ပြောက်ကျား ရဲဘော်များသည် ရှိုနာစစ်သားအလောင်းများကို တစ်နေရာတွင် မြေကျင်းကြီးတူး၍ မြေမြှုပ် နေကြစဉ် ဆာရာ ပြန်ရောက်လာလေသည်။ ယခုတော့ သူသည် အ၀တ်အစား အပြည့်အစုံ သပ်ရပ်စွာ ၀တ်ဆင်ထား လေသည်။
"ညီမလေးတွေကိုတော့ ကျွန်မက ရွာကို ပြန်လွှတ်လိုက်ပြီ။ သူတို့က ဒီနယ်မြေဒေသကို ကျွမ်း ကျင်တဲ့ အတွက် စိုးရိမ်စရာမရှိပါဘူး။ သူတို့ ဘာမှ အန္တရာယ်ရှိမှာ မဟုတ်ပါဘူး"ဆာရာက ပြောရာ။
ခရိတ်ကလည်း-
"အေး…ကောင်းတယ်၊ ဒီနေ့အဖို့ မင်းရဲ့တာဝန် ကျေပွန်ပါတယ်"ဟု ပြောကာ ရှေ့ဆုံးမှ စစ်ကား ကြီးပေါ် သို့ လှမ်းတက်လိုက်သည်။ ကားကြီး၏ သော့သည် ကားထဲမှာ အဆင်သင့်ပင် ရှိနေလေ သည်။
ရှိုနာစစ်သား အလောင်းများကို တောထဲတွင် တွင်းတူးမြေမြှုပ်လိုက်ပြီးနောက် ပြောက်ကျားရဲဘော် များ ပြန်ရောက် လာသောအခါ ခရိတ်သည် ကြိုတင်လွှတ်ထားသော ရှေ့ပြေးကင်းအဖွဲ့များကို ပြန် ခေါ်ယူလိုက် သည်။
ထို့နောက် ပြောက်ကျားလူငယ်တစ်ဦးအား ဒုတိယစစ်ကားကို မောင်းရန် တာဝန်ပေးလိုက်သည်။
ထိုလူငယ် က မော်တော်ကားကို စက်နှိုးလိုက်ချိန်တွင် ကျန်ပြောက်ကျားရဲဘော်များလည်း ကားပေါ် သို့ တက်လိုက် ကြသည်။ ခရိတ်က ရှေ့ကားကိုမောင်းပြီး ကားနှစ်စီးလုံး တန်းစီ၍ မောင်းထွက်ကြ လေသည်။
စစ်ဆင်ရေးတစ်ခုလုံး အစမှအဆုံးအထိ အချိန် သုံးဆယ့်ငါးမိနစ်မျှသာ ကြာလေသည်။
ကြိုတင် သတ်မှတ်ထားသောနေရာသို့ ရောက်သောအခါ ရဲဘော်လွှတ်ကောက်သည် ချုံတစ်ခုမှ ထွက်လာပြီး စစ်ကားများကို လမ်းပေါ်မှ လမ်းဘေး တောတွင်းသို့ မောင်းခိုင်းလေသည်။
ခရိတ်သည် ရှေ့ကားကို လမ်းဘေးသို့ မောင်းချပြီး သစ်ပင်အုပ်ကောင်းကောင်းတစ်နေရာသို့ မောင်းဝင် သွားရာ ဒုတိယကားသည်လည်း သူ၏ နောက်မှ လိုက်မောင်းလာလေသည်။
ထိုအခါ ပြောက်ကျားရဲဘော်များ အဖွဲ့တစ်ဖွဲ့က စစ်ကားနှစ်စီးလုံးကို သစ်ကိုင်းသစ်ခက်များဖြင့် လုံ အောင် ဖုံးအုပ် ထားလိုက်ကြသည်။
နောက် ပြောက်ကျားရဲဘော် အဖွဲ့တစ်ဖွဲ့က ကားကြီးနှစ်စီးပေါ်မှ ပစ္စည်းတွေ အားလုံးကို သယ်ချ လိုက် ကြသည်။
ထို့နောက် စောစောက သူတို့ သစ်ပင်ကြီးလှဲချ၍ လမ်းပိတ်ဆို့ထားခြင်းကို ပြန်ဖယ်ရှားလိုက်ကြ သည်။
စစ်ကားနှစ်စီးပေါ်မှ ရိက္ခာပစ္စည်းများက စုံလင်များပြားလှပေသည်။ တစ်အိတ်လျှင် ပေါင်နှစ်ရာပါ သော ပြောင်းအိတ် များ စည်သွတ်အသားဘူးများ၊ ခြုံစောင်များ၊ ဆေးဝါးပစ္စည်းများ၊ စီးကရက်၊ ဆပ်ပြာ၊ သကြား၊ ဆား စသည်တို့အပြင် ကျည်ဆန်သေတ္တာများသည် ပါရှိလေရာ ပစ္စည်းအားလုံး သည် ပြောက်ကျား တပ်ဖွဲ့ များအဖို့ အလွန်အသုံးဝင်သည့် ပစ္စည်းများချည်း ဖြစ်လေသည်။
ယင်းပစ္စည်းများကို မာတာဘယ်လီ ပြောက်ကျားတို့က လုံခြုံစွာ ၀ှက်ထားပြီး လိုအပ်မှ ထုတ်ယူ အသုံးပြုကြ လိမ့်မည်ဖြစ်ကြောင်း ခရိတ် သိနေလေသည်။
ပြောက်ကျားရဲဘော်များသည် ကျဆုံးသူ ရှိုနာစစ်သားများထံမှ ချွတ်ယူထားသော ယူနီဖောင်းဝတ် စုံများကို လဲဝတ် လိုက်ကြလေသည်။
အချိန်ကား ငါးနာရီခန့်ရှိသွားပြီ ဖြစ်သည်။
ခရိတ်သည် တူတီစခန်းမှ ရေဒီယိုဆက်သွယ်ရေး အစီအစဉ်ကို မှတ်မိလေသည်။ ညစဉ် ရှစ်နာရီ တိတိ အချိန်တွင် စခန်းမှ ရေဒီယိုအော်ပရေတာက ဆက်သွယ်၍ သတင်းပို့ချက်များကို နားထောင် လေ့ရှိသည်။
ခရိတ် သည် ရှေ့ဆုံးစစ်ကားမှ ရေဒီယို ဆက်သွယ်ရေးစက်ကို သေချာစွာ လေ့လာစစ်ဆေးကြည့် ရာ အင်အား က ဆယ့်ငါးအင်ပီယာရှိကြောင်း တွေ့ရလေသည်။
ယင်းစက်အင်အားနှင့်ဆိုလျှင် တူတီစခန်းသို့ ဆက်သွယ်နိုင်မည် ဖြစ်သော်လည်း ဟာရာရေမြို့ တော် ကိုတော့ ဆက်သွယ်နိုင်မည် မဟုတ်ဟု တွက်မိလေသည်။ ယင်းသို့ ရေဒီယိုဆက်သွယ်ရေး စက်က အင်အားနည်း နေခြင်းကိုပင်လျှင် ခရိတ်က တစ်မျိုး ကောင်းသည်ဟု ယူဆမိလေသည်။
ထို့နောက် သူသည် ပြောက်ကျားခေါင်းဆောင် ရဲဘော်လွတ်ကောက်နှင့် ဆာရာတို့အား မော် တော်ကားဆီသို့ ခေါ်ယူ၍ အစီအစဉ်များ တိုင်ပင်ကြလေသည်။
ဆယ်လီသည် တူတီလေဆိပ်သို့ နောက်တစ်နေ့နံနက် ငါးနာရီ မိနစ်နှစ်ဆယ်အချိန်တွင် ရောက် မည်ဖြစ်ပြီး သူမက ရှစ်နာရီခွဲတိုင်အောင် စောင့်နေရမည်ဖြစ်သည်။ တူတီစခန်းမှ လေဆိပ်သို့ သွား လျှင် အချိန် သုံးနာရီ ခန့် ကြာမည်ဖြစ်သည်။
ထို့ကြောင့် သူတို့သည် စခန်းမှ အစောဆုံး နံနက်ရှစ်နာရီခွဲ နောက်အကျဆုံး ငါးနာရီအချိန် ထွက် ကြမှ သင့်ပေမည်။
သူတို့သည် အကျဉ်းစခန်းဂိတ်ဝသို့ ညသန်းခေါင်းအချိန် ရောက်သွားပါက အချိန်နှစ်နာရီခွဲခန့် ရပေမည်။ ထိုအချိန် ၌ စစ်ကားများကို စခန်းဂိုဒေါင်မှ ဓာတ်ဆီဖြည့်ပြီး အကျဉ်းသားများကို လွှတ် ပေးလျက် တွန်ဂါတာ ကို တွေ့အောင် ရှာဖွေခေါ်ထုတ်ကာ မြန်မြန် ထွက်ကြရန် ရည်ရွယ်လေသည်။
အချင်းချင်း ညှိနှိုင်းတိုင်ပင်ကြပြီးနောက် ခရိတ်က ညွှန်ကြားချက် ပေးလေသည်။
"ကောင်းပြီ ကျုပ်အနေနဲ့ အုပ်စုအားလုံး ကိုယ့်တာဝန်ကိုယ်ပြန်ပြီး အသေးစိတ် ပြန်လည်သုံးသပ် တင်ပြ စေချင်တယ်။ ကဲ…ဆာရာက စပြောစမ်း"
"ဟုတ်ကဲ့ ကျွန်မရဲ့ တာဝန်က ရဲဘော်နှစ်ဦးနဲ့အတူ သံဆူးကြိုးဖြတ်တဲ့ ကိရိယာပါယူပြီး အဆောင် နံပါတ်(၁)ကို သွားရပါမယ်"
ဆာရာ ပြောသည့် ရဲဘော်နှစ်ဦးဆိုသည်မှာ ခရိတ်ကိုယ်တိုင်က သူမနှင့် အတူလိုက်ရန် တာဝန်ပေး ထားသော ပြောက်ကျားနှစ်ဦး ဖြစ်လေသည်။ တွန်ဂါတာသည် အလွန်အားနည်းနေမည်ဖြစ်၍ လမ်း ကောင်းကောင်း လျှောက်နိုင်မည် မဟုတ်သောကြောင့် ကူညီတွဲခေါ်ရန် လူငယ်နှစ်ဦး ထည့်လိုက် ခြင်း ဖြစ်လေ သည်။
အဆောင်နံပါတ်(၁)မှာ အခြားအကျဉ်းစခန်း အဆောင်များနှင့် ခပ်လှမ်းလှမ်းတွင် သီးခြားတည်ရှိ လေသည်။ တွန်ဂါတာအား အခြား အကျဉ်းသားများနှင့် မရောဘဲ သီးခြား ချုပ်ထားသည့် အဆောင်ပင်ဖြစ်သည်။
"ဟုတ်ပြီ တွန်ဂါတာကို ရှာလို့တွေ့တာနဲ့ သူ့ကို ၀င်းတံခါးမကြီး (မိန်းဂိတ်)ကို ခေါ်လာခဲ့ရမယ်။ တကယ် လို့ သူ့ဘာသာသူ ဘယ်သူမှမတူဘဲ လျှောက်နိုင်ရင်တော့ ရဲဘော်နှစ်ဦးကို တခြား အဆောင်တံခါး တွေ ဖွင့်ခိုင်းပြီး အကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ တာဝန်ပေးလိုက်မယ်"
ခရိတ် က ပြောလိုက်လျှင် ဆာရာက သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်ပြလေသည်။
"ဟုတ်ကဲ့ရှင့်၊ ကောင်းပါပြီ"
ထို့နောက် ခရိတ်က ဆက်လက်၍-
"ကိုင်း…ဒုတိယအုပ်စုကကော ဆိုစမ်းပါဦး"ဟု ပြောလိုက်ရာ-
ရဲဘော် လွတ်ကောက်က ရှင်းပြလေသည်။
"လက်နက်ကိုင် အစောင့်တွေရဲ့ မျှော်စင်ကို တာဝန်ယူဖို့ လူငါးယောက် စီစဉ်ထားတယ်"
ခရိတ် သည် မတ်တတ်ထလိုက်သည်။
”ကျုပ် ခဏခဏ ပြောခဲ့တာကိုပဲ အခုလည်း ထပ်ပြောရဦးမယ်။ သူတို့က ရေဒီယိုနဲ့ တခြားကို ဆက်သွယ် ဖို့ အချိန်မရခင် ကျုပ်တို့က ရေဒီိယိုစက်ကို အပိုင်စီးထားလိုက်နိုင်ဖို့ အရေးကြီးတယ်။ အဲဒီအတွက် ပထမဆုံး သေနတ်တစ်ချက် ပစ်လိုက်ပြီးချိန်ကစပြီး ငါးမိနစ်ပဲ အချိန်ရမယ်။ တကယ် လို့ ရေဒီယို အော်ပရေတာ က ဟာရာရေမြို့တော်က ဌာနချုပ်ကို သတင်းပို့ပြီး သတိပေးလိုက်ပြီ ဆိုရင် ကျုပ်တို့ အားလုံး သေပြီသာမှတ်ပေတော့"
ပြောရင်း နှင့် ခရိတ်သည် လက်ပတ်နာရီကို ကြည့်လိုက်သည်။
"ခုနှစ်နာရီထိုးပြီးလို့ ငါးမိနစ်ရှိသွားပြီ။ ကျုပ်တို့ ရေဒီယို ဆက်သွယ်လို့ရပြီ။ ကဲ…ရှိုနာဘာသာ စကားတတ်တဲ့ လူကို ခေါ်လိုက်ပေတော့"
ချက်ချင်းပင် ရှိုနာဘာသာစကား တတ်ကျွမ်းသူ ပြောက်ကျားလူငယ် ရောက်ရှိလာရာ ခရိတ်က မည်သို့ ဆက်သွယ်ရမည်ကို ညွှန်ကြားလေသည်။ ထိုလူငယ်ကလည်း သဘောပေါက်ပြီး သူလုပ်ရ မည့် တာဝန်ကို ပြန်ပြောပြ လေသည်။
"ကျွန်တော်ပြောရမှာက စားနပ်ရိက္ခာပို့လိုက်တဲ့ ကားကြီးနှစ်စီးအနက် တစ်စီးက လမ်းမှာပျက်နေ လို့ နောက်ကျမယ် လို့ သတင်းပို့လိုက်ရပါမယ်"
"ဟုတ်ပြီ ဆက်ပြောပါဦး"
"တကယ်လို့ သူတို့က ထပ်ပြီး မေးနေရင် ကျွန်တော်က ခင်ဗျားတို့သတင်းပို့တာ မရှင်းဘူး၊ ကောင်းကောင်း နားမလည်ဘူးလို့ပြောပြီး ရေဒီယိုစက်ကို ပိတ်ပစ်လိုက်ရပါမယ်"
ထို့နောက် ပြောက်ကျားလူငယ်သည် ခရိတ် ညွှန်ကြားသည့်အတိုင်း ရေဒီယိုစက်ကိုဖွင့်၍ စားနပ် ရိက္ခာကား တစ်စီး ပျက်ကြောင်း သတင်းပို့လိုက်ပြီးနောက်-
"ဟုတ်ကဲ့ သူတို့က နားလည်ပါတယ်လို့ဆိုပါတယ်။ ရိက္ခာကတော့ နောက်ကျမှာကိုလည်း စောင့် နေပါမယ် လို့လည်း ပြောပါတယ်"
"ဟုတ်ပြီ ဒါဖြင့်၊ ကျုပ်တို့ စားသောက်ပြီး အနားယူနေလိုက်ကြရုံပဲ"
ခရိတ်က ဤသို့ ပြောလိုက်သော်လည်း သူကိုယ်တိုင်ကမူ အစာကို ကောင်းစွာ မစားနိုင်ချေ။ ချောင်းကူး တံတား တိုက်ပွဲ၌ ရက်စက်စွာ သတ်ဖြတ်ခဲ့ကြပုံကိုသာ မြင်ယောင်လျက် စိတ်မချမ်းမသာ ဖြစ်နေမိ လေသည်။
အမှန်တော့ သူသည် သေခြင်းတရားကို အကြိမ်ကြိမ် ရင်ဆိုင်တွေ့မြင်ခဲ့ဖူးပြီ ဖြစ်သည်။ သို့ဖြစ် လင့်ကစား ယခုတစ်ဖန် လူလူချင်း သတ်ဖြတ်ကြဦးမည့် တိုက်ပွဲတစ်ခု ဆင်နွှဲရမည်ကို စိတ်ထဲမှ စက်ဆုပ်နေ မိလေသည်။
အခန်း (၃၅) ဆက်ရန်
.

No comments:
Post a Comment