အခန်း (၃၂)
" ခင်ဗျားတို့နှစ်ယောက်ကိုတော့ ကျုပ်ဖြင့် အံ့သြလို့မဆုံးနိုင်ဘူး။ ခင်ဗျားတို့က ထင်ရာ လျှောက်လုပ် နေတာ အရေးမကြီးဘူး။ ကျုပ်တို့အဖို့ အကြီးအကျယ် ပြဿနာတက်နေတယ်ဗျ"
အမေရိကန်သံရုံးမှ ယဉ်ကျေးမှုအရာရှိ မော်ဂင်က မကျေမချမ်းဖြစ်ဟန်နှင့် ပြောလိုက်သည်။
သူသည် ဘော့ဆွာနာနယ်ခြားရဲတပ်ဖွဲ့က ခရိတ်နှင့် ဆယ်လီတို့ကို သဲကန္တရာရဒေသတွင် တွေ့ရှိပြီး မြို့သို့ ခေါ်ယူလာခဲ့ကြောင်း သတင်းကြားကြားချင်း " ဟာရာရေ " မြို့တော်မှ လေယာဉ်ဖြင့် လိုက်လာ ခဲ့ခြင်း ဖြစ်သည်။
မော်ဂင်ပင် ဆက်ပြောလေသည်။
" အမေရိကန်သံအမတ်ကြီးနဲ့ ဗြိတိသျှမဟာမင်းကြီးတို့ဆီကို ဇင်ဘာဘွေဝန်ကြီးချုပ် မူဂါဘီကိုယ်တိုင်က စာရေးလိုက်တယ်။ ဗြိတိသျှတွေက ခင်ဗျားနဲ့ ပတ်သက်ပြီး အတော်ပဲ မကျေမနပ်ဖြစ်နေတယ်။ သူတို့အနေ နဲ့ခင်ဗျားအကြောင်း ဘာမှ မသိဘူးတဲ့။ ခက်တာက ခင်ဗျားဟာ ဗြိတိသျှ နိုင်ငံသား တစ်ဦးဖြစ်နေတယ်။ သူတို့ဟာ ဘယ်လောက်ထိအောင် ခင်ဗျားကို မကျေမချမ်း ဖြစ်နေလဲဆိုရင် ခင်ဗျား ကို လန်ဒန်မျှော်စင်ကြီးမှာ ရှေးခေတ်က တရားခံတွေ စီရင်သလို ခေါင်းဖြတ်ကွပ်မျက်လိုက်ချင်ပုံရတယ် "
မော်ဂင်သည် ဆေးရုံတွင်းရှိ ဆယ်လီ၏ ခုတင်ခြေရင်းတွင် ရပ်နေလေသည်။ သူ့အား ခရိတ်က ကုလားထိုင် တစ်လုးပေးသော်လည်း မထိုင်ဘဲ ငြင်းလိုက်သည်။
မော်ဂင်သည် ဆယ်လီဘက်သို့ လှည့်လိုက်ပြန်သည်။
" မစ္စဆယ်လီကိုလည်း ပြောရဦးမယ်။ အမေရိကန်သံအမတ်ကြီးက ကျုပ်ကို ပြောခိုင်းလိုက်တယ်။ ခင်ဗျား ကို ပထမဆုံး လေယာဉ်နဲ့ အမေရိကန်ပြည်အရောက် ပြန်ပို့လိုက်ချင်တာပဲတဲ့။ ပြီးတော့ "
သူ၏ စကားမဆုံးမီ ဆယ်လီက ကြားဖြတ်၍ ကန့်ကွက်လေသည်။
" ဘာရမလဲရှင့်၊ သူက ကျွန်မကို ဒီလို အသားလွတ် အမိန့်ပေးလို့ ဘယ်ဖြစ်မလဲ။ ဒါ ဆိုဗီယက်ရုရှားနိုင်ငံ မဟုတ်ဘူးရှင့်။ ပြီးတော့ ကျွန်မဟာ လွတ်လပ်မှု အပြည့်ရှိတဲ့ အမေရိကန်နိုင်ငံသူတစ်ဦးဖြစ်တယ် "
" အေး ... အခု လောလောဆယ် ခင်ဗျား လွတ်လပ်နေပေမယ့် ကြာရှည်လွတ်လပ်မယ်တော့ မထင်ဘူး။ ဇင်ဘာဘွေ ၀န်ကြီးချုပ် မူဂါဘီက ခင်ဗျားတို့ကို တရားဥပဒေကြောင်းအရ အရေးယူလိုက်ရင် သက်သာ မှာ မဟုတ်ဘူး။ အရေးယူ စွဲချက်တင်စရာကလည်း လက်နက်ကိုင်ပုန်ကန်မှု၊ လူသတ်မှုနဲ့ တခြား စွဲချက် တွေလည်း ရှိတယ်"
" ဒါတွေက မဟုတ်ဘဲ လုပ်ကြံစွပ်စွဲတာတွေသာ ဖြစ်တယ်ရှင့် "
" ဘာပဲဖြစ်ဖြစ် ခင်ဗျားနဲ့ ခင်ဗျားရဲ့ အဆက် ခရိတ်တို့က ဇင်ဘာဘွေနိုင်ငံတွင်းမှာ လူသေအလောင်းတွေ အတော်များများ ထားပစ်ခဲ့တာကို အစိုးရက သိနေတယ်။ ခင်ဗျားတို့ လက်ချက်နဲ့ သေကုန်တာပဲလို့ တထစ်ချ ယူဆတယ်။ အခုပဲ ဘော့ဆွာနာ အစိုးရဆီကို ၀န်ကြီးချုပ် မူဂါဘီက ခင်ဗျားတို့ကို တရားစွဲ အရေးယူ နိုင်ဖို့အတွက် ဇင်ဘာဘွေကို ပြန်ပို့ပေးပါလို့ တောင်းဆိုနေပြီ "
" ဘယ်ဖြစ်မလဲရှင့်။ ကျွန်မတို့က ဘော့ဆွာနာနိုင်ငံမှာ နိုင်ငံရေး ခိုလှုံခင့်တောင်းဖို့လာတဲ့ နိုင်ငံရေး ဒုက္ခ သည် တွေပဲ "
" ဇင်ဘာဘွေ အစိုးရကတော့ ခင်ဗျားတို့ကို နာမည်ကြီး အမေရိကန်လူဆိုးဓားပြ ဘော်နီနဲ့ ကလိုက်ဒတို့ မောင်နှံ နဲ့ အတူတူပဲလို့ ယူဆတယ် "
မော်ဂင်၏ စကားကြောင့် ဆယ်လီသည် အလွန်ဒေါသထွက်လေရာ ခရိတ်က ၀င်၍ ဖျောင်းဖျသည့် အနေဖြင့် -
" ဆယ်လီကလည်းကွာ အခုလို အချိန်မှာ မင်းက သိပ်ပြီး စိတ်လှုပ်ရှားဖို့မသင့်ဘူး " ဟု ပြောလိုက်သည်။
သို့သော် ဆယ်လီက ထိုစကားကို လက်မခံချေ။
" ဘာဖြစ် လို့ စိတ်မလှုပ်ရှားရမှာလဲ ရှင့်၊ ကျွန်မတို့မှာ ဘယ်လောက် နှိပ်စက်ခံခဲ့ရသလဲ။ ကျွန်မတု့ကို ကိုယ်ထိ လက်ရောက် နှိပ်စက်ရိုက်နှက်တာ ခံခဲ့ရတယ်။ ကျွန်မကိုဆိုရင် အဓမ္မ စော်ကားဖို့တောင် ကြံခဲ့သေး တယ်။ ပါးကွက်အာဏာသား ရိုင်ဖယ်သေနတ်ကိုင်တပ်ဖွဲ့နဲ့ ကွပ်မျက်ဖို့လည်း ခြိမ်းခြောက် ခဲ့တယ်။ ဒါနဲ့များ ကျွန်မရဲ့ မိခင်နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံတော် အစိုးရကိုယ်စားလှယ်ဖြစ်တဲ့ ရှင်က ကျွန်မ တို့ကို ရာဇ၀တ်ကောင်တွေလို့ လာစွပ်စွဲနေတယ်"
" ကျုပ်က ဘယ်လိုမှ မစွပ်စွဲပါဘူး။ ခင်ဗျားကို အာဖရိကတိုက်က အမြန်ဆုံး ထွက်သွားရင် ကောင်းလိမ့်မယ် လို့ အကြံပေးနေတာပါ "
" အလို ... ရှင်က ကျွန်မတို့ကို ပြစ်မှုကျူးလွန်တဲ့ တရားခံဝရမ်းပြေးတွေဖြစ်အောင် ပြောပြီးကာမှ အခုတစ်ခါ အင်မတန် စေတနာကောင်းတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်လို လေသံနဲ့ ပြောနေပြန်တယ် "
" မစ္စဆယ်လီ ခင်ဗျား ခင်ဗျားက ကျုပ်ကို ရန်တွေ့ဖို့ပဲ စိတ်အားထက်သန်နေတာကိုးဗျ။ စိတ်ကို အေးအေး ထားစမ်းပါ။ ကျုပ်နဲ့ ငြင်းခုံနေလို့ ဘာမှ အကြောင်းမထူးပါဘူး။ ခင်ဗျားအနေနဲ့ ပြဿနာ အကြီးအကျယ် ပေါ်နေတာ အမှန်ပဲ။ ခင်ဗျားနဲ့ ဆက်စပ်ပြီး ကျုပ်တို့ကပါ ပြဿနာနဲ့ ရင်ဆိုင်နေရတယ်။ ဒါကြောင့် ခင်ဗျား နဲ့ ကျုပ်တို့ ပူးပေါင်းပြီး အဖြေရှာဖို့ အရေးကြီးတယ် "
ဤတွင် ခရိတ်က ၀င်၍ -
" မစ္စတာ မော်ဂင်ကလည်း စိတ်ကို ရှည်ရှည်ထားမှပေါ့။ ကဲ ... ဆိုစမ်းပါဦး " ဟုပြောလိုက်သည်။
သည်တော့မှ မော်ဂင်လည်း ကုလားထိုင်တွင် ထိုင်လိုက်ပြီး စီးကရက်တစ်လိပ်မီးညှိဖွာလေသည်။
" ဒါထက် ခင်ဗျားရဲ့ ကျန်းမာရေးအခြေအနေ ဘယ်လိုနေသလဲ၊ ကောင်းရဲ့လား "
မော်ဂင်က မေးလိုက်ရာ ဆယ်လီသည် စိတ်တိုတိုနှင့် -
" သြော် ... ရှင်က အခုမှပဲ ကျွန်မကို သတင်းမေးဖော် ရတော့တာကိုး။ ကျွန်မကတော့ ရှင် လုံးဝ မမေးတော့ဘူးလို့ ထင်မိတယ်" ဟု ဘုကျကျ ပြောလိုက်သည်။
ထိုအခါ ခရိတ်က ၀င်၍ ရှင်းပြသလို ပြောလေသည်။
" ဆယ်လီကိုတော့ ဘယ်လိုမှ မအောက်မေ့ပါနဲ့ဗျာ။ သူ့ခဗျာ ကိုယ်ရောစိတ်ပါ အလွန် ပင်ပန်း ဆင်းရဲ ခဲ့ရတာမို့ အလိုလိုနေရင်း စိတ်တိုတိုနေရှာပါတယ်။ သုံးရက်လုံးလုံး အစာရေစာ ငတ်ရတယ်။ အခုမှပဲ နေသာ ထိုင်သာ ရှိလာပါတယ်။ ဒီက ဆရာဝန်တွေက ဆယ်လီရဲ့ခေါင်းက ဒဏ်ရာအတွက် တော်တော် စိုးရိမ် ခဲ့ကြသေးတယ်။ သို့သော်လည်း ဓာတ်မှန်ရိုက်ကြည့်တော့ ဘာမှ ကြီးကြီး ကျယ်ကျယ် ထိခိုက်မှု မရှိကြောင်း သိရလို့ တော်သေးတယ်။ အခုဆိုရင် ဆရာဝန်တွေက သူ့အခြေအနေ ကောင်းလာလို့ နက်ဖြန် မနက်ပဲ ဆေးရုံက ဆင်းခွင့်ပေးတော့မယ်တဲ့ဗျ "
" ဒါပေမဲ့ သူ့အခြေအနေက ခရီးသွားလို့ ဖြစ်ပါ့မလား "
မော်ဂင်က မေးလိုက်ရာ ဆယ်လီက ၀င်၍ -
" ရှင်က ကျွန်မအတွက် တကယ်ပဲ စိုးရိမ်ကြောင့်ကြလို့ မေးတာလားရှင့်" ဟု ဘုပြောလိုက်ပြန်သည်။
" ဒီမယ် ဆယ်လီ ဒီတိုင်းပြည်က အာဖရိကနိုင်ငံတစ်ခု ဖြစ်တယ်ဆိုတာ သတိပြုပါဦး။ တကယ်လို့သာ ဇင်ဘာဘွေ အစိုးရက ခင်ဗျားကို ဖမ်းမိသွားပြီဆိုရင် ကျုပ်တို့အနေနဲ့ ဘာမှ မတတ်နိုင်တော့ဘူး။ ဘယ်လို မှ မကူညီနိုင်ဘူး။ ကျုပ်က ခင်ဗျား အကျိုးအတွက် ပြောနေတာပါ။ ခင်ဗျား ဒီက အမြန်ဆုံးထွက်သွားမှ ဖြစ်မယ်။ ကျုပ်တို့ သံအမတ်ကြီးကလည်း "
" သံအမတ်ကြီး ကို သေလိုက်ပါလားလို့ ပြောလိုက်ပါ။ ရှင်လည်းပဲ သွားသေလိုက်ရင် ကောင်းမယ် "
ဆယ်လီက စိတ်တိုတိုနှင့် ပြောလိုက်ပြန်သည်။
သို့ရာတွင် သံအရာရှိ မော်ဂင်သည် စိတ်ဆိုးဟန်မတူဘဲ ပြုံးလိုက်သည်။
" သံအမတ်ကြီး အတွက်တော့ ကျုပ်မပြောတတ်ဘူး။ ကျုပ် ကိုယ်တိုင်ကတော့ ဆယ်လီပြောသလို သွားသေ လိုက်ဖို့ အသင့်ပါပဲ။ ဘယ်တော့လောက် သွားသေရင် ကောင်းမလဲဆိုတာသာပြောစမ်းပါ။ ဟဲ ...ဟဲ"
မော်ဂင် ရယ်သွမ်းသွေး၍ ပြောလိုက်သောအခါ ဆယ်လီပင်လျှင် ဒေါသစိတ်ပြေပြီး ရယ်မောလေသည်။
ယင်းသို့ ဆယ်လီနှင့် မော်ဂင်ပြေလည်သွားသည်ကို ခရိတ်က အခွင့်ကောင်းယူရန် ဆုံးဖြတ်လိုက်သည်။
" ဒီမယ် မော်ဂင်၊ ခင်ဗျားအနေနဲ့ စိတ်ချနေစမ်းပါ။ ဆယ်လီဟာ မှန်ကန်တဲ့ ခြေလှမ်းကိုသာ လှမ်းဖို့ အတွက် ကျုပ် တာဝန်ယူပါ့မယ် "
ဤတွင် ဆယ်လီသည် မခံချင်သယောင်ဖြစ်လာပြန်ပြီး ခုတင်ပေါ်တွင် ထထိုင်ရန် ဟန်ပြင်လေရာ ခရိတ် က မျက်စောင်းထိုးပြီး ခေါင်းခါပြလိုက်တော့မှ သူမသည် အသာပြန်ငြိမ်သွားလေသည်။
မော်ဂင် သည် ခရိတ်အား မေးခွန်းထုတ်လေသည်။
" ဒါထက် နေပါဦး၊ ခင်ဗျားအနေနဲ့ (စီအိုင်အေ) ထောက်လှမ်းရေးအေဂျင်စီအတွက် အလုပ်လုပ်နေတာကို သူတို့က ဘယ်လိုလုပ် သိသွားတာလဲ "
ခရိတ်သည် အလွန် အံ့သြသင့်သွားမိသည်။
" အလို ကျုပ်က စီအိုင်အေအတွက် အလုပ်လုပ်တယ်ဆိုတာ ကျုပ်ကိုယ်တိုင်က မသိပါကလား။ တကယ် လို့ ဟုတ်နေရင်လည်း ကျုပ်ကို ဘယ်သူကမှ ပြောမပြန်ပါဘူး "
" ဟုတ်လား ကျုပ် တစ်ခုမေးမယ်။ ဟင်နရီဆိုတဲ့လူက ဘာဆိုတာ မသိဘူလား။ ခင်ဗျား ဘယ်လို ထင်သလဲ "
" ကျုပ် သိထားတာကတော့ ဟင်နရီဟာ ကမ္ဘာ့ဘဏ်က ဒုတိယဥက္ကဋ္ဌပဲ "
" သြော် ... ဒီလိုကိုး။ ကဲ ... ထားပါတော့လေ၊ ခင်ဗျား အလုပ်လုပ်ဖို့ ချုပ်ဆိုထားခဲ့တဲ့ စာချုပ်က အခုတော့ ပြီးဆုံးသွားပြီလို့သာ မှတ်ပေတော့ "
" ကျုပ်က လွန်ခဲ့တဲ့ သုံးရက်ကပဲ ဟင်နရီဆီကို အစီရင်ခံစာ အပြည့်အစုံ ရေးပို့လိုက်တယ် "
" ဟုတ်ပါတယ်၊ ၀န်ကြီး ဖွန်ဂါဘီရာက မော်စကိုမြို့က အာဏာပိုင်တွေကို သစ္စာခံထားတဲ့ ရုရှလူတစ်ယောက် ဖြစ်တယ်ဆိုတာ မဟုတ်လား။ ဒီမယ် ခရိတ်ဖွန်ဂါဘီရာဟာ ရှိုနာ အမျိုးသား တစ်မျိုး ဖြစ်တယ်။ ဒါကြောင့် ရုရှတွေက သူ့ကို ဘယ်နည်းနဲ့မှ ချဉ်းကပ် ဆက်ဆံမှာမဟုတ်ဘူး။ ခင်ဗျားမသိတာက ဖွန်ဂါဘီရာ ဟာ နဂိုတည်းက ရုရှကို အလွန်မုန်းတီးသူဖြစ်တယ်။ ပြီးတော့ ကျုပ်တို့ (အမေရိကန်)အနေနဲ့ ဖွန်ဂါဘီရာနဲ့ ဆက်ဆံရေး အလွန်အဆင်ပြေနေတယ်။ ကဲ ... ရှင်းပြီ မဟုတ်လား "
" ဟင် ... ဟုတ်လား။ ဒါဖြင့် ဒီလူက နှစ်ဖက်လွှလို ဟိုဘက်သည်ဘက် ခွတုတ်နေတာပေါ့။ ကျုပ်ရရှိတဲ့ သတင်းက သူ့လူယုံတော်ဆီက ရခဲ့တာပဲ။ တတိယတပ်မဟာက ဗိုလ်ကြီး (ကက်ပတိန်)နီဘေဘီဆိုသူက သတင်းအတိအကျပေးခဲ့ပါတယ် "
" ဟုတ်ပြီလေ၊ ခင်ဗျားဘက်က သက်သေထူနိုင်တဲ့ အဲဒီ ကက်ပတိန် နီဘေဘီဟာ အခု သေနေပြီဗျ။ ကဲ ... ထားပါတော့လေ။ ခင်ဗျား စိတ်ချမ်းသာမယ်ဆိုရင် ခင်ဗျားရဲ့ အစီရင်ခံစာကို ကျွန်ပျူတာ စက်ထဲ ထည့်ပြီး စစ်ပေးပါ့မယ်။ နောက်တစ်ခုက ဟင်နရီက ခင်ဗျားကို နှုတ်ဆက်လိုက်ကြောင်း ပြောလိုက်ပါတဲ့ဗျ "
ထိုအခါ ဆယ်လီက နားထောင်နေရာမှ ၀င်ပြောလေသည်။
" ဒီမယ်ရှင့် ကျွန်မကိုယ်တိုင် ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို ရှင်လည်း မြင်ရပြီမဟုတ်လား။ ရွာတွေ မီးရှို့ ခံရပုံတွေ၊ ကလေးသူငယ်တွေ အတုံးအရုံး သေဆုံးနေပုံတွေ၊ တတိယတပ်မဟာက လျှောက် နှိပ်စက် ရမ်းကား ခဲ့ပုံတွေ "
ဆယ်လီက ပြောနေစဉ် မော်ဂင်က ကြားဖြတ်ဝင်ပြောလေသည်။
" ကျုပ်တို့ကလည်း အကြမ်းဖက်မှုကို သဘောမကျပါဘူး။ ဒါပေမဲ့ ဖွန်ဂါဘီရာဟာ ရုရှဆန့်ကျင်ရေး သမားတစ်ဦး ဖြစ်တယ်။ မာတာဘယ်လီ လူမျိုးတွေကသာ ရုရှလိုလားသူတွေဖြစ်တယ်။ ကျုပ်တို့အနေနဲ့ ကျွန်မြူနစ် ဆန့်ကျင်တဲ့ အစိုးရအဖွဲ့တွေကို ထောက်ခံအားပေးရမှာပဲ။ အဲဒီအစိုးရတချို့ရဲ့ လုပ်ရပ် တချို့ ကို ကျုပ်တို့က သဘောမကျပေမယ့် အခြေအနေအရ ထောက်ခံအားပေးနေရတယ်။ ဥပမာ အယ်လ်ဆာလ်ဗာဒို နိုင်ငံမှာ ဆိုရင် အမျိုးသမီးနဲ့ ကလေးတွေ နှိပ်စက်ခံရတာမျိုး ရှိသင့်သလောက် ရှိခဲ့တယ်။ အကြမ်းဖက်မှုရှိတာနဲ့ပဲ ကျုပ်တို့ အဲဒီနိုင်ငံကို ထောက်ပံ့ကူညီမှု ရပ်စဲလိုက်ရမှာလား။ အပြည်ပြည် ဆိုင်ရာ ဂျီနီဗာစာချုပ်ပါ စည်းကမ်းတချု့ကို ကျုပ်တို့ လူတွေကိုယ်တိုင်က လိုက်နာဖို့ ပျက်ကွက် နေတာတွေ ရှိနေတယ် မဟုတ်လား "
မော်ဂင် က အကြောင်းအကျိုး ဆက်စပ်၍ ပြောလိုက်ပြီးနောက် အားလုံးခေတ္တငြိမ်နေကြလေသည်။
" ရှင် အခု ကျွန်မတို့ကို ပြောဖို့လာတာ ဒါပဲလား "
ဆယ်လီက တိတ်ဆိတ်ခြင်းကို ဖြိုခွင်းလျက်မေးလိုက်သည်။
" ဒါလောက်ပြောရင် မလုံလောက်သေးဘူးလား "
မော်ဂ၈်က ပြောရင်း သောက်လက်စ စီးကရက်ကို မီးငြိမ်းသတ်၍ မတ်တတ်ထလိုက်သည်။
" ကျုပ်အနေနဲ့ ခရိတ်ကို နောက်တစ်ခုပြောရဦးမယ်။ မစ္စတာဟင်နရီက ပြောခိုင်းလိုက်တာပါ။ သူကပြော တော့ ခင်ဗျားချေးယူထားတဲ့ငွေကို မူလက အာမခံပေးခဲ့တဲ့ ဇင်ဘာဘွေနိုင်ငံ မြေယာဘဏ်က အာမခံချက် ကို ရုပ်သိမ်းလိုက်ပြီတဲ့။ ဒါကြောင့် ဟင်နရီက ခင်ဗျား ချေးယူထားတဲ့ငွေကို အတိုးနဲ့တကွ ပြန်ပေးဆပ် ဖို့ မျှော်လင့်နေပါတယ်တဲ့။ ရှင်းရဲ့လား "
" ရှင်းပါတယ်။ အလွန် ရှင်းပါတယ်" ခရိတ်စိတ်ထဲမှ နာကြည်းလျက် ပြန်ပြောလိုက်သည်။
" မစ္စတာဟင်နရီက ထပ်ပြီး ပြောလိုက်ပါသေးတယ်။ ခင်ဗျား နယူးယောက်မြို့ကို ပြန်ရောက်လာတဲ့အခါ ခင်ဗျား နဲ့ သူ နားလည်မှုယူပြီး အစီအစဉ်တစ်မျိုးကြံဖန်လုပ်ပေးနိုင်ပါလိမ့်မယ်လို့ ဆိုပါတယ်။ သို့သော်လည်း လောလောဆယ်မှာတော့ သူတို့အနေနဲ့ မလုပ်မဖြစ်လို့ ခင်ဗျားနဲ့ ဘဏ်တိုက်က ငွေစာရင်း များကို ယာယီ သိမ်းယူထားလိုက်ရပါတယ်တဲ့။ နောက်ပြီး ခင်ဗျားရဲ့ စာပေထုတ်ဝေရေး ကိုယ်စားလှယ် (ဧဂျင်း) ကိုလည်း နောက်ထပ် အမိန့်မရမချင်း ခင်ဗျားကို စာမူခငွေထုတ်ပေးတာ ရပ်ဆိုင်းထားဖို့ အမိန့်တစ်ခု လည်း ပေးထား လိုက်ပြီလို့ ဆိုတယ် "
" သြော် ... ဒီလိုကိုး "
" ခင်ဗျားအတွက် ကျုပ်လည်း စိတ်မကောင်းပါဘူးဗျာ။ ကျုပ်အနေနဲ့ ခင်ဗျားရေးတဲ့စာအုပ်ကို ကြိုက်ပါတယ်။ ခင်ဗျားကိုလည်း သဘောကျပါတယ်။ ခင်ဗျားအခုလို ဖြစ်ရတာကို ၀မ်းနည်းပါတယ် "
ပြောရင်းနှင့် မော်ဂင်သည် ခရိတ်အား လက်ဆွဲနှုတ်ဆက်ပြီးနောက် ပြန်ထွက်သွားလေသည်။
ခရိတ်လည်း မော်ဂင်အား သူ၏ မော်တော်ကားရှိရာသို့ လိုက်ပို့လေသည်။
" ခင်ဗျားက နောက်ဆုံးအနေနဲ့ ကျုပ်ကို တစ်ခု ကူညီနိုင်မလား "
မော်တော်ကား၊ အနီးသို့ ရောက်လျှင် ခရိတ်က မေးလိုက်ရာ မော်ဂင်ကလည်း ခေါင်းညိတ်လိုက်သည်။
" ကျုပ် တတ်နိုင်တာဆိုရင် ကူညီပါ့မယ် "
" နယူးယောက်မြို့က ကျုပ်ရဲ့ စာပေထုတ်ဝေရေး ဧဂျင်း(ကိုယ်စားလှယ်)ဆီကို အထုပ်တစ်ထုပ် ပို့ပေးနိုင် မလား။ အထုပ်ထဲမှာက ကျုပ်ရဲ့ စာအုပ်အသစ်က စာမူနောက်ဆုံးအသုတ်တွေပဲ ပါမှာပါ "
မော်ဂင်သည် ရုတ်တရက် သံသယဖြစ်သလို ဖြစ်သွားရာမှ စာမူသာဖြစ်ကြောင်း သိရသောအခါ သံသယမရှိ တော့ချေ။
" ကောင်းပါပြီ။ ကျုပ်က ခင်ဗျားရဲ့ ဧဂျင်းလက်ထဲရောက်အောင် တာဝန်ယူပို့ပေးပါ့မယ် "
ခရိတ်သည် လင်းရိုဗာကားပေါ်မှ ခရီးသွားလက်ဆွဲအိတ်ကိုယူ၍ မော်ဂင်အား ပေးလေသည်။
" ဒါကို အထူးဂရုစိုက်စေချင်ပါတယ်။ ဒီစာမူဟာ ကျုပ်ရဲ့ လွတ်မြောက်မှုအတွက် နောက်ဆုံး မျှော်လင့်ချက် ဖြစ်လို့ပါ"
ခရိတ်က တောင်းပန်သလို ပြောလိုက်ပြီးနောက် မော်ဂင်လည်း သူ၏ကားကို မောင်းထွက်သွားလေသည်။
ဆေးရုံပေါ်သို့ ပြန်တက်လာသောအခါ ဆယ်လီသည် ခရိတ်အား ဆီး၍ မေးလေသည်။
" ဘဏ်တိုက်က ငွေချေးတာတို့၊ အာမခံချက် ရုပ်သိမ်းတာတို့ ဆိုတာက ဘာတွေလဲရှင့် "
" ဘာလဲဆိုတာ ရှင်းအောင်ပြောပါ့မယ်။ ငါက မင်းကို လက်ထပ်ခွင့်တောင်းချိန်တုန်းက ငါဟာ ဒေါ်လာငွေ သန်းချီကြွယ်ဝ တဲ့ မီလျံနာသူဌေးတစ်ယောက်ဖြစ်ခဲ့ပေမယ့်၊ အခုတော့ ငါဟာ ဘာငွေမှလည်း မရှိဘူး၊ ပိုင်ဆိုင်တဲ့ ပစ္စည်းဆိုလို့လည်း ဘာမှ မရှိတော့တဲ့ သာမန် ဆင်းရဲသားတစ်ယောက်ဖြစ်သွားပြီ။ ဒါတင် မကသေးဘူး။ ငါ့မှာ ပေးဆပ်စရာ ကြွေးငွေကလည်း သန်းချီပြီး ရှိနေတယ် "
" ဟင် ... ဟုတ်လား၊ ဘာဖြစ်လို့လဲ။ ရှင့်စာအုပ်အသစ်က ပြီးတော့မှာပဲမဟုတ်လား။ ရှင့်ကိုယ်စားလှယ် အက်ရှီ ကတောင် ဒီစာအုပ်သစ်ဟာ မုချ စွံမှာပဲလို့ ပြောခဲ့တယ်လေ "
" ငါ့အနေနဲ့ အလွန်အရောင်းရဆုံးစာအုပ် တစ်နှစ်တစ်အုပ် တစ်သက်လုံးရေးသွားနိုင်ရင်တောင်မှ ဟင်နရီတို့ဘဏ်တွေက ငါချေးယူထားတဲ့ ငွေလုံးငွေရင်းအပေါ် အတိုးပေးနိုင်ရုံပဲရှိမယ်"
ဆယ်လီသည် အလွန်အံ့အားသင့်လျက် ငေးကြည့်နေမိစဉ် ခရိတ်ကပင် ဆက်လက်၍ -
" ဒါကြောင့် ငါအခု မင်းကို ပြောချင်တာက မင်းနဲ့လက်ထပ်ဖို့ ငါက အဆိုပြုခဲ့တာကို ပြန်ပြီး စဉ်းစား စေချင်တယ်။ မင်းက ငါ့ကို လက်မထပ်ဘဲ နေနိုင်ပါတယ် "
" ဒီမယ် ခရိတ် အခန်းတံခါးကို အတွင်းက ကန့်လန့်ထိုးပိတ်လိုက်စမ်းပါ "
ဆယ်လီက ရုတ်တရက် ပြောလိုက်ရာ ခရိတ်သည် အံ့အားသင့်သွားမိလေသည်။ ဘာကြောင့် အခန်း တံခါး ပိတ်ခိုင်းသည်ကိုလည်း ရိပ်မိသဖြင့် -
" ဆယ်လီကလည်းကွယ် မင်းနဲ့ငါဟာ ချစ်သူတွေဖြစ်နေပေမယ့် ဒီဆေးရုံခန်းထဲမှာတော့ ဆင်ခြင်ဖို့ သင့်ပါတယ်။ ဒီနိုင်ငံမှာ ဒါမျိုးဆိုရင် တရားဥပဒေအရ အရေးယူလို့ရတယ်" ဟု ပြောလိုက်သည်။
သို့သော် ဆယ်လီက လက်မခံချေ။
" ရှင်ကလည်း စကားကြော ရှည်နေလိုက်တာ။ တံခါးပိတ်ဆို မြန်မြန်ထပိတ်လိုက်တာမဟုတ်ဘူး။ ဒီမယ် ရှင်ဟာ ပိုက်ဆံတစ်ပြားမှ မရှိတော့တဲ့ လူမွဲတစ်ယောက်ဖြစ်ပေမယ့် ကျွန်မရဲ့ ချစ်သူပဲ။ ကျွန်မရဲ့ ခင်ပွန်းလောင်း လည်းဖြစ်တယ်။ ဒါကြောင့် အခုလို အချိန်မျိုးမှာ ကိုယ့်ခင်ပွန်းလောင်းနဲ့ ချစ်တင်း နှီးနှော တာ ဘာအပြစ်ရှိသလဲ "
ဆက်ရန်
.
1 comment:
ခရိတ်တို့ ဇာတ်လမ်းလေးတောင် မေ့နေတာ အခုမှ ခရိတ်တို့ ဇာတ်လမ်း အဆက်ရောက်တော့တယ်နော်...
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
Post a Comment