ညခုနှစ်နာရီမှာတော့ သုံးထပ်တိုက်ရဲ့ အလွှာလေးတွေဟာ ပြန်ပြီး သက်ဝင်လှုပ် ရှားလာခဲ့တယ်။
မီးရောင်လေး တွေ တဖျပ်ဖျပ် လင်းလက်လာကြပြီး တီဗွီဖွင့်သံ၊ ကလေးငိုသံ၊ ဇွန်းသံ၊ ပန်းကန်သံ၊ ချက်သံပြုတ်သံ၊ စကားပြောသံ၊ လူခေါ်ဘဲလ်မြည်သံတို့နဲ့ ဆူညံလှုပ်ရှားစ ပြုတယ်။
စူးရှရှ ဟင်းနံ့ ကျွေးနံ့တွေကလဲ တစ်ကိုယ်လုံးကို ဖုံးလွှမ်းလို့။
တစ်ကိုယ်လုံးမှာ တစ်လုံးသာ ရှိတဲ့တယ်လီဖုန်းအနက်ကြီးကလဲ အဲဒီအချိန်မှာ တဂွမ်ဂွမ် မြည်စပြုတယ်။
တယ်လီဖုန်း မြည်လာတဲ့အချိန်မှာ ဆန်နီကတယ်လီဖုန်းနားမှာ ရပ်ရင်း လမ်းမ ဘက်ကို ငေးနေတယ်။ တယ်လီဖုန်း ကို သူမကြားပေမယ့် တကယ်တမ်းက တယ်လီဖုန်း လာပါစေလို့ သူဆုတောင်းနေတာ။ သူ့အမေ ရဲ့ဖုန်း မဟုတ်ဘဲ အပေါ်ထပ်လွှာတွေက တယ်လီဖုန်း လာပါ စေလို့ ဆုတောင်းနေတာ။ တီဗွီရှိတဲ့ အလွှာ တွေက ဖုန်းပေါ့။ ဒါမှ သူတီဗွီသွားကြည့်လို့ ကောင်းမယ်လေ။ တီဗွီကို ဆန်နီ သိပ်ကြိုက်တယ်။ အထူး သဖြင့် ဆန်နီ အကြိုက်ဆုံးက ကြော်ငြာနဲ့ နိုင်ငံခြားကားတွေပဲ။ ကြော်ငြာက ဆန်နီ့ကို နားလည်နိုင်စွမ်း ရှိတယ်။ နိုင်ငံခြား ကားတွေကတော့ ဇာတ်လမ်းထဲက လူကြီးတွေဟာ သူ့အဖေလို လူမျိုးတွေလို့ အန်တီ မေရီ ပြောပြထားဖူးလို့ သူကြည့်တာ။
သေနတ်ပစ်တာတို့၊ ထိုးတာ ကြိတ်တို့ကျ ဆန်နီကြောက်တယ်လေ။
'ဆန်နီ'
ထုံးစံအတိုင်း သားလုပ်သူကို ခေါ်ရင်း အန်တီမေရီရဲ့ ခန္ဓာကိုယ်ကြီး အိပဲ့၊အိပဲ့ နဲ့ အပေါ်လွှာက ဆင်လာတယ်။ အန်တီမေရီ အပြင်က ပြန်ရောက်တာ မကြာသေး ဘူး။ သားအမိ နှစ်ယောက် အန်တီမေရီ ၀ယ်လာတဲ့ ဟင်းနဲ့ နားနေတာ။ သွားတဲ့ ကိစ္စ အဆင်မပြေခဲ့လို့ စိတ်ညစ်နေတာလဲ ပါတယ်။
အန်တီမေရီဖုန်းနားရောက်တဲ့ အချိန်ကျမှ ဆန်နီကသူ့ အမေကိုမြင်တယ်။ အန်တီမေရီ ဖုန်းကောက် ကိုင်လိုက်တာ နဲ့ ဆန်နီမျက်နှာ ပြုံးရွင်သွားတာပဲ။ 'အားပါးပါး၊ အားပါးပါး နဲ့ ဆူညံနေအောင် သူ့အမေကို မေးတော့ တယ်။ အန်တီမေရီက လက်ကာပြထားရင်း စကားပြောတယ်။
'ဟုတ် ပါတယ်၊ ဘယ်သူ၊ သြော်… ဟုတ်ကဲ့…ခဏကိုင်ထားပါနော်'
အန်တီမေရီ ဖုန်းကိုဘေးချလိုက်တာနဲ့ ဆန်နီ သိပြီ။ သူ့အမေဖုန်း မဟုတ်တော့ ဘူးဆိုတာကို ဆန်နီသိပြီ။ အန်တီမေရီ က ဆက်တီစားပွဲအောက်က စာရွက်လေးတွေထဲက တစ်ရွက်ယူပြီး စာရေးလိုက်တယ်။
အန်တီမေရီ့ လက်ထဲက စာရွက်ကို ဆန်နီ လှမ်းယူဖတ်တယ်။ ပြီးတော့ မျက်နှာရှုံ့မဲ့သွာတော့တယ်။ စာရွက် ထဲမှာ ရေးထားတာက ဒေါ်ခင်လေးတဲ့။
သွားပြီ၊ အဲဒီ အခန်းမှာ တီဗွီမှ မရှိဘဲ။
ဆန်နီက စာရွက်လေးကိုင်ရင်း အပြင်ထွက်သွားတယ်။ လှေကားနားက ဒေါ်ခင်းလေးလို့ ရေးကပ်ထားတဲ့ ဘဲလ်ခလုတ် ကို နှိပ်လိုက်တယ်။ ပြီးတော့ သူတို့အခန်းရှေ့ကနေ အပေါ်ကို မော့်ကြည့်နေတယ်။ ဟော…၀ရန်တာမှာ ပေါ်လာပြီ။ ဒါက အပျိုကြီး အငယ်မ၊ ဆန်နီက လက်ဟန်ခြေဟန်နဲ့ ဖုန်းပြောပြပြီး သူတို့ အခန်းက တွဲလောင်းကြိုးလေးမှာ စာရွက် ညှပ်ပေးလိုက်တယ်။
ဆန်နီ အခန်းထဲ ပြန်ဝင်လာတော့ အန်တီမေရီက အပေါ်လွှာ ပြန်တက်မသွား သေးဘူး။ ဧည့်ခန်းက နှစ်ယောက် ထိုင် ကုလားထိုင်မှာ ကျကျနန နေရာ ယူထားပြီး နေပြီ။ စီးကရက်တစ်လိပ်ကိုလဲ လက်ကြားမှာ ညှပ်ရင်း ဖုန်းလာ ပြောမယ့် အပျိုကြီးရဲ့ အငြိမ်မနေဘဲ ဟိုလျှောက်ဒီလျှောက်နဲ့ တီဗွီကြည့်ဖို့ အကြံ ထုတ်တယ်။
'လာ…လာ၊ အန်တီခင်လေး၊ စားပြီးခဲ့ပြီလား'
အန်တီမေရီ က ထိုင်ရာမထ ဖော်ဖော်ရွေရွေ ဖိတ်ခေါ်လိုက်တယ်။
'ပြီးသေးပါဘူး အန်တီမေရီရယ်၊ ကြောင်လေးတွေအစာကျွေးနေတာ၊ ဘယ်က ဖုန်းပါလိမ့်'
အဲဒါကို ကျွန်မလဲ သိချင်နေတာ၊ ဒီတိုက်မှာ ဖုန်းလာအနည်းဆုံးဟာ ရှင်ပဲလေလို့ အန်တီမေရီက မျက်လုံး တွေနဲ့ ပြောတယ်။
ဒေါ်ခင်လေးက ဖုန်းကိုကောက်ကိုင်တယ်။ မွန့်အဖေများလား၊ မွန့်အဖေဆိုရင် မွန့်ကိုပဲခေါ်မျာပေါ့။ တစ်ခါ မှ တော့လဲ မဆက်ပါဘူး။ ဒါမှမဟုတ် ဟိုကောင်တွေ များလား၊ ကိုကြီးလား၊ ကိုလေးလား။ တစ်ခုခု တောင်းလို့ ကတော့ ခင်လေးပါးစပ် နဲ့ တွေ့သွားမှာပေါ့။
'ဟဲလို…ဒေါ်ခင်လေး ပြောနေပါတယ်၊ ဘယ်သူပါလဲ'
အန်တီမေရီက ဒေါ်ခင်လေးကို မျက်တောင် မခက်ဘဲကြည့်နေတယ်။ ဒေါ်ခင် လေး မျက်နှာ ပြုံးသွားတယ်။
'သြော်… ထွန်းထွန်းလား၊ ပြော…ပြော'
အန်တီမေရီ့ မျက်လုံးတွေ ပိုပြီးအရောင်တောက်လာတယ်။ ဆန်နီလိုပဲ မျက် တောင် တွေကို တဖျပ်ဖျပ် ခတ်တယ်။
'ဟုတ်လား၊ မေရီဂျိန်းကော နေကောင်းရဲ့လား'
အလို…အပျိုကြီးက မေရီဂျိန်းတွေ ဘာတွေနဲ့၊ သူ့မှာအန်တီမေရီတို့လို လူမျိုး အပေါင်းအသင်းတွေ ဘာတွေ နဲ့လား။
'လာမှပေါ့…ဥပုဒ်နေ့ ဆိုတော့ ပိုကောင်းတာပေါ့။ လိပ်စာလေး သေချာပြောပါဦး'
အမယ်… အပျိုကြီးက ချိန်းနေတယ်ပါလား၊ ဘယ်ကိုသွားမှာလဲ၊ ဘာကိစ္စလဲ။
'ဟုတ်တယ်၊ သွားမလို့ဟာ၊ မရောက်ဖြစ်လိုက်ဘူး၊ ဒီနှစ်တော့ ရောက်အောင် သွားမယ် မှန်းထားတယ်၊ စိတ်ချ၊ စိတ်ချ၊ လာမယ်၊ မေရီဂျိန်းကို ပြောလိုက်နော် … ထွန်းထွန်း'
ဒေါ်ခင်လေး ဖုန်းကိုချလိုက်တာနဲ့ အန်တီမေရီ ပါးစပ်ထဲက စီးကရက် မီးခိုးတွေ ကို မြန်မြန်မှုတ် ထုတ်လိုက် တယ်။ ဒေါ်ခင်လေး လှမ်းပေးတဲ့ ပိုက်ဆံငါးကျပ်ကို ရုတ်တရက် မယူသေးဘဲနဲ့…
'အန်တီခင်လေး တို့မှာ မေရီတို့လို ကပြားမိတ်ဆွေရှိလား၊ ဟုတ်လား'
'မရှိပါဘူး… ဘာပြုလို့လဲ'
'သြော်…အန်တီခင်လေး ပြောတဲ့ထဲမှာ မေရီဂျိန်း ဆိုတာလေ…ပါသလားလို့'
ဒေါ်ခင်လေး ရဲ့ စပ်စုရန်ကောဆိုတဲ့ မျင်နှာထားကို အန်တီမေရီ ကတော့ နည်းနည်းမှ မဖြုံဘူး။
'ဥပုဒ်နေ့ ကျရင် အဲဒီမေရီဂျိန်းတို့ဆီ အန်တီခင်လေးတို့သွားမလို့လား၊ ဟုတ်လား'
'အင်း… ဟုတ်တယ် သူငယ်ချင်း တစ်ယောက်လေ၊ မေရီဂျိန်း ဆိုတာ နာမည် ပြောင်ပေါ့'
ဒေါ်ခင်လေး က ပိုက်ဆံကို စားပွဲပေါ် တင်ခဲ့ပြီး လှည့်ထွက်လိုက်တယ်။
'ထိုင်ပါဦးလား… အန်တီခင်လေးရဲ့၊ ဖြည်းဖြည်းပေါ့'
'ရတယ်၊ ရတယ်၊ မထိုင်တော့ဘူး၊ ကလေးတွေ အစာကျွေးလျက် တန်းလန်း ကြီးမို့'
အန်တီမေရီ က သိပ်မကျေနပ်ချင်ဘူး။ ဒါပေမယ့် ဘာတတ်နိုင်မှာလဲ။
'ဟုတ်ပြီ…ဟုတ်ပြီ၊ ဂွတ်နိုက်၊ ဂွတ်နိုက်၊ အန်တီခင်လေး'
ဒေါ်ခင်လေးက ဘာမှပြန်မပြောဘဲ သုတ်ခြေတင်သွားတယ်၊ ဟုတ်တယ်၊ ဒီက ဘာပြန်ပြောရမှာလဲ၊ ဘာဂွတ်နှိုက် လဲ။ သူတို့လို ဒီကမှ မနှိုက်တတ်တာ။
ဒေါ်ခင်လေးဆောင့်ဆောင့်၊ ဆောင့်ဆောင့်နဲ့ ပြန်တက်သွားချိန်မှာ ဖုန်းက ထပ်မြည်လာပြန်တယ်။ အန်တီမေရီ ဖုန်းထကိုင်ရပြန်တယ်။
ဂနာမငြိမ် ဖြစ်နေတဲ့ ဆန်နီရဲ့ အားပါးပါး၊ အားပါးပါးသံက ဆူညံဘာပြန်တယ်။
'ဟုတ်ပါတယ်၊ ကြည့်လိုက်ပါဦးမယ်နော်၊ ခဏလေးကိုင်ထားပါ'
အန်တီမေရီ ဖုန်းကို ဘေးချလိုက်တာနဲ့ အနားရောက်လာတဲ့ ဆန်နီ့ကို အန်တီမေရီက လက်ဟန်ခြေဟန်နဲ့ အမြွာညီအစ်မ တို့ အခန်းလို့် ပြောလိုက်တော့ ဆန်နီ ပိုသဘောကျသွားတယ်။ (အမြွာညီအစ်မကို ဆန်နီက သိပ် သဘောကျ တာကိုး)။ တဟဲဟဲနဲ့ သွားတဖြဲဖြဲ လုပ်ပြီး သူ့အမေ ရေးထားတာက ဒေါ်သင်းသင်းတဲ့။ အမြွာညီအစ်မရဲ့ အမေပေါ့။
ဆန်နီက ခေါင်းညိတ်ညိတ်နဲ့ စာရွက်ကို ယူပြီး အပြင်ကို သုတ်ခနဲ ပြေးတယ်။ ပြီးတော့ လှေကားနားက ဦးထွန်းနိုင် ဆိုတဲ့ ဘဲလ်ကို မနှိပ်တော့ဘဲ တိုက်အပေါ်ထပ်ကို အပြေးတက်တော့တယ်။ အခန်းကို ရောက်တော့ မှ တံခါး ခေါက်တယ်။ ဖွင့်ပေးတဲ့သူက အမြွာညီအစ်မထကြ တစ်ယောက်။
'ဟော…ဆန်နီ၊ ဘာလဲ'
ကောင်မလေးက ပြုံးပြီးမေးငေါ့ နှုတ်ဆက်တယ်၊ ဆန်နီရဲ့ အားပါးပါးအသံတွေ ဆူညံသွားရင်း စာရွက်ကို ထိုးပေး တယ်။ လက်ကလဲ လက်ဟန်ခြေဟန် လုပ်ပြတယ်။
'ဖေကြီးရေ…မေကြီးဖုန်း၊ သမီး သွားနားထောင်ရမလား'
'အေး… အေး မရောက်သေးဘူး ပြောလိုက်ပေါ့'
ကောင်မလေး အခန်းထဲ ပြန်ဝင်သွားတာနဲ့ ဆန်နီနောက်က လိုက်သွားတယ်။ ပြီးတော့ အားပါးပါးသံတွေ ဆူပြီးအမြွာ ညီအစ်မရဲ့ အဖေကို မေးတော့တယ်။ သူဘာလုပ်ပေးရမလဲတဲ့၊ မီးပြင်ပေးရမလား၊ ရေရ သလား၊ နံရံကို ဆေးသုတ် မလားနဲ့ စုံအောင်မေးရင်း သူ့မျက်လုံးက တီဗွီမှာ ရောက်နေတယ်။ အားလုံးက သူ့ကို ပြုံးကြည့်နေကြတယ်။
'သူ…တီဗွီကြည့်ချင်လို့…အဲဒါ သိလား၊ လာ…လာ ဆန်နီ၊ ဒီမှာလာကြည့်နော်'
သူ့ကို လက်ဟန်ခြေဟန်နဲ့ ထိုင်ကြည့်ဖို့ ခေါ်လိုက်တော့မှ ဆန်နီရဲ့ အားပါးပါး အသံရပ်ပြီး တီဗွီရှေ့မှာ ထိုင်ကြည့် တော့တယ်။
အန်တီမေရီကတော့ ဆန်နီအခန်းထဲ ပြန်မလာကတည်းက သိပြီ။ ဆန်နီတီဗွီ ကြည့်နေပြီဆိုတာရယ်၊ နောက်ထပ်ဖုန်းလာရင် သူကိုယ်တိုင် ထွက်ခေါ်ရတော့ မယ်ဆိုတာရယ်။ တီဗွီကို တော်တော်ကြိုက်တဲ့ ကလေး လေး။ အန်တီမေရီ စိတ်လဲ မကောင်းပါဘူး။ သူ့အတွက် တီဗွီလေးတစ်လုံး ပွဲခလေးမြက်မြက်ရတဲ့ အခါ မှာ ၀ယ်ပေးမလို့ စိတ်ကူးရှိပါတယ်။
'အန်တီမေကြီး ဖုန်းဆိုလို့…'
'သြော်…အေး…သမီးလား'
အမြွာကောင်မလေးတစ်ယောက်ကို အန်တီမေရီခေါ်လိုက်ရပေမဲ့ စိတ်ပျက် သွားတယ်။ သူ့အမေ ပြန်မလာ သေးဘူး ထင်တယ်။ ဒါဆို ဘာမှ အန်တီမေရီ သိရမှာ မဟုတ်တေ့ဘူး..။
'ဟဲလို…ပြောပါရှင်…၊ မေကြီးပြန်မရောက်သေးပါဘူး သြော်…အန်တီ…'
ဘာပဲဖြစ်ဖြစ် အန်တီမေရီက စီးကရက်ဖွာရင်း နားစွင့်လိုက်တယ်။
'ဟုတ်လား၊ သမီးတို့ကတောင် မိုးချုပ်လို့…၊ ဟဲ…ဟဲ…သမီးတို့ကမပူပါဘူး၊ ဖေကြီးကသာ ထွက်…ထွက် မျှော်နေတာ၊ ဒါဆိုမေကြီး လှည်းတန်းထိပ်မှာ သမီ်းတို့အတွက် မုန့်ဝယ်နေတာထင်တယ်၊ အန်တီတို့ ဒီနေ့ ထောကြော ပေါ့…ဟုတ်လား'
အင်း…ဒါဆိုရင် သူတို့အမေ အရောင်းအ၀ယ် တစ်ခုခုဖြစ်ပုံရတယ်။ အခုတလော မြေတို့၊ အိမ်တို့ထက် သူတို့အစိမ်းတွေ၊ အနီတွေက ပိုအလုပ်ဖြစ်တယ်။ ဒါပေ မယ့် အန်တီမေရီနားမလည်တာက ခက်တယ်။ အဲဒီဟာတွေကလဲ နားလည်မှ။ နားမလည်ရင် ခံရမယ်။
'ဟုတ်ကဲ့…ဟုတ်ကဲ့… ပြော…အန်တီ၊ဟုတ်ကဲ့…ရှစ်နာရီနော်…အန်တီ၊စိတ်ချပါအန်တီ၊ သမီးပြောလိုက် ပါ့မယ်၊ ဟုတ်ကဲ့…၊ ဟုတ်ကဲ့ အန်တီ'
ကောင်းမလေး ဖုန်းချလိုက်ပြီး 'အန်တီ' လို့ ခေါ်လိုက်တဲ့ အန်တီမေရီရဲ့ မှိန်းနေတဲ့ မျက်လုံးတွေ ပွင့်လာ တယ်။ အန်တီမေရီ ပြုံးလိုက်တယ်။
'သမီးတို့ အမေ ပြန်မရောက်သေးဘူး ဟုတ်လား၊ သမီးတို့ အမေ အလုပ်က ဖြစ်တယ်နော်'
အန်တီမေရီက စပ်စုဖြစ်အောင် စပ်စု လိုက်သေးတယ်။ ကောင်မလေးက 'ဟုတ်ကဲ့'၊ ဟုတ်ကဲ့ ပဲ လိုက်ပြီး အန်တီမေရီထက် ဦးအောင် 'ဂွတ်နိုက်အန်တီ' တဲ့။
အန်တီမေရီ အောင့်သက်သက်နဲ့ 'ဂွတ်နိုက်သမီ်း' လို့ပြောပြီး ကျန်ရစ်ခဲ့တယ်။
စီးကရက်ဘူးကို ဆွဲမယ်လုပ်ပြီးမှ လက်ဖက်ရည် သောက်ချင်စိတ်က ဖြစ်လာ တယ်။ ဖုန်းခက လက်ဖက်ရည် ချိုင့်ဆွဲ တစ်ခွက်ဖိုးတော့ ရပြီလေ။ ဆန်နီမှမရှိဘဲ။ ဘယ်လိုလုပ်သွားဝယ်မလဲ။ ခက်တယ် ဒီကောင်လေး နဲ့တော့၊ တော်တော်နဲ့ ပြန်လာမှာမဟုတ်ဘူး။ သူပြန်မချင်း အပေါ်တက်လို့မရသေးဘူး။ အောက်လွှာမှာ ပဲ အန်တီမေရီ သူ့ကို စောင့်ရမယ်။ ဖုန်းလဲစောင့်ရင်းပေါ့လေ။ အင်း…စိတ်ဝင်စား စရာ ကောင်းမယ့် ဖုန်းတစ်လုံး လောက်တော့ လာကောင်း ပါရဲ့လေ။
ဖြူပြာ ပြန်တက်လာတော့ အခန်း တံခါးက ဖွင့်ထားတယ်။ ဖေကြီးတစ်ယောက် ၀ရန်တာမှာရပ်လို့လေ။ လမ်းဘက် ကို မျှော်ကြည့်နေတယ်။ အင်း…ဖေကြီး (သို့မ ဟုတ်) ဘီယာထွန်း (ဖြူပြာ) တို့မောင်နှမသုံးယောက် ပေးထားတဲ့ လျှို့ဝှက်နာ မည်) တစ်ယောက် ဒီနေ့အဖို့တော့ မျှော်ရကျိုး နပ် ပါလိမ့်မယ်။
'ဖေကြီးရေ၊ အန်တီခင်ဆီကဖုန်း၊ မေကြီးပြန်ရောက်ပြီမှတ်လို့တဲ့၊ မေကြီးက လှည်းတန်းထိပ်မှာ ဆင်းမယ်ဆိုလို့ သူချခဲ့တာတဲ့။ နက်ဖြန်အတွက် မေကြီးကို ဆယ်နာရီချိန်းထားတာ၊ အဲဒါ…မဟုတ်တော့ဘူး၊ ရှစ်နာရီလာဖို့ပြောတာ၊ ဒီနေ့မေ ကြီးတို့ အလုပ်ဖြစ်တယ်သိလား ဖေကြီး၊ သမီးတို့အတွက် လှည်းတန်း ထိပ်မှ မုန့်ဝယ်တာနေမှာ၊သိလား'
မျက်မှန်အောက်က ဖေကြီးမျက်လုံးတွေ ၀င်သွားသလိုပဲ။ ဖြူပြာပြောတာတွေကို ခေါင်းညိတ် နားထောင် ရာက လမ်းဘက်ကိုကြည့်ပြန်တယ်။
'ကဲ…ဖေကြီး သွားကြိုလိုက်ဦးမယ်၊ တံခါးပိတ်လိုက်'
ဖြူပြာက အမြွာညီအစ်မရဲ့ မူ့ပိုင် ပုံစံအတိုင်း ပခုံးလေးတွန့်ပြီး လျှာလေးတစ် လစ်ထုတ်လိုက်တယ်။ ပြီးတော့ တံခါးပိတ်လိုက်ပြီး ဧည့်ခန်းထဲဝင်ခဲ့တော့ ဘိုး ဘိုးက ပက်လက်ကုလားထိုင်ပေါ်ကနေပြီး ဖြူပြာကို စောင့်နေ ရတာ ကြာပြီဆို တဲ့ပုံနဲ့။
'ဖြူပြာ…နင့်အမေ ဘာဖြစ်လို့လဲ'
ဘိုးဘိုးကလဲ တကယ့်ကွိုင်ပဲ။ နေရာတကာ သိချင်နေတာပဲ၊ ဖြူပြာက ကြည်ပြာ ထိုင်နေတဲ့ နှစ်ယောက် ထိုင်ခုံမှာ ၀င်ထိုင်လိုက်တယ်။
'ဘာမှမဖြစ်ပါဘူး ဘိုးဘိုးရဲ့၊ မေကြီး လှည်းတန်းထိပ်မှာ ဈေးဝယ်နေတယ်တဲ့၊ အဲဒါ ဖေကြီး သွားကြိုတာသိပြီလား'
'ဟာ…ဈေးက ဒီအချိန် ဖွင့်သေးလား၊ ဘယ်လို မြို့ပါလိမ့်ကွာ'
အမြွာညီအစ်မက ရယ်လိုက်ကြတယ်။ ပြီးတော့ ဖြူပြာက ခေါင်းကိုကုတ်ဖွပြီး စိတ်ပျက်တဲ့ဟန်ပန်ကို ဗွီဒီယိုမင်းသမီ်း အညံ့စားတွေ လုပ်သလိုမျိုး လုပ်လို့။
'ဈေးကတော့ ပိတ်ပြီပေါ့ ဘိုးဘိုးရဲ့၊ ဒီအချိန်ကြီး ဘယ်ဖွင့်မှာလဲ၊ မေကြီးက အပြင်ဘက်ဈေးတန်းမှာ ၀ယ်တာ၊ မုန့်ဝယ်တာ၊ ဟင်းချက်စရာမဟုတ်ဘူး'
ဖိုးဘတင် က ခေါင်းတဆတ်ဆတ် ညိတ်တယ်။
'သြော်…သိပါဘူး၊ ဟဲ့…ဟိုကလေးကော၊ ခုထိ ပြန်မလာသေးပါလား၊ မိုးချုပ်လှပြီ'
ဝတ်ကျေတမ်းကျေ စိတ်မရှည်သလို ဖြေပြီး တီဗွီကို အာရုံစိုက်နေတဲ့ မြေးလုပ် သူကိ ဖိုးဘတင်မကျေမနပ် လှမ်းကြည့်တယ်။ ဘယ်နှယ့်ဟာလေးတော့လဲ မသိပါဘူးဗျာ။ ညရှစ်နာရီ ထိုးခါနီးအချိန်ဟာ အစောကြီး တဲ့လား။ ခုချိန်ထိလဲ ညစာမစားကြသေးဘူး။ ပြီပြီ…ဖိုးဘတင်တို့ကတော့ ခြောက်နာရီကတည်းက စားပြီးပြီ။ ဒါတောင် သင်းတို့နဲ့ကျ အကျင့်ပျက်တာ။ အညာမှာဆို အဘိုးကြီး အဘွားကြီးနှစ်ယောက် ညနေငါးနာရီ စားသောက် ပြီးပြီ ခုလိုအချိန် ရှစ်နာရီဆို အိပ်ရာထဲရောက်ပြီ၊ အိပ်ပျော်နေပြီ။ ဒီမှတော့ တီဗွီ မပြဲီးမချင်း ဖိုးဘတင် ဘယ် လိုမှ အိပ်လို့မရဘူးမှတ်။
ဆက်ရန်
.

4 comments:
မရွှေစင်
ကျွန်တော်လာရောက်ပီးစာတွေဖတ်သွားတယ်နော်
ကျွန်တော်လည်း ဘာရေးရမှန်းမသိလို့ 
လက်တစ်ဆုပ်စာဘလော့ ရွာလေးထဲ ဖြတ်ပြေးမိရင်း
မမရွှေစင် အိမ်ဝင်ပြီး တီဗီ လာကြည့် သွားတယ်။
ဒပပေမဲ့  တီဗွီ မပြီးခင်တော့  အိပ်ရအုံးမယ်လေ..၊
မနက် ထုံးစံအတိုင်း ...။
ဖတ်သွားတယ် အစ်မရေ...
အမရေ .... ရုံးရောက်ရောက်ချင်းလူလစ်တာနဲ့ မရွှေစင်ဘလော့ကိုအပြေးအလွှားဖတ်လိုက်တယ်.. အဲတာ မနက်တိုင်း duty လေ .. ကျေးဇူးအများကြီးတင်ပါတယ်အမ...
Post a Comment