Thursday, October 14, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၃၄) အဆက် (၁)

မိန်းကလေးသုံးဦးသည် အရွယ်ရောက်ခါစ မိန်းမပျိုတို့အား ရှက်ကြောက်ကြသော်လည်း သူတို့ ကိုယ်တိုင် စစ်ဆင်ရေး တွင် စွန့်စားပါဝင်ရမည်ကို စိတ်ပါတက်ကြွလျက် ပျော်ရွှင်ကျေနပ်နေကြပုံ ရ လေသည်။ မကြာ ခဏ သူတို့အချင်းချင်း တီးတိုးစကားပြောရင်း တခစ်ခစ် ရယ်မောနေတတ်ကြ သည်။
"ဒါထက် ဒီကောင်မလေးတွေက သူတို့လုပ်ရမယ့် တာဝန်ကို နားလည်သဘောပေါက်ကြရဲ့လား ကွဲ့။ အမှန် အန္တရာယ် များကြောင်း ကိုလည်း သူတို့ ကြိုတင်သိထားမှ ကောင်းမယ်"
ခရိတ်က ပြောလိုက်လျှင် ဆရာမ ဆာရာကပြုံး၍ ခေါင်းညိတ်ပြလေသည်။

"သူတို့ ကောင်းကောင်း သဘောပေါက်ကြပါတယ်။ ကျွန်မကိုယ်တိုင်က သူတို့နဲ့အတူ ရှိနေပါ မယ်။ ဒီနေ့ညက စပြီး ကျွန်မ သူတို့နဲ့အတူ တောက်လျှောက် နေပါမယ်။ ဘာမှ မစိုးရိမ်ပါနဲ့ စိတ် သာချပါ"
ဆာရာက ဤသို့ပြောလိုက်ခြင်းမှာ အကြောင်းရှိပေသည်။ ညီမ၀မ်းကွဲသုံးဦးသည် အထူးလှပ ကြော့ရှင်း သူများဖြစ်၍ ပြောက်ကျားလူငယ် လူပျိုများ ၀ိုင်းဝိုင်းလည်နေကြသူများဖြစ်သည်။ မိန်းက လေးများ ကိုယ်တိုင်ကလည်း ယောက်ျားတွေ စိတ်ဝင်စားသည်ကို သာယာကြည်နူးမိကြသဖြင့် ယောက်ျားကလေး များ နှင့် ရောရောဝင်ဝင် နေချင်ကြသည်။
သို့သော် ယခု မိမိတို့က အရေးကြီးသော လျှို့ဝှက်စစ်ဆင်ရေးကြီးတစ်ခု ဆင်နွှဲအံ့ဆဲဆဲ အချိန်မျိုး တွင် ဖိုမကိစ္စတွင် ကင်းရှင်းနေရန် လိုအပ်သည်ဟု ယူဆမိသဖြင့် ဆာရာက သူကိုယ်တိုင် စစ်ဆင် ရေးမပြီးမချင်း ညိမပျို သုံးဦးအား မျက်စိအောက်က အပျောက်မခံဘဲ အတူတူနေရန် ဆုံးဖြတ်လိုက် ခြင်းဖြစ်လေသည်။

လက်တွေ့အားဖြင့်လည်း သူမသည် ညီမပျိုများအနီးသို့ ရစ်သီလာကြသူ ပြောက်ကျားလူငယ်များ အား အစ်မကြီးအမိအရာဆိုသကဲ့သို့ ခပ်တည်တည်နှင့် နှင်ပစ်လေသည်။
"အရွယ်ရောက်ခါစ ကျန်းမသန်စွမ်းသူ လူငယ်မောင်မယ်တို့ရဲ့ သဘာဝကို ရှင်လည်း သိသားပဲ မဟုတ်လား။ ဒါကြောင့် လက်တလော အခြေအနေမှာ ကျွန်မက ကောင်မလေးတွေကို ကောင်း ကောင်း ထိန်းထား ဖို့ အရေးကြီးတယ်ရှင့်။ ကျွန်မအဖို့က ဒီညတော့ ကောင်းကောင်း အိပ်ရမှာ မဟုတ်ပါဘူး"
ဤသို့ ဆာရာက ပြောလေသည်။

ခရိတ်ကိုယ်တိုင်လည်း ထိုညက ကောင်းစွာမအိပ်ရပါချေ။ မှေးခနဲ အိပ်ပျော်သလို ဖြစ်လာသည်နှင့် စိတ်ချောက်ချား ဖွယ်ရာ အိပ်မက်တွေမက်ခြင်း၊ ထမင်းလုံးတစ္ဆေခြောက်သလို ဆတ်ခနဲဖြစ်ခြင်း၊ အလိုလို နေရင်း စိတ်ဓာတ်ကျကာ စိုးရိမ်ပူပန်ခြင်း၊ တုန်လှုပ်ချောက်ချားခြင်းတို့ကြောင့် သူသည် နှစ်ခြိုက်စွာ အိပ်မပျော် နိုင်ဘဲ ဖြစ်နေလေသည်။
အမှန်တော့ သူ ယခုစတင်လုပ်ကိုင်နေသော လုပ်ငန်းသည် အောင်မြင်ပါ့မလားဟု သံသယ ၀င်နေ မိခြင်းပင် ဖြစ်လေသည်။

ခရိတ်အဖို့မှာလည်း ဆာရာက စကားပြောနေသဖြင့် အနည်းငယ် စိတ်ပြေလက်ပျောက် ရှိလာလေ သည်။
ဆာရာက ၀န်ကြီး တွန်ဂါတာအကြောင်း စိတ်အးထက်သန်စွာဖြင့် ပြောသလို ခရိတ်ကလည်း သူ၏ ချစ်သူ ဆယ်လီ အကြောင်း ပြောသည်။
သူတို့နှစ်ဦးစလုံးသည် နှလုံးသားတွင်းမှ လှိုက်လှဲစွာ ချစ်မြတ်နိုးနေသူ ချစ်သူကိုယ်စီ ရှိကြသဖြင့် အနာဂတ်အတွက် မျှော်မှန်းချက်များ စိတ်ကူးယဉ်ရသည်ကိုပင် ကြည်နူးပီတိ ဖြစ်နေကြလေသည်။
ဆာရာက သူ၏ စိတ်ထဲရှိသော ရည်မှန်းချက်တစ်ခုအကြောင်း ဖွင့်ပြောပြသည်ကို ခရိတ်သည် အထူးပင် စိတ်ဝင်စား မိလေသည်။

"တစ်နေ့ ကျွန်မက ရဲဘော်ဝန်ကြီးနဲ့ လက်ထပ်ပြီးရင်တော့ ကျွန်မအနေနဲ့ မာတာဘယ်လီ အမျိုး သမီးအားလုံး ကို ကိုယ်စားပြုပြီး ပြောနိုင်ဆိုနိုင် အရေးဆိုနိုင်လာမှာ ဖြစ်ပါတယ်။ ကျွန်မတို့ အမျိုး သမီး တွေဟာ ယောက်ျားတွေရဲ့ အနှိမ်ခံနေခဲ့ရတာ ကြာပြီရှင့်။ အခု လောလောဆယ်ပဲ ကြည့်ဦး လေ။ ကျွန်မ ဟာ သင်တန်းတက်ဖို့ လက်မှတ်ရ သူနာပြုဆရာမ တစ်ယောက်တည်း ဖြစ်တယ်၊ ကျောင်းဆရာမလည်း ဖြစ်တယ်။ ဒါပေမဲ့ ကျွန်မအနေနဲ့ ယောက်ျားများနဲ့တန်းတူ စားသောက်ခွင့် မရှိဘူး။ အမျိုးသမီး ချက်ပြုတ် တဲ့ မီးဖိုဆောင်မှာပဲ စားခွင့်ရှိတယ်။ နောင်ဆိုရင်တော့ ဒါမျိုးကအစ ကျွန်မက အရေးဆိုပြီး အမျိုးသမီးတွေ တန်းတူ အခွင့်အရေးရလာအောင် တိုက်မှာပဲ"

ခရိတ်သည် ဆာရာ၏စိတ်ဓာတ်ကို ကျိတ်၍ လေးစားချီးကျူးမိလေသည်။ တိုးတက်သော အတွေး အခေါ် အမြင် ရှိသူဖြစ်၍ တွန်ဂါတာလိုလူအတွက် အထူးသင့်လျော်လိုက်ဖက်ညီသော အမျိုးသမီး တစ်ဦး ဖြစ်သည် ပါတကား ဟုလည်း သုံးသပ်မိသည်။
ယင်းသို့ တစ်ယောက်နှင့်တစ်ယောက် အကြောင်းအရာမျိုးစုံ ဆွေးနွေးပြောဆိုကြရင်း ညသည် အချိန် ကုန်မှန်း မသိ ကုန်သွားတော့သည်။
ခရိတ်သည် သူ၏ လက်ပတ်နာရီကို ကြည့်လိုက်ပြီး အံ့အားသင့်သွားမိလေသည်။ အချိန်ကုန် မြန် လှသည် ဟုလည်း တွေးမိသည်။

"ဟေ့…လေးနာရီတောင် ထိုးပြီ။ ငါတို့ စလှုပ်ရှားဖို့ အချိန်ရောက်ပြီ"
ခရိတ်က ခပ်တိုးတိုး ပြောလိုက်ပြီးနောက် ဆက်လက်၍-
"မင်းကို ကျေးဇူး အထူးတင်မိတယ် ဆာရာရယ်။ ငါက သတ္တိကောင်းတဲ့ လူတစ်ယောက် မဟုတ် ဘူး။ မင်းရဲ့ အကူအညိ လိုတယ်"ဟု ပြောလိုက်သည်။
ဆာရာသည် ထိုင်ရာမှထပြီး ခရိတ်အား ငုံ့ကြည့်ရင်း-
"ရှင်ကလည်း ကိုယ့်ကိုယ်ကိုယ် ပြန်နှိမ့်ချပြီး ပြောနေပြန်ပါပြီ။ ရှင်ဟာ အလွန်သတ္တိကောင်းတဲ့ လူ တစ်ယောက် ဖြစ်တာ အမှန်ပါပဲ"ဟု ပြော၍ သူ့ညီမငယ်များအား နှိုးရန် ထွက်သွားလေသည်။
နေ အတော်မြင့် နေပြီ ဖြစ်သည်။

ခရိတ်သည် ချောင်းကမ်းနံဘေး တစ်နေရာရှိ ကျောက်တုံးကြီး နှစ်တုံးကြားတွင် အသာဝပ်နေလေ သည်။ သူ၏ ရှေ့တည့်တည့်တွင် အေကေ ၄၇ မောင်းပြန်ရိုင်ဖယ်သေနတ်တစ်လက် အသင့်ချ ထားလေသည်။ သူ၏နေရာမှ ချောင်းကူးတံတားနှင့်တကွ ၀ဲယာနှစ်ဖက်နှစ်ချောင်းကို ပတ်မှတ် အဖြစ် တိုက်ခိုက်ပစ်ခတ်ရန် အမှန် အဆင်ပြေနေလေသည်။
သို့သော် သူ၏ စိတ်ထဲတွင်ကား လူတွေ အမြောက်အမြား သတ်ဖြတ်ရသည့်အဖြစ်မျိုး မရောက်ပါ စေနှင့်ဟု ဆုတောင်း မိလေသည်။
သစ်သားတံတား၏ အောက်ဘက်တွင် မာတာဘယ်လီတိုင်းရင်းသား ပြောက်ကျားလေးဦးတို့ နေရာ ယူထားကြပြီ ဖြစ်သည်။ ရေထဲ ကိုယ်တစ်ပိုင်းမြှုပ်အောင် ဆင်းနေရသဖြင့် သူတို့၏ ကိုယ် အထက်ပိုင်းတွင် အ၀တ် အစား ၀တ်မထားချေ။

တံတား၏သစ်သားပေါင်တွင် သူတို့၏ ရိုင်ဖယ်သေနတ်များ အသင့်တင်ထားလေသည်။ အဓိက လက်နက်များအဖြစ် လေးနှင့်မြား ကိုယ်စီကိုင်ဆောင်ထားကြသည်။ လေးလက်နက်ကလည်း တောဆင်ရိုင်း များ လိုက်ပစ်ရာတွင် အသုံးပြုသော မာတာဘယ်လီ လူမျိုးတို့၏ ရိုးရာလက်နက် (ငါးပေရှိသော လေးကြီးများ) ဖြစ်သည်။
ယင်းလက်နက်များ၏ အစွမ်းကို ခရိတ်သည် တစ်ချိန်က မသိခဲ့။ အထင်မကြီးသည့်ပြင် ထိရောက် နိုင်သည် မဟုတ်ဟု သံသယ ရှိခဲ့သည်။ သို့သော် လက်တွေ့စမ်းသပ်ပြခြင်းကို မြင်ရတော့မှ အလွန်အံ့သြပြီး အထင်ကြီး မိလေတော့သည်။

လေးကြီးကို ဖန်တီးထားပုံက သစ်မာတစ်မျိုးဖြင့် ပြုလုပ်ထားပြီး ပိုမို တောင့်တင်းစေရန် သားရေ စိမ်းဖြင့် ရစ်ပတ် ထားလေသည်။ လေး၏ ကြိုးကလည်း နိုင်လွန်ကဲ့သို့ ခိုင်ခံ့သော တိရစ္ဆာန်သားရေ မျှင်ဖြင့် ပြုလုပ် ထားသည်။

ထိုလေးကြီးကို တင်နိုင်ရန် အလွန်ခွန်အားဗလကြီးမှသာလျှင် တင်နိုင်ပေသည်။ ခရိတ်ကိုယ်တိုင်က သာမန် လူတို့ထက် ခွန်အား ပိုရှိလင့်ကစား လေး၏ ကြိုးကိုဆွဲ၍ လေးတင်ခြင်းငှာ မတတ်နိုင်ချေ။
လေးကို တင်ရသည့် ဆွဲအားပမာဏသည် ပေါင်တစ်ရာခန့် ရှိမည်ဖြစ်သည်။ ခွန်အားဗလ အလွန် ကြီးမားသူ မှသာလျှင် တင်နိုင်သည့် လေးကြီးဖြစ်လေသည်။
လေးနှင့်ပစ်ရသည့် မြားကတော့ ထိပ်ဖျားတွင် ချွန်ထက်သော သံမဏိထိပ်ဖူးများ တပ်ဆင်ထား သည်။ မည်မျှ ထိရောက်ကြောင်း လက်တွေ့ပြသည့်အနေဖြင့် ပြောက်ကျားတစ်ဦးသည် တစ်ခါက ပစ်ပြခဲ့ဖူးရာ ခရိတ် သည် အလွန်အံ့သြမိလေသည်။

ထိုပြောက်ကျားသည် သစ်ပင်ကြီးတစ်ပင်မှ ခြေလှမ်းသုံးဆယ်အကွာတွင် ရပ်ပြီး မြားတစ်စင်းဖြင့် သစ်ပင်ကို ချိန်ပစ်လွှတ်လိုက်ရာ သစ်ပင်အတွင်းသို့ လက်မနှစ်ဆယ်ခန့် စိုက်ဝင်သွားလေသည်။
ထိုမြားဖြင့် လူတစ်ယောက်ကို ပစ်လိုက်ပါက ထုတ်ချင်းပေါက် ၀င်သွားနိုင်ပြီး ဆင်ကြီးတစ်ကောင် ကို  ပစ်မည်ဆိုလျှင်လည်း ဆင်ကြီး၏ ကိုယ်တစ်ဖက်မှ တစ်ဖက်သို့ တောက်လျှောက် ၀င်သွား မည်ဖြစ်သည်။ ဤမျှ ထိရောက်ပြီး ကြောက်စရာကောင်းသော တိုင်းရင်းရိုးရာ လက်နက်တစ်ခုပါ ပေတည်း။

ယင်းလက်နက်မျိုး ကိုင်ဆောင်သူ လေးသမား လေးယောက် တံတားအောက်တွင် ရှိနေပြီဖြစ် သည်။
မလှမ်းမကမ်းရှိ ရေဒူးဆစ်ခန့်နက်သော ချောင်းထဲ တစ်နေရာတွင်လည်း နောက်ထပ် လေးသမား ဆယ်ဦးတို့သည်လည်း အသာဝပ်၍ နေရာယူထားကြသည်။ သူတို့သည် ရန်သူက ရုတ်တရက် မမြင်နိုင်အောင် တစ်ကိုယ်လုံး ရေထဲတွင် နှစ်ကာ ဦးခေါင်းသာလျှင် ရေမျက်နှာပြင်ပေါ်သို့ ဖော် ထားကြသည်။ ထို့ပြင် ကမ်းစပ်အနီး ကမ်းပါးတစ်ခု၏ အကာအကွယ်ကို ယူထားသောကြောင့် ရုတ်တရက် မြင်ရန် မလွယ်ကူချေ။

မကြာမီ စစ်ကားကြီးများ၏ အင်ဂျင်စက်သံ ကြားရလေသည်။ ချောင်းကူးတံတားသို့ ချဉ်းကပ်ခါနီး တွင် လမ်းက ဆင်ခြေလျှောဖြစ်နေရာ မော်တော်ကားအရှိန်လျှော့၍ မောင်းရသောကြောင့် စစ်ကား ကြီးများ၏ အင်ဂျင်စက်သံ သည် တစ်မျိုး ပြောင်းလာလေသည်။

ခရိတ်ကိုယ်တိုင် စောစောပိုင်းက ထိုဆင်ခြေလျှောလမ်းအတိုင်း တစ်ကြိမ်လျှောက်၍ အခြေအနေ ကို လေ့လာခဲ့ပြီး ဖြစ်သည်။ တစ်ချိန်က ရိုဒီရှားနိုင်ငံ ရဲတပ်ဖွဲ့တွင် (မျက်နှာဖြူ အစိုးရလက်ထက်က) အမှုထမ်းခဲ့ဖူးသော အတွေ့အကြုံကြောင့် ဘေးအန္တရာယ်ရှိလျှင် အလိုလို သင်္ကာမကင်းဖြစ်ကာ သိ တတ်သော အလေ့သည် ယခုလည်း တစ်ဖန်ပြန်လည်ပေါ်လာသဖြင့် ခရိတ်အနေဖြင့် လမ်းဘေး ချုံပုတ်များပါမကျန် အကဲခတ်ကြည့်ရင်း အန္တရာယ်ကို ရှာဖွေကြည့်ခဲ့လေသည်။

ရန်သူ၏ အရိပ်အယောင် လုံးဝမတွေ့ရတော့မှ သူ၏ ပြောက်ကျားရဲဘော်များအာ အချက်ပြ အကြောင်း ကြား ခဲ့လေသည်။
"ကျွန်မတို့ သွားကြဖို့ တော်ပြီထင်တယ်"
ဆာရာက ခပ်တိုးတိုး ပြောလိုက်သည်။ သူမသည် ညီမ၀မ်းကွဲများနှင့်အတူ ခရိတ်၏ ဘေးနားရှိ ကျောက်တုံးကြီးနောက်တွင် ထိုင်နေကြရာမှ အခြေအနေကြည့်ရင်း ပြောလိုက်ခြင်းဖြစ်သည်။
ဆာရာပြောသည့်အတိုင်း မှန်ပေသည်ဟု ခရိတ်ကလည်း သုံးသပ်မိလေသည်။ ယခုအခြေအနေကျ မှ အစီအစဉ် တစ်မျိုးပြောင်း၍ မဖြစ်တော့။ မူလက ကြိုတင်အကွက်ဆင်ထားသည့်အတိုင်း လက် တွေ့လုပ်မှ ဖြစ်ပေ တော့မည်။

"ကဲ…ဒါဖြင့် မင်းတို့သွားပေတော့"
ခရိတ်က ပြောလိုက်သည်နှင့် ဆာရာသည် မတ်တတ်ထ၍ ၀တ်ထားသော ရှပ်အင်္ကျိပွပွကို ချွတ်ချ လိုက်သည်။ သူမ၏ ညီမ၀မ်းကွဲတို့သည်လည်း ချက်ချင်းပင် ဆာရာနည်းတူ ကိုယ်တွင် ရစ်ပတ် လွှမ်းထားသော အ၀တ်စများကို ချွတ်ပစ်လိုက်ကြလေရာ သူတို့ ညီအစ်မလေးဦးစလုံးတို့သည် လုံးဝ ဗလကျင်းကာ မိမွေးတိုင်း ဖမွေးတိုင်း ဖြစ်သွားကြတော့သည်။
သို့သော် ခြွင်းချက်အနေဖြင့် ခါးတွင် ပုတီးစေ့များ သီထားသည့် ခါးဝတ်တစ်ခုစီ ရှိနေကြလေ သည်။ ပုတီးစေ့ ခါးဝတ်များသည် အောက်သို့ ခပ်ရှည်ရှည် တွဲလဲကျနေသဖြင့် အရှက်ကို မလုံတလုံ ဖုံးထား သလိုရှိသော်လည်း မိန်းကလေးများ သွားလာလှုပ်ရှားလျှင် ပုတီးစေ့များသည် ကိုယ်တွင် ကပ်မနေတော့ဘဲ ရွေ့လျား လှုပ်ရှားနေရာ မိန်းကလေးများ၏ သူတို့၏ လျှို့ဝှက်သော သဘာဝ အလှကို မမြင်ချင်မှအဆုံး ပေါ်လွင် လာတတ်ပေသည်။

နောက်မှကြည့်လျှင်ကား မိန်းကလေးများ၏ ခန္ဓာကိုယ် အချိုးကျနသော သဘာဝအလှကို အတိုင်း သား မြင်နေရပေလေသည်။ တစ်ယောက်ကိုတစ်ယောက် ရေနှင့် ပက်ဖျန်း၍လည်း ဆော့ကစားနေ ကြသည်။

ကြိုတင် စီစဉ်ထားသည့်အတိုင်း မိန်းကလေးများသည် ချောင်းတွင်း ရေစပ်နားဆီသို့ ပြေးသွားကြ စဉ် ခရိတ်က နောက်မှနေ၍-
"ဟေ့…ရေထဲမှာ ရယ်မောပြီး ကစားနေကြကွ။ ပျော်ပျော်ရွှင်ရွှင် နေကြဖို့ မမေ့ကြနဲ့"ဟု လှမ်း အော်ပြော လိုက်သည်။

မိန်းကလေးများသည် အ၀တ်မပါဘဲ ဗလာကျင်နေသည်ကို ရှက်ကြောက်ဟန်မတူဘဲ ရေစပ်သို့ ရောက်လျှင် ခရိတ် ညွှန်ကြားသည့်အတိုင်း ရယ်ကာမောကာဖြင့် ပျော်ရွှင်ကစားနေကြသည်။
သူတို့ ခါးတွင် ပတ်ထားသော ပုတီးစေ့ခါးပတ်မှာ အိမ်ထောင်မကျသေးသော မိန်းမပျိုတို့ ဆင် မြန်းလေ့ ရှိသည့် မာတာဘယ်လီရိုးရာ တန်ဆာတစ်ခုပင် ဖြစ်သည်။ ဆာရာကိုယ်တိုင်ကလည်း ဆင်မြန်းခဲ့ဖူးသည်။ ယင်း ပုတီးစေ့တန်ဆာကို မြင်ရသူများက ဤမိန်းကလေးများ အပျိုဖြစ်ကြောင်း အလိုလို သိကြမည် ဖြစ်လေ သည်။

ခရိတ်သည် မိမိတို့ဘက်မှ ပြောက်ကျားရဲဘော်များကို အကဲခတ်ကြည့်ရာ ကိုယ်တုံးလုံးဖြစ်နေသူ မိန်းကလေး များ အား လုံးဝ ဂရုမစိုက်ဘဲ လှည့်၍ပင် မကြည့်ဘဲ ဣနြေ္ဒရရ နေကြသည်ကို မြင်ရပြီး အံ့သြ မိလေသည်။

အမှန်တော့ မာတာဘယ်လီ ပြောက်ကျားလူငယ်များသည် မိမိတို့ လတ်တလောရင်ဆိုင်ရမည့် အန္တရာယ်များလှသော လုပ်ငန်းတာဝန်ကိုသာ အာရုံစူးစိုက်၍ အသင့်ပြင်ဆင်နေကြခြင်း ဖြစ်လေ သည်။
ရှေ့ဆုံးမှလာသော စစ်ကားမှာ တိုယိုတာ အမျိုးအစား ငါးတန်ကားကြီးဖြစ်ပြီး ချောင်းကူးတံတားဆီ သို့ တဖြည်းဖြည်း ချဉ်းကပ်လာပြီဖြစ်သည်။ ကားအမျိုးအစားက မကြာသေးမီက ခရိတ်တို့ နောက်သို့ ဘော့ဆွားနာ နိုင်ငံ နယ်စပ်အထိအောင် လိုက်လာသော စစ်ကားအမျိုးအစားပင်ဖြစ် သည်။

ကား၏ ရှေ့အခန်း အမိုးပေါ်တွင် စက်သေနတ်တစ်လက်တင်ထားပြီး ရှိုနာစစ်သားတစ်ဦးက စက် သေနတ်ကို အသင့်ကိုင်လျက် လိုက်ပါလာသည်။ ထိုကား၏နောက် မလှမ်းမကမ်းမှ ဒုတိယစစ် ကား သည်လည်း လိုက်ပါလာလေသည်။
"ဘုရားသခင်တန်ခိုးနဲ့ နောက်ထပ် စစ်ကားတစ်စီး ပါမလာပါစေနဲ့"
ခရိတ်က စိတ်ထဲမှကျိတ်၍ ဆုတောင်းလိုက်မိရင်း သူ၏အေကေ ၄၇ မောင်းပြန်ရိုင်ဖယ်သေနတ်ကို အသင့်ကိုင်ထားလိုက်သည်။ ထိုအချိန်၌ သူ၏မျက်နှာတွင် ချောင်းဘေးမှ ရွှံ့များလိမ်းကျံထားပြီး သေနတ်ပြောင်း ကိုလည်း သစ်ခက်များဖြင့် ဖုံးအုပ်ထားသဖြင့် ရန်သူက ရုတ်တရက် မြင်နိုင်ရန် မလွယ် ကူချေ။

ခရိတ်သည် ဆက်၍ စောင့်ကြည့်နေရာ နောက်ထပ် စစ်ကားမလာဘဲ ကားနှစ်စီးသာဖြစ်ကြောင်း သိရသဖြင့်-
"အင်း…တော်သေးရဲ့"ဟု အောက်မေ့လျက် သက်ပြင်းချလိုက်မိသည်။
ကားကြီးနှစ်စီးစလုံး တံတားပေါ်သို့ ဖြတ်မောင်းစဉ် ဆာရာနှင့် ညီမငယ်များသည် ရေထဲ ဒူးဆစ် မြှုပ်အောင် မတ်တတ်ရပ် နေရာမှ စစ်ကားပေါ်မှ စစ်သားများကို လက်ဝှေ့ယမ်းပြ၍ နှုတ်ဆက်လိုက် ကြသည်။

ချက်ချင်းလိုပင် ရှေ့ဆုံးမှ စစ်ကားသည် သိသိသာသာ အရှိန်လျှော့၍ ဖြည်းဖြည်းချင်း မောင်းလေ သည်။
မိန်းကလေး များသည် ကိုယ်ကို ၀ဲယာယိမ်းထိုးလျက် တိုင်းရင်းသားရိုးရာ အကတစ်မျိုး ကနေဟန် လှုပ်ရှားရာ သူတို့၏ ခန္ဓာကိုယ်အထက်ပိုင်းမှ သဘာဝအလှတို့က ရေစိုနေလင့်ကစား စစ်သားများ အား မြူဆွယ်ဖြားယောင်း သလို ဖြစ်နေတော့သည်။ မိန်းကလေးများကိုယ်တိုင်က စစ်သားများကို ကြည့်ပြီး တခစ်ခစ် ရယ်မောနေကြလေသည်။

ရှေ့ဆုံးမှ စစ်ကား၏ ခေါင်းခန်းတွင် စစ်သားနှစ်ဦး လိုက်ပါလာသည်။ တစ်ဦးက အရာခံဗိုလ်အဆင့် ရှိကြောင်း သူ၏ ပခုံးမှ ရာထူးကြယ်ကို မြင်၍ ခရိတ်က ရိပ်မိလေသည်။
ထိုလူသည် ရေချိုးနေသူ မိန်းကလေးများကိုကြည့်ပြီး သွားများပေါ်အောင် ပြုံးဖြဲဖြဲလုပ်နေရာမှ သူ ၏ ဘေးရှိ ယာဉ်မောင်းသူ အား တစ်စုံတစ်ခု ပြောလိုက်ရာ ချက်ချင်းပင် စစ်ကားကြီးသည် ဘရိတ် အုပ် ရပ်သွား လေသည်။

နောက်မှ လိုက်လာသော ဒုတိယစစ်ကားသည်လည်း ဆက်မမောင်းနိုင်ဘဲ ရပ်လိုက်သည်။
အရာခံဗိုလ်မှာ လူငယ်တစ်ဦးဖြစ်ပြီး ကားတံခါးကို ဖွင့်၍ ခြေနင်းခုံပေါ်တွင် ရပ်နေလေသည်။ ကား ၏နောက် မှ အခြားစစ်သားများနှင့် ကား၏ အမိုးပေါ်မှ စက်သေနတ်သမားတို့သည်လည်း ချောင်း ထဲမှ လုံမပျို များ၏ အလှကို ငေးမောကြည့်ရင်း သဘောကျဟန်ဖြင့် ပြုံးရယ်နေကြလေသည်။

ထိုအချိန်၌ ဒုတိယကားပေါ်မှ စစ်သည်များသည်လည်း အားကျဟန်ဖြင့် ကားပေါ်မှ ခုန်ဆင်းလာ ကြသည်။
မိန်းကလေး တစ်ဦးသည် စစ်သားများကိုကြည့်ရင်း လက်ဖြင့် တစ်စုံတစ်ခုလုပ်ပြလိုက်ရာ စစ်သား များသည် အလွန် သဘောကျလျက် တ၀ါးဝါးနှင့် ရယ်မောကြလေသည်။
အရာခံဗိုလ်သည်လည်း မိန်းကလေးက လက်ဖြင့် လုပ်ပြသည်ကို ဖိတ်ခေါ်ခြင်းဟု တထစ်ချတွက် လျက် ကားပေါ်မှ ဆင်းလိုက်သည်။ ကျန်စစ်သားများသည်လည်း သူ၏နောက်မှ ၀ိုင်းလိုက်လာကြ လေသည်။ ထိုအချိန်၌ စက်သေနတ်သမားနှစ်ဦးသာလျှင် သူတို့၏ တာဝန်ကျနေရာတွင် ရှိနေကြ လေသည်။

ခရိတ်သည် တံတားအောက်ဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ မိမိတို့၏ ပြောက်ကျားရဲဘော်များက လေးနှင့်မြားတို့ကို အသင့် ကိုင်ထားကြပြီဖြစ်ကြောင်း မြင်ရလေသည်။
သူကြည့်နေစဉ်မှာပင် လေးသမားလေးဦးတို့သည် ရေထဲမှ ကမ်းပါးပေါ်သို့ တဖြည်းဖြည်း တွား၍ တက်လာ ကြလေသည်။

ဆာရာ က ရှေ့ဆောင်လျက် စတင်လှုပ်ရှားလေသည်။ သူမသည် ပုတီးစေ့ခါးပတ်ကိုချွတ်၍ လက် ဖြင့်ကိုင်ရင်း ချောင်းကမ်းဘေး စစ်သားများရှိရာသို့ လျှောက်လာလေသည်။
သူမက ဖြည်းဖြည်းချင်း လျှောက်လာစဉ် စစ်သားများသည် မရယ်မောနိုင်တော့ဘဲ ပါးစပ် အဟောင်းသား ဖြင့် ဆာရာအား ငေးမောကြည့်နေကြလေသည်။
သူမ၏ ပြည့်ဖြိုးလှပ အချိုးကျနသော ကိုယ်လုံးကိုယ်ဟန်ကလည်း စစ်သားများ ငေးမည်ဆိုလျှင် ငေးလောက် အောင်ပင် ဆွဲဆောင်မှုရှိနေပေသည်။

ထို့ကြောင့် ရှိုနာလူမျိုးစစ်သားများသည် အလိုရမ္မက် ပြင်းထန်တက်ကြွကာ အခြား ဘာကိုမှ ဂရု မစိုက်နိုင်ကြ တော့ကြောင်း ခရိတ်က ရိပ်မိလေသည်။
ဆာရာသည် ချောင်းကမ်းအနီးရေစပ်တွင်ရပ်ကာ စစ်သားများအား ညှို့ဓာတ်ပါသော မျက်လုံးဖြင့် မော်ကြည့် နေလေသည်။ စစ်သားများကလည်း မျက်တောင်မခတ် ငေးကြည့်နေကြသည်။

ထိုအချိန်၌ လေးသမားလေးဦးတို့က စစ်သားများနောက်မှ အသာ ခြေဖျားထောက်၍လာကြရာ ရှေ့ဆုံးမှစစ်သားနှင့် ခြေလှမ်းဆယ်လှမ်းမျှ အကွာသို့ ရောက်ရှိနေကြပြီဖြစ်သည်။
ဤတွင် သူတို့ လေးဦးစလုံးက ဒူးထောက်၍ ပစ်ခတ်ရန် လေးတင်လိုက်ကြသည်။ လေး၏ကြိုးကို ဆွဲငင်ရာ၌ အထူးအားစိုက်ဆွဲရသဖြင့် သူတို့၏ လက်မောင်းမှ ကြွက်သားကြီးများ ဖောင်းကြွတက် လာလေ သည်။ ထို့နောက် တစ်ယောက်ပြီးတစ်ယောက် မြားတစ်စင်းစီ ပစ်လွှတ်လိုက်ကြလေ သည်။

အသံဆို၍ လုံးဝမကြားရဘဲ ကားခေါင်မိုးပေါ်မှ စက်သေနတ်သမားတစ်ဦးသည် ရုတ်တရက် ရှေ့ သို့ ငိုက်ကျ သွားလေသည်။ လုံးဝ မလှုပ်ရှားတော့ဘဲ ငြိမ်သွားချိန်တွင် ထိုလူ၏ လက်တစ်ဖက် သည် ကားခေါင်မိုး ပေါ်မှ ဘေးသို့ တွဲလောင်းကျနေလေသည်။
အခြား စက်သေနတ်သမားသည်လည်း ဘာမှန်းမသိလိုက်ရဘဲ သူ၏ နောက်ကျောသို့ မြား တစ်စင်း ထိုးစိုက် ၀င်လာတော့မှ ပြင်းစွာ နာကျင်လျက် ဟစ်အော်ရန် ကြိုးစားလေသည်။ သို့သော် ပါးစပ်မှ ဘာသံမှ ထွက်မလာချေ။

သွေးရူးသွေးတန်းနှင့် လက်တစ်ဖက်ကို နောက်သို့ပစ်၍ ကျောမှမြားကို ဆွဲထုတ်ရန် ကြိုးစားနေ ခိုက်မှာပင် နောက်ထပ် မြားတစ်စင်းက ပထမမြား၏ အောက်နားဆီသို့ လာထိမှန်ပြန်လေသည်။ စက်သေနတ် သမားသည် ဝေဒနာကြောင့် ရှုံ့မဲ့တွန့်လိမ်ရာမှ ချက်ချင်းလိုပင် မလှုပ်မယှက် ငြိမ် သက်သွားတော့သည်။
လေးသမားတို့သည် ပစ်မှတ်ကို တစ်မျိုးပြောင်းကာ ချောင်းကမ်းစပ်မှ စစ်သားအုပ်စုဆီသို့ မြား တွေ ပစ်လွှတ်ပြန်သည်။

မြားထိမှန်၍ စစ်သားတစ်ဦးက ငယ်သံပါအောင် အော်လိုက်ချိန်တွင် ချောာင်းထဲတွင် ပုန်းနေကြသူ မာတာဘယ်လီ ပြောက်ကျားများသည် ဘွားခနဲ ထွက်လာပြီး ကမ်းပေါ်သို့ ပြေးတက်ကြလေ သည်။
ရှိုနာစစ်သားများက လေးသမားများကို ရင်ဆိုင်ရန် လှည့်လိုက်ကြသဖြင့် ပြောက်ကျားရဲဘော်များ သည် သူတို့၏ နောက်ကျောမှ တိုက်ခိုက်ခွင့် ရကြလေသည်။ ပြောက်ကျားရဲဘော်များသည် အနီး ကပ် တိုက်ပွဲတွင် သေနတ်မသုံးဘဲ ပန်ဂါခေါ် မာတာဘယ်လီ ရိုးရာဓားလက်နက်တစ်မျိုးကို အသုံး ပြု၍ တိုက်ခိုက်ကြလေသည်။

ဓားတိုသော်လည်း ပုဆိန်နှင့် ပို၍တူပြီး အသွားက အလွန်ထက်လှ လေသည်။
ရှိုနာလူမျိုး အရာခံဗိုလ်သည် ရုတ်တရက် အငိုက်မိခံရသဖြင့် အံ့အားသင့် တုန်လှုပ်နေစဉ်မှာပင် ပြောက်ကျားရဲဘော်တစ်ဦးက ပန်ဂါအသွားဖြင့် ဦးခေါင်းတည့်တည့်သို့ တအား လွှဲခုတ်ချလိုက် သည်။
ပန်ဂါဓား၏ ဒဏ်ဖြင့် အရာခံဗိုလ်၏ ဦးခွံကွဲသွားသည့် အသံကို ခရိတ်ပင်လျှင် ကြားလိုက်ရလေ သည်။

ဆာရာသည် ညီမလေးများကိုပါ ခေါ်၍ ကမ်းပေါ်သို့ ပြေးတက်လာလေသည်။ တိုက်ပွဲဖြစ်ပွားနေပြီ ဖြစ်၍ သူတို့သည် ကမ်းပေါ်ရောက်ရောက်ချင်း မြေပြင်တွင် ၀ပ်နေလိုက်ကြရလေသည်။
ဒိုင်းခနဲ သေနတ်သံတစ်ချက် ကြားလိုက်ရလေသည်။ ထိုအချိန်၌ ရှိုနာစစ်သား အားလုံးလိုလို ကျ ဆုံးကုန်ကြပြီဖြစ်သည်။ မာတာဘယ်လီ ပြောက်ကျားရဲဘော်များကတော့ လဲကျနေသူ ရှိုနာစစ် သား များအား အခဲမကျေဟန်ဖြင့် ဆက်လက် ခုတ်ထစ်နေကြလေသည်။

"ဟေ့…ဆာရာ မိန်းကလေးတွေပါခေါ်ပြီး ဟောဟို တောစပ်က ချုံတွေကြား သွားပုန်းနေကြ"
ခရိတ်က အေကေ ၄၇ ရိုင်ဖယ်သေနတ်ကို ကိုင်လျက် ချောင်းကူးတံတားကိုဖြတ်၍ ပြေးသွားလေ သည်။
ပြောက်ကျားရဲဘော်များသည် ထိုအချိန်၌ ကျဆုံးသူ ရှိုနာစစ်သားများ၏ ကိုယ်မှ အသုံးအဆောင် ပစ္စည်း များကို နှိုက်ယူနေကြပြီ ဖြစ်သည်။ သူတို့သည် ဤအလုပ်မျိုး လုပ်နေကျဖြစ်၍ ကျွမ်းကျင် လျင်မြန် လှပေသည်။ စစ်သားအလောင်းများမှ လက်ပတ်နာရီများကို ရှေးဦးစွာ ဖြုတ်ယူကြသည်။ ပြီးတော့မှ အင်္ကျီအိတ် ထဲမှ အခြားပစ္စည်းများ (ပိုက်ဆံအိတ် စသည်တို့ကို) နှိုက်ယူကြလေသည်။
"ကျွန်ုပ်တို့ဘက်မှ ထိခိုက်မှု ရှိသလော"

"မည်သူမျာ ကျည်ဆန် ထိမှန်သွားလေသနည်း"
ခရိတ်က မာတာဘယ်လီဘာသာဖြင့် မေးလိုက်သည်။ စောစောက ကြားလိုက်ရသော သေနတ်သံ တစ်ချက် ကြောင့် စိုးရိမ်၍ မေးလိုက်ခြင်းပင် ဖြစ်သည်။ သို့သော် ကံအားလျော်စွာ သူတို့ဘက်မှ မည်သူမျှ ထိမှန်ခြင်း မရှိချေ။

ခရိတ်သည် သူတို့သွားမည့်လမ်းတွင် ရန်သူ၏ ချုံခိုတိုက်ခိုက်ခြင်း မခံရအောင် ရှေ့ပြေးကင်းအဖွဲ့ တစ်ဖွဲ့ ကြိုတင်လွှတ်လိုက်သည်။ ကျဆုံးသူ ရှိုနာစစ်သားများကိုလည်း မြေမြှုပ်သင်္ဂြိုဟ်ရန် ညွှန် ကြားလိုက်သည်။

စစ်ကားခေါင်းမိုးပေါ်မှ စက်သေနတ်သမား မြားထိမှန်ပြီး သေဆုံးသည့်နေရာမှာ သွေးများ ယိုစီးကျ ၍ ပေကျံ နေသဖြင့် ခရိတ်က ပြောက်ကျားရဲဘော်များအား ရေဖြင့် ဆေးကြောသန့်စင်ခိုင်းလိုက် သည်။ သွေးစွန်းနေသော ယူနီဖောင်းဝတ်စုံများကိုလည်း လျှော်ဖွပ်ခိုင်းလိုက်သည်။

ဆက်ရန်
.

No comments: