အစားအစာများ စားရန် အချိန်တန်လာသဖြင့် သူတို့သည် ရှိသမျှ အစားအစာများကို (ခရိတ်အဖို့ ဇွန်းခက်ရင်းမပါဘဲ) လက်ဖြင့် စားသောက်ကြလေသည်။ စားသောက်ပြီးသောအခါ ရဲဘော်လွတ်ကောက် က စီးကရက်တစ်လိပ်ကို မျှဝေသောက်ကြရန် သဘောတူ ခွင့်ပြုပြီး ခရိတ်နှင့် ဆက်စကား ပြောလေသည်။
"အို…အသင် ကူဖီလာ၊ ငါတို့အတွက် အလုပ်ရှိသည်ဟု သင်ပြောခဲ့သည် မဟုတ်လော"
"ဟုတ်ပါ၏၊ အို…အသင်ရဲဘော် လွတ်ကောက် သင်တို့၏ ခေါင်းဆောင်ဖြစ်သူ ၀န်ကြီး တွန်ဂါတာ သည် ယခုအခါ ရှိုနာလူမျိုးတို့လက်ဝယ် အကျဉ်းသားဖြစ်နေပေပြီ"
ခရိတ်က မာတာဘယ်လီဘာသာဖြင့်ပင် ပြန်ပြောလိုက်ရာ ရဲဘော် လွတ်ကောက်သည် အလွန် စိတ်မကောင်း ဖြစ်သွားဟန်တူသည်။
"ဤသတင်းကား အလွန်ဆိုးလှ၏။ မာတာဘယ်လီလူမျိုးတို့၏ နှလုံးသားကို ချွန်ထက်သော ဓား ဖြင့် ထိုးစိုက် ခံရသည်နှင့်တူ၏။ သို့ရာတွင် ဤသတင်းကို ကျုပ်တို့ သိနေပြီဖြစ်၏။ သင် ကူဖီလာ က ကျုပ်တို့သိပြီးသား သတင်းကို ပြောရန် လာခြင်းဖြစ်သလော"
"သင်တို့မသိသေးသော သတင်းကို ကျွန်ုပ် ယခုပြောပါမည်။ ၀န်ကြီး တွန်ဂါတာသည် အသက်ထင် ရှား ရှိလျက် တူကီအကျဉ်းစခန်းတွင် ရှိုနာလူမျိုးတို့ ဖမ်းဆီးချုပ်နှောင်ထားခြင်းကို ခံနေရရှာပါ၏"
"အလို တူတီစခန်း"
ရဲဘော်လွတ်ကောက်က အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်ချိန်တွင် ကျန် မာတာဘယ်လီ တိုင်းရင်း သားများ သည်လည်း အလွန်စိတ်လှုပ်ရှားလာကာ အားလုံးတစ်ပြိုင်နက် စကားပြောကြရန် ကြိုးစား ကြလေ တော့သည်။
"အို…အသင် ကူဖီလာ၊ သင်သည် ဤသတင်းကို မည်သည့်နည်းဖြင့် သိခဲ့ရလေသနည်း"
တစ်ယောက်က ဤသို့မေး၍ မဆုံးသေးမီ နောက်တစ်ယောက်က-
"သူ့အား သတ်ပစ်လိုက်ပြီဟု ကျွန်ုပ်တို့ကြားခဲ့ရသည်"ဟု ၀င်ပြောလေသည်။
တစ်ဖန် နောက်တစ်ယောက်ကလည်း-
"ဤသတင်း မဟုတ်နိုင်။ မိန်းမတို့၏ အတင်းအဖျင်း စကားသာလျှင် ဖြစ်တန်ရာ၏"ဟု ပြောပြန် သည်။
ထိုအခါ ခရိတ်က အမျိုးသမီးများ စုထိုင်နေရာဘက်သို့ လှမ်း၍-
"ဟေ့…ဆာရာ၊ ခဏလာစမ်းပါဦးကွဲ့"ဟု လှမ်းခေါ်လိုက်သည်။ ဆာရာလည်း သူတို့ရှိရာအနီးသို့ ချဉ်းကပ်လာရာ ခရိတ်က သူမအား ညွှန်ပြလျက်-
"သင်တို့ ဤအမျိုးသမီးကို သိကြပါ၏လော"ဟု မေးလိုက်သည်။
ထိုမေးခွန်းကို မာတာဘယ်လီလူမျိုး သုံးဦးက တစ်ပြိုင်နက် ဖြေကြလေသည်။
"သူမသည် ကျွန်ုပ်ဇနီး ရဲ့ ညီမ၀မ်းကွဲ ဖြစ်ပါ၏"
"သူမသည် တူတီမစ်ရှင်ကျောင်းမှာ ဆရာမတစ်ဦးဖြစ်၍ ကျွန်ုပ်တို့သိပါ၏"
"သူမသည် ကျွန်ုပ်တို့၏အဖွဲ့ဝင် ရောင်းရင်းတစ်ဦးပင် ဖြစ်ပါ၏"
သည်တော့မှ ခရိတ်က ဆာရာအား လှမ်း၍ အမိန့်ပေးလိုက်သည်။
"ကဲ…ဆာရာ သူတို့ကို ပြောပြလိုက်စမ်း"
ဆာရာလည်း မာတာဘယ်လီဘာသာဖြင့် အကျိုးအကြောင်းကို ပြောပြလိုက်သည်။
သူမအနေဖြင့် တွန်ဂါတာနှင့် နောက်ဆုံး တွေ့ဆုံခဲ့ရပုံ အကြောင်းကအစ ပြောပြချိန်တွင် မာတာ ဘယ်လီ ပြောက်ကျားရဲဘော်တို့သည် ဆိတ်ငြိမ်စွာဖြင့် နားထောင်နေကြရာ သူတို့၏ မျက်လုံးများ က စူးရှ တောက်ပြောင် လျက် အထူး စိတ်ဝင်စားသည့်အသွင် ဆောင်နေလေသည်။
ဆာရာ၏ စကားဆုံးသွားသောအခါတွင်လည်း သူတို့သည် မည်သို့မျှ မပြောဘဲ ဆိတ်ဆိတ်နေကြ လေသည်။ ဆာရာလည်း လျင်မြန်စွာ ထ၍ အမျိုးသမီးအုပ်စုရှိရာဘက်သို့ ပြန်လျှောက်ထွက်သွား လေသည်။
ဤတွင် ရဲဘော်လွတ်ကောက်သည် သူ၏ လူတစ်ယောက်အား လှမ်းကြည့်လိုက်သည်။
"အို…အသင်၊ သင် ပြောပေလော့"
ယင်းသို့ စကားပြောရန် ပထမဆုံး ရွေးချယ်ခံရသူမှာ လူငယ်တစ်ဦး ဖြစ်လေသည်။ အသက် အငယ်ဆုံးပင် ဖြစ်သည်။ သူပြောမှသာ ကျန်လူများက ၀ါစဉ်အလိုက် ကြီးသူတွေက တစ်ယောက် ပြီးတစ်ယောက် တစ်လှည့်စီ ဆက်ပြောခွင့် ရကြမည်ဖြစ်သည်။
ဤကား မာတာဘယ်လီလူမျိုးတို့၏ ရှေးရိုးရာ အစဉ်အလာဓလေ့တစ်ခုပင် ဖြစ်သည်။ အရေးကြီး သည့်ကိစ္စ တစ်စုံတစ်ခု ရှိလာလျှင် ဤကဲ့သို့ ၀ိုင်းထိုင်၍ ဆွေးနွေးပြောဆိုကာ ဆုံးဖြတ်ချက် ရယူ လေ့ရှိသော ဓလေ့ ပင်ဖြစ်သည်။
ခရိတ်သည် ဤအစဉ်အလာ (သို့မဟုတ်) အာဖရိကတိုက်သားတို့၏ ရိုးရာဓလေ့ဖြစ်ရာ အချိန် ကြာမြင့်စွာ ပြုလုပ် ရမည်ဖြစ်ကြောင်း သိထားသဖြင့် စိတ်ရှည်ရှည်နှင့် နားထောင်ရန် ဆုံးဖြတ်လိုက် သည်။
ညဥ့်သန်းခေါင် ကျော်သွားချိန်တွင် ရဲဘော်လွတ်ကောက်သည် သူတို့လူမျိုးများ အားလုံးကိုယ်စား သဘောထား ကို တာဝန်ခံ၍ ပြောပြလေသည်။
"ကျွန်ုပ်တို့အနေဖြင့် ဤအမျိုးသမီး (ဆာရာ)ကို ကောင်းစွာ သိပါ၏။ သူမသည် ယုံကြည်စိတ်ချရ သူဖြစ်၍ သူမပြောသည့် စကားကို ကျွန်ုပ်တို့ လက်ခံယုံကြည်ပါ၏။ ရဲဘော်တွန်ဂါတာသည် ကျွန်ုပ် တို့အားလုံး၏ ဖခင် သဖွယ်ပင် ဖြစ်၏။ သူသည် မင်းမျိုးမင်းနွယ် သွေးပါသူဖြစ်ပြီး ယခုတော့မူ သူ့ အား အလွန် ယုတ်ညံ့ သော ရှိုနာတို့က ဖမ်းဆီးချုပ်နှောင်ထားပေ၏။ ယင်းအချက်ကို ကျွန်ုပ်တို့ အားလုံး လက်ခံယုံကြည်ကြပြီး ဖြစ်၏"
ဤတွင် ရဲဘော်လွတ်ကောက်သည် စကားကို ခေတ္တဖြတ်ထားပြီးမှ ဆက်ပြောလေသည်။
"သို့ရာတွင် ကျွန်ုပ်တို့လူအချို့က တွန်ဂါတာအား ရှိုနာလူမျိုးတို့ထံမှ အတင်းဝင်ရောက်လုယူရန် ဆန္ဒရှိကြသကဲ့သို့ အချို့ကလည်း ကျွန်ုပ်တို့၏ အင်အားက အတင်းဝင်တိုက်ရန် အင်အားနည်း လွန်းလှသည်ဟု ဆိုနေကြပြန်၏။ လက်နက်အင်အားဖြင့်လည်း ကျွန်ုပ်တို့တွင် လူနှစ်ယောက်မှ ရိုင်ဖယ် သေနတ်တစ်လက်ရှိပြီး သေနတ်တစ်လက်လျှင် ကျည်ဆန်ငါးထောင့်သာ ရှိနေ၏။ ထို့ ကြောင့် ယခုလို ကျွန်ုပ်တို့အချင်းချင်း သဘောကွဲလွဲနေကြပါ၏။ အို…အသင် ကူဖီလာ၊ ဤကိစ္စ တွင် သင်၏ ထင်မြင်ချက် သဘောထား မည်သို့ရှိသည်ကို ကျွန်ုပ်တို့အား ပြောပါလော့"
"ကျွန်ုပ်ပြောပါမည် အသင်ရဲဘော် လွတ်ကောက်၊ ကျွန်ုပ်အနေဖြင့် သင်တို့အတွက် ကျည်ဆန်ရှစ် ထောင်၊ ရိုင်ဖယ်သေနတ် နှစ်ဆယ့်ငါးလက်နှင့် လက်ပစ်ဗုံးအလုံးပေါင်း ငါးဆယ်ကို ယခု ယူဆောင် လာခဲ့ပါ၏။ ကျွန်ုပ်သဘောထားကိုလည်း ဆက်၍ ပြောပါမည်။ အကယ်၍ ဤအခန်းတွင် အမျိုးသမီးများနှင့် သတ္တိ နည်းသူ များ၊ သူရဲဘောကြောင်သူများသာ ရှိသည်ဆိုပါမူ ကျွန်ုပ်တစ် ယောက်တည်း ဤအမျိုးသမီး (ဆာရာ)နှင့်အတူ သွား၍ ရှိုနာရန်သူတို့အား တိုက်ခိုက်မည်ဖြစ်၏။ ဤအမျိုးသမီးသည်ကား သတ္တိ ကောင်းသော စစ်သည်ရဲမက်တစ်ဦး၏ နှလုံးသားရှိသူဖြစ်၏။ ကျွန်ုပ် အနေဖြင့် ယောက်ျားစစ်သည်များကို အခြားနေရာတွင် သွားရောက်ရှာဖွေ စည်းရုံးယူမည်ဖြစ်၏"
ခရိတ်က ဤသို့ပြောလိုက်ရာ ရဲဘော်လွတ်ကောက်သည် ရုတ်တရက် သဘောမကျသည့်အသွင် ဒေါသ ထွက်ပြီး မခံချင်သလိုဟန်မျိုး ဖြစ်လာလေသည်။
"အို…အသင် ကူဖီလာ၊ အမျိုးသမီးများနှင့် သူရဲဘောကြောင်သူများအကြောင်း ဆက်မပြောဘဲ ရပ် လိုက် ပါတော့။ စကားပြောခြင်းကို လုံးဝ ရပ်ဆိုင်း၍ ကျွန်ုပ်တို့အားလုံး တူတီစခန်းသို့သွား၍ တိုက် ခိုက်ကြ ပါကုန်အံ့"
ကောင်းကင်မှ စက်ဆနာလေယာဉ်၏ အင်ဂျင်စက်သံ ကြားရသည်နှင့် တစ်ပြိုင်နက် မီးခိုးဖြင့် အချက်ပြရန် မီးပုံ တစ်ခု ဖိုလိုက်ကြလေသည်။ တစ်ဖန် ဆယ်လီက လေယာဉ်ပေါ်မှနေ၍ မီးဖြင့် ပြန်လည် အချက်ပြ လိုက်သောအခါ မီးပုံကို ချက်ချင်း ငြိမ်းသက်လိုက်ကြလေသည်။
ရဲဘော်လွတ်ကောက်၏ ညွှန်ကြားချက်ဖြင့် ပြောက်ကျားရဲဘော်များက လေယာဉ်ဆင်းသက်ရန် လေယာဉ် ပြေးလမ်းကြောင်းမှန်း သိသာအောင် ကြိုတင်ရှင်းလင်း၍ အလွယ်တကူ မြင်နိုင်ရန် အမှတ်အသားများ ပြုလုပ် ထားပြီး ဖြစ်သည်။
ထို့ကြောင့် ဆယ်လီသည် လေယာဉ်ကို အခက်အခဲမရှိဘဲ ချောမောလွယ်ကူစွာဖြင့်ပင် ဆင်းသက် နိုင် လေသည်။
မာတာဘယ်လီ ပြောက်ကျားရဲဘော်များသည် လေယာဉ်နှင့် ပါလာသော လက်နက်ခဲယမ်းများကို စည်းကမ်း တကျ သယ်ချလိုက်ကြလေသည်။ လက်နက်ခဲယမ်းတွေ နောက်ထပ်ရောက်ရှိလာသည့် အတွက် သူတို့ အားလုံးသည် သိသိသာသာ စိတ်ဓာတ်တက်လာကြပုံ ရလေသည်။
သေနတ် နှင့် ကျည်ဆံများ အပြင် လက်ပစ်ဗုံးများကလည်း ပါလာလေရာ ပြောက်ကျားများအနေ ဖြင့် မိမိတို့ လိုအပ်နေသော လက်နက်ကိရိယာများ ရရှိခြင်းကြောင့် ဣနြေ္ဒမဆည်နိုင်လောက် အောင် ၀မ်းသာ နေကြ တော့သည်။
လေယာဉ်ပေါ်မှ သယ်ချပြီးနောက် လက်နက်ခဲယမ်းများကို တောတွင်းသို့ ဆက်လက်ယူဆောင်၍ ၀ှက်ထား လိုက်ကြလေသည်။
ဆယ့်ငါးမိနစ်ခန့် ကြာသောအခါ ခရိတ်နှင့်ဆယ်လီတို့ နှစ်ယောက်တည်းသာလျှင် လေယာဉ်အနီး တွင် ကျန်ရစ်လေသည်။
"ဒီမယ် ကျွန်မ ဘာကို ဆုတောင်းခဲ့သလဲ သိလား။ ကျွန်မက ရှင်ဟာ ဒီ မာတာဘယ်လီ ပြောက် ကျားတွေကို ရှာလို့ မတွေ့ပါစေနဲက၊ တကယ်လို့ ရှာတွေ့ရင်တောင်မှ သူတို့က ရှင်နဲ့အတူလိုက် ပြီး တိုက်ခိုက်ဖို့ ငြင်းဆန် ပါစေ၊ အဲဒီလို ဘယ်သူမှ ခေါ်မရတော့ ရှင်ဟာ မတတ်သာဘဲ ကျွန်မနဲ့ အတူ မြို့ကို ပြန်ခဲ့ရပါစေ၊ အဲဒီလို ဆုတောင်းခဲ့တယ်ရှင့်"
ဆယ်လီက ပြောလိုက်ရာ ခရိတ်က မသိမသာ ပြုံးလိုက်သည်။
"အခုအတိုင်းဆိုတော့ မင်းက ဆုတောင်းတာ သိပ်မတော်သေးဘူးဆိုတာ ထင်ရှားနေတာပေါ့"
"ဒါတော့ မပြောတတ်ဘူးလေ။ ဘာပဲဖြစ်ဖြစ် ကျွန်မက အခုလည်းပဲ ဆက်ပြီး ဆုတောင်းနေမှာပဲ"
"ဒါက အရေးမကြီးပါဘူး။ အရေးကြီးတာက မင်း အခုပြန်သွားပြီးနောက် ငါးရက်တိတိကြာရင် တစ် ခေါက်ပြန်လာခဲ့ဖို့ပဲ"
ဆယ်လီက ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီ ညနေမှောင်တော့မှ ကျွန်မ ပြန်ထွက်မယ်။ တူတီလေဆိပ်ကို မနက်အရုဏ်တက်ချိန် လောက် မှာ ရောက်သွားနိုင်တယ်။ မနက် ငါးနာရီခွဲလောက်ဆိုပါတော့"
"ကောင်းပြီ၊ အခုတော့ မင်းကို သတိပေးထားရဦးမယ်။ ငါတို့က လေယာဉ်ကွင်းကို အပိုင်စီးထား လိုက်ပြီးမှသာ မင်းက လေယာဉ်ကို မောင်းဆင်းလာရမယ်။ ပြီးတော့ မင်းရဲ့လေယာဉ်ကိုလည်း လမ်းခုလတ် မှာ ဓာတ်ဆီကုန်မသွားအောင်လည်း ဂရုစိုက်ပါ"
"ကျွန်မက လေယာဉ်ကို မဆင်းသေးဘဲ ကောင်းကင်မှာ သုံးနာရီလောက်ကြာအောင် ၀ဲပျံနေနိုင်ပါ တယ်။ အဓိပ္ပါယ် ကတော့ ရှင်တို့ လေယာဉ်ကွင်းအရောက်သွားဖို့ အချိန်သုံးနာရီလောက် ရလိမ့် မယ်"
"အဲဒီအချိန်အတွင်းမှာမှ ငါတို့ မရောက်ရင် ရှေ့လျှောက် မျှော်လင့်ချက်ရှိတော့မှာ မဟုတ်ဘူး။ ကဲ…ဒါလင် မင်းသွား ဖို့ အချိန်တော်ပြီ"
"ဟုတ်ပါတယ်ရှင့်"
ဤသို့ပြောသော်လည်း ဆယ်လီသည် ထွက်သွားခြင်းမပြုဘဲ ငြိမ်၍ ရပ်နေလိုက်သည်။
"ငါလည်း သွားရတော့မယ် ဆယ်လီရဲ့"
"ကျွန်မအနေနဲ့ နောက်လေးငါးရက်အတွင်း ရင်တမမနဲ့ ဘယ်လိုနေရမှန်း မသိပါဘူးရှင်။ တစ် ယောက်တည်း စိုးရိမ်ကြောင့်ကြပြီး နေရမှာ စိတ်ညစ်စရာချည်းပဲ"
ခရိတ် သည် ရုတ်တရက် ဆယ်လီအား ပွေ့ဖက်ထားလိုက်သည်။ သူမ၏ တစ်ကိုယ်လုံးမှာ ဆတ် ဆတ်တုန် နေရှာသည်။
"ကျွန်မက ရှင့်အတွက် သိပ်စိုးရိမ်မိတာပဲ"
"မစိုးရိမ်ပါနဲ့ကွာ၊ အင်္ဂါနေ့မနက် ဆက်ဆက် တွေ့ကြရမှာပဲဟာ"
"ရှင် ဆက်ဆက်လာခဲ့ပါနော်။ ကျွန်မတော့ ရှင်မရှိဘဲ မနေတတ်တော့ဘူး သိလား"
"အေးပါ ငါ ဆက်ဆက်လာခဲ့ပါ့မယ်"
ပြောရင်း ခရိတ်သည် ဆယ်လီအား လှပစွာ နမ်းရှုပ်လိုက်သည်။
"အင်း…အခုမှ နေသာထိုင်သာ ရှိသွားတော့တယ်"
ဆယ်လီက ပြုံး၍ပြောပြီး လေယာဉ်ပေါ်တက်ကာ စက်နှိုးလေသည်။
"ငါကလည်း မင်းကို လှိုက်လှိုက်လှဲလှဲ ချစ်ပါတယ် ဆယ်လီရယ်"
ခရိတ်က ပြောလိုက်ချိန်တွင် စက်ဆနာလေယာဉ်သည် ရွေ့လျားစ ပြုနေပြီဖြစ်သည်။
အခန်း (၃၄) ဆက်ရန်
.

No comments:
Post a Comment