ကျွန်မတစ်ယောက်လုံးရှိတယ်
၁၉၄၂ ခုထဲ ၀င်လာခဲ့ပါပြီ။ စစ်ဆင်ရေးတစ်ခုလုံး အရှေ့ဘက်ကို ဦးတည်ရမည်ဖြစ်ကြောင်း၊ ဧပြီလ ထဲတွင် တာနိုပိုကို ရောက်မည့်အကြောင်း ရှုဇ်က ကျွန်မကို ပြောပြသည်။ တပ်နီတော်ကို ကျွန်မ မကြောက် တော့ပါ။ သူတို့ကို ကျွန်မ မေ့လောက်ပါပြီ။
သည်တကွေ့တွင် ရယ်ရမလား၊ ငိုရမလား မသိလောက်အောင် စိတ်လှုပ်ရှားစရာအဖြစ်တစ်ရပ်နှင့် ကျွန်မ ကြုံရပါသည်။ ဂျာနီနာ အိမ်တွင်းမှု ဘယ်လိုတော်ကြောင်း၊ အချက်အပြုတ်ဘယ်လို ကောင်း ကြောင်း ရှုဇ်ကို ပြောပြတော့ မထင်ဘဲနှင့် ရှုဇ်က ဂျာနီနာ့ကို စားဖိုဆောင်နှင့် စားသောက်ခန်း ၀န်ထမ်းအဖြစ် ရအောင်လုပ်ပေးသည်။
ကျွန်မတို့ ညီအစ်မ လဗော့သို့ ကားနှင့် လိုက်ခဲ့ကြသည်။ တာနိုပိုတွင် သူတို့ ဆောက်နေသည့် စက်ရုံ အသစ်က မပြီးသေး။ သို့သော် ကျွန်မတို့ အဖွဲ့ ဆိုဗီယက်နယ်စပ်ဆီသို့ ခရီးဆက်ခဲ့ကြသည်။
တစ်နေ့ ဘုရားကျောင်းတွင် ဟယ်လင်ဝိုင်းဘောင်း ဆိုသည့် ပိုလန်အမျိုးသမီးငယ်တစ်ဦးနှင့် ကျွန်မ တို့ ညီအစ်မ သွားဆုံသည်။ သူ့ယောက်ျား ဟင်နရီကို ဂျာမန်တွေခေါ်သွားပြီး ဂျူးအကျဉ်းစခန်းတွင် ထည့် ထားကြောင်း ဟယ်လင်က ပြောပြသည်။ ဟယ်လင်သည် ဂျူးသွေး တစ်စက်မပါသည့် ပိုလန်သူ စစ်စစ်ဖြစ်သည်။ ယခု သူ ဂျူးဖြစ်ချင်ကြောင်း ကျွန်မတို့ကို ကျိန်တွယ် ပြောနေသည်။ သူသိပ်ချစ်သည့် ဟင်နရီ နှင့် ပြန်ဆုံဖို့ သည်တစ်နည်းသာရှိတော့သည်မဟုတ်လား။ ထိုသူက သူနှင့် ကျွန်မတို့ မိတ်ဆွေ ဖြစ် သွားကြသည်။
ဇူလိုင်လ တနင်္ဂနွေတစ်ရက်တွင် ဟယ်လင်တို့ သားအမိနှင့် ကျွန်မတို့ ညီအစ်မ ဟင်နရီရှိမည်ထင်သည့် ရွာတစ်ရွာ သို့ ထွက်လာခဲ့ကြ၏။ ဂျူးအားလုံးကို ပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီး ထားသည့် ဂျူးစခန်းများကို ကိုယ်ရံတော် တပ်ညိုက လွှဲပြောင်းယူလိုက်ပြီဖြစ်ကြောင်း သတင်းများ ထွက်နေသည်။
ဈေးနားက နံရံတွင် ကျွန်မတို့ မှီပြီး အဖမ်းခံလာရသည့် ဂျူးတွေကို ရပ်ကြည့်နေကြသည်။ နောက် ထပ် ရာပေါင်း များစွာသော ဂျူးတွေကို တပ်ညိုဂျာမန်စစ်သားများက နွားအုပ်ကြီး မောင်းသလို တန်းစီပြီး မောင်းလာ၏။ မိန်းမတွေက သတ်သတ်၊ သက်ကြီး ရွယ်အိုနှင့် ကလေးတွေက သတ်သတ်၊ လူရွယ် လူငယ် တွေက သတ်သတ်၊ သည်လူတွေကို မောင်းသွားရာတွင် စစ်သားတွေက အကြောင်းမဲ့ အင်အား သုံး၏။ ကန်လိုက်၊ ကျောက်လိုက်၊ သေနတ်ဒင်နှင့်ဆောင့် လိုက်။ သို့သော် မအေများက သူတို့ ရင်သွေး ကလေး တွေ အနာတရ မဖြစ်အောင် ကာကွယ်ကြ၏။ အမျိုးသားများက သူတို့မိဘတွေရှေ့မှ ၀င်ပြီး အရိုက် အနှက်ခံကြ၏။
တစ်ယောက်ယောက် လဲကျသွားလျှင်တော့ ဘယ်သူမှ ထူချိန်မရကြ၊ သေနတ်သံတစ်ချက်၊ ကျည်ဆန် တစ်တောင့်ဖြင့် ကိစ္စဖြတ်ပစ်လိုက်ကြသည်။
သည်မြင်ကွင်းကို ကျွန်မတို့ အသက်မရှူအားဘဲ ကြည့်နေရ၏။ မြင်နေရ၏။ ကြည့်ရုံ မြင်ရုံ ကလွဲပြီး ကျွန်မ တို့ ဘာမျှ မလုပ်နိုင်ကြပါ။
ထိုစဉ်တွင် စစ်ဗိုလ်တစ်ယောက်က လက်တစ်ဖက်ဖြင့် တစ်စုံတစ်ခုကို လေထဲသို့ပစ်တင်လိုက်သည်။ ထိုအရာ သည် ဧရာမ ငှက်တစ်ကောင်လို ကောင်းကင်ကို ပျံတက်သွား၏။ ထိုစစ်ဗိုလ်သည် အခြား လက်တစ်ဖက် ဖြင့် ငှက် နှင့် တူသော ထိုအရာကို ပစ်ချလိုက်၏။
ထိုအရာသည် စူးစူးဝါးဝါး အော်ဟစ်နေသော မိခင်နံဘေးသို့ ကျလာ၏။ ထိုအရာရှိသည် မိခင်ကိုပါ ပစ်ထည့် လိုက်သည်။
သို့သော် ထိုသားအမိမှာ ငှက်မဟုတ်ပါ။ ငှက်သားအမိ မဟုတ်ပါ။ သူတို့ ငှက်မဟုတ်ကြပါ။
ကျွန်မ တို့ ၄ ဦးသား မျက်ဝါးထင်ထင်တွေ့မြင်လိုက်သော အဖြစ်မှန်တစ်ခုဖြစ်ပါ၏။ သုစရိုက် ကို ဒုစရိုက် က အနိုင်ယူသွားသော မြင်ကွင်းဖြစ်ပါ၏။ ကျွန်မတို့၏ ခံစားမှုကို စကားလုံးများဖြင့် ပြန်ပြော နိုင်စွမ်း မရှိကြပါ။
ထို့ကြောင့် မျိုသိပ်ထားပြီး ရင်ဖွင့်နိုင်ချိန်ကို ကျွန်မတို့ စောင့်ခဲ့ကြရပါသည်။ သည်အချိန်ကျမှ " လူ့ လောက တွင် သည်အဖြစ်အပျက်တကယ်ဖြစ်ခဲ့ကြောင်း" ကျွန်မတို့ ပြန်ပြောဖြစ်ကြပါသည်။
ကျွန်အသက် ၂၄ နှစ်ရှိခဲ့ပါပြီ။ သည်လိုသည်လို အတွေ့အကြုံများသည် ကျွန်မအား ဒေါသနှင့် တော်လှန် လိုစိတ် များကို မွေးဖွားပေးခဲ့ပါသည်။
မရှုရက် မမြင်ရက်စရာ မြင်ကွင်းတွေကို နေ့စဉ်ရက်ဆက် ကျွန်မ မြင်တွေ့နေရပါ၏။
မဖြစ်သင့်သည့်ကိစ္စများ၊ လူ့ဘ၀တွင် မရှိသင့်သည့် မြင်ကွင်းများဖြစ်ကြောင်း ဘုရားသခင်ထံ တိုင် တည်ပြီး ကျွန်မ ပြန်လည်တိုက်ခိုက်ဖို့ နည်းလမ်းများ ရှာဖွေပါတော့သည်။ သြဂုတ်လထဲရောက်တော့ တာနိုမို တွင် နည်းလမ်းတွေကို ရှာဖွေရင်း စဉ်းစားရင်း ကျွန်မ ဦးနှောက် တွေ ခြောက်ခန်းစပြုနေပါပြီ။
အရာရှိများ စားသောက်ရိပ်သာတွင် ကျွန်မပုံမှန်အလုပ်ပြန်ဝင်နေပါပြီ။ ကျွန်မနှင့် ဂျာနီနာအတွက် မီးဖိုဆောင် နံဘေးမှ အခန်းကျဉ်းကလေးထဲတွင် ရှုဇ်ကနေရာချပေးသည်။ အရာရှိများနှင့်အတွင်း ရေးမှူးများ အတွက် အ၀တ်လျှော်စက်နှင့် ချုပ်လုပ်ဖာထေးသည့် အလုပ်ရုံတွင်လည်း ကြီးကြပ်ပေးဖို့ ရှုဇ် က ကျွန်မ ကို တာဝန်ပေးသည်။
အလုပ်ရုံ အလုပ်သမားအားလုံး ဌာနေ ဂျူးလူမျိုးများဖြစ်သည်။ ယောက်ျား မိန်းမအားလုံး တစ်ဒါဇင် ရှိ၏။ ပထမပိုင်း တွင် ကျွန်မကို ဂျာမန်မ ထင်ပြီး သူတို့ လုံးဝမကြည်ဖြူကြ။
သူတို့ ယုံကြည်မှုရအောင် ကျွန်မ ဇွဲကောင်းကောင်းနှင့် အမျိုးမျိုးကြိုးစားသည်။ အမှန်ကို သိသွား တော့ သူတို့ ၏ အကျဉ်းစခန်းဘ၀ အတွေ့အကြုံများကို ပြောပြဖော်ရလာသည်။
" မုန်တိုင်းတပ်မှူး ရိုကီတာက တစ်နေကုန်ပင်ပန်းပြီး ပြန်လာတဲ့ တို့တစ်တွေကို တန်းလျားထဲ ပေး မ၀င်သေးဘဲ အပြင်မှာ အကြာကြီးမတ်တတ်ရပ်ခိုင်းထားချင်ထားတယ်" ဟု အီဒါဟော်လာက ပြောပြသည်။ ရိုကီတာက ကိုယ်ရံတော်တပ်ညိုဗိုလ်မှူး။ အီဒါမှာ အရပ် ပျပ်ပျပ်၊ ဆံပင်နီနီနှင့် သတ္တိ ကောင်းပုံ ရသည့် အမျိုးသမီးဖြစ်သည်။
" တစ်ယောက်ယောက်က စကားပြောရင်၊ ဒါမှမဟုတ် နည်းနည်းကလေးလှုပ်ရင် အရိုက်ခံရတော့ တာပဲ၊ စိတ်မထင် ရင် ပစ်သတ်တယ်" ဟု အသက် ၄၀ အရွယ် အီဒါ့ယောက်ျား လေဇာက ထပ်ဖြည့် ပြောသည်။ လေဇာ က ဥာဏ်ထက်သည့် အမျိုးသားတစ်ယောက်ဖြစ်၏။
ဖန်ကာ ဘီဘာမင်က ကျွန်မအရွယ် ရုပ်ချောချော။
" ဘာပဲပြောပြောကွယ်၊ တို့ဒီရောက်လာတာ အပုံကြီး သက်သာပါတယ် " ဟုပြောရှာသည်။
သူတို့ အားလုံး မ၀ရေစာစားနေရသဖြင့် ပိန်လှီဖျော့တော့နေကြပြီ။
" ဘာမှမပူ နဲ့၊ ကျွန်မတစ်ယောက်လုံးရှိတယ်" ဟု ကျွန်မက အားပေးစကားပြောလိုက်မိသည်။
မိုးဇက်စတိန်နာ က ခါးကိုင်းကိုင်း၊ မှုန်ကုပ်ကုပ်၊ သူက ပခုံးကို မသိမသာတွန့်ပြီး ပြောသည်။
" မင်းက မိန်းကလေးပဲကွယ်၊ ဘာလုပ်ပေးနိုင်မှာလဲ "
သူတို့ဆီမှ ပြန်အလာတွင် စတိန်နာ မှန်သည်ဟု ကျွန်မ တွေးလာသည်။ ကျွန်မ မှာ မိန်းမသားသာ လျှင် ဖြစ်ကြောင်း သတိရလာသည်။
အို မိန်းမသားဖြစ်တဲ့အတွက် ပိုပြီး အခွင့်အရေးမရှိနိုင်ဘူးလားဟုလည်း ကိုယ့်ကိုယ်ကိုအားပေးမိ၏။ ညစာဝိုင်း များတွင် ကျွန်မ ပြင်ဆင် ကျွေးမွေးနေစဉ် ဂျာမန်စစ်ဗိုလ်များ သည် ကျွန်မကို လုံးဝရှိသည် မထင် ဘဲ လွတ်လွတ်လပ်လပ် လေပစ်တတ်ကြသည်။ ခုတော့ သူတို့ စကားဝိုင်းတွေကို ကျွန်မ မသိမသာ ဂရုထား နေပြီ။
အထူးသဖြင့် မုန်တိုင်းတပ်မှူး ရိုကီတာနှင့် ကျွန်မ ဗိုလ်မှူးအတူထိုင်လျှင် ကျွန်မပိုပြီး ဂရုစိုက်သည်။ ရိုကီတာ ကို ပထမဆုံး ကျွန်မ စတွေ့တော့ မယုံနိုင်လောက်အောင် ဖြစ်သွားသည်။ သည်လူသည် ကျွန်မ တွေ့ဖူးသမျှ ယောက်ျားများထဲတွင် အချောဆုံး လူတစ်ယောက်ဖြစ်၏။ အသက် ၃၀ ခန့်သာ ရှိသေးသည်။ မျက်လုံးအစုံ က မိုးပြာရောင် ဆံပင်က ရွှေရောင်တလက်လက်။
သို့သော် သူ့ဝမ်းဗိုက်ထဲတွင် အသည်းနှလုံးမရှိ။ ရှိလျှင်လည်း ရေခဲတုံးပင်ဖြစ်လိမ့်မည်။ သူ့လက် တွင် ၀တ်ထား သည့် အရိုးခေါင်းငွေလက်စွပ် က သူ့နှလုံးသားအကြောင်းကို ပြောပြနေသည့် အလား။
ရက်တွေ လတွေ တဖြည်းဖြည်းကုန်လာသည်။ ရိုကီတာ့ ဆီမှ ကြားရသည့် သတင်း အချက်အလက် တွေ ကို ပင်မင်းအလုပ်သမားဆီ ကျွန်မ ပို့ပေးသည်။
" မနက်ဖြန် အခြေအနေမကောင်းဘူး၊ သတိထားနေကြ "
" ဒီနေ့ပွဲကြမ်း လိမ့်မယ်၊ စခန်းထဲရောက်အောင် သတင်းဖြန့်ပေးပါ "
စသည်ဖြင့် စသည်ဖြင့်။
လေဇာဟော်လာ သည် သူတို့၏ ခေါင်းဆောင်ဖြစ်လာသည်။ သူက စခန်းထဲက လူတွေနှင့် အဆက် အသွယ် ရဖို့ အကောင်းဆုံးနည်းလမ်းရှာသည်။
နာဇီ တွေက ရက်စက်သော်လည်း မိသားစုဝင်တွေကို အကျဉ်းသားများနင့် တွေ့ဆုံခွင့်ပေးသည်။ ဤနည်းဖြင့် သတင်း ကို အတွင်းအထိ ပို့နိုင်ခွင့်ရခဲ့ကြသည်။
အပြတ်ရှင်းတော့မည်ဟု သတင်းရတော့ ဂျူးအကျဉ်းသားတွေ အသက်စွန့်ပြီး တောထဲကို ထွက်ပြေး ကြသည်။ အများအပြားလွတ်မြောက်သွားကြ၏။
ဤသို့ဖြင့် ရိုကီတာ ၏ စာရင်းဝင် လူတော်တော်များများကို ကျွန်မတို့ ကယ်တင်နိုင်ခဲ့ကြသည်။
သိပ်မကြာလိုက်ပါ။ ရိုကီတာ၏ ခြိမ်းခြောက်မှုသည် ကျွန်မနှင့် တိုက်ရိုက်ပတ်သက်လာတော့သည်။
ခရစ္စမတ် အဖိတ်နေ့ညတွင်ဖြစ်သည်။ ဟိုတယ်တစ်ခုလုံး ဂျာမန် အရာရှိတွေ၊ သူတို့အတွင်းရေးမှူး တွေ နှင့် ပြည့်လျှံနေသည်။ ကျွန်မနှင့် ဂျာနီနာသည် အစေခံအဆင့်ဖြင့် သူတို့ကို လက်မလည်နိုင် အောင်စားပွဲထိုး နေကြရသည်။
လူတောထဲ မှ သူ့အသံကြားသဖြင့် ကျွန်မလှည့်လိုက်မိ၏။ ရိုကီတာသည် ဂျာနီနာ့ကို ရမ္မက်ခိုးဝေနေ သည့် မျက်လုံးများဖြင့် အာသာငန်းငန်းစိုက်ကြည့်နေသည်။ ဂျာနီနာသည် ယောက်ျားလေးတွေ နှစ်ခါပြန်ကြည့်ရ လောက်အောင် ကျက်သရေရှိသည့် မိန်းကလေးဖြစ်သည်။ ကျွန်မ အရမ်းစိုးရိမ် သွားသည်။
သူ့ကို လူအုပ်ကြီးထဲမှ မသိမသာ ကျွန်မ ခေါ်ထုတ်သွားဖို့ လုပ်သည်။ သို့သော် ကျွန်မ နောက်ကျသွားပြီ။ ဂျာနီနာ့ ကို သူကောင်းကောင်း မှတ်မိသွားပြီဖြစ်ပါ၏။
နောက်နေ့ နောက်နေ့များတွင် ဗိုလ်မှူးရုဂ်မာနှင့် ညစာ လာစားတိုင်း ဂျာနီနာ့အကြောင်း သူမေးသံ ကြားရ၏။ နောက်ဆုံးတွင် ဗိုလ်မှူးကို ကျွန်မ ချဉ်းကပ်ရတော့သည်။ ဗိုလ်မှူးရုဂ်မာသည် လူကြီး လူကောင်း တစ်ယောက်ဖြစ်သည်။ ရိုကီတာ ဘာလိုချင်နေသည်ကိုလည်း သူသိသည်။
ဗိုလ်မှူး က ဂျာနီနာ့ကို ရာဒမ်သို့ ပြန်ခွင့်ပေးလိုက်သည်။
နောက်ဆုံးတွင် ရိုကီတာကိုယ်တိုင် ကျွန်မကို မေးတော့၏။ ကျွန်မက သူအဆုတ်ရောဂါဖြစ်လာလို့ အလုပ် ထွက်လိုက်ရကြောင်း ပြောတေ့မှ ငနဲသားရှုံ့မဲ့ပြီး တစ်ဖက်ကို လှည့်ထွက်သွားတော့၏။
ရိုကီတာ သည် မိန်းကလေးပေါင်းများစွာကို ချွေခဲ့သူဖြစ်သည်။ သို့သော် ကျွန်မအစ်မကိုကား သူချွေ ခွင့် မရလိုက်ပါ။ တစ်ဖက်က ၀မ်းသာရသလို ကျွန်မ၏ မိသားစုနှင့် နောက်ဆုံးဆက်သွယ်မှုကြီးမျှင်ကလေး ပြတ်သွားသဖြင့် ယူကျုံးမရလည်းဖြစ်ရပါ၏။ ဤသို့ဖြင့် ၁၉၄၃ ခုနှစ်ထဲသို့ ၀င်ခဲ့ပါသည်။
--------------
ဆက်ရန်
.
4 comments:
အင်အားကြီးသူက အင်အားငယ်သူကို ဒီအချိန်မှာတော့ ဒီလိုတွေ လုပ်မိစေမှာပါပဲ။
Thanks.........
အမရေ ဒီကနေ့မှ စုပြီး ပြန်လာဖတ်ရတယ် အသစ်တွေ ဆက်ဖတ်လိုက်အုံးမယ် ရေးသား ဖြန့်ဝေ ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးပါး)
နာဇီတွေရဲ့ အနိဌာရုံတွေကတော့ စာမျက်နာတိုင်း စာကြောင်းတိုင်းမှာပါပဲ။
Post a Comment