Saturday, November 6, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၄၄) အဆက်

" အင်း ... ဒီလိုဆိုရင်တော့ ဖြစ်နိုင်ကောင်းရဲ့လို့ ထင်တယ် "
" ဟုတ်ပြီ၊ ဒါဖြင့် ကျုပ်တို့ အဲဒီအတိုင်းပဲ လုပ်ကြမယ်။ ကျုပ်က တောင်ကြားလမ်းရဲ့ အပေါ်ဘက်ကို တက် သွားမယ်။ သူငယ်ချင်းက မိန်းကလေးနှစ်ယောက်ပါ ခေါ်ပြီး မြေကွက်လပ်နဲ့ အနီးဆုံး တောစပ်ကို ရောက်အောင် သွားရမယ်။ ကျုပ်ပြောတာရှင်းရဲ့လား "
တွန်ဂါတာ က မေးလိုက်လျှင် ခရိတ်က သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
ထိုအခါ တွန်ဂါတာသည် သူ၏ လက်ပတ်နာရီကို ကြည့်ပြီး ဆက်ပြောလေသည်။

" အခု အချိန်ကစပြီး လေးဆယ့်ငါးမိနစ်အာကာ ကိုးနာရီခွဲတိတိမှာ ကျုပ်က ရန်သူစစ်သားတွေဘက်ကို လက်ပစ်ဗုံး တွေလည်း ပစ်မယ်၊ အေကေ ၄၇ သေနတ်နဲ့လည်း တရကြမ်း ပစ်ထည့်လိုက်မယ်။ စစ်သားတွေ ကတော့ သူတို့ကို လူအုပ်နဲ့ လာတိုက်တာပဲလို့ထင်ပြီး သေနတ်သံကြားရာဘက်ကို မဲလိုက်လာလိမ့်မယ်။ ရဟတ်ယာဉ်ရှိတဲ့ ကွက်လပ်မှာ ဆက်နေမှာ မဟုတ်ဘူး။ သူငယ်ချင်းတို့ကတော့ သေနတ်ပစ်သံ၊ လက်ပစ်ဗုံး ခွဲသံကြားတာနဲ့ ရဟတ်ယာဉ်ဆီကို တအားပြေးပေတော့။ ရဟတ်ယာဉ် မြေပြင်က ကြွတက်တာနဲ့ ကျုပ်က ကွက်လပ်ရှိ တဲ့နေရာကို တအားပြေးမယ်။ ဟောဟိုနေရာပဲ "
တွန်ဂါတာ က လက်ဖြင့် ညွှန်ပြသည်။

" ရုတ်တရက်ဆိုတော့ ရှိုနာစစ်သားတွေက ကျုပ်ကို မီလာဦးမှာ မဟုတ်ဘူး။ ဒီတော့ ခင်ဗျားတို့က ကျုပ်ကို ရဟတ်ယာဉ်ပေါ် ဆွဲတင်ဖို့ လုပ်ရမယ် "
" ကောင်းတယ်၊ ဒီတိုင်းပဲ လုပ်ကြရအောင် "
ခရိတ်က ပြောရင်းနှင့် အေကေ ၄၇ မောင်းပြန်ရိုင်ဖယ်သေနတ်နဲ့ လက်ပစ်ဗုံးတစ်လုံးတော့ ယူထားမယ် "
တွန်ဂါတာထံမှ စစ်သေနတ်ငယ်ကိုပါ ခရိတ် ယူလိုက်လေသည်။
သူသည် တွန်ဂါတာအား ရင်းနှီးစွာပင် ပခုံးပုတ်၍ နှုတ်ဆက်လိုက်လေသည်။

" ကိုင်း ... သူငယ်ချင်း လူချင်းခွဲကြစို့ "
တွန်ဂါတာသည် ချက်ချင်းပင် တောင်စောင်းတစ်ဖက်သို့ ထွက်သွားရာ ခရိတ်က မိန်းကလေးနှစ်ယောက်ကို ခေါ်လျက် မြေကွက်လပ်ရှိရာသို့ ခေါ်သွားလေသည်။
ယင်းသို့ သွားရာတွင် ရန်သူစစ်သားများ၏ အခြေအနေကိုလည်း အထူးသတိထား၍ ပတ်ဝန်းကျင်ကို လှည့်ပတ် အကဲခတ်ကြည့်သွားလေသည်။
ကွက်လပ် အနီး တောစပ်ရှိ သစ်ပင်အုပ်တစ်နေရာတွင် ခရိတ်က ရပ်လိုက်သည်။
" ဒါထက်ပိုပြီး အနီးကပ်သွားလို့ မဖြစ်ဘူးကွ။ ဒီတော့ ငါတို့ ဒီမှာပဲ အသာငြိမ်နေလိုက်ကြရမယ် "

သူတို့နေရာမှ ခြေလှမ်းတစ်ရာ့ငါးဆယ်ခန့်အကွာ မြေကွက်လပ်အလယ်တွင် ရဟတ်ယာဉ် ရှိနေလေသည်။ လေယာဉ်မှူး (ပိုင်းလော့)က ရဟတ်ယာဉ်၏ အရိပ်တွင် ဆောင့်ကြောင့်ထိုင်နေသည်။ ဆူပါဖရီလွန် အမျိုး အစား ရဟတ်ယာဉ် ဦးပိုင်းမှာ တိုပြီး အစိမ်းရင့်ရောင် ဆေးသုတ်ထားလေသည်။
ခရိတ် သည် ဆယ်လိ၏ နီးတွင် ထိုင်ချလိုက်ပြီး တိုးတိုးမေးလေသည်။
" ရဟတ်ယာဉ်က ခရီးအဝေး ဘယ်လောက်ထိအောင် တောက်လျှောက် ပျံသန်းနိုင်သလဲ "
" ဓာတ်ဆီတိုင်ကီ အပြည့်ရှိရင်တော့ မိုင်ခြောက်ရာလောက်တော့ ပျံသန်းနိုင်ပါလိမ့်မယ် "
" ဒါဖြင့် ရဟတ်ယာဉ်မှာ ဓာတ်ဆီတိုင်ကီအပြည့် ရှိပါစေလို့ ဆုတောင်းကြရုံပဲ "
ပြောရင်းနှင့် ခရိတ်သည် သူ၏ ရိုးလက်စ်နာရီကို ကြည့်လိုက်ပြန်သည်။

" ဆယ်မိနစ် လိုသေးတယ် "
ပြောရင်းနှင့် ခရိတ်သည် မိန်းကလေးနှစ်ဦးအား ချော့ကလက်တစ်ခုစီ ထုတ်ပေးလိုက်သည်။
ဆယ်လီ၏ မျက်နှာကို မြေမှုန်များ သုတ်လိမ်း၍ ရုပ်ဖျက်ထားသော်လည်း ချွေးများ ထွက်လာသဖြင့် ခရိတ်သည် မြေဘကီး အနည်းငယ်ကို ရေဘူးထဲမှ ရေနှင့် ရောစပ်လျက် ရွံ့စေးဖြစ်အောင်ပြုလုပ်ကာ ဆယ်လိ၏ မျက်နှာကို နောက်ထပ် သုတ်လိမ်းပေးလိုက်သည်။ တစ်ဖန် ဆယ်လီကလည်း ခရိတ်၏ မျက်နှာ ကို ရွှံ့ဖြင့် သုတ်လိမ်းပေးလိုက်သည်။
" အချိန် နှစ်မိနစ်ဘဲ လိုတော့တယ်ကွ "
ခရိတ်က ပြောရင်း မြေကွက်လပ်ဆီသို့ လှမ်းကြည့်လိုက်သည်။

လေယာဉ်မှူးသည် ထိုင်ရာမှထ၍ အညောင်းဆန့်လိုက်ပြီးနောက် ရဟတ်ယာဉ်ပေါ်သို့ ပြန်တက်လိုက်သည်။
ယင်း အပြုအမူကို ခရိတ်က ကြည့်ပြီး -
" တစ်ခုခုတော့ ဖြစ်ညပီထင်တယ် " ဟု ခပ်တိုးတိုး ပြောလိုက်သည်။
ထိုအချိန်၌ မမြင်ရလင့်ကစား တဲအတွင်း၌ လူတွေ လှုပ်လှုပ်ရှားရှား ဖြစ်နေသည်ကိုကား သတိပြုမိ လေသည်။
မကြာမီ လူတစ်စု ရွက်ထည်တဲတွင်းမှ ထွက်လာလေသည်။

လက်နက်ကိုင် အစောင့်များက ပျာပျာသလဲ အလေးပြုကြပုံကို မြင်ရခြင်းအားဖြင့် တဲတွင်းမှ ထွက်လာသူ များတွင် ထိပ်သီးအရာရှိကြီးများ ပါလိမ့်မည်ဟု တွက်၍ရပေသည်။
ထိုအခိုက်မှာပင် ရဟတ်ယာဉ် စက်နှိုးသံကြားရပြီး ပန်ကာဒလက်များလည်ပတ်စပြုလာသည်။
ရဟတ်ယာဉ်၏ အိပ်ဇောပိုက်များမှ အဖြူရောင် မီးခိုးများ ထွက်လာပြီး အင်ဂျင်စက်ရှိန် တဖြည်းဖြည်း မြင့်လာ လေသည်။

ထိုအချိန်၌ ရွက်ထည်တဲတွင်းမှ ထွက်လာသူ အရာရှိနှစ်ဦးသည် ရဟတ်ယာဉ်ရှိရာသို့ လျှောက်သွားရာ ခရိတ်သည် လူတစ်ယောက်ကို ချက်ချင်း မှတ်မိလေသည်။
" ဟေ့ ... ငါတို့တော့ ပြဿနာပေါ်ပြီနဲ့ တူတယ်။ အခု သွားနေတဲ့ လူနှစ်ယောက်ထဲက တစ်ယောက်ဟာ ဖွန်ဂါဘီရာ ပဲ။ သူတို့ ကြည့်ရတာ ဒီနေရာက ပြန်ထွက်သွားတော့မယ် ထင်တယ် "
ပြောပြော ဆိုဆို ခရိတ်သည် ရှေ့သို့ တိုးသွားလေသည်။

ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် ကျားသစ်ခေါင်းတံဆိပ်ပါသော သံပရာခွံဦးထုပ်ပျော့ဆောင်းထားပြီး ယူနီဖောင်း ၀တ်စု့ တ၀်ထားလေသည်။ ရင်ဘက်တွင်လည်း စစ်မှုထမ်းကောင်းတံဆိပ်၊ သူရဲကောင်းတံဆိပ်၊ သူရသတ္တိ ဘွဲ့တံဆိပ် စသော တံဆိပ်တွေ တသီတတန်းကြီး တပ်ဆင်ထားသည်။ သူ၏ လက်မောင်းတွင်ကား သူကိုင် နေကျ လက်ကိုင်တုတ်တိုကို ချိုင်းကြားညှပ်ထားလေသည်။
လမ်းလျှောက်လာရင်း ဖွန်ဂါဘီရာသည် သူ၏ဘေးရှိ အရပ်မြင့်မြင့် မျက်နှာဖြူ လူမျိုးတစ်ဦးနှင့် စကား လက်ဆုံ ကျနေပုံရသည်။ ထိုမျက်နှာဖြူ အမျိုးသားမှာ ခရိတ် ယခင်က လုံးဝ မမြင်ဖူးသော မျက်နှာစိမ်းတစ် ဦးဖြစ် လေသည်။

အရပ်မြင့်မြင့်နှင့် မျက်နှာဖြူလူမျိုးသည် ဆာဖာရီဂျက်ကက်ခေါ် အာဖရိကတိုက်၌ နိုင်ငံခြားသားများ တော လိုက်အမဲပစ်ရာတွင် ၀တ်လေ့ရှိသော ကာကီရောင်ဝတ်စုံကို ၀တ်ဆင်ထားသည်။ ဦးခေါင်း၌ ဆံပင်ကို ခေါင်းတုံး ဆံတောက် ညှပ်ထားပြီး မျက်နှာထားက လူတစ်ဖက်သား အလိုလို မုန်းချင်စရာကောင်းသည့် အင်္ဂါ ရုပ်မျိုးဖြစ်နေသည်။ သူသည် ယခုခေတ်ပေါ် လက်ဆွဲအိတ်တစ်ခု ကိုင်ထားပြီး ယင်းလက်ဆွဲအိတ်ကို သံကြိုး နှင့် သူ၏ လက်ကောက်ဝတ် တစ်ဖက်တွင် သော့ခတ် ချိတ်ဆွဲထားလေသည်။

သူသည် ဗိုလ်ချုပ် ဖွန်ဂါဘီရာ ပြောနေသည့် စကားကို အာရုံစိုက်နားထောင်ရင်း ရဟတ်ယာဉ်ဆီသို့ လျှောက်သွား လျက်ရှိသည်။
ရွက်ထည်တဲမှထွက်၍ ရဟတ်ယာဉ်သို့အသွား လမ်းတစ်ဖက်သို့ အရောက်တွင် သူတို့နှစ်ဦးသည် ရုတ်တရက် ရပ်လိုက်ပြီး တစ်စုံတစ်ခုကို အပြန်အလှန် ငြင်းခုံနေကြဟန်ဖြင့် စကားများနေသည်ကို ခရိတ်က မြင်ရ လေသည်။

မျက်နှာဖြူလူမျိုးသည် လက်တစ်ဖက်မြှောက်၍ ဟန်အမူအရာလုပ်ကာ သူဆိုလိုသည့် အချက်ကို အကျောက် အကန် ပြောဆိုနေပုံရလေသည်။
ခရိတ်တို့ ပုန်းနေသော နေရာနှင့် အတော်ပင် နီးကပ်နေပြီဖြစ်ရာ မျက်နှာဖြူ အမျိုးသား၏ မျက်နှာကို ထင်ရှားစွာ မြင်နေရလေသည်။ သူ၏ မျက်လုံးများက အထူးပင် အရောင်အသွေး ဖျော့တော့တော့ဖြစ်နေ သဖြင့် အသက်မရှိသော ကျောက်ရုပ်တုတစ်ခု၏ မျက်လုံးများနှင့်တူနေသည်ဟု ခရိတ်က ထင်မိလေသည်။

ထိုလူ၏ အသားအရေတွင် ထိခိုက်ဒဏ်ရာ ရခဲ့ဖူးသော အမာရွတ်ဟောင်းများလည်း ရှိနေသည်။ ဖွန်ဂါဘီရာ နှင့် ယှဉ်ကြည့်သော် မျက်နှာဖြူ အမျိုးသား ပိုပြီး သြဇာလွှမ်းမိုးနေသည့်ပုံမျိုး ဖြစ်နေပေသည်။ သူသည် ဗိုလ်ချုပ် ဖွန်ဂါဘီရာအား အထင်သေးပုံလည်းရသည်။
ဗိုလ်ချုပ် ဖါန်ဂါဘီရာ၏ မျက်နှာထား အမူအရာမှာမူ သူ့ကိုယ်သူ ယုံကြည်မှု အပြည့်အ၀ မရှိသူတစ်ယောက် ၏ အသွင်မျိုး ဖြစ်နေပေသည်။ မျက်နှာဖြူ အမျိုးသားနှင့် စကားပြောရာတွင်လည်း အပေါ်စီးဖြင့် ပြောပုံမျိုး မဟုတ် ဘဲ တိုးလျှိုးတောင်းပန်သည့် ဟန်မျိုး ဖြစ်နေလေသည်။ ဤသည်မှာ အတော် ထူးဆန်းနေတော့ သည်။

ခရိတ်အနေဖြင့် ဖါန်ဂါဘီရာအား ယခုလို ဟန်အမူအရာမျိုးနှင့် ယခင်က တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးမိချေ။
မျက်နှာဖြူ လူကြီးသည် ဗိုလ်ချုပ် ဖွန်ဂါဘီရာ၏ စကားကို လုံးဝ လက်မခံသည့် ဟန်မျိုးဖြင့် လက်ကို ကာပြ လိုက်ပြီး မျက်နှာကိုပါ တစ်ဖက်သို့ လွှဲနေလိုက်သည်။
သည်တော့မှ ဖါန်ဂါဘီရာလည်း လက်လျှော့ဟန်ဖြင့် သက်ပြင်း ချလိုက်ပြီး ရဟတ်ယာဉ်ရှိရာသို့ ဆက်လျှောက်သွားလေသည်။
ထိုအခိုက် လက်ပစ်ဗုံးတစ်လုံး ပေါက်ကွဲသည့်အသံသည် ကျယ်လောင်စွာ ထွက်ပေါ် လာလေသည်။ ဖွန်ဂါ ဘီရာ နှင့် သူ၏အဖော် မျက်နှာပြူလူကြီးတို့သည် ပေါက်ကွဲသံကြားရာဘက်သို့ လှမ်းကြည့်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် လက်ပစ်ဗုံးကွဲနေရာဘက်မှ အေကေ ၄၇ မောင်းပြန်ရိုင်ဖယ်သေနတ်ပစ်သံ အဆက် မပြတ် ထွက်ပေါ်လာပြန်သည်။
ရွက်ထည်တဲဘက်ဆိမှ ရှိုနာဘာသာဖြင့် အမိန့်ပေးသံများလည်း ကြားရလေသည်။ လက်နက်ကိုင် စစ်သား များသည် ပစ်ခတ်သံများ ထွက်ပေါ်ရာ တောင်ကြားဒေသအပေါ် နားဘက်ဆီသို့ လျင်မြန်စွာ ပြေး သွားကြကုန် သည်ကိုလည်း မြင်ရလေသည်။

နောက်ထပ် မောင်းပြန် သေနတ်ဆွဲသံ ထွက်ပေါ်လာပြန်ရာ လူအားလုံး၏ အာရုံသည် သေနတ်သံ ထွက်ပေါ်ရာ ဘက်သို့သာ ရောက်နေကြတော့သည်။
ခရိတ် လည်း အချိန်ကျပြီဟု ဆုံးဖြတ်လိုက်သည်။

" ကဲ ... လာကြဟေ့၊ ဆယ်လီကတော့ မင်းဘာလုပ်ရမယ်ဆိုတာ သိပြီးသားပဲ မဟုတ်လား "
ဤတွင် သူတို့သုံးဦးသည် မြေကွက်လပ်အလယ်ဆီသို့ ထွက်လာကြလေသည်။
" သိပ်လည်း ရှေ့လောမကြီးနဲ့ကွ "
ခရိတ်က သတိပေးလိုက်သဖြင့် သူတို့သုံးဦးသည် လူစုမခွဲဘဲ အတူတူစု၍ နေကာလျင်မြန် သွက်လက်စွာ ဆက်သွားကြလေသည်။ သူတို့သည် ဗိုလ်ချုပ် ဖွန်ဂါဘီရာနှင့် သူ၏ အဖော်မျက်နှာဖြူ လူကြီးရှိရာသို့ ဦးတည် သွားကြခြင်းဖြစ်လေသည်။

ခရိတ်သည် လက်ပစ်ဗုံးမှ "ပင်" ခေါ် စနက်တံကို သွားဖြင့် ကိုက်ဖြုတ်ပြီး လက်ဝဲဘက်ဖြင့် ကိုင်ထားလိုက် သည်။ လက်ယာဘက်တွင်ကား အူဇီစက်သေနတ်ကို အသင့် မောင်းတင်း၍ ကိုင်ထားသည်။
သူတို့သည် ခြေလှမ်းငါးလှမ်းမျှကွာသောနေရာသို့ ရောက်တော့မှ ဖွန်ဂါဘီရာသည် ခရိတ်တို့ဘက်သို့လှည့် ကြည့်လိုက် မိလေသည်။ ခရိတ်၏ မျက်နှာတွင် ရွှံ့များ သုတ်လိမ်းထားသော်လည်း ဖွန်ဂါဘီရာက ချက်ချင်း မှတ်မိပြီး အကြီးအကျယ် အံ့အားသင့်သွားလေသည်။

ယင်းသို့ အံ့အားသင့်နေချိန်မှာပင် ခရိတ်က အူဇီသေနတ်ဖြင့် ဖွန်ဂါဘီရာ၏ ရင်ဘတ်တည့်တည့်သို့ ချိန် ထားလိုက်သည်။
" ဒီနေရာကဆိုရင် ကျုပ်ပစ်လိုက်တာနဲ့ ခင်ဗျားတစ်ကိုယ်လုံး မှုန့်မှုန့် ညက်ညက် ကြေသွားမယ်။ ဟောဒီ လက်ပစ်ဗုံးကလည်း "ပင်" အသင့်ဖြုတ်ထားပြီးသားဖြစ်တယ်။ ကျုပ်က လက်ပစ်ဗုံးကို လွှတ်ချလိုက်တာနဲ့ ခင်ဗျားရော ကျုပ်တို့ရော အားလုံး ကိစ္စတုံးသွားမှ သေချာတယ် "
ထိုအချိန်၌ ရဟတ်ယာဉ်၏ စက်သံ ဆူညံနေသဖြင့် ခရိတ်က အော်ပြောရလေသည်။

" ကိုင်း ... ခင်ဗျားတို့ နှစ်ယောက်စလုံး ရဟတ်ယာဉ်ရှိရာကို ဣနြေ္ဒမပျက် ဆက်လျှောက်သွားပါ။ မြန်မြန် လည်း မလျှောက်နဲ့၊အော်လည်း မအော်ပါနဲ့ "
ခရိတ်က အမိန့်ပေးလိုက်ပြီး သူကိုယ်တိုင် ဖွန်ဂါဘီရာတို့နောက်မှာ သုံးလှမ်းခွာလျက် သွားလေသည်။
ရဟတ်ယာဉ်သို့ ရောက်သွားသောအခါ လေယာဉ်မှူး (ပိုင်းလော့)သည် လက်နှစ်ဖက်စလုံး အပေါ်သို့ မြှောက်လျက် မတ်တတ်ထလိုက်သည် သူ၏ နောက်နားတွင်ကား ဆာရာက ပစ္စတိုလ်သေနတ် ချိန်လျက် ရပ်နေလေသည်။

" ဟေ့ကောင် မင်း ချက်ချင်း အောက်ဆင်းလိုက်စမ်း "
ခရိတ်က အမိန့်ပေးလိုက်သဖြင့် ပိုင်းလော့သည် လျင်မြန်စွာ ခုန်ဆင်းလိုက်လေသည်။
-----------------------
အခန်း (၄၅)

" အားလုံးကို ပြောလိုက်စမ်း ဗိုလ်ချုပ် ဖွန်ဂါဘီရာကို ငါတို့က ဓားစာခံအဖြစ် ဖမ်းထားလိုက်ပြီလို့။ ငါတို့ကို တိုက်ခိုက်မယ်ကြံရင် ဗိုလ်ချုပ်ရဲ့ အသက်အန္တရာယ်ထိခိုက်လိမ့်မယ်ဆိုတာလည်း ပြောလိုက်။ ငါပြောတာ နားလည်ရဲ့လား "
ခရိတ် က ခက်ထန်စွာ ပြောလိုက်ရာ လေယာဉ်မှူးလည်း ထိတ်လန့်တုန်လှုပ်စွာနှင့်ပင် ခေါင်းညိတ်ပြ လေသည်။
" ဟုတ်ကဲ့ နားလည်ပါတယ်

" ဟုတ်ပြီ၊ အခု မင်းက ဟိုရွက်ထည်တဲဆီကို ပြန်လျှောက်သွား၊ ဖြည်းဖြည်းပဲလျှောက်၊ ပြေးလည်း မပြေးနဲ့၊ အော်လည်း မအော်နဲ့ "
ခရိတ်က ထပ်မံအမိန့်ပေးလိုက်သည်တွင် လေယာဉ်မှူးသည် စိတ်ပေါ့ပါးသွားဟန်ဖြင့် လျှောက်ထွက်သွား လေသည်။ ပထမတွင် ခပ်ဖြည်းဖြည်းမှန်မှန် သွားဟန်ဖြင့် လျှောက်ထွက်သွားသော်လည်း အနည်းငယ် လှမ်းသွားသော အခါ ခပ်သွက်သွက် ပြေးသွားလေသည်။

" ကဲ ... ရဟတ်ယာဉ်ပေါ်ကို တက်လိုက်ကြပါ "
ခရိတ်က အူဇီစက်သေနတ်ဖြင့် ချိန်၍ အမိန့်ပေးလိုက်သည်။ သို့သော် ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် မလှုပ်ရှား ဘဲ ခရိတ်ကိုသာ စိုက်ကြည့်နေလေသည်။
" ဟေ့လူ ခင်ဗျား လှုပ်ရှားမယ် မကြံနဲ့ "
ခရိတ်က ပြောရင်း နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။ သူသည် ဖါန်ဂါဘီရာအား အကဲခတ်ကြည့်၍ ထိုလူ၏ စိတ်ထဲ မည်သို့ အကြံရှိမည်ကို ရိပ်မိ၍ ဤသို့ ပြောလိုက်ခြင်းဖြစ်သည်။
အကျဉ်းအကျပ် တွေ့နေသူတစ်ယောက်သည် မျှော်လင့်ချက် မရှိတော့ဟု သိပြီဆိုလျှင် မိုက်ရူးရဲ လှုပ်ရှား တိုက်ခိုက် တတ်ကြောင်း ခရိတ်က သိပြီးဖြစ်၍ အလစ်မပေးသည့် သဘော နောက်ပြန် ဆုတ်လိုက်ခြင်း ဖြစ်သည်။

" ဟေ့လူ ရဟတ်ယာဉ်ပေါ် တက်လေ၊ လှေကားကနေပြီး တက်လိုက်ပါ "
ခရိတ်က ပြောလိုက်စဉ်မှာပင် ဗိုလ်ချုပ်ဖွန်ဂါဘီရာသည် တကယ်ပင် မိုက်ရူးရဲစွန့်စားလျက် ခရိတ်အား အတင်းဝင်လုံးရန် ပြေးဝင်လာလေသည်။
သူသည် အူဇီစက်သေနတ်ပြောင်းဝ တည့်တည့်သို့ ပြေးဝင်လိုက်ခြင်းပင် ဖြစ်သည်။ သို့သော် ခရိတ်ကလည်း ယင်းအကွက် ကို ကြိုတင်မြင်သဖြင့် အသင့်ပြင်ထားပြီးဖြစ်နေသည်။
သူသည် လုံးဝမပစ်ခတ်ဘဲ အူဇီသေနတ်ဒင်ဖြင့် ဖွန်ဂါဘီရာ၏ နားထင်ဆီသို့ တအား လွှဲရိုက်ချလိုက်သည်။

ဖွန်ဂါဘီရာလည်း ဒူးထောက်လဲကျသွားလေသည်။
ခရိတ်သည် လျင်မြန်ဖျတ်လတ်စွာ အူဇီသေနတ်ကို မျက်နှာဖြူ အမျိုးသားဘက်သို့ လှည့်ချိန်ထားလိုက်ပြန် သည်။ ခုခံတိုက်ခိုက်ပါက ပစ်ရန် အဆင်သင့်ပြင်ထားလိုက်သည်။
" ခင်ဗျားက ဗိုလ်ချုပ်ကို ရဟတ်ယာဉ်ပေါ် တက်နိုင်အောင် ကူညီလိုက်ပါ "
ခရိတ်က လေသံတင်းတင်းဖြင့် အမိန့်ပေးလိုက်ရာ မျက်နှာဖြူ လူကြီးသည် အညံ့မခံလိုသော်လည်း အူဇီစက်သေနတ်ကိုတော့ ကြောက်သဖြင့် မတတ်သာဘဲ ဖွန်ဂါဘီရာအား တွဲထူ၍ မတ်တတ်ထစေလိုက် သည်။

ဖါန်ဂါဘီရာသည် သေနတ်ဒင်ဖြင့် တအား အရိုက်ခံရသော ဒဏ်ကြောင့် သတိမမေ့သော်လည်း မူးဝေ ထိုင်းမှိုင်း နေဟန် တူလေသည်။
" အခုမှတော့ မထူးတော့ပါဘူး၊ ကိစ္စတုံးနေမှပဲ "
ဖွန်ဂါဘီရာက စိတ်ပျက်အားလျှော့ဟန်ဖြင့် ခပ်တိုးတိုးပြောရာ မျက်နှာဖြူကြီးက မကျေမနပ်ဖြစ်လျက် -
" ခင်ဗျား တိတ်တိတ်နေစမ်းပါ " ဟု ငေါက်လိုက်သည်။

" ဟေ့ ... လူကြီး၊ ဗိုလ်ချုပ်ကို ရဟတ်ယာဉ်ပေါ် မြန်မြန် တင်ပေးလိုက် "
ခရိတ်က စက်သေနတ်ပြောင်းဖြင့် ထောက်၍ အမိန့်ပေးလိုက်သောအခါ မျက်နှာဖြူ လူကြီးသည် ဖွန်ဂါဘီရာ အားတွဲလျက် ရဟတ်ယာဉ်လှေကားပေါ်သို့ စတက်လေသည်။
" ဟေ့ ... ဆာရာ မင်းက သူတို့နှစ်ယောက်စလုံးကို သေနတ်နဲ့ ဆက်ချိန်ထားပါ "
ခရိတ် က ရဟတ်ယာဉ်ပေါ်မှ ဆာရာအား လှမ်းအော်ပြောလိုက်ပြီးနောက် ရဟတ်ယာဉ် ပိုင်းလော့အား လှမ်းကြည့် လိုက်ရာ ထိုလူသည် ကွက်လပ်၏ အစပ်နားဆီသို့ ရောက်လုပြီဖြစ်ကြောင်း တွေ့ရလေသည်။

" ဟေ့လူတွေ မြန်မြန်တက်ကြ "
ခရိတ်က ငေါက်၍ ပြောလိုက်သဖြင့် မျက်နှာဖြူလူကြီးသည် ဖွန်ဂါဘီရာအား ရဟတ်ယာဉ်ပေါ်သို့ တွန်းတင် ပေးလိုက်သည်။
ထိုအချိန် ၌ မျက်နှာဖြူ လူကြီး၏ လက်တွင် သံကြိုးဖြင့် သော့ခတ်ထားသော လက်ဆွဲအိတ်မှာ တွဲလောင်း ကျနေ လေသည်။

ဆက်ရန်
.

2 comments:

Anonymous said...

Thank you

လသာည said...

မမ..
တအား ကျေးဇူးတင်ပါတယ်။