Sunday, November 7, 2010

မြစိမ်းပြာ ကမာရွတ် အပိုင်း (၂၈)

လူကြီးနှစ်ကျပ် ကလေးတစ်ကျပ်၊ ကန်တော်ကြီးရေပြင်ကို ဖြတ်ပြီးအသွားအပြန် စီးရင်လူကြီးလေးကျပ် ကလေးနှစ်ကျပ်ပေးရတယ်။ ဘယ်ရမလဲ။ အသွားအပြန်ပေါ့။ မယ်အေးနဲ့ယောက္ခမကြီးက ထိုင်ကတည်းက မျက်လုံးတွေ မှိတ်ပြီးဘုရား၊ ဘုရားနဲ့ကြောက် လိုက်ကြတဲ့အမျိုး။ ကိုဝင်းအောင်နဲ့ ခိုကလေး သုံးကောင် ကတော့ ဘာကိုမှ မကြောက်ဘဲ ပျော်လိုက်ကြတာဆိုတာ၊ နောက်ထပ် သုံးလေးပြန်တောင် စီးချင်ကြ သေးတယ်။

ကောင်းကင်ကြိုးရထားစီးပြီးတော့ တစ်ခါပြန်နားကြတယ်၊ ပါလာတဲ့ ငှက်ပျောသီးတို့၊ လက်ဖက်သုပ်တို့၊ ပဲမုန့်တို့ စားရင်းပေါ့။ ဒီလိုအချိန်ဆို အမြဲအိပ်တဲ့ သုတနဲ့ သူ့အဘွားအေတောင်မအိပ်ဘဲ မျက်လုံး ကျယ် လန်းဆန်း နေကြတယ်။ သမီးနှစ်ယောက်က တော့ပြောမနေနဲ့။ လျှောက်သွားဖို့ပဲ စိတ်စောနေတယ်။ မယ်အေး ပေါင်ပေါ် ပစ်လှဲဇိမ်ယူရင်း မျက်စိမှိတ် အိပ်ချင်ယောင်ဆောင်တဲ့ ဖအေကို အတင်းဆွဲခေါ် နေကြ တယ်။

'ကဲ...သွားကြစမ်းပါ၊ မျက်စိတွေနောက်လွန်းလို့၊ သွားစရာကုန်အောင်သွားကြ' သားအဖတစ်တွေ တစ်ခေါက် ထပ်ထွက် ကြတဲ့ နောက်ကနေ မယ်အေးကလှမ်းအော်တယ်။ 'ဖိုးအောင် သုံးနာရီဆို ပြန်မယ်နော်၊ လေးနာရီ မှာ ၀ိုင်းရှိတယ် မဟုတ်လား' ရပါတယ်၊ လှည်းတန်းထိပ်နားတင်ပါ' ဖေကြီးကျောင်းက တနင်္ဂနွေနေ့ ပိတ် ဘူးလား။
အလတ်မ ယုယက မျက်မှောင်လေးကြုတ်လို့ ဖအေကိုကြည့်နေတယ်။ နေလောင် ထားတဲ့ပါးလေး တစ်ဖက် ကို ကိုဝင်းအောင် လိမ်ဆွဲလိုက်တယ်။

ဒါဖြင့်ဒီနေ့ပိတ်လိုက်၊ သမီးတို့မိုးချုပ်မှ ပြန်ရအောင်နော် ဖေကြီး အလိုဒီနေ့တော့ မပိတ်ပါရစေနဲ့ဗျာ၊ တောင်းပန် ပါရစေခင်ဗျာ။ ကျုပ်ကျန်တဲ့ဝိုင်းလေးပါ ပြုတ်ရချည်ရဲ့၊ ဒီဝိုင်းပြုတ်လို့ကတော့ ခင်ဗျားတို့လဲ ဆန်ပြုတ် ဖြစ်သွားလိမ့်မယ်ခင်ဗျာ။
နားမလည် ဘဲ နားထောင်နေတဲ့ သမီးတွေနဲ့ သားကို ကိုဝင်းအောင်သဘောကျပြီး ရယ်မောလိုက်တယ်။

"ကဲ...လာ...အချိန်ရှိခိုက် လုံလစိုက်ကြစို့၊ ဖေကြီးတို့ ဒီဘက်သွားကြည့်မယ်၊ အချိန်အစောကြီး ရှိသေးတယ်၊ သမီးတို့ ကြိုသလောက် ဆော့စမ်း" သားအဖတစ်တွေ မယ်အေးတို့ပြန်ရောက်တော့ သုံးနာရီ ဆယ်ငါး ရှိနေပြီ။
အလာတုန်းကထက် ငါးကျပ်ပိုပေးရတဲ့ခုနှစ်ဆယ့် ငါးကျပ်တန် လေးဘီးကားပေါ်မှာ သမီးလတ်ယုယက လွမ်းမောတသစွာနဲ့ ပြောတယ်။ "ဖေကြီးသမီးတို့ နောက်တနင်္ဂနွေကျ လိုက်ဖို့ဦးနော်" တဲ့။ မယ်အေးက မျက်နှာ ပျက်တယ်။ ကိုဝင်းအောင်ကတော့ သမီးရဲ့ဆံပင်တွေကို ဖွပစ်လိုက်ပြီး ရယ်မောခေါင်းညိတ်တယ်။

"အေးပါကွာ ဖေကြီးငွေစွမ်းရှိသမျှ သမီးတို့ကို ရန်ကုန်မြို့အနှံ့လိုက်ပို့ပါ့မယ်" ရန်ကုန်ဆောင်းဟာ မပီမသနဲ့ ပျောက်ကွယ်သွားတဲ့နောက်မှာတော့ ဆိုးရွားလှတဲ့ နွေရာသီညတွေဘက် လတ်တို့လို တိုက်ခန်း လူသားတွေ ကို နှိပ်စက်ကလူပြုဖို့အတွက် ရောက်ရှိလို့လာခဲ့တယ်။

ပြတင်းပေါက်မရှိတဲ့ တိုက်ခန်းအတွင်းမှာ အိပ်ခါနီးရေကို ဘယ်လိုချိုးချိုး အိပ်အိပ် လှောင်အိုက် နေတတ် တယ်။ ချွေးတွေကစိမ့်ထွက်နေတတ်တယ်။ အိပ်ကောင်းနေပြီဆိုရင် ချွေးတွေ စိမ့်ထွက် လှောင်အိုက် လာတာနဲ့ အမြဲလန့်နိုးရော။ ဖျတ်ခနဲ လတ်လန့်နိုးတာနဲ့ ဗုန်းခနဲဆိုကြားလိုက်ရပြီ။ ဦးရဲ့အိုက်ခြင်းပြ လက္ခဏာ ခြေထောက် ဆောင့်ချသံ။ တစ်ခါတည်း လတ်ရဲ့လက်က အိပ်ရာဘေးက အားကိုးရာစားပွဲတင် ပန်ကာလေး ဆီ ရောက်သွားတော့ တယ်။

မှောင်ထဲမှာ ကပျာကယာ ခလုတ်နှိပ်လိုက်တော့မှ "ဟင်း"ခနဲဆို သက်သာရာရသွား တဲ့ ဦးသက်ပြင်းချသံကို ကြားရတယ်။ အဲဒီတော့မှ လတ်လဲသက်ပြင်းချနိုင်တော့တယ်။ ပန်ကာခလုတ် အပိတ်အဖွင့် တာဝန်ဟာ နွေရာသီ ဥတုတိုင်း လတ်ထမ်းဆောင်ရတဲ့ တာဝန်လေ။ ပန်ကာကို တစ်ညလုံးလဲ ဖွင့်မအိပ်ရဲတော့ (ဦး ကို လေဖြတ်မှာ ဆိုးလို့) အိပ်ခါနီးဖွင့်ထားလိုက်၊ ခဏနေအိပ်ချင်လာတော့ ပိတ်အိပ်လိုက်၊ အိုက်လို့ လန့်နိုး လာရင် ပန်ကာကိုဖွင့်လိုက်၊ အိပ်ချင်လာရင် ပြန်ဖွင့်လိုက်နဲ့လုပ်ရတယ်။

နွေရာသီမှာဆို ပန်ကာခလုတ်ပေါ် လက်တင်ပြီး အိပ်ရတဲ့လတ်တစ်ယောက် အထူးဝိတ်ချစရာမလိုတော့ဘဲ ပိန်သွားတတ်တယ် အိပ်လိုက်နိုးလိုက်နဲ့ တစ်ညလုံးအိပ်ရတယ်မှမရှိတော့ အိပ်ရေးပျက်ပြီး ပိန်ပြီပေါ့။ ညဘက် ဆိုတော့ တိုက်ခန်းတွေက တိုက်ပူပြန်သလားမမေးနဲ့။ ပြီးတော့လတ်တို့ အခန်းက အပေါ်ဆုံးထပ် ဆိုတော့ အမိုးနဲ့ကပ်နေတာ၊ မျက်နှာကြက်ပါးပါးလေးတော့ရှိပါရဲ့၊ ဒါပေမယ့် အလကားပါပဲ။ အပူဒဏ်က အောက်လွှာ အခန်းတွေထက် ပိုဆိုးတယ်။

ညဦးပိုင်းတုန်းကဆို ဦးတစ်ယောက် ချွေးတွေသီးနေတဲ့အင်္ကျီတုံးလုံးကျွတ်ကြီးနဲ့ အော်ပစ်လို့ မဆုံတော့ဘူး ပူရအိုက်ရတဲ့ကြားထဲက ရေဒီယိုသံ ကွီကွီကွာကွာသံနဲ့ တီဗွီသံကတစ်မျိုး။ စိတ်ပါအိုက်လာတယ်။
စားပွဲတင် ပန်ကာလေးကို မနားတမ်း ဖွင့်ထားပေမယ့် ချွေးတွေကစိမ့်စိမ့်ထွက် နေတယ်။ ပန်ကာ တစ်ဘက် ကို လှည့်သွားတဲ့အချိန်လေး လေပြတ်လိုက်တာနဲ့ အိုက်သွားပြီး ချွေးကစိမ့်ပြန်ရော။  ပန်ကာလေးမှာလဲ အဆက်မပြတ် လှည့်နေရရှာတာ၊ အသက်သာရှိရင် မူးလဲလောက်ပြီ။

နားမှမနားတာပဲ။ ထမင်းစားလဲပန်ကာ၊ ထိုင်နေလဲပန်ကာ၊ အိပ်ရတော့လဲပန်ကာနဲ့လေ။ ပန်ကာကို လက်လွတ် လိုက်တာနဲ့ ဒုက္ခရောက်ပြီတာမှတ်ပေတော့။ ဦးတို့ကတော့ ပန်ကာကို လက်လွှတ်ဖို့မဆိုထားနဲ့ အမြဲ မပြတ် ဖွင့်ထားတဲ့ ပန်ကာ တစ်ဖက်လှည့်တဲ့ အချိန်လေးမှာကို အော်ပြီ။

"မဖြစ်ပါဘူးဗျာ၊ ကျုပ်တို့ ပန်ကာနှစ်လုံးထားမှဖြစ်မယ်၊ ပန်ကာခလုတ်ကို အသေနှိပ်ပြီး လေကို တည့်တည့် ခံ ထား မှ ဖြစ်မှာ ပန်ကာတစ်လုံးတည်း။ ဟိုလှည့်ဒီလှည့် လုပ်နေတာကို ကျုပ်သည်းမခံနိုင်ဘူးဗျာ"
ကဲမခက်ဘူးလား လတ်က တတ်များတတ်နိုင်ရင် ပန်ကာတင်မဟုတ်ဘူး အဲယားကွန်း တောင် တပ်လိုက်ချင် သေးတယ်။ ဦးသဘောကျတဲ့ ဟိုတယ်တွေက အခန်းမျိုးဖြစ်ရော။
ပန်ကာနှစ်လုံးကိစ္စပြီးတာနဲ့ တစ်ဆက်တည်း ဦးဒေါပွလာတာက ကုန်တာ နှေးတယ်တဲ့ "မတ်လ" ကိုလေ။မတ်လကို အကုန်ရနှေးမလားတဲ့။ မကုန်နိုင်တောာ့ဘူး တဲ့။ မတ်လကုန်မှ၊ ကျောင်းပိတ်မှ၊ ဧပြီလဆန်း မှ သူခရီးထွက်ရမှာကိုး။ ဦးအနှစ် သက်ဆုံးခရီးက ရှမ်းပြည်ခရီးလေ။ ကလောနဲ့ တောင်ကြီးကို ဆယ်ရက် ဖြစ်ဖြစ်၊ ငါးရက်ဖြစ်ဖြစ် ရောက်လိုက်ရမှ ဦးကတစ်နှစ်လုံး နေသာထိုင်သာရှိတော့တာ။

ဦးညဉ်းသမျှ၊ ညူသမျှ၊ ဒေါပွသမျှတွေကို နှစ်သိမ့်ချော့မော့ရင်း လတ်ထမ်းဆောင်ရတဲ့ ညဦးပိုင်း တာဝန်တစ်ခုလဲရှိသေးတယ်။ ပိုးဟပ်နှိပ်နင်းရေးတာ ၀န်လေ။
ကြွက်၊ ပိုးဟပ်၊ ခြင်၊ ယင်တို့ကို အလွန်မုန်းတဲ့ဦးနဲ့ ပူတဲ့အချိန်ထွက်တတ်တဲ့ ပိုးဟပ်နဲ့ ပြသနာ တက်ကြ တယ်လေ။
ပိုးဟပ်တစ်ကောင် ထွက်လာတာ မြင်လိုက်တာနဲ့ ဦးတစ်ယောက် မျက်နှာကြီးရှုံ့မဲ့ ပျာယာခတ်သွားပြီး ပိုးဟပ်နောက် ကို အတင်းလိုက်တော့တာပဲ။ မိတာနဲ့ဖနောင့်နဲ့ပေါက်သတ်တော့တာပဲ လတ်ကိုလဲ ပိုးဟပ် တွေ့တာ နဲ့ အဲလိုနှိပ် နှင်းရမယ်၊ ဖနောင့်နဲ့ ဟောဒီလို ပေါက်သတ်ရမယ်ဆိုတာကိုပါ လက်ထပ်သင်ကြား ပေးတဲ့ အပြင် ပိုးဟပ်တစ်ကောင် သတ်နိုင်ရင် တာဝန်တစ်ခု ကျေပွန်ပြီးဆုံးတယ်လို့ သတ်မှတ်တဲ့ အတွက် တစ်ကောင် သတ်ပြီးတိုင်း "တာဝန်ကျေပြီ" လို့အော်ရမယ်တဲ့။

ရပါတယ်နော်။ လတ်ကလဲ ဦးရဲ့ချတ်လစ်ပဲ။ အသွင်မတူ အိမ်သူမဖြစ်တဲ့။ ညဦးပိုင်းကနေ အိပ်ခါနီးအချိန်ထိ "တာဝန် ကျေပြီ"သုံးခါလောက်တော့ အော်နိုင်တာ ချည်းပဲ။ ဦးကမူသုံးခါလောက်ပဲ အော်နိုင်တာ။ လတ်က ဦးထက် မျက်စိပိုရှင်တာ ကိုး။ဘာရမလဲ။

ပိုးဟပ်လိုက်ရင်း ၀ရန်တာဘက်သူ့ သစ်ပင်တွေနားရောက်သွားပြန်ရင်လဲ ကြားရပြီး အော်သံကို။ သူ့သစ်ပင် တွေညှိုးလို့တဲ့။ လတ်မှာဖြင့် လောင်းလိုက်ရတဲ့ရေ။ အောက်လွှာနဲ့လုလိုက်ရတဲ့ရေခလုတ်။ နွေရာသီ ရောက်တာ နဲ့ ရေခလုတ်မီးက ဘယ်တော့မှ ပိတ်နေတယ်မရှိဘူး။ အမြဲလင်းလျက်ပဲ။
လတ်ရဲ့ ဦးပူလောင်ကြီး အတွက် နွေရာသီမှာ ရေခဲသေတ္တာလေး တစ်လုံးရှိတာ လတ်တော်တော် စိတ်ချမ်းသာ ရတယ်။ ဘီယာစိမ်ဖို့အတွက်၊ အရက်သောက်ဖို့ရေခဲ အတွက် အိုကိုကေနေတာပဲ။ ပူစရာ မလိုဘူး။ အဲ တစ်ခုပဲ ဟိုအောက်လွှာက အားမနာပါးမနာ အတောင်းအရမ်း ၀ါသနာပါတဲ့ ဆရာ ကိုဝင်းအောင် ဆိုတဲ့လူ ရေခဲလာတောင်းတဲ့အခါမျိုးမှာတော့ လတ်ပူရပြီ။ ဦးသောက်မယ့်နေ့များဆို မလောက်မှာ ဆိုး လို့ ရေခဲသေတ္တာ အအေးခလုတ်ကို အမြင့်ဆုံးလှည့်တင်ထားရတယ်။

ရေခဲသေတ္တာကိုတွေးရင်း လတ်စိတ်ထဲက ရေခဲရေလေးတစ်ခွက်လောက် သောက်ချင်လာပေမယ့် လတ်မျက်လုံး တွေက ပန်ကာလေရဲ့ ချော့သိပ်မှုကြောင့် ပြန်အိပ်ချင်စပြုလာပြီ။ ပန်ကာ ခလုတ် ပေါ် တင်ထား တဲ့ လက်ညှိုးလေးကို ဖိနှိပ်လိုက် ချင်ပြီ ဥင်္ီးလဲတစ်ရှူးရှူးနဲ့ အိပ်သွားပြီပဲ။ တော်ကြာနေရေသောက်ဖို့ လတ် ထလိုက်ရင် ဦးနိုးဦးမယ်။
ပန်ကာခလုတ် ကို လက်ညိုးလေးနဲ့ အသာဖော့နှိပ်ပြီး လတ်ခလုတ်နှိပ်လိုက် တယ်။ လေးနာရီမထိုးခင် လတ်တစ်ရေးလောက် တော့ ကောင်းကောင်းလေး အိပ်လိုက်ချင်သေးတယ်။

ပန်ကာခလုတ်ပေါ်က လက်ရုပ်လိုက်တာနဲ့ လတ်ချက်ချင်းအိပ်ပျော်သွား ခဲ့တယ်။ လတ်အိပ်ပျော် သွားတာ ဟာ ခဏကလေးလိုပဲ။ လေးနာရီထိုးရင် (ဘယ်လောက်အိပ်ရေးပျက်ပျက်) ပွင့်လာတတ်တဲ့ မျက်လုံးတွေကို လတ်စိတ် တိုနေမိတယ်။ လတ်အိပ်ချင်သေတယ်။ အိပ်ရေးမ၀သေးဘူး။ ပန်ကာလေးခဏဖွင့်ပြီး ပြန်အိပ်လိုက် ရရင် အိပ်ပျော်သွားမှာပါ။ ဒါပေမယ့် ဘယ်ဖြစ်မှာလဲ။ လတ်ထုံးစံအတိုင်း ဖျတ်ခနဲထရပ်ပြီး ခုတင်ဘေး က မီးလုံးဝါခလုတ်ဆီ လက်ရောက်လိုက်တယ်။ ဟင်မီးမလင်းဘူး။ မီးပျက်တာလား။

ဒုက္ခပဲ။ မီးလုံးဝါကျွတ်တာလား၊ မီးပျက်တာလား၊ မီးပျက်ရအောင် ဒီနေ့က မီးပျက်ရက် မဟုတ်ဘူးလေ။ မီးပျက်ရက်မှာဆိုလဲ နံနက် ခြောက်နာရီမှ မီးစပျက်တာ။ နံနက် ခြောက်နာရီကနေ နေ့လယ် ဆယ့်နှစ်နာရီ ထိလေ။ ခုဟာက ဘယ်လိုလဲ။
ပန်ကာ ခလုတ်ကို လတ်နှိပ်ကြည့်တယ်။ သွားပြီ။ ပန်ကာလည်မလာပါ။ မီးပျက် ပြီ။ မီးပျက်ပြီဆိုတဲ့ စကားလုံးလေး သုံးလုံး နောက်ကွယ်မှာ ဖြစ်ပေါ်လာမယ့် ပြဿနာတွေ ကိုလွတ်တွေးပြီး စိတ်ညစ် သွားတယ်။

နံပါတ် (၁)ပြဿနာက အိုက်ခြင်းကြောင့် မကြာခင် ဦးနိုးလာခဲ့ရင် ပန်ကာဖွင့်လို့ မရတဲ့ပြဿနာ။
နံပါတ် (၂) ပြဿနာက မှောင်အတိ ကျနေသော အခန်းဝတွင်းမျာ ချက်ရေး ပြုတ်ရေး ပြဿနာ။
နံပါတ် (၃) ပြဿနာက ရေချိုးဖို့ပြဿနာ။ လတ်တို့ ညကအိပ်ခါနီး ပီပါထဲက ရေတွေအကုန်ချိုးပစ်လိုက်ပြီ။ ဒီနေ့နံနက်ထမှ ရေဖွင့်မယ်ဆိုပြီး တော့လေ။ ညအိပ်ခါ နီး ရေဖြည့်မယ် လုပ်တော့လဲ အောက်လွှာက ဖွင့်ထားတယ်လေ။
ခဏလေးပဲပျက်တာဖြစ်ပါမီးရယ်..........နော်။
လတ်ဧည့်ခန်းဘက် ထွက်ခဲ့ပြီး စိတ်မကျေနပ်သေးဘဲ ဧည့်ခန်းမီးခလုတ်ကို ဖွင့်ကြည့်ပြန်တယ်။ ဟင် မီးပျက် တာ အသေအချာပါပဲတော်။

မှောင်မည်းနေတဲ့ အခန်းထဲမှာ လတ်စာအုပ် ဗီရိုလေးဆီ မန်းသွားတယ်။  ဗီရိုလေးပေါ်မှာ အရေးပေါ် လက်ဆွဲဖန်ချောင်းမီးအိမ် အင်မာဂျင်စီလိုက်တ်လေး ရှိတယ်လေ။ အလျင်တစ်ပတ် မီးပျက်ရက်အသုံးပြီး အင်မာဂျင်စီ လိုက်တ် ကို လတ်အားပြန်မသွင်းမီသေးဘူး။ ဘာဖြစ်လို့ အဲဒါကိုမေ့သွားရတယ် မသိပါဘူး။ လင်းတော့ လင်တန်ကောင်း ပါရဲ့။

စာအုပ်ဗီရိုရောက်ပြီ အထင်နဲ့ လတ်လက်ယမ်းလိုက်တယ်။ ဟောတော့.........။ ရေနွေးဓာတ်ဘူး လိမ့်ကျသံ ဟာ အခန်းထဲမှာ ဆူညံသွားတယ်။ ကုန်ပါပြီ။ ကွဲပါပြီ။ စာအုပ်ဗီရိုမှတ်ပြီး ဆက်တီ ကုလားထိုင်ဘေးက ခုံပုလေး ပေါ် တင်ထားတဲ့ ရေနွေးဓာတ်ဘူးကို လတ်လက်နဲ့ ယမ်းမိသွားတာ။ ဒုက္ခပါပဲ။ ရေနွေးဓာတ် ဘူးက ဦး လူပျို ဘ၀ကပစ္စည်း။ ဦးက ဘာပစ္စည်း ဖြစ်ဖြစ် စည်းကမ်းစနစ် တကျ၊ ရိုရိုသေသေ ကိုင်တတ်တာလဲ လတ်သိသား နဲ့၊ မလတ်လတ်ထွေးရယ်။ ညည်းတော့ပြဿနာပဲ။ သူ့ပစ္စည်းကို သူဘယ်လောက် ရိုသေလဲ။ သူလူပျို ဘ၀က သုံးတဲ့ပစ္စည်းကို သူဘယ်လောက် ရိုသေလဲ။ သူလူပျိုဘ၀ကသုံးတဲ့ ပစ္စည်းမှန်သမျှ ဘယ်လောက် ဟောင်းဟောင်း၊ ၀ယ်ခါစ ကထည့်တဲ့အိတ်အတိုင်း၊ ပုံ၊ အတိုင်း ခြေရာလက် ရာမပျက်ရှိတာ ညည်းလဲ အသိ။

သိပါတယ်... လတ်သိပါတယ်၊ ဒါပေမယ့်...လတ်မမြင်ရလို့ ဖြစ်သွားတာ ဘာတတ်နိုင်မလဲ။ မီးကြောင့်... မီးကြောင့် လတ်ကြောင့်မဟုတ်ဘူး၊ မီးကြောင့်။
စာအုပ်ဗီရိုပေါ်က အင်မာဂျင်စီလိုက်တာကို နောက်ဆုံးတော့ လတ်စမ်းမိသွား ခဲ့သေးတယ်။ တော်သေးရဲ့ မီးလင်းသေးတယ်။ အားရှိသေးတယ်။ အင်မာဂျင်စီလိုက်တာကိုကိုင်ပြီး လတ်မီးဖိုထဲသွားမယ်လုပ်ပြီးမှ "နား" နားကို ၀ီခနဲနေအောင် ဖြတ်သွားတဲ့ ခြင်တစ်ကောင်ကြောင့် ရုတ်တရက်သတိရပြီး  လတ် အပြေး အလွှား အိပ်ခန်းထဲ ပြန်ဝင်ပြေးခဲ့တယ်။
ဦးနားမှာ ခြင်တွေပတ်လည်ဝိုင်းနေပြီလား။ လတ်မေ့တာ။ လျှပ်စစ်နဲ့ထွန်းရတဲ့ လတ်တို့ရဲ့ ခြင်ဆေး ကိရိယာ လေးက အသက်ကုန်သွားပြီလေ။ နို့မို့ဆိုတစ်ညလုံး အဲဒီခြင်ဆေးကိရိယာလေးနဲ့ ခြင်ထောင်မထောင်ဘဲ လတ်တို့ အိပ်တာပဲ။

မီးပျက်ခဲ့သော်... ဆိုပြီး အရန်သင့်ဆောင်ထားတဲ့ ဆင်ဖြူတော်ခြင်ဆေးခွေ ဘူးကို အ၀တ်ဗီရိုအံဆွဲထဲက လတ်ထုတ် ရတယ်။ ဦးရဲ့ဂတ်စ်မီးခြစ်ကို ဦးစာရေးစားပွဲပေါ်မှာ အလွယ်တကူတွေ့လို့ တော်သေးရဲ့။ ခြင်ဆေးခွေ ကို ခုတင်ဘေးမှာ လတ်တွန်းပေးခဲ့ပြီး မီးဖိုဘက်လတ်ပြန်ပြေးခဲ့တယ်။

တကယ်တော့ ဦးကို လတ်ယပ်ခတ်ပေးချင်ပါတယ်။ မကြာခင် ဦးအိုက်ပြီးအော်တော့မှာကို လတ် သိနေတယ်။ ခါတိုင်းညကတော့ လတ် လေးနာရီထရင် ဦးကိုပန်ကာဖွင့်ပေးထားခဲ့တယ်။ အနိမ့်ဆုံးခလုတ်နဲ့ နှစ်နာရီလောက် ဖွင့်တာကတော့ ကိစ္စမရှိဘူးလေ။ ဦးကခြောက်နာရီဆိုနိုးမှာပဲဟာ။ ဒီနာရီလောက်နဲ့တော့ လေမဖြတ်နိုင် ပါဘူး ဆိုပြီး လတ်အမြဲတမ်းဖွင့်ပေးခဲ့တာ။ ဒီနေ့ပြသနာတက်ပြီး ယပ်ခတ်ပေးချင်ပေမယ့်လဲ လတ်မယ် မဖြစ်ဘူး။ စားရေး သောက်ရေး စီစဉ်ဖို့က ရှိသေးတယ်။ အချိန်နဲလဲ အလုပ်ပြီးအောင်လုပ်ရဦးမယ် ခုဆိုအ ချိန်က ကမောက်ကမဖြစ်စပြုပြီလေ။

ကဲ...ပထမအရေးတကြီးလုပ်ရမယ့်အလုပ်က မီးသွေးမီးဖိုကို မီးမွှေးဖို့ပါပဲ။ လတ်စိတ်အညစ်ရဆုံးအလုပ်ပါပဲ။ မီးမွှေးတာက ဘယ်လောက်ပဲကျွမ်းကျွမ်း အဆင်မသင့်ရင် အရမ်းအချိန်ကြာတာ။ တော်ပြီ၊ တော်ပြီ။ ကော်ဖီဖျော်ဖို့နဲ့ ရေနွေးကြမ်းအတွက် ရေနွေးအိုးတစ်အိုးနဲ့ ထမင်းရေခန်း တစ်လုံးပဲ ချက်တော့မယ်။ ဟင်းကိုဝယ်စားလိုက်တော့မယ်။ ရေခဲသေတ္တာထဲက အမဲသားထည့်ထားတာကိုသာ ကြော်ချက်နေရင် အချိန်က ဘယ်လိုမှ မီမှာ မဟုတ်တော့ဘူး။ ညနေကျမှပဲပြုတ် ကြော်လေးလုပ်ပြီး ကြာဆံပြုတ် နဲ့ စားတာပေါ့။ အဲရေခဲသေတ္တာဆိုမှ ရေခဲတွေ အရည်ပျော်နေပြီလားမသိ။ မီးကဘယ်အချိန်က ပျက်တာ မှန်းမှ မသိတာ။ ရေခဲအရည်ပျော်ပြီး အောက်ခံလင်ပန်းလေးထဲ ရေတွေအရမ်း ပြည့်လျှံနေရင်ပြသနာ။ ရေလျှံ ကျပြီးအောက်ဆင့်က စားစရာသောက်စရာတွေပေါ် ကျကုန်ရင်ဒုက္ခ။

မီးတွေအရှိန်ရလာတာနဲ့ ရေနွေးအိုးတင်ပြီး ရေခဲသေတ္တာထဲက ပလတ်စတစ် ရေခံလင်ပန်းလေးထဲက ရေတွေကိုထုတ်သွန်ရတယ်။ ရေတွေပြည့်စပြုနေပြီ၊ ဒါဆို မီးပျက်တာတော်တော်ကြာပြီပဲ။ ခုအချိန် လောက် ဆို ပြန်လာသင့်ပါတယ်မီးရယ်။

"အိုး...အာ၊ အိုက်လိုက်တာ၊ ပန်ကာမဖွင့်ဘူးလား ဒေါ်ချတ်လစ် ဘယ်လိုလဲ ပန်ကာဖွင့်ထားပါဆိုမှဗျာ" ဟော.. မပြောဘူးလား။ ဦးနိုးလာပြီး ဒီလိုအော်လိမ့် မယ်ဆိုတာ ဒီကမိန်းမသိတယ်၊ သိတယ်။
"မီးပျက်နေလို့ ဦးရေ၊ ဒီမှာမီးသွေးမွှေးနေရပြီ" "ဟင်း...မီးခိုးတွေကလဲ တစ်ခန်းလုံး မွှန်နေတာပဲဗျာ" မီးသွေးထဲ မှာ ထင်းထုံးပါပြန်ပြီထင်တယ်။ ယပ်ခတ်နေတယ်ဦးရေ။ ခဏလေး၊ခဏလေး မီးရှိန်ရလာရင် မီးခိုးတွေ လွင့်သွားမှာပါ။

စိတ်မောလူမောနဲ့ လတ်နားထင်ဆီက ချွေးတွေစီးကျလာတယ်။ မီးခိုးအူနေတဲ့ထင်းတုံး မီးလောင်ပြီး မီးခိုး ပျောက်ချင်ဇော နဲ့ ယပ်ခတ်ရတဲ့ လတ်ကလဲ လက်ပန်းကျလာပြီ။ ဒီလိုမှန်းသိ ကော်ဖီတောင်မဖျော်ဘဲ ဆိုင်မှာသွားသောက်ပါတယ်။ "ကိုင်း...အိပ်ရာထတာပဲကောင်း တာဗျာ၊  တော်ပြီ" ဦးရဲ့စိတ်ပျက်သံကြီးနဲ့ ဗုန်းခနဲ အိပ်ရာပေါ် ခြေထောက်ဆောင့်သံနဲ့အတူ တစ်ဆက်တည်း လတ်ကြားလိုက်ရတာက ဦးရဲ့အားခနဲ အထိတ် တလန့်အော်သံ။ ယပ်တောင်ကိုပစ်ချလိုက်တယ်။

"ဦး...ဦး...ဘာဖြစ်တာလဲ" ပူတာ၊ပူတာပေါ့ဗျာ၊ ဒီမှာခြေထောက်လောင်သွားပြီ၊ ခြေထောက် ချမယ့် နေရာတည့်တည့်ကို ခင်ဗျားခြင်ဆေးထွန်းခဲ့တာလေ" အက်မဂျင်စီလိုက်ကလေးဆွဲပြီး အပြေးအလွှား ရောက်လာ တဲ့ လတ်ကို ဒေါသတကြီးအော်ထည့်လိုက်တဲ့ ဦးကိုကြည့်ပြီး " သြော်..ဦးရယ်"လို့ပဲ လတ် ရေရွတ် နိုင်တော့တယ်။
"ပရုတ်ဆီ၊ ပရုတ်ဆီအနီဘယ်မှလဲ" ဒီမှာ၊ ဒီမှာပါဦးရဲ့ လတ်လိမ်းပေးပါ့မယ်၊ ရော့  ဦးကမီးမြှောက်ပြထား" တော်တော် ဒုက္ခ ပေးတဲ့မီးဗျာ၊ ဒီနေ့မီးပျက်ရက်မဟုတ်ဘူးမဟုတ်လား" မဟုတ်ဘူးဘာဖြစ်တယ် မသိပါဘူး ဦးရယ် ခုချိန်လောက်ပြန်လာရင် ကောင်းမယ်၊ နို့မို့ဆို လတ်တို့ရေချိုးစရာမရှိဘူး"

"ဟင်မရှိဘူးလား၊ ဒုက္ခပါပဲဗျာ"
ဦးကမတ်တတ်ထရပ်ပြီး ၀ရန်တာ တံခါးကို သွားဖွင့်တယ်။ အလင်းရောင်လေး အိပ်ခန်းထဲ ၀ငခလာတ.်။ လေကလေး ကတော့ ပါတယ်ဆိုရုံပဲ။ သူသစ်ပင်တွေနား၊ ဦးသွားရပ်တုန်း လတ် မီးဖိုဆီပြန်ပြေးခဲ့တယ်။
"ဟာ..........မီးခိုးတွေ လာပြန်ပြီ"

အသီးသီးသော တိုက်ခန်းတွေက မီးသွေးမီး မွှေးလိုက်တဲ့ မီးခိုးတွေနဲ့ဦးနဲ့ ရန်ဖြစ်ကြတော့ မယ်။ ကဲ...... လတ်ရဲ့ ဦး ကို သည်သခ ခံကြပါတော့ မီးခိုးတို့ရယ်။ လတ်မျက်နှာလေး သစ်လိုက်ပါရစေဦး။
မီးမလာလို့ ရေဘေးဒုက္ခသည်ဖြစ်ကြတဲ့ သူတွေထဲမှာ အန်တီခင်လေးတို့ တူဝရီးနှစ်ယောက် မပါဘူး။ ညအိပ်ရာ ၀င်ခါနီးမှာ ပီပါနှစ်လုံးကို မဖြစ်မနေ အမြဲဖြည့်တတ်တဲ့ အကျင့်ကြောင့် ညဈေးပြန် ရေမိုးချိုးဖို့ထိ အန်တီခင်လေး တို့ ပူစရာမလိုပေမယ့် ကျန်တဲ့အခန်းတွေ အကုန် လုံး ရေအတွက် ဒုက္ခရောက်ကုန်ကြပြီ။

ကိုဝင်းအောင် တို့ အခန်းမှာလဲ လူရှစ်ယောက် မျက်နှာသစ်လောက်ရုံ၊ ဖိုးသတင်တို့အခန်း မှာလဲ လူခြောက်ယောက် မျက်နှာသစ်လောက်ရုံ၊ ဆန်နီတို့ အခန်းကတော့ မီးကိုယုံကြည် စိတ်ချမှုနဲ့ ခံရတာ။ တစ်ဦးတည်းပိုင် ရေစက်ကို လိုတဲ့အချိန် ကောက်ဖွင့်လို့ရတဲ့အတွက် (မီးပျက်မယ့် နေကလွဲလို့) ကျန်တဲ့ နေ့တွေမှာ ရေချိုးခါနီးမျာ လတ်လတ်ဆတ်ဆတ် ကောက် ဖွင့်ရတာဆိုတော့ ခုလိုကြားဖောက် မီးလဲ ပျက်ရော ဆန်နီတို့လဲ ရေချီုးစရာ ပြဿနာတက် ရော။

ဆက်ရန်
.

2 comments:

မာလာ said...

မရွှေဇင်ရှင့်..ကျွန်မအရမ်းကြိုက်တဲ့ဝတ္ထုလေးကိုပြန်ဖတ်ရလို့ ကျေးဇူးတင်ပါတယ်။ ၉၄လောက်က ဦးနဲ့ သူ့ ရဲ့ လတ်အကြောင်း ဖတ်ရတာ အထူးအထွေသိပ်မဖြစ်ပေမဲ့ ၂၀၁၀မှာပြန်ဖတ်တော့ (ဦး )ကိုစိတ်ပျက်လိုက်တာ..အတော်ဗိုလ်ကျတဲ့ သူပဲ..မုန်းလိုက်တာ။ ကျွန်မခံစားချက်တွေပြောင်းသွားတာအသက်ကြီးလာလို့ ထင်ပါရဲ့ ။

ဧပရယ်လ်ပူး@ပူးတေ said...

မမရွှေစင်

ပူးတေလဲ အပေါ်ကတယောက်ပြောသလိုပဲ (ဦး)ဆိုတဲ့လူကု ဘာမှမဟုတ်ပဲနဲ့ ဇီဇာကြောင်နေတာ မုန်းမိတေယ်... ကိုဝင်းအောင်တို့ မိသားစုအကြောင်းဖတ်ရတာတော့ စိတ်ချမ်းသာတယ်..ကိုဝင်းအောင်နဲ့ မယ်အေးတို့ မိသားစုကိုကြည့်ပြီး ချမ်းသာတာ မချမ်းသာတာနဲ့ မဆိုင်ပဲ ရောင့်ရဲကျေနပ်နိုင်နိုင်ရင် ပျော်အောင်နေရင် ပျော်စရာကောင်းတယ်လို့ တွေးမိလာတယ်...