Monday, October 25, 2010

ရွှေပင်လယ်ဆီးသည်သို့ အပိုင်း (၆) ဇာတ်သိမ်း

အောင်ပြီ၊ အောင်ပြီ၊ တို့အောင်ပြီ

စင်ဒီ။ မတ်လ ၆-၁၀။
နောက်ပိုင်းတွင် တီဗွီကို ကျွန်မတစ်ချိန်လုံး ထိုင်မကြည့်နေတော့ပါ။ သည်နိစ္စဓူဝအလုပ်ကို ကျွန်မ စွန့်ထား လိုက်ပါပြီ။
သို့သော် ဘာစိတ်ကူးပေါက်လာမှန်းမသိဘဲ မတ်လ ၆ ရက်နေ့၊ မနက် ၄ နာရီအချိန်ကြီးတွင် သတင်းဖွင့်ပြီး ကြည့်နေ မိသည်။ မကြာခင် ကျွန်မ စောင့်နေခဲ့သည့် သတင်းကို ကြားရ မြင်ရပါလေ တော့၏။
စစ်သုံ့ပန်း တွေကို လွှတ်လိုက်ပြီ။

ဆော်ဒီအာရေဗျမြို့တော်၊ ရီယဒ်လေယာဉ်ကွင်းတွင် သူတို့ လေယာဉ်ပေါ်မှ ဆင်းလာနေကြ၏။
ဟော သူ့ကို ကျွန်မ လှမ်းမြင်လိုက်ရပါပြီ။ အ၀ါရောင် လေသူရဲဝတ်စုံနှင့် လိမ္မော်ရောင်လည်ပတ် ကို ကုပ်ပိုး တစ်ဝိုက် တွင် ပတ်ထား၏။ လေယာဉ်ကွင်းတွင် စုဝေးနေကြသည့် အရာရှိကြီးတွေကို ကလစ် က အလေးပြု လိုက်သည်။ ဂိုင်းဟန်တာက သူ့နောက်မှာ။ တစ်လှမ်းချင်း လျှောက်ဆင်းလာ ၏။ သူ့ကြည့်ရသည်မှာ လုံးဝ ကျန်းမာသေး ဟန်မတူ။

ခဏနေတော့ သူ့လေတပ်အုပ်စုဆရာဝန် ဒေါက်တာဂျိုးဝဲလ်လီးစ်ကို သူလှမ်းမြင်သည်။ မိတ်ဆွေ ဆရာဝန် ဆီ ပြေးသွားပွေ့ဖက်ပြီး သူရှိုက်ကြီးတငင်ငိုပါတော့သည်။
ကျွန်မ လည်း တစ်ယောက်တည်း ထအော်လိုက်မိ၏။ ပြီးတော့ ဒူးညွှတ်ကျသွားသည်။
" အို အဘ ဘုရားသခင်၊ အရှင့်ကျေးဇူးတော်ကား ကြီးမားလှပါသည်ဘုရား "
ကျွန်မ ကို သတင်းထောက်တွေ လာတွေ့တော့ ကျွန်မသည်လို ထည့်ပြောလိုက်ပါသည်။

" သူလွတ်လာတဲ့နေ့ကလောက် ကျွန်မ ဘယ်တုန်းကမှ ရင်မခုန်ခဲ့ဖူးပါဘူး။ ဟိုတုန်းက ကျွန်မ ပြော လေ့ရှိ ပါတယ်။ ကျွန်မ ဘ၀မှာ အပျော်ဆုံးနေ့ဟာ လက်ထပ်တဲ့မင်္ဂလာဦးနေ့ပါလို့။ ဒါပေမယ့် အဲဒီထက် ပျော်ရတဲ့ နေ့က သူလွတ်လာတဲ့နေ့ပါပဲ "

ထိုနေ့ညပိုင်းတွင် တယ်လီဖုန်း မြည်လာသည်။ ၂ လကြာခဲ့ပြီးနောက်ပိုင်း ကျွန်မ ယောက်ျား၏ အသံကို ပထမဆုံး ပြန်ကြားရခြင်းဖြစ်ပါသည်။
ဘဂ္ဂဒက်မှ ထွက်ခွာလာပြီး ၃ ရက်အကြာတွင် " မာစီ " ဟုခေါ်သည့် ရေတပ်ဆေးရုံသင်္ဘောပေါ်မှ သူဖုံးဆက် ခြင်းဖြစ်ပါသည်။
သူ့အသံ တွင် အားမပါလှပါ။ လွတ်လာလို့ ပျော်နေပုံရသော်လည်း အလွန့်အလွန် အားနည်းနေပုံရ ပါသည်။

" မင်းအတွက် တစ်ချက်မှ ကိုယ်ရတက်မအေးရဘူး စင်ဒီ၊ သံတိုင်တွေကြားက အခန်းကျဉ်းကလေး ထဲမှာ နေပြီး ငါ့မှာ ချစ်စရာ မိသားစုရှိတယ်။ ငါချစ်တဲ့တိုင်းပြည်ရှိတယ်ဆိုတာတွေနဲ့ပဲ အားတင်းနေ ခဲ့ရတယ် "
သူ အသက်မရှူအား ဘဲ စကားတွေ ဆက်ပြောနေ၏။

" မင်းနဲ့ ခုလို စကားပြောခွင့် ပြန်ကြုံပါတော့မလားဆိုပြီး ကိုယ်ခဏခဏ သံသယစိတ်တွေဝင်ခဲ့တယ်။ သိပ်ထူးဆန်းတာရှိသေးတယ်။ အသေကောင်တစ်ယောက်လို အိပ် ပျော်နေရာက ဖျတ်ခနဲ နိုးလာရင် ဒီအချိန်ဟာ မင်းလည်း နိုးနေမှာပဲ၊ ကိုယ့်အကြောင်း စဉ်းစားနေမှာပဲ၊ ကိုယ်လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ဘုရားမှာ ဆုတောင်းနေမှာပဲလို့၊ ဒါမှမဟုတ် ကိုယ့်အတွက် တစ်ခုခု လုပ်နေမှာပဲလို့ ထင်နေမိတယ်။ တကယ်တော့ ကိုယ့်အသက်မသေအောင် ကိုယ့်ကို အားအင်တွေ ဖြည့်ဆည်းပေးနေတာ မင်း ပါပဲ စင်ဒီ"
နောက် ၄ ရက်အကြာတွင် အင်ဒရူးလေတပ်စခန်းထဲမှ လေယာဉ်ပြေးလမ်းကြောင်း နံဘေးတွင် ရပ်စောင့်နေသည်။ သံဆူးကြိုးကာထားသည့် လေယာဉ်ကွင်း အပြင်ဘက်တွင် စောင့်ကြိုနေသူက အထောင် အသောင်း။

အချို့က စည်းရိုးနှင့်ကပ်လျက် အဆောက်အအုံပေါ်ကို တွယ်တက်နေကြ၏။ အော်ဟစ်ကြိုဆိုကြ၊ အလံတွေ ဝှေ့ယမ်းကြ၊ ဖြစ်သလို ရေးယူလာသည့် ကြွေးောက်ာသံဆိုင်းဘုတ်တွေ ထောင်ကြနှင့်။
သူတို့ အားလုံး အီရတ်တို့လက်မှ ပြန်လွတ်လာသည့် စစ်သုံ့ပန်းတွေကို အူလှိုက်သည်းလှိုက် ကြိုဆို နေကြခြင်း ဖြစ်သည်။
" လွတ်လပ်ရေး " ဟူသည့် လေယာဉ်ဆင်းလာသံကြားလိုက်သည်နှင့် လူအုပ်ကြီး၏ အော်သံသည် လေယာဉ်သံကို ဖောက်ထွင်းပြီး မိုးယံသို့တိုင် ပျံ့လွင့်သွားလေတော့၏။ ကျွန်မ အသက်ရှူရပ်သလို ဖြစ်သွား သည်။

လေယာဉ် ဆိုက်ပြီးသည်နှင့် တံခါးဝတွင် ကလစ်၏ ပုံသဏ္ဍာန်ပေါ်လာသည်။ အစိမ်းရောင် လေသူရဲ ၀တ်စုံဝတ်ထား၏။ ဂျာကင်ကလည်း အစိမ်းရောင်။
ကြိုဆိုနေကြသည့် အရာရှိကြီးတွေကို တစ်ဦးချင်း သူနှုတ်ဆက်နေသည်။ ပြီးတော့ အစီအစဉ်အရ တန်းစီချ ထားသည့် ခေါက်ကုလားထိုင်ဆီကို သူဆက်လျှောက်သွားသည်။
ကျွန်မ မထိန်းနိုင်တော့ပါ။ မစောင့်နိုင်တော့ပါ။

တားထားသည့် ကြိုးအောက်က ငုံ့ဝင်ပြီး သူ့ဆီသို့ တအားပြေးချသွားမိပါတော့သည်။ ပြီးတော့ သူ့ရင်ခွင်ထဲ ကို ခုန်ဝင်လိုက်၏။ နှစ်ယောက်သား တအားဖက်ထားချိန်တွင် ရာပေါင်းများစွာသော ကင်မရာများမှ မီးတွေ တဖျပ်ဖျပ်ပွင့် နေကြ၏။ သို့ သော် ကျွန် ဘာကိုမှ သတိမထားမိတော့။ ကျွန်မအာရုံတွင် သတင်းထောက် တွေ မရှိတော့။ လာရောက် ကြိုဆိုသူတွေ မရှိတော့။ ဘ၀တူ မိသားစုတွေ မရှိတော့။

သို့သော် ထိုတဒင်္ဂမှာ သိပ်ကို တိုတောင်းလွန်းပါသည်။ ကျွန်မ သူ့ကို လွှတ်ပေးလိုက်ရ၏။ သူ့နောက် တည့်တည့်က ခုံတွင် နေရာရအောင်ယူပြီး ကျွန်မထိုင်သည်။ သူပခုံကိုမလွှတ်တမ်း နောက်မှ ကိုင်ထား၏။
ကြိဆိုဂုဏ်ပြုအခမ်းအနားမှာ ခပ်ကျဉ်းကျဉ်းဖြစ်သော်လည်း စိတ်လှုပ်ရှားစရာကောင်းပါသည်။ ပြီး တော့ ဧည့်ခံပွဲစသည်။ ကလစ်က ကျွန်မကို ဖက်ထားလျက်က အရာရှိတွေနှင့် လိုက်မိတ်ဆက်ပေးသည်။ သူတို့အထဲ တွင် ပြုံးနေသည့် ဂိုင်းဟန်တာလည်းပါ၏။

ပြီးတော့ ကျွန်မတို့ကို မေရီလင် ရေတပ်ဆေးရုံသို့ ခေါ်သွားသည်။ ကားနောက်ခန်းတွင် ကတ်ကတ် သတ်သတ် ထိုင်ရင်း သူ့ကို ကျွန်မလက်မှ လက်ကောက်ကလေးကိုပြလိုက်၏။ သူ့နာမည် ထိုးထားသည့် " စစ်သုံ့ပန်း " အထိမ်းအမှတ်လက်ကောက်ကလေး။
" အဲဒါပေါ့ ကိုယ့်မှာ အားအင်တွေပြည့်နေတာ ဒါလေးကြောင့်ပေါ့၊ မင်းအမြဲတမ်းစောင့်နေတယ်ဆိုတာ ကိုယ်သိနေတာ လည်း ပါတယ်လေ "
သို့သော် သူ့မျက်လုံးစိမ်းများတွင် သောကရိပ်များ သန်းလျက်ရှိနေဆဲဖြစ်၏။ နောက်ဆုံးတွင်မှ ၀န်ခံစကား ဆိုလာသည်။

" ကိုယ် တတ်နိုင်သမျှ တင်းခံပါသေးတယ်ကွာ၊ နောက်ဆုံး မခံနိုင်လွန်းလို့ ကိုယ်အိမ်လိပ်စာ ပေးလိုက် ရတယ်၊ စိတ်မကောင်းပါဘူး မိန်းမရယ် "
ကျွန်မမျက်ရည်တွေ လည်လာသည်။ သည့်အတွက် သူ ဘယ်လောက်ခံစားနေရကြောင်း မြင်လိုက် ရ၍ ဖြစ်ပါ၏။
" သြော် မောင်ရယ် အဲဒီအတွက်ဘာမှ စိတ်မကောင်း မဖြစ်ပါနဲ့၊ ကျွန်မတို့အိမ်က လူတိုင်းသိ၊ လူတိုင်းမြင်တဲ့ အိမ်ဖြစ် နေပြီပဲ၊ တီဗွီသတင်းမှာ မမြင်ချင်အဆုံးလေ "
အီရတ်တီဗွီရှေ့တွင် တစ်လုံးမျှမထွက်ဘဲ အနာခံပြီး တင်းထားခဲ့တဲ့အတွက် ကျွန်မ ဘယ်လောက် ဂုဏ်ယူ နေကြောင်း ပြောပြလိုက်သည်။

" မောင် ဘယ်လောက်ခံစားရတယ်ဆိုတာ ကျွန်မ သိပ်သိတာပေါ့ကွယ် "
သူ ကျွန်မ ကို ခဏတွေကြည့်နေသည်။ မျက်လုံးတွေ အ၀ိုင်းသားနှင့်။
" နိုင်တယ်၊ ကိုယ်တို့နိုင်တယ် "
သူ့လက်နှစ်ဖက် ပေါ်သို့ မျက်နှာမှောက်ချလိုက်ပြီး သူ ငိုချလိုက်သည်။ ပြီးမှ ဆို့ဆို့နင့်နင့်အသံကြီးဖြင့် ဆက် ပြောသည်။
" သူတို့ကို တစ်ခုမှ မပြောခဲ့ဘူး၊ ဘာဆိုဘာမှ မပေးခဲ့ဘူး "

သြော် သူတိုက်ခဲ့ရသည့် တိုက်ပွဲက ပြင်းထန်လွန်းလှပါကလား။ ခုမှ ဘယ်ရွေ့ဘယ်မျှ ပြင်းထန် ကြောင်း ပြန်တွေးမိ နေပုံရ၏။
ဆေးရုံရောက်တော့ ကလစ်ကို စစ်ဆေးပြီး တစ်ညတာခွင့်ပေးလိုက်သည်။ ကျွန်မတို့ကို တည်းမည့် ဟိုတယ် သို့ ဒေါက်တာဂျိုးဝဲလီးစ်က ကားမောင်းပို့သည်။
ဟိုတယ်ရောက်တော့ မန်နေဂျာက ကျွန်မတို့အတွက် ရောက်နင့်နေသည့် စာတွေကို ထုတ်ပေးလာ သဖြင့် ကျွန်မ တို့ အံ့သြမဆုံးဖြစ်ရပြန်ပါသည်။
" ကျွန်တော်တို့ ဟိုတယ်မှာ တည်းနေသခိုက် ဗိုလ်မှူးကြီးတို့ ဇနီးမောင်နှံအတွက် အခန်းခရော၊ စား သောက်စရိတ် ရော၊ တခြား ဟိုတယ်ဆောင်ရွက်ခ အားလုံး အခမဲ့ပါခင်ဗျာ "ဟု မန်နေဂျာက ပြောပြန် သဖြင့် ထပ်ပြီးပါးစပ်အဟောင်းသားဖြစ်ရပြန်၏။

သူပြောသည့်အတိုင်း ကျွန်မတို့ စိတ်ချမ်းသာလက်ချမ်းသာရှိပါ၏။ ဟိုတယ်ဝန်ထမ်းအားလုံးက အထူး တလည် ဂရုစိုက်ပြုစု ကျွေးမွေးကြ၏။
နောက်ဆုံးအခန်းထဲတွင် နှစ်ယောက်တည်းကျန်ရစ်ချိန်တွင် ကျွန်မ ခါးကိုဖက်ပြီး ကျွန်မ လက်နှစ်ဖက်ဖြင့် သူလည်ပင်း ကို သိုင်းဖက်စေ၏။ နောက်အချိုဆုံးပြုံးပြီးပြောသည်။
" ကိုယ် အရမ်းဆာနေပြီ "တဲ့။
စားစရာတွေ ကို အခန်းထဲမှ ကျွန်မတို့ လှမ်းမှာလိုက်ကြသည်။

" နောက်ဆိုရင် အစားအသောက်နဲ့ ပတ်သက်ပြီး ဘာစားရမယ်ဆိုတာ ဘယ်တော့မှ ပုံသေသတ်မှတ် မထား တော့ဘူး၊ မက်မက်မောမော မလုပ်တော့ဘူး "ဟု သူအလေးအနက်ပြောရှာသည်။
ပြီးတော့ မျက်တောင်တဖျပ်ဖျပ်ခတ်ရင်း သူစားသည်။ အလုပ်ကြမ်းသမားနှစ်ယောက်စာ သူစားပစ် လိုက်၏။ ပန်းကန်တွေ တက်တက်ပြောင်သွားသည်။ သို့သော် ပန်းသီးနှစ်လုံးကိုတော့ ညလယ်စာ အဖြစ် သူချန်ထား ၏။ ရက်သတ္တ ပေါင်းများစွာ နိုးလာတိုင်း သူဆာနေမည်မှာ ဧကန်ဖြစ်ပါသည်။

ကျွန်မတို့ နှစ်ယောက်သား ခုတင်ဘောင်တွင် ထိုင်ရင်း စတက်ဖနီ့ဆီကို ဖုန်းခေါ်ကြသည်။ ပြီးတော့ ကလစ် ၏ မိဘများ နှင့် သူငယ်ချင်း အပေါင်းအသင်းအားလုံးကိုခေါ်ပြီး နှုတ်ဆက်သည်။
ကျမကို ၀ိုင်းဝန်းစောင့်ရှောက်ကြသည့်အတွက် ကျေးဇူးတင်ကြောင်း သူအထူးပြုပြီးပြောနေ၏။ ပြီးတော့ ကန့်ကွက် စာရေးခြင်း၊ စစ်ဆင်ရေးတွင် ပါဝင်ကြသည့် မိတ်ဆွေတွေဆီကိုလည်း ကျွန်မတို့ ဖုန်းဆက် ဖြစ်ကြ ၏။

နောက်ဆုံးတွင်မှ သူရေချိုးသည်။ ရေချိုးခန်းမှထွက်လာပြီးမျက်နှာသုတ်ပ၀ါဖြင့် ရေသုတ်တော့ ကျွန်မ သေသေ ချာချာ ကြည့်နေမိ၏။ ကျွန်မ အလွတ်ရနေသည့် ချစ်သူ၏ ခန္ဓာကိုယ်သည် ဘုရား ဘုရား။
မကြည့်ဝံ့၊ မမြင်ဝံ့စရာ ဒဏ်ရာ ဒဏ်ချက်တွေ အပြည့်နှင့် ဖြစ်နေပါပြီကော၊ နံရိုး၊ တင်ပါးဆုံ၊ ဒူးနှင့် ပခုံးသား တစ်ဝိုက်တွင် ဧရာမ ဒဏ်ရာကြီးတွေ။
ထုထုပြီး ခရာချင်စရာကောင်းသည့် ကြွက်သားအဖုဖုများလည်း သူ့တွင် မရှိတော့။ သြော် မသေရုံ တမယ် ငတ်ပြတ်ပြီး အသက်ဘေးမှ သူလွတ်မြောက်လာခြင်းပါကလား။
သူ့ ကို စောင့်ကြည့်နေမှန်း သူ့မှန်ထဲတွင် မြင်သွားတော့ သူက ရယ်စရာပြောသည်။

" ဘဂ်ကဒက်က ပြုပြင်ပေးလိုက်တဲ့ မောင့်ရဲ့ ခန္ဓာကိုယ်လေ " တဲ့။
ပြီးသည် နှင့် ကျွန်မ နံဘေး အိပ်ရာပေါ်သို့ သူလဲပြိုခွေကျလာတော့သည်။
သူ့ပခုံးသား နှစ်ဖက် ကို ကျွန်မ အသားအယာပွတ်သပ်ပေးနေမိ၏။

" အင်း ရိုက်နှက်ဖို့ လက်မျိုးနဲ့ မဟုတ်ဘဲ ကြည်နူးစရာလက်နဲ့ အသားကို အထိခံရတာ သိပ်ပျော် စရာေ ကာင်းတာ ပဲနော် "ဟု ဆိုရှာသည်။
အပေါ်ယံ အလွှာအောက်မှ သူ၏ပြင်းထန်သည့် စိတ်လှုပ်ရှားမှုကို ကျွန်မ ခံစားနေရပါ၏။ ကျွန်မတို့ နှစ်ယောက်သား တစ်သက်လုံးအတူ မျှဝေခံစားသွားရမည့် စိတ်လှုပ်ရှားမှုမျိုး။
သို့သော် သည်တဒင်္ဂတွင် ထိုအရာကို ကျွန်မတို့ ဖယ်ထား၍ ရပါသေးသည်။

အရေးကြီးဆုံးနှင့် အဓိကအကျဆုံးကို ကျွန်မတို့ နှစ်ယောက် ပြန်လည်ရယူပိုင်ဆိုင်ခဲ့ကြပြီမဟုတ်လား။
သူ မသေမပျောက် ပြန်ရောက်လာပြီလေ။ ကျွန်မ ရင်ခွင်ထဲကို သူပြန်ရောက်လာပြီလေ။ ကျွန်မနှင့် သူ့အကြားတွင် တားဆီးနေခဲ့သည့် ရေပင်လယ်ကြီး ပျောက်ကွယ်သွားလေပြီ။ ပြီးတော့ အနှစ် ၂၀ တိုင်တိုင် ခွဲခွာ နေခဲ့ရသည့် အတိတ်ကာလ တစ်ကဏ္ဍသည်လည်း ပိန်းကြာဖက်တွင် ရေမတင်သကဲ့သို့ ကင်းစင် လွင့်မျော ကာ သွားခဲ့လေပြီ။
မတတ်သာ၍ ခပ်ခွာခွာ နေခဲ့ရချိန်များ၊ ပြန်လည်၍ တွေ့ဆုံကြုံကြိုက်ခဲ့ချိန်များ၊ သူငယ်ချင်းလိုနေ ခဲ့ကြရ သည့် ကာလများ၊ ပြီးတော့ ချစ်သူ့ဘ၀ တဒင်္ဂအချိန်ကလေး။ အခက်အခဲပေါင်းများစွာ၊ ဖြတ် သန်းမှု့ပေါင်း များစွာ။

ဤသည် ဤသည်တို့ကို ကျော်ဖြတ်ခဲ့ပြီ။ ကျွန်မတို့နှစ်ယောက် ပြန်လည်တွေ့ဆုံခဲ့ကြပါလေပြီ။
    စင်ဒီ။     ကလစ်သည် ပုံမှန်အနေအထားသို့ ရုတ်တရက် ပြန်ရောက်မလာခဲ့ပေ။ သည်အတွက် ကလစ် စိတ်ဓာတ် တွေ ကျလျက်ရှိ၏။ ပြီးခဲ့သည့် အနိဋ္ဌာရုံဖြစ်ရပ်တွေကို သူနောက်မှာ ချန်ထားခဲ့ချင်ပြီ။ မြန်မြန် ပြန်ပြီး ကျန်းမာချင်လှပြီ။ မြန်မြန်ပြန်ပြီး လေယာဉ်မောင်းချင်လှပြီ။

တဖြည်းဖြည်းနှင့်တော့ တိုးတက်လာနေ၏။ သို့သော် နှေးကွေးလှသည်။ အသေအလဲ အားထုတ်ခဲ့ရသည်။
သားကလေး စတီဖင် ဖရီးဒမ်း အက်ခရီကိုရတော့မှ ကျွန်မယောက်ျား ပုံမှန်နီးပါး ပြန်ဖြစ်လာ၏။ သားကလေး ကို သူလွတ်လာပြီး တစ်နှစ်ကျော် အကြာ ၁၉၉၂ ခုနှစ်၊ မတ် ၃ ရက်နေ့တွင် သူ့အတွက် ကျွန်မ မွေးပေး ခဲ့သည်။ ကလစ်သည် သူ့သားကလေးကို ရင်နှင့်အမျှ ချစ်ရှာ၏။

အချိန်၏ ကုစားမှုကြောင့် သူ၏ စစ်သုံ့ပန်းဘ၀ ဝေဒနာများ တဖြည်းဖြည်း လျော့ပါးလာခဲ့၏။ ဖအေ ဘ၀ လောက် အရေးကြီးသည့် အရာမရှိပြီဟု သူထင်လာ၏။ သားကလေးသည် အဖေ၏ ရောဂါကုစားရာတွင် အရေး အပါဆုံး ဆေးဝါးဖြစ်လာခဲ့၏။

၁၉၉၆ ခုနှစ်၊ ဖေဖော်ဝါရီလထဲတွင် ဒုတိယသားကလေး မတ်ဧဒွတ်အက်ခရီရလတော့ ကျွန်မတို့ အိမ်ထောင်စု ကလေး ပို၍ စိုပြည်လာသည်။
၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာလထဲတွင် ဖလော်ရီဒါရှိပင်ဆာ ကိုလာ လေတပ်စခန်းကို ပြောင်းခဲ့ကြရသည်။ ကလစ် ကို တာဝန်အသစ် တစ်ခု ပေးပြီး လွှတ်လိုက်ကြခြင်းဖြစ်၏။
ကျွန်မယောက်ျားတွင် သုံ့ပန်းဘ၀၏ ဒဏ်ရာ ဒဏ်ချက်များ ကျန်ရှိနေသေးသော်လည်း သည်ဘ၀ အတွေ့အကြုံ များကြောင့်ပင် ပိုမို ရင့်ကျက်လာကာ ဘ၀ကို ပို၍ တန်ဖိုးထား၊ မြတ်နိုးရကောင်းမှန်း သိလာသည် ဟု ကမန်မ ထင်ပါသည်။ သူလွတ်လာပြီး မကြာမီ ၀ါရှင်တန် ရောက်နေစဉ် တစ်နေ့ကို ကျွန်မ မှတ်မိ နေပါသည်။ ကျွန်မတို့ နှစ်ယောက်သား ပိုတိုမက်မြစ်ကမ်းနဖူးတွင် လမ်းလျှောက်နေခိုက်ဖြစ်၏။

ကျွန်မတို့၏ ဦးခေါင်းပေါ်တွင် ပန်းရောင် ဂျပန် ချယ်ရီ အစိမ်းဖူးကလေးတွေ၊ အ၀ါပွင့်ကလေးတွေ ဝေ နေသည်။ သည်လို သာမန်မြင်ကွင်းကလေးမျိုးကိုပင် သူ မှတ်မှတ်ရရ ခံစားနေရပုံရသည်။
ပြာလဲ့ နေသည့် ကောင်းကင်၊ လေအဝေ့တွင် တရွေ့ရွေ့ လှုပ်ခါနေသည့် သစ်ရွက်ကလေးများ၊ ခေါင်းပေါ် တွင် ဖြတ်ပျံသွားသော ငှက်ကလေးများကို ခုမှမြင်ဖူးသလို သူ ငေးမောနေသည်ကို ကျွန်မ သတိထား မိနေ၏။

သူသည် ဦးခေါင်းကိုအသာမော့ပြီး အေးမြလန်းဆန်းနေသည့် လေကို တ၀ကြီးရှူနေ၏။
ပြီးတော့ သူ့မျက်လုံးတွေ တဖျပ်ဖျပ် အရောင်တောက်လာပြီး ကျွန်မကိုပြောသည်။
" အင်း လွတ်လပ်မှုရဲ့ အရသာကို ဘာနဲ့မှ မလဲနိုင်ဘူး။ အဲဒီ တန်ဖိုးကို မဆုံးရှုံးဖူးရင် လွတ်လပ်မှုရဲ့ အဓိပ္ပာယ် ကို ဘယ်သူမှ ပြည့်ပြည့်၀၀ နားလည်နိုင်မယ် မထင်ဘူး "
(Reader's Digest November 2001)
-----------------------------
ပြီးပါပြီ
.

6 comments:

ahphyulay said...

လွတ်လပ်တဲ့ အရသာကို ဘာနဲ့ မှ မလဲ နိုင်ဘူး တဲ့ 
သိပ်မှန်တာပဲဗျာ..၊ နောက်ဆုံးတော့ သည်းခံခြင်း၊ဇွဲ၊သတ္တိ
တို့ က အရာရာကိုကျော်ဖြတ် ခဲ့ ပြီပဲ။
အင်း ပြီးသွားတော့ မှ မွန်းကျပ်နေတာတွေ
ပြေရော့  သွားတော့ တယ် ။

မြတ်မွန် said...

လွပ်လပ်တဲ့ အရသာကို ဆုံးရှုံးနေကြရတာ ကြာနေပြီ..
ဒါပေမယ့်လဲ ...

Anonymous said...

ခုလို မြန်မြန် ဇာတ်သိမ်းသွားတဲ့ ဝတ္တုတိုလေးတွေ ဖတ်ရတာပဲ ကောင်းတယ်.. အရှည်ဆို စောင့်ဖတ်၇တာ စိတ်မရှည်လို့.. ဟီးး

သိင်္ဂါကျော်

Anonymous said...

ကလစ်ရဲ့ မိဘနှစ်ပါးနဲ့ သမီးလေး ခံစားချက်တွေ မပါဘူးနော်။ မျှမျှတတလေး ထည့်ပေးရင် ပိုကောင်းမယ်။

လွှတ်ပေးဖို့လာတဲ့ အီရတ်ကြီးက ခင်ဗျားမှာ သားသမီးရှိလားလို့ အရင်မေးတာ သဘောကျသွားတယ်။ သူ့မလဲ သားသမီးတွေ ရှိလို့လားမသိ။

ကိုဇော် said...

ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် မိသားစုတွေနဲ့ ဘယ်တော့များမှ ပြန်တွေ့ခွင့်ရပါ့မလဲ။ မလွတ်မလပ်နဲ့ ကပ်ညှပ်သပ်ခံနေရတဲ့ ဘဝတွေပါလား။

ချော(အစိမ်းရောင်လွင်ပြင်) said...

အစအဆုံး လာဖတ်သွားပါတယ်..
“အင်း လွတ်လပ်မှုရဲ့ အရသာကို ဘာနဲ့မှ မလဲနိုင်ဘူး။ အဲဒီ တန်ဖိုးကို မဆုံးရှုံးဖူးရင် လွတ်လပ်မှုရဲ့ အဓိပ္ပာယ် ကို ဘယ်သူမှ ပြည့်ပြည့်၀၀ နားလည်နိုင်မယ် မထင်ဘူး " ဆိုတဲ့ နောက်ဆုံးစာကြောင်းတော့ အကြိုက်ဆုံးပါဘဲ။ သိပ်မှန်တာဘဲ လွတ်လပ်မှုရဲ့ တန်ဖိုးဟာ ဘာနဲ့မှ အစားထိုးမရသလို မဆုံးရှုံးဖူးရင်လည်း ကိုယ်ချင်းစာတတ်မှာ မဟုတ်ပါဘူး။
ဆုံးရှုံးဖူးသွားရင်တော့ တန်ဖိုးထားရကောင်းမှန်းသိသွားကြပြီ။