"ဒီလက်စွပ်ကို ခင် ၀တ်တာ ကိုမျိုးဒီတစ်ခါပဲ တွေ့ဖူးတာပေါ့ဟုတ်လား"
မေမေခင်က မေးသည်။
"ဒီတစ်ခါပဲတွေ့ဖူးတယ်၊ ဒီလို လက်စွပ်မျိုး ခင့်ဆီမှာ ရှိမှန်းလုံးဝမသိခဲ့ဘူး၊ အခုမှ မြင်ဖူးတာခင်ရဲ့"
မောင်မောင်မျိုးက အမှန်အတိုင်းပင် ဖြေသည်။
"ကိုမျိုးပြောတာ ဟုတ်ပါတယ်၊ ဒီလက်စွပ်ကို ခင် ဒီတစ်ခါပဲဝတ်ဖူးတာပဲ၊ ဒါလဲ နည်းနည်း အစိုးရိမ်လွန်မိတာနဲ့ ၀တ်သွားတာ"
"ဘယ်လိုကြောင့် အစိုးရိမ်လွန်တာလဲ"
"ခင့်လက်ဝတ်လက်စားတွေကို အိမ်မှာထားရတာ သိမ်းရတာ ဂရုစိုက်ရတာတွေ တာဝန်ကြီးတာလဲ တစ်ကြောင်း၊ ၀တ်ချင်ဆင်ချင်စိတ်လဲ ကုန်ခန်းလို့ ခင့်ငွေတွေထားတဲ့ ဘဏ်မှာ သွားအပ်တယ်၊ အဲဒီနေ့က လက်ဝတ်လက်စား တနဖိုးက တော်တော်များတော့ လူဆိုးသူဆိုးတွေနဲ့ ကြုံမှာစိုးတာနဲ့ အကာအကွယ် ဒီလက်စွပ်ဝတ်သွားတာ ကိုမျိုးရဲ့၊ ပြန်လာတော့ ကိုမျိုးအစ်ကိုအိမ် ကလေးမလေး လိုက်ခေါ်ချင်ဇောနဲ့ လက်စွပ်ဝတ်ရက် ထွက်လာခဲ့တာ၊ အိမ်ပြန်ရောက်မှ ချွတ်သိမ်းလိုက်ရတယ်. "
"အခု လက်စွပ်က ဘယ်မှာလဲ ခင်"
"သိမ်းထားလိုက်ပြီလို့ ခင် ပြောတာရော ကိုမျိုးရဲ့"
"သေသေချာချာ ကြည့်ချင်တယ် ခင်ရယ်… သွားယူစမ်းပါဦး"
မောင်မောင်မျိုး စကားကို မေမေခင်က အလေးအနက် မပြုဟန်ဖြင့်…
"ဘယ်အခါကြည့်ကြည့် ရပါတယ် ကိုမျိုးရယ်၊ သိမ်းထားပြီးသားဖြစ်နေလို့ နောက်တစ်ခါဝတ်မှ ကြည့်နော်"
ဟုပြော၏။
"နောက်တစ်ခါဆိုတာက ခင် ဘယ်တော့ဝတ်မယ်မှန်းမှ မသိတာ၊ နက်ဖြန်တော့ ပြရမယ်နော် ခင်"
"ကောင်းပါပြီ ကိုမျိုး"
"ဒီလက်စွပ်ကို ခင် ဘယ်ကရလဲ၊ ကျောက်က ဘယ်လိုကျောက်အမျိုးအစားလဲ ခင်ရဲ့"
"ဒီလက်စွပ်အကြောင်း ကိုမျိုး သိချင်ရင် မပျင်းမရိ နားထောင်နိုင်မှ စုံစုံလင်လင် သိရမှာ၊ နောက်ပြီး ယုံတမ်းစကားကို ဖြစ်နေလို့ ခင်ဘယ်သူ့မှ မပြောခဲ့ဘူး၊ အခု ကိုမျိုးက ခင် ချစ်လို့ အားကိုးလို့ ယူထားတဲ့ လင်ယောကျာ်း တစ်ယောက်လုံး ဖြစ်နေတဲ့အတွက် ခင်က စုံစုံလင်လင် ပြောမှာနော်"
မေမေခင် စကားကြောင့် မောင်မောင်မျိုးက အတိုင်းမသိ ၀မ်းသာသွားသည်။ သူကြည်ညိုလွန်းသော နောက်ဘုရားက စုံစုံလင်လင်သိရအောင် ထောက်လှမ်းခိုင်းထားသည်မဟုတ်ပါလား၊
"ကဲ မပျင်းပါဘူးဗျာ၊ ကိုမျိုး စိတ်ဝင်စားတဲ့ လက်စွပ်အကြောင်းသိပ်သိချင်ပါတယ် ခင်ရယ်"
"လက်စွပ်အကြောင်း မပြောခင် ကိုမျိုးကို ပုလဲအကြောင်းမေးရဦးမယ်၊ ပုလဲအမျိုး ဘယ်နှစ်ပါး ရှိလဲဆိုတာ ကိုမျိုးသိလား"
မေမေခင်က မေးခွန်းထုတ်သည်။
"ဟာ ခင်ကလဲ ပေါက်ပေါက်ရှာရှာ၊ ဘာလဲ ခင့်လက်စွပ်ကို ပုလဲနက်လို့ ပြောမလို့လား၊ ပုလဲနက်ကို ကိုမျိုးမြင်ဖူးတယ်၊ ခင့်လက်စွပ်ကျောက်က ပုလဲနက်မဟုတ်ဘူးဆိုတာ သေသေချာချာ ပြောရဲတယ်"
မောင်မောင်မျိုးက စောဒကတက်၏။
"ခင့်လက်စွပ်က ပုလဲနက်တော့ မဟုတ်ပါဘူး၊ ကဲလေ ခင်မေးတာဖြေစမ်းပါဦး"
စိတ်ရှည်ရှည်ထားမှ လိုရင်းသိရမည်ဖြစ်၍ မောင်မောင်မျိုးက လိုက်လျောဖြေဆိုသည်။
"ကိုမျိုး သိတာတော့ မုတ်ကောင်ထဲမှာ သဘာဝဖြစ်လာတဲ့ ပုလဲ၊ သိပ္ပံနည်းနဲ့ မွေးယူတဲ့ ပုလဲ၊ နောက်ပြီး ချိန်ဖူးစစ်ပါတဲ့ တိမ်တိုက်စံလို့ ရှေးသီးချင်းကြီးတွေ ဖွဲ့သီခဲံတဲ့ အိမ်တောင် တိမ်လိပ်ထဲမှာ ဖြစ်တဲ့ပုလဲ၊ အဲဒီသုံးမျိုးပဲ သိတယ်
မေမေခင်က ရယ်ပြီးပြောသည်။
"သုံးမျိုးမကဘူး၊ ပုလဲမျိုး ရှစ်ပါးရှိတယ် ကိုမျိုးရဲ့"
"နေစမ်းပါဦး ခင်ရဲ့၊ လက်စွပ်က ပုလဲနက် မဟုတ်ဘူးဆိုပြီး ပုလဲ ဋီကာဖွင့်နေတာ ခင့်လက်စွပ်ကျေက်နဲ့ ပုလဲနဲ့ ဘာဆိုင်လို့လဲ"
မောင်မောင်မျိုးသည် တိုလာသောစိတ်ကို မနည်းချုပ်တည်းထားရသည်။ မေမေခင် စကားကြောရှည်ရန် ကောဟု တွေးကာဟန်မပျက် နေလိုက်ရသည်။
"အို.....ကိုမျိုးကလဲ ဆိုင်လို့ ခင်ပြောနေတာပေါ့။ ဒါကြောင့် ဒီလက်စွပ်အကြောင်း သိချင်ရင် မပျင်းမရိ နားထောင်နိုင်မှ စုံစုံလင်လင် သိရမယ်လို့"
"ကောင်းပါပြီဗျာ....ကောင်းပါပြီ၊ ကဲ.....ခင်ပြောပေတော့၊ မောင့်ကိုဘာမှ မေးခွန်းမထုတ်းနဲ့တော့၊ မောင်နားပဲထောင်တော့မယ်"
မေးခွန်းထုတ်း၍ ဖြေရလျှင် စိတ်တိုသံ ပါသွားမည်စိုး၍ မောင်မောင်မျိုးက ကြိုတင်ကြံစည် ကာကွယ်စကား ကို ပြောထားရသည်။
"အခုတင်က ခင်ပြောခဲ့တယ်နော်၊ ပုလဲမျိုးရှစ်ပါး ရှိတယ်လို့"
"အင်း....."
"အဲဒီရှစ်ပါးက ဘာတွေလဲဆိုတော့ ဟတ္တိကုမ္ဘံ- ဆင်ဦးကင်း၌ ဖြစ်သောပုလဲ၊ ၀ရာဟဒါဋ္ဌံ- ၀က်စွယ်၌ ဖြစ်သောပုလဲ၊ ဘုဇင်္ဂသီသံ- မြွေဦးခေါင်း၌ ဖြစ်သောပုလဲ၊ ၀လာဟကံ- တိမ်တိုက်၌ ဖြစ်သောပုလဲ၊ မစ္ဆသိ ရေ- ငါးဦးခေါင်း၌ ဖြစ်သောပုလဲ၊ သခေါင်္- ခရုသင်း၌ ဖြစ်သောပုလဲ၊ သိပ္ပီ- ယောက်သွား၌ ဖြစ်သောပုလဲ ရယ်လို့ ပုလဲရှစ်မျိုးရှိတယ် ကိုမျိုး၊ အဲဒီရှစ်ပါးထဲက ဘုဇင်္ဂသီသံ မြွေဦးခေါင်း၌ဖြစ်သော ပုလဲတို့သည် နီလဒိဝဏ္ဏာစ အစိမ်းအညို အပြာ အစရှိကုန်သော အဆင်းလည်း ရှိကုန်၏။ သုဝိသုဒ္ဓါစ အလွန်လည်း သန့်ရှင်းစင်ကြယ်ကုန်၏။ ၀ဋလာစ လုံးလုံးလျောင်းလျောင်း သဏ္ဌာန်ရှိကုန်၏လို့ ဆိုတယ်။ အခုခင့်လက် စွပ်ဟာ မြွေဦးခေါင်းထဲမှာဖြစ်တဲ့ ပုလဲ ကိုမျိုးရဲ့၊ ပုံသဏ္ဌာန်ကလဲ ၃-လိုပဲ၊ အချိန်က ရတီနှစ်ဆယ်ကျော် တယ်လို့ မေမေပြောခဲ့ဖူးတယ်"
မောင်မောင်မျိုး၏ နှုတ်ခမ်းနှစ်လွှာသည် မသိမသာ ဟသွားသည်။ ပုလဲအကြောင်းပြောနေသော မေမေခင် မျက်နှာကို စိုက်ကြည်နေသည်။ မေမေခင်စကားဆုံးသောအခါ အံ့သြခြင်းကြီးစွာဖြင့်......
"ဟာ.....ခင့်လက်စွပ်က အင်မတန်ရခဲတဲ့ မြွေအမြုတေ ရတနာပဲ၊ ဒီအမြုတေရတနာမျိုးဟာ ကမ္မဇိဒ္ဓိတန်ခိုး နဲ့ပြည့်စုံတဲ့ နဂါးတွေမှာသာ ရှိတတ်တာပဲ၊ နဂါးဆိုတာမျိုးကလဲ အခုလူတွေနဲ့ အမြဲထိတွေ့နေရတဲ့ မြွေတွေလို လူတွေနားမှာ လုံးဝနေတာမဟုတ်ဘူး၊ တန်ခိုးနဲ့ပြည့်စုံတဲ့ နဂါးရဲ့ အမြုတေရတနာ ဆိုတော့ ဒီအမြုတေရဲ့ တန်ခိုးသတ္တိကို စမ်းဖူးသလားဟင်...ဘယ်လိုထူးထူးခြားခြား ဖြစ်ဖူးသလဲ ခင်"
မောင်မောင်မျိုးသည် မက်မောလှသောစိတ်ဖြင့် အသက်ပင်မရှူအားဘဲ စိတ်အားထက်သန်စွာ မေးလိုက် သည်။
"ခင့်လက်ထက်မှာတော့ ခင်က၀တ်ဆင်တာလဲနည်း၊ နောက်ပြီး လူသိလဲ သိပ်မခံ၊ လူမြင်လဲ မခံ၊ သူ့ကို အမြဲသိမ်းထားခဲ့တော့ ဘာမှထူးခြားမှု မတွေ့ဖူးသေးပါဘူး၊ မေမေနဲ့ ဖေဖေက ပြောတော့ သိပ်စွမ်း တယ်တဲ့ မောင်"
"ဘယ်လိုစွမ်းတာတဲ့လဲ"
"အဆိပ်ရှိတဲ့ကောင် ကိုက်တာဆိုရင် ဒီအမြုတေကို ကိုက်တဲ့နေရာ အပေါ်တည့်တည့်ကထားပြီး ရေလောင်းချလိုက်ရင် ကိုယ်ထဲဝင်ပြီးသား အဆိပ်ဟာ လောင်းချတဲ့ရေနဲ့အတူ အကုန်ပြန်ထွက်လာတယ် တဲ့၊ ဘယ်လောက်ပဲ အဆိပ်မွှန်နေစေကာမူ၊ ဘယ်လောက်ပဲ အချိန်လွန်နေ" စေကာမူ လူနာ အသက်ဝိညာဉ် မပြတ်သေးသရွေ့ ကယ်တင်နိုင်စွမ်း ရှိတယ်တဲ့ ဒီအမြုတေကို ဆောင်ထားတဲ့ လူကို ဘယ်လို မြွေမျိုးမှ မကိုက်နိုင် မကိုက်ဝံ့ တဲ့ အပြင် ဒီအမြုတေ ရတနာကိုပြပြီး အဆိပ်ပြင်းလှပါတယ် ဆိုတဲ့ မြွေဆိုးတွေကို ကိုယ်လိုသလို ခိုင်းနိုင်သုံးနိုင် တယ်လို့ ပြောတယ်
နောက်တချက် က ..မေမေခင်က စကားအကုန်မပြောလိုတော့၍ ထိန်းလိုက်ဟန်ဖြင့် ရပ်ထားလိုက်သည် စိတ်ပါဝင်စားလှစွာ နားစိုက်ထောင်နေသော မောင်မောင်မျိုးက ...
ဆိုပါဥိး ခင်ရဲ့ ..နောက်တချက်ကဘာလဲ.. ဟုမေးလိုက်၏။
မေမေခင်က မသိမသာ ငိုင်နေပြီးမှ ..
"အဲဒါ ခင် စဉ်းစားနေတာ၊ မေမေပြောခဲ့တာ ကောင်းကောင်းလဲ မသဲကွဲဘူး၊ ခင်လဲ အမှတ်မဲ့နေခဲ့တာနဲ့ သတိမရတော့ဘဲ ဖြစ်သွားတယ်၊ ဘာပါလိမ့်"
မေမေခင်က စကားကို အဆင်ပြေအောင် လျှောချလိုက်သည်။
အကင်းပါးသော မောင်မောင်မျိုးကမူ မေမေခင် စကားအကုန်မပြောဘဲ ထိန်ချန်လိုက်ကြောင်း ကောင်းကောင်း ရိပ်မိသည်။ သို့သော် အချိုသပ်ရန် နောင်ဘုရား၏ တင်းကျပ်စွာ မှာကြားမှုကြောင့် စိတ်ကို ချုပ်တည်းကာ အသံအေး အသံမှန်ဖြင့်သာ ပြန်ပြောလိုက်သည်။
"ဟိုနေ့က ခင်ဝတ်လာတာကို နောင်ဘုရားက မြင်လိုက်တယ်"
"သြော်… ဟုတ်လား မြင်မှာပေါ့လေ"
မေမေခင်က ပေါ့ပေါ့ဆဆပင် ပြောသည်။
"ခင် ပြန်သွားပြီး နောင်ဘုရားက ပြောနေသေးတယ်"
"သူက ဘယ်လိုပြောလဲ"
"နောင်ဘုရားက ဒီလက်စွပ်အကြောင်းသူ ဘယ်လိုများ သိထားတယ်မသိဘူး၊ ခင့်လက်စွပ် ကျောက်ဟာ သာမန်မဟုတ်ဘူးတဲ့၊ ဒါပေမဲ့ အထားမတတ်လို့ တန်ခိုးမှိန်နေတယ် ပြောတယ်၊ အဲဒါ တန်ခိုး ဒ္ဓပါတ်အပြည့် ပြန်ဝင်အောင် သိဒ္ဓိတင်ပေးလိုက်ရင် သိပ်ကောင်းမယ် ပြောတယ်၊ သိဒ္ဓိတင်ပြီးတယ်ဆိုရင် ပင်ရင်း ပိုင်ဆိုင်သူ မဟုတ်တဲ့လူ၊ ဥပမာ ဆိုပါတော့ ခင့်လက်ထဲက တစ်ဦးတစ်ယောက်က ခိုးလို့ဖြစ်စေ၊ နိုင့်ထက်စီးနင်းယူသွားသည် ဖြစ်စေ အဲဒီလူအဖို့ ဘေးဥပါဒ် အကြီးအကျယ် ကြုံတွေ့ပျက်စီးစေမယ်တဲ့၊ စကားကုန်ပြောရမယ်ဆိုရင် ခင်ရယ်… ခင်ချစ်တဲ့ လင်ယောကျာ်း ကိုမျိုးပဲ ဖြစ်စေ ခင်က မကြည်ဖြူဘဲ ဒီလက်စွပ်ကို ယူထားရင် သေကြေပျက်စီးနိုင်တယ်တဲ့၊ ဆိုလိုရင်းက ခင်နဲ့သာ ထိုက်တန်လို့ရထားတဲ့ ခင့်ပစ္စည်း၊ ခင် မပေးဘဲ ယူထားမိသူ ပျက်စီးမယ်ပေါ့၊ အဲဒီတော့ ဒီလက်စွပ်သိဒ္ဓိပြန်တင်လိုက်ရင် မကောင်းဘူးလား၊ ခင့်အဖို့လဲ ပိုစိတ်ချသွားရတာပေါ့"
မောင်မောင်မျိုးက မှင်သေသေဖြင့် ပြောပြီး မေမေခင် လက်ခံပါမည်လားဟု အကဲခတ်သော အကြည့်ဖြင့် မသိမသာ ကြည့်သည်။ မေမေခင်က နားစိုက်ထောင်နေရာမှ…
"ဘယ်သူက သိဒ္ဓိတင်ပေးမှာလဲ"
ဟုမေးလိုက်၏။ မောင်မောင်မျိုးက ပြောအားရှိလာသည်။
"နောင်ဘုရား တင်နိုင်ပါတယ်၊ အခုတင်က ပြောသလို ခင့်ပစ္စည်းကို ခင်ကလွဲပြီး ဘယ်သူမှ မယူဝံ့ပါဘူး၊ သိဒ္ဓိတင်လိုက်ရင် ကောင်းမယ်ခင်၊ အဲဒါ နောင်ဘုရားလက်အရောက် ခင် ကိုယ်တိုင် သွားဆက်မလား၊ ကိုမျိုး ယူသွားပြီး ဆက်ပေးရမလား"
မေမေခင်က အဖြမပေးဘဲ ဆိတ်ဆိတ်နေသည်။
ဆက်ရန်
.

1 comment:
ဆန့်ငင် ဆန့်ငင် ဖြင့်ပြန်ရ၏
မျှော်တလင့်လင့်ဖြစ်ရ၏
ကျေးဇူးးးးးးးးးးးးအကြီးကြီး
မြတ်နိုး
Post a Comment