Friday, October 15, 2010

သေလမ်းကို ဖြတ်သန်းခြင်း

ဖြစ်ရပ်မှန်

အိမ်ထောင်တစ်ခု၏ ဇနီးကောင်းတစ်ယောက်၊
တာဝန်ကျေမိခင်တစ်ယောက်၊
လုပ်ငန်းခွင်တွင်အထူးအောင်မြင်နေသည့်
စာနယ်ဇင်းသမားတစ်ယောက်ဖြစ်သည့်
လူစီရန်လျန်း ၏ ရင်သားတွင်အကျိတ်တစ်ခုဖြစ်လာသည်။
ဆရာဝန်ကို ပြကြည့်တော့ ထင်သည့်အတိုင်း ကြောက်စရာ
ကင်ဆာဝေဒနာဆိုးတဲ့။
၃ နှစ်လုံးလုံး မျှော်လင့်ခြင်းနှင့် အားငယ်ခြင်းခရီးရှည်ကြီးကို
ဖြတ်သန်းပြီးမှ စိတ်၏ ငြိမ်းချမ်းမှုကို ရရှိခဲ့သည်။ ဘ၀တွင်
ပဓာနအကျဆုံးကဏ္ဍကို ခံစားနားလည်ခဲ့သည်။

နွေခေါင်ခေါင်တွင်ပစ်သည့်မိုးကြိုး

ကျွန်မသည် စာနယ်ဇင်းလောကသားတစ်ယောက်ဖြစ်ပါသည်။ ကျွန်မ အလွန်စိတ်ဝင်စားသည့် လောကထဲ ကို ခြေချဖြစ်သည့်အတွက်လည်း ကျွန်မကိုယ် ကျွန်မ ကံကောင်းလှသည်ဟု အမြဲယုံကြည်ခဲ့ပါ၏။
ကျွန်မ လျှောက်သွားနေသည့် အသက်မွေးဝမ်းကျောင်းလမ်းပေါ်မှ အကြိတ်အနယ် ယှဉ်ပြိုင်မှု တွေကို ကျွန်မ သဘောကျသည်။ စာရေးခြင်းကို ကျွန်မ မြတ်နိုးသည်။
၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီလထဲရောက်တော့ CNN သူဌေးကြီး တက်တာနာနှင့် တွေ့ပြီး သူ့အကြောင်း ရေးဖို့ ကျွန်မ တာဝန်ကျသည်။ ထိုင်ဝမ်၊ ချိုင်းနားတိုင်းမ်(စ်)မှ ကျွန်မကို ၀ါရှင်တန် ပို့ထားသည်မှာ ၁၇ နှစ်ရှိခဲ့ပြီ။ CNN ဘော့စ်နှင့်တွေ့ဖို့ မတ်လအစောပိုင်းတွင် ရက်ချိန်းရထားပြီးပြီ။ ကျွန်မစိတ်တွေ လှုပ်ရှားနေ၏။ ပျော်လည်း ပျော်နေ၏။ သည်တာဝန်အတွက် သူနှင့်တွေ့ဖို့ သူ့အကြောင်းစာအုပ်တွေ လိုက်ရှာဖတ် နေရ သည်။

လူတွေအကြောင်း တစေ့တစောင်းပုံရိပ်ရေးပြရခြင်းကို ကျွန်မအရမ်းသဘောကျသည်။ အထူးသဖြင့် အင်အား ကြီးမားပြီး အထွတ်အထိပ်ရောက်နေသူများ၏ နောက်ကွယ်မှ အမြီးအမောက် မတည့်သည့် ဇာတ်လမ်း များကို နှိုက်ထုတ်ရေးသားရခြင်းတွင် ၀ါသနာထုံသည်။

သို့သော် သည်ပုဂ္ဂိုလ်ကြီးနှင့်တွေ့ရတော့မည်ဆိုခမှ ကျွန်မ အရမ်းပင်ပန်းနေ၏။ ခြေမသယ်ချင်၊ လက်မသယ် ချင်အောင် အားအင်ကုန်ခန်းသလိုဖြစ်နေ၏။ သို့သော် သူ့အကြောင်း ကျွန်မ မနားမနေ ဆက်လက် လေ့လာဖတ်မှတ်နေဆဲပင်။ ကျွန်မတာဝန်က သေးသေးကွေးကွေးမဟုတ် ဘူးလေ။ လှုပ်လှုပ် ရှားရှား ဖြစ်အောင် ရေးရမည်။ ၀က်ဝက်ကွဲကွဲစွံအောင် ရေးရမည်။
ဖေဖော်ဝါရီလ ထဲတွင်ဖြစ်ပါ၏။ ညစာစားပွဲတစ်ခုမှအပြန် အ၀တ်လဲနေရင်း ညာဘက်ရင်သားပေါ်တွင် စူထွက် နေသော အကျိတ်တစ်ခု ကျွန်မသွားတွေ့သည်။ စမ်းကြည့်တော့ နာသည်။ ကျွန်မ အရမ်းလန့် သွားသည်။ ရိုးရိုးအကျိတ်လား ဟိုဟို ဟုဟာများလား။ ဘုရား ဘုရား၊ သြော် နေဦး၊ ကင်ဆာဖြစ်စ မနာဘူး ဆို။ အထိတ်တလန့် ဖြစ်လျက်ကပင် ကျွန်မ ဆရာဝန်ကို ဖုန်းဆက်ပြီးမေးသည်။ ဆရာဝန်က နောက်နေ့တွင် လာခဲ့ဖို့ ချိန်းသည်။

သူနာပြုဆရာမကို ခေါ်ပြီး ကျွန်မ မေးသေးသည်။
" ကင်ဆာဆိုရင် မနာဘူးဆို၊ အဲဒါဟုတ်လား ဆရာမ"
ဆရာမက ခပ်တိုတိုပြန်ဖြေသည်။
" ရင့်သွားမှ မနာတာပါ "
ကျွန်မ နွမ်းခွေသွားသည်။ စိတ်ထဲထင့်နေသည်မှာ ကြာပြီ တစ်ခုခုဖြစ်နေပြီဟု ထင်နေခဲ့၏။ အမေရိကန်ကို ရောက်လာ ကတည်းက ကျွန်မ လွတ်လွတ်လပ်လပ်နေခဲ့သည်။
အလကား တွေးကြောက်နေတာဆိုပြီး ကျွန်မတစ်ယောက်တည်း ဆရာဝန်ဆီထွက်လာခဲ့၏။ ယောင်္ကျား လုပ်သူ မိုင်းလ်(စ်)ကိုပင် ကျွန်မ အသိမပေးခဲ့။ ခါတိုင်းလိုပင် ပုံမှန်အစစ်ဆေးခံဖို့ ထွက် လာသည့်သဘော။

သို့သော် ကျွန်မ၏ ဆရာဝန်မ ဒေါက်တာကာမင်ဗိုင်းဆပ်စ်က သေသေချာချာစစ်ပြီး မျက်စိ မျက်နှာ ပျက်နေ သည်။ သူ့နှုတ်မှ ထွက်လာသည့် စကားလုံးတိုင်းသည် ကျွန်မနှလုံးသားကို တစ်လုံးချင်း စူးဝင်နေ၏။
" ဟောဒီ မှာ အကျိတ်တစ်ခု၊ ပြီးတော့ ဟိုဘက်မှာ တစ်ခု၊ နောက် ချိုင်းအောက်မှာလည်း တစ်ခု ရောက် နေပြီ "

အမြန်ဆုံး " မင်မိုဂရမ် " ဓာတ်မှန်ရိုက်ကြည့်ဖို့ အမိန့်ပေးသည်။ ချက်ချင်းရိုက်ဖို့ သူ့ဆေးခန်းတွင် မရှိသဖြင့် ဆေးရုံတွင် ရိုက်ဖို့ စီစဉ်ရ၏။ ရက်အနည်းငယ်စောင့်ရသည်။
စောင့်ရ သည့် အချိန်ကာလသည် ကျွန်မအတွက် ငရဲတမျှ ပူလောင်လှပါသည်။ အဖြေကို သိချင်လွန်း နေချိန်တွင် ဘာမှန်းမသိနိုင်ဘဲ လက်ပိုက်စောင့်နေရသည့်ဘ၀။
မည်သို့ ရှိစေ သည်စိုးရိမ်သောကစိတ်သည် ကျွန်မ၏ တာဝန်ကို လွှမ်းခြုံမသွားစေရပါ။

ကျွန်မ၏ အကျင့်အတိုင်း တက်တာနာ ရှာပုံတော်ကို စာအုပ်တကာတွင် မွှေနှောက်နေဆဲပင်။
ဓာတ်မှန် ရိုက်ပြီးသည့် အခါတွင် အကျိတ်တွေက ပိုနာလာသည်။ သည်တော့မှ ကိုယ့်ကိုယ်ကို အပြစ် ဆိုမိသည်။ ဘာကြောင့် စောစောစီးစီး မစစ်ဆေးမိပါလိမ့်။
စင်စစ် ကျွန်မကိုယ် ကျွန်မ ယုံကြည်မှုလွန်ကဲခြင်းကြောင့် ဖြစ်ပါ၏။ ဆေးလိပ်မသောက်၊ အရက်မသောက်၊ မကောင်း သည့် အလုပ်ဟူသရွေ့ မြူငွေ့မျှ မပတ်သက်ခဲ့သဖြင့် သည်မကြားဝံ့ မနာသာ ကိစ္စကြီး ကျွန်မဆီ ရောက်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပါ။

ပြီးတော့ ကလေးနှစ်ယောက်စလုံးကိုလည်း ကျွန်မက မိခင်နို့ကို တိုက်ကျွေးခဲ့သူလေ။ သားသမီး များကို မိခင် နို့ တိုက်ကျွေးသည့် မိန်းမသားများ ရင်သားကင်ဆာဖြစ်ဖို့ အလားအလာနည်းသည်ဟု ပြောခဲ့ကြသည် မဟုတ်လား။

ဓာတ်ခွဲခန်းမှူး ကို ရင်တထိတ်ထိတ်ဖြင့် ကျွန်မ အဖြေမေးသည်။ အမျိုးသမီးက မျက်မှောင်ကြုတ်ပြီး " ကျွန်မ မှာ ပြောပိုင်ခွင့်မရှိဘူး၊ ရှင့်ဆရာဝန်ဆီ အမြန်ဆုံးပြန်သွားပြီး သူနဲ့ဆွေးနွေးပါ "တဲ့။
အင်း ဒါဖြင့် ရှင်းပြီပေါ့။ အိမ်ပြန်ရောက်တော့ အသေးအဖွဲ့ကိစ္စကလေးတစ်ခုလို ကျွန်မ လင်တော် မောင်ကို ပြန်ပြောပြ လိုက်သည်။ သူ အလန့်တကြားဖြစ်သွားသည်။ ဒေါက်တာ ဗိုင်းဆပ်စ် ဆီ ချက်ချင်းသွားမည်ဟု ကျွန်မ ကို အတင်းခေါ်တော့၏။ သူ့အပြုအမူကြောင့် ကျွန်မ ကြောက်စိတ်တွေ ပိုဝင်လာသည်။

ကမ္ဘာ့နောက်ဆုံးနေ့ ကို ရောက်တော့မလို ကျွန်မ တစ်ကိုယ်လုံး သောကမီးတွေ လောင်မြိုက်စပြုပါ လေပြီ။ ဗြုံးဆို သမီး မီလာကို ကျွန်မ သတိရလိုက်၏။ မကြာခင် သူကျောင်းဆင်းလာတော့မည်။ သူ့ကို စောင့်ပြီး ဆေးခန်း ကို အားလုံးအတူသွားကြမည်။ ကျွန်မ၏ ဝေဒနာကို သမီးကလေးအား မျှဝေခံစားစေလို၍ မဟုတ်ပါ။ ခုကတည်းက သူနှင့်တဒင်္ဂကလေးပင် ခွဲမနေချင်တော့၍ ဖြစ်ပါ၏။
၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ဖြစ်ပါသည်။ ဒေါက်တာ ဗိုင်းဆပ်စ်၏ ဆေးခန်းသို့ ကျွန်မတို့ မိသားစု အားလုံး ရောက်လာကြသည်။ ကျွန်မတို့ လင်မယားကို ဆရာဝန်မက ရှင်းပြ၏။ ဓာတ်မှန်တွင် ပုံမှန် မဟုတ်သည့် အကျိတ်များ တွေ့ရကြောင်း၊ မလွဲမသွေ အသားစ ထုတ်ပြီး ဓာတ်ခွဲစမ်းသပ်ရမည့်အကြောင်း ပြောပြ သည်။

ကျွန်မ၏နားထဲတွင် မင်္ဂလာမဲ့လှသည့် စကားလုံးများ ငှက်ဆိုးထိုးသံလို ဆူညံသွား၏
" ကင်ဆာ ကင်ဆာ "
ကျွန်မ ကို သေမိန့်ချလိုက်ခြင်းလား၊ ကျွန်မ ဘ၀ဆုံးပြီလား။ ကျွန်မ ငယ်ငယ်ကလေးရှိသေးတာပဲ။ ကျွန်မ ကလေး တွေလည်း ငယ်ငယ်ကလေးတွေလေ။ သမီး မီလာက ၉ နှစ်၊ သား မီလန်က ၅ နှစ်။
ဤတွင် အခြေအနေကို ကျွန်မ ပြန်စဉ်းစားသည်။ ဘာ အားငယ်စရာရှိလဲ၊ ဘာစိတ်ပျက်စရာရှိလဲ၊ ရင်သား မရှိဘဲ ကော အသက်ရှင်လို့ရသည်ပဲ။ ကျွန်မ အားလုံးကို ကျော်ဖြတ်မည်။
--------------------------
ကျွန်မ သေမှာလား

နောက်တစ်နေ့ မှာ တက်တာနာနှင့်တွေ့ဖို့ အတ္တလန်တာကို သွားရမည့်နေ့ဖြစ်သည်။ အစီစဉ်တွေ အားလုံး ကြိုလုပ် ထားပြီးသား။ ခုမှကပ်ပြီး သည်ပြဿနာဝင်လာခြင်းဖြစ်၏။
ဆရာဝန်မ ကို ကျွန်မ တောင်းပန်လိုက်သည်။
" ကျွန်မ နှစ်ရက်လောက် နောက်ဆုတ်လို့မရဘူးလား ဒေါက်တာ၊ အလုပ်က သိပ်အရေးကြီးနေလို့ပါ "

အလွန် မမေးသင့်သည့် မေးခွန်းဖြစ်ပါ၏။ ကျွန်မတွင် ကင်ဆာဖြစ်ဖို့ အလားအလာ သိပ်များနေမှန်း သိသိကြီး နှင့် အလုပ်ကိစ္စနှင့် ခရီးထွက်ဖို့ ကျွန်မခွင့်တောင်းနေမိ၏။
ဒေါက်တာ ဗိုင်းဆပ်စ်က သဘောပေါက်ပုံရပါသည်။ စင်စစ်ချက်ချင်း စတင် လှုပ်ရှားရမည့် ကိစ္စမျိုး ဖြစ်၏။ သို့သော် နှစ်ရက်မျှဖြင့်တော့ သိပ်အကြောင်းမထူးတော့ပါဟူသည့် သဘောဖြင့် ကျွန်မကို ခရီးထွက်ခွင့် ပေးလိုက် သည်။

အမျိုးသားက ဆရာဝန်မကို မေးခွန်းပေါင်းများစွာမေးနေသေးသည်။ ကျွန်မက အတင်းဆွဲထုတ်ပြီး သမီး ကလေး ရှိရာသို့ တွန်းလွှတ်လိုက်ရ၏။
နှစ်ယောက်တည်းကျန်ရစ်တော့မှ ဆရာဝန်မကို ကျွန်မ မေးရတော့သည်။
" အသက်အန္တရာယ်စိုးရိမ်ရသလား ဒေါက်တာ "

" ဟာ မဟုတ်တာ " ဟု စပြီး ကျွန်မကို နှစ်သိမ့်အားပေးစကားတွေဆိုလိမ့်မည်ဟု ကျွန်မထင်ခဲ့ သည်။
သူ့ကို ကျွန်မ ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေသည်။ ကျွန်မကို နှစ်သိမ့်ဖို့ စကားလုံးရွေးနေ သည်ဟု ကျွန်မ ထင်လိုက်၏။ သို့သော် ကျွန်မ ကြားလိုက်ရသည့် စကားလုံးတွေသည် တရားသူကြီးက တရားခံကို သေမိန့် ချသည့် စကားလုံးတွေဖြစ်၏။

" အင်း ဒီရောဂါကတော့ စိုးရိမ်ရတာပေါ့ "
ကျွန်မ တစ်ကိုယ်လုံး ကျင်တက်သွားသလို ခံစားလိုက်ရ၏။ ဒါဆို ကျွန်မ သေရတော့မည်ပေါ့။ ဒေါက်တာဗိုင်းဆပ်စ် စကားဆက်သည်။
" ရှင်ဘယ်လိုခံစားရမယ်ဆိုတာ ကျွန်မ နားလည်နိုင်ပါတယ် ငိုချင်ရင် ငိုသာချလိုက် "
ပြီးတော့ ကျွန်မကို တံခါးပိတ်ပေးပြီး သူအပြင်ထွက်သွားသည်။ ကျွန်မတစ်ယောက်တည်း အငေါင် သား ကျန်ရစ် ခဲ့ရသည်။ အကာအကွယ်မဲ့၊ အကူအညီမဲ့ဘ၀ဟု ခံစားလိုက်ရ၏။

အပြင်တွင် သူတို့သားအဖ စောင့်နေကြသည်။ သူတို့ဆီသို့ အရောက်လှမ်းဖို့ပင် ကျွန်မတွင် အားအင် မရှိတော့ပါ။ အဖြစ်အပျက်မှာ မယုံနိုင်စရာအတိဖြစ်နေပါ၏။
ရင်သားကင်ဆာရောဂါဖြင့် ကျွန်မ သေရတော့မည်တဲ့။ ကလေးတွေကို ဘယ်လိုလုပ်ပြီး ကျွန်မ ထားခဲ့နိုင် ပါမည်လဲ။ ကျလာသည့်မျက်ရည်တွေကို ကပျာကယာသုတ်ပြီး ဣနြေ္ဒဆည်ကာ အပြင် ထွက်လာခဲ့သည်။ မီလာ က စိုးရိမ်တကြီးဖြင့်
" ဟင် မေမေ ငိုထားတယ်၊ ဟုတ်လား "
" အိုး ဆရာဝန်မက စစ်ဆေးတော့ နည်းနည်းနာတာပေါ့ကွယ်၊ ခု ပျောက်သွားပါပြီ "
ကလေးအဖေ ၏ မျက်လုံးများကို ကျွန်မလှမ်းကြည့်လိုက်သည်။ သောကရိပ်များကို အတိုင်းသား မြင်နေရ၏။ နောက်တစ်နေ့ တွင် တက်တာနာနှင့်တွေ့ဖို့ ရောဂါတစ်ဖက်ဖြင့် အတ္တလန်တာသို့ ကျွန်မ ထွက်လာခဲ့၏။

ကိုယ့်ကိုယ်ကို ပြန်မေးမိသည်။
" ဒါဟာ ငါ့ရဲ့ နောက်ဆုံးတာဝန်များဖြစ်နေမလား "
အိမ်သို့ အတ္တလန်တာမှ ကျွန်မ ဖုန်းပြန်ဆက်သည်။ ခရီးထွက်တိုင်း ကလေးနှစ်ယောက်ကို အောက်မေ့ တတ်ပြီးသည်လို ဆက်မိသည်ချည်းဖြစ်ပါ၏။ သူတို့နှစ်ယောက်သည် ကျွန်မ၏ နှလုံးသားနှင့် အနီးစပ်ဆုံး ဖြစ်ပါ၏။

သမီးက ဖုန်းပြောရင်း ငိုပြီး " မေမေ ဖေဖေပြောလို့ သမီးအားလုံးသိပြီးပြီ၊ သြော် မေမေရယ်၊ သမီး အမြဲတမ်း ဘုရားမှာ ဆုတောင်းနေပါတယ်။ မေမေ့လို မေမေမျိုးကို ဘုရားသခင်အမြဲစောင့်ရှောက် မှာပါ"
ရှိုက်ရင်း သူစကားဆုံးသွားသည်။ သမီးသည် ကလေးမျှသာရှိပါသေးသည်။ သို့သော် မအေဆုံးရ မည့်အရေး ကို တွေးပူတတ်နေပြီ။ ကျွန်မ နှလုံးသားတွေ တစ်စစီဖြစ်ကုန်ကြပါလေပြီ။
" မေမေ နေကောင်းသွားမှာပါသမီးရဲ့၊ ဘာမှမပူနဲ့ သိလား "
ငိုလျက်က မီလာကို ကျွန်မ နှစ်သိမ့်နေရပါ၏။

" သမီးကြောက်တယ် မေမေ၊ မေမေမရှိဘဲ ဘယ်လိုလုပ်နေရမလဲ၊ သမီးမေမေနဲ့ အိပ်ချင်တယ် "
သမီးကလေးကို ရင်ခွင်ထဲ ဆွဲထည့်ထားလိုက်ချင်ပါ၏။ သို့သော် ကျွန်မ မတတ်နိုင်ပါ။
သူ့အဖေ က မီလာ့လက်ထဲမှ ဖုန်းယူပြီး ကျွန်မနှင့် စကားဆက်ပြောသည်။ သူအိပ်မပျော်မချင်း အနားက မခွာဖို့ ကျွန်မယေက်ျားကို တောင်းပန်ရ၏။
" စိတ်ချပါကွာ၊ သူ့အနားက ကိုယ်ဘယ်တော့မှ မခွာပါဘူး၊ အားတင်းထား၊ ကောင်းတဲ့ဘက်က လှည့်တွေး သိလား၊ စိတ်ခိုင်ခိုင်ထား၊ မနက်ဖြန် မင်းမှာ သိပ်အရေးကြီးတဲ့ အင်တာဗျူးရှိတယ်လေ"
သူ အားပေးရင်း ကျွန်မကို သတိပေးသည်။

အလုပ်စားပွဲဆီပြန်လျှောက်မသွားခင် အတ္တလန်တာ ကောင်းကင်ပြင်ကြီးကို မော့ကြည့်လိုက်သည်။ ပိန်းပိန်း ပိတ် မှောင်နေ၏။
နောက်တစ်နေ့တွင် ကျွန်မ တက်တာနာနှင့် တစ်နာရီကျော်ကြာအောင် တွေ့ရသည်။ CNN အဆောက် အအုံကြီး မှ ထွက်လာတော့ ကျွန်မ နုံးခွေနေပြီ။ ကျွန်မရင်ထဲတွင် စိတ်၏ စွမ်းအင်ဆို၍ ဘာမျှ မကျန် တော့ပါ။
-----------------------------
ဆက်ရန်
.

9 comments:

Anonymous said...

အစ်မ..ရေ

အဲ့ရောဂါကို ညီမကြောက်နေတယ်..။

ဒီပိုစ်ကို ...
မဖတ်ရဲဘူး..

မြတ် said...

ကျမလည်း ရင်သားကင်ဆာဖြစ်မှာကြောက်တယ်။

ကိုကိုးအိမ်(မန္တလေး) said...

ဆရာမရေ သေမိန့်ပဲဖြစ်ပါစေ ဘယ်လိုရောဂါ မျိုးပဲဖြစ်ဖြစ် စိတ်သာလျှင်အောင်နိုင်ပါတယ်။

ခင်မင်လျှက်
ကိုကိုးအိမ်(မန္တလေး)

ဇွန်မ said...

အမရေ ဆက်ရန်လေးမျှော်နေပါတယ် ဒီရင်သားကင်ဆာ အကြောင်းကို အခုတလော မကြာခဏကြားနေရတယ် ကိုကိုးအိမ် ပြောသလိုပါပဲ အဓိကကျတဲ့ စိတ်က အရေးကြီးတာပေါ့နော်...

ahphyulay said...

လူတိုင်းကတော့  မွေးကတဲက သေမိန့်  ကျခဲ့ ပြီးသားပါပဲ။
ပုခက်နဲ့  ဝေးကတဲက သုသာန် နဲ့  နီးလာခဲ့ ကြတာလေ။
ဘာနဲ့ ပဲ ဖြစ်ဖြစ် ကျွန်တော်တို့  ရင်ဆိုင်ရတော့ မယ် ။

ညိမ်းနိုင် said...

စိတ်ဓာတ်ကျနေချိန်မှာ သေဖို့ကိုမကြောက်လှပေမယ့်
ပုံမှန်အချိန်တွေမှာတော့ ကြောက်တယ်ဗျ...။
သေမှာထက် လက်ရှိပိုင်ဆိုင်နေတာတွေကို စွန့်ခွာသွားရမှာ၊
ပြီးတော့ သေပြီးတဲ့နောက်ရင်ဆိုင်ရမယ့် အရာတွေ....၊အဲဒါတွေကို
ကြောက်မိတာ...။ဇာတ်လမ်းလေးက စိတ်ဝင်စား စရာ
ကောင်းလိုက်တာ...၊သူဘယ်လို သေချင်းတရားကို
ရင်ဆိုင်မှာပါလိမ့်...။နောက်ဆက်တွဲတွေ မျှော်နေပြီ....။
ဇာက်လမ်းကောင်းလေးတွေအတွက် ကျေးကျေးပါ အစ်မရေ...။

ကိုဇော် said...

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ အားလုံးက သေရမှာပဲလေ။ ဘယ်အချိန် သေမယ် ဆိုတာကို မသိလို့သာ။ ပြောင်းပြန်လေး စဉ်းစားကြည့်။ သူများတွေ မသိရတာကို သူက သိလိုက်ရတော့ ကံကောင်းသလို တောင်မှ ဖြစ်မနေဘူးလား။ ဒီတော့ ပြင်ဆင်စရာ ရှိတာ ပြင်ဆင်လို့ ရတာပေါ့။ ရုတ်တရက် သေတဲ့ လူထက် သူက ပိုတောင်မှ ကောင်းပါသေးတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီဇာတ်လမ်းလေး သဘောကျတယ် အစ်မ
စိတ်ဓာတ်ကြံ့ခိုင်မှုအနဲ့အတူ သေလမ်းကိုအောင်မြင်စွာ ဖြတ်သန်းလာနိုင်မယ်လို့ ယုံကြည်မိတယ်...ဒီရောဂါက ကြောက်စရာဆိုပေမဲ့ အချိန်မီ သိပြီး ခွဲစိတ်ကုသလိုက်ရင် အသက်ရှင်နိုင်မဲ့ရောဂါပါ။
ပျော်ရွှင်စရာ အဆုံးသတ်ဖြစ်လိမ့်မယ်လို့ ကြိုတင်စိတ်ကူးယဉ်ထားလိုက်မယ်နော်။

ချစ်တဲ့
ညီမချော

မြစ်ကျိုးအင်း said...

ဒီဇာတ်လမ်းလေးကို ဆုံးတဲ့ အထိ ဖတ်မယ်။
ဝမ်းနည်းမှုတွေကြားက စိတ်ခွန်အားတွေ ရစေမယ့် ဇာတ်လမ်းလို့ ထင်တယ်။