ဖြစ်ရပ်မှန်
ဂျိုစီကလေး၏ခရီးကြမ်း
ဂျိုစီကလေး၏ခရီးကြမ်း
၁၉၉၆ ခုနှစ် ဇူလိုင်လ ၁ဝ ရက်နေ့ " ကင့် " တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုကြီးမှာ ဗြိတိန်တစ်နိုင်ငံလုံးကို မယုံနိုင်လောက်အောင် ထိတ်လန့်တုန်လှုပ်သွားစေခဲ့လေသည်။
နေသာသော နေ့တစ်နေ့ ကျောင်းဆင်းချိန်တွင် မိန်းကလေးနှစ်ယောက်နှင့် သူတို့၏ မိခင်တို့ လမ်းလျှောက်၍ အိမ်ပြန်လာခဲ့ကြ၏။ လမ်းတင် သူတို့ကို လူသတ်သမားက တူနှင့်ခေါင်းကို ထုသတ်ခဲ့၏။ အမေဖြစ်သူနှင့် သမီးတစ်ဦးမှာ သေဆုံးသွားခဲ့၏။ ကျန်ကလေးတစ်ဦး၏ ဦးခေါင်းခွံတစ်ခုလုံး ကြေမွ သွားသော်လည်း သေကံမရောက် သက်မပျောက်ခဲ့ပေ။ သူ၏နာမည်မှာ ဂျိုစီရာဆယ်လ်ဖြစ်ပါသည်။
မယုံကြည်နိုင်စရာဇာတ်လမ်း၏အစ
ထိုနေ့မှာ အင်္ဂါနေ့ဖြစ်ပါသည်။ ခါတိုင်းလိုပင် ကျွန်တော့်ဇနီး " လင်း"သည် ၉ နှစ်သမီးကလေး ဂျိုစီနှင့် ၆နှစ်အရွယ် မီဂန်ကို ကျောင်းပို့ဖို့ ပြင်ဆင်ပေးနေ၏။ လင်းက ကျွန်တော့် ကို အနမ်းဖြင့် နှုတ်ဆက်ပြီး အိမ်ထဲ ပြန်ဝင်သွားသည်။ သည်မြင်ကွင်းမှာ လင်းကို အသက်ရှင်လျက် ကျွန်တော် နောက်ဆုံး မြင်လိုက်ရသည့် မြင်ကွင်းဖြစ်ပါသည်။ သမီးကလေးနှစ်ယောက်ကို ကျောင်း အပေါက်ဝတွင် ကျွန်တော် ချပေးခဲ့သည်။ အပြာနုရောင် ချည်ထည်အင်္ကျီကိုယ်စီနှင့် သူတို့ သူငယ်ချင်းများဆီသို့ ပြေးသွား ကြသည်ကို ကျွန်တော် မြင်ယောင်နေပါသေးသည်။
ကင်တာဘာရီ ရှိ ကင့်တက္ကသိုလ်တွင် တစ်နေကုန် ကျွန်တော် စာသင်နေသည်။ သဘာဝထိန်းသိမ်း မှုဆိုင်ရာ ဇီဝဗေဒဌာနတွင် ကျွန်တော်သည် ကထိကတစ်ဦးဖြစ်ပါသည်။
ည ၇ နာရီခွဲတွင် အိမ်ပြန်ရောက်တော့ တစ်အိမ်လုံး တိတ်ဆိတ်နေသဖြင့် မဆိုစလောက်ကလေး ကျွန်တော် အံ့သြ သွား၏။ လင်း၏ အစီအစဉ်အရ သမီးတွေကို ကျောင်းကြိုပြီး ဘရောင်နီ မိသားစုဆီ ၀င်ဖို့ ရှိသော်လည်း သည်အချိန်တွင် ပြန်ရောက်နေရမည်ဖြစ်သည်။ ဘာများဖြစ်လို့ပါ လိမ့်။ ကျွန်တော့် ရင်ထဲ ထိတ်ခနဲဖြစ်သွားသည်။
ဗြုန်းခနဲ ကားပေါ်ခုန်တက်ပြီး ကျောင်းဘက်ကို ပြန်မောင်းချသွားသည်။ အကြောင်းတစ်ခုခုကြောင့် များ သူတို့ သားအမိတွေ ကျောင်းမှာ ကြာနေသည်လား။ ခပ်ကြမ်းကြမ်းလမ်းအတိုင်း ကျွန်တော် တအား မောင်းချ သွား၏။
ကျောင်းထောင့်ရောက်တော့ လှမ်းကြည့်လိုက်သည်။ ကျောင်းထဲတွင် လူသူအရိပ်အယောင်တစ်ခု တလေ မျှ မမြင်ရ။ ကျောင်းထဲအထိ ကျွန်တော် ၀င်ကြည့်သည်။ ဘယ်သူမျှမရှိ။
ကျွန်တော် အိမ်ပြန်ရောက်တော့ ၉ နာရီခွဲနေပြီ။ ဖုန်းတွေ အဆက်မပြတ်ခေါ်သည်။ ပထမဆုံး ရဲကို အကြောင်း ကြားသည်။ ပြီးတော့ ဆေးရုံတကာ ကို ဆက်သည်။ ကျွန်တော့် မိသားစုကို မြင်လိုက်သူ၊ ကြားလိုက်သူ တစ်ယောက်မျှမရှိ။ သူတို့ပုံသဏ္ဍာန်ကို ပြောပြတော့လည်း တစ်ယောက်မျှမသိ။
၁၁ နာရီလောက်တင် ရဲနှစ်ယောက်ရောက်လာသည်။ မလွှဲမရှောင်သာဘဲ အဓိပ္ပာယ်မရှိ မေးခွန်းတွေကို ကျွန်တော် ဖြေနေရ၏။
" ဆရာ့အမျိုးသမီးနဲ့ ဆရာ စကားများကြသေးလား "
" ဆရာ မသိဘဲ ကလေးတွေကို တခြားခေါ်သွားဖို့အကြောင်းများရှိလားး "
သည်မေးခွန်း တွေကို ကျွန်တော် စိတ်မဆိုးအားဘဲ ဖြေနေရ၏။ မေးရင်း ဖြေရင်း သဲလွန်စတစ်ခုခု တွေ့လာနိုင် ကောင်းရဲ့ဟု တွေးမိသောကြောင့်ဖြစ်ပါ၏။
ကလေး တစ်ယောက်ယောက် ကားတိုက်မိလို့များ လင်း ဆေးရုံမှာ လိုက်စောင့်နေရခြင်းလား။ ဒါဆို ကျွန်တော့် ဆီ သူ့ဘာလို့ အကြောင်းမကြားနိုင်ရမည်လဲ။
ရဲနှစ်ယောက် က မေးနေကျမေးခွန်းတွေ မေးလို့ကောင်းတုန်း၊ သူတို့ ဘယ်တော့အလုပ် စကြမှာပါ လိမ့်။
ည ၁၁ နာရီခွဲတွင် ရဲအရာရှိတွေ အပြည့်ပါသည့် ရဲကားတစ်စီးရောက်လာသည်။ နောက်တွင် ရဲခွေး ကားတစ်စီး လည်း ပါလာ၏။
ပြီးတော့ ကျောင်းသွားသည့် လမ်းဘက် ကို သူတို့ထွက်သွားကြ၏။
တဖြည်းဖြည်းနှင့် သန်းခေါင်ကျော်သွားပြီ။ ကျွန်တော့်ခေါင်းတွေ ထူပူနေသဖြင့်ဘာမှ မစဉ်းစားတတ် တော့ပါ။ အသိဥာဏ်တွေ ထုံထိုင်းနေပြီး တစ်ယောက်က သူ့ကားနဲ့ ပြန်လာပို့မည် လား။ လင်းတို့ သားအမိ တွေ ကားပေါ်မှဆင်းလာပြီး သူတို့နောက်ကျနေသည့် အဖြစ်အတွက် မျက်စိ မျက်နှာ ပျက်ပျက် ဖြင့် ပြုံးပြီး ကျွန်တော့်ကို တောင်းပန်ကြမည်လား။ သည်လိုမရေရာအတွေး တွေခေါင်းထဲဝင်နေ၏။
ကျွန်တော့်ကို အစောပိုင်းက လာစစ်သွားသည့် ရဲအရာရှိ နှစ်ယောက် မနက် ၁ နာရီရဲကားဖြင့် ပြန်ရောက် လာကြသည်။ တစ်ယောက်က သူနှင့်အတူ အိမ်ထဲဝင်ဖို့ ကျွန်တော့်ကို ခေါ်သည်။
ကျွန်တော် တစ်ကိုယ်လုံး ပူလိုက်၊ အေးလိုက်ဖြစ်နေ၏။ ထိုတဒင်္ဂတွင် အခြေအနေ လုံးဝမကောင်း တော့ကြောင်း ကျွန်တော် သိလိုက်ပြီ။ အိမ်ထဲဝြင်တော့် ကျွန်တော့် တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်နေ၏။
ရုပ်ရှင်တွေထဲတွင် ကျွန်တော် အကြိမ်ကြိမ်မြင်ဖူးသော မြင်ကွင်း။ ရဲအရာရှိသည် လုံးဝ မျက်နှာပျက်နေပြီ။ အခြေအနေ ကို သူ့အမူအရာတွင် မြင်နေရ၏။
သူ့အသံတွေတုန်နေ၏။ လေသံတိုးတိုးဖြင့် စကားစသည်။
" ကျွန်တော် ပြောရမှာ လုံးဝစိတ်မကောင်းပါဘူး ဒေါက်တာ ရာဆယ်လ်၊ ကလေးတွေနဲ့ ကလေးအမေ ကို ကျွန်တော်တို့ တွေ့ပါပြီ။ ကျွန်တော်ပြောရမှာ ပြောမထွက်အောင်ပါပဲ။ သူတို့အား လုံး အသက်မရှိ ကြတော့ဘူး လို့ ကျွန်တော် ထင်ပါတယ် "
ကျနော် နှင့် လင်း ၁၉၇၃ ခုနှစ်
လင်းဝီလ်ကောက်စ် သည် ရှက်ရွံ့ရွံ့ အမူအရာရှိသည့် မိန်းမချော ကလေး တစ်ယောက် ဖြစ်သည်။ ပလင်းမတ် သိပ္ပံ နှင့် နည်းပညာကောလိပ်၊ ရုက္ခဗေဒဌာနသို့ သရုပ်ပြအဖြစ် သူ ရောက်လာ တော့ လူငယ် လူရွယ် တိုင်း သူ့ကို မျက်စိကျကြသည်။
ကျွန်တော်ကမူ နောက်ဆုံးနှစ်စာတွေနှင့် နပန်းလုံးနေရသူဖြစ်၍ မိန်းကလေးများကို စိတ်ဝင်စားချိန် မရှိလှပါ။ ပြီးတော့ မိန်းကလေးတွေနှင့် ပတ်သက်ရမည်ကို ကျွန်တော် ကြောက်သည်။
ကျွန်တော်က အခြားဆရာတွေနှင့်အတူ အိမ်တစ်လုံးစုငှားနေသည်။ သည်အိမ်ကြီးကပင် ကျွန်တော်တို့ နှစ်ယောက်အား နီးစပ်စေခဲ့ခြင်းဖြစ်၏။ လင်းက အိမ်ကြီးကို သဘောကျသဖြင့် ပိုနေ သည့် အခန်းလွတ် တစ်ခန်း တွင် လာငှားနေသည်။
သူပြောင်းလာသည့် ညနေတွင်ပင် သူနှင့်ကျွန်တော် မြစ်ဆိပ်ဘက်သို့လမ်းလျှောက်ထွက်ဖြစ်ကြ သည်။ ထိုနေ့ကစခဲ့သည့် သူနှင့်ကျွန်တော်၏ အချစ်ဇာတ်လမ်းသည် ယနေ့တိုင်အောင်ပင်။ ခုတော့ ကျွန်တော့် အနားတွင် လင်း ၏ ၀ိညာဉ်သာလျှင် ရှိတော့၏။ သူနှင့် စတွေ့ပြီး နှစ်နှစ်လုံးလုံး ကျွန်တော်တို့ တွဲခဲ့ကြသည်။ အချစ်တွေကို မျှဝေခံစားခဲ့ကြသည်။ လောကကြီးထဲကို နှစ်ယောက် သား လက်တွဲပြီး တိုးဝင်မည်။ အတူတူအလုပ်လုပ်ကြမည်။ အတူတူခရီးထွက်ကြမည်။ စသည့် စသည့် အိပ်မက်များဖြင့်။
တောင်အာဖရိ က တက္ကသိုလ်တစ်ခုတွင် ရုက္ခဗေဒဌာနကထိကအလုပ်ရတော့ ကျွန်တော်တို့ လောက် ပျော်သည့် အတွဲ ကမ္ဘာပေါ်တွင် ရှိမည်မထင်ခဲ့။
တောင်အာဖရိကမြေပေါ်တွင် စတင်ခြေချတော့ သည်ဒေသတွင် ၁၈ နှစ်လုံးလုံး နေဖြစ်လိမ့်မည်ဟု လင်း ရော ကျွန်တော်ပါ မထင်ခဲ့ကြပါ။
ကျွန်တော်တို့ အလုပ်တစ်ဖက်ဖြင့် စာတွေဆက်ကျက်ခဲ့ကြသည်။ ဘွဲ့တွေ ထပ်ယူကြသည်။ တောင် အာဖရိက သည် ကျွန်တော်တို့၏ အိမ်ဖြစ်၏။ အင်တာတိက၊ သြစတေးလျ၊ ဖီဂျီစသည့်နေရာ အသီးသီးကို ကျွန်တော် တို့ ရောက်သွားသော်လည်း နောက်ဆုံး အာဖရိကသို့ ပြန်ရောက်လာကြသည်သာ။
အိမ်အိုကြီးတစ်လုံးဝယ်ပြီး ကျွန်တော်တို့ပြင်ကြဆင်ကြသည်။ လင်း လိုချင်နေသည့် တိရစ္ဆာန်ဥယျာဉ် ငယ်လေး လည်း တွဲဆောက်လိုက်၏။
၁၉၈၆ ခုနှစ်ရောက်တော့ ကျွန်တော်တို့ နှစ်ယောက်စလုံး သုံးဆယ်တွင်းသို့ ၀င်ခဲ့ကြပြီ။ နှစ်ယောက် စလုံး လခ ကောင်းသူတွေမို့ အသက်မွေးဝမ်းကျောင်းပညာရပ်ကိုယ်စီနှင့်မို့ ကျွန်တော် တို့၏ အနာဂတ် သည် ပန်းခင်းလမ်းဖြစ်နေခဲ့လေသည်။
သို့သော် ကျွန်တော်တို့နှစ်ယောက်စလုံး မိသားစုတစ်ခုတည်ထောင်ဖို့ကိုမူ တစ်ခါမှ မဆွေးနွေးခဲ့ကြ ဖူးပေ။ သို့သော် ဤအရာကား တားဆီး၍မရပါဆိုသည်ကိုမူ မပြောဘဲနှင့် နှစ်ယောက်စလုံး သိနေကြ၏။
သူ့တွင် ကိုယ်ဝန်ရှိလာကြောင်းသိတော့ လင်းအထိတ်တလန့်ဖြစ်သွားသည်။ ကျွန်တော်တို့နှစ်ယောက် တည်ဆောက် ထားသည့် ဘ၀ပုံစံသည် ကျွန်တော်တို့နှစ်ယောက်တည်း ဖြစ်သည်။ အခြား တစ်ယောက် ၀င်လာမည့် အရေးမှာ တွေးမကြည့်ချင်သည့်ကိစ္စမျိုးဖြစ်၏။
သို့သော် သမီးဦးကလေးမွေးလာတော့ ပျော်လွန်းလို့ သူရောကျွန်တော်ပါ ပြိုင်တူငိုမိကြ၏။ သမီး ကလေး က သေးသေးကလေးရယ်၊ ဗာဒံသီးပုံစံမျက်နှာကလေးနှင့်။ မျက်လုံးကလေးများက မသိမသာ စွေနေ သလိုလို။ သူ့ကို ကျွန်တော်တို့ ဂျိုးဇက်ဖင်းဟု နာမည်ပေးလိုက်ကြသည်။ ပြီးတော့ ဂျိုစီဟု ချစ်စနိုး ခေါ်ကြ၏။
၁၉၈၇ ခုနှစ် တစ်ဆောင်းလုံး ကျွန်တော်တို့ အိမ်ကလေးသည် သမီးကလေး၏ အသံဖြင့် နှလုံးမွေ့ လျော် ပျော်စရာ အကောင်းဆုံးဂေဟာကလေးဖြစ်နေတော့သည်။ အပြင်တွင် နှင်းတွေကျနေချိန်တွင် သားအဖ သုံးယောက် ဖက်ပြီး အိပ်ရာထဲ ကွေးနေရသည့်အရသာ မှာ ဘာနှင့်မျှ မလဲနိုင်ပါ။
ကျောင်းပိတ်ရက်တွင် ဗြိတိန်သို့ ကျွန်တော်တို့ တစ်ခေါက်ပြန်ခဲ့ကြသည်။ ဤတွင်မှ ကျွန်တော်တို့ ကြိုမမြင်နိုင်သည့် အဖြစ်နှင့် ကြုံရတော့၏။
ဂျိုစီ အဘိုးအဘွားများ ရော ဂျိုစီကလေးကိုယ်တိုင်ပါ မခွဲနိုင်အောင် ဖြစ်နေကြလေသည်။
အာဖရိက ပြန်ရောက်တော့ ဘ၀သည် အရင်ကနင့် မတူတော့ပေ။ ကိုယ့်တိုင်းကိုယ့်ပြည် ပြန်နေဖို့ သည် ကျွန်တော်တို့ မိသားစု ၏ အဓိကပြဿနာကြီးဖြစ်လာသည်။
အင်္ဂလန်ပြန်ပါပြီတဲ့။ ဘယ်မှာ နေကြမည်လဲ။ ဝေလနယ်မြောက်ပိုင်းကို ကျွန်တော်ရော လင်းပါ သဘောကျ ကြသည်။ တစ်ခါသွားလည်တုန်းက ကျောက်မိုင်း သူဌေးတစ်ယောက်၏ ဧရမအိမ်အိုကြီး တစ်လုံး ကျွန်တော်တို့ တွေ့ခဲ့သည်။ မြက်ခင်းအကျယ်ကြီး မြင်း တွေပါ မွေးလို့ရသည့် နေရာမျိုး။
ပြန်ပြောင်းဖို့ကိစ္စတော်တော်နှင့် မအောင်မြင်ပါ။ သို့သော် နောက်ဆုံးပြောင်းဖြစ်ခဲ့ပါသည်။ ဝေလနယ်တွင် ဘ၀သစ်ကို စရင်း ဒုတိယသမီးကလေး မီဂန် ကျွန်တော်တို့ ဘ၀ထဲသို့ ရောက်လာ ခဲ့၏။
အိမ်ကြီးကို ပြင်ဆင်ပြီးသည်နှင့် ညီအစ်မနှစ်ယောက်အတွက် တီဂျစ်မျိုး မြင်းပုကလေးနှစ်ကောင်ဝယ် လိုက်သည်။ ဘာမျှလိုလေသေးမရှိတော့။ ထိုနှစ်မှာပင် ဂျို့စီ့ကို မူလ တန်းကျောင်းကို အပ်လိုက်သည်။ ၁၉၉၃ ခုနှစ်ရောက်တော့ မီဂန်ပါ လိုက်တက်သည်။
လင်းနှင့် သမီးနှစ်ယောက်အတွက် ကျောင်းနှင့်အိမ်၊ အိမ်နှင့်ကျောင်း အဆင်ပြေနေသည်။ ကျွန်တော်က တက္ကသိုလ် အသီးသီးတွင် သွားသင်နေရသဖြင့် အဆင်သိပ်မချော။ ၁၉၉၄ ခုနှစ်တွင် ကင့်တက္ကသိုလ်က ကျွန်တော့် ကို ခေါ်တော့ အားလုံးပြောင်းဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ကြသည်။
၁၉၉၅ ခုနှစ်တွင် ကင့်အရှေ့ပိုင်း နိုနင်တမ်သို့ ကျွန်တော်တို့ မိသားစုပြောင်းလာခဲ့၏။ အိမ်ကြီးမှာ ၁၈ ရာစုနှစ် လက်ရာရှေးဟောင်းအိမ်ကြီးဖြစ်၏။ သည်တစ်ခါ ဘယ်မှမပြောင်းတော့။ အမြဲမခွဲ အတူနေ ကြတော့မည် ဟု ကျွန်တော်နှင့် လင်းဆုံးဖြတ်လိုက်ကြသည်။
-----------------------
ဆက်ရန်
.

12 comments:
ဟင့် တစ်ပိုင်းတည်းများပြီးမလားလို့ ဆက်ဦးမယ်တဲ့ ဇာတ်လမ်းလေးက စိတ်ဝင်စားစရာကောင်းတယ် ဆက်တိုက်လာဖတ်တော့မယ် အခုတော့ ဖတ်လို့ရပီ ဟီဟိ ရုံးမှာချိတ်လိုက်ပြီ... ဘယ်လိုဖြစ်ကြတာပါလိမ့် နော်.. ရဲတော်တော်များများကတော့ အဲလိုပဲ..
ခင်မင်လျှက်
ကိုကိုအိမ်(မန္တလေး)
အော...........
အစ ပဲ ရှိပါသေးလား ၊
အစ ဆိုတော့  လဲ အလယ်တွေ အဆုံးတွေ
ဆက် လိုက်ရတော့  မယ် ။
သတ်ပုံ သတ်နည်းက ရင်တုန်စရာပါပဲ။
အမရွှေစင် ဂျိုစီကလေး၏ခရီးကြမ်း အဆက်ကို မျှော်နေပါတယ်။ ဘယ်လိုဝဋ်ကြွေးပါလိမ့်နော်။
စောင့်ဖတ်မယ်အစ်မ
ဆရာမရေ.. စာဖတ်ဖို့ တစ်ပုဒ်ပြီးသွားတော့ နောက်တစ်ပုဒ် အစားရလာပြီ.. ကျေးဇူးနော်..
ဟိုး အရင်က စာအုပ်တွေတော့ နောက်မှ အချိန်ရမှ ဖြေးဖြေးချင်း ဖတ်ပါအုံးမယ်..
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
မမရွှေဇင်ရေ
မျှော်နေမယ်နော်
;)
အမရွှေစင်...
ပြီးလဲပြီးသေးဘူး။ ဆန့်ငင်ငင်ကြီးဖြစ်နေပြီ။ မြန်မြန်တင်နော် အမ။ စိတ်ဝင်စားဖို့ကောင်းတယ်။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
စိတ်ဝင်စားစရာဘဲ။
ဖတ်နေရင်းနဲ့ အဆုံးထိ တစ်ပြိုင်တည်းဖတ်လိုက်ရရင် ကောင်းမှာဘဲလို့ စိတ်ထဲ တွေးမိတယ်...
ဒါလေးကို သေချာ စောင့်ဖတ်မယ် အစ်မရေ။
ဟစ်ကလစ်ရဲ့ ကျေးဇူး ဆိုတဲ့ စာအုပ်လေးလိုပဲ ဇာတ်လမ်းက အစပြုထားတာပဲ။ ဒါမျိုးလေးတွေ စိတ်ဝင်စားတယ်။ ဘဝရဲ့ အကွေ့အပြောင်းလေးတွေပဲပေါ့လေ။
ကျေးဇူးပဲ အစ်မ နောက်ထပ် စောင့်ဖတ်ဖို့ ဇာတ်လမ်း တစ်ခုပေါ့။
အမ ဖြစ်ရပ်မှန်အကုန်ကြိုက်
မြတ်နိုး
လာလည်ပါတယ် နောက်ထပ်တရုပ်ကားတစ်ကားထပ်ကြည့်ရသလိုမျိုးပဲ ကြော်ငြာတော့သိပ်မဝင်နဲ့နော်
ဟုတ်တယ် မရွှေစင်ဦးေ၇
အပိုင်း နံပတ် တပ်မထားတော့ တစ်ပိုင်းထဲ ပြီးမယ် မှတ်နေတာ အောက်ကျမှ ဆက်ရန် တဲ့
နောက်ဆက်တွဲတွေကို မျှော်နေမယ်
Post a Comment