သို့သော် အဘိုးကြီးက လုံးဝကြောက်ရွံ့တုန်လှုပ်ဟန် မပြဘဲ ခပ်တည်တည် နှင့်ပင် စစ်သားများအား ရင်ဆိုင် ကာ ဘာမျှမသိကြောင်း ဘူးကွယ်ခဲ့သည်။
နောင်ဆုံးတွင် စစ်သားများသည် အဘိုးကြီး၏ မှော်အတတ်ပညာကိုလည်း ကြောက်နေသဖြင့် လက်လျှော့ သွားကြလေသည်။
ရှိုနာစစ်သားများသည် ရွာသားများအား နှိပ်စက်ညှင်းပန်းခြင်း၊ ပစ္စည်းလုယူခြင်း မပြုလုပ်ပဲ ပြန်သွားကြ သည်ဟု ဆိုသည်။ သို့သော် နောက်ထပ် လာခဲ့ဦးမယ်ဟု ကြုံးဝါးသွားသေးသည်ဟု သိရသည်။
ထို့ပြင် ရှိုနာစစ်သားများသည် မိမိတို့အဖွဲ့အား အပြင်းအထန် တောနင်းရှာဖွေ နေကြသည်ဟုလည်း သတင်းကြား ရလေသည်။ စစ်သားများသည် ခြေကျင် လျှောက်၍ လည်းကောင်း၊ ကောင်းကင်မှ ရဟတ်ယာဉ် ဖြင့် လည်းကောင်း အဆက်မပြတ် လိုက်လံရှာဖွေနေကြသည် ဆို၏။
ထိုအတောအတွင်း အကျဉ်းစခန်းမှ ထွက်ပြေးလွတ်မြောက်ခဲ့သူ အတော်များများ လည်း ပြန်လည် ဖမ်းဆီး ရမိသွားခဲ့ သည်။
အကျဉ်းသားများအား စစ်ကားကြီးဖြင့် တင်ခေါ်သွားသည်ကို ကျေးရွာမှ မိန်းက လေးများကိုယ်တိုင် မြင်လိုက် ရလေသည်။ အကျဉ်းသားများမှာ အ၀တ် အစားမပါ ဘဲ သံကြိုးကြီးများဖြင့် ချည်နှောင်ထားခြင်း ခံရသည် ဟုလည်း သိရသည်။
အဘိုးကြီး ဗူဆာမန်ဇီ၏ စုံစမ်းထောက်လှမ်းချက်အရ ရှိုနာစစ်သားများသည် ဆယ်လီ၏ စက်ဆာနာ လေယာဉ်ပျက် ကို ရှာမတွေ့ကြသေးချေ။ သို့ဖြစ်လင့် ကစားအခြေအနေက အန္တရာယ် အလွန်များလျက်ပင် ရှိသေး သဖြင့် ခရိတ်တို့ လူစုအား လိုဏ်ဂူအပြင်ဘက် လုံးဝမထွက်ဘဲမနေရန်နှင့် အခြေအနေပေးပါက အဘိုးကြီးကိုယ်တိုင် လာရောက်တွေ့ဆုံမည် ဖြစ်ကြောင်းကို မိန်းမလေးများ တစ်ဆင့် ဗူဆာမန်ဇီက မှာကြားလိုက် သည် ဆို၏။
မိန်းကလေးများထံမှ ကြားသိရသော သတင်းများက သူတို့အဖွဲ့သားများအား စိတ်ဓာတ်ကျစေလေရာ ခရိတ် က အထူးကြိုးစား၍ စိတ်ပြေပျောက်အောင် ပုံပြင်များ၊ သူ၏ အတွေ့အကြုံများကို အဆက်မပြတ် ပြောခဲ့ ရလေသည်။
ကျန်လူများ စိတ်ဝင်စားစေရန် ခရိတ်က ဘုရင်လိုဘင်ဂူလ၏ သင်္ချုံင်းဂူ အကြောင်းနှင့် တကွ ယင်းသင်္ချုံင်း အတွင်းရှိ စိန်ရတနာများက မည်မျှ တန်ဖိုးကြီးမားလှပုံ စသည်တို့ကိုလည်း ပြောရင်း စိတ်ပြေပျောက် စေ ခဲ့လေသည်။
ဤတွင် သူတို့သည် စိတ်ဝင်စားလာကာ ရေအိုင်အောက်ထဲရှိ သင်္ချုံင်းဂူရှိရာသို့ ဆင်းငုပ်ရန် ခေတ်မီ ရေငုပ်ကိရိယာ များနှင့် ကျွမ်းကျင်သော ရေငုပ်သမားများ လိုအပ်ပုံ စသည်တို့ကို ဆွေးနွေးတိုင်ပင် လာကြ လေသည်။
ဆယ်လီ သည် တွန်ဂါတာအား မေးခွန်းတစ်ခု မေးလေသည်။
"ဒီမယ် ကျွန်မကို ပြောပြစမ်းပါရှင့်။ တကယ်လို့ သူတို့ပြောတဲ့အတိုင်း အဖိုး အဖြတ်နိုင်တဲ့ စိန်ရတနာတွေ တကယ်ပဲ ရှိလို့ ရှင်တို့က ရှာဖွေရရှိပြီ ဆိုပါတော့။ ဒါတွေကို ရှင်က ဘယ်လို အသုံးချမှာလဲဟင်"
"ကျုပ်ကတော့ ဒီရတနာပစ္စည်းတွေကို မာတာဘယ်လီ လူမျိုးတွေ ပိုင်ဆိုင်ခွင့်ရှိ တယ်လို့ ယူဆတယ်။ ဒါကြောင့် ကျုပ်သဘောက ရတနာတွေကို ဂေါပကအဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်းပြီး ထိန်းသိမ်းစောင့်ရှောက်ထားဖို့ တာဝန် ပေးလိုက်မယ်။
နိုင်ငံရေး အရ မာတာဘယ်လီ လူမျိုးတွေ အခုထက်ပိုပြီဲး နေရာရအောင် အသုံးချမယ်။ ဗြိတိသျှ နိုင်ငံခြားရေးရုံးနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနတွေက ကျုပ်တို့ လူတွေကို ပိုပြီး လေးလေးနက်နက် ဂရုစိုက် လာအောင် ကြိုးစားမယ်။ အဲဒါတွေ လုပ်ဖို့နဲ့ ဟာရာရေမြို့တော်က ဗဟိုအစိုးရက ကျုပ်တို့ လူမျိုး တွေကို လေးလေး စားစား သဘောထားပြီး ဆက်ဆံလာအောင် စေ့စပ်ညှိနှိုင်းပြောဆိုဖို့ လူတစ် ယောက် ကို လည်း ရွေးချယ်လိုက်မယ်"
တွန်ဂါတာက ဤသို့ပြောရာ ဆယ်လီကပင် ဆက်လက်၍-
"ဟုတ်ကဲ့ အဲဒါတွေပြီးတော့ ရှင်က မာတာဘယ်လီလူမျိုးတွေရဲ့ ကျန်းမာရေး၊ ပညာရေး စတဲ့ လူမူရေး ကိစ္စတွေရယ်၊ အမျိုးသမီးများ တန်းတူအခွင့်အရေး ရရှိဖို့ရယ်၊ အဲဒါတွေ ဆက်လုပ်မှာ မဟုတ်လားရှင့်" ဟု မေးလိုက်ပြန်သည်။
ထိုအခါ ခရိတ်ကပင် ၀င်၍
"ပြီးတော့ သူငယ်ချင်းက မာတာဘယ်လီလူမျိုးတွေရဲ့ မြေယာတွေမှာ ခေတ်မီစိုက်ပျိုးရေး လုပ်ငန်းတွေ ဖြစ်အောင် လည်း ကြိုးစားမယ် မဟုတ်လား"ဟု ပြောလိုက်လေသည်။
ဆယ်လီ သည် ခရိတ်ဘက်သို့ လှည့်၍-
"ဒီမယ်ရှင့်၊ ရေအောက်ထဲက ဘုရင့်ရဲ့ သင်္ချုံင်းဂူကို ရောက်အောင်သွားဖို့ တခြားနေရာလည်း မရှိတော့ ဘူးလား။ ရှင်ကိုယ်တိုင် နောက်ထပ်တစ်ချီ ရေထဲဆင်းငုပ်ရင် မဖြစ်ဘူးလား"ဟု မေးလိုက်ရာ ခရိတ်က ခေါင်းခါ ပြလေသည်။
"ဆယ်လီကလည်းကွာ မဖြစ်နိုင်လို့ပေါ့။. ငါ့အနေနဲ့ တစ်ကြိမ်ဆင်းငုတ်ရင် ဂူဝက ကျောက်တုံးတစ်လုံးပဲ ဖယ်ရှား ပစ်လို့ရမယ်။ အဲဒီနည်းနဲ့ ငါက နှစ်ဆယ့်ငါးကြိမ်လောက် ဆက်တိုက်ငုတ်ရမယ်ဆိုရင် ငါသေသွား မှာ သေချာ တယ်"
"ဒီလိုဆိုတော့ စိတ်ပျက်စရာကြီးပါလား။ ကျွန်မဖြင့် စိတ်ထဲ မတင်မကျကြီး ဖြစ်နေမိတယ်။ တစ်ခုခုလုပ်ရမှပဲ စိတ်ထဲ မချင့်မရဲဖြစ်ဟန်ဖြင့် ထပြီး စကြံင်္လျှောကနေလေသည်။သို့သော် ချက်ချင်းလိုပင် စိတ်ကို ပြန်လည် ချုပ် ထိန်း လိုက်ပုံ ရလေသည်။
"ကျွန်မကို ခွင့်လွတ်ကြပါနော်။ ကျွန်မ စိတ်လှုပ်ရှားလွန်းရင် ဒီလိုပြောမိပြောရာ ပြောတတ်လို့ပါ။ အလို စကားကောင်း ပြောနေလိုက်ရာ အချိန်က သန်းခေါင် တောင်ကျော်သွားပြီရှင့်" ။ သို့နှင့်ပင် စကားဝိုင်းသိမ်း ၍ အိပ်ရာဝင်ကြလေသည်။
သို့သော် ဆယ်လီသည် အိပ်မပျော်နိုင်ဘဲ ခရိတ်အား ခပ်တိုးတိုး ဆက်ပြော နေပြန်သည်။
" တွန်ဂါတာ ထောင်ကျခဲ့ရတာဟာ ကျွန်မရဲ့ ပယောဂမကင်းလို့ စိတ်မကောင်းပါဘူးရှင်။ စင်စစ် သူဟာ အလွန် လေးစား ဖို့ကောင်းတဲ့ ယောက်ျားတစ်ယောက်ပါပဲ"
"ဒီလိုလည်း စိတ်မကောင်း ဖြစ်မနေပါနဲ့ကွယ်"
"ဘာပဲဖြစ်ဖြစ် ဒီကမ္ဘာလောကကြီးမှာ တရားမျှတမှုရှိဖို့ သင့်တယ်"
"ကဲပါ ဒါတွေ စဉ်းစားမနေပါနဲ့။ အိပ်ပျော်အောင်သာ အိပ်ပါတော့"
ခရိတ် က ပြောပြီး စကားပြတ်သွားကြလေသည်။
ဆယ်လီ က အိပ်လိုက်သော်လည်း ခရိတ်ကမူ အိပ်မပျော်နိုင်ဘဲ ရောက်တတ် ရာရာ စဉ်းစားနေမိ လေသည်။
စဉ်းစားနေရင်း တစ်စုံတစ်ခုကို သတိရသဖြင့် သူသည် ချက်ချင်းထထိုင်ကာ ဆယ်လီအား နှိုးလိုက် လေသည်။
"ဟေ့…ဆယ်လီ ထပါဦးကွ"
"ဘာများလဲရှင့် အရေးထဲအလန့်တစ်ကြားနဲ့"
" မင်းရဲ့ စက်ဆနာလေယာဉ်မှာ အောက်ဆီဂျင်ပေးတဲ့ ကိရိယာ တပ်ဆင်ထား တယ် မဟုတ်လား"
"ဟုတ်တယ်လေ၊အဲဒါ ဘာဖြစ်သလဲ။ တစ်ခါတလေ ကျွန်မက ကောင်းကင် အမြင့် ပျံသန်းရတဲ့အခါ အသက်ရှူ နိုင်အောင် တပ်ဆင်ထားတာပဲ"
"ဟုတ်ပြီ စောစောက ငါဒါကို စဉ်းစားမိဖို့ကောင်းတယ်"
ခရိတ် က ပြောနေစဉ်မှာပင် တွန်ဂါတာသည် တစ်ရေးနိုးလာသဖြင့် သူတို့အနီးသို့ လျှောက်လာလေသည်။
"ဘာတွေ စကားကောင်းနေတာလဲဗျာ"
ထိုအခါ ခရိတ်က တွန်ဂါတာအား စူးရှတောက်ပြောင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ဒီမယ် သူငယ်ချင်း ကျုပ်တို့ နှစ်ယောက် ခဏ လမ်းလျှောက်ထွက်ရင်း စကား ပြောကြရအောင်"
"အခု အချိန်မတော်ကြီး လမ်းလျှောက်ထွက်မှာလား"
"ဟုတ်တယ်၊ အခုချက်ချင်းပဲ မှောင်နေတုန်းမှာ လမ်းလျှောက်ကြမယ်"
ခရိတ် က ပဟေဋ္ဌိဆန်ဆန် ပြန်ပြောလိုက်သည်။
အခန်း (၃၉) ဆက်ရန်
.

1 comment:
Thanks.
Ray
Post a Comment