Sunday, October 10, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၃၃)

အခန်း(၃၃)

ဆာရာနှင့် ခရိတ်တို့သည် လင်းရိုဗာကား၏ စက်ဖုံးပေါ်သို့ တက်ရပ်ပြီး တောင်ဘက်စူးစူးဆီသို့ ငေးမျှော် ကြည့်နေ ကြလေသည်။
သဲကန္တာရမြေ၏ ကောင်းကင်ပြင်ကား အလွန်ကြည်လင်သာယာနေပေသည်။ ဤနေရာမှာ ဘော့ဆွနာ နိုင်ငံ အရှေ့မြောက်ပိုင်း လူနေအိမ်ခြေမရှိသော မြေရိုင်းဒေသတစ်နေရာပင် ဖြစ်သည်။
ဇင်ဘာဘွေနိုင်ငံ နယ်စပ်သည် ထိုနေရာမှ အရှေ့စူးစူး ကီလိုမီတာ သုံးဆယ်ခန့်အကွာတွင် တည် ရှိပေသည်။

မျက်စိတစ်ဆုံး မိုးကုပ်စက်ဝိုင်းဆီမှ သစ်ပင်ငယ်များသည် ကြည့်နေရင်း ရွေ့လျားလှုပ်ရှားနေသည် ဟု ထင်ရလေသည်။ ဤကား သဲကန္တာရဒေသများတွင် ကြုံတွေ့ရတတ်သော 'မီရပ်ခ်ျ'ခေါ် 'တံလျှပ်ရေထင်' သည့်သဘော၊ မျက်စိလှည့်စားခြင်းတစ်ရပ်ပင် ဖြစ်သည်။ ရံဖန်ရံခါ လေပွေတိုက် ခတ်၍ ဖုန် တထောင်း ထောင်း ထပြီး ကောင်းကင်သို့ လွင့်တက်လာသည်ကိုလည်း မြင်ရတတ် သည်။
မကြာမီ ကောင်းကင်တစ်နေရာမှ စက်ဆနာလေယာဉ်၏ အင်ဂျင်စက်သံကို ကြားရစပြုပြီးနောက် ဆာရာ က-
"ဟောဟိုမှာ"ဟု ပြောရင်း ကောင်းကင်ကို ညွှန်ပြလိုက်လေသည်။

ခရိတ်သည် သဲပြင်ပေါ်တွင် ယာယီလေယာဉ်ကွင်းငယ် ပြုလုပ်ဖန်တီးထားရာဆီသို့ လှမ်းကြည့် လိုက်မိသည်။ စက်ဆနာလေယာဉ် ဆင်းသက်နိုင်ရန်အတွက် သူကိုယ်တိုင် ယာယီလေယာဉ်ပြေး လမ်းကြောင်း ကိုပါ ဖန်တီးထားခဲ့သည်။
လေယာဉ်ကွင်းများ မှ လေယာဉ်ပြေးလမ်းကြောင်း နှစ်ဖက်နှစ်ချက်တွင် လျှပ်စစ်မီးလုံးများ ထွန်းညှိ ၍ လမ်းပြ ထားသည်။ ထို့အတူ ခရိတ်ကလည်း သူ၏ယာယီလေယာဉ်ကွင်း၌ အ၀တ်စုတ်များ ရေနံ စိမ်ပြီး မီးရှို့ ထားကာ မီးလုံးများ စီတန်းနေသယောင် ဖန်တီးလမ်းပြထားလေသည်။

ခရိတ်သည် တဖြည်းဖြည်း နီးကပ်လာသော လေယာဉ်ကို လှမ်းမျှော်ကြည့်နေလေသည်။ လေ ယာဉ်မောင်း သူ ဆယ်လီမြေပြင်သို့ ဆင်းသက်ရန်အတွက် ပျံသန်းနှုန်းကို လျှော့၍ ခပ်နိမ့်နိမ့် ဆင်းလာ နေပြီ ဖြစ်သည်။
သူမသည် ယာယီလေယာဉ်ကွင်းငယ်ပေါ်မှ တစ်ခေါက်ဖြတ်၍ ပျံသန်းကြည့်ပြီးမှ နောက်တစ်ချီတွင် လေယာဉ် ပြေးလမ်းကြောင်းပေါ်သို့ ကျွမ်းကျင်စွာ ဆင်းသက်လိုက်သည်။
ခရိတ်လည်း လေယာဉ်ရပ်သွားသည်နှင့်ဆယ်လီထံသို့ ပြေးသွားလေသည်။

"မင်းသွားတာ ကြာလိုက်တာကွာ။ ပြန်မှ လာပါ့မလားလို့"
ခရိတ် က ဆယ်လီ လေယာဉ်ပေါ်မှ ဆင်းဆင်းချင်း ပြောလိုက်ရာ ဆယ်လီက ပြုံး၍-
"မကြာပါဘူးရှင့်၊ ကျွန်မသွားတာ ဒီနေ့ပါမှ သုံးရက်ပဲ ရှိသေးတယ်"ဟု ပြန်ပြောလေသည်။
"ဟ…သုံးရက်သာဆိုတယ် ငါ့စိတ်ထဲမှာ အကြာကြီးပဲ"

ပြောပြောဆိုဆို ခရိတ်သည် ဆယ်လီအား ယုယစွာ နမ်းရှိုပ်လိုက်သည်။ ထို့နောက် သူမ၏ခါးကို အသာဖက် ၍ လင်းရိုဗာကားရှိရာသို့ ခေါ်သွားလေသည်။
ဆယ်လီက ကားနားတွင် စောင့်နေသည့် ဆာရာအား နှုတ်ဆက်ပြီးသောအခါ ခရိတ်က မော်တော် ကား၏ အရိပ်တွင် နေကြသူ မာတာဘယ်လီ တိုင်းရင်းသားနှစ်ဦးနှင့် ဆယ်လီအား မိတ်ဆက်ပေး လိုက်သည်။

တိုင်းရင်းသားနှစ်ဦးလည်း ချက်ချင်းထိုင်ရာမှ ထလိုက်ကြသည်။
"ဟေ့….ဆယ်လီ၊ ဟောဒါက ဂျိုနပ်စ်လို့ခေါ်တယ်၊ နောက်တစ်ယောက်ရဲ့ နာမည်ကတော့ အာရွန် တဲ့ကွဲ့။ နာမည်တွေ မှတ်ထားပါ။ သူတို့က ငါတို့ကို လက်နက်တွေ မြှုပ်ထားတဲ့နေရာကို ပြတဲ့ အပြင် အစစ အရာရာ ငါတို့ကို ကူညီနေသူတွေ ဖြစ်တယ်"
ခရိတ် က ဆယ်လီအား မိတ်ဆက်ပေးရင်း ရှင်းပြလိုက်သည်။

မာတာဘယ်လီအမျိုးသားနှစ်ဦးမှာ လူငယ်များဖြစ်ပြီး စကားနည်းသူများ ဖြစ်ကြလေသည်။ ခပ် အေးအေး နေတတ်သူများ ဖြစ်ဟန်တူသည်။
သို့သော် မျက်လုံးများက သူတို့သည် လျင်မြန်ဖျတ်လတ်သူများဖြစ်ကြောင်း ဖော်ပြသည့်အသွင် ဆောင် နေလေသည်။
မာတာဘယ်လီ အမျိုးသားနှစ်ဦးသည် (ခရိတ် ကြိုတင်ညွှန်ကြားထားချက်အရ) ချက်ချင်းပင် အလုပ် စလုပ်ကြ လေတော့သည်။ လင်းရိုဗာကားနှင့် တင်ယူလာသော ဓာတ်ဆီ(၄၄)ဂါလန်ဝင် ပီပါ နှစ်လုံးမှ ဓာတ်ဆီ တွေကို စက်ဆနာလေယာဉ်၏ ဓာတ်ဆီတိုင်ကီများထဲသို့ ဖြည့်တင်းထည့်ပေး လိုက်ကြသည်။

ထိုအတောအတွင်း ခရိတ်က လေယာဉ်ပေါ်တက်၍ လေယာဉ်မှူး (ပိုင်းလော့)၏ ထိုင်ခုံနောက်မှ ခရီးသည် ထိုင်ခုံများကို ဖြုတ်ပစ်လိုက်သည်။ လေယာဉ်အတွင်း နေရာကျယ်ဝန်းပြီး ကုန်ပစ္စည်း များ များ တင်နိုင်အောင် ဖန်တီးလိုက်ခြင်းပင်ဖြစ်သည်။
ထို့နောက် သူတို့သည် လေယာဉ်ပေါ်သို့ ပစ္စည်းများတင်ကြလေသည်။ ဆယ်လီက လေယာဉ်၏ အလေးချိန် ညီညာမျှတစေရန် ပစ္စည်တစ်ခုချင်းကို စစ်ဆေး၍ သင့်လျော်မည့်နေရာတွင် ချထားရန် ညွှန်ကြား လေသည်။ ပစ္စည်းအမျိုးအစား အရေအတွက်ကိုလည်း စနစ်တကျ ရေးမှတ်ထားလိုက် သည်။

လေယာဉ်ပေါ်တင်သည့် ပစ္စည်းများအနက် အလေးချိန်အများဆုံးမှာ လက်နက်ခဲယမ်း (ကျည်ဆန်) များပင် ဖြစ်သည်။ ပွိုင့် ၇.၆ အမျိုးအစား ကျည်ဆည်ချည်း ရှစ်ထောင်ခန့်ရှိလေသည်။ ထိုကျည် ဆန်များကို ခရိတ်က ပလတ်စတစ်အိတ်များဖြင့် ခွဲ၍ ထည့်ထားပြီး ဖြစ်သည်။
ကျည်ဆန်များကို မြေကြီးထဲမြှုပ်၍ ၀ှက်ထားခဲ့သည်မှာ ကြာပြီဖြစ်၍ အချို့ကျည်ဆန်များဆိုလျှင် သုံး၍ မရလောက်အောင် ပျက်စီးချို့ယွင်းနေပြီ ဖြစ်သည်။
ထို့ကြောင့် ခရိတ်ကိုယ်တိုင် ကျည်ဆန်များကို ရွေးချယ်ကာ အချို့ကို အစမ်းပစ်ကြည့်ပြီးမှ အကောင်း တွေ ချည်း ရွေးထုတ်ထားခဲ့လေသည်။

ရိုင်ဖယ်သေနတ် အတော်များများသည်လည်း မြေကြီးထဲ မြှုပ်ထားခြင်းနှင့် ရာသီဥတုဒဏ်ကြောင့် ပျက်စီးချို့ယွင်းနေပြီဖြစ်သောကြောင့် ခရိတ်က ယမန်နေ့ညက တစ်ညလုံးလိုလို အချိန်ကုန်ခံ၍ သေနတ် များ ကို စီစစ်ရွေးချယ်ခဲ့ရသည်။

နောက်ဆုံးတွင် အခြေအနေအကောင်းဆုံး ရိုင်ဖယ်နှစ်ဆယ့်ငါးလက်ကို ရွေးချယ်လိုက်ရသည်။ သေနတ်ငယ်များ အဖြစ် တိုကာရက်ဗ်အမျိုးအစား မောင်းပြန်ပစ္စတိုလ်သေနတ် နှစ်လက်ရရှိပြီး လက်ပစ်ဗုံး အပြည့်ပါသော သေတ္တာနှစ်လုံးလည်း ရရှိခဲ့သည်။

ခရိတ်သည် လက်ပစ်ဗုံးများကိုလည်း သေချာစွာ စစ်ဆေးပြီးမှ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ လက်ပစ် ဗုံးနှစ်လုံးကို ခရိတ်က စမ်းသပ်ဖောက်ခွဲကြည့်ခဲ့သဖြင့် မူလရှိသော အရေအတွက် ငါးဆယ်အနက် မှ လေးဆယ့်ရှစ်လုံးသာ ကျန်ရှိလေသည်။ ထိုလက်ပစ်ဗုံးများကို ခရိတ်က 'ကင်းဗတ်'အိတ်များဖြင့် ခွဲထည့် ထားသည်။

ခရိတ်သည် ကြိုတင်ပြင်ဆင်မှုများကို စေ့စပ်သေချာစွာ ပြုလုပသ်ည့်အနေဖြင့် ဖရန်စစ္စတောင်မြို့မှ ၀ယ်ယူပေးခဲ့သော ပစ္စည်းများကိုလည်း တစ်ခုချင်း စစ်ဆေးကြည့်လေသည်။
ပစ္စည်းများတွင် သံဆူးကြိုးဖြတ်သော ပလာယာ (ကိရိယာ)များ၊ နိုင်လွန်ကြိုးခွေများ၊ ဓားများ၊ လက်နှိပ်ဓာတ်မီးများနှင့် ဘက်ထရီအပိုများ၊ ရေဘူးများ စသည်ဖြင့် အလွန်စုံလင်များပြားလှပေ သည်။
သူတို့အတွက် အသုံးဝင်မည့်ပစ္စည်း စုံနိုင်သလောက် စုံအောင် ကြိုးစား၍ စုဆောင်းပြီး ယူလာခဲ့ ခြင်း ဖြစ်သည်။

ဆရာမကလေး ဆာရာကိုလည်း အရေးပေါ် ဆေးဝါးကုသပေးရန် 'ဆေးတပ်ကြပ်'သဘောမျိုး ခရိတ်က တာဝန် ပေးလိုက်သည်။ သူမအတွက် ရှေးဦးသူနာပြုလုပ်နိုင်ရန် ဆေးသေတ္တာတစ်လုံးကို ပါ ၀ယ်ယူ လာ ခဲ့လေသည်။

စားနပ်ရိက္ခာအနေဖြင့်လည်း ပေါ့ပေါ့ပါးပါးနှင့် သယ်ရယူရ လွယ်ကူမည့် အစားအစာများကိုသာ ရှာ ဖွေ၍ ၀ယ်ယူလာခဲ့လေသည်။ ဇိမ်ခံစားသောက်ဖွယ်မျိုးတွေမယူဘဲ အဓိကအားဖြင့် အာဟာရဖြစ် ရန်သာ ရည်ရွယ် လျက် ပြောင်းဖူးမုန့်များ၊ ပြောင်းဆန်များနှင့် ဆား စသည်တို့ကိုသာ ပလတ် စတစ်အိတ်များဖြင့် လုံခြုံစွာ ထုတ်ယူလာခဲ့သည်။
"ကဲ..တော်လောက်ပြီ။ နောက်ထပ် ပစ္စည်းတင်ရင် လေယာဉ်မြေပြင်ပေါ်က လုံးလုံးကြွတက်မှာ မဟုတ်ဘူး ရှင့်။ ကျန်တဲ့ ပစ္စည်းတွေကိုတော့ နောက်တစ်ခေါက်မှပဲ သယ်မှဖြစ်မယ်"
ဆယ်လီ က ပစ္စည်းများ လေယာဉ်ပေါ်တင်နေခြင်းကို ရပ်ခိုင်းလိုက်သည်။

ညမှောင်သွားသောအခါ သူတို့သည် မီးပုံတစ်ခုဖို၍ မီးပုံဘေးနားတွင်ထိုင်ကာ ဂျိုဟာနစ္စဘက်မြို့မှ ဆယ်လီဝယ်ယူလာသော အမဲသားဟင်းနှင့် လတ်ဆတ်သော သစ်သီးများကို စားသောက်ကြလေ သည်။
"ကဲ…အားလုံး အားရပါးရ စားကြပါ။ နောက်ထပ် ဒီအစားကောင်းမျိုး ဘယ်တော့မှ စားရမယ်ဆို တာ မပြော နိုင်ဘူး"
ဆယ်လီကပင် အားလုံးကို မြိန်ရေရှက်ရေ စားနိုင်လေသည်။

စားသောက်ပြီးကြသောအခါ ခရိတ်နှင့် ဆယ်လီတို့သည် ညအိပ်ရန် စောင်များယူ၍ မီးပုံ မှ ခပ်ဝေးဝေး နေရာ သို့ အိပ်ရန် သွားကြလေသည်။
သဲကန္တာရပေါ် ဖြတ်သန်းတိုက်လာသော လေကမအေးဘဲ ပူနွေးနေရာ သူတို့သည် လရောင် အောက် တွင် အ၀တ်အစားများချွတ်၍ စောင်တစ်ထည်စီသာ ခြုံထားလိုက်ကြသည်။
ထိုည အဖို့ ချစ်သူနှစ်ဦး ချစ်တင်နှီးနှောကြရင်း အနာဂတ်ကာလ ကံကြမ္မာမည်သို့လာမည်ကို တွေးနေ မိကြ သည်။

နံနက်အရုဏ်မတက်မီ သူတို့သည် အိပ်ရာမှထ၍ မှောင်မှောင်မည်းမည်းနှင့်ပင် နံနက်စာ စားကြလေ သည်။
ဂျိုးနပ်စ်နှင့် အာရွန်အမည်ရှိ မာတာဘယ်လီ အမျိုးသား နှစ်ဦးအား လင်းရိုဗာကားတွင် အစောင့်ထားခဲ့ပြီး ခရိတ်နှင့် ဆာရာတို့ကို ခေါ်ကာ ဆယ်လီသည် လေယာဉ်ပြေးလမ်းဆီသို့ စတင် မောင်းထွက်လေသည်။
"အခုချိန် က စပြီး ဇင်ဘာဘွေနယ်စပ်ကို ဦးတည်သွားကြမယ်။ မှန်တာပြောရရင် ကျွန်မဖြင့် ဒီကိစ္စမှာ ၀င်ပါမယ် သာပါနေတာ၊ မလုပ်စဖူးအလုပ်မျိုး လုပ်နေတာကို ကိုယ့်ဘာသာကိုယ်တောင် ယုံနိုင်စရာ မရှိ သလို စိတ်ထဲ ခံစားမိတယ်"

ဆယ်လီက ပြောရင်း လေယာဉ်ကို စက်ရှိန်မြှင့်၍ မောင်းတက်လိုက်သည်။
လေယာဉ်ပေါ်တွင် မောင်းသူ(ပိုင်းလော့) ထိုင်ခုံမှ လွဲ၍ ထိုင်ခုံတစ်ခုမှ မရှိတော့သဖြင့် ခရိတ်သည် လက်နက်ခဲယမ်း ထည့်ထားသည့် အိတ်များပေါ်တွင် ထိုင်လိုက်ရပြီး ဆာရာကလည်း သူ၏နောက် မှ ထိုင်လိုက် ရလေသည်။

ဆယ်လီသည် သူ၏ ပေါင်ပေါ်တွင် ဖြန့်ချထားသော မြေပုံကို ကြည့်ရင်းမြေပြင်မှ အမှတ်အသား များကို သတိ ပြုကာ လေယာဉ်ကို မောင်းနှင်သွားလေသည်။
ဝပ်ကိ အမည်ရှိ သတ္တုတွင်းလုပ်ငန်းများရှိရာ မြို့ကလေး၏ တောက်ဘက်မီးရထားလမ်းကို ဖြတ်ကျော် သွားပြီးနောက် ဟိုင်းဝေးလမ်းမကြီးကို ကောင်းကင်မှ ထင်ရှားစွာ မြင်ရလေသည်။ သို့သော် မြေပြင်မှ ရှုခင်း သည် လျင်မြန်စွာ ပြောင်းလဲလျက်ရှိသည်။

ခရိတ်သည်လည်း မြေမြင်ကို သေချာစွာ လေ့လာကြည့်ရင်း လိုက်ပါလာလေသည်။
ဟုင်းဝေးလမ်းမင်္ကြီးကို ဖြတ်ကျော်သွားပြီးနောက် မကြာမီ ကုန်တင်ကားကြီးတစ်စီး မောင်းနှင်သွား နေသည်ကို မြင်ရလေသည်။
"ဒီဒေသမှာ လေယာဉ်ငယ်တွေ တော်တော်များများ ပျံသန်းသွားလာတတ်တယ်လို့ သိရတယ်ရှင့်။ ကျွန်မ တို့ အခု သွားမယ့်နေရာကို နောက်မိနစ်လေးဆယ်လောက်ကြာရင် ရောက်ပါလိမ့်မယ်"
ဆယ်လီ က လေယာဉ်မှူး၏ တာဝန်အရ ကြေညာလိုက်လျှင် ခရိတ်သည် အစီအစဉ်များကို ထပ်ပြော လေသည်။

"ငါတို့ရဲ့ အစီအစဉ်ကို တစ်ခေါက်ထပ်ပြီး ပြောပါ့မယ်။ ဆယ်လီ က ငါနဲ့ ဆာရာ တို့ကို ချပြီးတာနဲ့ ချက်ချင်း လေယာဉ်မောင်းထွက်ရမယ်။ ငါတို့ စထွက်ခဲ့တဲ့နေရာမှာပဲ ပြန်ဆင်းပြီး ဒုတိယ အခေါက် အတွက် ဓါတ်ဆီ ထပ်ဖြည့်ရင်း ပစ္စည်းတွေ လေယာဉ်ပေါ် တင်ရမယ်။ ဒီနေ့ကစပြီး နောက်နှစ်ရက် ကြာရင် မင်းပြန်လာခဲ့ရမယ်။

ဆက်ရန်
.

1 comment: