အခန်း (၃၄)
သူတို့သွားရမည့်နေရာသို့ ရောက်အောင်သွားရန် ခရီးအကွာအဝေးမှာ မြေပုံအရဆိုလျှင် မိုင်ခြောက်ဆယ် ခန့်သာ ရှိလေသည်။ ထို့ပြင် လေယာဉ်ပေါ်မှ ကြည့်စဉ်က သွားရမည့်ခရီးလမ်း သည် ခက်ခဲ ပင်ပန်း လိမ့်မည်ဟု မထင်ရချေ။
သို့ရာတွင် ယခု မြေပြင်၌ လက်တွေ့သွားကြရသောအခါ အခြေအနေက ထင်သလို မလွယ်ကူလှ ကြောင်းကို ကိုယ်တွေ့ သိရှိကြရလေတော့သည်။
သူတို့ဖြစတ်သန်းသွားရသော နေရာကား ညီညာပြန့်ပြူးသော မြေပြင်မဟုတ်။ တောင်ကုန်း၊ တောင်ပူစာ၊ ဆင်ခြင်လျှောများရှိသဖြင့် မြေညီတွင် သွားရသလို မဟုတ်ဘဲ ခက်ခက်ခဲခဲနှင့် ပင်ပင်ပန်းပန်း သွားကြ ရလေသည်။
ဦးတည်သွားနေသည့် နေရာကတော့ ဇမ်ဘေဇီမြစ်ဝှမ်းဒေသပင် ဖြစ်သည်။ မာတာဘယ်လီ ပြောက်ကျား များသည် သူတို့၏ အမျိုးသမီးများကို လုံခြုံသော တောတွင်း တစ်နေရာ၌ ၀ှက်ထားကြသည်ဖြစ်ရာ ဆရာမလေး ဆာရာက ခရိတ်တို့နှင့်အတူ လိုက်ပါရန် အစီအစဉ်ကို သဘောမတူကြချေ။
သို့သော် ဆာရာကိုယ်တိုင်က အတင်းလိုက်မည်ဟု ဇွတ်ပြောသောကြောင့် ပြောက်ကျားရဲဘော် များက မတတ်သာ ဘဲ သဘောတူလိုက်ကြရလေသည်။
ဆာရာကလည်း မိန်းကလေးတန်မဲ့နှင့် သယ်ယူစရာ ပစ္စည်းကိရိယာများကို ယောက်ျားများနည်းတူ သယ်ဆောင်ပြီး လမ်းသွားရာတွင် ခြေလှမ်းကျဲသော အမျိုးသားများအား လိုက်၍မီအောင် လျင်မြန် သွက်လက်စွာ ကြိုးစားသွားရှာလေသည်။
သူတို့သွားသည့်လမ်းမှာ တောင်ကုန်းတစ်ခုပေါ် တက်လိုက် ပြန်ဆင်းလိုက်၊ နောက်ထပ် တောင် ကုန်း တစ်ခု ပေါ် တက်လိုက် ပြန်ဆင်းလိုက်နှင့် အဆင်းအတက် အလွန်များသည့်လမ်း ဖြစ်နေလေ သည်။
အမှန်ကတော့ သူတို့သည် တစ်ချိန်က တောဆင်ရိုင်းအုပ်ကြီးများ သွားလာကျက်စားလေ့ရှိသော လမ်း အတိုင်း သွားနေကြခြင်း ဖြစ်သည်။ သို့သော် ထိုလမ်းတွင် ဆင်များ အသွားအလာ မရှိတော့။
လမ်း တစ်လျှောက်လုံး နံဘေး တောင်ကမ်းပါးယံများမှ မိုးရာသီအခါ ရေတိုက်စား၍ လိမ့်ထွက်ကျ လာသော ကျောက်ခဲတုံး ကလေးများ ပြည့်နှက်နေလေသည်။ တောင်ကုန်းမှ အဆင်းလမ်းက ဆင်ခြေလျှော ဖြစ်နေခိုက် ထိုကျောက်တုံးကလေးများကို အမှတ်မဲ့နင်းမိပါက ခြေထောက်တွင် ဘီး တပ်ပေးလိုက် သလိုဖြစ်ကာ အလွန်အန္တရာယ်များလှပေသည်။
ပြောက်ကျားရဲဘော်တစ်ဦးသည် ကျောက်တုံး နင်းမိရာမှ ခြေချော်လဲကျသွားရာ သူ၏ ခြေချင်းဝတ် နေရာတွင် ပြင်းစွာနာကျင်လျက် ဖူးရောင်လာလေသည်။ ရှေ့ဆက်သွားခြင်းမှာ မတတ်နိုင်တော့ သဖြင့် ထိုလူ ၏ သယ်မလာသည့် ပစ္စည်းများကို ကျန်ရဲဘော်များက ခွဲဝေသယ်ယူကာ သူ့ကိုတော့ နေရာတွင်ပင် ထားပစ် ခဲ့ကြလေသည်။
ထိုရဲဘော်အနေဖြင့် နေရစ်ပြီး ဖြည်းဖြည်းချင်း ကြိုးစား၍ အမျိုးသမီးများရှိ စခန်းသို့ ပြန်သွားပြီး နားနေ ရမည် ဖြစ်ပေသည်။
သူတို့အဖို့ လမ်းသွားစဉ် အနှောင့်အယှက်တစ်ခု တွေ့ရသည်ကား ဗိုပါနီဟုခေါ်သော ပျားပိတုန်း ကောင် အငယ်စားကလေးများပင် ဖြစ်သည်။ ပျားငယ်များသည် သူ၏ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်ဆီ သို့ အတင်း ၀ိုင်းအုံ လာတုတ်သဖြင့် အနှောင့်အယှက် ဖြစ်ကြရလေသည်။
စင်စစ်အားဖြင့် ပျားငယ်များက အထီးရည်ဓာတ် သို့မဟုတ် အဖိုဓာတ် လိုက်ရှာဖွေကြရင်း လူ၏ မျက်နှာသို့ တိုးဝင် လာကြခြင်း ဖြစ်သည်။ ဤကား နေ့အခါတွင် ကြုံတွေ့ရခြင်းဖြစ်ပြီး ညဘက် တွင်မူ ခြင်တွေက အလွန် များလှပြန်သည်။
လမ်းလျှောက်သွားကြရင်း တစ်နေရာတွင် ဆက်ဆီးခေါ် သီးနှံဖျက်ပိုးမွှားတစ်မျိုး ထောင်သောင်းချီ ၍ ပက်ပင်းတိုးခဲ့ကြလေသည်။ ဆက်ဆီး ယင်ကောင်များသည် လူအသားထဲသို့ အပ်ကဲ့သို့ ချွန် ထက်သော အစွယ် နှင့်ထိုး၍ ကိုက်တတ်ရာ အလွန် နာကျင်လှပေသည်။
ယင်းသို့ သဘာဝ၏ အနှောင့်အယှက်များနှင့် ရင်ဆိုင်နေရသည့်ကြားမှ သူတို့သည် ရန်သူ၏ အလစ်ဝင်ရောက်တိုက်ခိုက်မည့် အန္တရာယ်ကိုလည်း မျက်ခြည်မပြတ် သတိထား၍ သွားကြရလေ သည်။ ရန်သူ ရှိုနာစစ်သားများက အချိန်မရွေး တိုက်ခိုက်ခြင်းကို ရင်ဆိုင်ရနိုင်သည်ဖြစ်၍ အထူး ဂရုစိုက် သွားကြ ရခြင်း ပင် ဖြစ်သည်။
ထို့ကြောင့် ခရိတ်တို့အဖွဲ့သည် မိုင်အနည်းငယ် သွားမိသည်နှင့် ရှေ့ပြေးကင်းထောက်အဖွဲ့နှင့် နောက်ဆုံး မှ လိုက်သည့် လက်နက်ကိုင် ပြောက်ကျားတို့က ပတ်ဝန်းကျင်ရှိ ရန်သူရှိမရှိ လိုက်လံ စုံစမ်း လေ့လာကြည့်ပြီးမှ ဆက်သွားကြလေသည်။
အကယ်၍ မိမိတို့၏ လူများက အန္တရာယ်ရှိကြောင်း အချက်ပြလိုက်သည်နှင့် အားလုံး မြေပြင်တွင် ၀ပ်ချကာ နေရာ ယူကြရမည် ဖြစ်ပေသည်။
သူတို့သွားရာသည် လမ်းအခြေအနေကြောင့် ခရီးကလည်း များများမတွင်ချေ။ ဆာရာ၏ ဖခင်ကြီး ရှိရာ ကျေးရွာသို့သွားရာတွင် သူတို့သည် နှစ်ရက်လုံးလုံး နေထွက်မှ နေ၀င်ချိန်တိုင်အောင် ပင်ပန်းကြီးစွာ သွားကြ ရလေသည်။
ဆာရာ၏ ဖခင်ကြီးမှာ ဗူဆာမန်ဇီဆိုသူဖြစ်ပြီး မာတာဘယ်လီလူမျိုးတို့က ယုံကြည်လေးစားသူ အဘိုးကြီး တစ်ဦး ဖြစ်လေသည်။ သူသည် ကျေးရွာ၌ ဗေဒင်ဆရာ၊ ဆေးဆရာလည်း ဖြစ်သည်။ ထူး ဆန်းသော မျက်လှည့်အတတ်ကို တတ်ပြီး မိုးရွာအောင် ဖန်တီးနိုင်စွမ်းရှိသူဟု လူတွေက ယုံကြည် ကြသည်။
အဘိုးကြီးသည် ရွာထဲ၌ အခြားသူများနှင့် ရောနှောမနေဘဲ သီးခြားအိမ်တစ်လုံးနှင့် နေသည်။ ထို အိမ်သို့ သူ၏ ဇနီးနှင့် မိသားစုများသာ ၀င်ထွက်ခွင့် ရှိပေသည်။
ကျေးရွာများမှ လူများအနေဖြင့် ဆေးဝါးကုသခံရန်အတွက်ဖြစ်စေ၊ လိုရာဆုတောင်းရန်အတွက်ဖြစ် စေ အဘိုးကြီး ထံသို့ လာတတ်လေသည်။ ဆေးဖိုးဝါးခအဖြစ် အဘိုးကြီးအား ဆိတ်၊ သို့မဟုတ် သိုးတစ်ကောင် ကို အဘိုးကြီးအား ပေးကြရလေသည်။
ဗူဆာမန်ဇီ၏ ကျေးရွာမှာ တူတီသာသနာပြုမစ်ရှင်မှ မြောက်ဘက် တောင်ကုန်းတစ်ခုပေါ်တွင် တည်ရှိ လေသည်။ ထိုရွာ၌ စုရုံးနေထိုင်သူများမှာ ဆင်းရဲကျပ်တည်းသူများ မဟုတ်ဘဲ အခြေအနေ ကောင်းသူများ ဖြစ်လေသည်။
အဘိုးကြီး ဗူဆာမန်ဇီတွင် ဇနီးအမြောက်အမြားရှိသလို ဆိတ်၊ ကြက်မွေးမြူရေးတိရစ္ဆာန်လည်း အမြောက် အမြားရှိလေသည်။ တောင်ကုန်း၏ အောက်ဘက် မြစ်ဝှမ်းဒေသတွင်ကား သီးနှံအလွန် ကောင်းသော ပြောင်းခင်းများ ရှိလေသည်။
မာတာဘယ်လီ ပြောက်ကျားတို့သည် ရွာမရောက်မီ ခပ်လှမ်းလှမ်း တစ်နေရာတောစပ်၌ နေရာယူ လိုက်ကြ ပြီးနောက် ဆာရာအား ကျေးရွာသို့ ရှေ့ပြေးအလွတ်လိုက်ကြလေသည်။ ဘေးအန္တရာယ် ကင်းရှင်း ခြင်း ရှိမရှိ လေ့လာစုံစမ်းရန်နှင့် မိမိတို့အဖွဲ့ရောက်ရှိလာကြောင်းကို ရွာသားများအား အသိပေးရန် ကြိုတင် လွှတ်လိုက်ခြင်း ဖြစ်လေသည်။
နောက်တစ်နာရီအတွင်း ဆာရာပြန်ရောက်လာရာ ခရိတ်နှင့် ရဲဘော်လွတ်ကောက်တို့သည် သူမ နှင့်အတူ ရွာအတွင်းသို့ ပြန်လိုက်သွားကြလေသည်။
အဘိုးကြီး ဗူဆာမန်ဇီသည် နာမည်နှင့်လိုက်သူတစ်ဦးဟု ဆိုရပေမည်။ ဗူဆာမန်ဇီဟူသော မာတာ ဘယ်လီ ဘာသာ စကားလုံး၏ အဓိပ္ပာယ်က ရေမျက်နှာပြင်ကို မြင့်တင်နိုင်သူဟူ၍ဖြစ်ရာ အဘိုးကြီး အနေဖြင့် ဇမ်ဘေဒီ မြစ်ကြီး နှင့်တကွ မြစ်လက်တက်များမှ ရေပမာဏ အနိမ့်အမြင့်ကို ချုပ်ကိုင်ဖန် တီးနိုင်စွမ်းသူဟု လူတွေ က ယုံကြည်သဖြင့် သူ၏နာမည်နှင့် လိုက်ပါပေသည်ဟု ဆိုရမလို ဖြစ်နေ ပေသည်။
ရွာသားများ ပြောပြချက်အရ သူသည် ငယ်ရွယ်စဉ်က သူရသင့်ရထိုက်သော ဆေးဖိုးဝါးခများပေး ရန် ငြင်းဆန်ခဲ့သူ ကျေးရွာအကြီးအကဲ (သူကြီး)တစ်ဦးအား တုံ့ပြန်ကလဲ့စားချေသည့်အနေဖြင့် ထို သူကြီး၏ ကျေးရွာတစ်ရွာလုံး ရေလွှမ်းမိုးပျက်စီးသွားအောင် မြစ်ရေများ တရကြမ်း လျှံတက်စေခဲ့ သည်မှာ ကြောက်ခမန်း လိလိပင် ဖြစ်သည်ဟု ဆိုကြလေသည်။
ထို့ပြင် သူ့စိတ် ငြိုငြင်အောင် ပြုလုပ်သူများသည် မကြာမီ မြစ်ထဲချောင်းထဲ၌ ထူးဆန်းစွာ ရေနစ် သေဆုံးသွားရတတ်သည်ဟုလည်း ပြောကြသည်။ ဗူဆာမန်ဇီအား ဆန့်ကျင်သူ ရန်သူတစ်ဦး သည် ရေချိုး ရန် သို့မဟုတ် ရေသောက်ရန် မြစ်ချောင်း၊ ရေအိုင်တစ်ခုခု အနီးသို့ ချဉ်းကပ်သွား သည်နှင့် ရေမျက်နှာပြင် သည် ထူးဆန်းအံ့သြဖွယ်ရာ ရုတ်တရက် ပြည့်လျှံတက်လာပြီး ထိုလူအား ရေအောက်ထဲသို့ စုပ်ယူသွား တတ်သည်ဟုလည်း ပြောကြသေးသည်။
စင်စစ်အားဖြင့် အထက်ပါ အခြင်းအရာများကို ကိုယ်တိုင် မြင်ဖူးသူဟူ၍ မရှိပါချေ။ သို့ဖြစ်လင့် ကစား အဘိုးကြီး ဗူဆာမန်ဇီသည် မျက်လှည့်ဆရာကြီးတစ်ဦးလည်း ဖြစ်သောကြောင့် သူ့အား ဆန့်ကျင်သူ၊ ကြွေးမဆပ် ဘဲနေသူဟူ၍ မရှိသလောက်ပင် ဖြစ်လေသည်။
သူ၏ ထူးခြားဆန်းကြယ်သော အတတ်ပညာအစွမ်း တကယ်ဟုတ်မဟုတ် မပြောနိုင်သော်လည်း သူ့အဖို့ ပြဿနာ အတော်ပင် ကင်းရှင်းနေပေသည်။
ဗူဆာမန်ဇီ၏ ဆံပင်များသည် ဆွတ်ဆွတ်ဖြူနေပြီး သူ၏ မုတ်ဆိတ်မွေးသည်လည်း ဖြူလျက် ဇူးလူး တိုင်းရင်းသား တို့၏ မုတ်ဆိတ်ပုံစံမျိုး ဖန်တီးထားလေသည်။
ဆာရာသည် သူ့အသက်ကြီးကာမှ ထွန်းကားခဲ့သော သမီးဖြစ်ဟန် တူသည်။ သို့သော် သူမသည် ဖခင်ကြီး ထံမှ ရုပ်ရည် လှပချောမောခြင်းကို အမွေအနှစ်အဖြစ် ရရှိခဲ့ဟန် တူပေသည်။ အဘယ် ကြောင့် ဆိုသော အဘိုးကြီးကိုယ်တိုင် ခံ့ညားချောမွေ့သော အင်္ဂါရုပ် ရှိသောကြောင့်ပင်တည်း။
အဘိုးကြီးသည် သူ၏ အဆောင်အယောင် (ဦးခေါင်းဆောင်းငှက်တောင် ဦးထုပ်စသည်)များကို ဖယ်ရှား ထားပြီး အ၀တ်အစားဆို၍ ခါးတွင် ပိတ်စတစ်ခုသာလျှင် ရစ်ပတ်ထားလေသည်။
သူ၏ ခန္ဓာကိုယ်က တောင့်တင်းသန်မာလျက်ပင် ရှိသေးသည်။ ခရိတ်အား ခရီးဦးကြိုပြု နှုတ်ဆက် သော အခါ သူ၏ အသံကလည်း ခံ့ညားပီသလျက် အသံသြဇာပြည့်စုံနေပေသည်။
ဆာရာ သည် ဖခင်ကြီးအား အလွန်လေးစားမြတ်နိုးပုံ ရလေသည်။ အဘိုးကြီး၏ ဇနီးငယ်တစ်ဦးထံမှ ဘီယာအရက်အိုးကို ဆာရာကလှမ်းယူ၍ သူမကိုယ်တိုင် အဘိုးကြီးထံသို့ ရိုသေစွာ ယူသွားပေး လိုက်သည်။
အဘိုးကြီးကလည်း ဆာရာအား ချစ်ခင်မြတ်နိုးဟန်ဖြင့် ပြုံး၍ ကြည့်နေလေသည်။ ခရိတ်က စကား ပြောနေစဉ် နားထောင်ရင်း အဘိုးကြီးသည် ဆာရာ၏ ဦးခေါင်းမှ ဆံပင်များကို ယုယစွာ သပ်ပေး နေလေသည်။
ထို့နောက် သူကပင် ဆာရာအား သူ၏ ဇနီးများထံသို့သွားရန် တောတွင်းစခန်းမှ ပြောက်ကျားများ အတွက် စားသောက်ဖွယ်များ ပြင်ဆင်ရန် အမိန့်ပေးလိုက်သည်။ ပြီးတော့မှ သူသည် ခရိတ်အား စကားပြောလေသည်။
"သင်တို့က 'တွန်ဂါတာ သို့မဟုတ် တရားမျှတမှုကို ရှာဖွေသူ'လို့ ခေါ်နေကြသော လူရဲ့ မူလ ငယ်နာမည်က ကူမာလို ဖြစ်သည်။ သူသည် ပထမ မာတာဘယ်လီဘုရင် မီဒီလီကာဇီရဲ့ တိုက်ရိုက် အဆက်အနွယ်လည်း အမှန်ဖြစ်သည်။ ရှေးအစဉ်အဆက်က ရှိခဲ့သော အတိတ်ကဘောင်များ သည်လည်း ဤလူကို ရည်ရွယ်၍ ပေါ်ခဲ့ခြင်း ဖြစ်သည်ဟု ငါတို့ယုံကြည်သည်။ သူ့အား ရှိုနာ စစ် သားများက ဖမ်းဆီးလိုက်သည့် ညမှာပင် ငါသည် သူ့အား အခေါ်လွှတ်ခဲ့သေးသည်။
ခေါ်ရသည့် အကြောင်းကား သူ့အား ရှေးမာတာဘယ်လီဘုရင်တို့၏ လျှို့ဝှက်ချက်များကို ပြောပြရန်နှင့် သူ့ တွင် မည်သို့တာဝန်ရှိကြောင်းကို ပြောပြရန်ပင်ဖြစ်၏။ အကယ်၍ တွန်ဂါတာသည် (ငါ၏သမီး ဆာရာပြောသလို) အသက်ထင်ရှားရှိနေသေးပါက သူ့အား အနှောင်အဖွဲ့မှ လွတ်မြောက်အောင် ကြိုးစားကြရန် မာတာဘယ်လီ တိုင်းရင်းသားမှန်သမျှတွင် တာဝန်ရှိပါ၏။ ငါတို့လူမျိုး၏ အနာဂတ် ကံကြမ္မာသည် တွန်ဂါတာအပေါ်တွင် တိုက်ရိုက်တည်ရှိနေ၏။ ထို့ကြောင့် ယခု ငါသည် သင့်အား မေးလိုပါ၏။ ငါတို့အနေဖြင့် သင့်အား မည်သို့ ကူညီရပါမည်နည်း။ အသင်၏ ဆန္ဒကို ဖွင့်၍ပြောပါ ချေတော့"
"အို…အသင် ဗူဆာမန်ဇီး သင်သည် ယခုပင်လျှင် ကျွန်ုပ်တို့အား အစာအာဟာရဖြင့် ကူညီခဲ့ပြီးဖြစ် ပါ၏။ ကျွန်ုပ်တို့ တစ်ခု လိုအပ်နေသည်ကား ထောက်လှမ်းရေး သတင်းများပင် ဖြစ်၏"
ခရိတ်က မာတာဘယ်လီဘာသာစကားဖြင့် ပြောလိုက်ရာ အဘိုးကြီးက ခေါင်းညိတ်လိုက်သည်။
"အို…အသင် ကူဖီလာ၊ သင်သိခဲ့သမျှကို မေးပါလော့။ ငါတို့သိသာရန် သင့်အား ပြောပြပါမည်"
ဤတွင် ခရိတ်လည်း သူသိလိုသော အချက်များကို စတင် မေးလေတော့သည်။
"တူတီသာသနာပြု မစ်ရှင်သို့ ရှိုနာစစ်သားများရှိရာ စခန်းမှ သွားသည့်လမ်းသည် ဤနေရာအနီးမှ ဖြတ်သွားရသည်ဟု ဆို၏။ မှန်ပါ၏လော"
"လမ်းသည် ဤအနီးအနားတွင် မဟုတ်၊ တောင်များ၏ ဟိုမှာဘက်တွင် ရှိ၏"
အဘိုးကြီးက အဝေးသို့ ညွှန်ပြရင်း ပြောလိုက်သည်။
"ဆာရာက ကျွန်ုပ်တို့အား ပြောပြချက်အရ ရက်သတ္တတစ်ပတ်လျှင် တစ်ကြိမ် အကျဉ်းစခန်းရှိ စစ် သည်များနှင့် အကျဉ်းသားများအတွက် စားနပ်ရိက္ခာများ စစ်ကား (လော်ရီကား)ကြီးများဖြင့် ဤ လမ်းမှ ဖြတ်သွားလေ့ရှိသည်ဟု ဆိုပါ၏။ ဤသတင်းမှန်ပါ၏လော"
"မှန်ပါ၏၊ ရက်သတ္တတစ်ပတ်လျှင် တစ်ကြိမ် တနင်္လာနေ့ မွန်းလွဲပိုင်းအချိန်၌ စစ်ကားကြီးများသည် ပြောင်းစသော စားသောက်ဖွယ်များ သယ်ဆောင်၍ သွားလေ့ရှိ၏။ ယင်းစစ်ကားကြီးများသည် နောက်တစ်နေ့နံနက်တွင် ဤလမ်းအတိုင်း ပြန်မောင်းသွားလေ့ရှိ၏"
"စစ်ကား အရေအတွက် မည်မျှရှိပါသနည်း"
"ကားနှစ်စီးသာ ဖြစ်၏။ ရံဖန်ရံခါ သုံးစီးလာလေ့ရှိ၏။
စစ်ကားကြီးများတွင် လက်နက်ကိုင် စစ်သည် အစောင့်ရှောက် မည်မျှ ပါလာတတ်သနည်း"
"ယာဉ်မောင်းသူ၏ ဘေးတွင် နှစ်ယောက်၊ ကားနောက်ပိုင်းတွင် သုံးယောက် ပါတတ်၏"
ခရိတ်က ရန်သူအင်အားကို စဉ်းစား၍ တွက်ကြည့်နေစဉ် အဘိုးကြီးကပင် ဆက်၍-
"ကား၏ ခေါင်မိုးပေါ်တွင် စစ်သားတစ်ဦးက ပစ်လျှင် အလွန်လျင်မြန်စွာ ကျည်ဆန်ထွက်သော သေနတ်ကြီးတစ်လက်နှင့် လိုက်ပါလာတတ်သေး၏။
ထိုစကားကိုကြားသည်နှင့် ခရိတ်သည် စက်သေနတ်ကြီးဖြစ်ကြောင်း ချက်ချင်း ရိပ်မိလေသည်။
အဘိုးကြီးကပင် ဆက်ပြောပြန်သည်။
"စစ်သားတို့သည် အလွန်သတိထားလျက် လာလေ့ရှိကြ၏။ ဖျတ်လတ်သွက်လက်ကြကုန်၏။ စစ် ကားကြီးမှာလည်း မောင်းနှင်ရာတွင် အလွန်လျင်မြန်လှဘိ၏"
"ယခင်အပတ် တနင်္လာနေ့က စစ်ကားများ ခါတိုင်းကဲ့သို့ပင် လာခဲ့ပါသလောဓ
ခရိတ်က မေးလိုက်ရာ အဘိုးကြီးသည် ခေါင်းညိတ်ပြလေသည်။
"ယခင်အပတ်များကနည်းတူ ပြီးခဲ့သော တနင်္လာနေ့ မွန်းလွဲပိုင်းကလည်း လာခဲ့ကြပါ၏"
ခရိတ်သည် ခေတ္တစဉ်းစားကြည့်လေသည်။ ယခုအတိုင်းဆိုလျှင် အကျဉ်းစခန်းသို့ စားနပ်ရိက္ခာပို့ သော စစ်ကားကြီးနှစ်စီးသည် တနင်္လာနေ့တိုင်း မွန်းလွဲပိုင်းတွင် မှန်မှန်လာလေ့ရှိကြောင်း ထင်ရှား နေပေပြီ။ ထို့ကြောင့် မိမိတို့ စစ်ဆင်ရေးသည် ယင်းအချက်ကိုပင် အခြေပြု၍ ဆင်နွှဲရမည့် စစ်ဆင် ရေး ဖြစ်ရပေမည်။
"ဤနေရာမှ သာသနာပြုမစ်ရှင်သို့ မည်မျှ ကွာဝေးပါသနည်း"
ခရိတ်ကပင် မေးလိုက်ပြန်သည်။
"ထိုနေရာမှ ဤနေရာသို့ အကွာအဝေးခန့် ရှိပါ၏"
အဘိုးကြီးက ကောင်းကင်ကို လက်ဖြင့် ညွှန်ပြရင်း ပြောလိုက်သည်။
သူညွှန်ပြပုံမှာ မာတာဘယ်လီ တိုင်းရင်းသားတို့၏ ရိုးရာအကွာအဝေး တိုင်းထွာသည့်နည်းပင် ဖြစ် သည်။ ကောင်းကင်တွင် နေလုံးရွေ့လျားသည့်အချိန် လေးနာရီခန့်ကြာမည့်သဘောဖြစ်သည်။ လူ တစ်ယောက် ခြေကျင်လျှောက်သည့်နှုန်းဖြင့် တွက်ကြည့်သော် ဆယ့်ငါးမိုင်ခန့် ဝေးသည့် ခရီးပင် ဖြစ်လေသည်။
"ဤနေရာမှ ရှိုနာစစ်သားတို့၏ စခန်းသို့ မည်မျှကွာဝေးပါသနည်း"
ခရိတ်ကပင် မေးလိုက်ပြန်သည်။
"ယခင်အတိုင်း အကွာအဝေးခန့်ပင် ရှိပါ၏"
"ကောင်းလှပါပြီ"
ခရိတ်က ပြောရင်းနှင့် မြေပုံကိုဖြန့်ကြည့်လိုက်ရာ အဘိုးကြီးပြောသည့်အတိုင်းပင် အကွာအဝေး တူညီနေကြောင်း တွေ့ရလေသည်။
ထို့နောက် သူသည် မြေပုံ၏နံဘေး နေရာအလွတ်တွင် ခရီးအကွာအဝေးနှင့်သွားလျှင် ကြာမည့် အချိန်ကို ခဲတံဖြင့် တွက်ချက်ကြည့်လေသည်။
ခဏမျှအကြာတွင် သူသည် အဘိုးကြီး ဗူဆာမန်ဇီအား မော့ကြည့်လိုက်သည်။
"ကျွန်ုပ်တို့ ဤနေရာတွင်ပင် တစ်ရက် စောစောင့်နေကြရန် လိုအပ်ပါမည်။ ကျွန်ုပ်တို့လူများမှာ ထို အတောအတွင်း အနားယူခွင့်ရပြီး လန်းဆန်းလာကြမည် ဖြစ်သည်"
ခရိတ်က ပြောလိုက်ရာ အဘိုးကြီးကလည်း "ငါတို့၏ အမျိုးသမီးများက သင်တို့၏ အဖွဲ့သားများအား အစားအစာများ ကျွေးမွေးပါမည်"ဟု ပြန်ပြောလေသည်။
"တနင်္လာနေ့ကျလျှင် ကျွန်ုပ်အနေဖြင့် သင်၏ရွာမှ လူအချို့၏ အကူအညီလိုအပ်ပါမည်"
"ဤတွင် အမျိုးသမီး မြောက်မြားစွာ ရှိပါ၏"
"ကောင်းလှပါ၏၊ ကျွန်ုပ် အလိုရှိသည်မှာ အမျိုးသမီး အသက်ငယ်ငယ် ချောချောလှလှများပင် ဖြစ် ပါ၏"
ခရိတ်က စကားကို အဆုံးသတ်လိုက်သည်။
နောက်တစ်နေ့နံနက် အရုဏ်မတက်မီအချိန်တွင် ခရိတ်နှင့် ရဲဘော်လွတ်ကောက်တို့သည် ပြောက်ကျားရဲဘော်တစ်ဦးကိုပါ ခေါ်လျက် သူတို့သွားမည့် လမ်းအခြေအနေကို လေ့လာရန် ကင်း ထောက်ထွက်ကြလေသည်။
လမ်းမှာ တောင်ပူစာငယ်များ၏ တစ်ဖက်တွင်တည်ရှိပြီး ယာယီဖောက်လုပ်ထားသော တောလမ်း ကြမ်းတစ်ခုပင် ဖြစ်သည်။ လမ်းဘေးနှစ်ဖက်နှစ်ချက်မှ ချုံနွယ်ပိတ်ပေါင်းများကိုလည်း ရန်သူက ချုံ ခိုတိုက်ခိုက်ခြင်း မပြုနိုင်ရန် တတိယ တပ်မဟာမှ စစ်သည်များက ခုတ်ထွင်ရှင်းလင်းထားလေ သည်။
မွန်းတည့်ချိန်နီးသောအခါ သူတို့သည် တစ်ချိန်က ဗိုလ်ချုပ် ဖွန်ဂါဘီရာ တူတီသာသနာပြု မစ်ရှင် သို့အသွား ခေတ္တရပ်နားခဲ့သောနေရာသို့ ရောက်သွားကြလေသည်။ ထိုနေရာ၌ ချောင်းတစ်ခုကို ဖြတ်ကူးရသော သစ်သားတံတားတစ်ခု ရှိလေသည်။ ယင်းနေရာတွင်ပင် တစ်ချိန်က ပြောင်းဖူးမုန့် များ စားခဲ့ကြရပေသည်။
ခရိတ်သည် ထိုနေရာ၏ ရှုခင်းများကိုကြည့်ပြီး သူ၏ မှတ်ဉာဏ်အတော်ပင် ကောင်းသေးသည်ဟု သုံးသပ်မိလေသည်။ ယခင်တစ်ခေါက် ရောက်ခဲ့စဉ်က မှတ်သားထားသည့်အတိုင်း ယခုလည်း ထို အတိုင်းပင် ရှိနေသေးကြောင်း တွေ့ရသဖြင့် သူ့ကိုယ်သူ ကျေနပ်မိသည်။
ဤနေရာကား ရန်သူအား အလစ်တွင် ချုံခိုတိုက်ခိုက်ရန် အသင့်တော်ဆုံး နေရာတစ်ခုပေတည်း။
ခရိတ်သည် စိတ်ထဲမှ ဆုံးဖြတ်လိုက်ပြီးနောက် ပြောက်ကျားရဲဘော်အား ဗူဆာမန်ဇီ၏ ကျေးရွာသို့ ပြန်လွတ်ပြီး ကျန်ပြောက်ကျားအဖွဲ့ဝင်များအား အခေါ်လွှတ်လိုက်လေသည်။ ထိုလူသွားနေစဉ် အတွင်း ခရိတ်နှင့် ရဲဘော်လွတ်ကောက်တို့သည် မိမိတို့၏ စစ်ဆင်ရေး အစီအစဉ်များကို အသေး စိတ်ပြန်လည်သုံးသပ် ဆွေးနွေးကြသည်။
ရန်သူစစ်ကားနှစ်စီးအား အဓိကပစ်မှတ်အဖြစ် တိုက်ခိုက်ကြမည့်နေရာမှာ ချောင်းကူးတံတားပင် ဖြစ်သည်။
အကယ်၍ ယင်းသို့တိုက်ခိုက်ခြင်း မအောင်မြင်ခဲ့ပါမူ စစ်ကားကြီးများ စခန်းသို့အရောက်မသွားနိုင် အောင် ဖြစ်သည့်နည်းဖြင့် တားဆီးရန်လိုအပ်သဖြင့် (လိုအပ်လျှင် အသုံးပြုရန်) အရန်စစ်ဆင်ရေး စီမံချက်တစ်ခုပါ အသင့်ရေးဆွဲ ပြင်ဆင်ထားရန် အရေးကြီးပေသည်။
ခရိတ်သည် ကျေးရွာမှ ပြောက်ကျားတပ်သားများ အလုံးအရင်းနှင့် ရောက်ရှိလာသည်နှင့် ရဲဘော် လွတ်ကောက်နှင့် ရဲဘော် ငါးဦးတို့အား ချောင်းကူးတံတား၏ တစ်ဖက်သို့ လွှတ်လိုက်လေသည်။
သူတို့သည် ကြိုတင် စီစဉ်ထားသည့်အတိုင်း ရောမသစ်ပင်ကြီးတစ်ပင်ကို ခုတ်လှဲ၍ မော်တော် ကားလမ်းပေါ် ကန့်လန့် ပိတ်ဆို့ချထားလိုက်သည်။
လမ်းပိတ်ဆို့နေသဖြင့် စစ်ကားများ မည်သည့်နေရာမှ ဖြတ်မောင်း၍ ရနိုင်တော့မည် မဟုတ်ချေ။ ထိုနေရာတွင် ရဲဘော်လွတ်ကောက်က ဦးစွာ ဦးစီးကွပ်ကဲ၍ တိုက်ရမည်ဖြစ်ပြီး ခရိတ်ကိုယ်တိုင် ကမူ သစ်သားတံတားပေါ်သို့ ကားကြီးများအရောက်တွင် ရုတ်တရက် ၀င်တိုက်ရန် ရည်ရွယ်လေ သည်။
"သင်တို့ထဲတွင် ရှိုနာဘာသာစကား တတ်ကျွမ်းသူ မည်သူရှိလေသနည်း"
ခရိတ်က မေးလိုက်လျှင် ရဲဘော်လွတ်ကောက်က လူနှစ်ယောက်ကို ညွှန်ပြလေသည်။
"ဤသူကား ရှိုနာဘာသာစကားကို ရှိုနာလူမျိုးအစစ်ကဲ့သို့ ကျွမ်းကျင်စွာ ပြောနိုင်ပါ၏။ သူ၏ဘေး မှ လူကမှ ရှိုနာစကား တတ်သော်လည်း ကျွမ်းကျင်နိုင်နင်းစွာ မပြောတတ်ပါ"
"သို့ဖြစ်လျှင် ဤရဲဘော်နှစ်ဦးအား တိုက်ခိုက်ရာတွင် မပါဝင်စေဘဲ သီးသန့် အရန်တပ်သားများ အဖြစ် ထားလိုက်ပါချေတော့။ သူတို့နှစ်ဦးအား ကျွန်ုပ်တို့အနေဖြင့် ဆုံးရှုံးခြင်းအဖြစ်မခံနိုင်ပါ။ နောက်ပိုင်း စခန်းတွင် သူတို့ကို လိုအပ်နေမည် ဖြစ်ပေသည်"
ခရိတ်က ညွှန်ကြားလိုက်သည်ကို လွှတ်ကောက်ကလည်း
"ကောင်းပါပြီ၊ ကျွန်ုပ်ကိုယ်တိုင် ဤရဲဘော်နှစ်ဦးအား ထိန်းထားလိုက်ပါမည်"
"ယခု အမျိုးသမီးများအတွက် စီစဉ်ရပေဦးမည်"
ခရိတ်က သူတို့၏ စစ်ဆင်ရေးတွင် အမျိုးသမီးများပါ အသုံးချရန် စီစဉ်ထားသဖြင့် ဤသို့ ပြော လိုက်ခြင်းပင် ဖြစ်သည်။
ထိုသို့ အသုံးချရန်အတွက် ဆာရာကိုယ်တိုင်က သူမ၏ ဖအေတူမအေကွဲ ညီမသုံးဦးတို့အား ရွေး ချယ်ထားပြီး ဖြစ်လေသည်။ မိန်းကလေးသုံးဦးတို့သည် အသက်ဆယ့်ခြောက်နှစ်မှ ဆယ့်ရှစ်နှစ် ရွယ် မိန်းမပျိုကလေးများ ဖြစ်လေသည်။ သူတို့သည် အဘိုးကြီး ဗူဆာမန်ဇီ၏ သမီးများအနက် အချောဆုံး၊ အလှဆုံး မိန်းမလေးဦးဖြစ်၍ ယခုပြုလုပ်ရမည့် စစ်ဆင်ရေးတွင် အသင့်တော်ဆုံးဟု ယူဆကာ ဆာရာ ကိုယ်တိုင် က ရွေးချယ်ခြင်းဖြစ်လေသည်။
ဆက်ရန်
.

1 comment:
ဆရာမရေ.. စာအကြွေးလေးတွေ အခုမှ ဖြည်းဖြည်း ချင်း ပြန်ရှင်းနေရတယ်..
Post a Comment