Sunday, October 10, 2010

မဝင်းမြင့် (ငယ်ယုံပူဘော်) အပိုင်း (၃ဝ) ဇာတ်သိမ်း

''မြရယ်... မေမေခင်ကို သူတို့ သတ်နေကြတော့လေ ငါဘာမှလဲ မတတ်နိုင်ဘူး၊ လှောင်အိမ်ထဲက ဒီလိုပဲ ကြည့်ရတယ်.. မေမေခင်ကိုသတ်ပြီး ငါ့ကိုပါ သတ်ကြဦးမယ်ဆိုတာ ကြားရလို့ ငါ သေချင်ယောင် ဆောင် နေရတယ်၊ ငါသေပြီရယ်လို့ လှောင်ချိုင့်ဖွင့် လွှတ်ပစ်လိုက်တော့ ချုံကြားထဲ ကျသွားတယ်၊ သူတို့ အလစ်မှာ ပိန္နဲပင်ကြီးပေါ် တက်ပုန်းနေပြီး မြ လာမှ ငါပြောမယ်လို့ စောင့်နေတာ၊ လေယဉ်မြန်း.. စေမှန်းရွေလျော်၊.. ငယ်ယုံပူဘော် နန်းစိန်ချိုင့်ပျော်.. ကြင်နယ်ယွင်း မြတ်မှာတော်ရင်း မင်းတင်ချေနော်.. ''

ကျေးသားလေးက ပြောလည်းပြော သီချင်းလည်း ဆိုပြသည်။ ကျေးသားလေး၏အသံမှာ ကြေကွဲစရာ ကောင်းလှသည်။ ဒေါက်တာမြသွင်အေးသည် မေမေခင့် အလောင်းအနီးတွင် ဒူးထောက်ထိုင်ချလိုက်၏။ ကြိုးတုပ်ထားလျက် ရှိနေသေးသော မေမေခင်၏လက်ကို ယုယကြင်နာစွာ ရင်ခွင်မှာပိုက်ပြီး မေမေခင်၏ နဖူးကို ပါးဖြင့်အပ်လိုက်သည်။
''အဖြစ်ဆိုးလှချေလား သူငယ်ချင်းရယ်.. ခင့်ပစ္စည်းကို လိုချင်သူတွေက နာကျင်ရုံ၊ နှိပ်စက်ညှင်း ဆဲရုံ ကလွဲပြီး အသက်သေအောင် သတ်ကြလိမ့်မယ်လို့ မထင်မိဘူး၊  မြ အလာကောင်းပေမယ့် အခါနှောင်းပါ ပေါ့လား ခင်ရေ၊ ခင် အားကိုးတဲ့ မြ ပြန်ရောက်လာပါပြီ၊ ခင် ၀မ်းမသာနိုင်တော့ဘူနော်.. ''

ဒေါက်တာမြသွင်အေးသည် အသည်းနှလုံး ကြွေပြုန်းလုမျှ လှိုက်လှဲစွာ ငိုကြွေးလိုက်သည်။ ဒေါက်တာမြသွင်အေး ၏ မျက်ရည်များသည် မေမေခင်၏ ဖူးရော်နေသော မျက်နှာတစ်ခုလုံး စိုရွှဲ သွားစေသည်။ မောင်မင်းဇင်ကိုယ်တိုင်ပင် ချစ်လှသော သူငယ်ချင်းအတွက် အံကြိတ်ကာ မျက်ရည် ကျမိသည်။
မောင်မောင်မျိုးတို့ လေးယောက်လုံးကို ရဲဌာနသို့ ခေါ်လာပြီး စစ်သောအခါ လေးယောက်လုံးက ဘူးကွယ် ငြင်းဆန်သည်တွင် အရေးကြီးသော သက်သေအဖြစ် ပရိသတ်အလည်မှာ ကျေးသားလေး က ချက်ကျကျ စေ့စေ့ငှငှ အစစ်ခံသည်။

''အဲဒီနေ့ကလေ ထမင်းစားခန်းထဲက မေမေခင် အော်သံကြားလိုက်တော့ ငါ လှောင်အိမ်ထဲက လှမ်းကြည့် လိုက်တယ်... မေမေခင် ကြမ်းပေါ်မှာ လဲနေတယ်၊ ပါးစပ်ကို သူ့လင်က ပိတ်ထား တယ်၊ ဟောဟိုလူ နဲ့ ဟိုမိန်းမက ကြိုးနဲ့ချည်ကြတယ်၊ နောက်ပြီး လက်စွပ် ဘယ်မှာလဲလို့ မေးသံကြားရတယ်၊ အခု ချက်ချင်းပေးဖို့ တောင်းတယ်၊ မေမေခင်က ခေါင်းခါပြတယ်၊ ပါစပ်ပိတ် ထားတော့ အသံ မထွက် နိုင်ဘူး၊ နောက်ပြီး ဟောဟိုမိန်းမက မေမေခင် တစ်ကိုယ်လုံးကို လက်နဲ့နှုက်ကြည့်စမ်းကြည့် အင်္ကျီ တွေထဲ အကုန်လှန်ကြည့်ပြီး မတွေ့ဘူးလို့ ပြောတယ်၊ အဲဒီတော့ ဟောဟိုနောင်ဘုရား ဆိုတဲ့လူက လက်စွပ် တွေ့သည်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ မီးသေအောင် လုပ်ကြဟေ့လို့ပြောပြီး ခေါင်းအုံးတစ်လုံး ပစ်ပေး လိုက်တယ်။

ဟိုမိန်းမနဲ့ သူ့လင်က မေမေခင်ကို ဖိကိုင်ပြီး မောင်မောင်မျိုးက ခေါင်းအုံးနဲ့ဖိသတ်တယ်၊ ခဏနေတော့ 'သေပြီ ဟိုငှက်စုတ်ပါ သတ်မယ်' လို့ ပြောသံကြားရတာနဲ့ 'ငါ လှောင်အိမ်ထဲမှာ တုံးလုံးလဲပြီး သေချင်ယောင် ဆောင်နေလိုက်ရတယ်' မေမေခင် အလောင်းကို အ၀တ်ကြီးတစ်ခု နဲ့ထုပ်ပြီး ထမင်းစားခန်း ထောင့် စာပွဲအောက်မှာထားပြီး ငါ့ကို ငှက်စုတ်သေပြီလို့ ဟိုမိန်းမ ပြောသံကြားရပြီး လှောင်အိမ် ထဲက ဘယ်သူမှန်းမသိ ဆွဲထုတ်လွှင့်ပစ်လိုက်တော့ ချုံထဲကျသွားတယ်၊ ငါလဲ ချုံထဲ ရောက်ပြီး.. ခဏနေမှ တိတ်တိတ်ကလေး ထပျံပြီး မေမေခင် အလောင်းကို သူတို့ဘာလုပ်မ လဲ သိရအောင် ပိန္နဲပင်ကြီးပေါ်က ပုန်းပြီး ကြည့်နေတယ်၊ ညမိုးချုပ်တော့ အခု အလောင်းတွေ့တဲ့ နေရာမှာ သူတို့ တိတ်တိတ်လာမြုပ်ထားကြတာပေါ့၊ မေမေခင်ဆီကို မြ ပြန်လာဦးမယ်ဆိုတာ သိထားလို့ ငါ မြကို ပြန်ပြော ဖို့ စောင့်ကြည့်နေတာ၊ အလောင်းမြုပ်ပြီး ခင့်လင်က ၀မ်းသာအားရ ပြောသေးတယ်၊ လက်စွပ် မရပေမယ့် ဘဏ်မှာအပ်ထားတဲ့ သူ့ပစ္စည်းတွေ ထဲက နောင်ဘုရား အတွက် ထိုက်တန် သလောက် ကန်တော့ လိုက်တာပေါ့...တဲ့၊ ဟေ့ ငါ ပြောနေတာတွေ အားလုံး မှန်တယ်ဟုတ်လား.. ''

ကျေးသားလေးသည် လူသားစင်စစ်နှင့်မခြား သွက်လက်ချက်ချာစွာ ပြောဆိုပြီး မောင်မောင်မျိုးတို့ လေးယောက်ကို လှမ်းမေးလိုက်သောအခါ အမှုစစ်သူရော၊ နားထောင်သူတွေပါ ကျေးသားလေးကို ချစ်ကြသည်။ သနားကြသည်။ သခင်အပေါ်မှာ သစ္စာစောင့်ပုံ၊ ကျေးဇူးတရားသိတတ်ပုံ၊ မှတ်ဥာဏ် ကောင်းပုံ တွေကို ချီးကျူးကြသည်။ အများသော သူတို့၏ မေတ္တာရေးကို ခံယူရသော ကျေးသားလေးကို နောင်ဘုရား၊ မောင်မောင်မျိုး၊ ကိုအောင်စိုး၊ မိမိလေးတို့က အလျှံပြောင်ပြောင် တောက်လောင်လုမျှ နားကြည့်း မုန်းတီးသော မျက်လုံးဖြင့် ကြည့်ကြသည်။ သူတို့၏ စိတ်ထဲ တွင်ကား...
''ဒီငှက်စုတ် သေပြီဆိုတာကို မင်း သေသေချာချာ မကြည့်ဘဲ၊ ဂရုမစိုက်လုပ်ပြီး ပေါ့ပေါ့ဆဆ လွှင့်ပစ် လိုက်လို့ အခုလို မပေါ်သင့်ဘဲ ပေါ်ရတာ မင်းကြောင့်... ''
ကိုအောင်စိုးက ညီဖြစ်သူကို အပြစ်တင်၏။

''မမမိက သေပြီဆိုတာကိုး၊ သူသေသေချာချာ ကိုင်မကြည့်လို့ အခုလို ဖြစ်ရတာ''
မောင်မောင်မျိုးက မရီးဖြစ်သူ မိမိလေးပေါ် လွှဲချသည်။
''ငှက်စုတ် က ပါးစပ်ဟပြီး တုံးလုံးလဲနေတယ်၊ အသက်မရှူဘူး၊ အမွေးတွေက ထောင်နေတယ်၊ ဒါ သေတဲ့ လက္ခဏာပေါ့၊ မိမိ ရွံတတ်တယ်ဆိုတာ သိကြသားနဲ့ သေသေချာချာ ကိုင်ကြည့်နေရဦးမှာ လား... ''
မိမိလေး ဒေါသဖြစ်စွာ တွေးသည်။ နောင်ဘုရားကမူ ဘာမှမပြော၊ မျက်လွှာချကာ တရားဝင်သလို ငြိမ်နေ သည်။

မေမေခင် မသေဆုံးမီမှာ မြင်သမျှ ကြားသမျှတွေကို ကျေးသားလေးက သူ မှတ်မိသရွေ့ အစစ်ခံသည်။ မေမေခင် အသတိခံရပုံကိုလည်း ကျေးသားလေး ပြသောနေရာမှာပင် တွေ့ခဲ့ရသည်။ ဆရာဝန်၏ အစီရင် ခံချက်တွင် ဦးခေါင်းနောက်ဘက်တွင် ဒဏ်ရာတစ်ခု တွေ့ရသော်လည်း၊ သေလောက်သော ဒဏ်ရာ မဟုတ်၊ သေဆုံးရခြင်းမှာ အသက်မရှူနိုင်အောင် တစ်စုံတစ်ခုသောအရာဖြင့် နှာခေါင်းနှင့် ပါးစပ်ကို ပိတ်ဆို့ခြင်း ခံရ၍ မွန်းပြီးသေဆုံးခြင်းဖြစ်ကြောင်း ရေးသားထားသည်။

သို့သော် မောင်မောင်မျိုးတို့ သုံးယောက်ကား ၀န်မခံချေ။ လူမဟုတ်သော တရစ္ဆာန် ကျေးသား လေး၏ စကား သည် တရားမ၀င်ကြောင်း၊ သူတို့မှာ အပြစ်မရှိကြောင်းကို အကြောက်အကန် ငြင်းဆန် နေကြ သည်။

မောင်မောင်မျိုး၊ ကိုအောင်စိုး၊ မိမိလေးတို့ကသာ အာသွက်လျှာသွက်ဖြင့် ပြန်လည်ခုခံ ငြင်းဆန်နေ ကြ သော်လည်း နောင်ဘုရာသည် တည်ငြိမ်သော က္ကနြေ္ဒဖြင့် မျက်လွှာချကာ ပုတီးသာ အတွင်စိပ် နေသည်။ နောင်ဘုရား ၏ ကြည်ညိုစဖွယ် အမူအရာနှင့် ဥပဓိရုပ်ကို မြင်ကြရသော သူတို့စိတ်တွင် ဤပုဂ္ဂုလ်ကား အကယ်ပင် သူတော်ကောင်းဖြစ်လေသလား၊ ဟိုလူနှစ်ယောက်နဲ့ ဟိုမိန်းမ ရှုပ်တဲ့ကစ္စထဲမှာ အချာင် သက်သက် မဟုတ်ဘဲ အစွဲခံနေရတာလား၊ ဤပုဂ္ဂုလ်၏ အနေအထိုင် က္ကနြေ္ဒမှာ သူတော်ကောင်းဖြစ်ဟန် တူသည် ဟူ၍ တွေးထင်သူက တွေးထင်ကြ၏။ ကိုမင်းဇင်ကမူ နောင်ဘုရားကို စေ့စေ့ကြည့်ပြီး...
''ဟေ့. အောင်ငြိမ်း.. ''

ဟု ခေါ်လိုက်၏။ နောင်ဘုရား၏ တည်ငြိမ်သော ဟန်မူရာသည် မဆိုစလောက် ဆက်ခနဲ ဖြစ်သွား သည်ကို အခြားသူတွေ မသိလိုက်သော်လည်း မောင်မင်းဇင်က ကောင်းကောင်း သတိပြုမိသည်။ သို့သော် နောင်ဘုရားကား ဟန်ကောင်းကောင်းဖြင့် တည်ငြိမ်စွာ နေမြဲနေသည်။

''တကယ် ဟန်ဆောင်ကောင်းပါလားကွ အောင်ငြိမ်းရ၊ သူများကို လိမ်လို့ရပေမယ့် ငါ့ကိုလိမ်လို့ မရဘူးနော်.. မင်း နောက်ကြောင်းရာဇ၀င်ကို ငါ အားလုံးစုံစမ်းထားပြီးသား၊ မင်းမြန်မာပြည်က ထွက်သွားပြီး ပြည်ပြေးတွေနဲ့ ပေါင်းနေရာက ပြန်ဝင်လာတယ် သတင်းကြားပြီး အစပျောက်နေ တာ၊ အခု မင်းကို နောင်ဘုရားရုပ်သွင်နဲ့ တွေ့ရပေမယ် ငါ့ မျက်လုံးထဲမှာတော့ အောင်ငြိမ်းရုပ် ပြန်ပေါ်လာတာပဲ၊ ကဲ... ဟန်ဆောင်ကောင်းတဲ့လူ ထင်ထင်ရှားရှား ပြရမှာပေါ့ကွာ''

ကိုမင်းဇင်က ပြောပြီး ရဲသားတစ်ဦးကို နောင်ဘုရား ဦးခေါင်းပေါင်းနှင့်တကွသော သျှောင်ထုံးဆံပင် ပုံတုကြီးက ရဲသားလက်ထဲသို့ တစ်အုံလုံးပြုတ်ပါသွားသည်။ နောင်ဘုရား၏ ဦးခေါင်းကား ဆံပင်ကြိုးကြဲ နဖူးပြောင်ပြောင်ဖြင့် ယာဘက်ချိုစောင်းမှာ လက်းလေးသစ်ကျော်ခန့် အနာရွတ်ကြီး က အစင်းလိုက် ထင်ရှားစွာ ပေါ်နေသည်။
''ဘယ်လိုလဲကွ၊ လူသတ်မှု မုဒိမ်းမှုတွေနဲ့ ထွက်ပြေးနေတဲ့ ရာဇ၀င်လူဆိုး အောင်ငြိမ်းဆိုတာ မင်း ကိုယ်မင်း ၀န်ခံပြီး ဟုတ်လား... ''

ကိုမင်းဇင်က မေးသောအခါ နောင်ဘုရားခေါ် အောင်ငြိမ်းသည် နှုတ်ပိတ်ဆိတ်ငြိမ်စွာဖြင့် စကားတစ်လုံးမှ မပြောတော့ချေ။ မိမိလေး၊ ကိုအောင်စိုးနှင့် မောင်မောင်မျိုးတို့ကား သူတို့ ကြည်ညိုယုံကြည်စွာ ကိုးကွယ်နေသော တန်ခိုးရှင် နောင်ဘုရားကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေရာမှ မောင်မောင်မျိုး သည် မြလက်စွပ်ပျောက်ပုံ၊ သူ ရာထူးတက်ပုံတွေကို ဇနီသည် မေမေခင် ရှင်းပြခဲ့သည် များအား ပြန်လည်ကြားယောင်လာသည်။

ထိုအခိုက်မှာပင် ကိုမင်းဇင်က ပြောလိုက်၏။
''ကိုမော်မောင်မျိုး ခင်ဗျား ယုံကြည်ကိုးကွယ်နေတဲ့ နောင်ဘုရားဆိုတာကြီးရဲ့ ဇာတိရုပ်ကို သိပြီ ဟုတ်လား၊ ခင်ဗျား ချစ်ခင်ရိုသေစွာ သြဇာနာခံနေတဲ့ ခင်ဗျားမရီး ဒေါ်မိမိလေးရဲ့ နောက်ကြောင်း ရာဇ၀င် ကို နားထောင်ဦးခင်ဗျာ''
ကိုမင်းဇင် စကားကြောင့် မောင်မောင်မျိုးက ဦးခေါင်းမော်ပြီး မိမိလေးကို ကြည့်လိုက်သည်။ မိမိလေးကမူ ခပ်တည်တည် ခပ်တင်းတင်းဖြင့် မည်သူ့ကိုမှ ဂရုမစိုက်ဟန်ဖြင့် ကိုမင်းဇင်ကို ပြန်ကြည့်လိုက်သည်။

''ဒေါ်မိမိလေး က ခင်ဗျားအစ်ကိုနဲ့ အကြောင်းမပါမီက တရုတ်လူမျိုးတစ်ယောက်ရဲ့ ဒုတိယဇနီး ဖြစ်ခဲ့ဖူး ပါတယ်၊ သူ့ယောင်္ကျား တရုတ်နဲ့အတူ ကစားဝိုင်းထောင်မှုနဲ့ အမှုဖြစ် ထောင်တစ်လ ကျဖူးတယ်၊ ထောင်ကထွက်ပြီး အစအနပျောက် မြုပ်သွားရာက အခု အမှုမှာ ဒေါ်မိမိလေးအဖြစ် လာတွေ့ လိုက်ရတာပဲ၊ ဖဲရိုက်မှာတော့ တကယ့်ဂျင်ပဲ ကိုမောင်မောင်မျိုး၊ ခင်ဗျားဇနီး မေမေခင်ရဲ့ ပစ္စည်းတွေကို ဖဲရိုက် ဖို့ လိုချင်တာနဲ့ ခင်ဗျားကို ကြိုးကိုင်ခြယ်လှယ် ညွှန်ကြားတယ်ဆိုတာ သဘောပေါက်ကဲ့လား.. ''

ထိုအခါမှ နောင်ဘုရားနှင့် မိမိလေးတို့ နှစ်ဦးပေါင်းကာ ငါးကြင်းဆီနှင့် ငါးကြင်းကြော်သလို သူ့ကို ရာထူး တက်သည့် မက်လုံးပြ အယုံသွင်းပြီး မေမေခင်ထံမှ ပစ္စည်းတွေချူရန် ကြံခဲ့ကြသည့် ကွင်းဆက်တွေ ပြန်တွေးမိလာသည်။ မောင်မောင်မျိုးသည် ငါ့အစ်ကိုမှ၊ ငါ့မရီမှ ငါ့မရီး ဟူသော တစ်ဖက်သတ်စိတ်ဖြင့် မရီးသြဇာ နာခံလာခဲ့မိသည်များကို ပြန်တွေးကာ ပြင်းပြသော နောင်တ သံဝေဂစိတ်ဖြင့် အသည်းနှလုံး ပြုတ်ကြွေလု မျှ ဖြစ်သွားလေသည်။

သို့သော် မောင်မောင်မျိုး ဘာတတ်နိုင်တော့မည်နည်း။ မေမေခင်ပြောခဲ့ဖူးသည့် စကားတွေကို ပြတ်သားစွာ ပြန်လည်ကြားယောင်လာသည်။ အစ်ကိုဖြစ်သူ ကိုအောင်စိုးကား မယား ဖဲသမားကို အသက်ပေး ချစ်လွန်း၍ မယားကြောင့်ပင် ရာထူးပြုတ်ခဲ့သည်။ ပစ္စည်းကုန်ခဲ့သည်။ နောင်ဘုရား ဆိုတာကြီး ၏ သြဇာကို နာခံလာခဲ့သည်။ ကိုအောင်စိုးကား မိမိလေး၏ သံပတ်ပေးစက်ရုပ် သက်သက် သာလျှင် ဖြစ်သည်။ ရှိပါစေတော့၊ သူ့လင်ဖြစ်၍ သူသြဇာပေးနိုင်သည်၊ နာခံသည်ကို ပြောစရာမလို၊ မောင်မောင်မျိုးအနေဖြင့် မရီးသြဇာ နာခံကာ အသက်တမျှ ချစ်ခဲ့ရသူ ဇနီးသည်ကို စိတ်ဆင်းရဲအောင် လုပ်ခဲ့မိသည်။ ယခု အသက်သေအောင်ပင် သတ်ခဲ့မိသည်။

မေမေခင် ပစ္စည်းတွေ အစုလိုက် အပုံလိုက် ကျန်ရစ်သည်ကို မျှော်ကိုးကာ မရီးဖြစ်သူသည် လင်နှင့် နောင်ဘုရားကို ပုပ္ပသို့ ထွက်သွားစေပြီး သူကိုယ်တိုင်ကမူ မက်ဖြစ်သူနှင့် အတူနေခဲ့မည်ဟု စီစဉ်သည်။ မေမေခင် ပစ္စည်းတွေထဲက သူကြည်ညိုသူ နောင်ဘုရရားကို ဝေပုံကျခွဲပေးရန်လည်း ညွှန်ကြား ထားချေသည်။ မောင်မောင်မျိုးသည် သူ့အမှားတွေကို တစ်ခုပြီးတစ်ခု မြင်လာသောအခါ မိမိလေး၊ နောင်ဘုရား နှင့် အစ်ကိုကို စိတ်နာလာသည်။

ထိုအခါ မောင်မောင်မျိုးသည် လူသတ်မှုကို အစအဆုံး ဖြောင့်ချက်ပေးလေတော့၏။
မေမေခင် အိပ်ခန်းကျယ်ကြီးကို ရှင်းလင်းသုတ်သင်နေသည်ကို တွေ့ရသောအခါ မိမိလေးက ထင်မြင်ချက်ပေးသည်။ ယုံကြည် စိတ်ချအားကိုးရသော အဖော်တွေ အိမ်ပေါ်ရောက်လျှင် အမြုတေ ရတနာနှင့် ပစ္စည်းတွေ လက်ဝယ်ရယူရန်မှာ ခဲယဉ်းသွားတော့မည်ဖြစ်၍ အကြံအစည်ကို အမြန်ဆုံး အကောင် အထည်ဖော်ရန် တိုက်တွန်းသည်။ မိမိလေး၏ တိုက်တွန်းချက်ကို နောင်ဘုရား နှင့် ကိုအောင်စိုးက ထောက်ခံသည်။ ထို့ကြောင့် မေမေခင်ကို အလစ်မှာ ကြိုကွင်းပစ်ဖမ်းရန် နောင်ဘုရားနှင့် မိမိလေး က အကြံပေး၏။

သူတို့သုံးယောက်ပေါင်း ရောက်လာလျှင်သာ မေမေခင်က အခန်းထဲမှာ တံခါးပိတ် နေတတ်သောလည်း မောင်မောင်မျိုး တစ်ယောက်တည်းဆိုလျှင် မေမေခင်က မကြောက်ချေ။
ထိုနေ့မှာ မေမေခင်သည် ထမင်းစားခန်းတွင်းရှိ ကြောင်အိမ်ထဲမှ ကျေးသားလေးအတွက် ငှက်ပျောသီးယူနေစဉ် မောင်မောင်မျိုးက နောက်မှ တိတ်တဆိတ်လာပြီး လည်းပင်းကို ကြိုးကွင်း ပစ်စွပ် လိုက်ပြီး နောက်သို့ဆောင်ဆွဲလိုက်သည်တွင် အမှတ်မဲ့ဖြစ်၍ မေမေခင်သည် တစ်ချက်မျှ လန့်အော်ကာ ကြမ်းပြင်ပေါ် လဲကျသွားသည်တွင် မောင်မောင်မျိုးက ရာဘာစွပ်ထားသော ပိုက်လုံးဖြင့် ဦးခေါင်းကို ရိုက်လိုက်သော ကြောင့် မူးသွားသည်။

သို့သော် သတိကောင်းလှသော မေမေခင်သည် လဲနေရာမှ မထနိုင်သော်လည်း တစ်စုံတစ်ခုကို လွှင့်ပစ်လိုက်သလို ပြတင်းပေါက်တည့်တည့်သို့ လက်ဝှေ့ရပ်းလိုက်သည်ကို မောင်မောင်မျိုး မြင်လိုက်သည်။ အိမ်အောက်တွင် ပုန်းကွယ်စောင့်ဆိုင်းနေသော နောင်ဘုရား၊ ကိုအောင်စိုးနှင့် မိမိလေး တို့က မောင်မောင်မျိုး အချက်ပေးသည်နှင့် တစ်ပြိုင်နက် အိမ်ပေါ်သို့ ပြေးတက်လာကြ၏။

မေမေခင်ကား လည်ပင်းမှာ တင်းနေသော ကြိုးကွင်းဒဏ်၊ ဦးခေါင်းမှ အရိုက်ခံထားရသောဒဏ်၊ မောင်မောင်မျိုး တို့ လေးယောက်ဝိုင်းအုံကိုင်ချုပ် ကြိုးနှင့်တုပ်ထားသော ဒဏ်တွေကြောင့် လုံးဝ မခုခံ နိုင်ရှာတော့ပေ။
ထို့နောက် အစစ်ခံချက်တွေက ကျေးသားလေး အစစ်ခံ ပြောကြားချက်အတိုင်း အားလုံးထပ်တူ တပ်မျှ ဖြစ်ပေသည်။

မောင်မောင်မျိုး အစစ်ခံ ဖြောင့်ချက်ပေး၍ ဆုံးသောအခါ ဒေါက်တာမြသွင်အေးက သူတို့အားလုံး ကြားလောက် သော လေသံဖြင့် ပြောလိုက်၏။
''မေမေခင် သေရင် ပစ္စည်းတွေရဖို့ မျှော်လင့်ချက်ကြီးနဲ့ သတ်လိုက်ကြတာ ရှင်တို့တတွေ လူသတ်ကောင် ရာဇ၀င်သား ဖြစ်တာပဲ အဖတ်တင်သွားတယ်.. မေမေခင်က သူ့ပစ္စည်းတွေကို ၀တ်လုံ တစ်ယောက်နဲ့ အခိုင်အမာ စီစဉ်ပြီး စာချုပ်စာတမ်းတွေ ရေးသွားတာ သိကြရဲ့လား''
''ဘာတွေ ရေးသွားလဲ''မောင်မောင်မျိုးက မေးသည်။

''သူ သေရင် ဘယ်သူမှ ခံစားခွင့်မပြုဘဲ အားလုံးကို အကျိုးရှိမယ့် ဌာနအသီ်းသီးခွဲပြီး လှူသွား တယ်လေ''
မောင်မောင်မျိုးက ဦးခေါင်းငိုက်စိုက် ချနေရာမှ နောင်တသံကြေကွဲ ၀မ်းနည်းသံဖြင့် ပြန်ပြောသည်။

''ကျွန်တော်လို မိုက်လုံးကြီးတဲ့ လင်တစ်ယောက်ဟာ ခင့်ပစ္စည်းကို မစားထိုက် မသုံးထိုက်ပါဘူး ဒေါက်တာ.. ကျွန်တော့်မိုက်ပြစ်ကြီးကိုလဲ ယူကျုံးမရ ရှိလှပါတယ်၊ ကျွန်တော်အဖို့ ကြိုးစင်မြန်မြန် တက်ပြီး သေသွားရတာက ကောင်းပါတယ်၊ ကျွန်တော် မသေရင် ကျွန်တော်မိုက်မဲတဲ့ စိတ်ဆင်းရဲမှုကြီးကို မချိမဆန့် ခံစားနေရတော့မှာပါ ဒေါက်တာ.. ''
မောင်မောင်မျိုး စကားဆုံးသောအခါ ကျေားသားလေးက ၀င်ပြောလိုက်၏။

''ခင် မသေခင်က အဲဒီလိုမိုက်မှန်း နင်သိရင် သိပ်ကောင်းမှာ၊ အခုတော့.. ငါ့ကို ချစ်တဲ့ခင် သေသွားပြီလေ၊ နင် မိုက်တယ် လို့ ပြောနေတာ ခင် မရှိတော့ဘူး''
ကျေးသားလေး၏အသံမှာ နားကြည်းကြေကွဲသံ ပါလှသည်။

မောင်မောင်မျိုးသည် သူကိုယ်တိုင် အသံထွက်ရင် လည်းပင်းလိမ်သတ်မည်ဟု ကြိမ်းခဲ့သော ကျေးသားလေးကို မကြည့်ဝံ့သည့် အလားဦးခေါင်းငုံ့နေသည်။ တရစ္ဆာန် ဖြစ်သော်လည်း ကျေးဇူး သစ္စာစောင့်သိ၍ လူစိတ်ရှိသော ကျေးသားလေးလောက်မှ သူ သစ္စာတရားမရှိပါကလားဟု ကြေကွဲစွာ တွေးနေသည်။
နောင်ဘုရားခေါ် အောင်ငြိမ်း၊ ကိုအောင်စိုးနှုင့် မိမိလေးတို့ကား ဖြောင့်ချက်ပေးလိုက်ပြီဖြစ်သော မောင်မောင်မျိုးကို သုံးယောက်လုံးက အံခဲပြီး ကြည့်နေကြသည်။ ထိုသို့ကြည့်နေကြောင်းကိုလည်း မောင်မောင်မျိုးက သိသည်။ သို့သော် သူ့အနေဖြင့် အစ်ကိုနှင့်မရီး စိတ်ဆိုးမည်ကို မကြောက်တော့၊ မောင်မောင်မျိုး၏ သတ္တိကား မိုးလွန်မှ ထွန်ချသည်နှင့် တူနေသည်။

မပြုအပ်သော ရာဇ၀တ်မှုကြီးကို ကျူးလွန်သူတို့ သွားမြဲလမ်းအတိုင်း ထိုက်တန်သော အပြစ်ဒဏ်ကို မောင်မောင်မျိုး၊ ကိုအောင်စိုး၊ မိမိလေးနှင့် နောင်ဘုရားခေါ် အောင်ငြိမ်းတို့ ခံကြရလေပြီ။
ငယ်သူငယ်ချင်းများဖြစ်သော ကိုမင်းဇင်နှင့် ဒေါက်တာမြသွင်အေးတို့၏ အစီအစဉ်ဖြင့် သေကံဆိုး ရှာသော မေမေခင်၏ ဈာပနကား စည်းကားသိုက်မြိုက်စွာဖြင့် သူဿန်မြေသို့ ရောက်သွား ရှာလေင်္ပြီ။
ဒေါက်တာမြသွင်အေး၏ လက်ထဲသို့ ရောက်လာသော ကျေးသာလေးကို ဒေါက်တာ မြသွင်အေးသည် ချစ်ခင်ကြင်နာ ယုယစွာဖြင့် အထူဂရုစိုက် မွေမြူထားသော်လည်း ကျေးသားလေး သည် မောင်မောင်မျိုး၏ ကောင်းမှုကြောင့် အကျင့်ပါ၍ နှုတ်ဆိတ်နေတတ်သည်။ ဘ၀တစ်ပါးခြား သွားရှာလေသူ သခင်ဟောင်း မေမေခင်ကို  မမေ့နိုင်ဘဲ လွမ်းဆွတ်တမ်းတနေလေဟန်တူသည်။ ငေးငေးငိုင်ငိုင် ဖြစ်နေတတ်သည်။

မေမေခင် ကိစ္စကြောင့် လက်ထပ်ရေးကို ဆိုင်းငံ့ထားခဲ့ရသော ကိုမင်းဇင်နှင့် ဒေါက်တာမြသွင်အေး တို့သည် ကျေးသားလေး၏ လှောင်အိမ်ချိတ်ထားသည့် အနားတွင် ထိုင်ကြကာ လက်ထပ်ရေး နေရေး ထိုင်ရေးကို ဆွေးနွေးနေဆဲမှာ ကျေးသားလေးသည် ယခင်တစ်ချိန်က သူ့လှောင်အိမ်နား တွင် သွားလေသူ သခင်ဟောင်း မေမေခင်နှင့် ဒေါက်တာမြသွင်အေးတို့ ယခုလို စကားထိုင်ပြောခဲ့ ကြသည်ကို သတိရ လွမ်းဆွတ်ဟန်တူသည်။ မေမေခင် လေယူလေသိမ်း အဆွဲအငင်အတိုင်း စူးရှသာယာသော အသံကလေးဖြင့် ကျေးစေပတ်ပျိုးကို ဆိုပြလိုက်ရှာသည်။
"လေယဉ်မြန်း... စေမှန်းရွေလျော်၊ ငယ်ယုံပူဘော်
နန်းစိန်ချိုင့်ပျော်.. ကြင်နယ်ယွင်း.. မြတ်မှာတော်ရင်း
မင်းတင်ချေနော်..''

ကျေးသားလေး၏ သီချင်းသံကို ကြားရသောအခါ ဒေါက်တာမြသွင်အေးသည် သွားလေသူ သူငယ်ချင်းကို လွမ်းဆွတ်တမ်းတခြင်းဖြင့် မျက်ရည်ကျမိသည်။ ကိုမင်းဇင်ကလည်း မေမေခင်ကို သတိရ စိတ်မကောင်ခြင်းဖြင့် ငိုင်သွားသည်။

''သြော်.. မေမေခင်ရယ် ငယ်ကမွေးတဲ့ ကျေးသားလေးနဲ့ ငယ်သူငယ်ချင်းနှစ်ယောက်က ခင် အသက် မသေမီ ကလဲ ခင့်အတွက် စိုးရိမ်ပူပန်ခဲ့ကြပါတယ်၊ ခင် သေဆုံးပြီးနောက်မှာလဲ ပူပန် ကြေကွဲ ၀မ်းနည်း ကြရပါတယ်၊ ဒီငယ်ယုံပူဘော် သုံးဦးရဲ့ မေတ္တာ သစ္စာနဲ့ ဆောင်ရွက်ချက်တွေ ကိုဖြင့် ခင် ဖြစ်လေရာ ဘ၀ကို ဟောဒီ ကျေးသားလေးသာ စေတမန်အဖြစ် လွှတ်လို့ရရင် ကျေးစေတမန်လွှတ်ပြီး အကြောင်းစုံ သိစေချင်စမ်း ပါဘိတယ် ခင်ရယ်.. ''
ဟူသောအတွေးကို ကျေးသားလေးအနေဖြင့် တိရစ္ဆာန်ဖြစ်၍တွေးသည် မတွေးသည် မသိရ သော်လည်း ဒေါက်တာမြသွင်အေးနှင့် ကိုမင်းဇင်တို့ နှစ်ယောက်လုံး စိတ်ထဲတွင်ကား ပြိုင်တူပင် တွေးမိ လွမ်းမိ တမ်းတ မိကြပါတော့သည်။

ပြီးပါပြီ

.

10 comments:

Thida said...

ခုမှဝဋ်ကျွတ်တော့တယ် ...စောင့်ဖတ်ပြီးရင်မောရတဲ့ဒုက္ခ...အဲ..ဟုတ်ပေါင် ခင်..ခင်..ခင်ပြောပါတယ် ဝဋ်ကျွတ်တာပေါ့လို့ ...:P

Thida said...

ဟင်....comment လဲမပေါ်ပါလား... :(

:P said...

မောင်မောင်မျိုးက မိုက်တော့လည်း ကမ်းကုန်၊ နောင်တရတာလည်း မြန်တယ်နော်...။

မဝင်းမြင့် ၂ ပုဒ်စလုံးက ထူးခြားတဲ့ ပစ္စည်းတွေက အဓိက ဇာတ်ဆေင်ဖြစ်ပြီး အဲဒီပစ္စည်းတွေကြောင့် ရိုးသားတဲ့ပိုင်ရှင်မှာ သေရတယ်...။

:P said...

ပေါ်တယ်လေ... Thida :)

Thida said...

အဟီး..refresh မလုပ်မိလို့။

မေဓာဝီ said...

အဲဒီလို ရက်ရက်စက်စက် သတ်ခံရတဲ့ ဇာတ်လမ်းတွေ ဖတ်ရတာ ရင်နင့်စရာ .........
လောဘတွေ ဒေါသတွေ သိပ်ကြောက်ဖို့ ကောင်းတာပဲ။

သိင်္ဂါကျော် said...

ဝတ္တုရှည်ဆို အဆက်အဆက် ဖတ်ရတာ ပျင်းလွန်းလို့ အားလုံးပြီးမှပဲ လာလာ ဖတ်တာ.. မဝင်းမြင့် ဝတ္တုတွေဆို ကြိုက်တယ်..

rose said...

ကျေးဇူး အများကြီးတင်ပါတယ် အခုလို စာရိုက်တင်ပေးတာ။ ကျွန်မ ဆရာမ မ၀င်းမြင့်ရဲ့ ၀တ္ထုတွေ သိပ်ကြိုက်ပါတယ်။ ခေမာသောင်ကမ်း ရော ၊ ငယ်ယုံပူဘော် ရော အစအဆုံး ဖတ်သွားပါတယ်။ ကျေးဇူး။

ကျွန်မ ဘလော့ဂ်လေးကိုလည်း အလည်လာပါဦးနော်။

http://redroseofburma.blogspot.com/

Anonymous said...

If you could e-mail me with a few suggestions on just how you made your blog look this excellent, I would be grateful.

မျိုးမင်းစိုး said...

အမရေ ဖတ်ရတဲ့ ဒီဝတ္တုကို ခင်လက်ထပ်ပြီး အကိုအိမ်သွားလည်တဲ့အပိုင်းနောက်ကို လုံးဝဆက်မဖတ်ချင်လောက်အောင် စာဖတ်သူတွေကို စိတ်ဆင်းရဲစေမယ့် ဝတ္တုဖြစ်မယ်ဆိုတာခန့်မှန်းမိတယ် ဒါပေမယ့် အပင်ပန်းခံ ဖတ်စေချင်တဲ့စေတနာနဲ့ စာရိုက်တင်ပေးတဲ့ အမတို့ကို အားနာလို့ ဆုံးအောင်ကျော်ဖတ်ခဲ့ပါတယ် အမတင်ပေးထဲ့စာတွေထဲမှာ ဒီတစ်ပုဒ်ကိုတော့ မကြိုက်ဆုံးပါပဲ ကျေးဇူးတင်ပါတယ်