ရင်ခုန်စရာကောင်းသည့် တုံ့ပြန်မှု
စင်ဒီ။ ဖေဖော်ဝါရီလ ၂၂ ရက်။
ကလစ်နှင့်ပတ်သက်၍ ကျွန်မတို့ ဘာသတင်းမှ ထပ်မကြားရပါ။ သို့သော် ဇန်န၀ါရီလ လယ်ပိုင်း လောက်နှင့် စာလျှင် ကျွန်မ စိတ်ထဲ သက်သောင့်သက်သာရှိနေ၏။
အီရတ် သံအမတ်ဆီ ကျွန်မတို့စာတွေ စုရေးကြပြီးနောက်ပိုင်း ဖြစ်ပါ၏။ ကျွန်မတို့ ထင်တာထက်ပိုပြီး လှုပ်လှုပ် ရှားရှား ဖြစ်သွားသည်။ ကျွန်မတို့၏ လုပ်ဆောင်မှုသည် " ကန္တာရမုန် တိုင်းမိသားစု လွတ်မြောက် ရေး တိုက်ပွဲ" ဟု နာမည်တွင်သွားသည်။
အဖွဲ့အစည်းပေါင်းစုံပါသည်။ ကျောင်းပေါင်းစုံနှင့် စီးပွားရေးလုပ်ငန်းပေါင်းစုံပါသည်။ ဘာသာရေး အဖွဲ့ အစည်း ပေါင်းစုံ၊ ဘုရားရှိခိုးကျောင်းပေါင်းစုံပါသည်။
ပြီးတော့ ကျွန်မတို့ တပ်မတော်မိသားစုတွေက အဓိက အခန်းမှပါဝင်လာကြသည်။
ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အီရတ်ကိုဆန့်ကျင်ကြဖို့ လူတန်းစား အသီးသီးဆီသို့ ကျွန်မ စာတွေ ထောင်နှင့် ချီရေးသည်။ ရက်ပိုင်းအတွင်း အီရတ်သံအမတ်ကြီးဆီသို့ စာတွေဖတ်လို့ မကုန်နိုင်အောင် ရောက်သွား လေတော့၏။
ဗီယက်နမ်စစ်ပွဲကာလက သုံ့ပန်းများသည် အစိုးရ၏ အထောက်အပံ့ကို မဖြစ်စလောက်သာ ရကြသူတွေ ဖြစ်ပါသည်။ ပြီးတော့ သူတို့ဆွေမျိုးတွေ၊ ဦးလေးသားချင်းတွေက ဗီယက်နမ်တွင် ပျောက်ဆုံးနေကြောင်းကို လူသိ ရှင်ကြားထုတ်ဖော်ခြင်းမရှိကြဘဲ သွေးရင်းသားရင်းများလောက်သာ တရားဝင် လုပ်ဆောင် တတ်ကြ သည်။
ယခုတော့ အခြေအနေတွေ အပြောင်းအလဲကြီး ပြောင်းလဲခဲ့ပါပြီ။ ကုလသမဂ္ဂတပ်ဖွဲ့ဝင်လေသူရဲ တွေကို အီရတ် တို့ မည်သို့မည်ပုံညှဉ်းဆဲနေကြောင်း၊ တီဗွီကင်မရာရှေ့တွင် မည်ကဲ့သို့ ကျပ်ကိုင် ခံနေရကြောင်းတို့ အနိုင်နိုင် အငံငံမှ အော်သံတွေ ထွက်လာသည်။ ဂျနီဗာသဘောတူညီချက်စာတမ်းကို ဆဒမ်ဟူစိန် ပြောင်ပြောင် တင်းတင်း ချိုးဖောက်နေကြောင်း လက်ညိုးငေါက်ငေါက်ထိုးကာဝေဖန်လာကြသည်။
သို့သော် ကလစ်နှင့် ပတ်သက်၍ သတင်းစကားကိုမူ အရိပ်အမြွက်မျှ ကျွန်မတို့ မကြားရတော့ပါ။
ကျွန်မ ကို ယုံယုံကြည်ကြည်နှင့် ထောက်ခံနေကြသည့် ကျွန်မ၏ အသိုင်းအ၀ိုင်းကလေးသည် ကျိတ်ပြီး သံသယ ၀င်လာကြသည်။
" ကလစ်တစ်ယောက် အသက်ထင်ရှားကော ရှိနေသေးရဲ့လား "
ကျွန်မ ကတော့ နိစ္စဓူဝလုပ်နေကျအလုပ်ကို မပျက်မကွက် လုပ်လျက်ပင်။
မနက် ၆ နာရီ အိပ်ရာမှထသည်။ ပေါင်မုန့်နှစ်ချပ် ကောက်ဝါးရင်း ကျွန်မဆီ စာရေးသူများထံ ပြန်စာ တွေရေးသည်။ ပြီးလျှင် တယ်လီဖုန်းဖြင့် ပြန်ကြားစရာတွေပြန်သည်။
မနက် ၈ နာရီခွဲသည်နှင့် ကျွန်မဆီသို့ လုပ်အားပေးတွေ ရောက်လာလျှင် တစ်အိမ်လုံး ကော်ဖီနံ့ဖြင့် မွှေးပျံ့ နေတော့၏။ ပြီးတော့ လတ်လတ်ဆတ်ဆတ်ဖုတ်ထားသည့် ပေါင်မုန့်နံ့က တသင်းသင်း။
သူတို့ နှင့် ကျွန်မ ချစ်ချစ်ခင်ခင်ဖြစ်နေပြီ။ သူတို့နှင့်အတူ ရောနှောရယ်မောတတ်နေပြီ။ သူတို့ အပြုံး များသည် ကျွန်မအတွက် အားဆေးဖြစ်နေပြီ။
ကျွန်မ၏ အစ်မလုပ်သူဘော်နီက မနက်တိုင်းဖုန်းဆက်ပြီး သတင်မေးသည်။ သူကလည်း သူ့နည်း သူ့ဟန်ဖြင့် မဟာမိတ်သုံ့ပန်းများကိစ္စကို စာတွေရေးပြီး ကန့်ကွက်ဖို့ ပြင်ဆင်နေသည်။
ကျွန်မ အတွက် သည်လိုအပေါင်းအသင်းများ သည်လို အမျိုးအဆွေများရှိနေခြင်းသည် ဘုရားသခင်၏ ကျေးဇူးတော် ဟုပင် ကျွန်မအာရုံပြုထားလိုက်ပါတော့သည်။
ပြည်သူ တို့၏ ထောက်ခံမှုအရှိန်အဟုန်မှာ မြင့်မားအားကောင်းနေဆဲဖြစ်ပါ၏။
အားပေးစကားပြောလာသည့်စာများကလည်း တစ်နေ့တခြား ပိုပိုများလာ၏။ စာတစ်စောင်တွင် ကလေးမကလေးရေးထားပုံကို ကြည့်ပါဦး၊ သတ်ပုံကလေး မမှန့်တမှန်နှင့်။
" ဗိုလ်မှူးကြီး အက်ခရီရှင့်၊ ကျောက်ဆောင်တွေကြားထဲမှာ ဗိုလ်ုမှူးကြီးရောက်နေတဲ့အတွက် သမီး အများကြီး စိတ်မကောင်းဖြစ်ရပါတယ်ရှင့် "တဲ့။
သည်စာကလေးကိုဖတ်ပြီး ကျွန်မရယ်မိပါသည်။ ကနေဒါက လာသည့် အမျိုးသမီးတစ်ဦး၏စာကို ဖတ်ရ သည့် အခါတွင်တော့ ကျွန်မ မျက်ရည်ဖြိုင်ဖြိုင်ကျရပါသည်။ အွန်တေရီယိုက ရေးလိုက်သည့် စာ ဖြစ်ပါ၏။
သူက အိတ်ထဲတွင် နာရီ နှိုးစက်ပေးထားသည်တဲ့။ နှိုးစက်မြည်လာတိုင်း " ကျွန်မဘာမှ ဆက်မလုပ်ဘဲ ရပ်ပြီး ဘုရားကို အာရုံပြုပါတယ်။ ကလစ်နဲ့ ဘ၀တူ သုံ့ပန်းများအတွက် စောင့်ရှောက်ဖို့ အရှင့်ထံမှာ ကျွန်မ ၀တ်ပြု ဆုတောင်း ပါတယ်" တဲ့။
သည်စာကိုဖတ်ပြီး ကျွန်မ မျက်ရည်မဆည်နိုင်တော့ပါ။ စာတိုက်ဝန်ထမ်းများကိုလည်း ကျေးဇူးတင် ဖို့ကောင်း လိုက်ပါသည်။ လိပ်စာပြည့်ပြည့်စုံစုံမပါသည့် စာများကိုလည်း ရောက်အောင် ပို့ပေးကြ၏။
မစ္စက်စင်ဒီအက်ခရီ၊ ဒုဗိုလ်မှူးကြီး ကလစ်ဖို့အက်ခရီ၏ဇနီး၊ ယူအက်စ်အေ ဟုသာပါသည့် ဆွစ်ဇာလန်မှ စာတစ်စောင် ကျွန်မဆီ ရောက်လာသည်။
ကျွန်မသူ့ကို တစ်နေ့တခြား ပို၍ ပို၍ အောက်မေ့လာပြီ။ အိပ်မက်ထဲတွင် တွေ့ရသည် သူ့ရုပ်ပုံလွှာ များသည် ပို၍ပို၍ ပီပြင်ပြတ်သားလာသည်။ သို့သော် သူ့ဆီသို့ ကျွန်မ အရောက်မသွားနိုင်ပါ။ သူ့အနားသို့ ရောက်သည်နှင့် သူပျောက်ကွယ်သွားသည်ချည်း။
တစ်နေ့တွင် သက်ဆိုင်ရာက သူပိုင်ပစ္စည်းမှန်သမျှ အားလုံးကျွန်မဆီပြန်ပို့ပေးသည်။ သေတ္တာကို ဖွင့်ဖို့ ကျွန်မ မရွံ့မရဲဖြစ်နေသေး၏။ ဖွင့်ကြည့်ဖြစ်တော့လည်း ကျွန်မရင်ထဲ နွေးခနဲ ဖြစ်သွားသည်။ သူ့အကြိုက် ဂျင်းဘောင်ဘီ၊ ဂျင်းအင်္ကျီများ၊ ခွာနိမ့်ဘိနပ်များ၊ သူ့ကိုယ်စား အားလုံးသတိရစရာ တွေချည်းဖြစ်၏။
ကျဆုံးသွားလေသူ အမေရိကန်ကမ်းတပ်သားတစ်ဦး၏ ဇနီးက ကျွန်မကို ပြန်ပြောပြဖူးသည်။ သူ့ယောက်ျား ကျဆုံးသွားတော့ အ၀တ်အစားတွေ အားလုံးပြန်ပို့ပေးသည်တဲ့။ အားလုံးပင်မင်းပေးပြီးသားတဲ့။
" အထက်လူကြီးတွေ သဘောမပေါက်ကြဘူးနော်၊ ဒီအတိုင်းပြန်ပို့ရင် ဘယ်လောက်ကောင်းမလဲ၊ ကိုယ်နံ့ကလေးပါရင် ပိုမကောင်းဘူးလား အစ်မရယ်၊ ဓာတ်ပုံကလေးနဲ့ ကိုယ်နံ့မပြယ်သေးတဲ့ အ၀တ် တွေနဲ့ သူရှိနေသေးသလို ကျွန်မထင်မိမှာ "
ကျွန်မတို့အိမ်မှ ခွေးမကလေး ကာမီက သူ့သခင့်အနံ့ကို ကောင်းကောင်းသိသည်။ သေတ္တာကို ကျွန်မ ဖွင့်လိုက်သည်နင့် မြူးထူးခုန်ပေါက်ပြီး သေတ္တာကို တစစီ ကိုက်ဖဲ့နေလေတော့သည်။ သေတ္တာထဲတွင် ကလစ်ပုန်းနေသည်ဟုများ သူထင်နေသလားမသိ။
ကျွန်မ၏ အဖြစ်က အလွန်မလွယ်သည့် အခြေအနေမျိုးဖြစ်ပါ၏။ သို့သော် ကျွန်အံကြိတ်ပြီး တင်းခံ ထားသည်။ စင်စစ် ကျွန်မတို့ လင်မယားနှစ်ယောက်သည် စစ်ပွဲတစ်ပွဲကို ပေါင်းတိုက်နေကြခြင်း ဖြစ်ပါ၏။ သူ့ အတွက် ကျွန်မဂုဏ်ယူနေသလို ကျွန်မလုပ်သမျှ အတွက်လည်း သူဂုဏ်ယူစေချင်ပါ သည်။
------------------------------------
ဘုရားသခင်၏ကျေးဇူးတော်
ကလစ်။ ဖေဖော်ဝါရီလ ၂၃ - ၂၈။
မိုးကြိုးပစ် သလို ပေါက်ကွဲသံကြီးက ကျွန်တော့်ကို ၀ုန်းခနဲလှုပ်နိုးလိုက်သည်။ ထောင်နံရံ နှစ်ဖက် တို့သည် အကော်ဒီယံ ဆွဲရှုံ့လိုက်သလို ကျွန်တော့်ကို ပူးညှပ်လိုက်၏။ ကျောရိုးတွေ၊နံရိုးတွေ ကြေမွ သွားပြီ ထင်လိုက်၏။
မဟာမိတ်တပ်တွေ ဗုံးကြဲနေသည်မှာ ညစဉ်လို ဖြစ်နေပြီ။ သို့သော် ဤမျှနီးနီးကပ်ကပ်တစ်ခါမှ မထိဖူး သေးပေ။
နောက်ထပ်ဂျက်လေယာဉ်တစ်စီးခေါင်းပေါ်မှ ကပ်ပျံသွားသလိုကြားလိုက်၏။ လေဆာရောင်ခြည် လမ်းပြဗုံး တွေ ကောင်းကင်ယံတွင် ပျံသန်းနေသံများ တစ်ဆက်တည်းကြားနေရ၏။
ထောင် ကို နောက်ဗုံးတစ်လုံးထိပြန်၏။ ထုထည်ကြီးမားလှသည့် သံကူကွန်ကရစ်ကြမ်းခင်းတွေ သုံး ထပ်သားများ ပမာ တစ်စစီလွင့်ထွက်ကုန်တော့၏။
ပေါက်ကွဲသံတွေကြောင့် နားတွေအူကာ တစ်ဖက်နံရံဆီကို ကျွန်တော် လွင့်စဉ်သွားပြန်၏။ ထောင် အဆောက် အအုံကြီးတစ်ခုလုံး သွက်သွက်ခါနေပြီ။ ကျွန်တော့် ခြေထောက်အောက်မှ ကြမ်းခင်းသည်လည်း ယိမ်းထိုးစ ပြုနေပြီ။
ကျွန်တော်တို့ကို ထိန်းသိမ်းထားရာ အီရတ်ထောက်လှမ်းရေးဌာနချုပ်အဆောက်အအုံကြီး အဖျက် ဆီးခံ နေရလေပြီ။ သည်နေရာတွင် ကျွန်တော်တို့ ရှိနေမှန်း မဟာမိတ်လေယာဉ်တွေမသိ။
" အင်း ဒီနည်းနဲ့ငါ သေရတော့မှာပါလား "ဟု ကျွန်တော် တည်ငြိမ်စွာ တွေးနိုင်စပြုလာ၏။ ဗုံးဆန်မှန်၍ ပွဲချင်းပြီး သွားခြင်းက ခန္ဓာကိုယ်ကို တစ်စစီ ခုတ်ထစ် ပိုင်းဖြတ်ခံရခြင်းလောက်တော့ ကြောက်စရာ ကောင်း လိမ့်မည် မထင်။
တတိယအကြိမ် ဆင်းလာသံကြီးက ဧရာမကီလို ၉၀၀ ဗုံးကြီး။ သည်အကျော့တွင်တော့ နောက်တစ်ဖက်စွန်း သို့ ကျွန်တော် လွင့်ထွက်သွား၏။
ထောင်သား တွေအားလုံး ၀ိုင်းအော်ကြတော့သည်။
" တို့ကို ဖွင့်ပေး၊ ဟေး တံခါးဖွင့်ပေးကြကွ "
သို့သော် ဤမျှ ဆူညံစွာပေါက်ကွဲနေသည့်အတွက် အော်သံတွေကို ဘယ်သူမှ မကြားနိုင်ပါ။ ရှိရှိသမျှ ထောင်ဝန်ထမ်းတွေ မြေအောက်ဗုံးခိုကျင်းထဲ ရောက်နေကြပြီ။ လေးဖက်ထောက် အနေ အထားအတိုင်း နောက်ဗုံး တစ်လုံး အကျကို ကျွန်တော် စောင့်လိုက်သည်။
ကျွန်တော့်အောက်မှ ကြမ်းပြင် ပြိုကျတော့မည်ဆဲဆဲဖြစ်၏။ ကျွန်တော်နေသည့် အထပ်က သုံးထပ်။ ဘယ်အထိ ရောက်မည်မသိ။ ကြမ်းပြင်နှင့်အတူ ကျွန်တော်ပါသွားမည်ကတော့ သေချာ သည်။ စဉ်းစား နေတုန်း ---
ဟိုက် တစ်လုံးလာပြန်ပြီ။
ဤတွင် တစ်ယောက်၏ အော်သံကြားရ၏။
" တစ်လုံး ထပ်ကျတယ်၊ အားလုံး အသင့်ပြင်၊ အသင့်အနေအထားနဲ့နေ "
သည် တစ်လုံးက ထောင်အဆောက်အအုံခေါင်မိုးပေါ် တည့်တည့်ကိုကျသည်။ ဘာမှ မမြင်ရလောက် အောင်မှောင်မည်းသွားသဖြင့် ကျွန်တော် မျက်စိမှိတ် ထားလိုက်ရ၏။
အတန်ကြာမှ မျက်တောင်တဖျပ်ဖျပ်ခတ်ကြည့်တော့ ကျွန်တော့် အခန်းနံရံမှ သံကျည်းပေါင်ကြီး ကွေးသွား ၏။
ကျွန်တော်တို့ စစ်သုံ့ပန်းအဆောင်တစ်ခုလုံး အကြီးအကျယ်ပျက်စီးသွား၏။ သို့သော် ကံကောင်းလွန်းစွာဖြင့် ကျွန်တော်တို့တတွေ တစ်ယောက်မှ ပြင်းပြင်းထန်ထန် အထိအခိုက်မရှိကြ။
ကျွန်တော်တို့အဆောင်မှ တာဝန်ကျအစောင့်တွေ၊ ထောက်လှမ်းရေးတွေ သေဆုံးကြကြောင်း နောက်မှ ကျွန်တော် ကြားရသည်။
ကျွန်တော့်ကို မေးခွန်းများဖြင့် တရားလွန်နှိပ်စက်ခဲ့သည့် အီရတ်တစ်ယောက်ကို ကျွန်တော် နောက်ထပ် လုံးဝ မတွေ့တော့ပေ။ ပါသွားပြီထင်၏။
ဤတွင် သုံ့ပန်းတွေ ဆောက်တည်ရာမရ အော်ဟစ်ကြတော့၏။
ကျွန်တော်နှင့် တစ်နေရာတွင် အခန်းချင်းကပ်လျက် နေခဲ့ဖူးသူ အမေရိကန်လေတပ်မှ ဗိုလ်ဂျွန်ပီတာ ၏ အသံ စပေါ်လာ၏။
" ဒီအနားမှာ ဆိုင်မွန်ဘားဂျက်စ်ရှိလား၊ ဒုတိယဗိုလ်မှူးကြီး အက်ခရီရှိလား "
ကျွန်တော် က လည်ချောင်းထဲမှ ဖုန်မှုန့်တွေကို ချောင်းဆိုးထုတ်လိုက်ပြီး ပြန်အော်လိုက်သည်။
" ဒုဗိုလ်မှူးကြီး အက်ခရီရှိတယ်၊ ဟန်တာကော၊ ဟန်တာရှိလား "
အဆောင် တစ်ဖက်စွန်းဆီမှ အသံတစ်သံထွက်လာသည်။
" ဟန်တာ အောက်ထပ်မှာရှိတယ် ဗိုလ်မှူးကြီး "
ကျွန်တော်တို့ အမည်တွေ အသီးသီး အသားကုန်အော်ပြီး ခေါ်ကြသည်။ တံခါးတွေကို တ၀ုန်းဝုန်း ထုကြသည်။ ကိုယ့်နည်းကိုယ့်ဟန်နှင့်ထွက်ဖို့ အမျိုးမျိုးကြိုးစားကြသည်။
ဤတွင် ထောင်ဝန်ထမ်းတွေအပြင် အီရတ်စစ်သားတွေပါ ရောက်လာကြပြီး တံခါးတွေဖွင့်ဖို့ ကြိုးစား ကြသည်။ ဧရာမပေါင်တူကြီးတွေနှင့် သော့မောင်းတံတွေကို ရိုက်ချိုးပြီး " ယာလား၊ ယာလား" (ထွက်၊ ထွက်) ဟု အော်ပြီး အတင်းမောင်းထုတ်နေ၏။
မနက် ၂ နာရီတွင် ဘဂ္ဂဒက်မြို့စွန်ရှိ အရပ်ထောင်သို့ ကျွန်တော်တို့ ရောက်လာကြ၏။ အစောင့်များက ကျွန်တော်တို့ အားလုံးကို အခန်းကျဉ်းကလေးများထဲတွင် စုပြုံပိတ်လှောင်ထား လိုက်ကြ၏။
ရက်ပေါင်းများစွာ တစ်ယောက်တည်းနေခဲ့ကြရာမှ ဘ၀တူ လေသူရဲများနှင့် ပြန်ဆုံကြသဖြင့် အားလုံး ပျော်နေကြသည်။ လူအချင်းချင်း လူစကားဖြင့် ပြန်လည်ပြောခွင့်ရကြခြင်းမဟုတ်လား။ ကျွန်တော်တို့ အတွက် နည်းနည်းနောနော အခွင့်အရေးမဟုတ်ပါ။
ကျွန်တော့်ပခုံးကို တစ်ယောက်ယောက်က ပုတ်လိုက်သဖြင့် ကျွန်တော် ချာခနဲလှည့်ကြည့်လိုက် သည်။ လူရိုင်းတစ်ယောက်လို အမွေးအမှင်တွေ ထူထပ်စွာဖြင့် ပိန်ပိန်ကိုင်းကိုင်း လူတစ်ယောက်။ လက်စသတ်တော့ ကျွန်တော့်လူ ဂိုင်းဟန်တာပါလား။
လူပုံက ကြည့်ပျော်ရှုပျော်မရှိတော့သလို သူ့မျက်လုံး တစ်ဖက်ကလည်း မကောင်းတော့။ သူနှင့် ကျွန်တော် ခဏ ကလေးပဲ တွေ့လိုက်ရခြင်းဖြစ်ပါသည်။ အစောင့်တွေက ကျွန်တော်တို့အား သီးခြား " တိုက် "များရှိရာ သို့ တစ်ယောက်ချင်း ဆွဲခေါ်သွားကြသောကြောင့် ဖြစ်ပါ၏။
သို့သော် အခြေအနေတွေက ရုတ်ခြည်းပြောင်းလဲသွားသည်။ နောက် ၃ ရက်အကြာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် မဟာမိတ်လေတပ်လေယာဉ်များသည် အလုံးအရင်းနှင့် ဧရာမ ထိုးစစ်ကြီး စတင် ဆင်နွှဲ လေတော့သည်။ တစ်ညလုံးတိုက်သည်။ နောက်တစ်နေ့မနက် အရုဏ်တက်တွင် ဝေဟင် တိုက်ပွဲသံတွေ စဲသွားသည်။
မိုးစင်စင်လင်းတော့ အီရတ်လေယာဉ်ပစ် အမြောက်သံတွေကြားနေရဆဲ။ လက်နက်ငယ်သံများလည်းပါ၏။ ဘာအဓိပ္ပာယ် ပါလိမ့်။ ကျွန်တော် မစသ်းစားတတ်အောင်ဖြစ်သွား သည်။
၇ လအကြာ သိမ်းပိုက်ခံ ကူဝိတ်လွတ်မြောက်သွားပြီတဲ့။ အပစ်အခတ်ရပ်စဲရေး အထိမ်းအမှတ်အဖြစ်နဲ့ အီရတ် တို့ ပစ်ခတ်နေကြခြင်းဖြစ်သည်။
ဆဒမ်ဟူစိန်၏ တပ်တွေ ဖရိုဖရဲထွက်ပြေးကုန်ပြီ။ မဟာမိတ်တွေ နောက်ကလိုက်တိုက်နေ၏။
သည်အဖြစ်အပျက်တွေကို နောက်တစ်နေ့ ကျွန်တော် အိမ်သာတက်ခွင့်ရချိန်ကျမျှ သိရခြင်းဖြစ်၏။ ကျွန်တော့် အခန်းကို ပြန်လာတော့ ဧရာမအီရတ်ကြီးတစ်ကောင်က ကျွန်တော့်ကို ဖမ်းထားသည်။ အရပ်က ဆင်တီမီတာ ၂၀၀ ကျော်လောက်ရှိမည်။ ကိုယ်အလေးချိန်က ကီလို ၁၂၀ ထက်နည်းမည်မထင်။
ဘီလူးကြီး တစ်ယောက်၏ လက်ကြီး အသင့်ပြင်ပြီး ကျွန်တော့်ဆီသို့ တိုးလာ၏။ ခံရပြန်ပြီအထင်ငြဖ့် ကျွန်တော် တစ်ချက်တွန့်သွား၏။ သို့သော် သူ့လက်ဝါးကြီးက ကျွန်တော့် မျက်နှာဆီသို့ ရောက်မလာဘဲ ကျွန်တော့်ပခုံး ကို တင်းတင်းဆုပ်လိုက်သည်။
" ခင်ဗျားမှာ သားသမီးရှိသလား " ဟုမေး၏။
" ရှိတယ်၊ သမီးတစ်ယောက်ရှိတယ် "
" ခင်ဗျား ပြန်မတွေ့ချင်ဘူးလား "
" တွေ့ချင်တာပေါ့ "
ကျွန်တော့် မိသားစုကို နောက်ထပ်ခြိမ်းခြောက်ဖို့တော့ မဟုတ်တန်ရာဟု ကျွန်တော် ထင်လိုက်၏။
" သိပ်မကြာ တော့ပါဘူး၊ ၃ ရက်အတွင်း ခင်ဗျား ပြန်တွေ့ရတော့မှာပါ "
---------------------------------
ဆက်ရန်
.
1 comment:
ကဲ..ဒီဟာလည်း အစ အဆုံး ဖတ်လိုက်မိပြန်ပြီ..
ဆက်ဖတ်ရတော့မယ်..
မျှော်လျက်....( အညာစာများ အပါအဝင် )
Post a Comment