တတိယထပ် ညာဘက်ခြမ်းအောက်လွှာ
"မနက်ခင်းမိုးလင်းရင် ... ငှက်လေးများတို့ရယ် ...
ငှက်ကလေးများတို့ရယ် ... မနက်ခင်းမိုးလင်းရင် ..."
နံနက်လေးနာရီထိုးတာနဲ့ သီချင်းတစ်ပုဒ်ရဲ့ တစ်ပိုင်းတစ်စကို ထပ်တလဲလဲ ညည်းတဲ့အသံ ဟာ တတိယ ထပ် ညာဘက်ခြမ်းအောက်လွှာမှာ အမြဲတမ်းပေါ်လာလေ့ ရှိတယ်။
အောက်လွှာရဲ့ အိမ်ဦးနတ် အရှင်သခင်ရဲ့ အသံမို့ ကိုဝင်းအောင်ရဲ့ မဆုံးနိုင်တဲ့ သီချင်း တစ်ပိုင်းတစ်စကို အောက်လွှာ မှာ နေထိုင်သူ လူသားအားလုံး သည်းခံ ခွင့်လွှတ်ပြီး နားသောတ ဆင်ရတယ်။ ယောက္ခမ မုဆိုးမကြီး၊ ချစ်ဇနီး အေးအေးနွ် (ကိုဝင်းအောင် အခေါ် မယ်အေး)နဲ့ ကလေးသုံးယောက်၊ ယောက်ဖနဲ့ ယောက်ဖမိန်းမ အသစ်စက်စက် လေးတို့ဟာ ကမ္ဘာ့အဆိုတော်ကြီး တစ်ယောက်လို ကိုဝင်းအောင်ကို သဘောထား ကြရရှာ ပါတယ်။ တစ်ခါတစ်ရံမှာတော့ ကြားဖူးနားဝ စတီရီယိုသီချင်းတွေကို ကိုဝင်းအောင် မမှန်မကန် ဆိုရင် သူသမီးအကြီးမ ဆယ်နှစ်သမီး မြတ်နိုးအောင်က ပြင်ပြင်ပေးတတ် တယ်။
နံနက်လေးနာရီမှာ သီချင်းဆိုရင်း ကိုဝင်းအောင်ထမင်းဟင်းချက်တယ်လေ။ အချက် အပြုတ်၊ အစားအသောက် မှာ အလွန်ဝါသနာကြီးတဲ့ ထူးခြားသူ ယောက်ျားတစ်ယောက် ပေါ့။ မယ်အေး ချက်ကျွေးတာ တွေကို ကိုဝင်းအောင် တစ်ခုမှ မကြိုက်။ ကိုယ်တိုင် ချက်ရမှ စားဝင်တယ်။ ကိုဝင်းအောင် ကြိုက်တတ် တဲ့ ထူးထူးဆန်းဆန်း၊ ပေါက်ပေါက်ရှာရှာ ဟင်းမျိုးတွေကိုလဲ မယ်အေး မချက်တတ်ပါဘူး။ လက်ဖက် နဲ့ ၀က်သား၊ နာနတ်သီး နဲ့ ၀က်သား၊ မြွေသားဆီပြန်၊ မြွေသား စွပ်ပြုတ်၊ ဂဏန်းလက်မ ဂေါ်ဂျီချက်၊ လိပ်သား ဆီပြန် တို့ အများကြီးပါပဲ။ ပေါက်ပေါက်ရှာရှာတွေ။
ဒီပေါက်ပေါက် ရှာရှာတွေကို ပိုက်ဆံလေး နည်းနည်းပေါတာနဲ့ ၀ယ်ချက်တော့တာပဲ။ ယောက္ခမကြီးနဲ့ မယ်အေး တို့ကတော့ မစားရဲ လို့ မစားကြဘူး။ ကျန်တဲ့သူတွေကတော့ အကုန် ၀ိုင်းတုတ်ကြတာပဲ။ ကလေး သုံးယောက် ပါးစပ်ထဲလဲ မယ်အး မကြိုက်တဲ့ကြားက အတင်းခွံ့ကျွေးတတ်တယ်။ ကလေးသုံးယောက် မစားဖူး တဲ့ အသားမရှိ။ ကလေးတွေက သူတို့ဘွားအေ ခြောက်လှန့်ထားတဲ့ တစ္ဆေ ကြောက်ပြီး တစ္ဆေဆိုတာ ဘာလဲ လို့ မေးလို့ တစ္ဆေသားချက်ကျွေးမယ့်အကြောင်း ကလေး တွေကို ကိုဝင်းအောင် ကတိပေးထားပြီးပြီ။ ကလေး တွေကလဲ တမေးမေးနဲ့ စားချင်လှပြီ။
"မယ်အေးရေ ... အချိုမှုန့်တွေ ဘာလို့ အများကြီး ၀ယ်ထားတာလဲကွာ"
မီးဖိုပေါ်က အိုးထဲသို့ အချိုမုန့်ပုလင်းဖင်ကို ရိုက်ချရင်း ကိုဝင်းအောင်က အတည်ပေါက်နဲ့ အော်တယ်။ ရေချိုးခန်း ထဲမှာ တဗုန်းဗုန်း အ၀တ်ရိုက်နေတဲ့ မယ်အေးက သက်ပြင်းချ တယ်။
"အေးလဲ ၀ယ်တာပဲ၊ ဖိုးအောင်သုံးတာလဲ ကြည့်ဦးလေ"
"အို ... အချိုမှုန့်ဆိုတာ သုံးရတယ်ကွ၊ အာဂျီနိုမိုတို့ကို လူတိုင်း သုံးစွဲပါတယ်။ စစ်မယ်မှန်မယ်၊ ဈေးတော့ ကြီးတယ်"
ကိုဝင်းအောင် သူရဲ့ မြန်ကောင်း သက်သာပဲ ကုလားဟင်းအိုးထဲကို အချိုမုန့်ပုလင်း ရေဆေးထည့် နေတယ်။
"အစ်ကို .. . ဒီက ယူလေ ဒီမှာ ရှိတယ်"
ကိုဝင်းအောင်ရဲ့ ဘေးနားမှာ ယောက်ဖရဲ့ မိန်းမလေးလဲ ထမင်းချက်နေတယ်။ ယောက်ဖကတော့ ၀ရန်တာမှာ စာကျက်နေဟန်တူရဲ့။ သူအလုပ်က အိပ်ရာနိုးတာနဲ့ အပြင်ထွက်၊ ရေခလုတ်ဆင်းဖွင့် ပြီး ၀ရန်တာ မှာ စာကျက်တယ်။ သူတို့ လင်မယား နှစ်ယောက်စလုံး စာကြည့်တိုက်ပညာ ဒီပလိုမာ သင်တန်းသား တွေလေ။ လက်ရှိ အလုပ်ကလဲတက္ကသိုလ် စာကြည့်တိုက်မှာ နေ့စားလေး နှစ်ယောက်။ ဒီ သင်တန်း နှစ်နှစ်ပြီးမှ သူတို့ နေ့စားဘ၀က ကျွတ်ကြရှာမှာဆိုတော့ စာကြိုးစားရမှာ ပဲ။ ဟိုကောင် ငကျော် က (မိန်းမသာ ယူတတ်တာ) သူ့အစ်မ မယ်အေးလိုပဲ၊ ခပ်ထုံထုံ၊ ခပ်အေးအေး ထဲကပဲ။ စာလဲ သိပ် မတော် လှဘူး။ ဘွဲ့တစ်ခုရအောင် မနည်းလုပ်ပေးခဲ့ရတာ။
မယ်အေးတို့ မောင်နှမ ခြောက်ယောက်မှာ ဒီကောင်က အငယ်ဆုံး၊ မယ်အေးက အကြီးဆုံး။ ဒီကောင်နဲ့ မယ်အေး က ဆယ်နှစ်ကွာတယ်။
"အေး ... နင့်ရှိရင် နည်းနည်းပေးစမ်း၊ နင်လဲ စစ်မယ်မှန်မယ်ပါပဲလား"
"ဖိုးအောင်ကလဲနော်၊ ကလေးတွေဆီက ယူပြန်ပြီ"
"ယူတာ မဟုတ်ဘူးကွ၊ ချေးတာ ... ချေးတာ၊ ငါပြေလည်ရင် ပြန်ပေးမယ်၊ မပြေလည်လှ တစ်သက် ပေါ့ကွာ"
ကိုဝင်းအောင် က တဟားဟားနဲ့ သူ့စကား သူသဘောကျနေပြန်တယ်။ ရေချိုးခန်းထဲက မယ်အေး မျက်စောင်း လောက်တော့ အပျော့ပဲ။ မယ်အေးများ (ဖိုးအောင်နဲ့ မယ်အေး) ငယ်သူငယ်ချင်း ဘ၀ ကတည်းက ကိုဝင်းအောင်က အပိုင်။ မယ်အေး ... စာကူးပေးဦး၊ ပိုက်ဆံချေးဦး၊ မုန့်ဝယ်ကျွေးဦး၊ ခွင့်တိုင် ပေးဦး။ မယ်အေးခမျာ အကုန် လုပ်ပေးရှာတယ်။ တစ်လမ်းတည်း နေတဲ့ သူငယ်ချင်းတွေ လေ ...။ ဆယ်တန်း မှာ သူငယ်ချင်းစိတ် ပြောင်းပြီး ကိုဝင်းအောင်ရဲ့ စာပေးခံရတော့လဲ မယ်အေးမှာ ရှက်ရှက်နဲ့ သည်းခံရပြန်တယ်။ ပြီးတော့ အတင်းဇွတ်တရွက်၊ သူ့ထုံးစံအတိုင်း နင်မမူနဲ့နော် မယ်အေး၊ မူလို့ကတော့ ငါ့မှာ ကောင်မလေးတစ်ယောက် အရန်ရှိပြီးသား၊ စာလဲ ပေးပြီးသား။
နင့်ကို ငယ်သူငယ်ချင်းမို့ ဦးစားပေးတာ ဆိုတာမျိုးတွေကို ပြောလိုပြောနဲ့။ ဘယ်မိန်းကလေးက ကြိုက်ချင် မှာလဲ။ မယ်အေးလို အရှက်အကြောက်ကြီးပြီး အေးဆေးသိမ်မွေ့တဲ့ မိန်းကလေးမျိုးကို ကြားတာနဲ့ တက်သွား စေနိုင်တဲ့ ရည်စားစကားမျိုး ပြောပြီး ကိုဝင်းအောင် ရအောင်ပိုးခဲ့တာ။
ငယ်သူငယ်ချင်း သံယောဇဉ်ကြောင့်သာပေါ့။ နို့မို့ဆို မယ်အေးကို ဖိုးအောင် တစ်သက်မရဘူးမှတ် လို့ မယ်အေးက ခဏခဏ ပြောတတ်တယ်။ အဲလိုပြောတဲ့ အခါတိုင်းလဲ ကိုယ်ကိုယ်ကို အလွန် ယုံကြည် စိတ်ချ တဲ့ မျက်နှာထားနဲ့ ကိုဝင်းအောင်က ပြန်ပြောတတ်တယ်။ မပိုပါနဲ့ မယ်အေးရာ၊ မင်း ငါ့ကို ယူကို ယူရမှာပါ။ ဘာလို့လဲဆိုတော့ မင်းမှာ ငါကလွဲလို့ ကြိုက်မယ့်သူ ဘယ်သူ ရှိလို့လဲတဲ့။ မယ်အေးပဲ အရှုံးပေးရပြန်ရော။
"နင်က ဘျာက်တာတုံးဟ၊ ဘဲဥချဉ်ရည်၊ ဘာဖြစ်လု့များ ဘဲဥနှစ်လုံးကြီးများတောင် ချက်ရတာတုံး ဟာ၊ တစ်ခြမ်းလောက်ချက်ပြီး နင်တို့လင်မယား အလယ်ခေါင်ကြိုးလေးနဲ့ ချည်ထား၊ တစ်ယောက် တစ်မျက်နှာ တစ်ယောက် ကြည့်လိုက်၊ ဘဲဥလေး လျှာနဲ့တို့လိုက်၊ ဟား ဟား ... မကုန်တော့ဘူး ဟ၊ ငါနဲ့ မယ်အေးတို့ ရခါစ က အဲလိုပဲ"
ကောင်မလေးက ရယ်ပြီး ဘဲဥချဉ်ရည်အိုးက မီးသွေးဖိုလေးပေါ်တင်ခဲ့ရင်း အိမ်သာထဲ ၀င်သွား တယ်။ ရေချိုးခန်း ထဲကနေ မယ်အေးက တဟင်းဟင်းနဲ့ ဟန့်လဲ ကိုဝင်းအောင်ကတော့ သီချင်း ဆိုတောင် မပျက်ဘူး။ ငှက်ကလေးများတို့ရယ်ကို ညည်းမြဲ။
"ယောက္ခကြီးရေ ... ကွမ်းဆာပြီဗျို့၊ ဘုရားရှိခိုး ပြီးရင် နော်နော့်ကို ကွမ်းယာပေးပါ"
"အေးပါဟယ်၊ ယာနေပါတယ်၊ အော်မနေစမ်းပါနဲ့"
ကိုဝင်ျးေအာင်ကိုတော့ ယောက္ခမကြီးလဲ အရှုံးပေးရတာပဲ။ ငယ်ငယ်လေးကတည်းက အကြောင်း သိနေတော့ ခွင့်လွှတ်ရတော့တယ်။ ယောက္ခမကြီးက ချစ်လဲ ချစ်ရှာပါတယ်။ အလိမ္မာ အိမ်ပါ သမက်ကလေး ဆိုပြီး တော့လေ။ ကိုဝင်းအောင်နဲ့ မယ်အေး လက်ထပ်တော့ အသက် သုံးဆယ်စိ ရှိနေကြပြီ။ မယ်အေး အဖေဆုံးပြီး နောက်တစ်နှစ်ပေါ့။ အဲဒီအချိန်မှာ မယ်အေးအောက် က မောင်တစ်ယောက်နဲ့ ညီမ နှစ်ယောက် က အကုန်ကြင်ရာစုံကုန်ကြပါပြီ။
သျှောင်နောက်ဆံထုံး ပါ၊ ဆံထုံးနောက် သျှောင်ပါနဲ့ မယ်အေးတို့အိမ်မှာ လက်ကျန် ညီမတစ်ယောက်နဲ့ မောင် တစ်ယောက်ရယ်၊ မယ်အေး အမေရယ်၊ ဒါပဲကျန်တော့ ခမျာမျာ ယောက်ျားသနံကြီးကြီးမားမား မရှိ တော့ အားငယ်ရှာမယ် မဟုတ်လား။ စောင့်ရှောက်ရမယ့် ၀တ္တရား ရှိတယ်လေ။ လက်ထပ်ပြီး ကိုဝင်းအောင် မယ်အေး တို့ အိမ်လိုက်နေတယ်။ ကိုယ့်အိမ်မှာ မောင်နှမတွေများပြီး အိမ်ထောင် သည် နေစရာ မရှိတာ ကလဲ ပါသပေါ့လေ။
သမက်ကလေးက လိမ္မာ ရှာပါတယ်။ အချက်အပြုတ် နောက်ဖေး မီးဖိုချောင် လှည့်မကြည့်ရဘူး။ အလုပ်အကိုင် ကလဲ ကောင်းတယ်။ အာမခံချက်ရှိတဲ့ အလုပ်၊ တည်ငြိမ်တဲ့ အလုပ်။ ကျပန်း ကျူရှင် ဆရာ လေ၊ သူ့လို လခစား မလုပ်ချင်တဲ့ သူငယ်ချင်း တစ်ယောက်နဲ့ ပေါင်းပြီး ကျူရှင်ကြီး တွေမှာ လက်ခစား လိုက်ပြရ တဲ့ ကျပန်း ကျူရှင်ဆရာ။ မယ်အေးကတော့ စက်မှုဝန်ကြီးဌာနမှာ စာရေးမ လုပ်နေပြီ။ အဲ ... ကျပန်း ကျူရှင်ဆရာ သမက်ကလေး ရသမျှ တစ်ပြားမချန် (ကွမ်းဖိုး နုတ်ပြီး) ယောက္ခကြီးကို အပ်တယ်။
ပြီးတော့မှ အရက်ဖိုး ပြန်တောင်းတယ်။ အစားအသောက်ကို လဲ ကောင်းကောင်းလေး ချက်စားတယ်။ အိမ်ထောင်မှု ပစ္စည်းလဲ တတ်နိုင်သမျှ စုရှာပါသေးတယ်။ ပေါင်းအိုး၊ အသားလှီးဓား၊ သစ်သီးလှီးဓား၊ သံဒယ်ပြား၊ သံဒယ်လုံး၊ သံယောက်မ၊ ကြက်ဥကြော် ဒယ်ပြား၊ ကြက်ဥမွေကိရိယာ၊ သံပရာရည်ညှစ် ကိရိယာ၊ ကြက်သွန်၊ အာလူးလှီးကိရိယာ၊ အသားကင်သံညှပ် စသည့် စသည့် အိမ်ထောင်မှု ပစ္စည်းများ ပါပဲ။ ကဲ ... ဒီလို သမက်မျိုးလေး ရှာကြည့်ပါခင်ဗျာ။
"မက်ခင်း မိုးလင်းရင် ဒါ့ဒါဒါ့ဒါ၊ မယ်အေးရေ ... ပျဉ်းတော်သိမ်ရွက်လေးများ မရှိဘူးလားဟ ..."
"ဘယ်လိုလုပ်ရှိမှာလဲ ဖိုးအောင်ရဲ့၊ မပွေလီစမ်းပါနဲ့၊ မဆလာပဲ ခတ်လိုက်ပြီးရော"
"ဟ ... မဆလာနံ့နဲ့ ပျဉ်းတော်သိမ်နဲ့ မတူဘူး ခင်ဗျ၊ နားလည် မလည်ဘဲနဲ့၊ ယောက္ခမကြီးရေ၊ ကွမ်းယာ၊ ကွမ်းယာ၊ မယ်အေးရေ ... ကြက်သွန်နီ ကုန်တော့မယ်နော်၊ ဒီမှာ ငါးပိကြော်လိုက်ရင် ဘာမှ ကျန်တော့မှာ မဟုတ်ဘူး"
"ဟာ ... ဘာလို့ ငါးပိကြော်နေဦးမှာလဲ၊ ကုလင်းဟင်းထဲမှာ ငါးခြောက်ပါတာပဲ၊ တော်ပါတော့ ဖိုးအောင်ရယ်"
"မတော်ပါဘူး မယ်အေးရယ်၊ စပါယ်ရှယ် ငါးပိလိမ္မာကြော်လေးနဲ့ ကိုယ့်မိန်းမ စားလို့ဝင်အောင်၊ အဲ ... ဟောဒီ ယောက္ခမကြီးလဲ လျှာရင်းမြက်အောင် ဆီများများလေးနဲ့ ကြွပ်ကြွပ်ကလေး"
"တော်ပါကွယ် ... ဆီကုန်အောင် မင်းနှယ်၊ ရော့လေ ကွမ်းယာ" "လက်မအားဘူးလေ၊ ပါးစပ်ထဲထည့်ပေးပါ ယောက္ခမကြီးရဲ့"
"ရော့ ... ရော့၊ ငါအိမ်သာ တက်မလို့ဟဲ့"
"ဖိုးအောင်နော်၊ ရုံးကဆီက လဆန်းမှ ရမှာ"
"ရပါတယ်ကွာ၊ မင်းဆီတွေ နှမြောမနေစမ်းပါနဲ့၊ စားအုန်းဆီတွေပါ"
"အမယ် ... ဒီဆီ စားနေရတာပဲကျေးဇူးတင်ဦး၊ အပြင်က ပဲဆီ ဈေးဘယ်လောက် မှတ်လဲ"
"ဘယ်လောက် ရှိမှာလဲ၊ တစ်ပိဿာ နှစ်ကျပ်သုံးကျပ်ပေါ့၊ ဟေ ... ဟေ ... ဟေ့
တော်ပြီ။ ဖိုးအောင်ကိုတော့ မပြောချင်တော့ဘူး။ ရုပ်ကိုက စပ်ဖြဲဖြဲနဲ့။ ယောက္ခမ ယာပေးတဲ့ ကွမ်းကို အရသာခံ တမြုံ့မြုံ့ဝါရင်း မပြီးနိုင်၊ မစီးနိုင်ချက်ပါ ပြုတ်ပါတော့မယ်။ ကုန်ပေါက်တွေ ရှာပါတော့မယ်။ နံနက် စောစောစီးစီး မျက်နှာမသစ်ရသေးဘဲ ကွမ်းမစားပါနဲ့ဆိုလဲ ပြောမရဘူး။ ကွမ်းစားစံချိန်ကဆို ထောင်က လွတ်လာပြီးမှ ပိုဆိုးလာတယ်။ အိမ်မှာ ကွမ်းအစ် ထောင်ရတဲ့ အထိပဲ။ ဒီက သနားလို့ ဘာမှ သိပ်မပြော ဘဲနေတာ။ သြော် ... သူ့ခမျာ မယားတကွဲ၊ သားတကွဲ၊ အစားဆင်းရဲ အနေဆင်းရဲ၊ တစ်နှစ်ခွဲတောင် နေရရှာ တာလေ ဆိုပြီး အလိုလိုက်ထားတာ။
သူကတော့ ဘာအချိုးမှကို မပြောင်းဘူး။ ဒီကဖြင့် သူ ပြန်လွတ်လာတဲ့အခါ ထောင်ထွက်ဆိုပြီး အားများ ငယ်နေ မလား၊ အလုပ်အတွက်များ စိုးရိမ်နေမလားဆိုပြီး စိတ်ပူလိုက်ရတာ။ သူကဖြင့် သူ ထောင်ထွက် ဖြစ်တဲ့အကြောင်းကို သတင်းစာက မကြေညာရုံ တစ်မည်ပဲ။ တဟီးဟီးတဟားဟားနဲ့ အကုန် လျှောက်ပြော တာပဲ၊ ဟော ... အလုပ်ကျတော့လဲ ဒီနေ့လွတ်၊ နောက်နေ့ လွယ်အိတ် တစ်လုံးနဲ့ ကျူရှင်အတွက်ဆိုပြီး ထွက်သွား တာပဲ။ ပြန်လာတော့ အလုပ်ရလာပြီဟေ့ တဲ့။
လွတ်တဲ့နေ့ကလဲ ကြည့်ဦး။ သူ လွတ်တာကို ဒီက မသိဘူးလေ။ သူ့မှာ ပိုက်ဆံ သုံးကျပ်ပဲ ရှိတယ် တဲ့။ အဲဒါကို အလျင်ဆုံး လမ်းဘေး ကွမ်းယာဆိုင်မှာ ကွမ်းယာနှစ်ကျပ်ဖိုး ၀ယ်စား၊ စားပြီးတော့မှ ကျန်တဲ့ တစ်ကျပ်နဲ့ ဖုန်းဆက် တဲ့ နေရာမှာ အကျိုးအကြောင်း ပြောပြပြီး မိန်းမဆီ ဖုန်းဆက်တော့ ကွမ်းဝါးသံကြီးနဲ့ "မယအေးး မင်းရဲ့ချစ်လင် ဖိုးအောင်လေ"တဲ့။ ဒီဘက်က မယ်အေးမှာသာ မယုံ နိုင်ဘဲ မျက်ရည်တွေ စီးကျလာတာ။
တစ်ခါတည်း ကပျာကယာ ရုံးကို ပြောပြီး သူ့ဆီကို သွားခေါ် ရတယ်။ အိမ်ပြန်လာတော့လေ သူ့ကို အိမ်ရှေ့က သစ်ပင်အောက်မှာ ကွယ်ခိုင်းထားပြီး "သမီးတို့ ရေ ... သမီးတို့အတွက် လက်ဆောင်ပါတယ်"လို့ အော်လိုက်တော့ သမီးနှစ်ယောက်နဲ့ အငယ်ဆုံး နှစ်နှစ်ကောင်ကလဲ တောက်တက် တောက်တက်နဲ့ ပြေးထွက်လာကြတာ။ ဘယ်မလဲ ဘယ်မလဲ ဆိုပြီး မအေကို ၀ိုင်းကြတော့မှ သူက ၀ါးခနဲဆို အိမ်ထဲ ပြေးဝင်လာတယ်။
သားအဖတစ်တွေ လုံးထွေးပြီး အော်လိုက်ဟစ်လိုက်ကြတဲ့အမျိုး။ အဲဒီအချိန်မှာလေ၊ သားလေးက သနားစရာ၊ ကြောင်ကြည့်နေတယ်။ ကလေးခြောက်လမှာ သူထောင်ကျတော့ ကလေးက ဖအေကို ဘယ်မှတ်မိ မှာလဲ။ မအေလုပ်တဲ့သူက "ဖေဖေလေ၊ သားဖေဖေလေ"လို့ ပြောပေမယ့် "ဟုတ်ဘူး" တဲ့။ အဲဒါ ကို သူ့မယ် နောက်နိုင် ပြောင်နိုင်သေးတယ်။ ကလေးကို ပွေ့ချီရင်း "အေး ... မဟုတ်ဘူး၊ မင်းပြောတာ မှန်တယ်၊ ငါမင်းအဖေ မဟုတ်ဘူး ၊မင်းအစ်ကိုကွ၊ နော် ... ကိုကိုလို့ခေါ်"တဲ့လေ ...။
ကလေးက သူ အသင်ကောင်းလို့ ခုထို ကိုကိုခေါ်လိုက်၊ ဖေဖေခေါ်လိုက်နဲ့။ တကယ် ... မုန်းဖို့ကို ကောင်းတယ်။ သူကတော့ ခပ်ပေါ့ပေါ့ပဲ။ ထောင်ကျရတာကလဲ ဘာမှမဟုတ်ဘူး။ သူ့ ... အဲဒီ ခပ်ပေါ့ပေါ့ကြောင့် ပဲ။ ခွင့်ပြုမိန့်မရဘဲ ကျူရှင်ဖွင့်မှုနဲ့ ကျူရှင်စာရွက်စာတမ်း တရားမ၀င် ရိုက်နှိပ်မှု တဲ့။ ကျူရှင် ဥပဒေနဲ့ ငြိတာပေါ့။
စီရင်ချက် ကျတော့လဲ ပျော်ပျော်ပဲ လိုက်သွားလိုက်တာ။ မကြောက်တတ်၊ မရွံ့တတ်။ မိန်းမလုပ်တဲ့ သူမှာသာ ပုံလဲပြီး ကျန်ရစ်ခဲ့ရတာ။ ထောင်ထဲမလဲ ဘာထူးတုံး။ သူ့ဆောင်ပုဒ်အတိုင်းပဲ။ ရောက်တဲ့ အရပ်မှာ ပျော်အောင် နေတဲ့လေ။ ထောင်ထဲမှာ သူကတော့ ပျော်အောင်နေလိုက်သမှ အချက် အပြုတ် အစား အသောက် တောင် မပျက်ဘူး။ ထောင်ဝင်စာ တစ်ပတ်၊ တစ်ပတ် သွားတိုင်း သူက အရယ်အမော မပျက် ပေမယ့် တစ်ပတ်ထက် တစ်ပတ် ဆံပင်ဖြူတွေ ပိုပိုများလာတဲ့ သူ့ကိုကြည့်ပြီး မအိပ်နိုင် မစားနိုင် ထိတ်လန့် စိုးရိမ် နေခဲ့ဖူးတယ်။ အို ... အများကြီးပါပဲ။ အဲဒီ ကာလကိုများ ပြန် မတွေးချင်ပါဘူး၊ ဒုက္ခတွေ၊ သောကတွေ၊ အားငယ်မှု တွေ၊ မပြည့်စုံမှုတွေ၊ ကြောက်လန့်မှုတွေ။
မယ်အေး အမေရဲ့ ရွှေတိုငွေစလေးတွေ ရောင်းရငွေနဲ့ လက်ရှိ ငှားနေတဲ့ အိမ်စပေါ် ပိုက်ဆံပေါင်းပြီး ကျူရှင်ခန်း နဲ့ အိမ်ခန်းတွဲလျက် အငှားနေရာလေးကို မိသားစု ပြောင်းခါစ၊ ကျူရှင် ခန်းလေးကိုပဲ ပြင်ဆင် ပြီးခါစ။ ကျပန်း ကျူရှင်ဆရာဘ၀ကနေ ကိုယ်ပိုင် ကျူရှင်ခန်းနဲ့ ဆရာဘ၀ကို ရောက်ပြီပေါ့။ ကိုဖိုးအောင်တို့ ငွေရှာ လိုက်မဟဲ့လို့ အားခဲတုန်းမှာ ဖြစ်ရတာလေ။ အဲဒီနေရာကေန တစ်ခါပြောင်းပြေးရ။ မယ်အေး တစ်ယောက် ရဲ့ ၀င်ငွေတစ်ခုတည်းနဲ့ မိသားစု ကြပ်ကြပ် တည်းတည်း ရုန်းကန်ရ။
ထောင်ဝင်စာအတွက် ကုန်ရတာက တစ်မျိုးနဲ့ တကယ် တကယ် အဲဒီ ကာလကို ဘယ်တော့မှ ပြန်မတွေးချင်ဘူး။ ဘယ်တော့မှလဲ ပြန်မကြုံရပါစေနဲ့။ သိပ်မကြောက်စမ်း ပါနဲ့ကွာ။ လောကဓံ လှိုင်းဆိုတာ အမြဲ ရိုက်ခတ် နေမှာပဲ။ ကိုယ်က ကျောက်ဆောင်လို နေပြတတ်ရ မယ်။ အဲ ... ကျောက်ဆောင်လို မနေနိုင်ရင် လဲ လောကဓံ လှိုင်းလေးပေါ်မှာ အသာလေးစီးပြီး ငြိမ့်လိုက်သွားလိုက် ဆိုတာတွေမျိုးကိုလဲ လာမပြော နဲ့ ကိုဖိုးအောင်၊ ကြောက်တာဟာ ကြောက်တာ ပဲ။ ပြီးတော့လေ ... ဒုက္ခတွေ၊ သောကတွေ၊ ဘ၀ အခက်အခဲ တွေကို တစ်ယောက်တည်း ရင်ဆိုင် ရတာထက် နှစ်ယောက်အတူပဲ ရင်ဆိုင်ရ၊ ရင်ဆိုင်ရပေါ။ ကိုလူပျော်ကြီး အနားမှာ ရှိနေရင် အားရှိ ပါသတဲ့ရှင်။
"မနက်ခင်း မိုးလင်းရင် ငှက်ကလေးများတို့ရယ်၊ ပဲဗြေ့ မလာသေးဘူးလားဟေ့၊ ပဲဗြေ့၊ ဖိုးကျော်ရေ ပဲဗြေ့ လာရင်ပြောဟေ့၊ ဟော ... လာပြီ ... လာပြီ ... ပဲဗြေ့ ဟေ့ ဟေ့"
ကိုဝင်းအောင် စကားမဆုံးသေးခင် ခြောက်နာရီ မတ်တင်း တိုက်ရှေ့ရောက်နေကျ ပဲပြုတ်သည်ရဲ့ "ပဲဗြေ့"ဆိုတဲ့ အသံ စူးစူးက သုံးထပ်တိုက် ခေါင်မိုးပေါ်ထိ လျှံတက်လာတယ်။
"ဖိုးကျော် ဆင်းပါဦးဟ၊ ငါ ဒီမှာ ငါးပိကြော်အိုး တန်းလန်းနဲ့မို့၊ မယ်အေး ... ပိုက်ဆံဟေ့"
"ဖိုးအောင် ပေးလိုက်ပါလား၊ ပဲပြုတ်ဖိုး လေးကျပ်တောင် မရှိတော့ဘူး၊ ဒီမှာ ... မယ်အေး ရေချိုး နေပြီ"
"အောင်မာ ... ငါ့အိတ်ကပ်များ လိုတရ အိပ်ကပ်များ အောက်မေ့နေလား၊ ဟေ ... ဒေါ်အေးအေးနွယ်"
"ဟဲ့ ... ငါ့မှာ အနုပ် ရှိပါတယ်ဟယ်၊ ငါ ဆင်းဝယ်လိုက်မယ်၊ ဟိုကောင် စာကျက် ပျက်ပြန်ဦးမယ်"
"ကျေးဇူးကြီးပါပေတယ် ယောက္ခမကြီးရယ်၊ ယောက္ခမ ဂုဏော အနန္တော၊ နေ့စဉ် ရိုသေ အသက်ရှည်သဗျ"
"ကဲ ... တော်ပါ အသံပြဲကြီးနဲ့ စောစောစီးစီး၊ ဝေရေ ... မမအေး ပြီးပြီ ညီမ၊ ရေလာချိုးလို့ရပြီ"
"ဟုတ်ကဲ့"
မယ်အေးက လျှော်ပြီးသား အ၀တ်ဇလုံကို ရေချိုးခန်းပြင်ဘက် ထုတ်လာရင်း ယောက်မကို ရေချိုးခန်း အလှည့် ပေးတယ်။ ဒီအ၀တ်စိုတွေ လှန်းဖို့ တာဝန်ကတော့ မယ်အေးအမေ၊ ကိုဝင်းအောင် ယောက္ခမ ဒေါ်တင်လုံး ရဲ့ တာဝန်။ အခန်းမှာ သူတစ်ယောကတည်း ကျန်ခဲ့မှ ထမ်းောဆင်ရမယ့် တာဝန်။ ခုချိန်မှာတော့ အ၀တ်လှန်းဖို့ မပြောနှင့်၊ လူချင်းတောင် မနည်းရှောင် နေကြရတဲ့အချိန်။
"မြန်မာစံတော်ချိန် ခြောက်နာရီ ထိုးပါတော့မယ်၊ ရေချိုးခန်းကို ... ကိုယ့် အလှည့်လေးနဲ့ ကိုယ် စနစ်တကျ ၀င်ကြပါခင်ဗျာ၊ ကိုယ့်အချိန်လေးနဲ့ကိုယ်ပေါ့ခင်ဗျာ၊ မနက်လေးနာရီ အိပ်ရာထ ထထချင်း အလှည့်ကျသူကတော့ ဒေါ်တင်လုံးပါခင်ဗျာ၊ သူက မျက်နှာသစ်ရုံနဲ့ ဆွမ်းတော်ပန်း ဆေးရုံအချိန် ရပါတယ်။
သူပြီးတာနဲ့ အလှည့်ကျသူက ဒေါ်အေးအေးနွယ်၊ သူက မျက်နှာသစ် ရေချိုး၊ အ၀တ်လျှော်ဖို့ပါ အချိန်ရပါတယ်၊ သူပြီးရင် အလှည့်ကျတာက ဒေါ်ဝေေ၀ပါ ခင်ဗျာ၊ သူလဲ ဒေါ်အေးအေးနွယ်လိုပါပဲ၊ အဲ ... ဒေါ်ဝေေ၀ ပြီးရင်တော့ ဦးကျော်ကျော်၊ တစ်ခါတည်း မျက်နှာသစ် ရေချိုးချိန် ရပါမယ်။ နောက်ဆုံးမှ အလှည့်ကျ ရောက်သူကတော့ ကျွန်တော် မောင်ဝင်းအောင်ပေါ့ ခင်ဗျာ၊ မျက်နှာသစ် ရေချိုးပါမယ်၊ မောင်ဝင်းအောင် ပြီးတဲ့အချိန်ဟာ ခြောက်နာရီဆယ့်ငါးထက် နောက်မကျစေရပါဘူး။ ရေချိုးခန်းကို ၀င်နေ တဲ့ သူက ၀င်နေချိန်မှာ အိမ်သာကို ၀င်တဲ့သူကလဲ ၀င်ကြပါ။ အားလုံး အားလုံး ... ကိုယ့်အချိန်လေးကို လေးစားပြီး စနစ်တကျလေး ခင်ဗျာ၊ ကျေးဇူး တင်ပါတယ် ခင်ဗျာ"
ကိုဝင်းအောင်ရဲ့ ရွှတ်နောက်နောက် အသံက ရေဒီယို ဘောလုံးပွဲ ကြေညာသံနဲ့ သီချင်းပဟေဠိ အဖြေညှိတဲ့ အသံ နှစ်ခုကို ပေါင်းထားတဲ့ အသံမျိုး။ ဝေေ၀က အသံထွက် ရယ်မောရင်း ရေချိုးခန်း တံခါးကို ဖြည်းဖြည်း ပိတ်လိုက်တယ်။
ဆက်ရန်
.
3 comments:
မရွှေစင်ရေ....အပိုင်း(၅)ကိုဖတ်ရတာပျော်စရာကြီးနော်..။လူတိုင်းကိုဝင်းအောင်လိုစိတ်မျိုးထားနိုင်ရင်လောကကြီးကပျော်စရာအတြိပီးမှာဘဲနော်..။
မြစိမ်းပြာကမာရွတ်ကိုစောင့်ဖတ်နေပါတယ်
စူးနွယ်လေး
အဲသလို လူတစ်ယောက် ရှိတဲ့ အိမ်က အရမ်းပျော်ဖို့ ကောင်းတာ။ ကျနော့်လိုပေါ့ အဟဲ။
Post a Comment