တကယ်မယုံနိုင်စရာအဖြစ်
ဂျိုစီ ကို ခွဲစိတ်ကုသသည့် အဖွဲ့ခေါင်းဆောင်၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ဆရာဝန်ကြီး ပါမောက္ခ ချားလ်(စ်)ပေါလ်ကီ က ကျွန်တော့်ကို ရှင်းပြသည်။
ကွဲကြေသွားသည့် ဦးခွဲအရိုးစပေါင်းများစွာကို သူတို့ခွဲစိတ်ဖယ်ထုတ်ပစ်လိုက်ပြီတဲ့။ ပြီးတော့ ပျက်စီး သွားသည့် ဦးနှောက်အစိတ်အပိုင်းတွေကိုလည်း ခွဲစိတ်ပြီး သွေးကြောတွေ ပြန်ဆက်ပေးပြီးပြီတဲ့။
ဦးနှောက် အပေါ်က ဦးခေါင်းခွံသွေးကြောတွေကို ဂျိုစီ ဘယ်ဘက်ခြေထောက်က သွေးကြောတွေနဲ့ အစားထိုး လိုက်ရသည်တဲ့။
"ကလေးမှာ ဒဏ်ရာတွေက တစ်ကိုယ်လုံးအပြည့်ပဲ။ ဒေါက်တာ ရာဆယ်၊ ညာဘက်နားရွက်လည်း ပြတ်ထွက် သွားတယ်၊ သူ့ခေါင်းကိုရိုက်တဲ့ ပစ္စည်းဟာ အရှိန်လွန်ပြီး ပခုံးကို သွားထိတယ်"
ယမန်နေ့ ညက ဂျိုစီအသက်ရှူနေသည်။ "အသက်ရှူစက်"ဖြင့် ရှူနေခြင်းဖြစ်ကြောင်း၊ သည် လောက် ပြင်းထန် သည့် ဒဏ်ရာကြီးတွေနှင့် သူ့အသက်မသေခြင်းမှာ တကယ့်ကို မယုံနိုင်စရာဖြစ် ကြောင်းလည်း ဆရာဝန်ကြီး က ရှင်းပြ၏။
သမီးကလေး အသက်ရှင်လာလျှင် အကောင်းဆုံး သူနာပြုတစ်ယောက်ဖြစ်အောင် ကြိုးစားဖို့ ကျွန် တော် ဆုံးဖြတ် လိုက်သည်။ အခြေအနေအရ ဂျိုစီသည် အသက်မသေသည့်တိုင်အောင် ဒုက္ခိတ ကလေး ဖြစ်နေ နိုင်သည်။
ကျွန်တော် သည်အထိ တွေးထားပြီးသား၊ ပြင်ဆင်ထားပြီးသား ဖြစ်ပါ၏။ သို့သော် သူသေမလား၊ ရှင်မလား မသေချာသေးပါ။ ဘုရား ဘုရား၊ အသက်ရှူစက်ကိုဖြုတ်သည့်အချိန်တွင်များ ကျွန်တော့် သဘော တူညီမှု သူတို့ရယူမည်ဆိုလျှင် ကျွန်တော် ဘာလုပ်ရပါမည်လဲ။
သို့သော် တဖြည်းဖြည်းနှင့် ဆရာဝန်ကြီးစကားများ ရှင်းလာသည်။ ကြိုတင်မှန်းဆချက်ကို ကျွန် တော် နားလည် လာသည်။ သူက ဂျိုစီ အသက်ရှင်မရှင် ဆိုသည့် ကိစ္စကို လုံးဝမပြော။
ဂျိုစီသည် ဆွံ့ချင်ဆွံ့သွားနိုင်သည်။ အကြားအာရုံလည်း ပျက်စီးသွားနိုင်သည်။ ညာဘက်ကိုယ် တစ်ခြမ်း သေသွားနိုင်သည်။ ကျွန်တော် မယုံကြည်နိုင်စွာဖြင့် မေးမိ၏။
"သူ အသက်ရှင်ဖို့ သေချာတယ်ပေါ့ ဆရာ ဟုတ်လား"
"ဟာ သေချာပါတယ်"
"သူ လမ်းပြန်လျှောက်နိုင်ပါ့မလားဆရာ"
"လျှောက်နိုင် ဖို့ အလားအလာရှိပါတယ်။ ဒါပေမယ့် ခြေဆာချင် ဆာနေလိမ့်မယ်၊ ဒီလိုဒဏ်ရာမျိုး တွေ ကျွန်တော် တို့ မကြာခဏ ခွဲဖူးပါတယ်။ ကလေးကငယ်တော့ ဦးနှောက်ဒဏ်ရာက မြန်မြန် ကျက်သွား ပါလိမ့်မယ်"
ကျွန်တော့် မျှော်လင့်ချက်တွေ ချက်ချင်းဟုန်းခနဲမြင့်တက်သွား၏။ သြော် တကယ်မယုံနိုင်စရာ အဖြစ် ပါလား။ သမီးကလေး သေတွင်းထဲမှ ပြန်ထွက်လာခြင်းပါကလား။ ကျွန်တော့်မျက်နှာပေါ်မှ ဖိစီးမှု ဝေဒနာ တွေ လျှော့ကျသွားသည်ကို ဆရာဝန်ကြီး မြင်သွားဟန်တူ၏။
"ကြာတော့ ကြာလိမ့်မယ် ဒေါက်တာရာဆယ်၊ တော်တော့ကို ပင်ပန်းကြီးစွာနဲက သူ ပြန်ကျန်းမာ လာ လိမ့်မယ်၊ ပြီးတော့ မမျှော်လင့်တဲ့ တခြားရောဂါတွေလည်း ၀င်လာနိုင်သေးတယ်"ဟု ပြန်ပြော ၏။
မည်သို့ရှိစေ၊ ကျွန်တော် အပုံကြီး အားတက်သွားမိပါ၏။ ဆရာဝန်တွေကိုလည်း ရင်ထဲမှ ကျေးဇူး တင်မဆုံး ဖြစ်နေ၏။ တစ်စစီ ဖြစ်လုနီးပါးကလေးတစ်ယောက်ကို သူတို့ကျွမ်းကျင်စွာ ဖြတ်တောက် ဆက်စပ် ဖာထေးပေးခဲ့ပြီမဟုတ်လား။
ပြေးစရာမြေမရှိပါ
အိပ်ရေးတွေ ဆက်တိုက်ပျက်လာတော့ ဆေးရုံတာဝန်ခံများက နောက်ညမှစပြီး အခန်းတစ်ခန်း စီစဉ် ပေးမည်ဟု ပြောကြသည်။
သို့သော် သည်ညအတွက် နေရာရှာရဦးမည်။ အက်ဒ်နှင့် ပေါ်လင်းကို ကျွန်တော်နှင့်အတူ အိပ်ဖို့ ပြောတော့ သူတို့အင်တင်တင် ဖြစ်နေကြသည်။
ပြီးမှ အက်ဒ်က ခပ်အေးအေးလေသံဖြင့်"ဒီည ကျွန်တော်တို့ ကင်တာဘာရီကို ပြန်ကြရလိမ့်မယ်ဆရာ သက်ဆိုင်ရာ ရဲမှုခင်းဆရာဝန်ကြီး က လင်းနဲ့မီဂန့်အလောင်းကို ဆရာ အတည်ပြုပေးရလိမ့်မယ်တဲ့"
ကျွန်တော့် ရင်ထဲတွင် ဒိန်းခနဲဖြစ်သွားသည်။
နီးရာကုလားထိုင်တစ်လုံးကို လှမ်းကိုင်ထားလိုက်ရ၏။ ကျွန်တော် သည်ကိစ္စအတွက် ကြိုတင် ပြင်ဆင် ထားခြင်း မရှိခဲ့ပါ။
လင်းနှင့်မီဂန့်ကို ဂျိုစီ့ဝေယျာဝစ္စတွေအောက်မှ မသိစိတ်တွင် ကျွန်တော် မြှုပ်ထားခဲ့၏။ သို့သော် ကျွန်တော် ၏ မျိုသိပ်နိုင်စွမ်းသည် အင်အားမရှိခဲ့ပါချေ။ သည်မျှ ရက်စက်ပြင်းထန်လှသောအမှုကို ကျွန်တော် ပြုရတော့မည်။ မျက်ရည်တွေ ကျလာပြန်၏။
"အဲဒါတကယ်လိုအပ်လို့လားဗျာ"
ကျွန်တော် ရှိုက်ရင်း တိုးတိုးမေးလိုက်သည်။
ကျွန်တော့်တွင် သည်ကိစ္စနှင့်ပတ်သက်၍ ပြေးစရာမြေမရှိပါ။ ကျွန်တော်ကိုယ်တိုင်ကြည့်ပြီး အတည်ပြု ရမည်တဲ့။
ပို၍ဆိုးသည်မှာ ကျွန်တော်က အတည်ပြုပြီး ကျွန်တော့်ကို တစ်စုံတစ်ယောက်က ထောက်ခံပေး မည့် ဒုတိယ လူ လိုသေးသည်တဲ့။ တော်ပါသေး၏။ သည်လောက်ကံဆိုးနေသည့်ကြားက ကံကွက် ကျား ကောင်း လာသည်။
ကင်တာဘာရီဟိုတယ်ခန်းထဲတွင် စောင့်နေစဉ် အမေရိကန်မှ ကျွန်တော်နှင့် လင်း၏ သူငယ်ချင်း ရောက် လာသည်။ အတ္တလန်တိတ်သမုဒ္ဒရာကို အမြန်နှုန်းဖြင့် ဖြတ်လာသူ သူငယ်ချင်းက ဒုတိယ လူအဖြစ် သူ့တာဝန် ယူမည်ဆို၏။ မချိမဆံ့ဒဏ်ရာတွေနှင့် သေဆုံးနေသည့် ဇနီးနှင့် သမီးကလေး ၏ ရုပ်အလောင်း ကို ကြည့်ဖို့ မမျှော်လင့်ဘဲ ကျွန်တော်အဖော်ရလိုက်ပါပြီ။
သည်ကိစ္စ အတွက် နှလုံးသွေးပျက်လုခမန်းဖြစ်နေသည့်ကြားက သူ့ကို ရောက်မဆိုက် ကျွန်တော် မေးသည်။ ဒုတိယအဖြစ် တာဝန်ယူနိုင်ပါမည်လား။
မမျှော်လင့်သည့် ကိစ္စကိုကြားလိုက်ပြီး သူအထိတ်တလန့် ဖြစ်သွားသည်။ နောက်မှ သူလုပ်ပါမည် ဟု ရဲရင့်စွာ တာဝန်ယူ၏။ မနက်ဖြန်ရင်ဆိုင်ရမည့်အဖြစ်ဆိုးကြီးအတွက် ထိုညတွင် အနည်းငယ်မျှ ကျွန်တော် အသက်ရှူ လို့ ၀ခဲ့ပါသည်။
အခန်းထဲဝင်သွားတော့ ကျွန်တော့်အသားတွေ တဆတ်ဆတ်တုန်နေသည်။ လင်းနှင့်မီဂန်ကို ခြေ ထောက်ဘက် မှ ကျွန်တော် စမြင်ရ၏။ ဘီးတပ်အလောင်းစင်တစ်ခုစီတွင် ယှဉ်လျက် ပက်လက် အနေအထား ဖြင့် တွေ့ရ၏။ သူတို့၏ ဦးခေါင်းနှင့် တစ်ကိုယ်လုံးကို အ၀တ်ဖြူနှင့် ပတ်ထားသည်။
မမှန်သော ခြေလှမ်းများဖြင့် လျှောက်သွားပြီး မျက်နှာနှစ်ခုကို ကျွန်တော်ကြည့်ရ၏။ မျက်နှာတွင် တော့ ဘာဒဏ်ရာ မှ မတွေ့ရပါ။ သားအမိနှစ်ယောက်စလုံး မျက်လုံးရော ပါးစပ်ပါ နေသားကြ၏။ သူတို့ကို ကြည့်ရသည်မှာ ၀မ်းနည်းနေပုံလည်းမရှိ၊ ပျော်ရွှင်နေပုံလည်း မတွေ့ရပါ။ အသက်ကင်းမဲ့ နေသည့် သဏ္ဌာန် နှစ်ခု။ ကျွန်တော် ခဏ ကြောင်ကြည့်နေမိ၏။ ကျွန်တော် မြင်ချင်သည့် မြင်ကွင်း မဟုတ်ပါ။ ကျွန်တော့် အာရုံတွင် တစ်သက်လုံး ထင်ကျန်နေလိုသည့် မြင်ကွင်းမဟုတ်ပါ။
သို့သော် သူတို့သားအမိနှစ်ယောက်ကို သည်ပုံစံဖြင့်သာ ကျွန်တော့်အာရုံတွင် ထင်ဟပ်နေမည်ကို ကျွန်တော် ကောင်းကောင်းကြီး သိလိုက်ပါပြီ။
"ဟုတ်ပါတယ်၊ လင်းနဲ့ မီဂန်ပါ"
ဗလုံးဗထွေး ပြောပြီး ကျွန်တော်အခန်းထဲမှ ပြေးထွက်ခဲ့တော့၏။
ဧည့်ခန်းထဲ ရောက်သည်အထိ ကျွန်တော့်မျက်ရည်တွေ တလိမ့်လိမ့် စီးကျနေဆဲ။ ပေါ်လင်းနှင့် ကျွန်တော့် သူငယ်ချင်းက ၀ိုင်းပြီး နှစ်သိမ့်ကြသည်။ အတန်ကြာမှ ကိုယ့်ကိုယ်ကို ထိန်းနိုင်လာ၏။
"အင်း အဖြစ်ကတော့ တော်တော်ဆိုးပါတယ် ဒေါက်တာ ရာဆယ်၊ ဒါပေမယ့် နောက်ထပ်တစ်ခု ကျွန်တော် တို့ကို ကူညီပါဦး၊ ဆရာ့အိမ်က ခွေး ဟုတ်မဟုတ်လည်း ကြည့်ပေးပါဦး"
ဟု မှုခင်းဆရာဝန်ကြီး က တောင်းပန်သည်။
သန်းခေါင်ထက် ညဥ့်မနက်တော့ပါပြီ။ ကျွန်တော် သဘောတူလိုက်ပါသည်။ ဘေးအခန်းတံခါးမှ ၀င်တိုက် သွားရသည်။ တွန်းလှည်းတစ်ခုပေါ်တွင် လက်နှစ်ဖက်ရှေ့ပစ်ပြီး အမွေးတွေရေစိုကာ တွန့်လိမ် ရှုပ်ပွ နေသော လူစီကို တွေ့ရ၏။ ခဏငေးကြည့်နေမိ၏။ ဘယ်လိုများသေရတာပါလိမ့်ဟု ကျွန်တော် စဉ်းစား နေမိသည်။
"ဟုတ်ပါတယ်၊ ကျွန်တော်တို့ခွေးမလေး လူစီပါ"ဟု သက်ပြင်းချရင်း ပြောလိုက်ပါသည်။
"ကျွန်တော် သူတို့ကို ဘယ်တော့ သင်္ဂြုံဟ်ခွင့်ရမှာလဲ"
ဆရာဝန်ကြီးက လူသတ်မှုဖြစ်သည့်အတွက် အချိန်အတန်ကြာကြာ ထားရလိမ့်ဦးမည်ဖြစ်ကြောင်း အလွန် ထူးဆန်းသည့် အမှုဖြစ်၍ ၀န်ထမ်းမဟုတ်သည့် ပြင်ပဆရာကြီးများနှင့် ဒုတိယအကြိမ် ထပ်မံ ခွဲစိတ်ရန် လိုအပ်ကြောင်းများ ရှင်းပြသည်။
ဆက်ရန်
.
2 comments:
ဖတ်ပြီးပါကြောင်း
ဆက်ရန်ကို စောင့်မျှော်လျှက်ရှိပါကြောင်း။
အမှုက မထင်ပဲ ပိုရှုပ်သွားတာကိုး။
သမီးလေး ပြန်ကောင်းလာမှပဲ ဇာတ်လမ်းက အကူအညီရတော့မှာပဲ။
မျှော်လျှက်...
Post a Comment