Monday, October 11, 2010

ဂျိုစီကလေး၏ခရီးကြမ်း အပိုင်း (၄)


နိုင်ငံခြားမှရောက်လာသည့် သူငယ်ချင်းမှာ ဂျိုစီ့အခြေအနေကိုကြည့်ပြီး အထိတ်တလန့်ဖြစ်သွား သည်။ ဆရာမ တွေကို အခြေအနေ မေးကြည့်တော့ တစ်ယောက်က ရှင်းပြသည်။
"ခု သူကိုယ်တိုင် အသက်ရှူနေတာ၊ မနက်ဖြန်လောက်ဆို အသက်ရှူစက် ဖြုတ်လို့ရချင်ရမှာ"
ကျွန်တော်တို့နှစ်ယောက် တစ်ယောက်မျက်နှာကို တစ်ယောက် မယုံကြည်နိုင်စွာ လှမ်းကြည့်မိကြ သည်။ ဒီလောက်မြန်မြန် အသက်ပြန်ရှူနိုင်မည်ဟု ကျွန်တော်တို့မထင်ခဲ့ကြပါ။ ရက်သတ္တပတ် ပေါင်းများစွာ မေ့မျော နေလိမ့်ဦးမည်ဟု ကျွန်တော်တို့ တွက်ထားကြ၏။ ခုတော့ အသက်ရှူ အထောက်အကူ ပြု စက် ကိုပင် နာရီပိုင်းအတွက် ဖြုတ်နိုင်တော့မည်တဲ့။

စိတ်လက်ပေါ့ပါးစွာဖြင့် အက်ဒ်နှင့် ပေါ်လင်းတို့ ၏ မေးခွန်းတွေကို ကျွန်တော်ဆက်ဖြေနေသည်။ စာမျက်နှာ ၈၀ကျော်သွားပြီ။ သူငယ်ချင်းလုပ်သူက ဂျိုစီ့နံဘေးတွင် ထိုင်စောင့်ကျန်ရစ်၏။
ညနေပိုင်း တွင် သူငယ်ချင်းက တံခါးလာခေါက်သည်။ အမျိုးသမီး အရမ်းစိတ်လှုပ်ရှားနေပုံရ၏။
"ရှောင် ခဏလာစမ်းပါ၊ အထူးအဆန်းပြစရာရှိလို့"

သူငယ်ချင်းနောက်မှ အရေးပေါ်အခန်းထဲ ကျွန်တော်လိုက်သွားသည်။
ဂျိုစီ့ မျက်လုံးကလေးတွေ မသိမသာပွင့်နေသည်။ ခပ်ကျဉ်းကျဉ်းပွင့်နေသည့် မျက်တောင်ကလေး များကြား မှ သူငယ်အိမ်ကို မြင်ရသည်။ အရောင်ကလေးတလဲ့လဲ့ဖြင့်။
" ဂျိုစီ "
သူကြားမည် မထင်။ သို့သော် အံ့သြစရာတုံ့ပြန်ပါလေသည်။ နှုတ်ခမ်းကလေးတွေ လှုပ်သည်ဆိုရုံလှုပ်ပြီး ပြုံးတုံ့တုံ့ ကလေး လုပ်ပြသည်။ ပြီးတော့ ကျွန်တော့်ကို မော့ကြည့်သည်။ ကျွန်တော်က ဧရာမ အပြုံးကြီး နှင့် သူငယ်ချင်းကို လှမ်းကြည့်လိုက်၏။ ကျွန်တော့် မျက်လုံးထဲတွင် မျက်ရည်တွေ ပြည့်လျှံလာပြန်ပါပြီ။


နောက်တစ်နေ့တွင် ဂျိုစီ သူ့ဘာသာသူ အသက်ရှူနိုင်လာသည်။ နေ့လယ်ပိုင်းတွင် လင်း၏ အဖေနှင့် အမေ ရောက်လာသည်။ မေမေအိုင်ရင်းက ခြေတစ်ဖက်ကျိုးထား၏။ ဖေဖေပီတာက တွဲခေါ်လာသည်။ ပီတာ ဆယ်နှစ်လောက်ပိုပြီး အိုစာသွားသည်ထင်ရ၏။
မျက်တွင်း ဟောက်ပက် နှင့် ငိုထားကြပုံရ၏။ မျက်လုံးတွေ နီရဲလျက်။

ဂျိုစီတိုးတက်လာပုံကို ကျွန်တော် ရှင်းပြသည်။ သို့သော် မျက်နှာမှာ အရောင်အဆင်းမဲ့ကာ ရောင်ကိုင်း လျက်၊ တစ်ခေါင်းလုံး ပတ်တီးထုပ်ကြီးအဖြစ်ဖြင့်သာရှိသေးသည်။
ဂျိုစီ ၏ အဘိုးနှင့်အဘွားသည် သူတို့စိတ်ကို သူတို့ အနိုင်နိုင်ထိန်းနေကြကြောင်းသိသာ၏။ မြေးကလေး ဆီကို ခပ်မှန်မှန်လျှောက်သွားပြီး ကိုယ်စီပြုံးပြကြသည်။ အနမ်းဖြင့် နှုတ်ဆက်ကြသည်။
ဂျိုစီက နောက်တစ်ခါ အပြုံးငယ်ကလေးတစ်ခု ထပ်ပြုံးပြ၏။

ကျွန်တော်တို့အားလုံး ပို၍အားတက်ရသော အပြုံးကလေးဖြစ်ပါသည်။ အိုင်ရင်းက ၀တ်ဝံရုပ်ကလေး တစ်ရုပ် ကို မလှုပ်နိုင်သည့် ဂျိုစီ့လက်ပေါ်တင်ပေးသည်။ အဘိုးနှင့်အဘွားသည် မြေးကလေးကို စကား တွေ ပြုံးပြုံးရွှင်ရွှင် ပြောနေ၏။ သူတို့မျက်နှာတွင် သောကရိပ်များကို အထင်အရှားမမြင်ရ။ သည်လို စိတ်ဓာတ် ခွန်အားတွေ၊ သတ္တိနှင့် ခံနိုင်ရည် စွမ်းအားတွေကို သည်မိဘနှစ်ပါးထံမှ လင်းရခဲ့ခြင်းဖြစ်မည်။

အချင်းဖြစ်ပွားပြီးနောက် ရက်သတ္တပတ်ကုန်ဆုံးသွားလေပြီ။ ဂျိုစီ့ နှုတ်ခမ်းတစ်ခုလုံး လှုပ်ရှားနိုင်လာပြီ။ သို့သော် ဘာမှမသောက်နိုင် မစားနိုင်သေး။ ဘာသံမှလည်း မထွက်နိုင်သေး။
မျက်နှာမှာ အရောင်ကျသွားပြီး၊ ဦးခေါင်းဘယ်ဘက်အခြမ်းမှ ခွဲထားသောအမာရွတ်ကြီးမှာလည်း သေသပ်စွာ ချပ်စပြုလာပြီ။ သို့သော် ဦးခေါင်းနောက်ပိုင်းတွင် မညီမညာ ချိုင့်ဝင်နေသော ဒဏ်ရာကြီး နှစ်ခု က မဖြူရောင်ဦးခေါင်းခွံကို အတိုင်းသားမြင်နေရ၏။

ဂျိုစီ တဖြည်းဖြည်း သက်သာလာသဖြင့် အထူးအရေးပေါ် အခန်းထဲမှ ထွက်ရပြီး အခန်းတစ်ခန်းတွင် ထားသည်။ ကျွန်တော့်အတွက်လည်း အဆင်ပြေသွား၏။ သမီးကလေးအနားတွင် ကျွန်တော် အိပ်လို့ရပြီ။

ဂျိုစီသည် သူ့အမေနှင့် ညီမလေးအကြောင်းကို မသိသေးပေ။ သည်အကြောင်းပြောပြရမည့်သူသည် ကျွန်တော် သာဖြစ်ရမည်ဆိုတော့ ဆရာဝန်တွေက ၀ိုင်းတား သည်။ တုံ့ပြန်လာမည့် စိတ်လှုပ်ရှားမှုကို သူတို့ ထိန်းနိုင် မထိန်းနိုင် မသေချာသေး။ သေချာမှ ပြော သင့်ကြောင်း ကျွန်တော့်ကို ရှင်းပြကြသည်။ တစ်နေ့ တွင် အထူးကုဆရာဝန်ကြီးတစ်သိုက် ရောက်လာပြီး အိပ်ပျော်နေသည့် ဂျိုစီ့ကိုနှိုးသည်။ တစောင်းအိပ် နေရာမှ ဆရာဝန်ကြီးများကို ဂျိုစီမော့ကြည့်သည်။

ဆရာဝန်ကြီးများက သာမန်ကိစ္စတစ်ခုကို ပြောနေသလို အတိုက်ခိုက်ခံရသည့်အကြောင်း၊ လင်းနှင့် မီဂန် သေဆုံး သွားကြောင်းကို ပြောနေသည်။
ဂျိုစီ ချက်ချင်း တစ်ဖက်ကိုလှည့်သွားသည်။ ပြီးတော့ နံရံကို စိုက်ကြည့်နေ၏။

ကျွန်တော့် အလှည့်ရောက်လာပြီ။ သူ့အတွက် ကျွန်တော် ဘယ်လောက်စိတ်မကောင်းဖြစ်ခဲ့ရကြောင်း၊ ခုနေကောင်း လာပြီဖြစ်၍ သူ့အနားတွင် ကျွန်တော် အမြဲရှိနေပြီဖြစ်ကြောင်းများကို ပြောပြသည်။ သူ ဘယ်အတိုင်း အတာအထိ နားလည်သည်၊ နားမလည်သည် ကျွန်တော်မသိပါ။ သို့သော် ကျွန်တော် ဆက်ပြော နေရတော့သည်။
" လင်းနဲ့ မီဂန် သွားနှင့်ကြပြီ သမီး၊ သူတို့ဘယ်တော့မှ ပြန်လာကြတော့မှာ မဟုတ်ဘူး "

သည့်နောက်ပိုင်း ဂျိုစီ့ရှေ့တွင် လင်းနှင့် မီဂန့်အကြောင်း ကျွန်တော်တို့ပြောလျှင် " ကြိယာ " စကားလုံး များကို "အတိတ်ကာလ" စကားလုံးများဖြင့်သာ ပြောကြတော့သည်။
ဆေးရုံတွင် နှစ်ပတ်ကြာတော့ ဂျိုစီထိုင်နိုင်လာသည်။ လက်တွန်းလှည်းနှင့် သွားလာလှုပ်ရှားဖို့ လေ့ကျင့် နေသည့် လူနာများကို သူငေးကြည့်နေတတ်သည်။ သူတိုးတက်လာပုံနှင့် ခံနိုင်ရည်ရှိပုံများကို ကျွန်တော် ယုံကြည် စိတ်ချလာသဖြင့် အလွန်စိန်မချမ်းသာစရာကောင်းသည့်ကိစ္စ တစ်ခုကို ရင်ဆိုင်ဖို့ ကျွန်တော် ဆုံးဖြတ် လိုက်သည်။

လင်းနှင့် မီဂန်ကို သဂြိုလ်ဖို့နေရာ ကျွန်တော်ရွေးရမည်။ လင်းအကြိုက်ဆုံးနေရာကို ကျွန်တော် ပြန်စဉ်းစား ရ၏။ သူအပျော်ဆုံးနေရာမှာ ဝေလနယ်ဖြစ်၏။ ထို့ကြောင့် ဝေလနယ်တွင် အုတ်ဂူသွင်းဖို့ ကျွန်တော် ဆုံးဖြတ်လိုက်သည်။

သမီးကလေးနေကောင်းလာလျှင်လည်း ဝေလမှာပင် ပြန်နေဖို့ ကျွန်တော်စိတ်ကူးထား၏။
ဝေလမြောက်ပိုင်းကို ကျွန်တော် ထွက်လာခဲ့သည်။ ဟိုတုန်းကခင်ခဲ့သည့် အိမ်နီးချင်းတစ်ဦးဆီမှ သင်္ချိုင်းမြေ ရရှိရေး ဆွေးနွေးသည်။

သူနှင့်ကျွန်တော် အလှိုင်းလှိုင်းထနေသည့် တောင်ကြောကလေးများ၊ လျှိုမြောင်းကလေးများကို ဖြတ်ပြီး လျှောက်လာခဲ့ကြ၏။ လင်း သဘောအကျဆုံးနေရာကို ကျွန်တော်တို့ ရောက်လာခဲ့ကြ၏။ မိသားစု အကြိမ်ကြိမ် ပျော်ပွဲစား ထွက်ခဲ့ကြသည့်နေရာ။ သည်ရှုခင်းနှင့် ပထ၀ီဝင်အနေအထားကို လင်း သိပ်ကြိုက် သည်။
တောင်ကြား ကလေးတစ်ခု၏ လျှိုဝရောက်တေ့ ဟိုအဝေးမှ စိန်မေရီဘုရားရှိခိုးကျောင်းကလေးကို ဘွားကနဲ လှမ်းမြင်ရ၏။ ပြီးတော့ ဟိုဘက်တွင် ဝေ့၀ိုက်စီးသွင်နေသည့်မြစ်ရှုခင်း။ ကျွန်တော် တခြား နေရာ မရှာတော့ပါ။
-----------------------------

ဆက်ရန်
.

2 comments:

ကိုဇော် said...

အသက်တစ်ရာ မနေရ ၊ အမှုတစ်ရာ ကြုံရဆိုသလိုပဲ။
စာရေးဆရာက နောက်ထပ် လှည့်ကွက် ထပ်ထည့်ဦးမယ် ထင်တယ်။ ဂျိုစီ့ဆီက စကားသံ တစ်ခုခု မကြားရခင် အထိ။

မျှော်လျှက်...

kztk said...

Thanks.........