Friday, October 22, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၃၈)

အခန်း(၃၈)

ခရိတ်သည် အိပ်ပျော်နေရာမှပြန်နိုးလာသောအခါ နံနက်ခင်း၏သဘာဝအလင်းရောင်ဂူ၏ မျက်နှာကြက် အမိုးရှိ အပေါက် မှ ထိုးဝင် နေပြီ ဖြစ်လေသည်။
    မိန်းကလေးများကနံနက်စာချက်ပြုပ်နေသော မီးဖိုမှမီးခိုးများလည်း တလူလူထွက်နေပြီဖြစ်သည်။
    နံနက်စာဝိုင်းစားနေကြစဉ်(အဘိုးကြီးဗူဆာမန်ဇီက စိတ်မပါ့တပါဖြင့် ခွင့်ပြုချက်အရ) ဘုရင် လိုဘင်ဂူလာ၏ ရုပ်အလောင်း အား ဒုတိယအကြိမ်ပြန်လည်သင်္ဂြိုဟ်ခဲ့ပုံအကြောင်းကို ခရိတ်က ဆယ်လီ နှင့် ဆာရာတို့အား အင်္ဂလိပ်ဘာသာဖြင့် ပြောပြ လေသည်။

    အမျိုးသမီးနှစ်ဦးစလုံးသည် အထူးပင်စိတ်ဝင်စားလာကြကာ ခရိတ်တို့ဆက်သွားကြမည့် ခရီးတွင် သူတို့ လည်း အတူ လိုက်ပါကြရန်စိတ်အားထက်သန်လာကြလေတော့သည်။
    အဘိုးကြီး ဗူဆာမန်ဇီမူ အမျိုးသမီးများလိုက်ပါခြင်းကို သဘောကျပုံမရချေ။
    ’’ သို့ရာတွင် ဆာရာကချစ်စဖွယ်ပြုံးလျက် အဘိုးကြီးနားသို့ကပ်ကာလိုက်ပါရစေဟု အတင်းချဉ်းကပ် ပူဆာလေသော အခါ အဘိုးကြီးသည် ဆာရာနှင့်ဆယ်လီတို့လိုက်ပါရန် သဘောတူလိုက်လေသည်။

 ထို့နောက်အဘိုးကြီး၏ ညွှန်ကြားချက်ဖြင့်ယောက်ျားများက ခရီးထွက်ရန် ပြင်ဆင်မူများ ပြုလုပ် ကြလေ သည်။ ဂူတွင်း တစ်နေရာ၌ရှိနေသော ရေနံဆီမှန်အိမ်တစ်လုံး၊ ပုဆိန်နှစ်လက်နှင့် ခိုင်ခံ့သော နိုင်လွန်ကြိုး တစ်ခွေ တို့ကို ထုတ်ယူလိုက်ကြသည်။
’’ ဒီနိုင်လွန်ကြိုးက အလွန်ခိုင်ခံ့သည့်အတွက် ကျွန်ုပ်တို့သည် တော်လှန်ရေး စစ်ပွဲအတွင်းက မျက်နှာဖြူ (၀န်ကြီးချုပ်  စမစ်၏) အစိုးရတပ်များထံမှ ရယူခဲ့ခြင်းဖြစ်၏ ’’
ဤသို့လျှင် အဘိုးကြီးက ကြွားဝင့်ဟန်ဖြင့်ပြောလေသည်။

ထို့နောက်သူတို့သည် စတင်ထွက်ကြရာ အဘိုးကြီးဗူဆာမန်ဇီက ရေနံဆီမီးအိမ်ကိုကိုင်လျက် ရှေ့ဆုံးမှ သွားလေသည်။ သူသည်ကြိုးခွေ၏အစကိုကိုင်ထားပြီး အမျိုးသမီးနှစ်ဦးကကြိုးကိုကိုင်လျက် အလယ်မှ လိုက်ကြရသည်။
ခရိတ်က နောက်ထပ်ရေနံဆီမီးအိမ်တစ်လုံးနှင့် ကြိုးခွေတစ်ခွေကို ကိုင်ကာနောက်ဆုံးမှ လိုက်ရလေသည်။
အဘိုးကြီး ဗူဆာမန်ဇီ သည် ရှေ့ဆောင်သွားရင်းအလွန်ကျဉ်းမြောင်းသောဂူတွင် လမ်းကျဉ်းတစ်ခုမှသွားရာ တစ်နေရာ သို့အရောက်တွင် လမ်းကနှစ်ခွဖြစ်နေလေသည်။ သို့သော်အဘိုးကြီးသည် လုံးဝ တွေဝေ စဉ်းစားခြင်း မပြုဘဲ တစ်ခုသောလမ်းသို့ ချိုးဝင်လိုက်သည်။

ခရိတ်သည်ထိုနေရာရှိကျောက်ဂူနံရံတွင်သူ၏ဓားမြှောင်ဖြင့်နံရံတွင်အမှတ်အသားပြုလုပ်ထားလိုက်သည်။နောင်အခါတွင်သူတစ်ယောက်တည်းလာရပါကလမ်းကိုမှတ်မိအောင်အမှတ်အသားပြုလုပ်ထားလိုက်ခြင်းပင်ဖြစ်လေသည်။
တောင်အတွင်းရှိ ဂူများ၊ ဥမင်လိုဏ်ခေါင်းများသည် သုံးဘက်မြင်ဝင်္ကပါတစ်ခုကဲ့သို့ အလွန်ရှုပ်ထွေး များပြား လှလေသည်။ ဂူများ နှင့် လမ်းကျဉ်းများသည် ထုံးကျောက်များလို နှစ်ပရိစ္ဆေကြာမြင့်စွာ မိုးရေ တိုက်စား၍ သဘာဝအလျောက် ဖြစ်လာကြဟန်တူလေသည်။ တစ်နေရာတွင်ထုံးကျောက်များသည် လှေကားထစ် သဖွယ်ပင် ဖြစ်နေသည် ကို ခရိတ်က သတိပြုမိသည်။

သူသည် အထူးဂရုစိုက်လျက်သွားသည့်လမ်းတစ်လျှောက်လုံး သေချာစွာမှတ်သားထားလိုက်သည်။ ထူးဆန်း သည်ကား လမ်းတစ်လျှောက်လုံး လေကောင်းလေသန့်ရရှိနေခြင်းပင်ဖြစ်သည်။
မိနစ်နှစ်ဆယ်ခန့် သွားမိသော် အလွန်မတ်စောက်သောချောက်ကမ်းပါးကဲ့သို့နေရာတစ်ခုသို့ ရောက် သွားကြ လေသည်။ ရေနံဆီမီးအိမ်အလင်းရောင်ဖြင့် ငုံ့ကြည့်လိုက်လျှင်ပင် အောက်ခြေသို့ မမြင်ရ လောက် အောင် နက်သော ချောက်ကြီးဖြစ်နေလေသည်။ ကျောက်သားများက သဘာဝ အလျောက် ချောက် ကမ်းပါး ကြီး ဖြစ်နေပုံရလေသည်။
ဗူဆာမန်ဇီ၏ညွှန်ကြားချက်ဖြင့် နိုင်လွန်ကြိုးကိုကျောက်တုံးတစ်ခုတွင် ခိုင်မြဲစွာချည်နှောင်လျက် တစ်ယောက် ပြီး တစ်ယောက် ကြိုးကိုတယ်ကာ ဖြည်းဖြည်းချင်းအောက်သို့ ဆင်းကြရာ အောက်ခြေ မှာ ပေငါးဆယ် ခန့်ရှိကြောင်း တွေ့ရ လေသည်။

အောက်ရောက်ပြန်သောအခါ နှစ်ဖက်နှစ်ချက်ကျောက်သားနံရံဖြင့်ပြီးသည့် ကျည်းမြောင်းသော နေရာ တစ်ခု ဖြစ်နေသည်ကိုလည်း တွေ့ရလေသည်။
ထိုနေရာ မှ တစ်ဆင့်အဘိုးကြီးဗူဆာမနဇီကပင် ရှေ့ဆောင်လျက် နောက်ထပ် တစ်ဆင့် ကြိုးခွေ များကို အသုံးပြု လျက် အောက် သို့ ဆက်ဆင်းကြရပြန်လေသည်။
သည်တစ်ခါဆင်းရသည်မှာ အလွန်နက်သဖြင့်ကြိုးခွေ၏အဆုံးသို့ ရောက်ခါနီကျမှပင် အောက်ခြေကို ခြေထောက် မိလေ သည်။
သူတို့ရောက်ရှိသွားသောနေရာကား မြေအောက်ရေကန်တစ်ခုအနီး ဖြစ်နေလေသည်။ သဘာဝ အလျောက် ဖြစ်နေသော ချိုင့်ဝှမ်းကြီးအတွင် မိုးရေများပြည့်၍ရေကန်တစ်ခုဖြစ်နေခြင်းဟု ထင်ရပေသည်။
ရေ ကလည်း အတော်နက်ပုံရသည်။

’’ ကိုင်း.... သူငယ်ချင်း၊ ဒီတစ်ခါတော့ရေကူးရလိမ့်မယ် ထင်တယ်ဗျို့ ’’
တွန်ဂါတာ ကမူ အဘိုးကြီးဗူဆာမန်ဇီအား လှမ်းကြည့်လိုက်လေသည်။
’’ ယခု ဘယ်ဆက်သွားရပါမည်နည်း၊ အို .... ဖခင် ’’
တွန်ဂါတာ က မေးလိုက်လျှင် အဘိုးကြီးက ရှင်းပြလေသည်။

’’ တာကာတာကာဆိုသူ ဤတောင်ပေါ်ဒေသသို့ လာရောက်စဉ်အချိန်က (ကျွန်ုပ်၏ ဘိုးအေ နှင့် ဖခင်ကြီး တို့က ဘုရင် လိုဘင်ဂူလာ၏ ရုပ်ကလာပ်ကိုထန်းသိမ်းဆောင့်ရှောက်ရန် ယူလာခဲ့စဉ်က) နှစ်ပေါင်းများစွာ မိုးခေါင်ရေရှားခဲ့သဖြင့်ဤရေကန် ၌ အလွန်ရေတိမ်ခဲ့ပါ၏။ သို့သော်နောက်ပိုင်းကာလတွင်မူ နှစ်စဉ် လိုပင် ရာသီဥတုအခြေအနေပြောင်းပြီး မိုးဆက်တိုက်ရွာသွန်း ခဲ့ခြင်းကြောင့် ရေအိုင်ထဲ၌ ရေ တဖြည်းဖြည်း ပြည့်သည်ထက် ပြည့်လာခဲ့၏။ ယခုဆိုလျှင် ရေမျက်နှာပြင်ကအလွန်မြင့်လျက် ရှိပေပြီ’’

    ဘုရင်၏ရုပ်အလောင်းသည် ဤရေအောက်တွင် ရှိပါသလာ’’
    ဟုတ်မှန်၏ ’’
    အို.... အသင် အဘိုးအို၊ ဘုရင်၏သင်္ချိုင်းကို သင်ကိုယ်တိုင်မျက်စိဖြင့်မြင်ဖူးပါသလော’’
    ခရိတ် က မေးလိုက်ရာ အဘိုးကြီးက
    ကျွန်ုပ်ကိုယ်တိုင်မမြင်ဖူးပါ။ သို့သော်ကျွန်ုပ်၏ဖခင်ကြီးက အသေးစိတ်ပြောပြခဲ့ပါသည်’’ ဟု ပြန်ဖြေ လေသည်။
    ခရိတ်သည်ရေကန်နံဘေးတွင် ဒူးထောက်ပြီးလက်တစ်ဖက်ဖြင့် ရေကိုနှုက်စမ်းကြည့်ရာ အလွန် အေးမြ လျက်ရှိကြောင်း တွေ့ရလေသည်။ ရေခဲရေကို ကိုင်ရသလိုဖြစ်နေ၍ ချက်ချင်း ပင်လက်ကို ပြန်ရုပ် လိုက်မိ လေသည်။
    ထိုအချိန်၌ တွန်ဂါတာသည် ခရိတ်အားကြည့်နေပုံက ထူဆန်းနေရာခရိတ်ကအဓိပ္ပယ်ကို ချက်ချင်း ရိပ်မိပြီး သဘောမကျ သလို ဖြစ်သွားလေသည်။
    သူငယ်ချင်းမာတာဘယ်လီ ခေါင်းဆောင်ကြီး၊ ခင်ဗျားကျုပ်ကိုကြည့်လိုက်ပုံကို နားလည် သဘောပေါက် ပါတယ်။ အဲ့ဒါ  ကိုခင်ဗျားမေ့ပစ်ရင် ကောင်းလိမ့်မယ်’’
    ကျွန်ုပ် က ရေမကူးတတ်ဘူးဗျ ’’
    တွန်ဂါတာက ပြောပြန်ရာ ခရိတ်က -
     အဲ့ဒါကိုလည်းမေ့ပစ်လိုက်ပါ’’ ဟုပြန်ပြောလိုက်သည်။

    တဖန်သူကပင်ဆက်လက်၍
    ကျုပ်တို့က ခင်ဗျားရဲ့ခါး မှာ ကြိုးနဲ့ချည်ထားလိုက်မယ်။ ခင်ဗျားဘာမှအန္တရာယ်မရှိစေရပါဘူး’’ ဟု ပြော လိုက်သည်။
    လက်နှိပ်ဓာတ်မီးကတော့ ရေအောက်မှာလည်းလင်းနေလိမ့်မည်။ ရေစိမ်ခံနိုင်တဲ့ ၀ါတာပရု အမျိုးအစားဖြစ်တယ်’’
    တွန်ဂါတာက ပြောလိုက်ပြီးနောက် -
    တစ်ခါတုန်းကခင်းဗျားဟာ အလောင်းအစားလုပ်ပြီး လင်ပိုပိုမြစ်ကိုဖြတ်ပြီးရေကူးခဲ့တာ မှတ်မိသေးလား။ လောင်းတာ က လည်းဘီယာတစ်သေတ္တာပေးကြေး လောင်းခဲ့တယ်လေဗျာ’’
    အဲ့ဒီနေ့ကကျုပ်အရက်မူးနေလို့ပါ။ အခုတော့မူးနေတာမှ မဟုတ်ဘဲ’’
    ခရိတ်ပြောရင်းဆယ်လီဘက်သို့ စစ်ကူတောင်းသလိုလှမ်းကြည့်လိုက်သည်။ သို့သော်ဆယ်လီသည် စိတ်မ၀င်စား သလို ဘာသိဘာသာနေလိုက်သဖြင့်ခရတ်လည်း စိတ်ဓာတ်ကျသွားမိလေသည်။

    လင်ပိုပိုမြစ်ထဲမှာ မိကျောင်းတွေရှိတယ် မဟုတ်လားရှင့် ’’
    ဆယ်လီကမှတ်ချက်ချသလိုပြောလိုက်ချိန်တွင် ခရိတ်သည်သူ၏ရှပ်အင်္ကျီကို ချွတ်ပစ်လိုက်ပြီး ကြိုးခွေ ကိုပါ အသင့်ပြင် ဆင်လေသည်။
    ထို့နောက်သူ၏ခြေတုတစ်ဖက်ကို ဖြုတ်ယူ၍ဘေးတွင် ချထားလိုက်သည်ကို အားလုံးကစိတ်ဝင်စားစွာ ၀ိုင်းကြည့်နေကြ လေသည်။
    ခရိတ်သည် အတွင်းခံဘောင်းဘီသာဝတ်လျက် ခြေတစ်ဖက်ဖြင့်မတ်တတ်ထလိုက်သည်။ တွန်ဂါတာ ကကြိုးခွေကိုဖြေ၍ သူ၏ခါးတွင်ချည်နှောင်ပေးရင်း-
    သူငယ်ချင်းခရိတ်မထူးပါဘူး၊အတွင်းခံဘောင်းဘီကိုပါချွတ်ပစ်လိုက်ပါတော့လား။ ဘာဖြစ်လို့ ရေစိုခံ မှာလဲ။ နောက် တော့အ၀တ်အစားခြောက်ခြောက်သွေ့သွေ့လိုမယ်မဟုတ်လား’’ ဟု ပြောလိုက်သည်။

    ခရိတ်ကမူ မလှမ်းမကမ်းရှိ ဆာရာအားညွှန်ပြလျက်-
    သူရှိနေတယ်လေဗျာ ဟုပြောလိုက်သည်။
    ကိစ္စမရှိပါဘူး သူငယ်ချင်းရဲ့။ ဆာရာက မာတာဘယ်လီအမျိုးသမိးပဲ၊ ကျုပ်တို့အမျိုသမီးတွေက ၀တ်လစ် စလစ် မြင်ရ တာကိုဘယ်လိုမှ စိတ်ထဲမအောက်မေ့ပါဘူး’’
    တွန်ဂါတာ၏စကားကိုဆယ်လီကြားသွားသဖြင့် ပြုံးလိုက်လေသည်။
    နေပါစေရှင့်၊ သူရဲ့လျှို့ဝှက်ချက်ကိုလူသိမှာ စိုးနေဟန်တူပါတယ်’’
    ဆာရာကရယ်သွမ်းသွေး၍ ပြောလိုက်ချိန်တွင်ခရိတ်သည်ချောင်းကူးတံတားတိုက်ပွဲတုန်းက ဆာရာ ကိုယ်တိုင် အ၀တ် မပါဗလာကျင်းနေခဲ့ပုံကို သတိရလေမိသည်။
    ထို့နောက် သူသည် အတွင်းခံဘောင်းဘီကိုပါချွတ်ပစ်လိုက်ပြီးရေထဲဆင်းလိုက်လေသည်။

ဆက်ရန်
.

4 comments:

မြတ် said...

မရွှေဇင်
စာပိုဒ်နှစ်ခါထပ်နေလို့

လသာည said...

ခြေထောက်တစ်ဘက်ထဲရှိတာတောင် ရေကူးနိုင်တယ်နော်.. အံ့ရော..။

ဟုတ်သား.. စာပုဒ်နှစ်ခါ ထပ်ရိုက်မိတယ်ထင်တယ်။

SHWE ZIN U said...

ပြန်ပြင်ထားလိုက်ပါပြီဗျာ ကျေးဇူးပါ

Anonymous said...

Thanks.

Ray