ဖြည်းဖြည်းဆေးဆေး၊ နှေးနှေးကွေးကွေး
ဂျိုစီကလေး ၁၁ နှစ်ပြည့်ပြီ။ သို့သော် စာလုံးပေါင်းတွေကို အနိုင်နိုင် ကျက်နေရဆဲဖြစ်၏။ သူ့ကို အတင်း မမောင်း ဘဲ ဖြည်းဖြည်းချင်း သင်ပေးဖို့ ပညာရေးဌာန၀န်ထမ်းများက တိုင်ပင်ထားကြသည်။ မူလတန်း ကျောင်း တွင် တစ်နှစ်လောက် ဆက်နေဖို့ စီစဉ်ကြ၏။
ကျောင်းပြန်ဖွင့်သည့် ပထမနေ့တွင် သူငယ်ချင်းတွေ အလယ်တန်းကျောင်းပြောင်းသွားကြတာတွေ့ တော့ ဂျိုစီ မျက်ရည်ကျသည်။
" သမီး သူများနည်းတူဖြစ်ချင်တယ်" ဟု ရှိုက်ရင်းပြောရှာသည်။
သို့သော် ဂျိုစီသူများနည်းတူဖြစ်ဖို့မလွယ်ပါ။ စာသင်ခန်းထဲတွင် သူ့အတွက် အကူဆရာမတစ် ယောက် သီးခြားထားပေးရသည်။ စကားပြောကျွမ်းကျင်ဖို့ သူနာပြုဆရာမတစ်ယောက်ထားပေးရ သည်။
ဆရာ ဆရာမအားလုံးက ဂျိုစီ့ကို နားလည်ကြပါ၏။ အပြင်းထန်ဆုံး ဒဏ်ရာဒဏ်ချက်များ ခံထား ရသည့်ကလေးမို့ အနူးညံ့ဆုံး၊ အငြင်သာဆုံး ဆက်ဆံသင်ကြားပေးကြပါသည်။
ဂျိုစီသည် အတန်းထဲတွင် အကြီးဆုံးကလေးဖြစ်နေ၍ သူများတွေထက် အလုပ်ပိုလုပ်ပြသည်။ ဤသို့ဖြင့် တဖြည်းဖြည်း သူ့ကိုယ်သူ ယုံကြည်မှု ပိုရှိလာ၏။
လင်းနှင့်မီဂန်ကို သတ်သည့်လူသတ်သမားအား ၁၉၉၈ ခုနှစ်၊ အောက်တိုဘာလတွင် မိတ်စတုန်း တရားရုံး တွင် အမှုဖွင့်စစ်ဆေးသည်။
တစ်စုံတစ်လျားကြီး စစ်ဆေးရသည့်အမှုဖြစ်၍ ပြည်သူတို့၏ စိတ်ဝင်စားမှုအရှိန်သည်လည်း မြင့်သည်ထက် မြင့်တက်လာနေ၏။ သက်သေပေါင်းများစွာ၊ ရဲအရာရှိပေါင်းစွာ။ ရဲများကို အမှုလိုက် အရာရှိ ဒေ့ဗ်စတီဗင်က ဦးဆောင်သည်။
ကံကောင်းထောက်မစွာဖြင့် တရားရုံးက ကျွန်တော်နှင့် ဂျိုစီကို တစ်ခါမှ မဆင့်ခေါ်သေးပေ။ အက်ဒ်နှင့် ပေါ်လင်း က ကျွန်တော်တို့နှင့်အတူ ဝေလတွင် လာနေပြီး လိုအပ်သမျှလုပ်ပေးနေ၏။ ဂျိုစီ့ကို ဗီဒီယို ရိုက်ထားသည့် အခွေကို ရုံးတော်တွင် သက်သေအဖြစ် ဖွင့်ပြသည်။
တရားရုံး တွင် လာရောက်ကြည့်ရှုနားထောင်သူအားလုံး မျက်ရည်လည်ကြသည်ဆို၏။ ဂျိုစီကမူ အမှုစီရင် နေသည် ကို လုံးဝမသိပေ။ စီရင်ချက်ချပြီဆိုလျှင်တော့ ကျွန်တော့်အနေဖြင့် သတင်းစာရှင်းလင်းပွဲလုပ်ဖို့ စိတ်ကူး ထားသည်။
စီရင်ချက်ချဖို့ စောင့်ရသည့် နှစ်ရက်မှာ ကာလရှည်ကြာလွန်းလှ၏။ နောက်ဆုံးတရားခံသည် လူသတ်သမား ဖြစ်ကြောင်း ရုံးတော်က စီရင်ချက်ချသည်။ ထိုစဉ်တွင် ကျွန်တော်နှင့်အတူ ပေါ်လင်းရှိ နေ၏။ ကျွန်တော်တို့ နှစ်ယောက် သတင်းကြားလျှင် ကြားချင်း ပြေးဖက်လိုက်ကြသည်။ ပြီးတော့ ကျွန်တော်ငိုချလိုက်၏။ (တရားခံ မိုက်ကယ်စတုန်း ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းချ သည်။ သူက အယူခံဝင်ဦးမည်တဲ့။ အမှုကို ပြန်စစ်ဖို့ ရက်သတ်မှတ်ပြီးပြီ) သတင်းစာရှင်းလင်းပွဲတွင် ကျွန်တော် အောက်ပါအတိုင်း ပြောခဲ့၏။
" ကျွန်တော် ဘ၀ခရီးကို ဆက်လက်လျှောက်လှမ်းနိုင်အောင် လုပ်ပေးခဲ့သူကတော့ ဂျိုစီပါပဲ။ ကျွန်တော့် သမီးလေး ဟာ သူ့ဘ၀ကို သူဆက်လျှောက်သွားမှာပါ။ ဂျိုစီဟာ သူ့အမေနဲ့ သူ့ညီမလေး အကြောင်း ပြောရင် လည်း အထိတ်တလန့်မဖြစ်တော့ပါဘူး။ သူ့အမေ၊ သူ့ညီမလေးနဲ့အတူ သေဆုံးသွားတဲ့ လူစီကလေး အစား ခွေးကလေးတစ်ကောင်ဝယ်ပေးဖို့ ကျွန်တော့်ကို ပူဆာနေပါတယ်။ လူစီကိုသာ အစား ရမယ်။ သူ့အမေနဲ့ သူ့ညီမလေးအတွက် အစားမရတော့ဘူးဆိုတာ သူ သိသွားပါပြီ "
သည်နေရာ အရောက်တွင် ကျွန်တော် မျက်ရည်တွေ ကျလာပြန်ပါသည်။ ဒေ့ဗ်စတီဗင်က သတင်းစာ ရှင်းလင်းပွဲ ကို အတင်းရပ်ပစ်လိုက်သည်။
-------------------------
ကြီးပြင်းလာခြင်း
သားအဖနှစ်ယောက်တည်းရှိသည့် ကျွန်တော်တို့ မိသားစုကလေးတွင် သြဇာသည် တဖြည်းဖြည်း ပြောင်းလဲ လာ၏။ ဂျိုစီသည် အမှုအခင်းမဖြစ်ပွားမီကလို အေးအေးကလေးမဟုတ်တော့ပါ။ ပြင်းထန်လှသော ဘ၀ အတွေ့အကြုံ များက သူ့ကို မာကျောလာစေသည်။ စကားလည်း သွက်သွက်ကြီး ပြန်ပြောနိုင်လာပြီ။
အိမ်တွင်းကိစ္စ များပေါ်လာလျှင် ကျွန်တော့်ကို ကောင်းကောင်း ငြင်းချက်ထုတ်နိုင်လာပြီ။
ဥပမာ နှစ်ကုန်၍ ဗြိတိန်တွင် သတ္တိအပြောင်ဆုံးသူရဲကောင်းရွေးဖို့ ဆုံးဖြတ်ကြသည်ဆိုပါစို့။ ကျွန်တော် ဂျိုစီ့ ဆန္ဒ ကို ဦးစားပေးရသည်။
ဂျိုစီသည် " ကလေးသတ္တိခဲဘွဲ့" နှင့် " တောက်ပနေခြည်ဘွဲ့" တို့ကို ရထားသူပီပီ သည်လိုပွဲမျိုးတွင် သူ ဓာတ်ပုံ တွေ အရိုက်ခံရဦးမည်ကို သူသိနေ၏။
ထိုင်ခုံ နေရာကိုကြည့်ပြီး သည်ပွဲတွင် ကျွန်တော်တို့အတူ တွဲထိုင်ရမည့်အထဲတွင် နာမည်ကြီး မိန်းကလေး နှစ်ယောက်နှင့် နာမည်ကျော် ချာတိတ်တစ်ယောက်ပါကြောင်းပြောတော့ သူသဘောတူသည်။
ဂျိုစီ့ကို နာမည်ကျော်ပုဂ္ဂိုလ်ကြီးတွေ လာတွေ့လျှင် ကျွန်တော်က အသာကလေး နောက်လျှိုပြီး သူ့ကို လွှတ်ပေး ထားသည်။ သူ့ကိုလာတွေ့ကြသည့်အထဲတွင် ဗြိတိသျှ ၀န်ကြီးချုပ် တိုနီဘလဲပါ သည်။ အဆိုတော်ကြီး ဆာပေါလ်မက်ကတ္တနေပါသည်။ တီဗွီမင်းသား မင်းသမီးတွေပါသည်။
လေထီးတပ်ဆွယ်က အပျော်တမ်း လေထီးခုန်အဖွဲ့ကလည်း ကျွန်တော်တို့ဆီ ရောက်လာကြ၏။ အသက် အန္တရာယ်စိုးရိမ်ရလောက်အောင် ကျန်းမာရေးမကောင်းသည့် လူငယ်များအတွက် စိတ်ဓာတ် တက်ကြွဖွယ် စာအုပ် စာတမ်း များပေးသွား၏။
အဖွဲ့၏ ဒါရိုက်တာက ဂျိုစီတစ်ယောက် ယောက်ျားလေးများနှင့် ဆက်ဆံရာတွင် အခက်အခဲရှိနေ ကြောင်း ကြားသွားတော့ သူတို့၏ စစ်သားငယ်များနှင့် တရင်းတနှီးဖြစ်သွားလျှင် ပုံမှန်အခြေအနေ ပြန်ရောက် လာနိုင် ကြောင်း ကျွန်တော်နှင့် ဆွေးနွေးသည်။
ဂျိုစီ့ကို အကျိုးအကြောင်း ကျွန်တော်ပြောပြသည်။ သူလုံးဝ စိတ်ဝင်စားမည်မထင်ခဲ့။ သူက ၀မ်းသာအားရ လက်ခံသည့်အခါ ကျွန်တော် အထိတ်တလန့်ဖြစ်သွား၏။
စခန်းချသည့်နေရာသို့ ဂျိုစီ့ကိုပို့ပြီး အပြန်တွင် ကျွန်တော် စိတ်တွေထင့်နေ၏။ သို့သော် တစ်ပတ်ပြည့်လို့ ကျွန်တော် သွားခေါ်တော့ သူ့မျက်နှာလေးမှာ စိတ်လှုပ်ရှားမှုဖြင့် ပန်းနုရောင် ပြေး နေသည်။
သူ့ဘ၀ တွင် အပျော်ဆုံးအချိန်များဟုဆို၏။ တောင်တက်ရသည်၊ ဆိုင်ကယ်စီးရသည်။ လှေလှော်ရ သည်။ လေထီးတပ်သား ကလေးများနှင့် တွဲကရသည်ကို အပျော်ဆုံးတဲ့လေ။
ယောက်ျားကလေးများအကြောင်း ပြောခဲလှသော ဂျိုစီသည် သူတို့နှင့် ပျော်ပျော်ပါးပါးနေခဲ့ရကြောင်းများကို ပြောလို့ မပြီးဖြစ်နေတော့၏။
အင်း သမီးကလေးကြီးပြင်းလာနေခြင်းပဲ။
ကျောင်းစာတွင်တော့ ဂျိုစီ၏ အမှတ်များသည် နိမ့်နေဆဲပင်။ စကားပြောရာတွင် သိပ်မသွက်သေးခြင်းနှင့် အလယ်တန်းစာ တွေ များလာခြင်းကြောင့် ဖြစ်နိုင်ပါသည်။ သူနှင့်ပြိုင်ဘက်တွေကို အမီလိုက်ဖို့တော့ အချိန် ယူ ရပါလိမ့်ဦးမည်။ သို့သော် အခြားသော အရည် အသွေးတွေကတော့ သိသိသာသာတက်လာသည်။ ပိုကြိုးစား လာသည်။ ပိုပြီးပျော်ပျော်ပါးပါးဖြစ်လာသည်။
သည့်ထက်ပို၍ ကျွန်တော်ဘာများ မျှော်လင့်နိုင်ပါဦးမည်လဲ။
ပြီးခဲ့သည့် နှစ် ဇူလိုင်လထဲတွင် ကျွန်တော်နှင့် ဂျိုစီ တောင်အာဖရိကသို့ ခရီးထွက်ခဲ့ကြသည်။ ကျွန်တော် တို့ ၏ နေရာဟောင်းများကို လျှောက်ကြည့်သည်။
ဇီးဘရာတောင်ပေါ်ဥယျာဉ်တွင် ကျွန်တော်သည် အတိတ်ကို တမ်းတလို့မဆုံးနိုင်အောင် ရင်နင့်ကြေကွဲ ရပါသည်။ ကျွန်တော်တို့ရှေ့တွင် ရှုမဆုံးတော့သည့် ဆေးရောင်စုံမြင်ကွင်းကျယ်ကြီး။
သားအဖနှစ်ယောက်မြင်းကိုယ်စီနှင့် တောရိုင်းတိရစ္ဆာန်တွေကို လျှောက်ကြည့်ကြသည်။ တောသတ္တ၀ါ တို့သဘာဝ အတိုင်း နေထိုင်ပျော်မြူးနေကြပုံတွေကို နှစ်ယောက်သား ငေးမောကြသည်။ ညပိုင်းတွင် ဂျိုစီ့ကို ကျွန်တော့် နံဘေးတွင် ထိုင်စေပြီး ဥက္ကာပျံတွေ ကောင်းကင်တွင် ကြွေကျနေကြပုံကို စောင့်ကြည့်ခိုင်းသည်။
ကျွန်တော်နှင့် လင်း ၇ နှစ်တိုင်တိုင် နေထိုင်ခဲ့သည့် အိမ်ကြီးသို့ နေသာသည့် တနင်္ဂနွေနေ့တွင် ကျွန်တော်တို့ ရောက်သွား ကြ၏။ လက်ရှိ အိမ်ပိုင်ရှင်က ကျွန်တော်တို့ကို အိမ်ထဲဝင်ကြည့်ခွင့်ပေး သည်။ ကျွန်တော်နှင့် ဂျိုစီ လျှောက်ကြည့်ကြ၏။ သူသည် အိမ်တွင် ၂ နှစ်သမီး အရွယ်အထိ နေခဲ့ဖူးကြောင်း ပြောပြတော့ ဂျိုစီ၏ စိတ်ဝင်စား မှုတွေပိုလာသည်။ မျက်လုံးအရောင်တွေ တဖျပ်ဖျပ် တောက်လာ၏။
အတိတ် ၏ အရိပ်သည် ကျွန်တော့်ကို လုံးဝလွှမ်းမိုးနေပါလေပြီ။ အနားတွင် လင်း ရှိနေသလို ခံစားရ၏။ ကျွန်တော်နှင့်အတူ သူ လမ်းလျှောက်နေ၏။
ဂျိုစီ၏ အပြင်နေရောင်အောက်တွင် ကျွန်တော့်ကို စောင့်နေ၏။ သူက ပန်းခြံထဲကို သွားချင်လှပြီ။ တောထ နေသည့် လမ်းအတိုင်း ဆင်းခဲ့ကြပြီး သူမတ်တတ်ပြေးစအရွယ်တွင် လင်းနှင့်ကျွန်တော် လာထိုင်လေ့ရှိသော ချစ်စရာ ရေတံခွန်ငယ်ကလေးကို ပြသည်။
နောင်အခါ ကျွန်တော်တို့၏ တောင်အာဖရိကခရီးစဉ်ကို ပြန်စဉ်းစားကြည့်သည်။ ကျွန်တော်နှင့် လင်း ခံစား ခဲ့သည့် ရှုခင်းများ၊ ကျွန်တော်တို့ဘ၀ကို စတင်ခဲ့သည့်နေရာများသည် ဂျိုစီ့ရင်ထဲသို့ ကူးစက် သွားသည် ထင်၏။
ကျွန်တော်တို့သားအဖ နှစ်ပတ်မျှသာနေခဲ့ကြသော်လည်း သားအဖနှစ်ယောက်ကြား နှစ်ဆမက ပို၍ ရင်းနှီး သွားသည် ထင်၏။
အာဖရိကတွင် နေစဉ်ကာလတွင် ကျွန်တော် အပျော်ဆုံးအချိန်မှာ သမီးကလေးနှင့် ယှဉ်ထိုင်ပြီး တစ်နေ့တာ အတွေ့အကြုံ တွေကို စားမြုံ့ပြန်ချိန်များဖြစ်ပါ၏။
ကျွန်တော် နှင့် ဂျိုစီသည် အပြန်အလှန်နားလည်မှုဖြင့် ရှေးကထက်ပို၍ ချစ်လာကြသည်။
ဂျိုစီ တစ်ယောက် လူကောင်းပကတိအဖြစ် လုံးလုံး ကျန်းမာလာသည်။ အထောက်အထား တစ်ခု ပြရမည် ဆိုလျှင် အာဖရိက ခရီးကိုသာ ကျွန်တော် ညွှန်ပြစရာရှိပါသည်။
-------------------
သတ္တိ
လူတွေက ဂျိုစီ့ကို သတ္တိအရာတွင် တောက်ပသည့် ကြယ်ပွင့်တစ်ပွင့်အဖြစ် အသိအမှတ်ပြုကြ၏။ (သို့သော် ဗြိတိန် တွင် သတ္တိအကောင်းဆုံး မိန်းကလေးဟူ၍ သူ့ကိုယ်သူမသတ်မှတ်ကြောင်း ကျွန်တော့်ကို မကြာခဏ ပြောရှာ သည်။)
ဂျိုစီ၏ ခွန်အားနှင့် အလှကို ကြည့်ပြီး ဘာကြောင့် သူ့အမေကို ကျွန်တော်ချစ်ခဲ့ရကြောင်း သတိရ နေတတ် ပါသည်။
ဂျိုစီသည် ကျွန်တော် တစ်ယောက်တည်းအတွက် တည်ရှိနေခြင်းမဟုတ်ပါ။ အခြားအခြားသော လူထောင်ပေါင်း များစွာအတွက်ပါ တည်ရှိနေခြင်းဖြစ်ပါ၏။
အပြစ် ကင်းစင်သည့် ကလေးတစ်ယောက်၏ နိုးကြားတက်ကြွမှုသည် အခက်အခဲပေါင်းများစွာကို ကျော်ဖြတ် နိုင်ပြီး လူသားတစ်ဦး၏ စိတ်အစဉ်သည် အခြားအခြားသောသူများ၏ ဘ၀အမှောင်လမ်းကို အလင်းရောင် သန်းစေသည် ကျွန်တော်ထင်၏။
ဂျိုစီကလေး၏ အနာဂတ် ဘယ်ဆီကိုဦးတည်နေသည်ဖြစ်စေ သူကလေး၏ အလင်းရောင်သည် သူ့ဘ၀ကို အမြဲတမ်း လမ်းကြောင်းမှန်ပေါ်၌ ရှိနေစေလိမ့်မည်ဟု ကျွန်တော်ယုံကြည်ပါ၏။
သို့သော် အနာဂတ်ခရီးတွင် ကြုံပြီးသားအဖြစ်ဆိုးမျိုးနှင့် ထပ်မံ မကြုံရလေအောင် ကျွန်တော် အမြဲ ဆုတောင်း နေမည်ဖြစ်ပါ၏။
--------------------------
ပြီးပါပြီ
.
6 comments:
အစ်မရေ
ဒီဇာတ်လမ်းလေးက သည်းထိတ်ရင်ဖိုလည်းဖြစ် စိတ်လှုပ်ရှား စရာလဲဖြစ် စိတ်ဝင်စားဖို့လည်းကောင်းလှပါတယ်..
အစအဆုံးကို ပေါင်းပြီး ပြန်ဖတ်သွားပါတယ်...
ဂျိုစီလေး ပုံမှန်အတိုင်း အရွယ်ရောက်ကြီးပြင်းလာတာ ၀မ်းသာစရာ။
လူတိုင်း အခက်အခဲတွေ အန္တရာယ်တွေကြားကနေ သူ့လိုဘဲ အောင်မြင်စွာ ကျော်ဖြတ်လာစေချင်မိပါတယ်.
အင်း..ဒီစာလေးကို ဖတ်တာ ရစ်သမ်တွေ လွဲသွားတယ်။ ကိုယ်က ဘာကြောင့် ဂျိုစီတို့ကို ဒီလိုလုပ်ရတာလဲ ၊ ဘယ်လိုလုပ်တာလဲ ၊ ဘယ်သူက လုပ်တာလဲ ဆိုတဲ့ အမှုကို ပိုစိတ်ဝင်စားသွားမိတယ်။ တကယ်တော့ ဂျိုစီ့အကြောင်းကိုပဲ စာရေးဆရာက ဂျိုစီရဲ့ အကြောင်းကိုပဲ ရေးချင်တာ။ ဒါကြောင့် ကိုယ့်စိတ်ထဲက အချက်ကို မျှော်ဖတ်နေမိတယ်။
ဒါလည်း ပညာပေပဲ။ ဗဟုသုတပေါ့။ ကျေးဇူးပဲ အစ်မရေ။
I patiently wait n read it.As we(bama),I took NAMATE for our KO GYI KYAUK.Chile miners were rescued safely.Josie strongly struggled to live.We heard good news of hope to read his colourful experience.Thank u for ur effort.Gyidaw
ကိုဇော်ရေ
တရားခံအကြောင်း သူတို့ဆီက သတင်းတွေမှာ ဖတ်ဖူးတာလေး သိသမျှပါ။
ဒီလူက ဘိန်းစား။ ဟိုအရင်တည်းက လက်နက်ကိုင် ညှဉ်းဆဲမှုနဲ့ ထောင်ထဲ ဝင်ဖူးတယ်။ ဂျိုစီတို့အမှု ဖြစ်တဲ့အချိန်မှာ လူသတ်သမားက ၃၈ နှစ်။ ဒီမိသားစုနဲ့ ဘာပြဿနာမှ မရှိဘူး၊ လူချင်းလဲ မသိဘူးလို့ ထင်ရတာပဲ။
ဂျိုစီ့အမေ လင်းက ၄၅ နှစ်။ ကလေးတွေက ၉ နှစ်နဲ့ ၆ နှစ်။ လမ်းမှာ တွေ့တော့ သူက ကားထဲက ထွက်လာပြီး ကလေးအမေဆီက ပိုက်ဆံတောင်းတယ်။ မပါဘူး၊ လိုချင်ရင် အိမ်လိုက်ယူလို့ ကလေးအမေ လင်းက ပြန်ပြောတော့ သားအမိ သုံးယောက်လုံးကို ဖမ်းတယ်။
ီဂျိုစီကို သူ့အမေက ထွက်ပြေးခိုင်းတော့ ပြေးပေမယ့် ပြန်မိသွားတယ်။
သူတို့ကို ဖမ်း၊ ကြိုးတုပ်ပြီး အိတ်ထဲရှာတယ်။ ကလေးတွေက ရေကူးကန်က ပြန်လာတာဆိုတော့ ရေကူးပြီး သုတ်တဲ့ သဘက်ပုဝါတွေ အိတ်ထဲ ပါလာတယ်။ အဲဒါတွေကို ဟိုလူက ထုတ်ယူပြီး သူတို့ပါးစပ်ကို ဆို့တယ်။ နောက် သစ်ပင်မှာ ကပ်ချည်ပြီး နောက်ကနေ ခေါင်းကို တူနဲ့ ထုသတ်တာ။
ဂျိုစီက တွေ့တော့ သူ့အမေနဲ့ ညီမလေးလို သေနေပြီတောင် ရဲက ထင်တာ။ သားအမိအားလုံး ခေါင်းခွံမှာ မရူမလှ အရိုက်ခံထားရတာလေ။ ဒီဒဏ်ရာရပုံမျိုးနဲ့ဆို အသက်ရှင်ဖို့ မလွယ်တော့ သေပြီလို့ ရဲထင်တာလဲ မမှားဘူး။ နောက်မှ ကလေးအကြီး အသက်ရှိနေသေးမှန်း ရဲတစ်ယောက်က သတိထားမိသွားတာ။
ကံဆိုးချင်တာက ကလေးတွေအဖေက မိန်းမနဲ့ ကလေးတွေ ပြန်မလာတော့ သွားတတ်တဲ့ လမ်းအတိုင်း လိုက်ရှာတာ သားအမိတွေ လဲနေတဲ့ နေရာနားထိ ရောက်လာတယ်။ လမ်းဘေးမှာ လဲနေတဲ့ သားအမိတွေကို သူမမြင်ဘဲ ခမ်လှမ်းလှမ်းကနေ ကပ်လွဲသွားတယ်။ ဂျိုစီဦးနှောက်ဒဏ်ရာက ဆေးရုံမြန်မြန်ရောက်ဖို့ နာရီများစွာ ကြာသွားတာပေါ့။
အခု ဂျိုစီက တက္ကသိုလ် တက်ပြီး ပန်းချီဆရာမလဲ ဖြစ်နေပြီ။ တစ်ကိုယ်တော် ပန်းချီပြပွဲတောင် ဒီလထဲ လုပ်နေပြီ။
မရေ
သနားစရာနော်
ခုလိုပြန်ကောင်းမွန်လာတာ ၀မ်းသာစရာပဲ
ကြောက်ဖို့လည်းကောင်းတယ်နော်
အင်း နောက်ထပ်သတင်းလေးပါ ပြောပြပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် နောက်လဲများများတင်ပေးနိုင်ပါစေလို့ဆုတောင်းပေးပါတယ်
Post a Comment