Wednesday, October 13, 2010

ဂျိုစီကလေး၏ခရီးကြမ်း အပိုင်း (၆)

သွေးရူးသွေးတန်း

ညနေ ၄ နာရီတွင် ဂျိုစီနှင့် မီဂန်တို့ ရေကူးသင်တန်းပြီးလို့ ကျောင်းကားဖြင့် ကျောင်းသို့ပြန်ခဲ့ကြ၏။ လင်း နှင့် လူစီ က စောင့်ကြိုပြီး အိမ်ကို လမ်းလျှောက်ပြန်ခဲ့ကြ၏။
ချယ်ရီပန်းခြံလမ်း ထဲဆင်းလာတော့ သူတို့နောက်မှ ကားတစ်စီးလိုက်လာသည်။ သူတို့လမ်းဘေး ဆင်းပြီး ရှောင်ပေး လိုက်ကြ၏။
ဂျိုစီ က ကားမောင်းသမားကို လက်ယမ်းပြလိုက်သည်။ သို့သော် ထိုပုဂ္ဂိုလ်က မျက်နှာသုန်သုန်မှုန်မှုန်နှင့်၊ ဂျိုစီ နှုတ်ဆက်သည် ကို လုံးဝမတုံ့ပြန်။

လမ်းထောင့်နား တွင် သူက ကားကို လမ်းပိတ်ရပ်လိုက်သည်။ ပြီးတော့ ထိုလူသည် ကားပေါ်မှဆင်း လိုက်သည်။ နောက်ဘက် မှ မှန်ကိုပင့်ပြီး တူတစ်လက် လှမ်းယူသည်။ ပြီးတော့ လင်း ကို ပိုက်ဆံ တောင်းသည်။ လင်းက ပိုက်ဆံ ပါမလာကြောင်း လိုက်ချင်လျှင် အိမ်လိုက်ခဲ့ဖို့ အကြောင်းပြောတော့ သူက ခေါင်းယမ်း သည်။
သည်နေရာတွင် လင်း က ဂျိုစီ့ကို ကိုယ်လွတ်ရုန်းပြဖို့ ပြောသည်လား။ လင်း စ အရိုက်ခံရမှ ဂျိုစီ့ ထွက်ပြေး သည်လား၊ ကျွန်တော် မသေချာပါ။

မီဂန် ၏ လည်ပင်းကို ဖိနပ်ကြိုးနှင့် နှစ်ကျော့ပြန်ချီပြီး သူဖမ်းလိုက်သည်။ ဂျိုစီ့အဆိုအရ လင်း သေကောင် ပေါင်းလဲ အရိုက်ခံနေရချိန်တွင် သူ ထွက်ပြေးခဲ့သည်တဲ့။ တစ်ပြိုင်တည်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
လင်း က မီဂန်ကို ပြန်လုစဉ် ပထမဆုံးတူချက် မိသွားခြင်းလည်းဖြစ်နိုင်၏။ လင်းက ဂျိုစီ့ကို ထွက်ပြေး ခိုင်းတော့ ဂျိုစီထွက်ပြေးသည်။ သို့သော် လူသတ်သမားက လိုက်ဖမ်းသည်။
လူသတ်သမား က သူတို့အားလုံးကို မြေကြီးပေါ်တွင် ထိုင်ခိုင်းသည်။ ပြီးတော့ ကြိုးနှင့်တုပ်သည်။ နောက်တစ်ခါ ဂျိုစီ တို့ ညီအစ်မ၏ မျက်နှာသုတ်ပ၀ါတွေနှင့် ပါးစပ်ကိုဆို့သည်။ ပြီးတော့ သူတို့ကို ဖိနပ် ကြိုး ဖြင့် စည်းသည်။

ဂျိုစီ့ကို သစ်ပင်တစ်ပင်တွင် ကြိုးနှင့်တုပ်ပြီး ကြိုးသိပ်တင်းနေသလားဟု သူကမေးသေးသည်တဲ့။ ပြီးတော့မှ သူတို့ အားလုံး ကို နောက်ဘက်မှရပ်ပြီး ဦးခေါင်းကို တူနှင့်တအားလွှဲထုတော့၏။ အမေ၏ ငယ်သံပါအောင် အော်သံ ကိုလည်း ကြားနေရ၏။ ကျွန်တော်တို့ ခွေးကလေး လူစီကိုလည်း လူသတ်သမားက ချမ်းသာမပေး။ အဖြစ်အပျက် မှာ ၁၅ မိနစ်ခန့်သာကြာသည်။
လူသတ်သမား က သွေးနိုင်းချင်းနှင့် မျက်နှာသုတ်ပ၀ါတွေကို စုပြီး ရေကူးဝတ်စုံအိတ်ထဲပြန်ထည့်သည်။ ပြီးတော့ ကားမောင်းထွက်သွားသည်။ လမ်းဆုံတွင် အခြားကားတစ်စီးနှင့် တိုက်မိလုဆဲဆဲ ဖြစ်သွားသည်။ နောက်ကား က ဘရိတ်အဖမ်းမြန်၍ သီသီ ကပ်လွတ်သွားသည်။

နောက်ခဏ အကြာတွင် လူတစ်ယောက် ခြုံပုတ်ထဲတွင် အိတ်တစ်လုံးကို ၀ှက်နေသည်ကို မြင်လိုက်သူရှိ၏။
လင်း၊ ဂျိုစီ၊ မီဂန်နှင့် လူစီတို့သည် သူတို့အရိုက်ခံရသည့် နေရာတွင်ပင် လဲနေကြ၏။ နောက်ရှစ်နာရီကြာမှ ရဲက ရှာတွေ့သွားခြင်းဖြစ်သည်။
လင်းနှင့်မီဂန် ကို အောက်တိုဘာလ ၅ ရက်နေ့တွင် သဂြိုလ်လိုက်ကြသည်။ မိတ်ဆွေ အပေါင်းအသင်း များစွာ၊ မိသားစု များစွာ အသုဘပို့ကြ၏။ သို့သော် အသံတိတ် အသုဘဖြစ်နေ၏။ အားလံုး ဆို့နင့် နေကြသည် ထင်ပါသည်။ ထူးဆန်းနေသည်မှာ ဂျိုစီဖြစ်၏။ သူ ပြေးလွှားပျော်ရွှင်နေ၏။ မျက်ရည် ကျသူတွေ ကို မငိုရ ဟု သူတား၏။

အဖြစ်အပျက် ကို နားမလည်နိုင်၍လား၊ လူတွေ စိတ်သက်သာရာရအောင် သူလုပ်နေသည်လား၊ ကျွန်တော် မစဉ်းစား တတ်အောင် ဖြစ်နေပါသည်။
အခေါင်း များပေါ်သို့ သူမြေကြီးပစ်ချရမည့်အလှည့်ရောက်တော့ သူတွေကြည့်နေသည်။ နံဘေးဝန်းကျင်မှ ငိုရှိုက်သံ များကို သူလုံးဝမကြားသလို။
သူ့အမေ နှင့် ညီမလေး နောက်ဆုံးခရီးကို ထွက်သွားပြီဟု ဂျိုစီသိသွားပြီလား။
သူနားလည်သွားပြီ ဟု ကျွန်တော်ထင်လိုက်၏။ ခုမှ ကျွန်တော် သက်ပြင်းချနိုင်ပါတော့သည်။
-----------------------
ကျောင်းပြန်တက်ပြီ

အောက်တိုဘာလကုန်တွင် ဂျိုစီကျောင်းပြန်တက်သည်။ သူ့ခုံတွင် အသာကလေးဝင်ထိုင်သည်။ နံရံတွင် သည်နှစ် စောစောပိုင်းက သူနှင့်မီဂန် ဆွဲထားသည့်ပုံကြီးချိတ်ထား၏။
ဆရာမများကော၊ ကျွန်တော်ပါ ကလေးများအတူလိုက်ပြီး မလှုပ်ရှားမိအောင် အတော် ထိန်းထား ကြရ ပါသည်။
သည်တဒင်္ဂသည် မည်မျှအရေးကြီးကြောင်း ကျွန်တော်တို့ အားလုံး အလေးအနက် သဘောပေါက် ထားကြ ပါသည်။ ဂျိုစီ သူ့ဘ၀ထဲကို ပြန်ဝင်လာချိန်တွင် မည်သည့်အတားအဆီး အနှောင့်အယှက်မျိုးမှ မရှိစေလိုပါ။

ဂျိုစီသည် "ဟုတ်တယ် " "မဟုတ်ဘူး" " အိုကေ "ထက်ပိုပြီး တဖြည်းဖြည်း အသံထွက်လာသည်။ နိုဝင်ဘာလ ရက်တစ်ရက် တွင် ကျွန်တော် နေ့စဉ် မှတ်တမ်းထဲထည့်ရေးမိ၏။
" သည်နေ့ ဂျိုစီ " အားလုံး " " လုပ်နိုင်တယ်" နဲ့ " အထုပ် " ဆိုတဲ့ စကားလုံးကလေးတွေကို ခပ်သွက်သွက် ပြောနိုင် လာတယ် "

သို့ရာတွင် ကျွန်တော်ရှေ့နေမ " ဆာရာဟာမင်"က ဂျိုစီ့ အတွက် မှုခင်းဆိုင်ရာ လျော်ကြေးကို အထူးကု ဆရာဝန်ကြီး များ၏ ထောက်ခံချက်ဖြင့် သက်ဆိုင်ရာသို့ တင်ပြခဲ့ရာ မအောင်မြင်ခဲ့ပါ။
ဂျိုစီ သည် စကားမပြောနိုင်သေးခြင်း၊ အရွယ်ရောက်သည်အထိ စကားပြောနိုင်ဖို့အလားအလာ နည်းပါးခြင်း တို့ကြောင့်ဟုဆို၏။ ကျွန်တော် သည်ကိစ္စကို မေ့ထားလိုက်ပါသည်။ သည်ကိစ္စကြောင့် လေ၀နယ်ကို ခရစ္စမတ် အမီပြောင်းဖို့ လိုအပ်သလိုဖြစ်လာ၏။

အချို့သတင်းစာများကတော့ ကျွန်တော်တို့ကို စိတ်အနှောက်အယှက် မပေးဘဲ ရဲဘက်က ထုတ်ပြန် သလောက် ကိုသာ ရေးထည့်နေကြ၏။ အမှုကလည်း အေးနေပြီ။
သို့သော် အချိုက သတင်းစာတွေက ဂျိုစီ့အကြောင်းကို ပြောမဆုံးပေါင်၊ တောသုံးတောင်ပုံစံဖြင့် ရေးလို့ မကုန် ဖြစ်နေကြ၏။ ဓာတ်ပုံသတင်းထောက်တွေ ရှောင်လို့မလွတ်အောင်ပင်၊ ဤသို့ဖြင့် ဂျိုစီ့သတင်းသည် နေ့စဉ် ထိပ်တန်း သတင်းဖြစ်နေလေသည်။

မိသားစုတစ်စု၏ ကြေကွဲဖွယ်ဇာတ်လမ်းကို အရင်းပြုပြီး သူတို့ စောင်ရေတက်အောင် ငွေပိုရအောင် လုပ်နေခြင်း ကို ကျွန်တော် စိတ်မသက်မသာဖြစ်လာ၏။
ကျွန်တော် ဆွေးနွေး ကြည့်သမျှ အပေါင်းအသင်းများက သတင်းစာတိုက်တွေနှင့် ရင်ဆိုင်စေချင်သည်။ ဂျိုစီ့ အတွက် အထူးကျောင်းစရိတ်၊ ဆက်လက်ကုသရမည့် ဆေးဝါးစရိတ်များအတွက် သူတို့ စိတ်ပူကြသည်။

သတင်းနှင့် စာနယ်ဇင်းလောကကို ကျွမ်းကျင်သူရှေ့နေကြီး မတ်စတီဖင်ကတော့ ကျွန်တော့်ကို ပွင့်ပွင့် လင်းလင်း ပြောသည်။
ဂျိုစီ့သတင်းသည် ပြည်သူတွေ အရမ်းစိတ်ဝင်စားနေသည့် သတင်းဖြစ်နေပြီ။ ထို့ကြောင့် သတင်းစာ သမား တွေကို တားလို့ ရမည် မဟုတ်ဟု ဆိုသည်။
ဤတွင် ကျွန်တော် ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ ဂျိုစီ ကိုယ်တိုင် ဓာတ်ပုံအရိုက်မခံ ဆုံးဖြတ် နိုင်သည့်အရွယ်ရောက်မှ သတင်းသမားတွေနှင့် အတွေ့ခံမည်ဟု ကြေညာလိုက်၏။
ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဝေလအိမ်သစ်သို့ ကျွန်တော်တို့ ပြောင်းခဲ့ကြ၏။ ယခင် ကျွန်တော်တို့ အိမ်ဟောင်း နှင့် ကပ်လျက် အိမ်ဖြစ်သည်။ အိပ်ခန်း ၂ ခန်းပါသည်။

အိမ်သစ်သည် ကျွန်တော်တို့ သားအဖအတွက် အေးစက်စက် မှုန်မှိုင်းမှိုင်းဖြစ်နေမည်ထင်ခဲ့၏။ သို့သော် မိတ်ဆွေ အပေါင်းအသင်းများက ၀ိုင်းဝန်းရှင်းလင်းပြင်ဆင်ပေးထားကြ၏။
အိမ်ထဲ ၀င်လိုက်သည်နှင့် သုတ်ဆေးနံ့သင်းပြီး မီးလင်းဖိုထဲတွင် မီးလျှံတဟိန်းဟိန်းတောက်နေ၏။ အိမ်အ၀င်ဝ တွင် ဓားတစ်လက် ချိတ်ထားသည်။
" ရှောင် နဲ့ ဂျိုစီကို လှိုက်လှဲစွာကြိုဆိုပါသည်"
အမှုဖြစ်ပွားခဲ့သည်မှာ ၁၉၉၇ ခုနှစ် ဇူလိုင်လတွင် တစ်နှစ် ပြည့်ခဲ့လေပြီ။

ဘီဘီစီ မှုခင်းရုပ်သံကဏ္ဍ တွင် " ရာဆယ်မိသားစုလူသတ်မှု " သတင်းမှာ လူကြိုက်များဆုံး အခန်းဆက် သတင်း ဖြစ်နေပြီ။ ကင့်မြို့စိတ်ကုဆရာဝန်တစ်ယောက်က တရားခံမှာ သူ့လူနာတစ်ယောက် ဖြစ်နိုင်ကြောင်း၊ နာမည်နှင့်တကွ ရဲကို အကြောင်းကြားသည်။ ထိုလူ၏ ရာဇ၀င်တွင် အကြမ်းဖက် တိုက်ခိုက်မှု မျိုး တွေ့ရှိခဲ့၏။ ကားမောင်းသမား၏ပုံကို ရဲကဆွဲသည့်စိတ်ကူး ပန်းချီထဲမှ ပုံနှင့်လည်း တူသည် ဆို၏။

မကြာမတင် အတွင်း ကျွန်တော်တို့သားအဖ ကင့်သို့ တရားခံ ဟုတ်မဟုတ် အတည်ပြုပေးရန် လိုက်သွား ရသည်။
ကျွန်တော့် မိန်းမနှင့်ကလေးကို ရက်ရက်စက်စက် သတ် သည့် လူရှိနေသည့် အဆောက်အအုံထဲသို့ ကျွန်တော် လှမ်းဝင်လိုက်တော့ ကြက်သီးတဖြန်းဖြန်းထသွားသည်။ ဂျိုစီကတော့ ခပ်တည်တည်ပင်။ သို့သော် သူကြောက်နေမှန်း ကျွန်တော် သိနေ၏။

ခပ်မှောင်မှောင် အခန်းတစ်ခန်းထဲသို့ ကျွန်တော်တို့ကို ခေါ်သွားသည်။ ကျွန်တော်တို့ ဘယ်ဘက် မှန်ချပ်ကြီး နောက်တွင် လူ ၁၀ ယောက်တန်းစီရပ်နေ၏။ ဂျိုစီသည် ဘယ်ဘက်ကို လုံးဝ မော့မကြည့်ဘဲ ဆက်လျှောက် သွားသည်။
အခန်းတစ်ဖက်ထိပ်တွင် ရဲအရာရှိတစ်ယောက် ရပ်စောင့်နေသည်။ သူ့ကို ကျွန်တော် တစ်ခါမျှ မမြင် ဖူးသေး။
" သမီး အဲဒီအထဲက တစ်ယောက်ယောက်ကို မှတ်မိသလား " ဟုမေး၏။
" ဟင့်အင်း " ဟုဂျိုစီ ဗလုံးဗထွေးဖြေသည်။

ကျွန်တော် စိတ်ဓာတ်ကျသွားသည်။ သူ ဘာကြောင့် သေသေချာချာ မော့မကြည့်တာပါလိမ့်။
လူတွေ ကို ရိုက်ပြထားသော ဗီဒီယိုခွေကို ပြန်ကြည့်ခိုင်းသော်လည်း အကြောင်းမထူး။ ဂျိုစီကို အားကိုး၍ မရတော့ပေ။

တဖြည်းဖြည်းနှင့်ဂျိုစီ့ဆံပင်ရှည်လာပြီ။ နက်မှောင်သန်စွမ်းသည့် ဆံပင်များ။ ဦးထုပ်ကို အမြဲဆောင်း မထားတော့။ သို့သော် ၂၂ စင်တီမီတာ စတုရန်းအရိုးမရှိသည့် ဦးခေါင်းနံဘေးတွင် ဆံပင်နှင့် အရေပြား ကလေး အောက်မှ သွေးကြောများသာ ဖုံးနေခြင်းဖြစ်သည်။ မလွဲမသွေ ထပ်မံခွဲစိတ်ရမည့်နေရာဖြစ်၏။

သည်ကိစ္စ အတွက် ကျွန်တော် အမျိုးမျိုးကြိုတင်ပြင်ဆင်ထား၏။ သို့သော် တော်ဝင်မန်ခက်စတာ ကလေးဆေးရုံသို့ အသွားတွင် ဂျိုစီတစ်ယောက် ကြောက်စိတ်တွေ ၀င်လာပြီး ငိုပါလေတော့၏။ ပို၍ ဆိုးသည် မှာ နောက် သည်ဒုက္ခတွေကို ဆက်မခံနိုင်တော့ဟူ၍ သူ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ဆေးရုံမှ ဆရာဝန် ဆရာဝန်မများက အမျိုးမျိုးနားချကြသည်။ ဘယ်လိုဘယ်ပုံ ပြင်ဆင်ထားပုံများကို ပြောပြကြ သည်။ သူတို့ ပြောလေ ဂျိုစီကြောက်လေဖြစ်နေ၏။
နောက်တစ်နေ့ တွင် လုံးဝ အပြတ်ငြင်းလိုက်၏။ ဤသို့ဖြင့် ခွဲစိတ်ရမည့်အချိန် ကျော်လွန် သွားလေ တော့သည်။ ကျွန်တော်တို့ ကြိုးစားခဲ့သည်မှာ ၂၄ နာရီကျော်ခဲ့ပြီ။ ကန်းကုန်နေပြီ။
သူ့အမေသာရှိရင် သူ့ကိုသည်လိုလုပ်မှာမဟုတ်ဘူးဟုလည်း ကျွန်တော့်ကို ရန်တွေ့၏။ နောက်ဆုံး လက်လျှော့ ပြီး အခန်းထဲမှ ကျွန်တော် ထွက်ခဲ့ရတော့သည်။

ခဏနေတော့ ကျွန်တော့်မျက်စိကို ကျွန်တော် မယုံနိုင်ဖြစ်ရတော့၏။ ဂျိုစီသည် ဆရာဝန် ဆရာမများ ခြံရံ လျက် ခွဲစိတ်ခန်းဆီ သို့ လျှောက်သွားနေပါပြီကော။
" ဆရာ့သမီးက တွန်းလှည်းမလိုဘူးတဲ့လေ၊ လမ်းလျှောက်သွားမယ်တဲ့ "ဟု ဆရာမတစ်ယောက်က ပြောပြ သည်။

ကျွန်တော် ခွဲစိတ်ခန်းဆီသို့ ပြေးလိုက်သွား၏။ ဂျိုစီက အပြင်ခန်းထဲရောက်သည်နှင့် ဘီးတပ်ကုတင်ပေါ် သူ့ဘာသာ တက်သည်။ ပြီးတော့ မေ့ဆေးမျက်နှာဖုံးကိုလည်း သူ့ဘာသာသူ စွပ်နေ၏။
နာရီပေါင်း များစွာကြာတော့ အခန်းထဲကို ကျွန်တော် ပြန်ဝင်ကြည့်သည်။ ဂျိုစီသည် အိပ်ချင်မူးတူး မျက်နှာဖြင့် ဖအေ ကို ပြုံးကြည့်နေ၏။
ခွဲစိတ်ဆရာဝန်ကြီးများသည် ဧရာမ " တိုက်တာနီယမ် " သတ္တုပြားကြီးကို သူ့ဦးခေါင်းထဲသို့ အောင်မြင်စွာ ထည့်သွင်း နိုင်ခဲ့ကြပြီ။ ပထမခွဲစိတ်ထားသည့်နေရာကို ပြန်လှပ်ပြီး ထည့်ခြင်းဖြစ်၍ သူ့ခေါင်းပေါ်မှ ဆံပင် တစ်မျှင် မျှ ကျွတ်မသွားခဲ့ပေ။
------------------------
ဆက်ရန်
.

3 comments:

ကိုဇော် said...

ဘာပြောရမှန်းကို မသိတော့ဘူး။

မျှော်လျှက်..

မြတ် said...

ရက်စက်လိုက်တဲ့လူသတ်သမား။ စိတ်ထဲမကောင်းလိုက်တာ။

မျိုးမင်းစိုး said...

အပိုင်း ၆ တော့ဖတ်ပြီးပြန်ပြီ ကျေးဇူးတင်ပါတယ်အမရေ