Friday, October 1, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၂၉) အဆက် (၃)

ဗိုလ်ချုပ် ဖွန်ဂါဘီရာ ၏ စကားကို ဖြတ်လိုက်ချိန်တွင် တွန်ဂါတာသည် အလွန်အားအင် ချည့်နဲ့လျက် ရှိသည့်ပြင် ဦးနှောက်ကလည်း မကြည်လင်ဘဲ ထိုင်းမှိုင်းလျက် ရှိပေသည်။ အစာအစာမရှိဘဲ ရေသောက်ချ လိုက်ခြင်းကြောင့် မူးယစ်ထုံးထိုင်းသော ဆေးတစ်မျိုး သောက်လိုက်ရသလိုလည်း ဖြစ်နေ သည်။
သို့ရာတွင် ဖွန်ဂါဘီရာ၏စကားကို ကြားရသောအခါ သူကိုယ်တိုင် တစ်ချိန်က လျှို့ဝှက်လိုဏ်ဂူရှိ ရာ နေရာ သို့ သွားရောက်ခဲ့ဖူးပုံကို ပြန်လည် သတိရမိလေသည်။ မူလ စိန်ရတနာများ ပိုင်ရှင် မာတာဘယ်လီ ဘုရင် လိုအင်ဂူလာ၏ သိင်္ချိုင်းဂူဟု ဆိုရမည့် လျှို့ဝှက်လိုဏ်ဂူသို့ ရောက်ခဲ့ပုံကို လည်း ပြန်လည် မြင်ယောင်လာမိသည်။

အတိတ်ကာလ ထိုစဉ်က ဖြစ်ရပ်မှာ ဤသို့ ဖြစ်သည်။
တွန်ဂါတာ ရိုဒီရှားတက္ကသိုလ်သို့ တက်၍ ပညာသင်ကြားနေသည့် ပထမနှစ်က ဖြစ်သည်။ သူသည် ကျောင်းရက်ရှည် ပိတ်သဖြင့် ဘိုးအေကြီးဖြစ်သူ ဂီဒွန်ကူမာလိုနှင့်အတူ ခေတ္တသွားရောက် နေထိုင် ခဲ့သည်။ ထိုစဉ်က ဘိုးအေကြီးသည် ဘူလာဝေယိုမြို့ပြင်ဘက်ရှိ ခါမီမစ်ရှင်ကျောင်းတွင် တွဲဖက် ကျောင်းအုပ်ကြီး အဖြစ် အမှုထမ်းလျက်ရှိသည်။
အဘိုးကြီးသည် တွန်ဂါတာကို မြင်မြင်ချင်း ၀မ်းသာအားရ နှုတ်ဆက်လေသည်။

"ဟေး... ဗွန်ဒါ၊ မင်းလာတာနဲ့ အတော်ပဲ။ ငါက မင်းကို ထူးထူးဆန်းဆန်းတသ်ခူ ပြစရာရှိတယ်ကွဲ့"
ဗွန်ဒါ ဆိုသည်မှာ မာတာဘယ်လီဘာသာဖြင့် ယုန်သတ္တ၀ါ ဖြစ်သည်။ ဘိုးအေကြီးက တွန်ဂါတာ ကလေး ဘ၀ ကပင် ယုန်ကဲ့သို့ ဖျက်လတ်သွက်လက်ပုံကို သဘောကျပြီး ယုန်ကလေး သို့မဟုတ် ဗွန်ဒါဟု ခေါ်လေ့ ရှိသည်။

ယုန်သတ္တ၀ါလေးများကို အာဖရိကတိုက်သားတို့က အထူးချစ်မြတ်နိုးကြသည်။ ဤသို့ ချစ်မြတ်နိုး ကြ၍ လည်း အဘိုးကြီးက တွန်ဂါတာအား ချစ်စနိုး ဗွန်ဒါဟု ခေါ်လေ့ရှိခြင်းပင် ဖြစ်ပေသည်။
"မင်းနဲ့ငါ အတူ ခရီးသွားစရာ ရှိတယ်ကွဲ့"
ဤသို့လည်း ဘိုးအေကြီးက တွန်ဂါတာအားပြန်ပြောလေသည်။

မကြာမီ မြေအဘိုးနှစ်ယောက်သည် ဘတစ်ကားစီး၍ မြောက်ဘက်ဆီသို့ ခရီးထွက်ကြလေသည်။ လမ်းတစ်လျှောက် ၌ လူနေအိမ်ခြေများမရှိဘဲ ကြိုကြားကြိုကြား ကုန်စုံဆိုင်အချို့သာ တွေ့ရလေ သည်။
သူတို့မှာ သွားလိုသည့်နေရာသို့ ရောက်ရန် ဘတ်စ်ကားကို အကြိမ်ကြိမ်ပြောင်း၍ စီးရလေရာ ရံဖန်ရံခါ ဘတ်စ်ကား ဂိတ်၌ နောက်ဆက်စီးရမည့် ကားကို လေးဆယ့်ရှစ်နာရီခန့်ပင် စောင့်ကြ ရသည်။
ယင်းသို့ နှောင့်နှေးသော်လည်း စိတ်ညစ်ဖွယ် မကေင်းပေ။ ညအိမ်နားရသည့် အခါများတွင် မြေးအဘိုး နှစ်ယောက် မီးပုံဘေးတွင်ထိုင်ကာ စကားပြောရင်း အချိန်ကုန်တတ်လေသည်။
ဘိုးအေကြီး ဂီဒွန်ကူမာလိုသည် တွန်ဂါတာအား ပုံပြင်မျိုးစုံ ပြောပြတတ်သည်။

ပုံပြင်များမှာ တိုင်းရင်းသားရိုးရာ ဒဏ္ဍာရီများသာမက မာတာဘယ်လီလူမျိုးတို့၏ အတိတ်သမိုင်း နှင့်ပက်သက်သည့် ပုံပြင်များလည်း ဖြစ်သောကြောင့် တွန်ဂါတာသည် အလွန် စိတ်ဝင်စားခဲ့မိ လေသည်။
သူတို့၏ လူမျိုးအနွယ်ကို စတင်ခဲ့သူ မီဇီလီကာဇီက ဇူးလူးပြည်နယ်မှ ထွက်ခွာခဲ့ပုံ၊ ဘိုးဝါးလူမျိုး များနှင့် စစ်မက်ဖြစ်ပွားခဲ့ပုံ၊ အုပ်စုလိုက်'လင်ပိုပို' မြစ်ကို ဖြတ်ကူးခဲ့ကြပုံ စသည့်ဖြင့် အသေးစိတ်ပါရှိ သဖြင့် နားထောင် ၍ မညည်းနိုင်အောင် ဖြစ်နေသည်။

အထူသဖြင့် တွန်ဂါတာ၏ ဘိုးအေ၏ဖခင် ဘာဇိုနှင့် သူအုပ်ချုပ်ခဲ့သော အင်ပီတိုင်းရင်းသား လူမျိုး အုပ်စုအကြောင်းကို တွန်ဂါတာက စိတ်ဝင်စားမိလေသည်။
သို့နှင့်ပင် မြေးအဘိုးနှစ်ယောက်တို့သည် အေးအေးဆေးဆေးနှင့် ငါးရက်တိုင်တိုင် ခရီးသွားခဲ့ကြ သည်။
ငါးရက် မြောက်သော နေ့တွင် ဘိုးအေကြီးက တွန်ဂါတာအား နေရာတစ်ခုကို ညွှန်ပြလေသည်။

"ကဲ...ဗွန်ဒါ ဟောဒီနေရာကို သေသေချာချာ မှတ်ထားမေတော့။ ဒီနေရာဟာ အခု ငါတို့သွားမယ့် နေရာ ရောက်ဖို့ လမ်းစပဲ"
ဤသို့ပြောပြီး အဘိုးကြီးကရှေ့ဆောက်လျက် တောတွင်းသို့ဖြတ်က မြောက်စူးစူးဘက်သို့ ဆက် သွားကြ လေသည်။
လမ်းတစ်လျှောက်တွင် နောက်ထပ်လာလျှင် မှတ်မိစေရန် မှတ်သားရမည့် သစ်ပင်ဝါးပင် ချုံနွယ် ပိတ်ပေါင်းများ၊ လျှိုမြောင်၊ ချောက်ကမ်းပါး စသည်တို့ကိုလည်း အဘိုကြီးက တွန်ဂါတာအား သေချာစွာ မှတ်သား စေလေသည်။

ထို့ပြင် လျှို့ဝှက်သင်္ချိုင်းဂူရှိရာသို့ သွားရာလမ်းတွင် အမှတ်အသားများကို အလွယ်တကူ မှတ်မိ စေရန် မာတာဘယ်လီဘာသာဖြင့် ကဗျာ၊ လင်္ကာတစ်ခုကိုလည်း တွန်ဂါတာအား အလွတ်ရအောင် ကျက်မှတ် စေလေသည်။
တွန်ဂါတာသည် ယင်းကဗျာလင်္ကာကို ယခုတိုင်အောင်ပင် ကောင်းစွာ မှတ်မိနေသေးသည်။
လင်္ကာ၏ အဓပ္ပါယ်က ဤသို့ ဖြစ်သည်။

"အစသည် အိမ်ပျောနေသော ခြင်္သေ့ပင်တည်း။ သူ၏ မျက်လုံးများကြည့်နေရာဘက်သို့ လိုက် သွားပါလော့။ သွားရမည့်နေရာက ဆင်များ ချောင်းဖြတ်ကူးသည့် နေရာပင် ဖြစ်၏"
သုံးရက် ဆက်တိုက် ခရီးသွားကြပြီးသောအခါ မာတာဘယ်လီ ဘုရင် လိုဘင်ဂူလာ၏ သင်္ချိုင်းဂူသို့ ရောက်သွား ကြလေသည်။
သင်္ချိုင်းဂူရှေ့တွင် ဒူးထောက်၍ လျှို့ဝှက်စွာ ဆက်လက်စောင့်ရှောက်ပါမည်ဟု ကတိပေးပါသည်ဟု လည်း တွန်ဂါတာက လိုက်ဆိုခဲ့ရသ့ည်။ သို့သော် ကတိသစ္စာ ကျမ်းကျိန်ရာတွင် စိန်တွေအ  ကြောင်း လုံးဝ မပါ သကဲ့သို့ အဘိုးကြီးကိုယ်တိုင်ကလည်း စိန်ရတနာအကြောင်း တွန်ဂါတာအား ဘာမှ မပြောခဲ့ချေ။

မိမိ ကွယ်လွန်သွားလျှင် လျှို့ဝှက်ချက်ကို ဆက်လက် ထိန်းသိမ်းရန်အတွက် မိမိ၏ သားတစ် ယောက် အား တာဝန်ပေးပါမည်ဟုလည်း ကျမ်းသစ္စာ ကျိန်ဆိုချက်တွင် တစ်နေ့ကျလျှင် ကျောက်မျက် ရတနာများက လိုဘင်ဂူလာ၏ ၀ိညာဉ်ကို အနှောင်အဖွဲ့မှ လွတ်မြောက်စေမည် ဟုလည်း လျှို့ဝှက်ချက် လင်္ကာတွင် ပါရှိလေသည်။
ယင်းသို့ ကျမ်းသစ္စာ ကျိန်ဆိုခြင်းကို အခမ်းအနားတစ်ခုသဖွယ် ပြုလုပ်ပြီးနောက် အဘိုးကြီးသည် ခရီးပန်း လာသဖြင့် အနီးရှိ သစ်ပင်တစ်ပင်၏ အရိပ်အောက်တွင် အိပ်စက်အနားယူလေရာ ညမိုးချုပ် သည်အထိ တောက်လျှောက် အိပ်ပျော်နေလေသည်။

တွန်ဂါတာကမူ မအိပ်ဘဲ သင်္ချိုင်းပတ်ဝန်းကျင်ကို လျှောက်လေ့လာကြည့်လေသည်။
ယင်းသို့ လျှောက်ကြည့်ရင်း သူသတိပြုမိသော အချက်တစ်ချို့ ရှိလေသည်။ သို့သော ယင်းအချက်များ အကြောင်းကို ဘိုးအေကြီးအား ဖွင့်ပြောမပြခဲ့ချေ။ မပြောခဲ့ခြင်းမှာ သူချစ်သော အဘိုးဖြစ်သူ စိတ်အနှာင့် အယှက် အဖြစ်စေလိုသောကြောင့်ပင်တည်း။
ဤသို့လျှင် တွန်ဂါတာသည် အတိတ်က ဖြစ်ရပ်များအကြောင်း ပြန်လည်စဉ်းစားနေမိစဉ် ဗိုလ်ချုပ် ဖွန်ဂါဘီရာ က ပြောလိုက်သော အသံကြောင့် အိမ်မက်မက်ရာမှ ပြန်နိုးလာသူကဲ့သို့ ချက်ချင်း မျက်မှောက် ကာလသို့ ပြန်ရောက်လာလေတော့သည်။

ဖွန်ဂါဘီရာက ပြောပုံမှာ ပရိသတ်ရှေ့ မိန့်ခွန်းပြောနေသည့်ဟန်မျိုး ဖြစ်နေသည်။ "အခု ကျုပ်တို့ နဲ့အတူ ကူမာလို မိသားစုက ဆင်းသက်ပေါက်ဖွားလာသူ အမျိုးအနွယ်တစ်ဦး ရောက်ရှိနေတာဟာ ထူခြား တယ်လို့ ဆိုရပါမယ်။ ထိုပုဂ္ဂုလ်ဟာ စိန်ရတနာတွေရှိတဲ့ လျှို့ဝှက်သင်္ချိုင်းဂူကို လက်ရှိ တာဝန်ယူ စောင့်ရှောက် နေသူပဲ ဖြစ်ပါတယ်။ သူဟာ တခြားလူ မဟုတ်ပါဘူး။ ဟောဒီက ရဲဘော် ၀န်ကြီး တွန်ဂါတာ ပဲ ဖြစ်ပါတယ်"

ဖွန်ဂါဘီရာက ဤသို့ ပြောလိုက်သည်နှင့် မျက်နှာဖြူလူကြီး၏ မျက်လုံးများသည် ရုတ်တရက် တွန်ဂါတာ ဘက်သို့ ရောက်လာလေသည်။
တွန်ဂါတာသည် စိတ်ထဲမှ ထောင်းခနဲ ဒေါသဖြစ်လာမိလေသည်။ ထို့နောက် ဗိုလ်ချုပ် ဖွန်ဂါဘီရာ ဘက်သို့ လှည့်၍ ခပ်တည်တည် ပြောလေသည်။
"ဖွန်ဂါဘီရာ ခင်ဗျားက တော်တော မဟုတ်တာတွေ လုပ်ကြံပြောတတ်တယ်။ အခု ခင်ဗျားပြော သွားတဲ့ လုပ်ဇာတ် အကြောင်း ကျုပ်ဘာမှ မသိဘူး။ တကယ်လို့ သိရင်လည်း..."
တွန်ဂါတာက ၀ါကျကို ဆုံးအောင်ပြောဘဲ ရပ်ထားလိုက်သည်။ ဆုံးအောင်ပြောစရာလည်း မလိုချေ။ သူဘာ ဆိုလိုကြောင်း ရှင်းနေပေသည်။
တွန်ဂါတာအနေဖြင့် မခံချင်အောင် သရော်သလို ပြောလိုက်ခြင်း ဖြစ်သော်လည်း ဗိုလ်ချုပ် ဖွန်ဂါဘီရာက အပြုံးပင် မပျက်ချေ။

"ကျုပ်က စိတ်ရှည်ရှည် ထားတတ်တဲ့ လူတစ်ယောက်ပါဗျ။ စိန်ရတနာတွေအကြောင်း ဆက်ပြောရ မယ်ဆိုရင် စိန်တွေဟာ သင်္ချိုင်းဂူထဲမှာ ရှိနေခဲ့သော နှစ်ပေါင်းကိုးဆယ်ရှိသွားပြီ ဖြစ်တယ်။ နောက်ထပ် သတင်းပတ် သုံးလေးပတ်ကြားလို့လည်းအကြောင်း အထူးပါဘူး။ ရဲဘော် တွန်ဂါတာ ကျုပ်က ခင်ဗျားရဲ့ ကျန်းမာရေး အတွက် ဆရာဝန်တစ်ဦး ခေါ်ထားပါတယ် လောလောဆယ် ခင်းဗျာတို့ မာတာဘယ်လီ လူမျိုး တွေဟာ ဘယ်လောက် သတ္တိရှိတယ်၊ ဘယ်လောက်ခေါင်းမာ တယ်ဆိုတာ ကျုပ်တို့ လက်တွေ့ စမ်းသပ်ကြည့်ပါမယ်။

ခင်ဗျား ခံစားရမှာက မသက်သာလှ ဘူးလို့တော့ ကြိုတင် သတိပေးထားချင်တယ်။ မခံနိုင်တဲ့အဆုံး ခင်ဗျား စိတ်ပြောင်းလာမယ် ဆိုရင်တော့ ကျုပ်တို့က ချက်ချင်း ရပ်ဆိုင်းပေးမှာပါ။ ခင်ဗျားအနေနဲ့ ကျုပ် တို့ကို လိုဘင်ဂူလာရဲ့ သင်္ချိုင်းဂူရှိရာနေရာကို လိုက်ပြပေးရုံပါပဲ။ အဲဒါပြပြီးပြီဆိုရင် ခင်ဗျားကို ကျုပ်တို့ ချက်ချင်း ပြည်ပ ကို လေယာဉ်နဲ့ ထွက်သွားနိုင်အောင် စီစဉ်ပေးပါမယ်။ ခင်ဗျားနဲ့အတူ တရားရုံးတော်မှာ ခင်ဗျား ကို သတ္တိရှိစွာနဲ့ကာကွယ်ပေးခဲ့တဲ့ မိန်းကလေးကိုပါ ခေါ်သွားနိုင်ပါတယ်။ ကျုပ်က ဆရာမ ကလေး ဆာရာကို ဆိုလိုပါတယ်"
ဆာရာ၏ နာမည်ကို ကြားလိုက်သည်နှင့် တွန်ဂါတာသည် စိတ်လှုပ်ရှားသွားမိသော်လည်း သူ၏ မျက်နှာ တွင် မပေါ်လွင်အောင် သူကိုယ်သူ သတိထား၍ ထိန်းထားလိုက်သည်။

"ဆာရာ အတွက် ဘာမှ အပူပါနဲ့၊ ကျုပ်တို့က သူ့ကို လုံခြုံစွာ စောင့်ရှောက်ထားပါတယ်"
ဖွန်ဂါဘီရာက ပြောလိုက်သော်လည်း တွန်ဂါတာသည် လုံးဝ မယုံကြည်ချေ။
"ခင်ဗျား လုပ်ကြံပြီး လိမ်ပြောနေတာပဲ။ တကယ်ဆို ဆာရာဟာ ခင်ဗျားတို့လက်ထဲ ရောက်နေပြီဆိုရင် ခင်ဗျား က သူ့ကို အသုံးချပြီးရောပေါ့"
တွန်ဂါတာကပြောရင်း တရားရုံးခန်းတွင်ရှိစဉ်က လက်ဖြင့် အချက်ပြဆက်သွယ်ခဲ့သည်ကို ဆာရာ သည် နားလည် သဘောပေါက်ပြီး လိုက်နာဆောင်ရွက်လိမ့်မည်ဟု ယုံကြည်မိသည်။

ထိုစဉ်က တွန်ဂါတာက လျှို့ဝှက်လက်ပြ ဆက်သွယ်နည်းဖြင့် ဆာရာအား ပြောခဲ့သည်မှာ-
"မင်းအတွက် အန္တရာယ် သိပ်ကြီးမားနေပြီ၊ အမြန်ဆုံး တိမ်းရှောင်နေလိုက်ပါ"ဟူ၍ပင် ဖြစ်သည်။
ဆာရာ ကိုယ်တိုင်ကလည်း နားလည်သဘောပေါက်ကြောင်း လက်ဟန်ဖြင့် ဆက်သွယ်ပြခဲ့လေရာ ယခု လောက်ဆိုလျှင် သူမသည် လုံခြုံစိတ်ချရသော တစ်နေရာသို့ ဘေးရန်ကင်းစွာ ရောက်ရှိနေ လောက်ပြီဟု တွက်မိ လေသည်။

"ဒါတော့ ကြည့်သေးတာပေါ့"
ဖွန်ဂါဘီရာက ပြောပြန်သည်။
"ကျုပ်အဖို့ တယ်ပြီး အရေးမကြီးလှပါဘူး။ ဆာရာဟာ အမျိုးသမီးတစ်ဦးဖြစ်တယ်၊ ခင်ဗျားတို့ သူ့ ကို လုပ်ချင် သလိုလုပ်၊ ကျုပ် ဂရုမစိုက်ဘူး"
ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် သူ၏ ကက်ပတိန် (ဗိုလ်ကြီး)အား လှမ်းခေါ်လိုက်ပြီး-
"ဟေ့…ဒီအကျဉ်းသားကို သူ့နေရာ ပြန်ခေါ်သွားလိုက်စမ်းဟေ့၊ သူ့ကို ကျုပ်တို့ အထူးဆေးဝါး ကုသမှု လုပ်မယ်။ ဆရာဝန်က ကြီးကြပ်ညွှန်ကြားလိမ့်မယ်" ဟု အမိန့်ပေးလိုက်သည်။
ရိုနာလူမျိုး ကက်ပတိန်လည်း တွန်ဂါတာအား ခေါ်ထုတ်သွားလေသည်။

နှစ်ယောက်တည်း ကျန်ရစ်သောအခါ ရုရှဗိုလ်မှူးကြီး ဘူခါရင်က သူ၏ထင်မြင်ချက်ကို ပြောလေ သည်။
"ကျုပ် အကဲခတ်ကြည့်ရသလောက် ဒီလူဟာ မလွယ်ဘူးထင်တယ်။ ခန္ဓာကိုယ်က ခွန်အားရှိတဲ့ အပြင် စိတ်ဓာတ် အားဖြင့်လည်း သာမန်လူတို့နဲ့ မတူဘူး။ တချို့လူတွေဟာ ဘယ်လောက်ပဲ နှိပ် စက်ညှဉ်းပန်း ပေမဲ့ စိတ်ဓာတ်မကျဘဲ တင်းခံနိုင်တဲ့ သတ္တိမျိုး ရှိတတ်တယ်"
"နည်းနည်းတော့ ကြာချင်ကြာမယ်၊ ဒါပေမဲ့ နောက်ဆုံးကျတော့ ပျော့လာမှာပါပဲ"

ဖွန်ဂါဘီရာက ပြန်ပြောလိုက်သည်ကို ဘူခါရင်က လက်ခံချင်ပုံ မရချေ။
"ကျုပ်တော့ တယ်မထင်ဘူး။ ဒါထက် ဆာရာဆိုတဲ့ အမျိုးသမီးက ခင်ဗျားတို့လက်ထဲ ရောက်နေ ပြီလား"
"မရောက်သေးပါဘူး၊ လောလောဆယ် ရှာလို့မရအောင် ပျောက်နေတယ်။ ဒါပေမဲ့ မကြာပါဘူး၊ တွေ့မှာပါပဲ"
"ဘာပဲဖြစ်ဖြစ် အချိန်က အရေးကြီးတယ် ဗိုလ်ချုပ်။ ကျုပ်တို့ လုပ်စရာရှိတာကို အမြန်ဆုံးလုပ်မှ ဖြစ်မယ်"

"ဟုတ်ပါပြီ သိပ်မကြာစေရပါဘူး၊ ရက်ပိုင်းလောက်ပါပဲ"
"တွန်ဂါတာဟာ စိတ်ဓာတ်ပြင်းထန်သူတစ်ယောက် ဖြစ်တာ သေချာတယ်။ ကျုပ်တို့ရဲ့ အထူး ဆေးဝါးကုသနည်းနဲ့ သူ့ရဲ့စိတ်ဓာတ် ပြောင်းလဲအောင် လုပ်လို့ရမယ်မထင်ဘူး။ နောက်တစ်ခုက ခင်ဗျား က စိန်ရတနာရဖို့ကြံတာကို ကျုပ် သိပ်သဘောမကျဘူး။ နောက်ပြီး မာတာဘယ်လီ အမျိုး သမီး ဆာရာ က ခင်ဗျားတို့ ရှာလို့မတွေ့အောင် တိမ်းရှောင်သွားနိုင်တာကိုလည်း ကျုပ် မကြိုက် ဘူး။ ရှင်းရှင်း ပြောရရင် ကျုပ်စိတ်ပျက်လာမိတယ်"
"သိပ်ပြီးလည်း စိတ်ညစ်မနေပါနဲ့လေ။ ကျုပ်က အချိန်ကလေး နည်းနည်းပဲ လိုတာပါ"

"ဒီမယ် ဗိုလ်ချုပ်၊ ကျုပ်အနေနဲ့ ဒီမှာ နောက်ထပ် အကြာကြီးနေဖို့ မဖြစ်ဘူးဆိုတာ ခင်ဗျားလည်း သိပါတယ်။ ကျုပ်က မော်စကိုမြို့ကို ပြန်ရလိမ့်မယ်။ ဟိုရောက်တော့ ကျုပ်က သက်ဆိုင်ရာကို ဘယ်လို ပြောရမှာလဲ။ ခင်ဗျား ရှေ့ဟောင်း ရတနာသိုက် တူးနေတယ်လို့ ပြောရမှာလား။ သူတို့ က ကျုပ်ကို ရူးနေပြီလို့ ပြောမှာပဲ"
"နောက်ထပ် အချိန် တစ်လပဲ လိုပါတယ်"

"ကျုပ် ပြောပါ့မယ်၊ ဒီနေ့ ဆယ်ရက်နေ့မဟုတ်လား။ ခင်ဗျားကို ဒီလကုန်အထိ အချိန်ပေးမယ်။ လကုန်ရက် မတိုင်မီ ခင်ဗျားက ဒီလူတွေနဲ့တကွ ငွေကိုပါ ကျုပ်တို့လက်ကို အရောက်အပ်ပါ။ လဆန်းတစ်ရက်နေ့ကျရင် ခင်ဗျားဆီကို ကျုပ်လာခဲ့မယ်။ အဲဒီနေ့ကျလို့မှ ခင်ဗျားက မတတ်နိုင် ဘူး ဆိုရင် ကျုပ်ကတော့ ဒီစီမံကိန်း ဆက်မလုပ်တော့ဘဲ ပယ်ဖျက်ပစ်ဖို့ အကြံပေးရမှာပဲ"

အခန်း (၃ဝ) ဆက်ရန်
.

1 comment:

kztk said...

ဆရာမရေ.. စိန်တွေ ရှိတဲ့ နေရာတော့ သိသွားပြီ သွားတူးရအောင်နော်. လိုက်ခဲ့မှာမို့လား.. :)