"ဟဲဟဲ...အဘရေ၊ ပန်းကန်နဲ့ပြည့်ပေစေလို့လဲ ထပ်ပြောလိုက်ဦးနော်" မယ်အေးသာ အနားမှာရှိရင်တော့ ကိုဝင်းအောင် တစ်ယောက် ဆိတ်ဆွဲခံရပြီ။ ဖိုးဘတင်ကတော့ ပွင်းလင်းတဲ့ ကိုဝင်းအောင်မောင်လူပျော်ကို သဘောကျ လို့မဆုံးဘူး။ ဒီသူငယ်တို့ အညာစရိုက်နဲ့ အတော်နီးစပ်တယ်။ ပွင့်ပွင့်လင်းလင်း ၊ ပျော်ပျော် ပါးပါး။ ခင်ခင်မင်ခင်၊ ရိုးရိုးသားသား စရိုက်မျိုးပေါ့။
"ဒါနဲ့ ငါ့တူ ကလေးတွေ ဘယ်နှစ်ယောက်တုံး" "ဟာအဘကလဲ၊ ကျွန်တော်လူပျိုပါ၊ ကလေးသုံးယောက်နဲ့ မိခင်အိုကြီး ကို လုပ်ကျွေးနေရတာအဘရဲ့ ဟဲ..ဟဲ" "ဟုတ်ပေ့ကွာ ငါ့တူကတော့""အဘတစ်ယောက်တည်း မပျင်း ဘူးလား"
"ဒီလိုပေါ့ကွာ၊ တို့အရွယ်ကတော့ပျင်းတယ်၊ ပျော်တယ်မရှိတော့ပါဘူး၊ ဒီလိုပဲနေရတာ ပေါ့ကွာ" "ဟာ... ဘယ်ဟုတ်မလဲ အဘရဲ့" မောင်လူပျော်က ဖိုးဘတင်နားကို တကယ့်အ ရေးတကြီးဟန်နဲ့ ကပ်လိုက်တယ်။ "အဘ မိန်းမယူမလား၊ ကျွန်တော်ပေးစားမယ်"
"ဟေ...မလုပ်ပါနဲ့ကွာ၊ မလုပ်ပါနဲ့၊ မလုပ်ပါနဲ့၊ ဘယ့်နှယ်..ဘယ့်နှယ့်" ပျာလောင်ခတ် သွားတဲ့ ဖိုးဘတင်ကို ကြည့်ပြီး ကိုဝင်းအောင်က တဟဲဟဲရယ်တယ်"။တကယ်ပြောတာ အဘ ဒီတိုက်မှာကိုအဘ ရွှေးစရာကို သုံးယောက် တောင်ရှိတယ်။
"ဟေ"
"ဟုတ်တယ်၊ နံပါတ်(၁) ကျွန်တော်တို့ အပေါ်လွှာက အပျိုကြီးလေ၊ နံပါတ်(၂) ဟိုအောက်ဆုံးထပ်က ပိန်ပိန် သေးသေး အန်တီဘိုကြက်ချေး၊ နံပါတ်(၃) ဤဖေကိုရဲ့ ယောက္ခမကြီး အဲ...အဲဒါကတော့ အဘ ပထမ ဦးစားပေး စဉ်းစားပေးရမယ်နော်၊ ဟဲဟဲ..ဒါမှ အဘနဲ့ကျွန်တော်နဲ့... "
"ဟိုးဟိုး ဟိုးဟိုး၊ အလိုလေး ကြမ်းကြမ်းလေကြမ်းကြားသွားလို့၊ အဘပြေးပေါက် မှားနေပါ့မယ်ကွာ၊ မလုပ် ပါနဲ့ မလုပ်ပါနဲ့"
"အိုပိုင်ပါတယ်အဘရ၊ မကြားပါဘူး၊ သိလားအဘ ကျွန်တော့ယောက္ခမကြီးကလေ အများကြီး ကျန်သေးတယ်၊ နာမည်ကိုက ဒေါ်တင်လုံးတဲ့၊ ဟဲဟဲ..ဘယ်လိုလဲအဘ" တော်တော်နောက်တဲ့သူငယ်ပဲ။ ဖိုးဘတင် "ဟာကွာ ဟွာကွာနဲ့" ရှက်နေတာကိုကြည့်ပြီး သူကတဟဲဟဲ သဘောကျလို့။
မငြင်းပါနဲ့အဘရယ်နော်၊ ကျွန်တော့်မှာ ဒီယောက္ခလေး တစ်ယောက်ကို အစွံထုတ်နေတာကြာပြီ၊ အဘ နဲ့တော့ ပြေလည်တန်ကောင်းပါရဲ့ဆိုပြီး ဟဲဟဲ၊ ဘာလဲအဘက အပျိုကြီးဘက်ကို စိတ်ညွတ် နေတယ် ထင်တယ်"
"ဟာ.. မဟုတ်ပါဘူးကွာ၊ မဟုတ်တာ"
မောင်လူပျော်ဆီက အပျော်က ဖိုးဘတင်ဆီကို ကူးစက်လာသလိုပဲ။ ဖိုးဘတင် စိတ်လက်ပေါ့ပါးလာတယ်။ "မလုပ် ပါနဲ့ကွာ၊ အဘအမယ်ကြီးသိရင် မြေကြီးထဲကနေ ထဘီစွန်တောင်ဆွဲပြီး ထလာမှာကွသိလား"
အိုး..အဘကလဲ၊ လုပ်မနေစမ်းပါနဲ့၊ အချစ်ဟောင်းတို့ချုပ်ငြိမ်းရင် အချစ်သစ်တို့ဝေဆာ လာတတ်တာ ဓမ္မတာပဲ အဘရဲ့ ဟဲဟဲ အချစ်သစ်ငုတ်တိုကြီးဘ၀နဲ့တော့ မနေပါနဲ့ အဘရယ်နော်"
ဘယ့်နှယ့်လုပ်မလဲ။ ဖိုးဘတင်ရယ်နေလိုက်ရတာပေါ့။ တော်တော်ပျော်ရွှင်တတ်တဲ့ သူငယ်ပဲ။ အဘိုးရေ ရော့၊ သမီးတို့အိမ်က ဒီနေ့ ဟင်းမကောင်းလို့ ဦးရဲ့ကလေးတွေအတွက် ဘီစကွတ် ထည့်ပေးလိုက်တယ်"
"ဟာ...အဲဒါပိုသင့်လျော်တာပေါ့သမီးရဲ့၊ သူတို့အတွက် ဒီနေ့မုန့်ဖိုးမကုန်တော့ဘူးပေါ့ ဟဲဟဲ" "ဦးချက်တဲ့ ဟင်းက အရမ်းမွှေးတာပဲ၊ ဆန်းလဲဆန်းတယ်နော်၊ ငါးဖယ်ကိုကြိုးချည် ထားတယ်"
"အေး.. အေး၊ နောက်တစ်ခါဒီထက်ဆန်းတာ ဦးချက်ဦးမယ်၊ ဟင်းကောင်ကဖမ်းမမိ သေးလို့။ "ဘာကောင် လဲဟင် ဦး" "ကြောင်လေ ကြောင်ကောင်လုံးနှပ် မဆလာ နံ့ သင်းသင်း လေးလေ၊ ဟဲဟဲ အပေါ်လွှာမှာ ဟင်းကောင် တွေ အများကြီးရှိတယ်"
"ဟာ ...ဦးကလဲ"
အမြွှာနှစ်ယောက်ကပါ ကိုဝင်းအောင်ကို သဘောကျသွားကြတယ်။" မလွယ်ဘူးနော်ဦး အဲဒီအန်တီကြီးတို့ ကြည့်ရတာ အရမ်းကပ်စေးနှဲပုံရတယ်၊ ပုံစံကလဲ"
အမြွှာမ နှစ်ယောက်သူတို့ဟာသူတို့ သဘောကျပြီး တခစ်ခစ်ရယ်လိုက်ကြတယ်။ "ကဲ..ကွမ်းဆာလာပြီ၊ အဘရေ.. သွားတော့မယ်၊ ရေလဲမချိုးရသေးဘူး၊ ဒီနေ့ကျွန်တော် ခို ကျောင်းထွက်ရဦးမယ် အဘရေ"
"ဟေ... ခိုကျောင်း"
"ဟဲဟဲ...ဟုတ်တယ်၊ တိုက်ခန်းထဲမှာ အညောင်းမိနေတဲ့ ခိုကလေးသုံးကောင်ကို ကန်တော်ကြီးမှာ သွားကျောင်း မလို့ အဘရေ၊ ကျွန်တော့်ရဲ့မိခင်အို ခိုမကြီးရော ဟဲဟဲ၊ အဘရဲ့ ခိုမကြီးရောပါတယ်"
"သြော်...ဒီလိုလား၊ ကြံကြံဖန်ဖန်ကွာ၊ အဘကဘာများလဲလို့" "အဘလိုက်ဦးမလား" "ဟာမလိုက်ပါဘူးကွာ၊ မလိုက် ပါဘူး၊ သွားကြ.သွားကြ" "လိုက်ခဲ့ပါလားအဘရဲ့။ ဟဲဟဲ လူငယ်ချင်းနီးစပ်တာပေါ့၊ သွားမယ်နော် အဘ"
တကယ့်သူငယ်ပဲ။သူနဲ့စကားပြောရတာ ဖိုးဘတင် စိတ်လက်ပေါ့ပါးသွားတာတော့ အမှန်ပဲ။ဟုတ်ပ..ဟုတ်ပ၊ သူပြောတာ မှန်တယ်။ ဖိုးဘတင်ဟာ သုံးထပ်တိုက်ပေါ်က အညောင်းမိနေတဲ့ခိုတစ်ကောင်ပါပဲ။ ကန်တော်ကြီး ပတ် အပျော်စီးမီးရထားပေါ်ကနေ လှမ်းကြည့်ရင်း စိတ်ကြည်နူးစရာ ကန်တော်ကြီးရေပြင်ကို မြင်ရတယ်။ ကန်တော်ကြီး ရေပြင်ပေါ်မှာ စွင့်စွင့်ကြီးဝပ်နေတဲ့ ကရ၀ိတ်ငှက်ကြီးကိုလဲ မြင်ရတယ်။ ပြီးတော့ ကန်တော် ကြီးရေပြင်ပေါ်က လှေကလေးတွေ။ နှစ်ယောက်စီးလှေကလေးတွေရော၊ အမိုးနဲ့ဘာ နဲ့ခြေနဲ့ နင်းပြီး လှော်ရတဲ့ နှစ်ယောက်စီးရေယာဉ်ကလေးတွေရော၊ အတွဲကိုယ်စီနဲ့ ရေပြင်ပေါ် မှာ တငြိမ့်ငြိမ့် လူးလို့။
မထွက်နိုင်သေးတဲ့ အပျော်စီး မီးရထားငယ် ပေါ်မှာ ကိုဝင်းအောင်ရဲ့ ခိုကလေးသုံး ကောင်က အငြိမ်မနေကြဘဲ လှုပ်လှုပ်ရွှရွှဖြစ်နေကြတယ်။ "ဖေကြီး၊ ရထားကမထွက်သေး ဘူးလား" "ဟုတ်တယ်၊ ကြာလှပြီ"
"အေး၊ ဖေကြီးလဲ သမီးတို့လိုပဲ ထွက်စေချင်တာကြာလှပြီ" " စက်ပျက်နေလို့လား မသိဘူးနော်" "မပျက်ပါဘူး ကွာ၊ ကဲ..သမီးတို့က ကလေးတွေပဲ၊ အော်ကြ ထွက်ပါတော့ဗျို့လို့"
သမီး နှစ်ယောက်ကလဲ ဖအေနှစ်ခါမြှောက်မပေးရဘူး။ ထွက်ပါတော့ဗျို့"ဆိုတဲ့ အသံချက်ချင်း ထွက်လာ တယ်။ အမယ်မဆိုးဘူး၊ တခြားတွဲတွေကလဲ ထွက်ပါတော့ဗျို့ အသံတွေလိုက်ထွက်လာကြတယ်။
အဲဒီကျမှ လက်မှတ်ဖြတ်မယ့် ကောင်လေးနှစ်ယောက် ရထားတွဲလေးတွေနား ရောက်လာကြပြီး ဟိုဟိုဒီဒီ လျှောက်လို့။
"ကျွန်တော်တို့က လူနည်းနေသေးလို့ မထွက်နိုင်သေးတာခင်ဗျ၊ ကဲ...ဒီတော့မြန်မြန် ထွက်ချင်ရင် အစ်ကို၊ အစ်မများကို သုံးကျပ်၊ နှစ်ကျပ်နှုန်းနဲ့ ကျွန်တော်တို့ထွက်ပေးမယ်ခင်ဗျာ၊ လူကြီးသုံးကျပ်၊ ကလေးနှစ်ကျပ် ပေါ့ ခင်ဗျာ"
ဘာလဲဟ၊ ဟိုဘူတာရုံလို အဆောက်အအုံလေး ရှေ့မှာ ရေးထားတာက လူကြီးနှစ်၊ ကလေးတစ်ကျပ်ပါ။ ကဲ ခုတော့ ကြည့်တော့။ သြော်...အောက်ဆိုဒ် အောက်ဆိုဒ် မင်းဟာနေရာတကာမှာ ရှိနေတော့တာပါလား၊ ဟင်း... တို့ကျောင်းဆရာများကျတော့လဲ အောက်ဆိုဒ်ဆိုတာ လမ်းမှာ ပိုက်ဆံကောက်တွေ့ မှပဲ ရှိတော့ တယ်။
"ကဲ...ရော့ဟေ့ ရော့ဟေ့ မြန်မြန်သာထွက်ကွာ ကလေးကငိုလှပြီ" ဖခင်တစ်ဦးရဲ့ စိတ်မရှည်သံတစ်သံ အလျင်ပေါ်လာပြီး။ ပိုက်ဆံပေးတယ် ရထားပေါ်က လူတွေအားလုံးလဲ လိုက်ပေးကြပါတယ်။ ကိုဝင်းအောင် ကွမ်းသွေး ထွေးတာကို တစ်ခုခုပြောမှာလားလို့ အကြောင်းသိမယ်အေးက မျက်နှာချင်းထိုင်ခုံကနေ လှမ်းကြည့် တယ်။ မပြောပါဘူးဗျာစိတ် ချပါ။ ဘာမှလုပ်မရတဲ့ပိုက်ဆံလေး တစ်ကျပ်တစ်ပြား ကိစ္စနဲ့ တစ်နေ့တာ အပန်းဖြေခရီးမှာ စိတ်အနှောင့်အယှက် အဖြစ်မခံပါဘူး။ ကိုဝင်းအောင်ကို ကြည်ကြည်ဖြူဖြူကို ပေးမှာ ပါ။
တဂျုန်းဂျုန်းရထားစက်နှိုးသံပေါ်လာတော့ ကလေးတွေရဲ့ ပျော်ရွှင်စွာ အော်သံတွေဆူညံသွားတယ်။ ကိုဝင်းအောင်လို လူကြီးမျိုးတွေရဲ့ အသံလဲပါတယ်။ ဒီအော်သံဟာ မီးပြန်လာလို့အော်တဲ့ အသံမျိုးနဲ့ တော်တော် တူတယ်။ ရထားကလေးက ယိမ်းထိုး။ ယိမ်းထိုးနဲ့ စတင်ထွက်ခွာလာတယ်။ ကန်တော်ကြီး ရေပြင်ပေါ်၊ လှေကလေးတွေဆီက လူတွေရထားကလေးကို လက်ပြကြတယ်။ ရထားပေါ်ကလူတွေကလဲ ပြန်လက်ပြ ကြလို့။ ဘာရယ်မဟုတ်ဘူး။ စိတ်ထဲမှာပျော်ပျော်သလိုလိုပဲ။ ပတ်ဝန်းကျင်ကလဲ သာသာ ယာယာ၊ စိမ်းစိမ်းလန်းလန်း၊ ကျယ်ကျယ်ပြန့်ပြန့်။ လေအေးအေးကလဲ ကြည်နူးစဖွယ် တိုက်ခတ်လို့ဆိုတော့ အပျော်စီး ရထားလို့ စိတ်ထဲမထင်တော့ဘဲ ရန်ကုန်-မန္တလေး မမြန်ရထားကြီးစီးပြီး တကယ့် အပျော်ခရီး ထွက်နေသလိုလို ဖြစ်လာတယ်။ လူတွေရဲ့မျက်နှာ အလိုလိုနေရင်းပြုံးပြီး ပျော်ပစ်လိုက်ကြတယ်။ သြော်... ပြုံးလွယ်၊ ပျော်လွယ်တဲ့ မြန်မာတွေလေ။
ဒီကိုအလာ ကုန်ခဲ့တဲ့လေးဘီးငှားခ ခုနှစ်ဆယ်ကြောင့်ရယ်။ လကုန်ရက်မှာ ပိုက်ဆံ အပိုကုန်ရတာ ကြောင့် ရယ် မျက်နှာ မကြည်မသာ ဖြစ်နေတဲ့ မယ်အေးတစ်ယောက်လဲ မြန်မာပီပီပြုံးလာတယ်။
"ငါ့မိန်းမ က သေချာကြည့်ရင် တော်တော်လှတာပဲ၊ မေးလေနှစ်ထပ်ဖြစ်နေတာကိုက လှတာ၊ သုံးထပ်သား လေးလိုပဲ၊ ဟဲဟဲ...အဆီတစ်ထပ်၊ အသားတစ်ထပ်" "ဖိုးအောင်နော်"
မယ်အေးက ကိုဝင်းအောင်ကိုဒူးကို အားရပါးရ ဆိတ်ဆွဲပစ်လိုက်တယ်။ ကိုဝင်းအောင် ကတော့ တဟဲဟဲ အရယ် မပျက်ဘဲ ရေစပ်နားက အိမ်လေးတွေထဲမှာ တစ်နေ့တာ အပန်းဖြေဖို့ ပြင်ဆင်နေကြတဲ့ မိသားစု တွေ ကို လက်လှမ်းပြနေတယ်။
"မိန်းမရေ၊ယောက္ခမကြီးတော့ စိတ်ချရပါတယ်နော်။ တစ်ယောက်ယောက်နဲ့တော့ချိန်း တွေ့မနေတန် ကောင်းပါဘူး" "ဖိုးအောင် ပါးစပ်ကိုပိတ်ထား" "ဟဲ့ဟဲ့ မယ်အေးကလဲကွာ၊ သူလဲလေ လောကီသားပဲကွ" "သွားစမ်းပါ၊ ဟော...ရထားကဘာဖြစ်သွားတာလဲ ရထားကစကိတ်စီးတဲ့နေရာအရောက်မှာ ရုတ်တရက် ထိုးရပ် သွားတယ်။ ဟေ့..ဟေ့၊ အဲလိုတော့မလုပ်နဲ့ဟေ့ တစ်ကျပ်ကြီးများတောင် ပိုပေးထားရတာကွ၊ သိလား အပျော်ရှိန် တန့်သွားတဲ့ ရထားစီးခရီးသည်တွေဆီက မီးပျက်သွားရင် ကြားရတတ်တဲ့ စိတ်ပျက် အားလျှော့ တဲ့ အသံမျိုးကြီးထွက်လာတယ်။
"လမ်းချော်လို့တဲ့၊ လမ်းချော်လို့၊ ခဏလေးပါတဲ့" သောက်ကျိုးနည်း၊ ဒီရထားလေးမှာလဲ လမ်းချော်တာ ရှိတာပဲလား။ ခဏလေးဆိုပြီး ဟိုမီးရထားကြီးတွေလမ်းချော် သလောက်ပဲမကြာစေနဲ့ဦး။ သမီးနှစ်ကောင် ပြောသလိုပဲ၊ ကွိုင်ပါပဲကွာ။
"သုတရေ..သားငယ် ဟိုမှာဟေ့၊ ဘွားဘွားကြီးကို ဒီကမြင်ရတယ်၊ တွေ့လား" မယ်အေးကသူ့ဘေးနားက သားကို ၀မ်းသာ အားရပြတယ်။ စားစရာ သောက်စရာခြင်းနဲ့ ပလတ်စတစ်ခင်းပြီး အရိပ်ကောင်းကောင်း နေရာ ဦးပြီး စောင့်ကျန်ခဲ့တဲ့ ယောက္ခမကြီးကို ရထားက ကုန်းမြင့်ပေါ် ရောက်နေတော့ လှမ်းမြင်နေရတယ်။
'ဟဲ့ သမီး တို့ သေချာကြည့်စမ်း၊ ဘွားဘွားကြီး တစ်ယောက်တည်းလား'
'ဟုတ်တယ်၊ တစ်ယောက်တည်းရယ်'
မယ်အေးရဲ့ဆိတ်ဆွဲခြင်းကို (ကိုဝင်းအောင် ဒုတိယအကြိမ်) ခံလိုက်ရပြန်တယ်။ အငယ်ကောင်က သူ့ဘွားအေ ကို လှမ်းအော် ခေါ်တယ်။
'ဘွားဘွားကြီးက ဘယ်ကြားမှာလဲ သားရဲ့၊ မခေါ်နဲ့တော့နော်၊ ဟော ဟောရထားထွက်ပြီ၊
ရထားကလေး က မီးခိုးတွေတတောင်းတောင်းနဲ့ အားယူထွက်ခွာပြန်တယ်။ တစ်ပတ်ပတ်ဖို့အတွက် ကုန်းမြင့်အောက်ကို ကွေ့ပတ်ပြီး တက်ရတော့မယ်။ သံလမ်းလေးတွေ ကညကနှင်းကျထားလို့နဲ့တူရဲ့။ စိုရွဲ နေတော့ လမ်းချော်တာပေါ့။ ပိုက်ဆံကောက်တဲ့ ကောင်လေး နှစ်ယောက်က လမ်းမချော်အောင် မြန်မာနည်း မြန်မာ့ဟန်နဲ့ အရှိန်နှေးတဲ့ မီးရထားလေး ရှေ့ကနေ ပြေးပြေးပြီး မြေကြီးတွေကို သံလမ်းပေါ် ဖြူးဖြူးထားပေးတယ်။ ဟဲဟဲ၊ မဆိုးဘူး။ သူ့နည်းသူ့ဟန်နဲ့ ရထားလေးလမ်းမချော်တော့ဘူး၊ လိုရာခရီးကို ချောချော မောမော မောင်းနိုင်တယ်။
'ဟော...လိုဏ်ဂူထဲ ၀င်တော့မယ်နော်၊ လိုဏ်ဂူထဲ၊ မယ်အေးရေ၊ မင်းသွားချင်တဲ့ ပြင်ဦးလွင် ရထားလမ်းက လိုဏ်ဂူ လို့် သဘောထားဟေ့၊ ဟဲဟဲ။
တစ်နေရာမှာ လိုဏ်ဂူအတုလေးတစ်ခု လုပ်ထားတဲ့ အောက်ကနေ ရထားလေးက ဖြတ်တယ်။ ခဏကလေပါပဲ။ သိပ်လဲမမှောင်လှပါဘူး။ ဒါပေမယ့် သမီးတွေက ဖအေနားကို အတင်းတိုးကပ်ကြတယ်။
'ဖေကြီးရေ၊ ဟိုမှာ ဟိုမှာ'
ဘုရား-ဘုရား၊ မတစဖူးတလိုက်ဦးမယ်၊ သမီးတွေလှမ်းပြတဲ့ ရထားလမ်းဘေးဝဲယာက ထိုင်ခုံလေးတွေ ပေါ်မှာ ပေါ်ပေါ် ထင်ထင် ပါးချင်းအပ် ထားကြတဲ့ အတွဲငယ်ငယ်လေးတွေကို ကိုဝင်းအောင်မြင်ရတယ်။
'မယ်အေး၊ ငါတို့တော့ သမီးတွေကို ကန်တော်ကြီးနဲ့ ရည်းစားသင်တန်းကျောင်း မှားခေါ် လာမိပြီ ထင်တယ်ဟေ့'
'စိတ်ညစ်လိုက်တာ၊ သမီးတို့မကြည့်ရဘူး၊ ဒီဘက်လှည့်'
သမှးနှစ်ယောက်က သူအမေကိုဘာလို့ ဒေါသဖြစ်သွားပါလိမ့်ဆိုတဲ့ နားမလည်သလို အကြည့်နဲ့ ကြည့်တယ်။
'ခေတ်ရေစီး ရေတံခွန်ကြီးကို လက်သန်းလေးနဲ့ သွာူးတားလို့မရဘူးဟ မယ်အေးရ၊ ငါတို့ ဆုံးမ နေတဲ့ကြား ကပဲ နောက်လေးငါးနှစ်ဆို ယုယနဲ့ မြတ်နိုးလဲ အဲဒီထိုင်ခုံတွေပေါ် ရောက်ချင်ရောက်နေမှာ'
' ဘာပြောတယ်၊ ဟင်-ဘာလို့ ရောက်ရမှာလဲ၊ ဘာလို့ရောက်ရမှာလဲ၊ ဖိုးအောင်နော်'
အသေ တိုက်ခိုက်တော့မယ် မိခင်တို့ရဲ့ ဇာတိမာန်ကို မယ်အေးဆီမှာ မြင်လိုက်ရတဲ့ ကိုဝင်းအောင် တစ်ယောက် တဟဲဟဲ နဲ့ မမြီးကုပ်လိုက်ရတော့တယ်။
'စတာပါ အချစ်ကလေးရယ်နော်၊ ဒေါသ မဖြစ်ပါနဲ့နော်'
'ဖေကြီးရေ၊ ရောက်တော့မယ်၊ ရောက်တော့မယ်'
စထွက်တဲ့နေ့ရာကို အကြိးမက မှတ်မိတယ်။ ရထားရပ်သွားတော့ အငယ်ကောင်က အဆင်းချင်သေးဘူး၊ ချီးမယ်၊ ချီးမယ်နဲ့ ပေကတ်နေလို့မနည်း ချော့ခေါ်ရတယ်။
'ဖေကြီး၊ သမီးတို့လဲ စီးမှာနော်'
'စီးရမှာပေါ့ကွ'
သမီးနှစ်ယောက်က အားရ၀မ်းသာနဲ့ ရှေ့ကနေပြေးကြတယ်။ မယ်အေးက တဟဲဟဲနဲ့အော်တာကို ကိုဝင်းအောင်က တားတယ်။
'မဟဲ့စမ်းပါနဲ့ကွာ၊ ပြေးစမ်းပါစေ၊ သူတို့မှာ တစ်နေ့တလေလေး ဒီလိုပြေးခွင့်ရရှာတာ ၊ တစ်ပတ်တစ်ရက်လဲ မပြေးရဘူး၊ တစ်လတစ်ရက်လဲ မပြေးရဘူး၊ စိတ်ကူးရမှ တစ်ခါတလေ လေးပြေးရရှာတာ ပြေးပါစေကွာ
'ဟုတ်တယ်၊ တစ်ပတ်တစ်ရက်သာ ဒီလာရင်ကတော့ ကိုဖိုးအောင်၊ ထမင်းမစားဘဲ ဗိုက်ကလေးတွေ ပွတ်နေရလိမ့်မယ် သိလား၊ တကယ်ပဲ၊ အပြင်ထွက်တာနဲ့ ပိုက်ဆံအရမ်းကုန် တာပဲ၊ တွက်ကြည့်၊ အသွားအပြန် ကားခက တစ်ရာ့လေးဆယ်၊ ချက်တာ ပြုတ်တာနဲ့ ၀ယ်ခဲ့ခြမ်းခဲ့တာက နှစ်ရာကျော် လောက် ကုန်တယ်၊ ဒီမှာ ကုန်ဦးမှာဆို အနည်းဆုံး လေးငါးရာပဲ၊ ကျုပ်လခ တစ်ဝက်တော့ ကိုဖိုးအောင်ရဲ့'
'ဒါတော့ ... ဒါလေးများကွာ၊ မင်းယောက်ျား ရှာပေးမှာပေါ့ မိန်းမရယ်၊
ဒီလိုတွက်တာဟာ လိုအပ်တာကွ၊ ကလေးတွေ အတွက်ရော၊ မင်းအတွက်ရော၊ ငါ့အတွက်ရော၊ ယောက္ခမကြီး အတွက်ရောလိုအပ်တယ်၊ ယောက္ခမကြီးကို အပြန်မှာဘုရား ၀င်ပို့ချင်သေးတယ်၊ သူ့ခမျာရွှေတိဂုံ မရောက်တာ ဘယ်လောက်ကြာပြီလဲ'
'ဒါတော့ ဒါပေါ့..ဖိုးအောင်ရဲ့ မယ်အေးကတော့ ကိုယ်မှာ ပိုက်ဆံမရှိဘဲနဲ့တော့ ဘယ်မှ မသွားချင်ပေါင်၊ အပန်းမပြေချင်လဲ နေပေစေတော့၊ ဟင်း....မင်းယောက်ျားကလဲ ရှာရင်း ရှာရင်းနဲ့ ရှေ့လဆိုဥသြတွန်ချိန် ရောက်ပြီ၊ အရေးထဲဝိုင်းတစ်ဝိုင်းကလဲ ပြုတ်သွားသေးတယ်'
'အို ....ဒါတွေက အေးဆေးပါကွာ၊ ပြေလည်သွားမှာပါ၊ မိန်းမရာ၊ မပူးစမ်းပါနဲ့၊ အရေးပေါ်ရှိပါတယ်ကွာ'
'အရေးပေါ်လဲ ကြာရင်လုံးပါး ပါးတော့မယ်၊ လကုန်ခါနီးတိုင်း အရေးပေါ်နေရတာ ချည်းပဲ၊ သုံးရာယူလိုက်၊ ငါးရာ ယူလိုက်နဲ့၊ အရေးပေါ် ခြောက်ထောင်က သုံးထောင်လောက် ရှိတော့မယ်'
ခုဒီလာတာလဲ အရေးပေါ်ထဲကပဲလား ဟဲဟဲ'
'အင်းလေ.....'
ဟဲဟဲ အပန်းဖြေထွက်တယ်ဆိုတာ အရေးပေါ် လိုအပ်ချက်ပဲ မယ်အေးရ၊ အရေးပေါ်လိုအပ်ချက်အတွက် အရေးပေါ်ထဲကအသုံးပြုတ်ဆိုတာမှန်ကုန်သင့်မြတ်တာပဲ ဟဲဟဲ'
'သွားစမ်းပါ၊ သူ့ကတော့ဒါပဲ၊ မယ်အေး ဦးနှောက်တော့ကြာရင် ပျက်များသွားမလား မသိဘူး၊ ၀င်ငွေ ထွက်ငွေတွက်ရ ချက်ရတာနဲ့၊ ဈေးဖိုးစီမံရတာနဲ့'
'မလုပ်ပါနဲ့မိန်းမရယ်၊ ဦးနှောက်တော့ မပျက်ပါနဲ့၊ မင်းဆေးရုံစရိတ်က ပိုဆိုးသွားမယ်၊ သိလားဟဲဟဲ၊ ငါလဲအရုး ယောင်္ကျား မဖြစ်ပါရစေနဲ့ကွာနော်'
'သွားပါ၊ အဲ.... ကလေးတွေကိုလဲနောက်နှစ်ကျောင်းဖွင့်ရင် ကျောင်းပြောင်းလိုက်တော့ မယ်ဖိုးအောင်ရယ်၊ မယ်အေးမတက်နိုင်တော့ဘူး'
ဒီတစ်ခါတော့ ကိုဖိုးအောင် ငြိမ်သက်သွားပြီး မိန်းမလုပ်သူကို ကြင်ကြင်နာနာ ကြည့်တယ်။
'မယ်အေး ကို ဖိုးအောင် ပြောသားပဲ၊ ကိုယ်အိမ်နားက ကျောင်းလေးမှာပဲ ထားပါလို့၊ နံမည်ကြီး ကျောင်းရဲ့ဒဏ် ကို မယ်အေးကြာရှည်ခံနိုင်မှာ မဟုတ်ဘူးလို့'
'သြော်...ဖိုးအောင်ရယ်၊ ကိုယ့်သားသမီးကို မျက်နှာမငယ်စေချင်လို့ပါ၊ စာလဲတက်စေ ချင်တယ်၊ မယ်အေး အစွမ်းကုန်ကြိုးစား ကြည့်ပါတယ်၊ ဒါပေမဲ့မရတော့ဘူး၊ ပိုက်ဆံကုန် တာထက် အခြားပြဿနာတွေက အများကြီး ပဲ၊ မယ်အေးတို့ အဆင့်နဲ့ ဖြေရှင်းမပေးနိုင်တဲ့ ပြဿနာတွေပေါ့'
'ဖိုးအောင်အစကတည်းကသိပါတယ်ကွာ၊ ကားပြဿနာ၊ အင်္ကျီအ၀တ်အစား ပြဿနာ ထမင်းဘူးပြဿနာ၊ ကျူရှင်ပြဿနာ၊ ဆရာဆရာမ လက်ဆောင် ပစ္စည်ဿးနာ၊ ဒီကျောင်းထားကတည်းက ဒီပြဿနာ သောင်းခြောက်ထောင် ကို ရင်ဆိုင်ရမယ်၊ ကဲ.....တို့ဘယ်လောက်ထို ရင်ဆိုင်နိုင်မလဲ ဖြေရှင်းနိုင်မလဲ၊ ရင်မဆိုင်နိုင် တော့ဘူး၊ မဖြေရှင်းနိုင်တော့ဘူး ဆိုတဲ့အချိန်မှာ တောပြီပေါ့၊ တော်လိုက်ပေါ့၊ ဘာဖြစ်လဲ၊ ဆက်ပြီး ဒီဝန်ကို မနိုင်ဘဲထမ်းရင် တို့စိတ်ဆင်းရဲမယ်၊ တို့သားသမီးတွေ စိတ်ဓာတ်ပျက်သွား မယ်၊ အဲဒါမှ ဆိုးတာ အဲဒီတော့မိန်းမ'
အတည်ပေါက် ပြောရင်းက ကိုဝင်းအောင်ရဲ့ မူလမျက်နှာပြုံးဖြဲဖြဲ အမူအရာ ပြန်ပေါ်လာတယ်။
'ဒီကျောင်းကလဲဒီစာ သင်တာပဲ၊ ဟိုကျောင်းကလဲ ဒီစာသင်တာပဲ၊ စာချင်းအတူတူပဲ၊ ဘာမှမထူးဘူး သိပ္ပံမောင်ဝရေးတဲ့ ဆရာစော ကျောင်းကိုမင်းမှတ်မိတယ် မဟုတ်လား၊ အဲဒီမှာ ပါသလိုပေါ့ကွ၊ နောင်နိုင်ငံတော် သမ္မတ ပေါ်ထွက်မလာဘူးလို့ မည်သူပြောနိုင်အံ့နည်းတဲ့ ဟဲဟဲ၊ တို့ရပ်ကွက် ကျောင်းလေး ကို အထင်မသေးပါနဲ့ကွ'
မယ်အေးက အားမတန်လို့ မာန်လျှော့ရတဲ့ အမူအရာနဲ့ တုံဏှိဘာဝေ ဆိတ်ဆိတ်နေ တယ်။ ကိုဝင်းအောင်က မိန်းမလုပ်သူရဲ့မေးစေ့ နှစ်ထပ်ကိုချစ်စနိုး၊ လိမ်ဆွဲလိုက်တယ်။
'ဟေး....တော်ပြီတော်ပြီ၊ ဘာညာဘာညာတွေ အကုန်ဖျောက်၊ ပျော်ရအောင် လာတာကိုကွာ၊ မိန်းမကလဲ၊ ကဲ..... လာ လှေသွားစီးမယ်၊ သမီးတို့က အော်လှပြီ'
ဟင့်အင်း၊ မယ်အေးမစီးရဲဘူး၊ ဖိုးအောင်တို့ သားအဖတစ်တွေပဲ သွားစီးကြ'
'လာပါ၊ ဘာပြုလို့မစီးရဲရမှာလဲကွ၊ လာ'
'တော်ပြီ၊ မယ်အေး... အမေနဲ့စောင့်နေမယ်၊ လှေစီးပြီးရင် ထမင်းစားမယ်လေ'
'ဟာ......နေဦး၊ လှေစီးပြီးရင်၊ တို့က ကောင်းကင်ရထားစီးဦးမှာ'
'အို...ဖိုးအောင် ကလဲ လှေစီးပြီးရင် တော်ရောပေါ့'
'ဘယ်တော့ရမှာလဲ၊ ဒီထဲမှာ လုပ်လို့ရတာတွေ အကုန်လုပ်မှာ၊ စီးလို့ရသမျှ အကုန်စီးမယ်၊ ရေပြင် ရော၊မြေပြင် ရော ကောင်းကင်ရော အကုန်လာခဲ့။
မယ်အေးကမျက်စောင်းထိုးလိုက်တယ်။ ပြီးတော့တိုးတိုးကလေး 'ပိုက်ဆံကုန်လိမ့်မယ် တဲ့။ ချစ်လင်ကိုလူပျော်ကြီးကတော့ မယ်အေးပြောတာကို မကြားတော့ပြီ။ အငယ်ကောင်ကို ပခုံးပေါ်ထမ်းပြီး သမီး တွေ ဆီပြေးပြီ။
တစ်နာရီကိုနှစ်ဆယ်ပေးရတဲ့ ရောင်စုံအမိုးကျားလေးနဲ့ ခြေနင်းရေယာဉ်ကို သားအဖ တစ်တွေ လျှောက်စီးကြရင်း မယ်အေးတို့ရှိတဲ့ ကမ်းစပ်ထိရောက်လာကြတယ်။ အ၀ါရောင် အသက်ကယ် ဗော့အိတ် ကလေးတွေ ပခုံးမှာ ကိုးရိုးကားရား စွပ်ပြီး လန်းဆန်းမြူးရွှင်နေကြတဲ့ သားအဖလေးယောက်ကို ကြည့်ပြီး မယ်အေး ကြည်နူးရပါတယ်။
လှေစီးပြီးတော့ မယ်အေးအတင်းဆွဲခေါ်တာနဲ့ ထမင်းသွားစားကြတယ်။ ထမင်းကလဲ စားလို့ ကောင်းလိုက်ကြတာ။ ငါးဖယ်ဟင်း၊ ငါးပိနဲ့ ငရုတ်သီးကြော်။ ကြက်ဥနဲ့ ပန်းထုပ်ကြော်၊ လက်ဖက်သုပ်နဲ့။ ထမင်း ချိုင့်ကြီး သုံးချိုင့်ပြောင်ရော။
မတူဘူးလေ၊ ခိုအိတ်ရှည်မျောမျောလေးရဲ့မီးဖိုခန်း ထမင်းစားပွဲ ၀ိုင်းဝိုင်းလေးပေါ်မှာ စားရတာနဲ့၊ ကျယ်ဝန်း လွတ်လပ်စိတ် ကြည်နူးစရာကောင်းတဲ့ ရေစပ်မြက်ခင်းမှာ စားရတာနဲ့ မတူဘူးလေ။ ထမင်းစားဖို့ဆိုရင် အမြဲ တကျည်ကျည် လုပ်တတ်တဲ့ အငယ်ကောင်တောင် မငြင်းမဆန်စားလို့။ယောက္ခမကြီးလဲ ထမင်းမြိန် ရှာတယ်။
သစ်ပင်ရိပ်အောက်မှာလဲ ကိုယ်လိုသူလို ထမင်းဝိုင်းတွေက မြိုင်ဆိုင်နေတာပဲ။ တချို့ဆို ကက်ဆက် တွေတောင် ပါကြသေးတယ်။ ကလေးတွေက မြက်ခင်းပေါ်မှာ အကနဲ့တင်ဆက်ကြတယ်။ ရန်ကုန်မြို့ ခိုအိမ် လူသား များရဲ့ တနင်္ဂနွေ ရှုခင်းလေ။
ထမင်းစားပြီးတော့ ကိုဝင်းအောင်က မယ်အေးရော ယောက္ခမကြီးပါ အတင်းခေါ်ပြီး ကောင်းကင်ကြိုးရထား သွားစီး ကြတယ်။ ပစ္စည်းတွေ ကို ကောင်းကင်ကြိုးရထားလက်မှတ် ဂိတ်မှာ အပ်ထားခဲ့ပြီး သွားကြတယ်။
ဆက်ရန်
.

1 comment:
အတော် ဖတ်လိုက်ရတယ်။
Post a Comment