Thursday, October 14, 2010

မြစိမ်းပြာ ကမာရွတ် အပိုင်း (၄)

"ကြီးမေရေ ... ကြောင်စာ ကျက်ပြီ၊ ကြီးမေ သားသမီးတွေ လာကျွေးတော့"
"အေး ... အေး ... လာပြီ၊ လာပြီ ... တီတီမွန်ရေ၊ အနော်တို့ ချာလှပါပြီဂျာ၊ ကျွေးတော့ဂျာ"

ဧည့်ခန်းထဲကနေ ကြီးမေနဲ့ ကြောင်ဆယ်ကောင် တ၀ုန်းဝုန်း ရောက်လာကြတယ်။ ပူနေသေးတဲ့ ကြောင်စာ အိုး ထဲကနေ သစ်သား ယောက်မလေးနဲ့ ကော်၊ ကော်ပြီး ကြီးမေက အေးအောင် တဖူးဖူး နဲ့ မှုတ်လိုက်၊ စားခွက်လေးတွေထဲ ထည့်ပေးလိုက်၊ ဟိုကောင်တွေက ခေါင်းမဖော်အောင် စားလိုက် ကြနဲ့ ကြည့် လို့ တော်တော် ကောင်းတယ်။

"ဖိုးကဲလေး၊ ဟေ့ကောင် လုမစားရဘူး၊ ကိုယ့်ခွက်နဲ့ ကိုယ်စားရမယ်လို့ ကြီးမေ ပြောထားတာ မဟုတ်လား။ ပြောလို့မရရင် တုတ်တုတ်နော်၊ တီတီမွန်ရေ၊ တုတ်တုတ်ယူခဲ့ပါ။ ကြောက်သလား ဟုတ်လား၊ တုတ်တုတ် ကျတော့ ကြောက်တယ်၊ ပြောစကားတော့ နားမထောင်ဘူး။ ဟိုကောင်မ ချစ်ချစ် ကြည့်စမ်း၊ ကြည့်စမ်း၊ စားနေပုံက အထက်တစ်ဝက် အောက်တစ်ဝက်၊ မိန်းကလေးဆိုတာ ဘယ်လိုစားရသလဲ၊ ကြီးမေ သင်ထား တယ်လေ ... မေ့ပြီလား၊ မိန်းကလေးဆိုတာ အစား အသောက် ဣနြေ္ဒရရ၊ သပ်သပ်ရပ်ရပ်စားရတယ်၊ အောက်ကို မဖိတ်ရဘူး၊ ပြောတာ မရရင် ကြီးမေ ရိုက်မယ် နော်၊ နှုတ်သီးကို ရိုက်မယ်၊ ဘာမှတ်လဲ၊ အံမာ ... ငါ့ ပြန်မစွာနဲ့၊ ဒီပါးစပ်က ဒီပါးစပ်က စွာဖို့ တော့ တတ်တယ် ဟုတ်လား"

ကြောင်စာ ကျွေးနေတဲ့ အချိန်ဟာ ကြီးမေအတွက် အပျော်ဆုံးအချိန်ပဲ။ မယဉ်မွန်ကတော့ ထမင်းကြော် ကြော်ရင်း၊ ညချက်ပြီးသား ဟင်းတွေ (ငါးကြော်နှပ်နဲ့ ငါးပိရည် နှစ်ခွက် တည်းပါ)က နွှေးရင်းနဲ့ ကြီးမေ စကားတွေကို နားထောင်နေတတ်တယ်။ ချစ်ချစ်တို့၊ သစ်သစ်တို့ ကြောင်မလေးတွေကို ကြီးမေ ဆုံးမ သင်ပြတဲ့ စကားတွေဟာ မယဉ်မွန် ငယ်ငယ်က ကြီးမေဆီက ကြားခဲ့ရတာတွေနဲ့ အတူတူပဲ။
မယဉ်မွန် ထမင်းကြော်ပြီး၊ ဟင်းနွှေးပြီးလို့ မီးဖိုပေါ် ရေနွေးအိုးတည်။

ကြီးမေ မျက်နှာ သစ်ရင်း ဆေးကြောထားတဲ့ ဆွမ်းတော် ပန်းထဲက ပန်းကန်ပြား တစ်ချပ်မှာ ဆွမ်းတော်ခူး၊ သောက်တော်ရေခွက်ထဲကို သောက်တော်ရေထည့်ဖို့နဲ့ ကျန်တဲ့ပန်းကန်ပြားတစ်ချပ်ထဲ ဆွမ်းဆော်တင် မုန့်ထည့်ဖို့ကတော့ ကြီးမေ တာဝန်။ သောက်တော်ရေအိုးက ဘုရား စင်ပေါ်မှာ၊ ဆွမ်းတော်တင်မုန့်ကလဲ ဂြိုဟ်ပြေ နံပြေ၊ နေ့နံ သင့်မုန့်ဆိုတော့ ကြီးမေ ဘာသာ ထည့်လိမ့်မယ်။ ဒီနေ့ တနင်းလာဆိုတော့ ကြံသကာပေါ့။ ဆွမ်းတော်ပန်း ပြင်ပြီး ထမင်းချိုင့်ထည့်ဖို့ ကြွေရည်သုတ် လေးဆင့်ချိုင့်ကိုချ။ ထမင်းချိုင့်ခူး ပြီးတော့မှ ကြီးမေရဲ့ ကြောင်စာကျွေးခြင်း အလုပ်ပြီးဆုံးတော့တယ်။ နေ့လယ် ကြောင်စာအတွက် ပြင်ဆင် ပေး ခဲ့ခြင်းပါ။ အပြီးပေါ့။ နေ့လယ်စာကို စားခွက်လေးတွေထဲ ထည့်ပေးခဲ့ရင် ရတယ်။ နံနက်စာ ၀နေတော့ ဆက်စား မပစ်ကြဘူး။ သူတို့ ဆာတဲ့အချိန်မှ နှိုက်စားကြတယ်။

ကြီးမေ ဆွမ်းတော်ပန်း ယူပြီး ဧည့်ခန်း ဘုရားစင်ရှေ့ ရောက်သွားတဲ့အချိန်မှာ မယဉ်မွန်က အိပ်ခန်းထဲ ပြန်ဝင်ပြီး နှစ်ယောက်စာ သနပ်ခါး သွေးတယ်။ ကျောက်ပျဉ်နှစ်ခုပေါ်မှာ ပျစ်ပျစ်နဲ့ များများလေး သွေးတယ်။ ကြီးမေက ပါးရေတွန့်မှာစိုးလို့ မိတ်ကပ်ပါးပါးခံပြီး သနပ်ခါးပဲ မှုန်နေအောင် လိမ်းတယ်။ မယဉ်မွန်လဲ သနပ်ခါး ပရိုမီနာကို ရောလိမ်းတယ်။ ကြီးမေ လိမ်းတဲ့ မိတ်ကပ်က မြန်မာဖြစ် မိတ်ကပ်ကြီး၊ မယဉ်မွန် မကြိုက်ဘူး။ အဲ ... ဈေး တော့ သက်သာတာပေါ့။ ပရိုမီနာက ဈေးကြီးပေမယ့် တစ်ဘူးဆို အကြာကြီး လိမ်းရပါ တယ်။ ကောင်းလဲကောင်းတယ်။ နှုတ်ခမ်းနီကတော့ ပန်းနုရောင် ဖျော့ဖျော့ကိုပဲ တူဝရီး နှစ်ယောက်လုံး ဆိုးကြတယ်။ နှုတ်ခမ်းနီကိုတော့ ကြီးမေ ၀ါသနာပါလို့ တစ်ရာကျော်တန် လောက် ၀ယ်ပါတယ်။ အလှပြင် ပစ္စည်းမှာ ကြီးမေ မနှမြောဘဲ ၀ယ်တဲ့ပစ္စည်းတွေက နှုတ်ခမ်းနီ၊ မျက်ခုံးမွေးဆွဲတံနှင့် ဆံပင် ဆိုးဆေးလေ။

ကြီးမေ ဆံပင်တွေက ဖြူရှာပြီ၊ ထိပ်ပိုင်းတွေဆို ဖွေးနေတာပဲ။ ဒါပေမယ့် ဆံပင်ဆိုးဆေး တန်ခိုးကြောင့် ဈေးဝယ်သူတွေက အန်တီခင်လေးတို့များ အပျိုမို့ ထင်ပါရဲ့ အရွယ်တင် လိုက်တာ၊ ဆံပင်လဲ မဖြူသေး ဘူးနော်လို့များ ပြောလိုက်ရင် ကြီးမေ တစ်ယောက် ပြုံးရွှင် နေတာပဲ။ တစ်ပတ်တစ်ခါ ဥပုသ်နေ့တိုင်း မပျက် မကွက် ဆံပင်ဆိုးတယ်။
သနပ်ခါးသွေးပြီး မယဉ်မွန် ရေချိုးဖို့ ထွက်လာတဲ့အချိန်မှာ ခြောက်နာရီခွဲဖို့ ဆယ်မိနစ် လိုသေးတယ်။

အလျင်ဆိုခြောက်နာရီ ဆယ့်ငါးမှာ ရေချိုးနေကျ။ ဒီနေ့ ကြီးမေ အလုပ်ရှုပ် တာကြောင့် ငါးမိနစ် နောက်ကျ သွားပြီ။ ဧည့်ခန်းတစ်ခုလုံး အမွှေးတိုင်နံ့တွေနဲ့ တစ်ခန်းလုံး ကြိုင်နေတယ်။ ကြီးမေရဲ့ ဘုရားရှိခိုး ဆွမ်းတော် တင်ကပ်သံ အေးအေး တိုးတိုးကလဲ အခန်းထဲမှာ ပျံ့လွင်နေတယ်။ ဘုရား ညောင်ရေအိုး သုံးလုံးထဲက ဂန္ဓာမာပန်း ၀ါဝါတွေကို ကြည့်လိုက်ရင်း ရေလဲဖို့ သတိရတယ်။ တော်ပြီ ညနေမှ ဒီနေ့တော့ အချိန် မရတော့ပါ။ မီးဖိုပေါ်က ဆူနေတဲ့ ရေနွေးအိုးချပြီး ဓာတ်ဘူးထဲ လက်ဖက်ခြောက် ခတ်ထည့်။

ရေမချိုးခင် ရေချိုးခန်းထဲမှာ  ချလှန်းထားတဲ့ သစ်သား အ၀တ်လှန်းစင်ကိုလဲ အသာမပြီး မီးဖိုခန်းထဲကို ရွှေ့ရသေးတယ်။ ရေစဉ် ကုန်မှာစိုးလို့။ ရေချိုးပြီးမှ အ၀တ်လှန်စင်ကို ရေချိုး ခန်းထဲ တစ်ခါ ပြန်ရွှေ့။ အ၀တ်လှန်း စရာက ဒီနေရာပဲ ရှိတာလေ။ မီးဖိုထဲ ချထားပြန်ရင်လဲ ရေစက်တွေ ကျပြီး ရေတွေ အကုန် စိုကုန်မှာ။ ၀ရန်တာဘက် လှန်းရင်ဖြင့် နေရောင်လေး လေလေး ရပါရဲ့။ အိမ်မှာ လူမရှိတော့ ဘယ်လို လုပ်ထားခဲ့မလဲ။

မယဉ်မွန် ရေချိုးပြီးလို့ ဧည့်ခ်းထဲ ပြန်ဖြတ်တဲ့ အချိန်မှာ ကြီးမေ ဘုရားစင်က နေအိမ်တွင်း နတ်အုန်းဘက် ရောက်နေပြီ။ ယပ်သွင်းပြီး ဈေးရောင်းဖို့ တိုင်တည်နေပြီ။ ပြီးရင် ၀ရန်တာ ဘက်မှ သတ်သတ် ကိုးကွယ် ထားတဲ့ နံကရိုင်းမယ်တော် နတ်ကွန်းလေးဆီကို လာပြီး ရှိခိုး ဆုတောင်းမယ်။

မယဉ်မွန် ဖြီးလိမ်း ၀တ်စားပြီးချိန်မှာ ကြီးမေ လာပြီး ဖြီးလိမ်း ၀တ်စားမယ်။ ကြီးမေက ဆောင်းတွင်းဆို ရေကောင်းကောင်း မချိုးရဲဘူး။ ရန်ကုန်ဆောင်းတွင်း မချမ်းတာကိုပဲ ညနေ ဈေးပြန်တဲ့အချိန်မှ ချိုးရဲတယ်။ တူဝရီး နှစ်ယောက်ရဲ့ အ၀တ်အစားကို ထုံးစံ အတတိုင်း တူဝရီးနှစ်ယောက် ဆင်တူ။ MRS ပါတိတ် နီညိုရောင်။ မယဉ်မွန်က ၀မ်းဆက် ၀တ်ပြီး၊ ကြီးမေကတော့ မာဆားဗြောင်နီညိုနဲ့ တွဲဝတ်လိမ့်မယ်။ အ၀တ်အစားကတော့ အထည်သည်တို့ ထုံးစံ ရောင်းကျန် မှန်သမျှကို တူဝရီးနှစ်ယောက် ချုပ်ဝတ်ကြတာပဲ။ ချုပ်ခလဲ မကုန်ပါဘူး။ အိမ်မှာ စက်တစ်လုံးနဲ့ တူဝရီးနှစ်ယောက် ကိုယ့်ဟာကိုယ်ချုပ်ဝတ် ကြတာပေါ့။

ကြီးမေ အ၀တ်အစားလဲနေချိန်မှာ မယဉ်မွန်က မီးဖိုထဲမှာ ထမင်းကြော်နဲ့ရေနွေးကို အဆင်သင့် ပြင်ထား လိုက်တယ်၊ ကော်ဖီ၊ လက်ဖက်ရည်ကို ကြီးမေရော၊ မယဉ်မွန်ရော မကြိုက်ကြဘူး။ အကျင့်လဲ မလုပ်ကြဘူး။ ဈေးမှာ မလွှဲမကင်းသာလို့ ဖောက်သည်ကို ဧည့်ခံချင်ရင်အောင် ရေနွေးနဲ့ လက်ဖက်အုပ်နဲ့ ဧည့်ခံတယ်။ လက်ဖက်ရည်တို့ ဘာတို့ မှာတိုက် မနေပါဘူး။ လက်ဖက်ကိုတော့ တူဝရီးနှစ်ယောက်စလုံး မြုံ့ချင်ကြတယ်။ လက်ဖက်နဲ့ ရေနွေး ဓာတ်ဘူးကတော့ အမြဲတမ်း ပါတယ်။

"မွန်ရေ ... ကြီးမတို့ ကိုယ်လိမ်းပေါင်ဒါ ကုန်တော့မှာပါလား"
"ဟုတ်တယ်လေ ကြီးမေ ဒီနေ့ မေသန်းတို့ဆိုင်က တစ်ဘူး သွားဆွဲတာပေါ့"
"အင်း ... ဈေးများ တက်နေ့ပြန်ပြီလား မသိဘူး။ ဈေးတက်ရင်တော့ မ၀ယ်ပါဘူး၊ ဟိုတစ်ခါ ၀ယ်သုံးတဲ့ နှင်းဆီရေမွှေးလေးလဲ မဆိုးပါဘူး။ ပေါင်ဒါကတော့ ယာ့ဒိလေမှပဲ ကောင်းတယ်"
ယာ့ဒ်လေ ပေါင်ဒါနံ့လေး တသင်းသင်းနဲ့ ကြီးမေ ညည်းညူရင်း ရေနွေးစားပွဲမှာ ၀င်ထိုင် တယ်။

သူငယ်ငယ်ကတည်းက သုံးနေကျ ယာ့ဒ်လေကို ကြီးမေက စွဲလမ်းတယ်။ သူတို့ ခေတ်ကလို နှစ်ကျပ်ခွဲ မဟုတ်ဘဲ နှစ်ရာကျော်ဆိုတော့လဲ တွန့်ပြန်ရော။ ဒါပေမယ့် တစ်ဘူး ဆို တူဝရီးနှစ်ယောက် အကြာကြီးပါ ကြီးမေ ရယ်။ လူ့ထက် ဘာမှ မမြတ်ပါဘူး ဆိုတဲ့ မယဉ်မွန်တရားနဲ့ ကြီးမေ သုံးနေရှာတာ။
"စား ... စား၊ အငယ်လေးစား၊ ငါးကြော်နှပ်လေးထည့် စားဦးလေ"
"တော်ပါပြီ၊ မထည့်ပါဘူး ကြီးမေကလဲ ဒီမှာ ညက ကျန်တဲ့ ငါးပိကြော်လေး ရှိသေးတယ်၊ သရက်သီးသနပ်လဲ ရှိတာပဲ"

"အေး ... အေး၊ ဆိုင်မှာတောင် သရက်သီးသနပ် ပုလင်း ကုန်တော့မယ်နော်။ ဖောင်ကြီး သွားမယ့် အဖွဲ့တွေ ငါးပုလင်းတောင်ပဲ ဟိုနေ့က ၀ယ်သွာကြတာ၊ ထပ်လဲ ယူဦး မလို့လဲ၊ ဒီဥပုသ် လုပ်ရမယ်"
"ဒါဖြင့် ဆီဝယ်ရဦးမယ်၊ ဆီကုန်တော့မယ်၊ ဆီဈေး တက်တယ်တဲ့ ကြီးမေ၊ မနေ့က မအေးတို့ ညိုညိုတို့ ၀ယ်လို့ ပြောနေကြတယ်"
"ဟုတ်လား၊ အေးလေ ... ဆီဈေးတက်တော့လဲ သရက်သီး သနပ်ဈေးလဲ တက်ရုံပေါ့။ ဒါရှိတယ် ... သရက်သီး သနပ်က ပဲဆီစစ်စစ်လေးနဲ့မှ ကောင်းတယ်။ စားအုန်းဆီနဲ့ မကောင်းဘူး"
"ကြီးမေ ... စားဦးလေ ... ရော့ ..."
"စား ... စား ...၊ ကလေးစား"

ထုံးစံအတိုင်း ထမင်းကြော်တစ်ဇလုံး ဇွန်းနှစ်ချောင်းနဲပ သူ့စား ငါစား တွန်းပို့ကြရင်းက ခုနှစ်နာရီ ထိုးတော့ မယ်။ ကြီးမေက ထပြီး လုက်ဖက်အုပ်ပြင်တယ်။ မယဉ်မွန်က ကြိမ်ဆွဲ ခြင်းထဲ ထမင်းချိုင့်၊ လက်သုတ်ပ၀ါ၊ ရေနွေးဓာတ်ဘူးတို့ကို ထည့်တယ်။ ပြီးတော့ လက်ဖက်အုပ်ထည့်။ ကြိမ်ဆွဲခြင်းနဲ့ အမှိုက်အိတ် (ဈေးအမှိုက်ပုံမှာပစ်ဖို့ နေ့တိုင်းယူရတဲ့ ကြွပ်ကြွပ်အိတ်စုတ်နဲ့ အမှိုက်ထုပ်)ကို ဧည့်ခန်း တံခါးပေါက် နားမှာ အဆင်သင့် ထုတ်ထား ပြီး အိပ်ခန်းထဲက ၀ရန်တာ တံခါး ပိတ်ပြီးသားကို သေချာအောင် ကြည့်ရတယ်။ ပြတင်းပေါက်တစ်ပေါက်မှ မရှိတဲ့အတွက် ပိတ်စရာ မလိုတာ တစ်ခုတော့ ကောင်းတယ်။ အချိန်ကုန် သက်သာတယ်။ ကြီးမေ နောက်ဆုံးအဆင့် သူ့ပိုက်ဆံအိတ်ကို ယူထွက်လာတဲ့ အချိန်မှာ ဟိုဘက်က သံဆွဲ တံခါးသံ ကြားရတယ်။

ဟော ... ဒါ ... ဟို ... လူ့ခွစာကြီးထွက်တဲ့ အသံ။ တူဝရီးနှစ်ယောက် ငြိမ်သက်သွားပြီး ကြီးမေက မယဉ်မွန်ကို သစ်သားတံခါးမဖွင့်သေးဖို့ လက်ညှိုးထိုး၊ မျက်လုံးပြူးပြတယ်၊ မယဉ်မွန်ကလဲ အသံမထွက်ဘဲ ခေါင်းညိတ် ပြတယ်။ တစ်ခါဆုံပြီးကတည်းက သူတို့ နှစ်ယောက် သိပ်လန့်သွားကြပြီလေ။ အလျင်လဲသူ ထွက်တဲ့အချိန်နဲ့ ခဏခဏဆုံဖူးပါ တယ်။ ဒါပေမယ့် သူလဲသော့ခတ်၊ ကိုယ်လဲသော့ခတ်နေတာနဲ့ သူဆင်းသွားမှ ကိုယ်ထွက် လာတာနဲ့ တစ်ခါမှ မျက်နှာချင်းဆိုင် မဆုံဖူးပါဘူး။ တစ်တိုင်းပြည်လုံး သူ့လုပ်စာ စားနေရ သလို မျက်နှာထား ကြီးကြောင့် လဲ နှုတ်မဆက်ရဲပါဘူး။ သူ့မိန်းကလေးနဲ့ တွေ့ရင်သာ နှုတ်ဆက်လိုက်တာ။

အဲဒီတစ်ခကတော့ သူ သော့ခတ်ပြီး လှည့်အထွက်နဲပ ကိုယ်ကလဲ သံဆွဲတံခါးအဖွင့် တိုက်တိုက်ဆိုင်ဆိုင် မျက်နှာချင်းဆိုင် တွေ့ကြတယ်။ ကိုယ်က မကောင်းတတ်တော့ နှုတ်ဆက်ရမလို၊ ပြုံးပြရမလိုဖြစ်နေတုန်း မူပိုင်မျက်နှာထားကြီးနဲ့ လူ့ခွစာကြီးက မျက်မှောင်ကြီးကြုတ်၊ နှာခေါင်းကြီး ရှုံ့ပွရှုံ့ပွ လုပ်တဲ့ပြီး ...
"ဟင်း ... အောက်တန်းကျလိုက်တဲ့အနံ့"ဆိုတဲ့ အသံကျယ်ကြီး ထွက်လာတော့တာပဲ။ ဘယ်အနံ့ ရှိရမှာလဲ။ အဲဒီနေ့ကမှ ယာ့ဒိလေပေါင်ဒါ ဈေးကြီးတယ်ဆိုပြီး စမ်းသုံးတဲ့ နှင်းဆီ ရေမွှေးနံ့လေ။ တူဝရီးနှစ်ယောက် ကြိုင်လှိုင် လို့။ ရှင်ပြီး လန့်သွားလိုက်တာလဲ မပြောနဲ့ တော့။ မျက်မှန်အာက်က ကြည့်သွားတဲ့ မျက်လုံးကြီးလဲ မျက်စိ ထဲက မထွက်ဘူး။ အဲဒီ ကတည်းက တေ ဟဲ့ ...။ သူ့အသံကြားတာနဲ့ တူဝရီးနှစ်ယောက် ဝေးဝေးက ပြေးတယ်။

တဖျပ်ဖျပ်နဲ့ လှေကားက ဆင်းသွားတဲ့ အသံကို နားစွင့်ရင်း မလုပ်သူက လေသံလေးနဲ့ သွားပြီတဲ့။ အဒေါ် တူလုပ်သူက ခေါင်းညိတ်ရင်း ခြေဖျားလေးများတောင် ထောက်လို့ သစ်သား တံခါးကို ဆွဲဖွင့်လိုက်တယ်။
ပြီးတော့ သံဆွဲတံခါးကို တွန်းဖွင့်လိုက်တယ်။

တတိယထပ် ညာဘက်ခြမ်းအောက်လွှာ 
ဆက်ရန်
.

2 comments:

:P said...

ဆွဲဖွင့်တော့မှ တည့်တည့်တိုးများနေမလား...

ကိုဇော် said...

နတ်အကြောင်းကတော့ တကယ်ပိုင်တယ် ဟိဟိ။

နောက်ထပ် တစ်ခန်းအကြောင်း စတော့မယ် ထင်တယ်။ ပြီးမှ ဇာတ်ကွက်ကို စုမဲ့ပုံပဲ။