Monday, October 11, 2010

မြစိမ်းပြာ ကမာရွတ် အပိုင်း (၁)

တတိယထပ် ဘယ်ဘက်ခြမ်း အပေါ်လွှာ
နံနက် လေးနာရီ မီးလုံးဝါလေး ဖျတ်ခနဲ လင်းလာခဲ့တယ်
 
မီးလုံးဝါလေးနဲ့အတူ လတ်လတ် တစ်ယောက်လဲ ခုတင်ဘေးမှာ ဖျတ်ခနဲ ရပ်ပြီးသား ဖြစ်နေပြီ။
လတ်လတ်ရပ်နေရာ ခုတင်ဘေးဟာ ထိုင်းနိုင်ငံဖြစ် ခေါက်မှန်တင်ခုံ အနက်လေးရဲ့ ရှေ့တည့်တည့် လဲ ဖြစ်တာမို့ လုပ်နေကျအတိုင်း မှန်တင်ခုံပေါ်က ပလတ်စတစ်ဘီးကို ကောက်ကိုင်ဖြီးပြီးသားလဲ ဖြစ်နေပြီ။

နဖူးကနေ လှန်ပြီး နောက်ကို လေးငါးချက် ခုတ်ဖြီးလိုက်ရုံနဲ့ ဆံပင်ကို ကုပ်ဝဲဖြီးခြင်း၊ ရှင်းခြင်းကိစ္စ ပြီးသွားတယ်။ ဒီလိုဆိုတော့လဲ ခုတင်ပေါ်မှာ ထုံးစံအတိုင်း ရှင်းလင်းစွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မော ကျနေတဲ့ လတ်လတ်ရဲ့ "ဦး" ကို ကျေးဇူးတင်ရမယ်။ ဦးက လတ်လတ် ဆံပင်ရှည်တာကို မကြိုက် ဘူး။ ဆံပင်ကုတ်ကို ကျော်တာ နဲ့ ဟိန်းဟတ် ဟောက်တတ်တယ်။
(စိုးမြတ်သူဇာတို့၊ ဇင်မာဦးတို့ကို ကြိုက်တယ် ပြောတာကျတော့ တစ်မျိုးပေါ့လေ)။

ဦးဟာလေ တကယ်ပဲ သိလား။ ခုတင်ပေါ်က အလွတ်လပ် အရှင်းလင်းဆုံး ကမ္ဘာဦး လူသားကြီး ကို လတ်လတ် လှမ်းကြည့်တယ်။ ခြေရင်းက စောင်ပါးလေးကို လှမ်းတင်ပေးဖို့ လတ်လတ် စိတ်ကူးထဲတောင် မထည့်ရဲပါ။ ညားခါစက တယုတယနဲ့ စောင်ပါးလေးကို လွှမ်းခြုံပေးဖူးပြီး၊ ၀ုန်းဆိုကန်ပစ်ပြီး ဒေါသတကြီး အော်လိုက် ကတည်းက လတ်လတ် မှတ်သားခဲ့ရပြီ။ ဤသည်မှာ သူ၏ မူပိုင်ပုံစံ။ လတ်တို့များ ပေးကြည့်၊ ကျေနပ်လွန်း လို့ ပါးစပ်ကတောင် တဟင့်ဟင့်နဲ့ လုပ်လိုက် ချင်သေး။

အိပ်ခန်းထဲတွင် ခြင်ထောင်မထောင်ရ၊ ခြင်ဆေးပဲ ထွန်းရမည်။ မီးဖွင့်ပြီး မအိပ်ရ။ အိပ်ခါနီး ခြင်သံ၊ ယင်သံ မကြားစေရ၊ ကြောင်ဝင် မနေစေရ။ လတ်လတ် မှတ်သားခဲ့ရပြီ။
မီးလုံးဝါကို ဖျတ်ဆို ပိတ်ပြီး လတ်လတ်ရဲ့ ခန္ဓာကိုယ်သေးသေးကလေး၊ လေရဲ့ လျင်မြန်ခြင်းမျိုးနဲ့ အိပ်ခန်းကနေ ဧည့်ခန်းကို ထွက်တယ်။ ဧည့်ခန်းမီးဖွင့်၊ ဖျတ်ဆို ပြန်ပိတ်၊ ခြေလှမ်း ကျဲကျဲ ခြောက်လှမ်း လှမ်းပြီး ထမင်းစားခန်း၊ မီးဖိုခန်းထဲရောက်၊ မီးဖွင့်၊ လျှပက်စစ်မီးဖို ခလုတ်ဖွင့်၊ ရေနွေးအိုးတင်၊ ညကတည်းက ဆန်ဆေးရေ ထည့်ပြီး လျှပ်စစ်ထမင်းအို ခလုတ်ဖွင့်။

ဒါတွေပြီးတော့မှ လတ်လတ် အိမ်သာ ၀င်တယ်။ ခဏလေး နံနက်ဘက် ကိုယ်လက်သန့်ရှင်း ၀မ်းသွားခြင်း အကျင့် လတ်လတ်မှာ မရှိ။ အိမ်သာ ဆင်းပြီး လတ်လတ် ရေချိုးခန်း ၀င်တယ်။ ရေချိုးခန်းက တစ်ခန်း သတ်သတ်။ အိမ်သာနဲ့ တခြားစီ။ ဒါကို လတ်လတ် သဘောကျတယ်။ အိမ်သာနဲ့ ရေချိုးခန်းတစ်ခုတည်း အတူ တွဲထားတာမျိုးကို လတ်လတ် အလွန်မုန်း။ နံနက် စောစောစီးစီး အိမ်သာ ကြွေခွက်ကို ကြည့်ပြီး မျက်နှာသစ် သွားတိုက်ရတာ ဘယ်လောက်ဆိုးလဲ။

အိမ်ထောင် မကျခင် ၃၂နှစ်လုံးလုံး လတ်လတ် အဲလို မျက်နှာသစ်ခဲ့ရတာပဲ။ လတ်လတ်မိဘများ တိုက်ခန်းမှာပေါ့၊ မျက်နှာသစ် သွားတိုက်ပြီးတာနဲ့ ဦးအတွက် သွားတိုက်တံကို အဆင်သင့် ဖြစ်အောင် မျက်နှာသစ်ကြွေခွက်အစွမ်းမှာ တင်တယ်၊ သွားတိုက် ဆေးအနေတော် မနည်းမများ။ သွားတိုက်ဆေးဆို ကိုးလ်ဂိတ် မှ ဦးက ကြိုက်တယ်။ တရုတ်သွားတိုက်ဆေးဆို ဦးအလွန်မုန်းတယ်။ ပြီးတာနဲ့ လတ်လတ် ရေသောက်တယ်။ စတီးခွက်အလတ်နဲ့ နှစ်ခွက်တိတိ။ ရေသောက်ခြင်းဟာ ကိုယ်အလေးချိန်ကျစေတယ်လို့ နိုင်ငံတကာ ကျန်းမာရေး စာစောင်တစ်ခုမှာ ဦးဖတ်ရပြီး ကတည်းက လတ်လတ်ရေသောက်ရတော့တယ်။

သူ့မိန်းမ ပိန်ပိန်သေးသေးလေး ၀ိတ်တက်လာ မှာကို ဦးက သေမလောက် ကြောက်တယ်။ သူဝိတ် တက်လာမှာ ကိုလဲ ဦးအလွန်ကြောက်တယ်။ ဗိုက်မပူအောင် ၀မလာအောင် သူကိုယ်သူ အမြဲတမ်း ထိန်း တတ်တယ်။ ဒါကြောင့်လဲ ဒီကမိန်းမမှာ ငါးဆယ့်ငါးနှစ် ရှိနေပြီ ဖြစ်တဲ့ ယောက်ျားတစ်ယောက်ကို လေးဆယ့်ငါး လောက် ထင်ပြီး ကြိုက်ခဲ့မိ တာပေါ့နော်။
လတ်လတ်က ပြုံးနေမိရင်း လက်ကလဲ ကြက်သွန်နီနဲ့ ခရမ်းချဉ်သီးတွေကို သွက်သွက်လက်လက် လှီးတယ်။ ချင်း၊ ကြက်သွန်ဖြူနွှာတယ်။ ဆေးပြယ်ကွာစ ရေခဲသေတ္တာလေးထဲက တူ သီးစိတ်နဲ့ ပုစွန်လုံးထားတာကို ထုတ်တယ်။

ပုစွန်ကို အနံ့မပျံ့အောင် ချိုင့်ကို  အဖုံးအုပ်ပြီးမှ ရေခဲသေတ္တာထဲ ထည့်ရတယ်။ ရေခဲနဲ့ သူ့ဘီယာဘူးကို အနံ့ကူးမှာ ဦးက ကြောက်တယ်လေ။ ဒီတစ်ခါ ပိုက်ဆံ စုမိရင်တော့ ဦး သိပ်လိုချင်နေတဲ့ တစ်ယောက်သုံး ဒေ၀ူးရေခဲသေတ္တာ အစိမ်းလေးကို ၀ယ်ပေး လိုက်ဦးမယ်။ ဦးအိပ်ခန်းထဲမှာထး ဦးအတွက် သီးသန့်သုံး၊ ဒီတစ်ပတ်နွမ်း ရေခဲသေတ္တာလေး ကတော့ လတ်လတ်ရဲ့ မီးဖိုချောင်သုံးပေါ့၊ မကောင်းဘူးလား။ ဦးရဲ့ ရေခဲ သေတ္တာလေး ထဲမှာ အကောင်းကြိုက် ဦးအတွက် ဂျာမန်ဘီယာသံဘူးတွေ အပြည့်။ ချိစ်ဘူးတွေနဲ့ ဘလက်လေဘယ်၊ ၀ီစကီနှစ်ပုလင်းလောက်ကိုလဲ အမြဲဖြည့်ထားပေးလို့။ ဦး သိပ်သဘောကျမှာ၊ တကယ်ပါ ဦးရယ်၊ ဂျာမာန်ဘီယာဟာ တစ်ရာကျော် မဟုတ်ဘဲ တစ်ဆယ်လောက်ဆိုရင်၊ ၀ီစကီကလဲ ထောင်ကျော် မဟုတ်ဘဲ ရာကျော်ဆိုရင် လတ်က ၀ယ်ထည့်ပေးပါတယ်။ ပန်းချီဆရာ (အင်္ဂလိပ်စာ လက်ထောက် ကထိက ဟောင်း)၊ ဆယ်တန်း အင်္ဂလိပ်သင်တန်းဆရာ ဦးသက်ဦးရဲ့ ၀င်ငွေဟာ တစ်လကကို ငါးသောင်းလောက် ဆိုရင်လဲ ကောင်းသား။

တစ်လကို တစ်သောင်းကျော်လောက် ၀င်ငွေနဲ့တော့ မဖြစ်နိုင်သေးဘူး။ ဆရာ။ ရေခဲသေတ္တာ အသစ်နားလဲ ကပ်နိုင်သေးမှာ မဟုတ်ဘူး။ ၀ီစကီတို့ ဘီယာဘူးတို့နဲ့တော့ အဝေးကြီ။ ဒါပေမယ့်နော်၊ ဒီတိုက်မှာတော့ လတ်လတ်တို့ တစ်ခန်း ပဲ ရေခဲသေတ္တာ ရှိတာ်။ ကျန်တဲ့အခန်းတွေ ဘယ်သူမှ မရှိဘူး။ လတ်လတ်တို့ အောက်လွှာက မိန်းမဆိုတော်တော် လိုချင်နေရှာပုံ ရတယ်။ ဟိုတစ်နေ့က ဈေးနား ရေခဲသေတ္တာ အဟောင်း ဆိုင်ထဲမှာ တွေ့ခဲ့တယ်။ သယ်လာတာတော့ မမြင်ပါဘူး၊ တစ်ပတ်ရစ် ရေခဲသေတ္တာ တစ်လုံးကလဲ အကြီးဆုံး သောင်းကျော်မှာလေး လတ်တို့ တစ်ပတ်ရစ် အသေးလေးကို ငါးထောင် ပေးရတာပဲ။

ချင်းနဲ့ ကြက်သွန်ဖြူကို လတ်လတ် ငရုတ်ဆုံထဲ ထည့်လိုက်တဲ့ အချိန်မှာ ရေနွေးအိုး ဆူပြီ။ ထမင်း စားပွဲပေါ် က ဓာတ်ဘူးကြီးထဲကို လက်ဖက်ခြောက်ခတ်၊ ရေနွေးထည့်။ ရေနွေးအိုးထဲ ပြန်ထည့်၊ ပြန်တည်။ ကော်ဖီဖျော် ဖို့ ရေနွေးလိုသေးတယ်။

ငရုတ်ဆုံဆွဲပြီး ထောင်းမယ်လုပ်ပြီးမှ မထောင်းသေးဘဲ ကြောင်အိမ်အောက်က ဂုန်နီအိတ် ပိုင်းလေး ခေါက်ချိုးကို ဆွဲယူရပြန်တယ်။ ငရုတ်ဆုံ အောက်ကခံ ထောင်းဖို့လေ။ ဒီအတိုင်း လတ်လတ် လက်သံပြောင် လိုက်လို့ကတော့ အောက်လွှာ လူတွေနဲ့ ရန်ပွဲ ကျင်းပရလိမ့်မယ်။ ဒီတိုက်ရောက်ခါစ လတ်လတ် လတ်သံ ပြောင်လိုက်တာ အောက်လွှာက လူတွေ တံခါးလာ ခေါက်ရော။ ဒါတောင် ဒီတိုက်က အပေါ်လွှာနဲ့ အောက်လွှာ အင်္ဂတေခင်းခြားလို့။ တချို့ တိုက်ဆို သသား ကြမ်းခင်းပဲ ခြားထားတာ။ အင်္ဂတေခင်းကလဲ အင်္ဂတေခင်းလို့သာ ဆိုရုံပေါ့။ ကန်ထရိုက် အင်္ဂတေခင်းလေ၊ ပါးပါးလေး။ အိုးစည်တို့ ဗုံတို့ သားရေကြက် ထားသလိုပဲ။ တစ်ခန်းက တစ်ခုခု ထုရင် ရိုက်ရင် လိုဏ်သံ ပေါက်ပြီး တစ်တိုက်လုံး ကြားရတယ်။

ချင်း၊ ကြက်သွန်ဖြူကို မညက်တညက်ပဲ မြန်မြန်ထောင်းလိုက်တယ်။ ဘူးသီးပုစွန်ဟင်းခါးထဲ ထည့်ဖို့က ရတယ်။ မညက်လဲ ကိစ္စ မရှိဘူး။ ဘူးသီးလှီးပြီးသားနဲ့ ပုစွန်နဲ့ အိုးထဲရောထည့်၊ ချင်း ကြက်သွန်ဖြူ တစ်ဝက်နဲ့ ကြက်သွန်နီထည့်၊ ဆား၊ နနွင်း၊ ဆီထည့်၊ ပြီးပြီ တစ်အိုး။ ရေနွေးဆူရင် တည်ရုံပဲ။ ဟင်းခါးအိုးကျရင် ၀က်သားပြုတ်ထားတာနဲ့  ကြက်သွန်၊ ခရမ်းချဉ်သီး၊ ချင်း၊ ကြက်သွန်ဖြူလေးနဲ့ ကုန်းဘောင်ကြီးကြော် သဘောမျိုးလေး ကြော်ရုံပဲ။

ဝက်သားပြုတ်လှီးဖို့ ရေခဲသေတ္တာကို ဖွင့်ရပြန်တယ်။ နှစ်ရက်စာ ကျန်သေးတဲ့ ၀က်သားပြုတ်လေး တွေက အေးစက်မာကျောနေကြတယ်။ ဒီနေ့ ကုန်းဘောင်ကြီးကြော်ဆိုတော့ နက်ဖြန် ပြုတ်ထောင်းကြော်ပေါ့။ နေ့တိုင်း ဈေးမသွးနိုင်တဲ့ လတ်တို့လို အိမ်ရှင်မတွေအတွက်က ရေခဲ သေတ္တာလေးဟာ အင်မတန် အသုံးဝင်တာ။ ကြိုက်တာထည့်၊ ထမင်းကျန်လဲထည့်၊ ဟင်းကျန်လဲ ထည့်၊ အကုန်ရ။ အဲ ... မီးမပျက် ရင်ပေါ့လေ၊ မီးက အခုတလော သဘောကောင်းနေပြန်ပြီ။ တစ်ပတ်ကို နှစ်ရက်ပဲ နေ့ဝက်ထိ ပြတ် တော့တယ်။ နေ့တိုင်း မဖြစ်တော့ပြန်ဘူး။ မီးက လာမှ။ မလာရင် လတ်လတ်တို့ အခန်းတွေက နေ့ခင်းကြောင်တောင်မှာကို မှောင်အတိ ကျနေတတ်တယ်။

ဖယောင်းတိုင် ထွန်းနေရတယ်။ လတ်လတ်တို့ တိုက်က ဟိုဘက်တိုက် ဒီဘက်တိုက်တွေကြားမှာ ညှပ်နေပြီး ပြတင်းပေါက်လဲ မရှိဘူး။ မှန်တရုတ်ကတ်လေးတွေပဲ ရှိတယ်။ ဦးက အိပ်ခန်းခေါင်းရင်း တရုတ်ကတ်တွေကို ဖြုတ်ခိုင်းပြီး အုတ်နဲ့ အလုံပိတ်ခိုင်းလိုက်တော့ အိပ်ခန်းက ပိုမှောင်တယ်။ လမ်းမဘက် ၀ရန်တာ တံခါးကို ဖွင့်ထားမှ အလင်းရောင် ၀င်တယ်။ လမ်းမဘက် ၀ရန်တာ တံခါး ကလဲ ဆယ့်နှစ်ရာသီ ပိတ်ထားရတာပါ။ အိပ်ခန်းထဲ ကြောင်ဝင်မှာ  စိုးလို့လေ၊ အဖြစ်က ...။

ဝက်သားပြုတ်လေးတွေကို ပါးပါး၊ ပါးပါးလှီးပြီးတာနဲ့ ရေနွေးအိုးဆူပြီ၊ သြော် ... ထမင်းအိုး ခလုတ် ကျနေပြီပဲ။ ပလပ်ဖြုတ်ဦးမှ။ ရေနွေးအိုးချ။ ဟင်ခါးအိုးတည်။ မတ်ခွက်ထဲ ကော်ဖီမှုန်ပထည့်။ ရေနွေးထည့်။ အဖုံးအုပ်ပြီး အသာနှပ်ထား။ ဟင်းခါးအိုး နှစ်ချက်သုံးချက်မွှေလိုက်။ ဧည့်ခန်းထဲ ပြန်ထွက်ပြီး စာအုပ်ဗီရို အပုလေးပေါ်မှာ စံပယ်သီတင်းသုံး ရရှာတဲ့ ဘုရားကိုယ်တော်နဲ့ ဘုရား ဆောင်လေးရှေ့က သောက်တော်ရေခွက်နဲ့ ဆွမ်းတော်ပန်းကန်ကို ယူခဲ့တယ်။ ရေချိုးခန်းထဲမှာ ဆေးကြောပြီး စားပွဲပေါ်ချ။

တရှဲရှဲဖြစ်နေတဲ့ ဟင်းခါးအိုးကို နာနာမွှေလုံးပြီး ရေထည့်။ ဆွမ်းတော် ပန်းကန်ပြားထဲ ဆွမ်းတော်ခူးထည့်၊ ရေခဲသေတ္တာထဲက ရေပုလင်းယူပြီး သောက်တော်ရေထည့်။ တစ်လက်စတည်း ရေခဲသေတ္တာထဲက ကြက်ဥနှစ်လုံးထုတ်။ ဟင်းခါးအိုးဆူပြီ။ အချိုမှုန့် ခတ်ရဦး မယ်။ အချိုမုန့်ကတော့ အားမနာနဲ့၊ နာနာခတ်နိုင်မှ ချိုမယ်။ ဘူးသီးက ရက်ကြာ၊ ပုစွန်ရေခဲရိုက် ပိစိကွေးတွေကလဲ ဘာချိုတာလိုက်လို့။ ငရုတ်ကောင်းကိုတော့ နေ့လယ်စားခါနီးနွှေးမှ ခတ်တော့ မယ်။

ဟင်းခါးအိုး ချပြီး ဆီဒယ်အိုးတင်တယ်။ ကြက်ဥနှစ်လုံး ဟဖ်ဖရိုက် ကြော်တယ်။ ဟဖ်ဘွိုင်မဟုတ်။ ညားခါစက ကြက်ဥ မကျက်တကျက်ကြောင့်ကို ဟဖ်ဘွိုင်ခေါ်မှုနဲ့ အငေါက်ခံခဲ့ရပြီးပြီ။ ဟဖ်ဘွိုင် ဆိုသည်မှာ မကျက်တကျက် ပြုတ်မှတ်ထား၊ ဘွဲ့ရပညာတတ်တစ်ယောက် လုပ်နေပြီး ဒါလောက် ညံ့ရသလားတဲ့။ လတ်လတ် မညံ့ပါ။ ဖရိုက်ဒ်ဆိုတာ ကြော်ပြီး ဘွိုင်းဆိုတာ ပြုတ်သည်ဆိုတာ ဘီအေဘွဲ့ရ မူလတန်း ကျူရှင် ဆရာမဟောင်း လတ်လတ် သိသည်ပေါ့။ သို့ပေမယ့် ဘဲဥကြက်ဥ မကျက်တကျက်ကြော်ကို ဟဖ်ဘွိုင်လို့ မိရိုးဖလာတစ်လျှောက်လုံး ခေါ်ခဲ့သည်ဆိုတော့ နှုတ်ကျိုး နေပြီ။
ကြက်ဥကြော် ဆယ်ပြီး ဆီဒယ်အိုးထဲကို ကုန်းဘောင်ကြီးကြော်အတွက် ပြင်ဆင်ထားသမျှ အမည်အားလုံးကို တစ်ခါတည်း ရောထည့်ပစ်လိုက်တယ်။

ကြက်သွန်နီ၊ ချင်း၊ ကြက်သွန်ဖြူကို ဆီ မသတ်ရဲဘူး။ ဆီသတ်လိုက်တာနဲ့ ညှော်နံ့တွေဟာ လေးဆယ့်ငါးပေတစ်ဆုံး စူးစူးဝါးဝါး ဖုံးလွှမ်း သွားလိမ့်မယ်။ ဖုံးလွှမ်းသွားတာနဲ့ အိမ်ဦးနတ် အရှင်သခင်က ထအော်လိုက်ပါလိမ့်မယ်။ ခုကိုကြည့် ... ကြက်ဥကြော်ညှော် မီးခိုးတွေ တစ်ခန်းလုံး ပြည့်နေတယ်။ ကြက်ဥညှော်လောက်ကိုတော့ လတ်လတ်ရဲ့ သခင်ကြီး ရိုးသွားလို့ တော်တော့တယ်။ ခက်တာက မီးဖိုခန်းတံခါးရယ်၊ အိပ်ခန်း ကနေ ဧည့်ခန်း ထွက်တဲ့ တံခါးတွေက အပေါက်ပဲရှိတာ၊ တံခါးရွက် မရှိဘူး။ လူတစ်ကိုယ် ၀င်သာရုံ အပေါက်လေးတွေပဲ ရှိတာ။ အဲဒီတော့ ညှော်နံ့ မ၀င်အောင် တံခါးပိတ်ထားလို့လဲ မရဘူး။

ဝက်သားအိုးကို ခရမ်းချဉ်သီးနဲ့ ကြက်သွန် အရမ်းကြီးကျက်မသွားအောင် ဂရုတစိုက် စောင့်ကြော် ပြီး ချလိုက်တယ်။ မီးဖိုမီး ပိတ်လိုက်တယ်။ ကျန်သေးတဲ့ မီးရှိန်ပေါ်ကို ကော်ဖီမတ်ခွက်တင် နှပ်လိုက်တယ်။
ထမင်းစားပွဲပေါ်ကို မြန်မြန်လေး ရှင်းလင်းသုတ်သင်ပြီး ကြောင်အိမ်ထဲက ပေါင်မုန့်ထုတ်တယ်။ လှီးစရာမလိုတဲ့ အချိန်ကုန် သက်သာတဲ့ ကျိုင်းတုံပေါင်မုန့်။ မုန့်လေးချပ် ပန်းကန်ပြားထဲထည့်၊ ပေါင်မုန့်ထုပ် ကြောင်အိမ်ထဲ ပြန်ထည့်ပြီး ကော်ဖီပန်းကန်နှစ်စုံထုတ်တယ်။

ကော်ဖီပန်းကန်တွေ အ၀တ်နဲ့သုတ်၊ စားပွဲပေါ်ချ၊ ပေါင်မုန့်ပန်းကန်၊ ကြက်ဥကြော် ပန်းကန်တို့နဲ့ အတူတူ အုပ်ဆောင်းနဲ့ အုပ်ထားလိုက်ပြီး ဆွမ်းတော် ပန်းကန်ပြားနဲ့ သောက်တော်ရေခွက်ကို ဧည့်ခန်းထဲ ယူလာခဲ့တယ်။ ဘုရားဆောင်လေးရှေ့မှာ ချပြီး ဆွမ်းတော်ကပ်ဖို့ ဧည့်ခန်း ဖယောင်း ပုဆိုး အေးစက်စက်ပေါ် လတ်လတ် ထိုင်ချလိုက်ရုံ ရှိသေး၊ လက်အုပ်တောင် မချီရသေးဘူး၊ အိပ်ခန်းထဲက ဘုန်းဆိုတဲ့ မွေ့ရာပေါ် ခြေထောက်ချသံ။ ဒါဆို လတ်လတ် သိပြီ။ ဦး အိုက်နေပြီ၊ ခြေထောက်ချသံသာ အိုက်ခြင်းကြောင့် စိတ်တိုခြင်းပြ လက္ခဥာ။ လတ်လတ်တို့ အခန်းတွေက ဆောင်းတွင်းလဲ လှောင်အိုက်နေတတ်တာပဲ။ ခုဆို ဆောင်းကုန်ခါနီးလေ၊ ပိုအိုက်လာလေ။ လတ်လတ် မတ်တတ်ထရပ်လိုက်တယ်။ အိုက်ခြင်းနဲ့အတူ ဆက်စပ် သတိရလာတဲ့ ရေကိစ္စ။ ထုံးစံ အတိုင်းပါပဲ။ ဘုရားရှင် ကိုယ်တော်မြတ်ကို မတ်တတ်ရပ်လျက်သား လက်အုပ်ချီလိုက်တယ်။

"ဤဆွမ်းခဲဖွယ် ဘောဇဉ် ရေချမ်းတို့ကို ဒေမိ ... ကပ်လှူ ပူဇော်ပါ၏၊ ဘုဉ်းသုံးဆောင်တော်မူပါ အရှင်ဘုရား"
ဆွမ်းတော်ကပ်ရဲ့ ရှေ့ပါဠိပါဌ်သားတွေ အရဟတာဒိ၊ န၀ဂုဏေဟိတို့ကို အမြဲတမ်း လတ်လတ် မေ့ထားခဲ့ရမြဲ။ ရေချိုးခန်းကို ပြေးရင်း ငါးနာရီခွဲပြီဆိုတဲ့အသိက ၀င်လာမြဲ။ ရေချိုးခန်း တံခါးကို ပိတ်၊ လတ်လတ် ရေချိုးဖို့ အမြန် ပြင်တယ်။ ရေချိုးခန်းမှာက ပီပါတစ်လုံးပဲ ထားလောက်တယ်။ ပီပါဘေးက နည်းနည်းပိုတဲ့ နေရာမှာ ဦးက မျက်နှာသစ် ကြွေခွက်တပ်ထားတယ်။ ကြွေခွက်အပေါ် မှာတော့ မှန်ချပ်ပေး ကပ်လို့ပေါ့။ ဦး သဘောကျတဲ့ ဟိုတယ်တွေမှာလိုလေ။

လတ်လတ် ရေအကို အမြန်နှုန်းနဲ့ ခပ်ချိုးရင်း ထုံးစံတစ်ခုကို ပူပင်ရပြန်တယ်။ လတ်လတ် ရေချိုး မပြီးခင် အောက်လွှာက လူတွေက ရေစက်မောင်တာ ဖွင့်လိုက်ပြီလားဆိုတဲ့ ပူပင်မှုပေါ့။
ရေစက်က အပေါ်လွှာနဲ့ အောက်လွှာ နှစ်လွှာပေါင်းမှ တစ်လုံးတည်း ထားပေးတာလေ။ မော်တာ ခလုတ်ကို အပေါ်လွှာနဲ့ အောက်လွှာကြားအခန်း ပြင်ဘက်မှာ ထားတယ်။ အောက်လွှာက ရေဖွင့် ထားရင် အပေါ်လွှာက ဖွင့်လို့မရဘူး။ အောက်လွှာပိတ်မှ အပေါ်လွှာက ဖွင့်လို့ရမယ်။ ဒါပေမယ့် အပေါ်လွှာက ဖွင့်နေတဲ့အချိန်မှာတော့ အောက်လွှာက ရေရနေတာပဲ။
ရေအားတော့ သိပ်မကောင်းဘူးပေါ့။

လတ်လတ်တို့ အပေါ်လွှာသမားတွေကတော့ အောက်လွှာသမားတွေ ညစ်ပတ်ရင် ညစ်ပတ်သလို ခံရရော။ သူတို့ မပိတ်မချင်း ရေက တစ်စက်မှ တက်မလာတော့ဘူး။ အောက်လွှာနဲ့ အထက်လွှာ နှစ်လွှာပေါင်း တစ်ထပ်လုံး ၀ယ်နိုင်ရင်တော့လဲ ကောင်းသား။ ရေ ပြဿနာ ပေါ်စရာ မလိုတော့ ဘူး။ ရေစက်ကို ကိုယ်တစ်ယောက်တည်း ပိုင်ရော။ နေရာလဲ အကျယ်ကြီး နေရမှာပေါ့။ လတ်လတ်တို့ဆို အပေါ်လွှာကို အိပ်ခန်းရယ်၊ ဦးအတွက် စာကြည့်ခန်း၊ အလန်းခန်းရယ်၊ မီးဖိုခန်း ရယ်ထား။ ညအိပ် ဧည့်သည်လာရင်လဲ အောက်လွှာမှာ လွတ်လွတ်လပ်လပ် နေရုံပဲ။ ရေချိုးခန်း အိမ်သာကလဲ အပေါ်တစ်ခု၊ အောက်တစ်ခု။ ကန်ထရိုက်တာ နှစ်လွှာ ယူမယ်ဆိုရင် အောက်လွှာ ကနေ အထက်လွှာတက်ဖို့ အောက်လွှာ ဧည့်ခန်း နေရာရဲ့ ညာဘက်ခြမ်းကနေ လှေကား သေးသေးလှလှလေး တပ်ပေးတယ်။ အထက်လွှာကို အားလုံး အလုံပိတ်ပေါ့။

ခုဟာက လတ်လတ်တို့က နှစ်လွှာမယူဘဲ တစ်လွှာတည်း ယူတဲ့ သူတွေမို့လို့ အပေါ်လွှာကို အခန်း အလယ်ခေါင်ကနေ ၀င်ပေါက် ဖောက်ပေးတာ။ အောက်လွှာရဲ့ ၀င်ပေါက်ကကျတော့ ၀ရန်တာ တံခါးကနေ ၀င်ရတယ်။ အောက်လွှာကျတော့ လတ်လတ်တို့လို ၀ရန်တာဘက်ကို အိပ်ခန်းထား လို့ မဖြစ်တော့ဘူး။ ၀င်ဝင်ချင်း ၀ရန်တာဘက်မှာ ဧည့်ခန်းပေါ့၊ ပြီးတော့မှ အိပ်ခန်း။ ဧည့်သည်တွေ ဘာတွေ မီးဖို၊ အိမ်သာဘက် ထွက်ချင်ရင် အိပ်ခန်း မဖြတ်ရအောင် လမ်းမြောင်းလေး ချန်ပြီး အိပ်ခန်း ဖွဲ့ရတယ်။

လတ်လတ်တို့ကျတော့ အိမ်သာ၊ မီးဖိုဘက်ကို ဧည့်သည် လွတ်လွတ်လပ်လပ် သွားလို့ရပေမယ့် လတ်လတ်တို့ အိမ်သာ မီးဖိုသွားချင်ရင် ဧည့်ခန်းကို ဖြတ်ပြီးမှပဲ သွားလို့ရတယ်။
လတ်လတ်တို့ နှစ်ယောက်တည်း သမားကတော့ တစ်လွှာဆို နေလောက်ပါပြီလေ။ တစ်လွှာပိုင်ဖို့ တောင် ဘယ်လောက်ကြိုးစားခဲ့ရသလဲ။ ပြီးတော့ အဲဒီတစ်လွှာကလဲ ဈေးအချိုဆုံး တတိယထပ် အပေါ်ဆုံးလွှာပဲ ယူရတာ။ အဲဒီအပေါ်လွှာကတောင် နှစ်ခွဲ ပေးရတယ် ရှင်ရေ့၊ နှစ်ခွဲ။ ဒါ ... လွန်ခဲ့ တဲ့ သုံးနှစ်ကနော်။ အိတ်တီးနိုင်းကနော်။ ခုဆို လတ်တို့ ဘယ်ကပ်နိုင်တော့မလဲ။

လတ်တို့လို အပေါ်ဆုံးလွှာတောင် နေရာကောင်း၊ မကောင်းကို လိုက်ပြီး၊ ငါးသိန်းတဲ့၊ ခြောက်သိန်းတဲ့။ အပေါ် ကနေ အောက်ကို တစ်လွှာ ငါးသောင်းစီ ကွာတာဆိုတော့ အောက်ဆုံး မြေညီထပ်ဆို ဘယ်လောက် ဖြစ်နေမလဲ။ ဒါတောင် နေရာကောင်းဆို မြေညီထပ်ကို ကြိုက်သလို ရောင်းတာပဲ။ ၀ယ်နိုင်တဲ့သူတွေကလဲ ရှိတယ်လေ။
ခုဆို ... လတ်တို့လို ကန်ထရိုက်တိုက်ပါးပါးတွေမှာ နေထိုင်သူတွေကို သေဌေးတွေတဲ့ ...။ သေဌေးတွေလို့ ခေါ်နေကြပြီ။

ဆက်ရန်
.

8 comments:

ahphyulay said...

အမယ်....လေး
၅၅နှစ်လဲ ဘာအရေးလဲ ..၊ ချစ်ပြီးပြီမလား..။
လခ တွေ ၊ အိမ်တန်ဘိုး တွေ ကြည့်ရတာ
မ ဆ လ ခေတ် အစောဆုံး ထင်တယ်နော်။
နုနုရည်(အင်းဝ) ဖြစ်လို့  စွတ် မမန့် ရဲပါ ။
သေချာပေါက် ဖတ်လို့  ကောင်းတော့ မယ်။

သောစေယျံ said...

အင်း အပိုင်းတွေကလဲများလိုက်တာ အဟုတ်မဖတ်ပဲလဲမနေနိုင် ဖတ်လိုက်တိုင်းလဲ သဘောတွေ့
မြဝတီရုပ်မြင်သံကြားမှာ အလုပ်များဝင်ဘူးလားမသိဘူး
စတာနော် ...စာအရေးအသားကောင်းလို့နည်းနံနိဿလေးလာယူအုံးမှ

မေဓာဝီ said...

ဖတ်ခဲ့ဖူး ကြိုက်ခဲ့ဖူးသော လူ့သဘာဝ သရုပ်ဖော်ဖွဲ့လေး တပုဒ်ပါပဲ။

ညိမ်းနိုင် said...

သဘောကျခဲ့ဖူးတဲ့ ဝတ္ထုလေး..။မေ့နေပြီ..။ပြန်ဖတ်ရတာ
ကျေးဇူးပါ အစ်မရေ..။

ချစ်ကြည်အေး said...

သူ့အရေးအသားကို ကြိုက်တယ် မမရွှေစင်...အပိုင်း ၂ စောင့်ဖတ်ပါမယ် မမရေ :)

သက်ဝေ said...

မရွှေစင်ရေ...
သိပ်ဖတ်လို့ကောင်းတဲ့ လူမှုဘဝသရုပ်ဖေါ် ဝတ္ထုလေးပါ... ရယ်စရာလဲကောင်း သနားစရာလဲကောင်း မောစရာလဲကောင်းပြီး တချို့နေရာတွေမှာ ကိုယ်ပါ အတူတူလိုက်ပြီး စိတ်တွေ ပင်ပန်းဆင်းရဲမိတယ်... ဒါပေမယ့်လဲ ခံစားမှု အစုံ အစုံပေးနိုင်လို့ နှစ်သက်လို့ မကြာခဏ ပြန်ဖတ်ဖြစ်တယ်...

အစအဆုံး စာရိုက်ပြီး တင်ပေးရမှာ နည်းတဲ့ တာဝန်မဟုတ်လို့ စိတ်ရှည်လက်ရှည်ရှိလှတဲ့ မရွှေစင်ကို တကယ် ချီးကျူးပါတယ်...

ကိုဇော် said...

သရုပ်ဖော်မှုမှာတော့ ထောင့်အစေ့ဆုံးဆိုတဲ့ စာရေးဆရာတွေထဲက တစ်ယောက်ပဲ ဆရာမ နုနုရည် ( အင်းဝ ) က။ ဆွေးဆွေးမြေ့မြေ့လေး တွေးနေချင်တဲ့ အခါတွေမှာတော့ ဖတ်ဖြစ်တယ်။ သူနဲ့ အတူတူ လျှောက်သွားနေရသလိုပဲ။ ကြိုက်ပါတယ်။

Vista said...

အသေးစိတ်လို့ ဖတ်ပီးမောနေတယ်