယ်ကပြောင်းလာ တယ်ဆိုတာကို မပြောကြဘဲ လျှို့ဝှက်ထားကြပေမယ့် လူမသိစေချင်တဲ့အကြောင်းဟာ ကြံဖန်ပေါ် ပေါက်တတ်တာပဲ မမ။ ဘိုးဘိုးနဲ့ ဘွားဘွားက ဘယ်လို သိသွားကြတယ်ဆိုတာ မပြောတတ်ဘူး။ ဦးတောက်ထွန်းတို့ ဇနီးမောင်နှံ ရော နောက်မှ ပြောင်းလာတဲ့ ဦးဖေဆိုင်တို့ ဇနီးမောင်နှံရော ခေါ်ပြီး သူတို့ အစ်ကိုကြီး အကြောင်းကို မေးကြတယ်တဲ့။ ဒါပေမယ့် နှစ်ဦးစလုံးက သူတို့ အစ်ကိုကြီး အကြောင်းနဲ့ ပတ်သက်ပြီး ဘာမှ မပြော နိုင်ကြဘူး။

ဦးတောက်ထွန်းတို့ကဆို ရေပြာအိုင်နဲ့ မပတ် သက်ဘူးလို့တောင် ဘူးကွယ်ပြီး ငြင်းကြသေးတယ်။ ရေပြာအိုင်ကို သူတို့ မရောက်ဘူးတဲ့ ဟန်မျိုး၊ ဒါပေမယ့် အခုတင်က ပြောသလို လူမသိစေချင်တာဟာ ကြံဖန်ပြီး လူသိတတ်တယ်။ သူတို့ ဘယ် လိုပဲ ဟန်ဆောင်ပေမယ့် သူတို့ တစ်တွေမှာ ရေပြာအိုင်နဲ့ ပတ်သက် နေတဲ့ လူတွေ ဆိုတာကို ဘိုးဘိုးနဲ့ ဘွားဘွားက သတင်းရနေပြီ "
မခင်ရွှေသည် မိန်းကလေးပြောနေသည်များကို နားထောင်နေရာမှ မကောင်းမှုဟူသည် ဆိတ်ကွယ် ရာမရှိ ဆိုသော စကားကို သတိရနေသည်။ ကောင်းသော အကြောင်းသာလျှင် လူမသိအောင် ဖုံးဖိ လို့ရပေမည်။ မကောင်းသော အကြောင်းသည် မည်သည့်နည်းနှင့်မျှ မလုံခြုံတတ်ပေ။

မေစမ်းမြိုင်သာ အသက်ပေး ကယ်ဆယ်ခြင်း မပြုခဲ့လျှင် ဦးဖေဆိုင်တို့ ဇနီးမောင်နှံ ယုတ်မာမှုကို ခံလိုက်ရသော သူ့အဖို့ မည်မျှ အရှက်ကွဲမည်ကို ပြန်စဉ်းစားကာ ဦးဖေဆိုင်တို့ ဇနီးမောင်နှံကို စက် ဆုပ်ရွံ့ ရှာခြင်း၊ မေစမ်းမြိုင် ကို ကျေးဇူးတင်သနားခြင်းတို့ကြောင့် စိတ်မကောင်းစွာ ငိုင်သွားမိသည်။
မခင်ရွှေ ၏ ပြောင်းလဲသွားသော မျက်နှာကို အကဲခတ်မိသော မိန်းကလေးက ...
" ကျွန်မ ပြောတာတွေကို မယုံလို့လား မမ " ဟု မေးလိုက်၏။

ထိုအခါမှ မခင်ရွှေသည် မျက်နှာကို ပြင်လိုက်သည်။
" ယုံပါတယ် ညီမလေးရယ်။ သူတို့ လျှို့ဝှက်ချက်ကို လူသိတယ်ဆိုတော့ မြတ်စွာဘုရား ဟော ကြာယးတဲ့ မကောင်းမှုဟူသည် ဆိတ်ကွယ်ရာ မရှိဆိုတာကို သတိရပြီး တရားကျလိုက်မိလို့ပါ"
ဟုဖြေလိုက်သည်။
" ဆက်ပြောပါဦး ညီမလေး "
ဟု ဆက်လက် တိုက်တွန်းလိုက်သည်။

မိန်းကလေးက ဆက်ပြောသည်။
" ဒါနဲ့ ဘိုးဘိုးနဲ့ ဘွားဘွားလည်း သူတို့တစ်တွေကို မူမမှန်တဲ့လူတွေလို့ ယူဆပြီး ခေါ်ပြောဆက်ဆံ ခြင်းမလုပ်တော့ဘဲ ကင်းကင်းနေခဲ့တယ်။ အခု မမက သူတို့တစ်တွေ နေခဲ့တဲ့ အိမ်ကြီးက ပြောင်း လာတာဆိုတော့ ဒီအိမ်အကြောင်း ပြောလိုက်ရင် ဒီလူတွေကိုရော ရေပြာအိုင်ကိုရော သူတို့ရဲ့ ပျောက်ကွယ် သွားတဲ့ အစ်ကိုကြီးကိုရော သတိရပြီး စိတ်ထဲမှာ မကောင်းတော့ မမကို စိတ်ထဲက ခင်မင်ကြင်နာကြပေမယ့် ဒီအိမ်အကြောင်းနဲ့ ဒီအိမ်မှာနေတဲ့ လူတွေအကြောင်း မကြားချင်ကြ တော့လို့ စိမ်းစိမ်းနေလိုက်တာပါ မမရယ် "
မိန်းကလေး ရှင်းပြသောအခါ မခင်ရွှေက သဘောပေါက်လိုက်သည်။

အကယ်၍ ရောရောဝင်ဝင် စကားပြောမိကြလျှင် ဤအကြောင်းတွေ ပါလာမည်စိုးသည့်အတွက် ဘိုးဘိုး နှင့် ဘွားဘွားကြီး တို့ ဤသို့ နေထိုင်ကြောင်း သိလိုက်ရသောအခါ အဘိုးကြီးနှင့်အဘွားကြီး တို့ စိတ်ထိခိုက်လောက်အောင် ဖြစ်သွားသည့် ပျောက်ကွယ်သွားသော အစ်ကိုကြီးအကြောင်းကို များစွာ သိလိုသော ဆန္ဒပေါ်လာသည်။
" အဘိုးနဲ့အဘွား စိတ်မကောင်းအောင် ပျောက်ကွယ်သွားတဲ့ အစ်ကိုကြီးနာမည်က ဘယ်သူလဲ ညီမလေး"
မခင်ရွှေက မေးလိုက်သောအခါ မိန်းကလေးသည် မဆိုင်းမတွ ဖြေလိုက်သည်။

" ဦးသာပေါ် တဲ့ "
မိန်းကလေး အဖြေကြောင့် မခင်ရွှေသည် ကြီးစွာသော အံ့သြခြင်းဖြင့် ...
" ဟာ "
ဟူသော စကားလုံးသည် မချုပ်တည်းလိုက်နိုင်မီ နှုတ်မှ လွတ်ထွက်သွားသည်။
မိန်းကလေး သည် မခင်ရွှေနှုတ်မှ ထွက်လာသော အံ့သြသံကြောင့် မခင်ရွှေမျက်နှာကို ဖျတ်ခနဲ ကြည့်လိုက်၏။
" ဘာဖြစ်လို့လဲ မမ၊ ဦးသာပေါ်အကြောင်း ကြားဖူးလို့လား "
မိန်းကလေးက မေးလိုက်သောအခါမှ မခင်ရွှေသည် နှုတ်မှ ထွက်သွားသောအံ့သြသံကို သူ ပြန် သတိပြု လိုက်မိသည်။

ဆုံပြန်ချေပြီ။ ရေပြာအိုင်နှင့် မခင်ရွှေ ရေစက်မကုန်နိုင်ပါကလား။ အိမ်ရှင် အဘိုးကြီးနှင့်အဘွားကြီး သည် အသက်ခုနစ်ဆယ်ကျော် အရွယ်တွေဖြစ်ရာ သူတို့၏ ပျောက်ဆုံးသွားသော အစ်ကိုကြီးဆိုသူ သည် ရေပြာအိုင်မှာ နေထိုင်ရင်း ပျောက်ဆုံးသွားသည်။ နာမည်ကလည်း ဦးသာပေါ် ဖြစ်သည်။ ထို့ ကြောင့် ယခုကြားရသော ဦးသာပေါ်သည် မည်သည့်နည်းနှင့်မဆို ဘွားရွှေအိမ်တို့ထံမှာ နေထိုင်ခဲ့ သည့် မြွေနိုင်နင်းသူ ဆရာကြီး အဘသာပေါ်ပင်ဖြစ်ပေလိမ့်မည်ဟု မခင်ရွှေက ခိုင်လုံစွာတွေးလိုက် သည်။

ရုတ်တရက် စကားပြန် မပြောနိုင်သေးဘဲ အဘွားရွှေအိမ် ပြောပြသည့် ရေပြာအိုင်ရွာမှ မြွေနိုင်သူ ဆရာကြီး အဘသာပေါ်သည် နဂါးကိုက်သောလူနာကို နောက်ဆုံးကုသပြီးနောက် ထိုနဂါးကို ပခုံးပေါ် တင်ပြီး ထွက်သွားရာမှ စုံးစုံးမြုပ်ပျောက်ကွယ်သွားကြောင်း။
ဘွားရွှေအိမ်၏ ခင်ပွန်း ဦးဖိုးအောင်က အိပ်မက်ထဲတွင် ဘွားရွှေအိမ်အပျိုဘ၀က ထူးဆန်းစွာတွေ့ခဲ့ရသည့် ၀ိညာဉ်လိုလို ယောက်ျားပျိုနှင့် မိန်းမပျိုတို့ကို တွေ့ခဲ့ရာ ဘုရားစေတီအို ရှိသည့် ကုန်းထိပ်ပေါ်ဝယ် အဘသာပေါ် ကို လူတစ်ပိုင်း မြွေတစ်ပိုင်းအဖြစ် အိပ်မက်ခဲ့ကြောင်းတွေ ကိုပြန်လည်သတိရ တွေးနေ မိသည်။
" ဘိုးဘိုး အစ်ကို အဘသာပေါ်ကို မမ သိလို့လား "

ရေပြာအိုင်အကြောင်းကို တွေးနေသော မခင်ရွှေ၏ နှုတ်ဆိတ်စွာ ငိုင်နေပုံကို မိန်းကလေးက အံ့သြ စွာကြည့်ပြီး ထပ်မံမေးမြန်းလိုက်သည်။
ထိုအခါမှ မခင်ရွှေသည် ကြီးစွာ အံ့သြမှုကို ပြန်လည် ထိန်းချုပ်လိုက်သည်။
" အခု ညီမလေးပြောတဲ့ ဦးသာပေါ်ဆိုသူက အဘိုးရဲ့ အစ်ကိုလား၊ အဘွားရဲ့ အစ်ကိုလား "
မိန်းကလေး၏ အမေးကို မဖြေဘဲ မခင်ရွှေက ပြန်လည် မေးခွန်းထုတ်လိုက်သည်။

မိန်းကလေးသည် သူ့မေးခွန်းကိုမဖြေဘဲ ပြန်လှန်မေးခွန်းထုတ်လိုက်သော မခင်ရွှေကို ဖျတ်ခနဲ လှမ်းကြည့် လိုက်ပြန်သည်။ သို့သော် စိတ်ထဲတွင် အထွေအထူး ထင်ပုံမရ။ ကျောင်းဆရာမပီပီ သူများ မေးခွန်းကို မဖြေလိုဘဲ သူကသာ မေးခွန်းထုတ်လိုသည့် ကျောင်းဆရာမညဉ်သာ ဖြစ်မည်ဟူ သော ယူဆချက်ဖြင့် မခင်ရွှေ မေးခွန်းကို ဖြေလိုက်သည်။
" ဘိုးဘိုးနဲ့ဘွားဘွား နှစ်ယောက်စလုံးရဲ့အစ်ကို မမရဲ့ "

မခင်ရွှေ မျက်လုံးပြူးသွားတော့သည် နှစ်ယောက်စလုံးရဲ့ အစ်ကိုဆိုတော့ ဤအိမ်က အဘိုးနှင့် အဘွားသည် မောင်နှမအရင်းဖြစ်မနေဘူးလား။ မောင်နှမ အရင်းချင်းတော့ မည်သည့် မိဘကမျှ လက်ထပ် ပေးမည် မဟုတ်။ မိန်းကလေးမသိ၍ ပြောနေခြင်း ဖြစ်ပေလိမ့်မည်ဟု မခင်ရွှေတွေးလိုက် ပြီး -
" ညီမလေး ပြောတဲ့အတိုင်းဆိုရင် ဒီအဘိုးနဲ့အဘွား မောင်နှမအရင်း ဖြစ်မနေဘူးလား "ဟုမေးလိုက်မိသည်။

မိန်းကလေးက ရယ်ပြီးဖြေ၏။
" မသိတဲ့လူကတော့ ဒီလိုပဲ ပြောနေကြတာပဲ၊ မောင်နှမအရင်းတော့မဟုတ်ဘူး၊ ဒါပေမယ့် ဘိုးသာ ပေါ်ရဲ့ ညီနဲ့ညီမ အမှန်ပဲ "
တွေးရခက်သည့် ပဟေဠိကြီးပါလားဟု မခင်ရွှေစိတ်ထဲမှ ပြောလိုက်မိသည်။
သို့သော် အဘိုးကြီးနှင့် အဘွားကြီး မောင်နှမအရင်း ဟုတ်သည်၊ မဟုတ်သည်ကို ဆက်မတွေးဘဲ၊ အဘသာပေါ် အကြောင်း မေးလိုက်သည်။
" ဒီ အဘသာပေါ်ဆိုတာ ဘာကြောင့် သားချင်းဆွေမျိုးတွေ ရှိနေတဲ့ ဒီဒေသမှာမနေဘဲ ရေပြာအိုင် ဆိုတဲ့ နေရာ မှာ သွားနေတာလဲ ညီမလေးရယ် "

" ကျွန်မလည်း မသိဘူး မမရဲ့၊ ဒီအကြောင်းကို ဘိုးဘိုးနဲ့ ဘွားဘွားကတော့ သိချင်သိကြလိမ့်မယ်၊ ဘိုးသာပေါ်က မြွေက လူဖြစ်လာတာဆိုလား၊ မသိဘူး။ ကြောက်စရာကြီးမို့ ကျွန်မ နားမထောင်ရဲ ပါဘူး "
မခင်ရွှေ သည် ကလေးမကလေးကို ဘာမျှ ဆက်မမေးတော့ပေ။ ဆက်မေးနေလျှင် ဗလုံးဗထွးဖြင့် တွေးရ ခက်သည့် အဖြေတွေကိုသာ ပေးနေပေလိမ့်မည်။
အိမ်ရှင် ဘိုးဘိုးနဲ့ဘွားဘွား တို့ကသာ ဤ အဖြစ်ကို သေချာစွာ ပြောနိုင်ပေမည်။ ထို့ကြောင့် အဘသာပေါ် အကြောင်းကို သူ့နည်းသူ့ဟန်ဖြင့် စုံစမ်းရန် မခင်ရွှေ စိတ်ကူးရလိုက်သည်။
ဘွားရွှေအိမ်က ပြောခဲ့သည်။ အဘသာပေါ်သည် ဘယ်ကလာသည်မသိ။ သူ့ကိုယ်ရေးရာဇ၀င်ကို လည်း မည်သူမျှမေး၍မရဟု ဆိုခဲ့သည်။

ဆွေမျိုးရင်းချာလို တစ်အိမ်တည်းနေလာသည့် ဘွားရွှေအိမ်တို့ ဇနီးမောင်နှံပင် မသိလိုက်ရသော အဘိုးသာပေါ်၏ ဘ၀ သဲလွန်စကို ယခု မခင်ရွှေသည် တိုက်တိုက်ဆိုင်ဆိုင် ရလိုက်လေပြီ။
" ရေပြာအိုင်ရွာနဲ့ ငါတော်တော် ရေစက်ဆုံပါလား၊ တစ်ရပ်တစ်ရွာကို ရောက်လာတော့လည်း မလွတ်၊ ဘိုးသာပေါ် အကြောင်းကတော့ မေစမ်းမြိုင်လေးတို့ မိသားစုအဖြစ်မျိုးလို လူကြားမကောင်းတဲ့ အဖြစ်မျိုးတော့ ဟုတ်မယ် မထင်ဘူး၊ ဘာကြောင့်ဆိုတော့ ဘိုးသာပေါ် ကိုယ်တိုင်က သတ္တ၀ါတွေအသက်ကို ကယ်တင်လာခဲ့တဲ့ သူတော်ကောင်းကြီး စစ်စစ်ပဲ "

မခင်ရွှေသည် ရေပြာအိုင်ရွာနှင့် ပတ်သက်ပြီး တွေးနေရာ မိန်းကလေးကိုပင် သတိမထားမိတော့ချေ။ အတွေး ထဲမှာ နစ်နေသည်။
အတွေးမျှင် ကို ဖြတ်ပြီး မိန်းကလေးကို ကြည့်လိုက်သောအခါ မိန်းကလေးသည် မည်သည့်အချိန်က မီးဖိုဆောင် သို့ ထွက်သွားမှန်းမသိလိုက်တော့၊ မီးဖိုဆောင်သို့ မခင်ရွှေ လိုက်လာပြီးကြည့်တော့ ထမင်းအိုး တည်ရန် ဆန်ဆေးနေလေပြီ။
-------------------------
ဆက်ရန်
.

1 comment:

ငွေစန္ဒာ said...

မရေ ဇာတ်လမ်းကရှုပ်လာပြီနော်၊စိတ်ဝင်စားစရာတော့ကောင်းတယ်၊ဆက်ရန်ကို နေ့တိုင်းလာဖတ်မယ်။