Sunday, October 24, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၃၈)အဆက် (၂)

ကျောက်ဂူ ခန်းမကျယ်ကြီးကို စနစ်တကျ နေရာပိုင်းခြား သတ်မှတ်လိုက်ကြသည်။ အလယ်ကောင်ရှိ မီးဖို ကြီး ပတ်ဝန်းကျင်တွင် အားလုံးအတွက် ၀ိုင်းထိုင်စကားပြောခြင်း၊ စားသောက်ခြင်းတို့အတွက် သတ်မှတ် ထားပြီး ခရိတ်နှင့် ဆယ်လီတို့အတွက်ထောင့် ကျကျ အစွန်တစ်နေရာ သတ်မှတ်ကာ တွန်ဂါတာနှင့် ဆာရာ တို့အတွက်လည်း တစ်ဖက်အစွန် ထောင့်နားတွင် နေရာသတ်မှတ်လိုက်ကြသည်။
လိုဏ်ဂူ၏ အပေါ်မှတဆင့် ယိုစိမ့်ကျသောရေကို ကြွေအိုးတစ်လုံးဖြင့် ခံထားခြင်းအားဖြင့် သူတို့အား လုံး အတွက် ရေလုံလောက်လေသည်။

တစ်နေရာတွင် သဘာဝအလျောက်ဖြစ်နေသော တွင်းတစ်တွင်းရှိရာ ယင်းတွင်းကိုပင် အိမ်သာအဖြစ် အသုံးပြုကြလေသည်။
ဤသို့လျှင် လူသားတို့၏ အခြေခံအချက်များ ပြည့်စုံနေပြီဟု ဆိုနိုင်သော်လည်း တစ်ခု လိုနေသေးသည် ကား ဖတ်စရာ စာအုပ်စာတမ်း ဘာမျှမရှိခြင်းပင် ဖြစ်သည်။ အထူးသဖြင့် ခရိတ်လို စာရေးဆရာတစ်ဦးအဖို့ ဖတ်စရာ ဘာစာအုပ်မှ မရှိခြင်းသည် ဦးနှောက်အတွက် ဆာလောင်မွတ်သိပ်စေသကဲ့သို့ ဖြစ်နေတော့ သည်။

ပျင်းရိငြီးငွေ့ခြင်းကို ပြေပျောက်စေရန် ဆရာမ ဆာရာက ဆယ်လီအား မာတာဘယ်လီဘာသာ သင်ကြား ပေး လေသည်။ ဆယ်လီကလည်း စိတ်ပါဝင်စားစွာ လေ့လာဆည်းပူးလေရာ ခဏလေးနှင့်ပင် သူမ သည် အခြားလူများ မာတာဘယ်လီဘာသာဖြင့် စကားပြောလျှင် နားလည်စ ပြုလာလေသည်။ ဆယ်လီ ကိုယ်တိုင် ကလည်း အထိုက်အလျောက် ပြန်ပြောတတ်လာသည်။
ဘာမှ လုပ်စရာမလိုဘဲ အပန်းဖြေ အနားယူသလို နေရသော ထိုကာလအတွင်း တွန်ဂါတာ၏ ကျုန်းမာရေး အခြေအနေ သည် သိသိသာသာ တိုးတက်ကောင်းမွန်လာလေသည်။  သူ၏ ခန္ဓာကိုယ်သည် အကျဉ်းစခန်း မှာ ကဲ့ သို့ ပိန်ချုံးမနေတော့ဘဲ မူလအတိုင်း ပြန်လည် ပြည့်ဖြိုတောင့်တင်းလာလေသည်။ ခွန်အားဗလ လည်း ကောင်းမွန်လာသည်။

ညဘက် စားသောက်ပြီးချိန်တွင် မီးဖိုဘေး၌ ထိုင်ရင်း အာလာပသလ္လာပစကား ပြောကြရာ၌ ခရိတ်သည် တွန်ဂါတာနှင့် အတိတ်ကာလတစ်ခုက ရင်းနှီးစွာ ပေါင်းသင်းခဲ့ရပုံကို ပြန်လည်သတိရမိသည်။
တစ်ခါသော် ဆယ်လီက တောင်အာဖရိကနိုင်ငံ မျက်နှာဖြူအစိုးရ၏ အသားအရောင် ခွဲခြားမှုဝါဒအကြောင်း ဝေဖန်ပြောဆိုရာ တွန်ဂါတာက ဟန်ဆောင်ပြီး မခံချင်ယောင် ဟန်လုပ်၍ ပြောလေသည်။
’’ မဟုတ်ဘူး ပင်ဒူလာ မဟုတ်ဘူးဗျ’’

(မှတ်ချက်။ ။ တွန်ဂါတာက ဆယ်လီအား ပင်ဒူလာဟူသော မာတာဘယ်လီ နာမည်ပေးထားပြီးဖြစ်၍ ယခု ပင်ဒူလာဟု ခေါ်လိုက်ခြင်းဖြစ်သည်။ ပင်ဒူလာ၏ အဓိပ္ပာယ်က စကားတစ်ခွန်း ပြောလိုက်လျှင် ချက်ချင်း တစ်ခု ပြန်လည်ချေပတတ်သူဟူ၍ ဖြစ်သည်။)

’’ပင်ဒူလာ ဒီလိုလည်း မပြောပါနဲ့ကွာ။ တောင်အာဖရိကနိုင်ငံက မျက်နှာဖြူအစိုးရကို ရှုတ်ချမယ့်အစား ငါတို့ အာဖရိကနိုင်ငံက မျက်နှာဖြူ အစိုးရကို ရှုတ်ချမယ့်အစား ငါတို့ အာဖရိကတိုက်သား လူမည်းတွေက ကျေးဇူးတောင် တင်ဖို့ကောင်းတယ်။ သူတို့က နှိပ်စက်ညှင်းပန်းလို့သာ အာဖရိက တိုင်းရင်းသား လူမျိုးစု အမြောက် အမြားဟာ အရင်က အချင်းချင်း ကွဲနေရာက စည်းလုံးညီညွတ်လာတယ်။ တစ်သွေးတစ်သံ တည်း။

ငါတို့က မျက်နှာဖြူ နယ်ချဲ့သမား၊ အသားအရောင် ခွဲခြားရေး ၀ါဒီတွေ လို့ဟစ်အော် ကြွေးကြော်လိုက်တာနဲ့  စောစောက အချင်းချင်း တိုက်နေကြတဲ့ တိုင်းရင်းသား လူမျိုးစုတွေ အားလုံးဟာ တိုက်ခိုက်တာတွေ ချက်ချင်း ရပ်စဲပြီး ညီရင်းအစ်ကိုတွေလို ဖြစ်လာတယ် မဟုတ်ပါလား’’
ဆယ်လီ သည် အလွန်သဘောကျမိလျက် လက်ခုပ်လက်ဝါးတီး၍ သြဘာပေးလိုက်သည်။

’’တောင်အာဖရိက ညီညွတ်ရေးအဖွဲ့ချုပ်(အိုအေယူ) ညီလာခံမှာ အဲဒီလို မိန့်ခွန်းမျိုး ရှင်ပြောတာ ကျွန်မ ကြားချင်လိုက်တာ’’
ဆယ်လီက ပြောလိုက်ရာ-
တွန်ဂါတာကလည်း သဘောကျဟန်ဖြင့် ပြုံးလိုက်သည်။ သူတို့နှစ်ဦးသည် တဖြည်းဖြည်းနှင့် ခင်မင်ရင်းနှီး လာကြပြီ ဖြစ်သည်။
’’ နောင်တစ်ခု ငါတို့ ကျေးဇူးတင်စရာ ရှိသေးတယ်ကွဲ့’’
’’ဟုတ်လား ဆိုစမ်းပါဦးရှင့်’’

’’တောင်အာဖရိကနိုင်ငံတွင်းမှာ ရှိတဲ့ တိုင်းရင်းသားလူမျိုးအုပ်စုတွေက အလွန်စစ်မက်တိုက်ခိုက်ခြင်း ၀ါသ နာပါသူတွေ ဖြစ်တယ်။ ဇူးလူး၊ ဇိဆာ၊ ဆွာနာဆိုတဲ့ လူမျိုးအုပ်စုတွေဆိုရင် အလွန်ရက်စက်ကြမ်းကြုတ်ပြီး တိုက်ခိုက်ချင်ကြတဲ့ လူမျိုးတွေဖြစ်တယ်။ အခု ငါတို့မှာ ရှိုနာလူမျိုး တစ်မျိုးတည်းကို တိုက်နေရတာတောင် မလွယ်ဘူး။ တကယ်လို့သာ တောင်အာဖရိက နိုင်ငံက ဇူးလူးလူမျိုးလို တိုင်းရင်းသား အုပ်စုတွေကပါ ငါတို့ကို လာတိုက်မယ်ဆိုရင် ဘယ်စားသာပါ့မလဲ။ အခုတော့ တောင်အာဖရိက မျက်နှာဖြူ အစိုးရကြောင့် တိုင်းရင်းသားတွေ စည်းလုံးညီညွတ်တေနေတာ ဘယ်လောက် နေရာကျသလဲ။ ဒါကြောင့် ငါတို့အနေနဲ့ တောင်အာဖရိက နိုင်ငံက မျက်နှာဖြူတွေကို ထိုင်ရှိခိုးဖို့တောင် ကောင်းတယ်’’

ဆာရာက ဆယ်လီအား တောင်းပန်သလို ၀င်ပြောရှာသည်။
’’ဒါမျိုးတွေ သူ့ကို အားမပေးစမ်းပါနဲ့ ဆယ်လီရယ်။ တစ်နေ့ကျရင် သူဒီလိုပြောတာကို တကယ် အလေး အနက် သဘောထားတဲ့လူတွေ သွက်လက်ခြင်းမရှိဘဲ အလွန်လေးနက်တည်ကြည်သော က္ကုနြေ္ဒကြီးနှင့် နေတတ်ပြီး ဇင်ဘာတွေနိုင်ငံအကြောင်းကို နာကြည်းရင်နာစွာဖြင့် ဆွေးနွေးလေ့ ရှိလေသည်။

’’ငါတို့နိုင်ငံမှာဖြစ်နေတဲ့ အခြေအနေက အိုင်ယာလန်နိုင်ငံလို၊ ပါလက်စတိုင်းမှာလို ဖြစ်နေတယ်။ ဒါတင်မကသေးဘူး၊ တို့နိုင်ငံက အဖြစ်ဟာ ပိုပြီးတောင် ဆိုးသေးတယ်။ အခု ငါတို့ (မာတာဘယ်လီ) လူမျိုးနဲ့ ရှိုနာတိုင်းရင်းသားတို့ရဲ့ ပဋိပက္ခမှုဟာ သေးငယ်သယောင် ထင်ရပေမယ့် တကယ်ကျတော့ အာဖရိကတိုက် တစ်တိုက်လုံးရဲ့ ပြသနာကြီးတစ်ခုလို့ ဆိုနိုင်တယ်’’
’’အဲဒီ ပြသနာရဲ့ အဖြေကိုတော့ ရှင် စဉ်းစားမိပါသလာ’’
ဆယ်လီက မေးလိုက်ပြန်ရာ တွန်ဂါတာသည် မျက်နှာထားတည်တည်နှင့်ပင် ခေါင်းညိတ်ပြလေသည်။

’’စဉ်းစားလို့ရတဲ့အဖြေက အလွန်ခက်ခဲပြီး အလွန် ကြမ်းတယ်လို့ ဆိုရမယ်။ ဆယ့်ကိုးရာစုနှစ်များအတွင်းက ဥရောပနိုင်ငံတွေဟာ အာဖရိကတိုက်ကို အလုအယက်လာရောက်ကြပြီး သူတို့ လက်အောက်ခံ ကိုလိုနီတွေရဖို့ တစ်ခုတည်းသာ စဉ်းစားကြတဲ့အတွက် အလျင်စလို နယ်မြေတွေ ခွဲဝေယူခဲ့ကြတယ်။ နယ်မြေတွေရဲ့ နယ်ခြားနယ်နိမိတ် ပိုင်းခြားသတ်မှတ်ရာမှာလည်း ရှုထောင့်စုံက မကြည့်ဘဲ ဖြစ်သလို ပြီးစလွယ်လုပ်ခဲ့ကြတယ်။ ဒီအချက်ကို အာဖရိက ညီညွတ်ရေးအဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံမှာတောင် အပိုဒ်တစ်ပိုဒ်အဖြစ် ထည့်ထားပါတယ်။

အခုပြသနာကိုလည်း ဖြေရှင်းဖို့ နည်းတစ်နည်းက နယ်နိမိတ်တွေ အသစ်ပြန်လည်သတ်မှန်ဖို့ပဲ။ သို့သော်လည်း အိန္ဒိယနဲ့ ပါကစ္စတန် ခွဲလိုက်ချိန် က ဖြစ်ပေါ်ခဲ့တဲ့ အလွန်ခါးသီးသော အတွေ့ အကြုံ့ ကြောင့် ဘယ်သူကမှ ဒီသဘောထားကို ထောက်ခံအားပေးမှာ မဟုတ်ဘူး ဒါကြောင့် အခုနေအခါမှာ ဖြစ်နိုင် တဲ့ တခုတည်းသော ဖြေရှင်းနည်း က ဖယ်ဒရယ်လ် ပုံစံ (အမေရိကန် ပြည်ထောင်စု ပုံစံမျိုး) နဲ့ ပြန်လည် ဖွဲ့ စည်းကြဖို့ဘဲဖြစ်တယ်။ နိုင်ငံတခုမှာ သီြးားလွတ်လပ်ခွင့် ရှိတဲ့ ပြည်နယ်ကလေး များ ဖွဲ့စည်းထားပြီး ပြည်နယ်အားလုံးကိုမှ ပြည်ထောင်စု ပုံသဏ္ဍန် ဖွဲစည်း အုပ်ချုပ်ရင် ဖြစ်နိုင်တယ်။

ဤသို့လျှင် ခရိတ်နှင့် တွန်ဂါတာ သည် အာဖရိကတိုက် အနာဂတ်ကံကြမ္မာကို နိုင်ငံရေး အမြင်ဖြင့် သုံးသပ် ဆွေးနွေးတတ်လေသည်။
ခရိတ် နှင့် တွန်ဂါတာ နှစ်ယောက်စလုံးက မိန်းခလေး နှစ်ဦးအား အပျင်းလည်း ပြေစေ၊ ဗဟုသုတလည်း ရစေ ဟူသော ရည်ရွယ်ချက်ဖြင့် ဇင်ဘာဘွေ နိုင်ငံ၏ အတိတ်သမိုင်းကြောင်းကို ပြောပြကြလေသည်။

သူတို့ နှစ်ဦး အနေဖြင့် မိမိတို့ လူမျိုး အသီးသီးဘက်မှ ရှုထောင့်အမြင်ဖြင့် ဇင်ဘာဘွေ ခေါ် (မူလအမည်) ရိုဒီရှားနိုင်ငံ ဖြစ်ပေါ်လာပုံနှင့် တကွ မိမိတို့ မိသားစု များက သမိုင်း တွင် မည်သို့ ပါဝင်ခဲ့ကြပုံ စသည် တို့ကို လည်း ပြောပြကြလေသည်။

သူတို့၏ မီးဖိုဘေး စကားဝိုင်းသည် နှစ်ကြိမ်တိုင်တိုင် ပြင်ပမှ အသံများကြောင့် အနှောင့်အယှက် ဖြစ်ခဲ့ရသေးသည်။ အသံများက ရဟတ်ယာဉ် ၏ ပန်ကာလည်သံပင် ဖြစ်သည်။ ထိုအခါ သူတို့သည် အတိတ်က သမိုင်းကြောင်းကို ခေတ္တမေ့ထားလိုက်ပြီး ထွက်ပြေးလွတ်မြောက်ရေးကိစ္စ ကို သာဆွေးနွေး ကြပြန်သည်။

အဘိုးကြီး ဗူဆာမန်ဇီ၏ ကျေးရွာမှ အမျိုးသမီးများသည် တစ်ရက်ခြား မှန်မှန် လာရောက်ကြလေသည်။ သူတို့သည် ရန်သူ ရှိုနာစစ်သား များမမြင်အောင် နံနက်အရုဏ် မတက်မီမှောင်နေဆဲ အချိန် လာရောက်ပြီး အစားအစာ နှင့် သတင်းများ ယူလာကြသည်။

အမျိုးသမီးများထံမျ အောက်ပါ သတင်းများကို ကြားသိရလေသည်။ တတိယ တပ်မဟာမှ ရှိုနာစစ်သား များသည် ကျေးရွာသို့ လာရောက်ကြရာ ရှေးဦးစွာ ရွာပတ်ပတ်လည်ကို ဝိုင်းထားလိုက်ပြီး မှ ရွာတွင်း သို့ ဝင်၍ တအိမ်တက်ဆင်း လိုက်လံ ရှာဖွေကြသည်။
မိန်းကလေးငယ် တဦး အား လက်ထိတ်ခတ်ထားလိုက်ပြီး အဘိုးကြီး ဗူဆာမန်ဇီ ကိုလည်း အမျိုးမျိုး ခြိမ်းခြောက် စစ်မေးခဲ့သည် ဟုဆိုသည်။

ဆက်ရန်
.

1 comment:

Anonymous said...

Thanks.


Ray