မခံနိုင်သည့်အဆုံး
ကလစ်၊ ဇန်န၀ါရီလ ၁၈-၂၀။
နံနက်ခင်းလေသည် အရိုးစိမ့်အောင် တိုက်ခတ်နေ၏။ ယူနီဖောင်းဝတ် အီရတ် ၄ ယောက် ကျွန်တော်တို့ကို ၀ိုင်းထားလိုက်ကြသည်။ ကျွန်တော်တို့ ကစ္စတိုနှင့်ရေဒီယို အစရှိသည့် ခန္ဓာကိုယ် မှာ ရှိသမျှပစ္စည်းတွေကို သိမ်းလိုက်ကြသည်။ ကျွန်တော် လုံးဝ စိတ်မလှုပ်ရှားပါ။
စင်ဒီထည့်ပေးလိုက်သည့် ဘီစကွတ်မုန့်ထုပ်ကို ဆွဲယူလိုက်မှ ကျွန်တော် ဒေါပွမိခြင်းဖြစ်၏။ မုန့်ထုပ်ကို မိုင်းဗုံးများ ထင်နေသလားမသိ။ အခြားပစ္စည်းတွေနှင့်အတူ လွှင့်ပစ်လိုက်သည်။ သြော် သူတို့စားမိလျှင် လျှာလည် သွားမည့် ဘီစကွတ်တွေမှန်းသူတို့ မသိရှာကြပါကလား။
အီရတ်စစ်သားတွေက ဂိုင်းကို မြေကြီးပေါ်တွင် ထိုင်ခိုင်းပြီး သူတို့တွင် ပါလာသည့် ဆေးသတ္တာကို ထုတ်ကာ ဒဏ်ရာကို ပတ်တီးစည်းပေးသည်။ ကျွန်တော်က အံ့သြသည့် အမူအရာဖြင့် ကြည့်နေ တော့ သူတို့အထဲမှာတစ်ယောက်က မပီမသ အင်္ဂလိပ်စကားဖြင့် " ဒါ မူဆလင်ထုံးစံပါ " ဟုရှင်းပြ သည်။
ကျွန်တော့် ဦးခေါင်းနောက်ပိုင်းတွင် မှန်ထားသည့် ဒဏ်ရာမှ သွေးတွေစီးကျလာ၏။ ဇက်နာသွား ခြင်းနှင့် ရောပြီး ချက်ချင်း ကျွန်တော် သတိမထားမိ။ ကျွန်တော့်ကိုလည်း ဆေးထည့်၊ ပတ်တီး စည်း ပေး၏။
အဖမ်း ခံရပြီး မိနစ် ၂၀ လောက်မှာ သူတို့ ဆက်ဆံပြုမူပုံတွေ အဆင်ပြေပါ၏။ ဂျနီဗာစာချုပ်နှင့် ကိုက်ညီပါ၏။ သို့သော် ရှေ့တွင် မကြာခင်တွေ့ရမည့် ရက်စက်ကြမ်းကြုတ်မှုတို့ကို ကျွန်တော်တို့ ကြိုတင် မြင်နိုင်စွမ်း မရှိခဲ့ကြပါ။
ကားတစ်စီးဖြင့် ယာယီစခန်းတစ်ခုပြီးတစ်ခုပြောင်းပြီး ကျွန်တော်တို့အား တစ်နေကုန် စစ်ဆေးမေး မြန်းပါလေတော့၏။
ပထမဆုံးဆင်းရသည့်နေရာတွင် ကျွန်တော်တို့အား ဇက်ချိုးခေါင်းငုံ့ခိုင်းပြီး ခေါ်သွားပါသည်။ နောက် တစ်ယောက် က လက်နှစ်ဖက်ကို နောက်ဘက်မှ လက်ထိပ်ခတ်လိုက်၏။ ၀တ်ထားသည့် သတ္တု လက်ကောက် အပေါ် မှ ထပ်ခတ်လိုက်ခြင်းဖြစ်၍ သွေးမလျှောက်နိုင်လောက်အောင် တင်းကျပ်နေ၏။
မလှမ်းမကမ်းတွင် ဂိုင်းကိုလည်း ကျွန်တော့်နည်းတူ သူတို့ လုပ်ထားကြပြီးပြီ။ ပြီးမှ နှစ်ယောက်စလုံးကို မျက်နှာဖုံး စွပ်ပြီး ကားပေါ် ထိုးတင်လိုက်ကြသည်။
ကူဝိတ်တွင် ၃ နေရာပြောင်းပြီး ကျွန်တော်တို့ကို စစ်သည်။ နေရာတိုင်းတွင် အရိုက်ခံရသည်။ ကျွန်တော်နှင့် ဂိုင်း က နာမည်၊ လူမျိုး၊ ရာထူးမှလွဲပြီး ဘာသတင်းမှမပေး။
ကျွန်တော်တို့ဆီက သူတို့လိုချင်သည့် သတင်းမရလေ သူတို့တတွေ ဒေါကန်လေလေဖြစ်နေကြ ၏။ သူတို့၏ ရိုင်းစိုင်းရက်စက်ပုံကို ကျွန်တော် အံ့သြမကုန်ဖြစ်နေသည်။
နောက်ဆုံးတွင် ကျွန်တော်တို့ကို ညအိပ်ထားမည့်နေရာသို့ ခေါ်သွားကြသည်။ ကားပေါ်တွင်ပင် သေသွားမလား အောက်မေ့ရလောက်အောင် ပင်ပန်းသည့်ခရီးဖြစ်၏။
သည်နေရာ ရောက်မှ ပေါင်မုန့်တစ်ချပ်နှင့် ပြောင်းဖူးဟင်းရည်တစ်ဇွန်း၊ ရေတစ်ခွက်ပေးပါသည်။
နောက်တစ်နေ့ မနက်တွင် ဘဂ္ဂဒက်မြို့ထဲမှ ၂ ထပ်တိုက် တစ်လုံးသို့ ကျွန်တော့်ကို ပြောင်းပေး သည်။ သည်အဆောက်အအုံ မှာ အီရတ်စစ်ဆေးရေးစခန်းဖြစ်ကြောင်း နောက်မှ ကျွန်တော်သိရ သည်။
ရောက်ပြီး မိနစ် ၃၀ အတွင်း ကျွန်တော့်ကိုခေါ်ပြီး စစ်သည်။
" ခင်ဗျား ရာထူး "
" ဒုဗိုလ်မှူးကြီး "
" လေယာဉ်အုပ်စုမှာ ဒုဗိုလ်မှူးကြီးဆိုရင် ခင်ဗျားဟာ အုပ်စုမှူးပေါ့၊ ဟုတ်သလား "
ကျွန်တော် ခပ်ဆိုင်းဆိုင်းခေါင်းညိတ်ပြလိုက်သည်။ သည်ကိစ္စကလေးလောက်ကို ကျွန်တော်လိမ် ထွက်လျှင် နောက်ဆက်လိမ်ရမည့်ကိစ္စအားလုံး သူတို့ယုံကြတော့မည်မဟုတ်ပေ။
ကျွန်တော် လေယာဉ်အုပ်စုမှူးဆိုလျှင် အသေးစိတ် စစ်ဆေးရေးစီမံချက်တွေ ကျွန်တော် သိရမည် ဟု တွက်ပြီးသား ဖြစ်လိမ့်မည်။ သို့သော် ကျွန်တော် ပြောလိမ့်မည်မဟုတ်ပါ။
" ခင်ဗျားတို့စခန်းမှာ ရိက္ခာနဲ့လေယာဉ်ဆီ ဘယ်နှရက်စာ ရှိသလဲ " ကျွန်တော်မဖြေ။
" ခွပ် "
အီရတ်စစ်သားတစ်ယောက် ကျွန်တော့် ဦးခေါင်းကို ဖြတ်ရိုက်ချလိုက်ခြင်းဖြစ်၏။ ခေါင်းထဲတွင် မီးပွင့် သွားပြီ ထင်လိုက်၏။
" နောက်တစ်ချက် "
အမိန့်ပေးသံနှင့်အတူ နောက်တစ်ချက် အဆော်ခံရတော့ ကုလားထိုင်ပေါ်မှ အားလျားမှောက် ကျသွား တော့၏။ သမံတလင်းပေါ်ကို မျက်နှာမှောက်ကျခြင်းဖြစ်၍ မသက်သာလှ ပါ။
ဒုတိယနေ့ ညနေပိုင်းရောက်တော့ ကျွန်တော့်တစ်ကိုယ်လုံးကို အနက်နှင့် အပြာရောင် ခါးပတ်များ ဖြင့်စည်းနှောင်ထား၏။ ရေဆာလွန်းသဖြင့် လည်ချောင်းတွေ ကွဲအက်နေပြီ။ အစာမရှိသဖြင့် လူမှာ မလှုပ်ချင် လောက်အောင် ပင်ပန်းနေ၏။ ကိုယ်ထဲတွင် ရေဓာတ်ခန်းခြောက်နေပြီ။
ဗိယက်နမ်စစ်ပွဲကာလက စစ်သုံ့ပန်းတွေအကြောင်း ကျွန်တော် အများကြီးဖက်ဖူးခဲ့ပါသည်။ ကျွန်တော် ရွေးစရာလမ်း ၃ ခုသာ ရှိ၏။ ဘာမှမပြောနှင့်၊ သတင်းတစ်ပိုင်းတစ်စပေးချင်ပေး၊ ဒါမှ မဟုတ် လိမ်ပြော။
ကျွန်တော့် ခန္ဓာကိုယ်က ကျွန်တော့်ကို အမှန်အတိုင်း ပြောခိုင်းနေပြီ။ သို့သော် ကျွန်တော့် ဦးနှောက်က လက်မခံ။ ကျွန်တော့် ရဲဘော်တွေအတွက် ကျွန်တော် အကာအကွယ်ပေးရမည်။ အနာခံပြီး ဂုဏ်သိက္ခာ ကိုထိန်းရမည်။ သူတို့ ကျွန်တော့်ကို သတ်ပစ်လိမ့်မည်တော့ မထင်ပါ။
သို့သော် ဘယ်လောက်အထိ ကျွန်တော် တင်းခံနိုင်မည်လဲ။
သူတို့ကို အရေးကြီးသည့်သတင်းဆိုလို့ တစ်စွန်းတစ်စမျှ ကျွန်တော် မပေးခဲ့ပါ။ တဖြည်းဖြည်းနှင့် သူတို့ စိတ်မထိန်းနိုင်အောင် ဖြစ်လာကြသည်။
" ကူဝိတ်ကမ်းခြေကို ကမ်းတက်တပ်သားတွေ ဘယ်ဘက်က တက်မှာလဲ "
မေးခွန်းမေးသူ ၏ အသံက ဒေါသအမျက်ချောင်းချောင်းထွက်နေပုံမျိုး။
ကျွန်တော် ဘာမှမဖြေ။ ခဏကြာတော့ သူတို့ တိုက်ကွက်ပြောင်းလာသည်။ မျက်လုံးစည်းဝတ်ကို ပင့်တင်စေပြီး AK - 47 ရိုင်ဖယ်သေနတ်ကို ပြသည်။ လက်ချောင်းများထဲတွင် ကြေးရောင်လက် နေသည့် ကျည်ဆန်တစ်တောင့်။ ကျွန်တော့်ကို သေသေချာချာ ပြပြီး မျက်လုံးကို ပြန်စည်းခိုင်းလိုက်သည်။
သေနတ်ထဲကို ကျည်ဆန်ထည့်သံ၊ သေနတ်မောင်းတင်သံ၊ အားလုံး အတိုင်းသားကြားနေ၏။ ပြီး တော့ သေနတ်ပြောင်းဝနှင့် ကျွန်တော့် နှလုံးသားတည့်တည့်ကို လာထောက်ထားလိုက်သည်။
မေးခွန်းထုတ်နေသူက စကားဆက်သည်။
" ကျုပ်က ပစ်ဆိုတာနဲ့ သူက ခလုတ်ဆွဲဖို့ လွယ်လွယ်ကလေးရယ်နော်၊ နေပါဦး ခင်ဗျားအိမ်မပြန် ချင်ဘူး လား "
ကျွန်တော့် ရင်ခုန်သံကို ကျွန်တော်အတိုင်းသား ပြန်ကြားနေရ၏။ တစ်ကိုယ်လုံး ချွေးတွေ စက်စက် နစ်လာ၏။ သည်နည်းဖြင့်တော့ ကျွန်တော် မသေချင်ပါ။ စင့်ဒီ့ကို နှုတ်မဆက်ဘဲ ကျွန်တော် မသွား နိုင်ပါ။
" ကမ်းတက်တပ်တွေ ဘယ်နေရာမှာ ဆင်းမလဲ "
" မသိဘူး "
ကျွန်တော် ဗြောင်လိမ်လိုက်သည်။ သေနတ်ပြောင်းဝသည် ကျွန်တော့်အသားထဲသို့ နစ်ဝင်လာသည်။
" ကျုပ်မသိဘူး "
ကျွန်တော် ထပ်ပြောလိုက်၏။ ကျွန်တော့် အသက်ရှူသံကို ကျွန်တော် ပြန်ပြီးရေတွက်နေသည်။ ဘယ် ထွက်သက် သည် နောက်ဆုံးထွက်သက်ဖြစ်မည်လဲ။
နှစ်မိနစ် ခန့်ကြာသွားသည်။ မေးခွန်းထုတ်သူ အရာရှိက စစ်သားကို တစ်စုံတစ်ရာ လှမ်းအမိန့်ပေး လိုက်သည်။ ကျွန်တော့်ရင်ဘတ်မှ သေနတ်ရုပ်သွားသည်။ သည်တစ်ချီတွင်တော့ ကျွန်တော် အနိုင်ရ လိုက်ပြီ။
နည်းမျိုးစုံဖြင့် ကျွန်တော့်ကို ခြိမ်းခြောက်ပြီး ၆ ကြိမ်တိတိ ထိုနေ့တွင် အစစ်ခံရသည်။ သူတို့လိုချင် သည့် သတင်း အရိပ်အမြွတ်မျှ သူတို့မရကြ။
သည်တော့ သတို့သေနင်္ဂဗျူဟာပြောင်းလိုက်ကြပြန်သည်။ ရုပ်မြင်သံကြား ကင်မရာရှေ့တွင် သူတို့ အတွက် ၀ါဒဖြန့် စကား ပြောပေးရမည်တဲ့။
နာရီပေါင်းများစွာ ညှိနှိုင်းပြီး ကျွန်တော် သဘောတူလိုက်၏။ သို့သော် သူတို့ပြောခိုင်းသည့် စကား လုံးအချို့ကို ကျွန်တော် ပြောဖို့ ငြင်းလိုက်သည်။ မတရားသောစစ်ပွဲကို ၀င်စွတ်တိုက်ခိုက်ခြင်းအတွက် သမ္မတ ဂျော့ဘုရှ်ကို ကျွန်တော်က ဝေဖန်ရမည်တဲ့။ ငြိမ်းချမ်းစွာ နေနေကြသော အီရတ်ပြည်သူများကို တိုက်ခိုက် သည့် စစ်ပွဲဖြစ်ကြောင်း ပြောရမည်တဲ့။
" ကျုပ်က စစ်သားပဲ၊ ဒီစကားမျိုး ပြောပိုင်ခွင့်မရှိဘူး"ဟု ကျွန်တော် ငြင်းလိုက်သည်။
နောက်ဆုံးတွင် တစ်မိနစ်ခွဲပြောရမည့်အစား ၁၅ စက္ကန့်နှင့် ဈေးတည့်သွား၏။
အစောင့်တွေက ကျွန်တော့်ကို တရွတ်ဆွဲခေါ်သွားကြ၏။ လင်းထိန်နေသည့် အခန်းတစ်ခန်းထဲ ရောက်တော့ ကုလားထိုင် တစ်လုံး ပေါ်ကို ပစ်တင်လိုက်ကြသည်။
ကျွန်တော် မတ်မတ်မထိုင်နိုင်ပါ။ ရှေ့တွင် လက်ထိပ်ခတ်ထားသည့် လက်နှစ်ဖက်ပေါ်သို့ ကျွန်တော့် ဦးခေါင်း က ငိုက်စိုက်ကျနေ၏။
ကင်မရာကို ကြည့်နိုင်အောင် တစ်စုံတစ်ယောက်က ကျွန်တော့် ဦးခေါင်းကို လာပင့်ပေးသည်။ သို့ သော် လည်ပင်းတစ်ဝိုက်က ကြွက်သားများ အလုပ်မလုပ်ကြတော့ပါ။ ပြန်ငိုက်ကျသွားပြန်၏။ သည်တော့ နံရံတွင် ခေါင်းမှီးထားခိုင်းသည်။ ကင်မရာဆရာ ပြန်ချိန်ရ၏။ သာမန်ကြည့်လျှင် ကျွန်တော် ထိုင်နေသည်ဟုပင် မြင်ကြ ရမည် ဖြစ်သည်။
သူတို့က ကျွန်တော့်အဆင့်၊ အသက်၊ လေတင်အုပ်စုအမည်စသည်တို့မေးပြီး
" ခင်ဗျား ဘာပြောချင်သေးသလဲ " ဟု ဆက်မေးသည်။
ကျွန်တော်က တတ်နိုင်သမျှ အသံထိန်းပြီး
" ကျွန်တော့်ဇနီးနဲ့ ကျွန်တော့်မိသားစုကို မှာချင်ပါတယ်။ ကျွန်တော် ကျန်းကျန်းမာမာနဲ့ အသက်ရှင် လျက် ပါလို့ "
ပြီးတော့မှ စကားပြန်က ကျွန်တော့်ကို သူတို့ အစီအစဉ်ကို ပြောပြသည်။
" ခင်ဗျားပြောတဲ့အတိုင်း လွှင့်ပါမယ်လို့ ကျွန်တော်တို့ တာဝန်မယူဘူးနော်" တဲ့။
သွားပါပြီ။ ကျွန်တော် စိတ်ဓာတ်အကျကြီးကျသွား၏။ ကျွန်တော့်ရုပ်နှင့် အခြားအသံထည့်ပြီး အီရတ်တွေ အမြတ်ထုတ် ကြတော့မည်။
ကျွန်တော်သည် အသားအနာခံပြီး သူတို့ကို ဆန့်ကျင်ခဲ့၏။ ကိုယ့်တိုင်းပြည်သိက္ကခာမကျအောင် ကိုယ့်ရဲဘော်တွေ အထိမနာအောင် အသက်စွန့်ရလုခမန်း ကာကွယ်ခဲ့၏။ ခုတော့ အားလုံးသဲထဲရေ သွန်ဖြစ်ရလေပြီ။
ကျွန်တော့်ကို သူတို့ တရွတ်ဆွဲခေါ်သွားကြပြန်သည်။ သတိမရတစ်ချက်၊ ရတစ်ချက်ဖြင့် ကျွန်တော် ပါသွားသည်။ တစ်ကိုယ်လုံး နာကျင်နေသည့်အထဲတွင် အနာဆုံးနေရာမှာ ကျွန်တော့်အသည်းနှလုံး ဖြစ်ပါ သည်။
ဘာကြောင့် သည်အစီအစဉ်ကို ကျွန်တော် လက်ခံမိခြင်းလဲ။ ဘာကြောင့် သူတို့အကွက်ကို ကျွန်တော် ကြို မမြင် ခဲ့ခြင်းလဲ။
ကျွန်တော့် ဗီဒီယိုတိတ်ခွေထဲမှ ပုံရိပ်သည် တစ်ကမ္ဘာလုံးကို လှုပ်လှုပ်ရှားရှားဖြစ်သွားလိမ့်မည်။ ကျွန်တော် လုံးဝ မမျှော်လင့် ခဲ့ပါ။ စင်ဒီ ကြည့်ဖြစ်လျှင်လည်း အလားတူပင် ရှိလိမ့်မည်ဟု ကျွန်တော် ထင်ခဲ့၏။
--------------------------
ဆက်ရန်
.
3 comments:
အင်း...
ကောင်းတယ်ဗျာ..ဖတ်လို့ ။
ကိုယ်တိုင် အစစ်ခံနေရသလိုပါပဲ။
ဆက်ဖတ်မယ်ဗျာ...။
ဆရာမရေ .. ဒီတခါလဲ နေ့တိုင်းမလာပဲ မနေနိုင်စေမယ့် အကြောင်းအရာတွေ လာပြန်ပီ... နေ့ တိုင်းလာလာဖတ်ပီ ဆရာမရေ..
ကြောက်စရာကြီး..ဒါမဲ့ကြိုက်စ်..
Post a Comment